News @ M-Media

Tag: MyanmarCoup2021

  • မြန်မာကိစ္စ ကိုယ်စားလွှတ်ပြီး အမြန်ဆုံးဆွေးနွေးညှိနှိုင်းရန် အာဆီယံကို ကန်တွန်းအားပေး

    မြန်မာကိစ္စ ကိုယ်စားလွှတ်ပြီး အမြန်ဆုံးဆွေးနွေးညှိနှိုင်းရန် အာဆီယံကို ကန်တွန်းအားပေး

    စက်တင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကပြဿနာကို ဖြေရှင်းရေးအတွက် အထူးကိုယ်စားလှယ်ကို အမြန်ဆုံး မြန်မာနိုင်ငံလွှတ်ပြီး စေ့စပ်ဆွေးနွေးဖို့ အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ ကက်သရင်းတိုင်က အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလမှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ဒီပြဿနာကိုဖြေရှင်းဖို့အတွက် သဘောတူညီချက် ၅ ချက် ရရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ကိုယ်စားလှယ်တစ်ဦးခန့်ပြီး စေ့စပ်ဆွေးနွေးပေးရေး ပါဝင်ပါတယ်။

    ဩဂုတ်လအတွင်း ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ် ယူစွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို ခန့်အပ်နိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံကို သွားရောက်နိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီနဲ့ ညှိနှိုင်းနေရဆဲဖြစ်ပါတယ်။

    ဘရူနိုင်း ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ကြီး အေမင်လျူ အဘ်ဒူလာနဲ့ အစည်းအဝေးမှာ ဝန်ကြီး ကန်သရင်းတိုင်က ဒီကိစ္စ ထည့်ပြောခဲ့တယ်လို့ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ဝန်ကြီးတိုင်က ပြောကြားခဲ့ပြီး အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ကာ သက်ဆိုင်သူတွေအကြား ညှိနှိုင်းဆွေးနွေးပေးဖို့ တိုက်တွန်းခဲ့ပါတယ်”

    ဘိုင်ဒန်အစိုးရဟာ အာဆီယံနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံရေးတွေကို တိုးမြှင့်ဖို့ စိတ်ဆန္ဒရှိတယ်လို့လည်း ဝန်ကြီးတိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • ကုလအထွေထွေညီလာခံတွင် စစ်ကောင်စီကိုစားလှယ်ကို လက်မခံရန် အမေရိကန်နှင့်​ တရုတ်တို့ သဘောတူထား

    ကုလအထွေထွေညီလာခံတွင် စစ်ကောင်စီကိုစားလှယ်ကို လက်မခံရန် အမေရိကန်နှင့်​ တရုတ်တို့ သဘောတူထား

    စက်တင်ဘာ ၁၄၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို လာမယ့်တစ်ပတ် အထွေထွေညီလာခံမှာ တက်ရောက်စကားပြောခွင့်မပေးဖို့ အမေရိကန်နဲ့တရုတ်တို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး Foreign Policy သတင်းဌာနက ဖော်ပြပါတယ်။

    ဒီသဘောတူညီချက်ရဖို့အတွက် တရုတ်နဲ့ အမေရိကန်တို့ဟာ ကန့်လန့်ကာနောက်ကွယ်မှာ တိတ်တိတ်ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံတကာရဲ့ သိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီအတွက် ထိုးနှက်မှု ဖြစ်လာမှာဖြစ်ပါတယ်။

    သဘောတူညီချက်အရ ကုလဆိုင်ရာ လက်ရှိ မြန်မာကိုယ်စားလှယ် ဦးကျော်မွန်းထွန်းဟာလည်း အထွေထွေညီလာခံမှာ စကားပြောဆိုခွင့်ရမှာ မဟုတ်ပါဘူး။ ဒီညှိနှိုင်းမှုကို ဥရောသမဂ္ဂ၊ အာဆီယံနဲ့ ရုရှားတို့က လက်ခံသဘောတူထားကြတယ်လို့ သံတမန်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    လာမယ့်တစ်ပတ်မှာပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရရေး အာဏာသိမ်းစစ်ကောင်စီနဲ့ အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က အပြိုင်ကြိုးပမ်းနေကြတာပါ။

    ဒါပေမယ့် အမေရိကန်နဲ့ တရုတ်တို့ရဲ့ အခုသဘောတူညီချက်ကြောင့် ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီက နိုဝင်ဘာမှာလုပ်မယ့် ဆုံးဖြတ်ချက် မတိုင်ခင်အထိ ဘယ်သူက မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရမလဲဆိုတာ အဖြေပေါ်မှာ မဟုတ်ပါဘူး။

