News @ M-Media

Tag: MyanmarCoup2021

  • မြန်မာစစ်ခေါင်းဆောင်များကို ထိန်းသိမ်းပေးရန် တရုတ်ကို အမေရိကန်တိုက်တွန်း

    မြန်မာစစ်ခေါင်းဆောင်များကို ထိန်းသိမ်းပေးရန် တရုတ်ကို အမေရိကန်တိုက်တွန်း

    ဇူလိုင် ၂၆၊ ၂၀၂၂
    M-Media

    -မြန်မာစစ်ခေါင်းဆောင်တွေကို ကြိုးကိုင်ထိန်းသိမ်းဖို့အတွက် အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက တရုတ်ကို တိုက်တွန်းလိုက်ပါတယ်။

    ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဇေယျာသော်တို့အပါအ၀င် လူ ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်မှုအတွက် နိုင်ငံတကာက မြန်မာစစ်ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် ၀ေဖန်နေကြပါတယ်။

    ကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ‘ပုံမှန်ဆက်ဆံရေးမျိုး’ တောင် လုပ်ဆောင်လို့မရဘူးလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးပါတယ်။

    “မြန်မာနိုင်ငံရဲ့ အနိမ့်အမြင့် အတက်အကျတွေအပေါ် လွှမ်းမိုးနိုင်တဲ့ နိုင်ငံဟာ တရုတ်အပြင် တစ်ခြားမရှိဘူးဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး”

    မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စီးပွားရေးနဲ့ သံတမန်ရေး ပိတ်ဆို့အရေးယူမှုတွေဟာ မိမိတို့ မြင်ချင်တဲ့အနေအထားမျိုးအထိ မရောက်သေးဘူးလို့လည်း ပရိုက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ပို့နိုင်ရေး ကိစ္စအတွက် တရုတ်၊ အိန္ဒိယတို့နဲ့ အသေးစိတ်ဆွေးနွေးမှုတွေ လုပ်ဆောင်ထားတယ်လို့လည်း သူက ဆိုပါတယ်။

    အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်လိုက်ရုံနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ဟန့်တားနိုင်မှာမဟုတ်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။

    Ref: The Guardian

  • အနာဂတ်တိုင်းပြည်အင်အားဖြစ်မည့် လူငယ်များ အစုလိုက်အပြုံလိုက် ထွက်ခွာနေ

    အနာဂတ်တိုင်းပြည်အင်အားဖြစ်မည့် လူငယ်များ အစုလိုက်အပြုံလိုက် ထွက်ခွာနေ

    ဇူလိုင် ၂၁၊ ၂၀၂၂
    M-Media

    -ရာသီဥတုပြောင်းလဲမှု၊ ကိုဗစ်ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပြဿနာတွေကြောင့် နေထိုင်ရတပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် မြန်မာနိုင်ငံ အလယ်ပိုင်းက လူငယ်တွေဟာ နိုင်ငံရပ်ခြားကို ထွက်ခွာဖို့ ကြိုးပမ်းလာကြပါတယ်။

    “ဒီလူအုပ်ကိုမြင်ရတာ ရွာကဘုရားပွဲကို သိပ်သတိရတာပဲ။ မကွေးက ပတ်စ်ပို့ရုံးမှာ နေ့တိုင်း လူမပြတ်ပါဘူး” လို့ နိုင်ငံခြားထွက်ဖို့ နိုင်ငံကူးလက်မှတ် လာလုပ်တဲ့ ကိုနေမိုးဆွေကျော်က ပြောပါတယ်။

    လွန်ခဲ့တဲ့ ၆ လ အိုမီခရွန်လှိုင်းပြီးတဲ့နောက်ပိုင်း မကွေးက ပတ်စ်ပို့ရုံးမှာ တစ်နေ့ကို အနည်းဆုံး လူ ၁၀၀ လောက် နိုင်ငံကူးလက်မှတ်လာလုပ်ကြတယ်လို့ သူက ဆိုပါတယ်။

    အချို့တွေက ဂျပန်နဲ့ စင်ကာပူတို့လို နိုင်ငံတွေမှာ ပညာရေးအဆုံးသတ်ဖို့ သွားကြတာဖြစ်ပေမယ့် အများစုကတော့ တရုတ်နဲ့ ထိုင်းမှာ အလုပ်ရှာဖို့ သွားကြမှာပါ။

    ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက မကွေးလိုဒေသမျိုးမှာ လူငယ်တွေ နိုင်ငံရပ်ခြား သွားရောက်အလုပ်လုပ်ကိုင်ရတာမျိုးဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အဓိကအကြောင်းအရင်းက ရာသီဥတု ဖောက်ပြန်မှုကြောင့်ပါ။

    အခုနောက်ပိုင်း အပူအချိန်က ပိုမိုမြင့်တက်လာခဲ့ပြီး ၂၀၂၀ ခုနှစ်မှာဆိုရင် မကွေးတိုင်း ချောက်မြို့နယ်က အပူချိန်ဟာ စံချိန်တင် ၄၇.၅ စဲလ်စီးယက်စ်အထိ ရှိလာပါတယ်။

    မကွေးမှာ အရင်ကနေခဲ့ဖူးတဲ့ မဇာခြည်လွင်က ရာသီဥတုဖောက်ပြမှုကြောင့် ၂၀၀၇ ခုနှစ်လောက်ကစလို့ စိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ် အရှုံးပေါ်လာခဲ့ပြီး အဓိကထွက်ကုန်ဖြစ်တဲ့ နှမ်းကိုတောင် စိုက်လို့မရတော့ဘူးလို့ ပြောပါတယ်။

    “အရင် တစ်ဧကကို ရာနှုန်းပြည့်ထွက်တဲ့ ကျွန်မတို့လယ်တွေမှာ နောက်ပိုင်း အထွက်နှုန်းက ၆၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက်သာ ရှိပါတော့တယ်”

    အရှုံးပေါ်၊ အကြွေးတင်ပြီး မရှုနိုင်မကယ်နိုင်ဖြစ်လာတဲ့ သူမတို့ မိသားစုဟာ ၂၀၁၀ ခုနှစ်မှာ ဘိုးဘွားပိုင်လယ်မြေတွေကို ထက်၀က်စျေးနဲ့ရောင်းပြီး ရန်ကုန်ကို ပြောင်းရွှေ့လာရပါတယ်။ မိဘတွေက မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့တယ်လို့ မဇာခြည်လွင်က ပြောပါတယ်။

    စစ်တမ်းတွေအရ လွန်ခဲ့တဲ့ ၁၀ နှစ် မြန်မာနိုင်ငံအလယ်ပိုင်းက လူဦးရေရဲ့ ၆ ရာခိုင်နှုန်းလောက်ကသာ နိုင်ငံရပ်ခြားထွက် အလုပ်လုပ်ဖို့ ဆန္ဒရှိကြပေမယ့် ယနေ့အချိန်မှာတော့ လူငယ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ ပမာဏဟာ အရင်ကထက် မကြုံစဖူး များပြားလာပါတယ်။

    စိုက်ပျိုးလို့ မရတော့တာ၊ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည် စီးပွားပျက်ပြီး မတည်မငြိမ် ဖြစ်လာတာတွေက လူငယ်တွေ နေရပ်စွန့်ခွာရတဲ့ အဓိကအကြောင်းအရင်းတွေပါ။

    မဇာခြည်လွင်က သူရွာက စွန့်ခွာခဲ့ပြီးနောက်ပိုင်း ရွာမှာရှိတဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက် ထွက်သွားကြပြီလို့ ပြောပါတယ်။ အများစုက အသက် ၂၀ ကနေ ၃၅ နှစ်ကြားဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေးအခွင့်အလမ်းကို ရှာဖွေဖို့ ဖြစ်ပါတယ်။

    “ရွာမှာဆို သက်ကြီးရွယ်အိုတွေပဲ ကျန်တော့တယ်။ အလုပ်လုပ်နိုင်တဲ့အရွယ်တွေ မရှိတော့ စိုက်ပျိုးရေးကလည်း ထက်၀က်လောက် နည်းသွားပါတယ်။ ဒါ့ကြောင့် ကုန်ပစ္စည်းစျေးတွေ တက်လာပြီး စစ်အာဏာသိမ်းပြီးတော့ အခြေအနေက ပိုဆိုးသွားပါတယ်။ ကျွန်မဆိုရင် ဟင်းချက်ဆီတောင် မ၀ယ်နိုင်တော့ပါဘူး”

    မီးလောင်ပြင်

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မကွေးတိုင်းမှာ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာပြီး စစ်တပ်ကလည်း ကြမ်းကြမ်း တမ်းတမ်း တုန့်ပြန်လာပါတယ်။

    အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာ၊ တရားလက်လွတ် ဖမ်းဆီးနှိပ်စက်တာတွေကို လုပ်ဆောင်သလို၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေလည်း အမြောက်အများ ဖြစ်လာပါတယ်။ နောက်ဆက်တွဲအဖြစ် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရေအတွက်ဟာ ပိုမို မြင့်တက်လာပါတယ်။

    အနာဂတ်မသေချာ

    လူငယ်တွေ ဒီလို အစုလိုက်အပြုံလိုက် ထွက်ခွာသွားမှုဟာ ဘယ်လိုအခြေအနေအထိ ဦးတည်သွားနိုင်လဲဆိုတာကို ကျန်ရစ်တဲ့သူတွေက သောကရောက်နေကြပါတယ်။

    ရာသီဥတုကြောင့် ၂၀၀၅ ခုနှစ်နောက်ပိုင်း ပဲနဲ့နှမ်း စိုက်လို့ အဆင်မပြေတော့တဲ့အတွက် မိသားစု၀င်တွေ ရေကြည်ရာကို ထွက်ခွာသွားကြတယ်လို့ ရေနံချောင်းမြို့မှာနေထိုင်တဲ့ မနှင်းဆီနီက ပြောပါတယ်။

    “တစ်ချို့တွေက ရန်ကုန်သွားကြတယ်။ တစ်ချို့က မြစ်ကြီးနားသွားကြတယ်။ ထိုင်းနိုင်ငံကိုသွားတဲ့လူလည်း ရှိပါတယ်”

    ကိုမိုးဆွေကျော်က စိုက်ပျိုးစားရိတ် ကုန်ကျမှု မြင့်တက်လာတာ၊ လုပ်မယ့်လူ မရှိတာတွေကြောင့် အနာဂတ်က သိပ်ကောင်းလာနိုင်ဘူးလို့ ဆိုပါတယ်။

    “ကုန်စျေးနှုန်း၊ လောင်ဆာဆီစျေးနှုန်း မြင့်တက်လာတာကြောင့် လူတွေ၊ စီးပွားရေးလုပ်ငန်းတွေ အခက်ကြုံပြီး အရှုံးပဲပြနေတယ်။ ဒီလိုသာဆက်သွားရင် လူတွေ ဒုက္ခပိုရောက်မယ်။ တွေးတောင် မတွေးရဲဘူး။ အာဏာသိမ်းထားတာ အချိန်ကြာလေလေ၊ အခြေအနေက ပိုဆိုးလေပါပဲ”

    Ref: The Guardian

  • မြန်မာ့စီးပွားရေး ဆိုးရွားလာနေချိန် အော်ရီဒူးက မြန်မာနိုင်ငံမှ ထွက်ရန်ပြင်ဆင်

    မြန်မာ့စီးပွားရေး ဆိုးရွားလာနေချိန် အော်ရီဒူးက မြန်မာနိုင်ငံမှ ထွက်ရန်ပြင်ဆင်

    ဇူလိုင် ၂၀၊ ၂၀၂၂
    M-Media

    -ကာတာအခြေစိုက် အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံက သူတို့လုပ်ငန်းကို ရောင်းချဖို့ စီစဥ်နေတယ်လို့ ဒီကိစ္စကို သိရှိတဲ့ သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

    အော်ရီဒူးဟာ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး ၂၀၂၀ ခုနှစ်က သုံးစွဲသူ ၁၅ သန်းလောက်အထိ ရှိခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သုံးစွဲသူ လျော့ကျသွားပြီး ၂၀၂၂ မှာ ၉ သန်းလောက်သာ ရှိပါတော့တယ်။

    အော်ရီဒူးဟာ မြန်မာနိုင်ငံက သူတို့လုပ်ငန်းကို ရောင်းချတော့မယ်လို့ စစ်ကောင်စီ ဆက်သွယ်ရေး၀န်ကြီးဌာနကို အကြောင်းကြားထားပြီး လက်ရှိမှာ မြန်မာနိုင်ငံက Young Investment Group လုပ်ငန်းစု၊ စင်ကာပူအခြေစိုက် Campana Group၊ မြန်မာနိုင်ငံက ရုပ်သံလုပ်ငန်း SkyNet တို့နဲ့ ဆွေးနွေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    အော်ရီဒူးမြန်မာနဲ့ သတင်းထွက်နေတဲ့ လုပ်ငန်းစု ၃ ခုစလုံးက ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားခြင်း မပြုပါဘူး။ ဘယ်လောက်တန်ဖိုးနဲ့ ရောင်းချမယ်၊ ဆွေးနွေးမှု ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။

