News @ M-Media
Tag: myanmar_muslim_sport_player
  • ဘတ်စကက်ဘော လက်ရွေးစင်ဟောင်း အဂျစ်ဘိုင်(ခ) ဦးခင်မောင်  ကွယ်လွန်
    ဘတ်စကက်ဘော လက်ရွေးစင်ဟောင်း အဂျစ်ဘိုင်(ခ) ဦးခင်မောင် ကွယ်လွန်
    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media
    သတင်း-သီဟ
    U Khin Maung
    မြန်မာလက်ရွေးစင် ဘတ်စကက်ဘော လက်ရွေးစင်ဟောင်း အဂျစ်ဘိုင်(ခ) ဦးခင်မောင် အသက် (၇၀) နှစ် ဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ မန္တလေးမြို့မှာ ကွယ်လွန်သွားကြောင်း နှင့် ယင်းနေ့၌ပင် မန္တလေး အေးရိပ်ငြိမ် မွတ်စလင်မ် သုသာန် ဥယျာဉ်တော်တွင် မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြောင်း သိရပါတယ်။
    အဂျစ်ဘိုင်(ခ) ဦးခင်မောင် ကို ၁၉၄၅ ခုနှစ်မှာ မန္တလေးမြို့၌ ဦးဂျမီးလ်၊ ဒေါ်မြင့်တို့မှ မွေးဖွားခဲ့ပါတယ်။ မွေးချင်းလေးယောက် ရှိသည့် အနက်အကြီးသားဖြစ်ပြိး မန္တလေးမြို့ အ.ထ.က (၁) မှာ တက္ကသိုလ် ဝင်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။
    ဘတ်စကက်ဘော ကစားရာတွင် ထူးချွန်၍  လက်ရွေးစင်ဖြစ်လာပြီး ၁၉၆၆ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ငါးကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
    ၁၉၆၇ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ကျင်းပခဲ့တဲ့ လေးကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ တတိယ ဆုရရှိခဲ့ပါတယ်။
    ၁၉၇၀ တွင် တရုတ်ပြည်သို့ ချစ်ကြည်ရေးပွဲ သွားရောက်ကစားခဲ့ပါတယ်။
    မန္တလေးတိုင်း ဘတ်စကက်ဘောနည်းပြ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို အမှတ်(၄) အ.ထ.က ကျောင်းတွင်လည်း နည်းပြဆရာအဖြစ် တာဝန်ယူခဲ့ပါတယ်။
    ကိုးကား- မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း
  • ၁၉၇၀ အာရှချန်ပီယံ နှင့် ဂိုးသွင်းဘုရင်  မြန်မာ့လက်ရွေးစင် ဦးဝင်းမောင် (ဗိုလ်ကြီး-ငြိမ်း)
    ၁၉၇၀ အာရှချန်ပီယံ နှင့် ဂိုးသွင်းဘုရင် မြန်မာ့လက်ရွေးစင် ဦးဝင်းမောင် (ဗိုလ်ကြီး-ငြိမ်း)
    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    မိုးစက်တွေ့ဆုံ ရေးသားသည်။
    1
    ပုံစာညွှန်း – ၁၉၇၂ ပတ်ချုံဟိဖလားဘောလုံးပြိုင်ပွဲ ၀င်းမောင် (အပေါ်တန်း ဘယ် ဒုတိယလူ)
    မြန်မာ့ဘောလုံးလက်ရွေးစင် (ဦး)၀င်းမောင် ကို အဖ ဦးဘဂျူး အမိ ဒေါ်အုန်းခင်တို့မှ ၁၉၄၂ နိုဝင်ဘာလ ၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဖွားမြင်ခဲ့ပါတယ်။
    အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သော ဦးဝင်းမောင်ဟာ  မြန်မာနိုင်ငံဘောလုံး ရွှေခေတ်ကို ဦးဆောင်ခဲ့သူများထဲတွင် တစ်ဦး ပါဝင်ခဲ့သည်ဆိုလျှင်လည်း မှားနိုင်မည်မထင်ပါ။ ငယ်စဉ်ကလေးဘ၀ ကျောင်းသားလေး အရွယ်ဘ၀ကတည်းက အားကစားပေါင်းစုံကို စိတ်ပါဝင်စားသူတစ်ဦးလည်း ဖြစ်သည့် အလျောက် မူလတန်းမှစပြီး ဘတ်စကတ်ဘော၊ ဘောလီဘော၊ ဘောလုံး အားကစားတို့ကို အရူးအမူးစွဲလန်းကာ ကစားခဲ့ကြောင်း၊ အားကစားမှာ ထူးချွန်လွန်းသည့် အတွက် ကလေးအရွယ်ဘ၀နှင့်ပင် လူကြီးများ၏ အသင်းများတွင်မှာပါ လိုက်ပါကစားခဲ့ရသည်ဟု ဦးဝင်းမောင်က ငယ်စဉ်ဘ၀အား လွမ်းဆွေးဖွယ်ရာဖြစ်ရပ် တစ်ခုအဖြစ် ပြောပြခဲ့တာပါ။