    ၉ နိုင်ငံပါဝင်မယ့် ကုလအရည်အချင်းစစ်ကော်မတီကို စက်တင်ဘာ ၁၄ ရက် (အင်္ဂါ) နေ့မှာ ထုတ်ပြန်မှာဖြစ်ပြီး ဆွီဒင်က ဥက္ကဌ ဘူတန်၊ ဘဟားမားစ်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလီယိုနီ၊ တောင်အာဖရိကနဲ့ အမေရိကန်ပြည်ထောင်စုတို့က အဖွဲ့ဝင်အဖြစ် ပါဝင်မယ်လို့ သတင်းထွက်နေပါတယ်။

    ကုလသမဂ္ဂမှာ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုခွင့်ရရေး အငြင်းပွားမှုတွေရှိနေရင် ဒီအရည်အချင်းစစ်ကော်မတီက သုံးသပ်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်မထွက်ခင်အထိ ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်ရှိနေမှာပါ။

    အာဏာသိမ်းစစ်ကောင်စီကို လိုလားတဲ့ နိုင်ငံတွေက စစ်ကောင်စီခန့်တဲ့ကိုယ်စားလှယ်ကို လက်ခံရေး အရည်ချင်းစစ်ကော်မတီကို တောင်းဆိုတာမျိုး ရှိလာနိုင်တာကို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။ ဒါ့ကြောင့် အရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်ချက်ထွက်မယ့် နိုဝင်ဘာလအထိ လက်ရှိအနေအထားအတိုင်း ဦးကျော်မိုးထွန်းသာ ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိဖို့ လိုလားနေတာ ဖြစ်ပါတယ်။

    “တတ်နိုင်သမျှ လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းထားဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်” လို့ ဆွေးနွေးမှုမှာပါဝင်တဲ့ နိုင်ငံတစ်ခုရဲ့ သံတမန်တစ်ဦးက ပြောပါတယ်။

    ဦးကျော်မိုးထွန်း ဘာပြောလဲ

    ကုလသမဂ္ဂမှာ ဘယ်သူ့ကို မြန်မာကိုယ်စားပြုအဖြစ် ထားရှိမလဲဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံကတာအသိုင်းအ၀ိုင်းက ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဦးကျော်မိုးထွန်းက အတည်ပြု ပြောဆိုပါတယ်။

    အထွေထွေညီလာခံမှာ မိန့်ခွန်းပြောရမယ့် စာရင်းထဲမှာ ကုလကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး အငြင်းပွားနေတဲ့ အာဖဂန်နစ္စတန်၊ ဂီနီနဲ့ မြောက်ကိုရီးယားနည်းတူ မြန်မာနိုင်ငံလည်းပါဝင်ပေမယ့် မိမိအနေနဲ့ မိန့်ခွန်းပြောဖြစ်မှာမဟုတ်ဘူးလို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။

    “အရည်ချင်းစစ်ကော်မတီမှာ ဆွေးနွေးပြီး ထွက်မယ့်အဖြေကို ကျွန်တော်တို့ စောင့်နေတာပါ”

    အမေရိကန်နဲ့ တရုတ်တို့ ရထားတဲ့ သဘောတူညီချက်မှာ ကုလသမဂ္ဂ အ​ထွေထွေညီလာခံပြီးတဲ့အထိ အရည်အချင်းစစ်ကော်မတီမှာ စစ်ကောင်စီခန့် သံအမတ်ကိစ္စ မဆွေးနွေးဖို့နဲ့ အပြန်အလှန်အားဖြင့် ဦးကျော်မိုးထွန်းကလည်း အထွေထွေညီလာခံမှာ စကားမပြောဖို့ ပါဝင်ပါတယ်။

    အထွေထွေညီလာခံမှာ မြန်မာကိုယ်စားပြုထိုင်ခုံ လွတ်နေမလားလို့ Foreign Policy က မေးမြန်းရာမှာ ဦးကျော်မိုးထွန်းက အတိအကျမပြောနိုင်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ဦးကျော်မိုးထွန်းက ဆက်လက်ကိုယ်စားပြုခွင့်ရမလား၊ အာဏာသိမ်းစစ်ကောင်စီက ခန့်တဲ့သူက ကိုယ်စားပြုခွင့်ရမလားဆိုတဲ့ကိစ္စကို နိုဝင်ဘာလအထိ ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။

    “ခိုင်းလုံတဲ့သတင်းကို ပြောရရင် အရည်အချင်းစစ်ကော်မတီက ဒီကိစ္စကို ဆိုင်းငံ့ထားမှာပါ။ လက်ရှိအချိန်မှာ ဆုံးဖြတ်ချက်ချလို့ မရသေးဘူးလို့ သူတို့ထုတ်ပြန်လိမ့်မယ်။ ဒါ့ကြောင့် ဦးကျော်မိုးထွန်းက ဆက်ရှိနေမှာပါ” လို့ International Crisis Group ရဲ့ ကုလဆိုင်ရာ ကိုယ်စားလှယ် ရစ်ချက်ဂိုဝမ်က ပြောပါတယ်။