    ၂၀၂၁ ခုနှစ် ဖေဖေဖာ်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ လူထုရဲ့ အချက်အလက်တွေ၊ ဖုန်းပြောဆိုမှုတွေ၊ မက်ဆေ့ချ်ပေးပို့မှုတွေ၊ တည်နေရာတွေကို ရဖို့၊ လူထုရဲ့ ဖုန်းခေါ်ဆိုမှုကို ကြားဖြတ်နားထောင်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ပိုမိုဖိအားပေးလာပါတယ်။

    ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုကို လက်မခံနိုင်တဲ့အတွက် နော်၀ေ ဆက်သွယ်ရေးလုပ်ငန်း တယ်လီနောဟာ သူ့ရဲ့ မြန်မာနိုင်ငံကလုပ်ငန်းကို ပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူထံ ရောင်းချခဲ့ပါတယ်။ လက်ရှိမှာ တယ်လီနောမြန်မာကို ရွှေဗျိုင်းဖြူက ရှယ်ယာများစု၊ လက်ဘနွန်အခြေစိုက် စီပွားရေးလုပ်ငန်း M1 က ရှယ်ယာအချို့ပါ၀င်ကာ စပ်တူလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

    Ref: Reuters

  • အရပ်ဖက်နေရာများတွင် မြန်မာစစ်တပ်က မြေမြှုပ်မိုင်းများထောင်ထားကြောင်း လေ့လာမှုတွင်တွေ့ရ

    အရပ်ဖက်နေရာများတွင် မြန်မာစစ်တပ်က မြေမြှုပ်မိုင်းများထောင်ထားကြောင်း လေ့လာမှုတွင်တွေ့ရ

    ဇူလိုင် ၂၀၊ ၂၀၂၂
    M-Media

    -မြန်မာစစ်တပ်ရဲ့ မြေမြှုပ်အသုံးပြုမှုကို လေ့လာဆန်းစစ်ရာမှာ စစ်ရာဇ၀တ်မှုမြောက်တဲ့ အသုံးပြုမှုတွေ တွေ့ရတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့ ကယားပြည်နယ်ကို Amnesty International အဖွဲ့က သွားရောက်ပြီး မြေမြှုပ်မိုင်း ထိမိသူတွေ၊ သူတို့ကို ဆေးကုပေးနေတဲ့ ဆရာ၀န်တွေကို တွေ့ဆုံမေးမြန်းခဲ့တာပါ။

    ကယားပြည်နယ်က အနည်းဆုံး ရွာ ၂၀ လောက်မှာ စစ်တပ်က မိုင်းထောင်ထားတာကို တွေ့ရတယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စပါးခင်းကိုသွားတဲ့လမ်းတွေ၊ လူနေခြံ၀ိုင်းတွေ၊ လူနေအိမ်ကိုသွားတဲ့လမ်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတစ်၀ိုက်နဲ့ ဘုရားကျောင်း၀န်းအတွင်း စတဲ့ နေရာတွေ၊ အိမ်သာသွားတဲ့လမ်းတွေမှာပါ စစ်တပ်က မြေမြှုပ်မိုင်းတွေထောင်လေ့ရှိတယ်လို့ ရရှိတဲ့အချက်အလက်တွေကို ကိုးကားပြီး Amnesty International က ပြောပါတယ်။

    “ဖြစ်စဥ်တစ်ခုမှာဆိုရင် စစ်သားတွေဟာ ၀ါယာကြိုးတန်း လက်လုပ်မိုင်းကို အိမ်တက်လှေကားမှာ ထောင်ချောက်ပုံစံတပ်ဆင်ထားတာကို တွေ့ရပါတယ်”

    သာမန်ပြည်သူထုလူထုကို ပစ်မှတ်ထားတဲ့ ဒီလိုမိုင်းထောင်မှုမျိုးဟာ နိုင်ငံတကာဥပဒေအရ စစ်ရာဇ၀တ်မှုမြောက်တဲ့လုပ်ရပ်မျိုးဖြစ်တယ်လို့လည်း Amnesty International ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    စစ်တပ်ကထောင်ထားတဲ့ မိုင်းတွေကို အာဏာသိမ်းမှုဆန့်ကျင်တဲ့ အဖွဲ့တွေက စနစ်တကျ လေ့ကျင့်သင်ကြားထးမှု မရှိဘဲ ရတဲ့ပစ္စည်းကိရိယာတွေနဲ့ ရှင်းလင်းနေရတာကို စစ်တမ်းကောက်ယူမှုမှာ တွေ့ခဲ့ရပါတယ်။