    “အ.ထ.က (၁) ကျောင်းမှာတက်နေရင်းနဲ့ ၄-တန်းရောက်တော့ အဖေက ၀န်ထမ်းဆိုတော့ နယ်ပြောင်းရတယ်။ အဲဒါနဲ့ပဲ လက်ပံတန်းကို လိုက်ပြီးတော့ ပြောင်းသွား ရတယ်။ လက်ပံတန်းက ကျောင်းရောက်တော့လည်း အားကစား လုပ်ဖြစ်တယ်။ ကျောင်းမှာ လက်ရွေးစင်ဖြစ်ခဲ့ရတယ်” ဟု ၎င်းလက်ရွေးစင် စတင်ဖြစ်ခဲ့ပုံကို ပြောပါတယ်။
    2
    ပုံစာအညွှန်း-၁၉၇၂ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲ ၀င်းမောင် (ရှေ့ဆုံး အလံကိုင်)
    (ဦး)၀င်းမောင်ဟာ ငယ်စဉ်အရွယ်ကတည်းက အားကစား အတော်အများကို ကစားခဲ့သူ တစ်ဦးဖြစ်သော်ငြားလည်း ဘောလုံးအားကစားကို ထူးချွန်စွာ ကစားနိုင်ခြင်းမှာ ယခင်က အားကစား မျိုးစုံရှိသည့်အနက် ဘောလုံး အားကစားကိုသာ ပြိုင်ပွဲတွေ အများဆုံးပြုလုပ်ပေးသည့် အတွက်ကြောင့် ကစားသည့် အကြိမ်ရေ များပြားလာပြီး ဘောလုံး အားကစားတွင် ထူးချွန်လာရခြင်းဖြစ်ကြောင်းကို ၎င်းကဆိုပါတယ်။
    ၁၉၇၈ တွင်ဖခင်၏ တာဝန်အရ တွံတေးမြို့သို့ ရောက်ရှိသွားပြီး ကျောင်းလက်ရွေးစင် တစ်ဦးဖြစ်လာခဲ့ပါတယ် ။ ကျောင်းလက်ရွေးစင်အနေနှင့် ကစားရင်းဖြင့် မြို့နယ်၊ ခရိုင်လက်ရွေးစင်၊ လူငယ်လက်ရွေးစင် အထိ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
    ၁၉၆၂ ခုနှစ်တွင် ပြည်မြို့သို့ပြန်လည်ပြောင်းလာ ခဲ့ပြီး ကပစ (၃) တွင် ဘောလုံးသမားများ လိုက်လံ စုဆောင်းနေသည့်အခါ (ဦး) ၀င်းမောင်အား ကပစ (၃) မှ ၎င်းတို့တပ်တွင်လာရောက် ကစားရန် ဖိတ်ခေါ်ခဲ့သဖြင့် (ဦး) ၀င်းမောင်လည်း စစ်တပ်ထဲတွင် ၀င်ရောက် ကစားခဲ့ရာ ထူးချွန်စွာ ကစားနိုင်ခဲ့သည်အတွက် တပ်ရင်းမှ လက်ရွေးစင်အဖြစ် ရွေးချယ်ခြင်းကိုခံခဲ့ရပါတယ်။
    4
    ပုံစာအညွှန်း- တချိန်က အာရှရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့တဲ့ ၁၉၆၀ ~ ၁၉၇၀ ပြည်နှစ် မြန်မာလက်ရွေးစင် ဘောလုံးအသင်း။  ဓါတ်ပုံမူပိုင် – မြန်မာလက်ရွေးစင် နောက်တန်းအစွန်လူ ဦးအုန်းကြွယ်မိသားစု
    “၁၉၆၃ လောက်ကနေစပြီးတော့ စစ်တပ်ထဲမှာပဲ ဘောလုံးကစားဖြစ်ခဲ့တယ်။ စစ်သားဆိုပေမဲ့လည်း စစ်တာဝန်ကို မထမ်းဆောင်ရပါဘူး။ လုပ်ငန်းတာဝန်တွေကိုပဲ နားလည်အောင် လေ့လာ သင်ယူခဲ့ရတယ်။ အားကစား တာဝန်ကိုပဲ စစ်တာဝန် ထမ်းဆောင်သကဲ့သို့ ထမ်းဆောင်ခဲ့ရတယ်။ စစ်တပ်မှာ ကစားနေရင်းနဲ့ပဲ မြန်မာ့ လက်ရွေးစင် ဘောလုံးသမား တစ်ယောက်ဖြစ်ခဲ့တယ်” ဟု ၎င်း၏စစ်သား ဘ၀ အတွေ့အကြုံကို ပြန်လည်ပြောပြပါတယ်။