    ဒါပေမယ့် ဦးကျော်မိုးထွန်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ကိုယ်စားပြုလို့ရမှာ မဟုတ်ဘူးလို့ ရစ်ချက်က ဆိုပါတယ်။

    “စကားနည်းရန်စဲဆိုတဲ့ လူကြီးလူကောင်းဆန်ဆန် သဘောတူညီချက်လို့ ပြောလို့ရတယ်။ လက်ရှိ မြန်မာသံအမတ်ဟာ အရေးပါတဲ့ အထွေထွေညီလာခံမှာ ငြိမ်ငြိမ်လေးနေရမယ်။ စစ်ကောင်စီကို တိုက်ခိုက်တာမျိုး မလုပ်ရဘူးဆိုတဲ့သဘောပေါ့”

    Ref: Foreign Policy

  • ပါစ္စတန်စစ်တပ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လျှို့ဝှက်လာရောက်

    စက်တင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -ပါကစ္စတန်စစ်တပ်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ လျှို့ဝှက် လာရောက်ခဲ့တယ်လို့ သိရပါတယ်။

    ဒီခရီးစဉ်အတွင်း ထောက်လှမ်းရေးနည်းပညာ၊ စစ်လေယာဉ် ပြုပြင်ထန်းသိမ်းမှုကိစ္စ၊ ရေတပ်လက်နက်ခဲယမ်းကိစ္စတွေအပါအဝင် အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ စစ်ဖက်ရေးရာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတာပါ။

    ပါကစ္စတန်စစ်တပ်နဲ့ မြန်မာစစ်တပ်ဟာ အရင်ကတည်းက နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ပါကစ္စတန်နဲ့ တရုတ် ပူးပေါင်းထုတ်လုပ်တဲ့ TJF-17 တိုက်လေယာဉ်တွေကို မြန်မာလေတပ်က ဝယ်ယူအသုံးပြုနေတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်ဟာ ၂၀၁၅ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ ပါကစ္စတန်မှာ မိုင်းရှင်းလင်းရေးသင်တန်း တက်ရောက်နေကြပါတယ်။

    ပါကစ္စတန်စစ်တပ်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အခုလို မြန်မာနိုင်ငံကို လာရောက်မှုဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေးနွေးထွးအောင်လုပ်ဖို့ တရုတ်နိုင်ငံရဲ့ စေ့ဆော်မှုကြောင့် ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Zee

  • ဒေါ်အောင်ဆန်းစုကြည်နေရာတွင် ထပ်မံသရုပ်ဆောင်ချင်သည်ဟု မင်းသမီး မီရှဲလ်ယို ဖွင့်ဟ

    ဒေါ်အောင်ဆန်းစုကြည်နေရာတွင် ထပ်မံသရုပ်ဆောင်ချင်သည်ဟု မင်းသမီး မီရှဲလ်ယို ဖွင့်ဟ

    စက်တင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေရာမှာ ထပ်ပြီး သရုပ်ဆောင်ချင်သေးတယ်လို့ ဟောလီး၀ုဒ် နာမည်ကျော်မင်းသမီး မီရှဲလ်ယိုက ပြောကြားလိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုဘ၀ကို အခြေခံရိုက်ကူးထားပြီး ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Lady မှာ မီရှဲလ်ယိုဟာ ဒေါ်အောင်ဆန်းစုကြည်နေရာကနေ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    The Guardian သတင်းစာနဲ့ မနေ့ကအင်တာဗျူးမှာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀အဖြစ်အပျက်တွေကို နောက်ဆက်တွဲဇာတ်လမ်း ရိုက်ကူးမယ်ဆိုရင် ပါဝင်ချင်တယ်လို့ အသက် ၅၉ နှစ်အရွယ် ယိုက ဖွင့်ဟခဲ့ပါတယ်။

    “နောက်ဆက်တွဲဇာတ်လမ်းရိုက်မယ်ဆိုတာမျိုးက သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ချပြစရာအကြောင်းတွေ ထပ်ရှိနေတာပဲမဟုတ်လား။ အခုပြောနေရင်းနဲ့တောင် ဖြစ်ပျက်နေတာပဲ”

    သူမ သူရဲကောင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ပေးခဲ့သူတစ်ယောက်ကို လူမျိုးတုန်းသတ်ဖြတ်မှုမှာ ကြံရာပါအဖြစ် ပြောဆိုစွပ်စွဲနေကြတာတွေကို စိတ်ပျက်မိတယ်လို့လည်း မီရှဲလ်ယိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှားနိုင်ငံသူဖြစ်တဲ့ယိုဟာ အသက် ၂၀ အရွယ် ၁၉၈၃ ခုနှစ်မှာ Miss Malaysia ဘွဲ့ ရခဲ့ပြီးတဲ့နောက် ဟောင်ကောင်ရုပ်ရှင်လောကကို ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း ဟောလီး၀ုဒ်မှာပါ အောင်မြင်လာသူ ဖြစ်ပါတယ်။