    “အရပ်သားတွေ ထိခိုက်သေဆုံးမှုဟာ အချိန်နဲ့အမျှ မြင့်တက်နေတာကို ခါးသီးဖွယ် တွေ့ခဲ့ရပါတယ်။ မြေမြှုပ်မိုင်းတွေ ရှိတာကြောင့် ပြည်သူတွေဟာ သူတို့ရဲ့ နေအိမ်တွေ လယ်ယာတွေကို ပြန်မလာနိုင်ကြတော့ပါဘူး”

    လွတ်လပ်ရေးရပြီးကတည်းက စတင်ခဲ့တဲ့ ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်ဟာ စစ်ရာဇ၀တ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ အများအပြား ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေ အကြိမ်ကြိမ်ထွက်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

    အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ ရွာတွေကို မီးရှို့တာ စတဲ့ ကျူးလွန်မှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပြီး ရိုဟင်ဂျာလူ့အဖွဲ့အစည်းတစ်ခုလုံးကို ရှင်းလင်းဖယ်ရှားဖို့ ရည်ရွယ်တဲ့ ဒီလုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ အမေရိကန်က မတ်လမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    တိုင်းရင်းသား ဒေသတွေမှာ နှစ်ပေါင်းများစွာ ပြုလုပ်လာတဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအလယ်ပိုင်းဒေသတွေမှာပါ ပိုမိုတွေ့လာရပါတယ်။

    Ref: AFP

  • ထိုင်းတွင် မြန်မာနိုင်ငံသားများ ကျွန်ပြုခံနေရ

    ထိုင်းတွင် မြန်မာနိုင်ငံသားများ ကျွန်ပြုခံနေရ

    ဇူလိုင် ၁၆၊ ၂၀၂၂
    M-Media

    -စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုပ်အကိုင်ခက်ခဲလာတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို အလုပ်ရှာဖို့ ပိုမို၀င်ရောက်လာနေပြီး ငါးဖမ်းလုပ်ငန်းမှာ ကျွန်ပြုခံရတဲ့ အခြေအနေတွေလည်း ပိုမိုမြင့်တက်လာနေပါတယ်။

    ထိုင်းငါးဖမ်းလုပ်ငန်းမှာ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေ ကျွန်ပြုခံနေရတဲ့ကိစ္စကို မီဒီယာတွေက ၂၀၁၅ ခုနှစ်မှာ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ထိုင်းအာဏာပိုင်တွေက ဒီကိစ္စကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်လာခဲ့ပြီး ငါးဖမ်းဆိပ်ကမ်းတိုင်းမှာ စောင့်ကြည့်ရေးအရာရှိ (PIPO) တွေကို ခန့်ထားပါတယ်။

    ဒါပေမယ့် ဒီလူတွေက ဟန်ပြပဲလို့ မြန်မာအလုပ်သမား မိုးသားလေး(အမည်လွှဲ) က ပြောပါတယ်။ လုပ်ငန်းခွင်မှာ သေဆုံးသွားတဲ့ မြန်မာအလုပ်သမားရဲ့ အလောင်းကို မိုးသားလေးတို့ လှေက ယူလာပြီး ကမ်းပေါ်ပို့မှာကို PIPO အရာရှိက ဂရုမစိုက်ပါဘူး။

    “ဒီလိုအခြေအနေမျိုးဆိုရင် အလုပ်သမားက ဘာ့ကြောင့် ဆုံးတာလဲ၊ မိသားစုကို ဘယ်လိုကူညီရမလဲ ဒါမျိုးတွေ PIPO အရာရှိက မေးရမယ်ဗျ။ အခုတော့ သက်ကယ်အင်္ကျီ ၀တ်မထားတာလောက်ပဲ လိုက်ကြည့်တာ”