    ၁၉၆၆ ခုနှစ်မှစတင်ပြီး ၎င်းသည်မြန်မာ့လက်ရွေးစင် ကစားသမား တစ်ယောက် (ရှေ့တန်း အလယ်လူ) အနေဖြင့် တစ်ဖက်တစ်လမ်းမှနေ၍ မြန်မာနိုင်ငံအတွက် များစွာ ဂုဏ်ဆောင်စေခဲ့ ပါတယ်။ အဆိုပါ ကာလမှ  မြန်မာဘောလုံး အားကစား အာရှထိပ်တန်းရောက်ပြီး ကမ္ဘာအဆင့်မှာ တန်းဝင်ခဲ့တယ်လို့  ဆိုနိုင်ပေမည်။ ကမ္ဘာ့အိုလံပစ် (မြူးနစ်အိုလံပစ်) တွင်မြန်မာအသင်းမှ အသန့်ရှင်းဆုံးဆုကို ရရှိခဲ့ပါတယ်။  ၎င်းပွဲသည် “မြန်မာနိုင်ငံ အနေနှင့် ဒီပွဲစဉ်ဟာ ကမ္ဘာ့ပွဲစဉ်များတွင် အဆင်အမြင့်ဆုံး ရရှိခဲ့တာပဲဖြစ်တယ်”ဟု ၎င်းက ပီတိအပြည်ဖြင့် ဂုဏ်ယူ ဝံကြွားစွာ  ပြောပါတယ်။
    (ဦး) ဝင်းမောင် အနေနဲ့ လက်ရွေးစင်ဘဝဖြင့် ၁၉၆၉ ကျွန်းဆွယ်ပြိုင်ပွဲတွင် ပထမ၊ ၁၉၇၀ အာရှအားကစားပြိုင်ပွဲတွင် ပထမ၊ ၁၉၇၁ ကိုရီးယားဖလားပြိုင်ပွဲတွင် ပထမ၊ ၁၉၇၁ ဂျကာတာ နှစ်ပတ်လည်ပြိုင်ပွဲတွင် ပထမ၊ ၁၉၇၂ အာရှဇုံခြေစမ်းပွဲတွင် ပထမ၊ ၁၉၇၃ ထိုင်းဘုရင် ဖလားပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆု စသည်ဖြင့် ယှဉ်ပြိုင်သည့်ပြိုင်ပွဲတိုင်းနီးပါး ဆုတံဆိပ်များ ရရှိခဲ့ကြောင်း သိရပါတယ်။
    3
    ၁၉၇၀ ခုနှစ် အာရှအားကစားပွဲ ပွဲစဉ် တစ်လျှောက်တွင် ဂိုးအများဆုံး (၅) ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၉၇၂ ကိုရီးယားဖလား ဖိုင်နယ်တွင် ၎င်းတစ်ယောက်တည်းကပဲ သုံးဂိုးသွင်းယူနိုင်ခဲ့သည်ဟု သူရဲ့ ဘောလုံးသမား ဘ၀မှာ မေ့မရနိုင်သော အမှတ်ရဆုံးသော ဘောလုံးပွဲစဉ်ကို ပြန်လည် ခံစားပြီး ဂုဏ်ယူစွာနဲ့ ပြောပြပါတယ်။
    “အားကစားသမား ဆိုတာ အရပ်အမောင်း၊ အား စသည်ဖြင့်ပေါ့ ကောင်းရမယ်။ အဲလိုတွေက တိုင်းရင်းသားတွေမှာ များသောအားဖြင့်ရှိကြတယ်။ ချင်း၊ ရှမ်း၊ မွတ်စလင်တွေမှာလဲ အဲ့လိုတွေများကြတယ်။ အဲတော့ ခွဲခြားပြီးရွေးနေမယ်ဆိုရင် တိုင်းပြည်အတွက် ဆိုးကျိုးတွေပဲဖြစ်လာမယ်။ တိုင်းပြည်အတွက် သစ္စာရှိမယ့်သူ၊ အကျိုးဖြစ်ထွန်းနိုင်မယ့်သူတွေကို မြေထောက်မြှောက်ပေးရမှာပါ”
    “အရင်ခေတ်တုန်းက တစ်ဦး တစ်ယောက်ချင်းကို ရွှေဖိနပ်ဆုတို့ ဂိုး အများဆုံးဆုတို့ဆိုတာ မရှိခဲ့ဘူး။ နိုင်ငံခြားပွဲတွေမှာ ဆုရလာရင် နိုင်ငံတော်က ကြိုဆိုတယ်။ ဂုဏ်ပြုတယ် ဒီလောက်ပါပဲ” ဟု နိုင်ငံဂုဏ်ဆောင် အားကစားသမားများကို နိုင်ငံတော်မှ ဂုဏ်ပြုသည့်အကြောင်း သူ့ အတွေ့အကြုံကို ပြောပါတယ်။
    ဘောလုံးသမားတွေအနေနှင့်လည်း ဘောလုံး ကစားရတာကို မြတ်နိုးသည့်အတွက် ဘောလုံးထဲတွင် စိတ်နှစ်ပြီး စိတ်ပါလက်ပါနှင့် ကစားသောကြောင့် နိုင်ငံဂုဏ်ကို ကမ္ဘာ့အလယ်မှာ တင့်စေခဲ့ခြင်းဖြစ်ပြီး ၎င်းအနေနှင့်လည်း နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားဖြစ်ခဲ့ရခြင်းအတွက် များစွာဂုဏ်ယူမိကြောင်း ဦးဝင်းမောင်က ပြန်ပြောင်း အောက်မေ့စွာဖြင့် ပြောပါတယ်။
    တပ်မတော်ထဲတွင် အရာခံဗိုလ်ဘ၀မှ ဗိုလ်ကြီးဘ၀ရောက်ခဲ့သည့်တိုင် ၂၀၀၀ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး  အငြိမ်းစားယူခဲ့ကြောင်းသိရပါတယ်။
