News @ M-Media
Tag: MyanmarArmy
  • ပါကစ္စတန် လေတပ် ဦးစီးချုပ် မြန်မာပြည် အလည်ရောက်
    ပါကစ္စတန် လေတပ် ဦးစီးချုပ် မြန်မာပြည် အလည်ရောက်
    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    CAS-AirMarshal-tahirRafiqueButt-Myanmar-Pakistan_8-27-2014_158025_l
    ကရာချိ။    ။ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်(လေ) ဖိတ်ကြားချက်အရ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာသော ပါကစ္စတန် အစ္စလာမ့်မစ်သမ္မတနိုင်ငံ လေတပ်ဦးစီးချုပ် Tahir Rafique Butt အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ  လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
    ပါကစ္စတန် လေတပ်ဦးစီးချုပ်သည် မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
    ထို့ပြင် မြန်မာစစ်တပ်မှ ထိပ်တန်းအရာရှိများနှင့်လည်း လက်ရှိပူးပေါင်းလုပ်ဆောင်မှုများ၊ ရှေ့ဆက်လက်တွဲလုပ်ဆောင်ရန် လမ်းကြောင်းသစ်များဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
    Ref : geo.tv
  • မြန်မာစစ်တပ် မုဒိမ်းမှုကို စစ်ဆင်ရေး လက်နက်အဖြစ် သုံးနေသေးကြောင်း အမျိုးသမီး လူ့အခွင့်အရေးအဖွဲ့မှ ပြောကြား
    ဇန်နဝါရီ ၁၆၊ ၂၀၁၄
    M-Media
    အရပ်သားတစ်ပိုင်းအစိုးရလက်အောက်တွင် လိင်စော်ကားမှုပေါင်း ၁၀၀ ကျော် မှတ်တမ်းတင်ချက်ရှိကြောင်း အမျိုးသမီးများအဖွဲ့မှ ဆိုသည်။
    rsz_146014611_1
    ကချင်တိုင်းရင်းသူ တစ်ဥိး ဆန္ဒပြနေစဉ် (Raveendran/AFP/Getty Images)
    ရိုက်တာသတင်းဌာနမှရရှိလာသည့်အချက်အလက်အရ အမှုပေါင်း ၄၇ ခုမှာ အုပ်စုဖွဲ့အဓမ္မကျင့်ခံရခြင်းဖြစ်ပြီး၊ အမျိုးသမီး ၂၈ ဦးမှာ သတ်ဖြတ်ခံရခြင်း သို့မဟုတ် ရရှိသည့်ဒဏ်ရာဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ)မှ ပြောဆိုခဲ့၏။ အဓမ္မကျင့်စော်ကားခံရ သူတို့ အနက် အသက် ၈ နှစ်အရွယ် အများအပြား ပါဝင်သည်ဟု သတင်းများက ဆိုသည်။
    မြန်မာနိုင်ငံ၌ ပြည်သူ့ထိန်းချုပ်မှုအောက်တွင် စစ်တပ်အား ထားရှိနိုင်ရန်အတွက် ဥပဒေရေးရာပြုပြင်တည်ဆောက်မှု (နှင့်) ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြောင်းလဲမှု လိုအပ်နေသည်ကို ဤအခြေအနေက ညွှန်ပြနေသည်ဟု ထိုအဖွဲ့မှ ထောက်ပြပါသည်။