    ပြီးခဲ့တဲ့ ၄ လအတွင်း မိမိသယ်လာပေးရတဲ့ မြန်မာအလုပ်သမားအလောင်း ၂ လောင်းရှိတယ်လို့ မိုးသားလေးက ပြောပါတယ်။ လက်ရှိလုပ်နေတဲ့ လှေမကြိုက်လို့ နောက်လှတစ်ခုကို ပြောင်းချင်တယ်ဆိုရင် ပိုက်ဆံအများကြီးပေးရတဲ့အတွက် မပြောင်းဖြစ်ကြဘူးလို့လည်း သူက ဆိုပါတယ်။

    ၂၀၂၀ ခုနှစ် နောက်ဆုံးလေ့လာမှုအရ ထိုင်းငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေရဲ့ ၁၄ ရာခိုင်နှုန်းဟာ အဓမ္မလုပ်အားခိုင်းစေ ကျွန်ပြုခံနေရတာကို တွေ့ရတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က ပြောပါတယ်။

    ထိုင်းငါးဖမ်းလုပ်ငန်းနဲ့ အခြား အလုပ်ကြမ်းလုပ်ရတဲ့နေရာတွေက မြန်မာအလုပ်သမားအများစုဟာ အလုပ်ရှင်၊ အေဂျင်စီ ဒါမှမဟုတ် ပွဲစားတွေထံမှာ အကြွေးနွံနစ်နေကြတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ကြပ်တည်းလာတာကြောင့် နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေတဲ့ မြန်မာနိုင်ငံသားတွေ ပိုမိုများပြားလာပြီး ဒါဟာ ပွဲစားတွေ ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ အခွင့်အလမ်းဖြစ်လာတယ်လို့ ကိုမိုးသားလေးက ပြောပါတယ်။

    “ရွှေ့ပြောင်းလုပ်သားတွေဟာ ပြဿနာပေါင်းစုံ ကြုံလာရပါတယ်။ အရင်တုန်းကဆို ငါးဖမ်းလုပ်သားတွေဟာ နှိပ်စက်တာတွေ တော်တော်ခံရတယ်။ ဒီအခြေအနေမျိုး ထပ်ဖြစ်လာမှာကို ကျွန်တော် စိုးရိမ်ပါတယ်”

    ငါးဖမ်းလုပ်ငန်းမှာ ကိုမိုးသားလေးအလုပ်လုပ်နေတာ ၁၇ နှစ်ရှိပြီး တစ်နှစ်ကို နှစ်ကြိမ် ပါမစ်လုပ်ရတာ၊ ဗီဇာလုပ်ရတာတွေလို ငွေထွက်ပေါက်တွေကြောင့် အကြွေးသံသရာက ရုန်းမထွက်နိုင်ဘူးလို့ သူက ထည့်ပြောပါတယ်။

    အလုပ်ရှင်ကချိတ်ပေးတဲ့ ပွဲစားတွေနဲ့ ပါမစ်လုပ်ရတာကြောင့် အပိုငွေ အများပြားပေးရပြီး လခထဲက ပြန်ဖြတ်တာဖြစ်ပါတယ်။

    ထိုင်းငါးဖမ်းလှေတွေမှာ တစ်ရက်ကို ၁၂ နာရီကျော် အလုပ်လုပ်ရပြီး၊ အစာမလောက်တာကြောင့် အငတ်နေရတာတွေလည်းရှိကာ၊ အလုပ်ကနေလည်း အလွယ်တကူ ထွက်လို့မရပါဘူး။ ဒါတွေဟာ ထိုင်းအစိုးရရဲ့ ဥပဒေတွေကို ချိုးဖောက်တာဖြစ်လို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ကျွန်ပြုခံရမှု အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့လည်း ကိုက်နေပါတယ်။

    ထိုင်းအစိုးရကခန့်ထားတဲ့ စောင့်ကြည့်ရေးအရာရှိ PIPO တွေမှာ မြန်မာစကားပြန်ရှိနေပမယ့်လည်း မြန်မာအလုပ်သမားတွေရဲ့ တိုင်တန်းမှုတွေကို မဖြေရှင်းပေးပါဘူး။

    “PIPO တွေမှာ မြန်မာစကားပြန်တွေရှိတယ်။ ဒါပေမယ့် ဘာမှကို မလုပ်ပေးပါဘူး။ တစ်ခါတစ်လေဆို လှေမှာ အစာမလောက်ဘူး။ ကျွန်တော်တို့တိုင်ပေမယ့် ဘာမှမဖြေရှင်းပေးပါဘူး။ ကျွန်တော်ဆို တော်တော်ကို ဒေါသထွက်ပါတယ်”