    သူမအရင်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေအတွက် နောက်ဆက်တွဲဇာတ်လမ်း ရိုက်ရတာမျိုးကို ကြိုက်နှစ်သက်တယ်လို့လည်း ယိုက The Guardian သတင်းစာကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: The Guardian

  • စစ်ကောင်စီလက်ချက်ကြောင့် ချင်းပြည်သူများ အိန္ဒိယထွက်ပြေးရပြန်

    စစ်ကောင်စီလက်ချက်ကြောင့် ချင်းပြည်သူများ အိန္ဒိယထွက်ပြေးရပြန်

    စက်တင်ဘာ ၁၁၊ ၂၀၂၁
    M-Media

    ဓာတ်ပုံ- မီဇိုရမ်ပြည်နယ်မှ မြင်ကွင်းတစ်ခု

    -ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု၊ ဗုံးကြဲမှုတွေ ပြုလုပ်တာကြောင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ ထပ်မံဝင်လာတယ်လို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရက ပြောပါတယ်။

    စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ပြင်းထန်နေတဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မြန်မာနိုင်ငံက လူ ၁၅၀ လောက် အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ရတာပါ။

    မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Lalchamliana က မြန်မာဖက်မှာ စစ်ကောင်စီတပ်တွေ ဗုံးကြဲမှု၊ ဒုက္ခသည်တွေ ဝင်ရောက်လာမှုတွေရှိကြောင်း အတည်ပြုပါတယ်။

    “မီဇိုရမ်-မြန်မာ နယ်ခြားမှာနေတဲ့ ရွာသားတစ်ယောက်က မြန်မာဖက်ဖက်မှာ ဗုံးကြဲတဲ့ကိစ္စကို မနေ့က ကျွန်တော့်ကို သတင်းပို့ပါတယ်။ လုံလဲဆိုတဲ့ရွာမှာ စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာကို ရွာသားတွေက မြင်တဲ့အကြောင်း သူက ကျွန်တော့်ကို ပြောပါတယ်”

    မြန်မာစစ်တပ်က ဒီလိုတွေ ထပ်လုပ်နေမယ်ဆိုရင် မီဇိုရမ်ဖက်ကို ဒုက္ခသည်တွေ ပိုမိုဝင်လာလိမ့်မယ်လို့လည်း ဝန်ကြီး Lalchamliana က ဆိုပါတယ်။

    မီဇိုရမ်နဲ့ မြန်မာတို့ဟာ ၅၁၀ ကီလိုမီတာလောက် နယ်စပ်ချင်း ထိစပ်နေတာပါ။ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်က အနည်းဆုံး ဒုက္ခသည် တစ်သောင်းလောက် မီဇိုရမ်ထဲ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

    “ရွာသားတွေက ဒီဒုက္ခသည်တွေကို နေရာထိုင်ခင်းပေးပြီး ကြည့်ရှုစောင့်ရှောက်ထားပါတယ်။ ဒါဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပြီး လိုအပ်နေတဲ့သူတွေကို ကူညီရမှာ ကျွန်တော်တို့ တာဝန်ပါ”

    မြန်မာနိုင်ငံကနေဝင်ရောက်လာတဲ့ ဒုက္ခသည်တွေရဲ့ ကလေးငယ်တွေကို အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့်ပြုဖို့ မီဇိုရမ်အစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ ပြည်နယ်ပညာရေးတာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ချင်းလူမျိုးတွေကို အိန္ဒိယမှာ မီဇိုလို့ခေါ်ပြီး ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ယုံကြည်ကိုးကွယ်မှုက အတူတူပဲဖြစ်ပါတယ်။ အိန္ဒိယက မီဇိုရမ်ပြည်နယ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်ပါတယ်။

    “ဗြိတိသျှရောက်မလာခင်က ကျွန်တော်တို့မီဇိုတွေက ကိုယ့်တိုင်းပြည်နဲ့ကိုယ်ပါ။ ဗြိတိသျှက ကျွန်တော်တို့ မီဇိုတွေရဲ့ဒေသကိုပိုင်းပြီး မြန်မာနဲ့ အိန္ဒိယနိုင်ငံထဲ တစ်ဖက်စီထည့်လိုက်ပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိ ကျွန်တော်တွေဟာ ဟိုဘက်ဒီဖက် လက်ထပ်တာမျိုးရှိပြီး သွေးချင်း ဆက်နွယ်နေကြတုန်းပါ” လို့ Lalchamliana က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: newindianexpress