    ဦးဝင်းမောင်ဟာ ၁၉၆၆ မှ ၁၉၇၆ ထိ (၁၀) နှစ်တိုင်တိုင် မြန်မာ့လက်ရွေးစင် တစ်ဦးဖြစ်ခဲ့သည်။ ဘောလုံး ကန်ခြင်းကို ၃၇ နှစ်ကျော်ကျော် ပြုလုပ်ခဲ့ပြီးနောက် ယခုလက်ရှိတွင် သူ၏ ဘ၀ကို အကျိုးရှိစွာဖြင့် ဖြတ်သန်းနေလျက် ရှိတာကို တွေ့ရပါတယ်။  နောက်လာနောင်သားများ၊ ဘောလုံး ၀ါသနာ အိုးလေးများကို ပြုစုပျိုးထောင်ပေးပြီး သူ၏ပညာများကို နောက် မျိုးဆက်သစ်လေးများအား ဘောလုံး ပညာ မျှဝေလျှက်ရှိကြောင်း သိရပါတယ်။
    လက်ရှိ ကပစ ဘောလုံးအသင်း၊ ဘောလုံးသင်တန်းများတွင် လိုက်လံသင်ကြားပေးခြင်း၊ ပြည်တက္ကသိုလ် ဘောလုံး အသင်းတို့တွင်လည်း နည်းပြတစ်ဦး အဖြစ် ဆောင်ရွက် နေကြောင်းလည်း သိရပါတယ်။ “ဘောလုံးကစားတယ် ဆိုတာလည်း ကျန်းမာရေးအတွက် အရမ်းကိုကောင်းတယ်။ ကိုယ်လက် လှုပ်ရှားတဲ့ လေ့ကျင့်ခန်း တစ်မျိုးပေါ့နော်။ အန်ကယ်တို့လဲ အသက်ကြီးပြီ ဆိုတော့ ထိုင်နေရင်ပိုဆိုးတယ်။ အဲတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးကိုပဲ ကလေးတွေကိုလည်း သင်ရင်း အန်ကယ်လည်း လေ့ကျင့်ခန်း လုပ်ပြီးသားဖြစ်သွားရော”ဟုသူရဲ့  စိတ်ခံစားချက်ကို ပြောပါတယ်။
    ယနေ့ခေတ်ဘောလုံးလောက အခြေအနေနှင့်လည်း ပတ်သက်ပြီး “ယနေ့ခေတ် ဘောလုံးသမားများအနေနှင့် လက်ရွေးစင် တစ်ယောက်ဖြစ်လာပြီဆိုရင် လက်ရွေးစင် ဘ၀ကိုကြာရှည် မထိန်းသိမ်းနိုင်ကြဘူး။ နည်းပြဆရာတွေရဲ့ သင်ကြားမှုကိုလည်း သေချာလိုက်နာမှု မရှိကြဘူး။ နေပုံထိုင်ပုံ စနစ်တွေက မဟုတ်ကြဘူး။ နည်းနည်း ထူးချွန်လို့ လူကြီးတွေကမြောက်စားတဲ့ ဒဏ်ကိုလည်း သူတို့မခံနိုင်ကြဘူး” ဟုသုံးသပ်ပြောကြားခဲ့ပါတယ်။
    အားကစားသမားကောင်း တစ်ယောက်ဖြစ်ရန်အတွက် သင်ကြားပြသပေးသည့် ဆရာ့စကားကို ကောင်းမွန်စွာနားထောင်လေ့ကျင့်ပြီး အသင်းထဲတွင်လည်း အချင်းချင်း ညီညွတ်စည်းလုံးရန် လိုအပ်ကြောင်း တစ်ဦးနှင့်တစ်ဦးဖေးမပြီး ချစ်ခင်ကြရန် လိုအပ်ကြောင်းကို ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
    မြန်မာမွတ်စလင်များထဲတွင် ဦးဝင်းမောင်ကဲ့သို့ နိုင်ငံ့ဂုဏ်ကိုဖော်ဆောင်ခဲ့သည့် အားကစားသမားများ အမြောက်အများပါ။ ဒါပေမယ့် ခွဲခြားဆက်ဆံခံရခြင်းတွေကြောင့်  ယနေ့ခေတ်နောက်ပိုင်းတွင် အားကစားလောက၌ မြန်မာမွတ်စလင်များကို သိပ်မတွေ့ရတော့ပါ။ အတော်အတန်ကိုပင် ရှားပါးသွားခဲ့ပါပြီ။
    ယနေ့ခေတ် အားကစားလောကထဲတွင် လူမျိုးရေးခွဲခြားမှုများနှင့် ပတ်သက်ပြီး “အားကစားသမား ဆိုတာ အရပ်အမောင်း၊ အား စသည်ဖြင့်ပေါ့ ကောင်းရမယ်။ အဲလိုတွေက တိုင်းရင်းသားတွေမှာ များသောအားဖြင့်ရှိကြတယ်။ ချင်း၊ ရှမ်း၊ မွတ်စလင်တွေမှာလဲ အဲ့လိုတွေများကြတယ်။ အဲတော့ ခွဲခြားပြီးရွေးနေမယ်ဆိုရင် တိုင်းပြည်အတွက် ဆိုးကျိုးတွေပဲဖြစ်လာမယ်။ တိုင်းပြည်အတွက် သစ္စာရှိမယ့်သူ၊ အကျိုးဖြစ်ထွန်းနိုင်မယ့်သူတွေကို မြေထောက်မြှောက်ပေးရမှာပါ” ဟု ၎င်း၏ အမြင်ကို သုံးသပ်ပြောဆိုခဲ့ပါတယ်။