    မြန်မာနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန၌ မည်သူမျှ ချက်ခြင်းအကြောင်းကြားအရေးဆိုခွင့် မရရှိခဲ့။ ယခင်ကလည်း စစ်တပ်သည် အလားတူ အဆိုမျိုးကို ပယ်ချလေ့သာရှိခဲ့သည်။ အမေရိကန်နိုင်ငံရေး ပါတီနှစ်ရပ်လုံးမှ ပေါက်ရောက်ထင်ရှားသော လွှတ်တော်အမတ်များဖြစ်သည့် Bob Menendez ၊ Marco Rubio Ben Cardin နှင့် Bob Corker တို့မှ – မြန်မာနိုင်ငံ၌ ယင်းသို့သော (ဟန်ပြ)ပြန်လည်ပြုပြင်ရေး နှင့် အခွင့်အရေးချိုးဖောက်မှုများ ရှိနေသေးပါက မြန်မာအစိုးရအား ထောက်ပံ့ပေးကမ်းမည့် ရံပုံငွေများကို ၂၀၁၄ ခုနှစ်တွင် ပင်တဂွန်သို့ ချပေးစရာ အကြောင်းမရှိ အဆိုအား တင်သွင်းပြီးနောက် တစ်လ မတိုင်မှီမှာပင် အမျိုးသမီးများအဖွဲ့၏ သတင်းထုတ်ပြန်ချက် ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။
    ထိုအဆို၌ စစ်တပ်အတွက် လူ့အခွင့်အရေးနှင့်ဘေးအန္တရာယ်ဆိုးတုန့်ပြန်မှုဆိုင်ရာ သင်တန်းပေးမည့် လျာထားငွေများကို ခြွင်းချက်ပေးခဲ့သည်။ ထို့ပြင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်း၊ ပြန်လည်ပြုပြင်ရေး နှင့် စစ်ရေးဆက်ဆံမှုကြားမှ ဆက်နွှယ်ချက် အပါအ၀င် မြန်မာနှင့်စစ်ရေး ဆက်ဆံမှုအပေါ်ထားရှိသော အမေရိကန်၏မဟာဗျူဟာဆိုင်ရာအစီရင်ခံစာကို တင်ပြရန် အမေရိကန်ဗဟို အာဏာပိုင်နှင့် ပင်တဂွန်တို့ထံ တောင်းဆိုထား၏။
    နိုင်ငံအရှေ့မြောက်ဖက်ရှိ တိုင်းရင်းသား လူနည်းစုဝင် ကချင်နှင့် ရှမ်းအမျိုးသမီးတို့အား မြန်မာစစ်တပ်မှ လူမဆန်စွာ အဓမ္မပြုကျင့်ခြင်း အားလုံးနီးပါးကို မိမိတို့အဖွဲ့နှင့်အဖွဲ့၏ ချိတ်ဆက်အဖွဲ့အစည်းများမှ မှတ်တမ်း တင်ထားပြီးဖြစ်ကြောင်း ၎င်းအမျိုးသမီးများအဖွဲ့က ဆိုသည်။
    လွန်ခဲ့သောသုံးနှစ်တွင် ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီးများ အဖွဲ့မှ မြန်မာအစိုးရစစ်တပ်၏ လိင်ပိုင်းအကြမ်းဖက်မှု ၅၉ မှုအား မှတ်တမ်းပြုထားနိုင်ခဲ့ကြ၍ ရှမ်းအမျိုးသမီးများလှုပ်ရှားမှု ကွန်ရက်ကလည်း အမျိုးသမီးနှင့် မိန်းမရွယ်လေးများ ၃၅ ဦးနှင့်သက်ဆိုင်သော အမှုတွဲ ၃၀ ကို တင်ပြခဲ့သည်ဟု ထိုအဖွဲ့မှ ထပ်မံပြောကြား၏။
    အတင့်ရဲရဲဖြင့် အကွက်ကျကျကျူးလွန်ခြင်း
    ယင်းသို့ တိုက်ခိုက်စော်ကားမှုများသည် စစ်သားတို့မှ သတိလွတ် ပရမ်းပတာ ကျူးလွန်သည့်ဖြစ်စဉ်မျိုး မဟုတ်ကြောင်း “ သူတို့ရဲ့ အတင့်ရဲစွာ အကွက်ကျကျ ကျူးလွန်ပုံက စံနစ်တကျကြိုတင် ပုံစံချထားတဲ့ဟန်ကို ပေါ်လွင်စေပါတယ်။ လိင်စော်ကားမှုကို စစ်ဆင်ရေးနဲ့ဖိနှိပ်မှု လက်နက်တစ်ရပ်လို အသုံးချနေဆဲဖြစ်ပါတယ် ” ဟု အမျိုးသမီးများ အဖွဲ့ချုပ်ကဆိုသည်။ မိမိတို့၏ မှတ်တမ်းပြုချက်များ၌ စစ်တပ် တပ်ခွဲပေါင်း ၃၈ ခုထက်မနည်း ယင်းအမှုများထဲ ပါဝင် ဆက်နွှယ်နေပြီး၊ အနည်းဆုံး မြို့နယ်ပေါင်း ၃၅ ခုတွင်ဖြစ်ပွားခဲ့ကြောင်း၊ ဤအမှုများမှာ အပေါ်ယံမျှသာ ဖြစ်သေးကြောင်း၊ အမှုများစွာမှာ လူမသိခဲ့ရကြောင်း ဆက်လက်ဖော်ပြခဲ့သည်။