    ပြီးခဲ့တဲ့နှစ်အတွင်း ကျွန်ပြုမှု ၁၄ ခုကို စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ ထိုင်းအဓမ္မလုပ်အားခိုင်းစေမှု ဖြေရှင်းရေးအဖွဲ့ (TIP) က ပြောပါတယ်။ အကူအညီပေးရေးအဖွဲ့တွေက အမှန်တကယ် ကျွန်ပြုမှုအရေအတွက်ဟာ ဒီထက်အဆမတန်များပြားပြီး ထိုင်းရဲတပ်ဖွဲ့က သေသေချာချာ စုံစမ်းစစ်ဆေးမှု မလုပ်ဘူးလို့ ထောက်ပြပါတယ်။

    ထိုင်းရဲတပ်ဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းမှုကို မဖြေကြားပါဘူး။

    ရွေ့ပြောင်းအလုပ်သမားရေးရာ အကူအညီပေးရေးအဖွဲ့ Adisorn Kerdmongkol က ထိုင်း ငါးဖမ်းလုပ်ငန်းနဲ့ အိမ်အကူလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ ၉၀ ရာခိုင်နှုန်းဟာ စာရွက်စာတမ်းဖိုး၊ ထိုင်းနိုင်ငံမှာ အလုပ်ရရေး ကိစ္စတွေအတွက် အလုပ်ရှင်တွေ၊ ပွဲစားတွေကို ငွေကြေးအများပြားပေးရပြီး အကြွေးနွံနစ်နေကြတယ်လို့ ဆိုပါတယ်။

    မြန်မာအစိုးရနဲ့ ထိုင်းအစိုးရအကြား သဘောတူညီချက်နဲ့ မြန်မာအလုပ်သမားတွေကို အလုပ်ခေါ်မှု ပြန်စနေပေမယ့် နယ်စပ်ကနေ တရားမ၀င် ၀င်ရောက်ကာ အလုပ်အကိုင်ရှာဖွေသူတွေကလည်း ထောင်သောင်းချီ ရှိနေပါတယ်။

    မြ၀တီ-မဲဆောက်လမ်းကနေ လာဖို့အတွက် တစ်ယောက်ကို ဘတ် ၈ ထောင်ကနေ တစ်သောင်းလောက်အထိ ပေးရပါတယ်။ ပွဲစားက နှစ်ဖွဲ့ရှိပြီး တစ်ဖွဲ့က မြန်မာနိုင်ငံကနေ လူခေါ်ကာ၊ နောက်တစ်ဖွဲ့က အထည်ချုပ်စက်ရုံတွေ၊ ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်ရှာပေးတာ ဖြစ်ပါတယ်။

    တရား၀မင်လမ်းကနေ၀င်ပြီး ထိုင်းနဲ့ မလေးရှားမှာ အလုပ်ရဖို့အတွက် တစ်ယောက်ကို အပြီးအစီး ဘတ် ၃ သောင်းလောက် ကုန်ကျပါတယ်။

    မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အိမ်တွေ၊ ခြံတွေပေါင်ပြီး ပွဲစားခပေးကာ အလုပ်ရှာကြတာဖြစ်ပြီး ဖမ်းဆီးခံရရင် ဒီငွေတွေကို ပြန်မရပါဘူး။ တစ်ချို့တွေက သူတို့အလုပ်ရဖို့ ကုန်ကျငွေအတွက် လခထဲက ဖြတ်ခံရပါတယ်။

    ခေတ်သစ်ကျွန်ပြုမှုကို လေ့လာနေတဲ့ The Freedom Fund အဖွဲ့ ရဲ့ တာ၀န်ရှိသူ ရိုဆိုင် ၀ွန်ဆူဘန်က အလုပ်သမားတွေဟာ အကြွေးကျေဖို့ နီးလာတဲ့အချိန်မှာ နောက်ထပ် သက်တမ်းတိုးဖို့ ဖြစ်လာပြီး ထပ်အကြွေးတင်သွားကြတယ်လို့ ပြောပါတယ်။

    ဒီအကြွေးသံသရာဟာ ခေတ်သစ်ကျွန်ပြုမှုရဲ့ အမှတ်လက္ခဏာတစ်ခုလည်း ဖြစ်နေပါတယ်။

    Ref: DW

    https://www.dw.com/en/how-thailand-pushes-myanmar-migrants-into-modern-slavery/a-62491038