    ယနေ့ခေတ် မြန်မာမွတ်စလင်လူငယ်များသည် အားကစားများတွင်လည်း စိတ်မ၀င်စား မနေသင့်ဘဲ အားကစားဆိုသည်မှာ မိမိတစ်ကိုယ်ရည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် အရာတစ်ခုကြောင်း၊ သူများတွေ ဘယ်လိုပဲပဲ ပြောဆိုစေကာမူ တစ်ကိုယ်ရည် ကျန်းမာရေးအတွက် အာကစားကို လူကြီး၊ လူငယ်မရွေး တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်ကြပါဟုလည်း ဦးဝင်းမောင်မှ အကြုံပြုပြောဆိုခဲ့ပါတယ်။
    ကိုယ်ရေးအကျဉ်း
    မိဘများ – အဖ ဦးဘဂျူး အမိ ဒေါ်အုန်းခင်
    မွေးသက္ကရာဇ်-  ၁၉၄၂ နိုဝင်ဘာလ ၂ ရက်
    ဇာတိ     – ပြည်
    အောင်မြင်မှုအချို့
    ၁၉၆၉ ကျွန်းဆွယ်ပွဲ ရွှေ
    ၁၉၇၀ အာရှအားကစားပွဲ ရွှေ
    ၁၉၇၁ ကိုရီးယားဖလား ရွှေ
    ၁၉၇၁ ဂျကာတာ နှစ်ပတ်လည်ပွဲ ရွှေ
    ၁၉၇၂ ကမ္ဘာ့အိုလံပစ် (မြူးနစ်အိုလံပစ်) အသန့်ရှင်းဆုံးဆု
    ၁၉၇၀ ခုနှစ် အာရှအားကစားပွဲ ဂိုးအများဆုံးသွင်းသည့်ဆု (၅) ဂိုး
    ၁၉၆၆ မှ ၁၉၇၆ ထိ (၁၀) နှစ်တိုင်တိုင် မြန်မာ့လက်ရွေးစင်ဖြစ်ခဲ့
  • မြန်မာရိုးရာခြင်းလုံးတွင် “ခြင်းပျောက်ရှာ” ကစားကွက် တီထွင်ခဲ့သူ ဦးကရင်(U KARIM)
    မြန်မာရိုးရာခြင်းလုံးတွင် “ခြင်းပျောက်ရှာ” ကစားကွက် တီထွင်ခဲ့သူ ဦးကရင်(U KARIM)
    အောက်တိုဘာ ၉၊ ၂၀၁၄
    M-Media
    U KaYin
    ၁၉၂၅ခုနှစ် ဒီဇင်ဘာလ၂၈ရက်နေ့တွင် “ဗုဒ္ဓဘာသာခြင်းလုံးခတ်အသင်း’’ ကို တည်ထောင်ခဲ့ကြသည်။
    မြန်မာနိုင်ငံတွင် ပထမဦးဆုံး တည်ထောင်သော အသင်းဖြစ်သည်။ ပထမဦးဆုံးဥက္ကဋ္ဌမှာ ဘကြီးလှဖြစ်၍ အတွင်းရေးမှူးမှာ ဦးကရင် (U KARIM)ဖြစ်သည်။
    ခြင်းလုံးခတ်ကစားရာတွင် ကျောနောက်မှ ရှေ့သို့ကျလာသော ခြင်းလုံးကို နောက်လှည့်မကြည့်ဘဲ အမှန်းအဆနှင့် ခေါင်းငုံ့ရှောင်ကာ ရှေ့ကျလာမှ မိအောင် ခတ်ကစားသောခြင်းကွက်ကို “ခြင်းပျောက်ရှာသည်’’ ဟုခေါ်လေသည်။
    ထိုသို့ခြင်းပျောက်ရှာ၍ ခတ်သော ကစားကွက်ကို ဦးကရင်မှ စတင်ကာ တီထွင်ကစားခဲ့လေသည်။
    ဦးကရင်မှာ မြန်မာရိုးရာခြင်းလုံး အားကစားထူးချွန်သူ တိုင်းရင်းသား မွတ်စလင်မ်များထဲမှ တစ်ဦးဖြစ်ပါသည်။
    ဆက်စပ်အကြောင်းအရာ ဖတ်ရှုရန်
    —————————————–
    မြန်မာ့ရိုးရာခြင်းလုံး သမိုင်းနှင့် တိုင်းရင်း မွတ်စလင်မ်များ၏ အခန်းကဏ္ဍ
    http://www.m-mediagroup.com/news/16450
  • ကမ္ဘာ့ လက်ဝှေ့ကြိုးဝိုင်းထဲမှ မွတ်စလင်များ
    ကမ္ဘာ့ လက်ဝှေ့ကြိုးဝိုင်းထဲမှ မွတ်စလင်များ
    ဘာမထီခင်အောင်
    အစ္စလာမ်သုတ မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။
    011
    “ဘားမား၊ဘားမား၊ ဘားမား” ဟူသော ရွှေပွဲလာ လက်ဝှေ့ပရိသတ် သုံးထောင်ကျော်ကျော်၏ လက်ခုပ်သြဘာသံကြီးးသည် အနောက်ဂျာမနီနိုင်ငံ မြူးနစ် မြို့တော်ကြီးမှ လက်ဝှေ့အားကစားရုံကြီး ပြိုမတတ်တည်းလျက်ရှိနေသည်။
    ကြိုးဝိုင်းဒိုင်၏ မှတ်စဉ် ရေတွက်မှုကိုခံယူပြီး ကျူးဘားချန်ပီယံ ပြန်လည်ထလာ၍ ဆက်ပြီးထိုးသည်။ အလွန်လျှင်မြန်စွာ ဘယ်ညာထောက် လက်သီးတွေကို ခရားရေ လွှတ် ထိုးလျက် နေရာရွှေ့ရွှေ့သွားသော ၀င်းမောင်အား ကျူးဘားချန်ပီယံက ဖမ်းမမိဖြစ်နေ၏။