    “ ပဋိပက္ခထဲ လိင်အကြမ်းဖက်မှုကို အသုံးချခြင်းဟာ မဟာဗျူဟာ တစ်ရပ်ပါပဲ။ ဖြစ်စဉ် တစ်ခုချင်းကိုကျော်လွန်ပြီးကြည့်လိုက်ရင် ဒါဟာ နိုင်ငံရေးနဲ့ စီးပွားရေးအရ စစ်ဆင်တဲ့ လုပ်ရပ်မျိုး ဖြစ်ပါတယ်။ တိုင်းရင်းသား လူ့အဖွဲ့အစည်းတွေကို စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေဖို့ ဗမာစစ်တပ်က လက်နက် ကိရိယာတစ်ခုအဖြစ် လိင် အကြမ်းဖက်ကို အသုံးချကြပါတယ် ” ဟု အစီရင်ခံစာတွင် တွေ့ရသည်။ ဤစော်ကားချက်များသည် စစ်ရာဇ၀တ်မှုများ၊ လူသားမဆန်သော ပြစ်မှုများဖြစ်လေသဖြင့် ပွင့်လင်းလွတ်လပ်စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးပေးရန် ၎င်းအဖွဲ့မှ တောင်းဆိုလိုက်သည်။
    အစီရင်ခံစာ၌ အထူးဇောင်းပေးဖော်ပြထားသည့်ဖြစ်ရပ်မှာ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်တွင် ရှမ်းပြည်မြောက်ပိုင်းရှိ သီပေါမြို့နယ်၌ ဘိုးဘွားနှင့် အတူနေထိုင်နေသော ၈ နှစ်အရွယ် မိန်းကလေးငယ်အား စစ်သားတစ်ယောက်မှ မုဒိန်းကျင့်ခဲ့သည့် ကိစ္စဖြစ်၏။
    အခြားအမှုတစ်ခုအဖြစ် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၅ ရက်တွင် ရှမ်းပြည်နယ်၊ Ke See မြို့နယ်၌ ၁၂ နှစ်အရွယ်မိန်းကလေးငယ် နှင့် အမျိုးသမီး ၃ ဦးကို စစ်သားများမှ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ ကလေးငယ်မှာ သူမ၏မိခင်ရှေ့မှောက်မှာပင် အဓမ္မပြုကျင့်ခံရသလို အမျိုးသမီးတစ်ဦးမှာလည်း ပဋိသန္ဓေ ကိုးလရှိနေကြောင်း ဆိုကြ၏။ မုဒိန်းမှုများနှင့် စပ်လျဉ်း၍ အစိုးရတပ်ဖွဲ့များ နှင့် ရှမ်းပြည် ကချင်ပြည်ရှိ လူနည်းစု သူပုန်များ နှစ်ဖက်လုံး၌ ဖြစ်ပွားကြောင်း ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစိုးရစစ်သားများသည် လူနည်းစု တိုင်းရင်းသားဒေသများတွင် အဓမ္မမှု ကျူးလွန်သည့်အခါ ယင်းတာဝန်ရှိသူများကို စစ်တပ်မှ အရေးယူခြင်း မရှိသလောက်ဖြစ်၏။ ၂၀၁၃ ခုနှစ် ဇန္န၀ါရီလ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့၏ အစီရင်ခံစာ၌ စစ်တပ်၏ လိင်အကြမ်းဖက်မှုများကြောင့် ပြဿနာကြီးထွားနေဆဲဖြစ်ကြောင်း ရေးသားထားသည်။
    မြန်မာနိုင်ငံနှင့် စစ်ရေးအရလာရောက်ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်နေရကြောင်းကို အောက်တိုဘာလက အမျိုးသမီးများ အဖွဲ့ချုပ် အပါအ၀င် မြန်မာနိုင်ငံ တိုင်းရင်းသားများကိုယ်စားပြု အရပ်ဖက် လူ့အဖွဲ့အစည်းပေါင်း ၁၃၃ ဖွဲ့မှ အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်းမရွန်း နှင့် သြစတေးလျဝန်ကြီးချုပ် တိုနီ အက်ဘော့သ်တို့ထံ စာရေးသားပေးပို့ခဲ့ပါသည်။
    Ref: ရိုက်တာ
    ရိုက်တာ သတင်းဌာနတွင် ဖော်ပြခဲ့သည့် Myanmar still uses rape as weapon of war: women’s group သတင်းဆောင်းပါးမှတ်တမ်းကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။