    ပထမအချီပြီးသည်တွင် မြန်မာ့လက်ရွေးစင်ဝင်းမောင် အမှတ်ဖြင့် အနိုင်ရနေသည်။
    ဒုတိယအချီဝယ် ၀င်းမောင်က မိုဟာမက်အလီ ထိုးဟန်အတိုင်း ခြေရွှေ့လှုပ်ရှားပြီး ညာဖြောင့်တွဲလုံးတွေကို လှစ်ကနဲ လှစ်ကနဲ နေအောင်ထိုး၏။ ဘယ်ကျော် လက်သီးရှင် အိုလင်းဒိုက အ၀င်လိုက်တွင် ၀င်းမောင်က ညာဖြတ်တစ်လုံး သုံးလိုက်ပြန်ရာ ကျူးဘားချန်ပီယံ ပက်လက်လန်၍ ကျသွားရပြန်သည်။
    “ဘားမား၊ ဘားမား” ဟူသော အားပေးသံကြီးသည် မြူးနစ်မြို့ကြီးကို ပြိုလဲမတတ် မြည်ဟည်းလှချေသည်။
    ထိုအချီပြီးတော့လည်း ၀င်းမောင်ပဲ အမှတ်ဖြင့်သာပြန်သည်။ အဲ တတိယနောက်ဆုံးအချိန်၌ ၀င်းမောင်လည်း အိုလင်းဒိုလက်သီးချက်ကြောင့် လဲကျခဲ့ရသည်။ သို့တစေ ထ၍ ပြန်ထိုးနှက်ကြသည်။ တတိယအချီပြီးတော့ အမှတ်ပေးဒိုင် ၅ ဦးရှိသည့်အနက် ၃ ဦးက ကျူးဘားနိုင်ငံမှ အိုလင်းဒိုမာတင်းနစ်ဇ်အား အနိုင်ပေးလိုက်လေရာ ရွာတစ်ရွာလုံး ပွက်လောရိုက်ကုန်တော့သည်။
    “မတရားဘူး၊ မတရားဘူး၊ ဘားမားနိုင်တာ၊ ဘားမားနိုင်တာ” ဟု ဟစ်ကြွေးလေသည်။
    Win Maung Boxer
    မည်သို့ ဟစ်ကြွေးကြပေမယ့် (ဒိုင်လူကြီး၏ အဆုံးအဖြတ်သည်သာ အမှန်) ဟု ဆိုထားလေသဖြင့် ၀င်းမောင်ခမျာ အနိုင်ရသင့်ပါလျက် ရှုံးခဲ့ရချေသည်။
    ပွဲပြီးတော့၊ ၁၉၃၀-၃၂ ခုနှစ်က ကမ္ဘာ့ဟဲဗီးဝိတ် သရဖူပိုင်ရှင်ဖြစ်ခဲ့သူ ဂျာမန်အာဏာရှင် ဟစ်တလာကပင် အိမ်ဖြူတော်သို့ ခေါ်တွေ့ကာ ဂုဏ်ပြုခြင်းခံခဲ့ရသူ၊ နာမည်ကျော် ဂျိုးလူးဝစ်ကိုပင်လျှင် ၁၂ ချီ အရောက် နောက်ကော်ထိုးချခဲ့သူ မက်စ်ရှမဲလင်း (Max Schmeling) (ကိုယ်တိုင်)က ကြိုးဝိုင်းပေါ်မှ ဆင်းလာခဲ့သူ ၀င်းမောင်အား လက်ဆွဲနှုတ်ဆက်ရင်း “မင်းရဲ့လက်ဝှေ့ပညာ စွမ်းရည်ဟာ အဆင့်အတန်း မြင့်လှပါတယ်။ အလီနဲ့ ထိုးကွက်တူနေတာကို တွေ့ရပါတယ်။ ဒီပွဲမှာ ကျူးဘားချန်ပီယံကို မင်းအနိုင်ရနေတာပါ။ အနိုင်ပေးရမှာက မင်းကိုပါ။ အားမငယ်ပါနဲ့။ ဆက်လက်ပြီးကြိုးစားပါ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မောင်ရင်ကမ္ဘာ့ချန်ပီယံ ဖြစ်လာနိုင်တယ်” ဟု ချီးကျူးအားပေးခြင်း ခံခဲ့ရသည်။
    တကယ်တော့ ကမ္ဘာ့အိုလံပစ်ပြန် ၀င်းမောင်သည် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် တစ်ယောက်ဖြစ်ပေသည်။
    သူနှင့်အတူလိုက်ပါသွားရသည့် ဒေါ်လာသည် ချင်းလူမျိုး တောင်ပေါ်သားလေး ဖြစ်၏။ ၁၉၇၆ ခုနှစ်ဝယ် ၂၂ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ဗိုလ်လုပွဲသည် ကနေဒါနိုင်ငံ မွန်ထရီ မြို့၌ကျင်းပခဲ့ရာ နိုင်ဂျီးရီးယားနိုင်ငံမှ မွတ်စလင်မ် လက်ဝှေ့သူရဲကောင်းတစ်ဦး ပေါ်ထွန်းလာခဲ့၏။ သူ၏အမည်မှာ (ဖိုက်ဇီး)ပင် ဖြစ်သည်။ ၎င်းသည် ဖယ်သာဝိတ်တန်း သရဖူကိုဆောင်းခဲ့သူဖြစ်သည်။
    ကမ္ဘာ့အပျော်တမ်း လက်ဝှေ့ အဖွဲ့ချုပ်ကြီးတွင် အတွင်းရေးမှူးအဖြစ် တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ရသူ၊ ပါကစ္စတန်နိုင်ငံ (ပရော်ဖက်ဆာ၊ ဘန်နာဝါမျောက်ဒရီး)က မွတ်စလင်မ် လက်ဝှေ့သူရဲကောင်းတွေကို ထိရောက်စွာအားပေးခဲ့သည်။
    ထို့အတူ တွဲဖက်အတွင်းရေးမှူး ဖြစ်သူ ဗာလင်အမ်မာမွတ် (အီရန်)ကလည်း ကောင်းစွာ မြေတောင်မြှောက်ပေးခဲ့ကြသည်။
    ယနေ့ ကမ္ဘာ့အပျော်တမ်း လက်ဝှေ့တွင် မွတ်စလင်မ် လက်ဝှေ့ သူရဲကောင်းများ တဖြည်းဖြည်း တစ်စစနေရာယူခဲ့ပေပြီ။ ယနေ့ ကမ္ဘာ့ကြေးစားတန်း လက်ဝှေ့ ကြိုးဝိုင်း၌လည်း မွတ်စလင်မ် လက်သီးကျော်များမှာ သူ့ဝိတ်တန်းနှင့်သူ ၀င်ရောက်နေရာယူခဲ့ကြသည်။
    ကမ္ဘာကျော် မိုဟာမက်အလီကို အားကျ၍ ကြေးစားလက်ဝှေ့နယ်ပယ်သို့ ရောက်ရှိလာကြသော လက်ဝှေ့ကျော် အချို့ကို တင်ပြရပါလေသော်။
    မွတ်စတဖာဟမ်းရှိုး၊ ဘက်ရှီအလီ၊ ဖရင့်အလီ၊ မိုဟာမက်ကွာဝီ၊ ဆော့ချီတာလဒါ၊ ဘင်အလီ စသည် စသည်ဖြင့်။
    မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ပွဲသို့ ၁၉၄၉ ခုနှစ် လန်ဒန် အိုလံပစ်မှ အစပြု၍ ၁၉၄၀ ခုနှစ် လော့အိန်ဂျလိစ် အိုလံပစ်အထိ စေလွှတ်ကာ ထိုးသတ်ယှဉ်ပြိုင်စေ ခဲ့သည်။ မျိုးသန့်၊ စောဟာဒီ၊ ကျားဘညိမ်း၊ ဘယ်လင်သော်မဆင်၊ တင်ထွန်း၊ သက်ဦးလေး၊ ၀င်းမောင်၊ ဒေါ်လာ၊ လှညွန့်၊ သန်းထွန်း၊ ဇော်ထက်တို့ ရှိခဲ့ရာဝယ် (၆)ဦးသည် မွတ်စလင်မ်များ ဖြစ်ကြသည်။ ထို (၆)ဦးတို့ကတော့ ကျားဘညိမ်း၊ မဂျစ်၊ တင်ထွန်း၊ ဂျိတ်ဘာဝါး၊ ၀င်းမောင်နှင့် သက်ဦးလေးတို့ဖြစ်သည်။
    သက်ဦးသည် ၁၉၆၄ ခုနှစ်က ကျင်းပခဲ့သော တိုကျို အိုလံပစ်နှင့် ၁၉၆၈ ခုနှစ်က ကျင်းပခဲ့သော မက္ကဆီကို ကမ္ဘာ့ အိုလံပစ်သို့ တိုင်းပြည် ကိုယ်စားပြု၍ (၂)ကြိမ်သွားခဲ့ရသည်။
    နိဂုံးချုပ်အနေနှင့်
    မွတ်စလင်မ် လက်သီး သူရဲကောင်းတို့သည် သွေးနှင့်ချွေးနှင့်ရင်း၍ တိုင်းပြည်ကိုဂုဏ်ကို လက်ဝှေ့ ကြိုးဝိုင်းထဲမှ နေပြီး မြှင့်တင် ပေးခဲ့ကြကြောင်းကို ရေးသားတင်ပြရပါသည်။
    ရွှေဘိုဘာမထီခင်အောင်
    ဦးဝင်းမောင်၏ ဓါတ်ပုံများ ကြည့်ရန် =>
    ဆက်စပ် ဆောင်းပါးများ
    ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မီးရူးတိုင် ကိုင်ဆောင်ခွင့်ရခဲ့သော မြန်မာ့လက်ဝှေ့ချန်ပီယံ “ဦးဝင်းမောင်” အင်တာဗျူး ဖတ်ရန်
    http://www.m-mediagroup.com/news/21692
    ကမ္ဘာ့ အိုလံပစ်ကြိုးဝိုင်း အတွင်းမှ မြန်မာ့လက်ဝှေ့ကျော်များ
    http://www.m-mediagroup.com/news/21411
  • သေနတ်ပစ် အားကစားဖြင့် နိုင်ငံဂုဏ်ဆောင်ခဲ့သူ လက်ရွေးစင်ဟောင်း ဦးကျော်အေး ကွယ်လွန်
    မတ် ၁၇ ၊ ၂၀၁၄
    M-Media
    U Kyaw Aye
    သေနတ်ပစ်အားကစားဖြင့် ဆုတံဆိပ်များစွာ ဆွတ်ခူးနိုင်ခဲ့ပြီး တိုင်းပြည်ဂုဏ်ဆောင်ခဲ့သည့် သေနတ်ပစ် လက်ရွေးစင် အားကစားသမားစင်ဟောင်း  ဦးကျော်အေး(ခ) အဗ္ဗဒုလ်ရဟီမ်း (၇၆ နှစ်) ဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် နံနက် ၇ နာရီ  ၂၈ မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ်။
    ကျွန်းဆွယ် နှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် တိုင်းပြည်အတွက် ဆုတံဆိပ် များစွာ ဆွတ်ခူး ရယူပေးခဲ့တဲ့ ဦးကျော်အေး(ခ) အဗ္ဗဒုလ်ရဟီမ်း ကို ၁၉၃၉ ၊ ဖေဖော်ဝါရီ ၂၈ တွင် အဘ ဦးကျော် (အခွန်ဝန်) နှင့် အမိ ဒေါ်စောတင်တို့မှာ စစ်တွေမြို့တွင် မွေးဖွားခဲ့ပါတယ်
    မိဘများမှာ ကမန်တိုင်းရင်းသား များဖြစ်ကြပါတယ်။ ဦးကျော်အေးဟာ ရန်ကုန်မြို့ စိန်ပေါလ်ကျောင်း (ယခု ဗိုလ်တထောင် ၆) မှာ ၁၀ တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ သေနတ်ပစ်အားကစားအပြင် အာကီဒို(ခေါ်) ဂျပန်ကိုယ်ခံပညာရပ်တွင်(SECOND DAN) ရောက်ရှိခဲ့သည် အထိကျွမ်းကျင် တတ်မြောက်သူ တစ်ဦးဖြစ်ပါသည်။ ဦးကျော်အေး၏ သားသမိးများပြောပြချက်အရ သေနတ်ပစ်အားကစားကို လက်ရွေးစင်အဖြစ် ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ စတင်ကစားခဲ့ပြီး ကျွန်းဆွယ်နှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် လက်ရွေးစင်အဖြစ်အကြိမ်ကြိမ် နိုင်ငံကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။
    ၁၉၇၂ ခုနှစ် စင်ကာပူ ကျွန်းဆွယ်ပြိုင်ပွဲ နောက်ပိုင်းတွင် လက်ရွေးစင် အားကစားသမားအဖြစ်မှ အနားယူခဲ့ပါတယ်။ အဲဒိနောက် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (BPI) မှာ နည်းပြ အလုပ်ရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ မှာ ဝန်ထမ်းဘဝမှ အနားယူခဲ့ပါတယ်။
    ဦးကျော်အေးဟာ ဝန်ထမ်းဘဝမှ အငြိမ်စားယူပြိးနောက်ပိုင်း မိမိကျွမ်းကျင်ရာ အားကစားဖြင့် နိုင်ငံအကျိုးပြုနိုင်ရန် နိုင်ငံ တကာ သေနတ်ပစ်ဒိုင်လူကြီး သင်တန်းများကို မိမိစရိတ်ဖြင့် တက်ရောက်ခဲ့ပြီး International Shooting Sport Federation (ISSF)   နိုင်ငံတကာ သေနတ်ပစ် ဒိုင်လူကြီးလိုင်စင် ကို ရရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ဒိုဟာ အာရှအားကစားပြိုင်ပွဲမှာ သေနတ်ပစ်ဒိုင်လူကြိးအနေဖြင့် သွားရောက်ထမ်းဆောင်နိုင်ခဲ့ပါတယ်။
    လွန်ခဲ့ ၂ နှစ်ခန့်မှ အစာအိမ်ကင်ဆာရောဂါခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ်နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မီးရှူတိုင် သယ်ဆောင်မယ့် အစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။
    လူမြင်ကွင်းမှ ကွယ်ပျောက်နေတဲ့  နိုင်ငံဂုဏ်ဆောင် အားကစားသမားကြိးဟာ အစာအိမ်ကင်ဆာရောဂါဖြင့် ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။
    ကမန်လူမျိုး အစ္စလာမ်ဘာသာဝင် တဦးဖြစ်တဲ့ ဦးကျော်အေး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားသမိး ၆ ယောက်ကျန်ရစ်ပြီး ကွယ်လွန်တဲ့နေ့ မွန်းလွဲပိုင်းမှာပဲ မြောက်ဥက္ကလာပမြို့နယ် ရေဝေး စန္နီသုသာန်ဥယျာဉ်တော်မှာ အစ္စလာမ်ဘာသာဝ ထုံးစံဖြင့် မြှုပ်နှံသဂြိင်္ုလ်ခဲ့ကြောင်းသိရှိရပါတယ်။
    ဓါတ်ပုံ-Kamar Atarturk ပေးပို့ပါသည်။