News @ M-Media

Tag: MyanmarCoup2021

  • မြန်မာ့အရေးဖြေရှင်းရန် နှေးကွေးနေမှုအတွက် စင်ကာပူ စိတ်ပျက်

    မြန်မာ့အရေးဖြေရှင်းရန် နှေးကွေးနေမှုအတွက် စင်ကာပူ စိတ်ပျက်

    ဇွန် ၈၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ပြဿနာ ဖြေရှင်းရေး အလွန်နှေးကွေးနေတာဟာ စိတ်ပျက်စရာကောင်းတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က ပြောကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံ ချုံချင့်မြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မနေ့က ဒီလို ပြောလိုက်တာပါ။

    “အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးအကြား အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့အားလုံး သဘောတူထားပြီးသားပါ” လို့ ဘာလာကရစ်ရှ်နန်က ပြောပါတယ်။

    မြန်မာနိုင်ငံကိုယ်တိုင်က စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ပြန်လည်ရင်ကြားစေ့ရေးတွေ လုပ်ဆောင်ဖို့ စိတ်ဆန္ဒရှိမှသာ အာဆီယံအဖွဲ့က အထူးကိုယ်စားလှယ် ခန့်တာဟာ အဓိပ္ပါယ်ရှိလိမ့်မယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ရိုးရိုးသားသားပြောရရင် တိုးတက်မှု အလွန်အမင်း နှေးကွေးနေတာကို ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ အရပ်သားတွေ ထိခိုက်၊ သေကြေနေတာကို စိတ်မကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ကြားသိနေရတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာမျိုး မရှိဘူး။ အဓိပ္ပါယ်ပြည့်၀တဲ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု လုပ်မယ်ဆိုတဲ့ လက္ခဏာမျိုးလည်း မတွေ့ရပါဘူး။ ဒီအနေအထားကို ကျွန်တော်တို့ စောင့်ကြည့်နေရမှာပါ”

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေးအတွက် ဧပြီလမှာ အာဆီယံ ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး အချက် ၅ ချက်ကို သဘောတူညီခဲ့ကြပါတယ်။

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အာဆီယံရဲ့ အဓိကတာဝန်ဟာ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဖို့ဖြစ်တယ်လို့လည်း မနေ့က အာဆီယံ-တရုတ် အစည်းအဝေးမှာ ထပ်လောင်းပြောကြားခဲ့ပြီး နောက်ဆုံးမှာ မြန်မာပြည်သူတွေကသာ သူတို့ရဲ့အနာဂတ်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ရလိမ့်မယ်လို့ ဆိုပါတယ်။

    “ကူညီဖို့၊ ပံ့ပိုးပေးဖို့၊ ဖြစ်နိုင်ရင် စေ့စပ်ညှိနှိုင်းပေးဖို့ အာဆီယံက အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် အချိန်တော့ ပေးရပါလိမ့်မယ်။ စိတ်ပျက်စရာကောင်းပေမယ့် မျှော်လင့်ချက်ကို စွန့်လိုက်လို့တော့ မရပါဘူး”

    Ref: CNA

  • မြန်မာ့အရေး​ဖြေရှင်းရန် သိုသိုသိပ်သိပ်ဆောင်ရွက်နေသည်ဟု ထိုင်းပြော

    မြန်မာ့အရေး​ဖြေရှင်းရန် သိုသိုသိပ်သိပ်ဆောင်ရွက်နေသည်ဟု ထိုင်းပြော

    ဇွန် ၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေအတွက် စိုးရိမ်မိတယ်လို့ ထိုင်းနိုင်ငံက ပြောကြားလိုက်ပြီး၊ ပြဿနာတွေကို ဖြေရှင်းဖို့လည်း စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၈၄၀ ကျော်​လာပြီး ထောင်နဲ့ချီ ဒဏ်ရာရကာ၊ ဖမ်းဆီးခံထားရသူတွေကလည်း ထောင်ချီ ရှိနေပါတယ်။

    အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေက စစ်ကောင်စီကို ရရာလက်နက် စွဲကိုင်တော်လှန်လာကြတာကြောင့် နိုင်ငံတစ်ဝှမ်းမှာလည်း တိုက်ခိုက်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။

    “မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေကို စိုးရိမ်စွာနဲ့ ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ နေရာဒေသတော်တော်များများမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေပါ” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာနီ ဆန်ဂရက်က ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဧပြီလက အာဆီယံထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက် ၅ ချက်ကို ခိုင်ခိုင်မာမာအကောင်အထည်ဖော်ဖို့လည်း ဆန်ဂရက်က တိုက်တွန်းခဲ့ပါတယ်။

    ​အာဆီယံ လက်ရှိဥက္ကဌ ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအတွင်းရေးမှူးတို့ဟာ ဇွန်လ ၃ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ဇွန်လ ၄ ရက်နေ့မှာတော့ စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံခဲ့ပါတယ်။

    အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ စစ်ခေါင်းဆောင်ဟောင်း ပရာယွတ် ချန်အိုချာရဲ့ ထိုင်းအစိုးရဟာ စစ်ကောင်စီဖက်ယိမ်းပြီး မြန်မာ့အရေးဖြေရှင်းဖို့ ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိဘူးလို့ ဝေဖန်ခံနေရတာပါ။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မြန်မာကိစ္စမှာ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    “ထိုင်းနိုင်ငံက ဆောင်ရွက်ခဲ့တာတွေ တော်တော်များများကို လူသိရှင်ကြား ထုတ်ပြန်မှာမဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေအကြား သိုသိုသိပ်သိပ်လုပ်တဲ့ သံခင်းတမန်ခင်းဟာ ပိုမိုထိရောက်ပြီး ထိုင်းနိုင်ငံရဲ့ ယခင်ရှိခဲ့တဲ့ သံတမန်မူဝါဒနဲ့လည်း ကိုက်ညီတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”

    Ref: Reuters

  • အာဆီယံအပေါ် အယုံအကြည်မရှိဟု စစ်ကောင်စီကို ဆန့်ကျင်သူများ ပြော

    အာဆီယံအပေါ် အယုံအကြည်မရှိဟု စစ်ကောင်စီကို ဆန့်ကျင်သူများ ပြော

    ဇွန် ၅၊ ၂၀၂၁
    M-Media

    စစ်ကောင်စီဥက္ကဌနှင့် အာဆီယံတာဝန်ရှိသူနှစ်ဦး ဇွန်လ ၄ ရက်နေ့က တွေ့ဆုံမှု

    -​မြန်မာ့အရေး အာဆီယံကဖြေရှင်းဖို့ ကြိုးပမ်းမှုအပေါ် အယုံအကြည်မရှိဘူးလို့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံက ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီရီဝမ် ယူဆွဖ်၊ အာဆီယံအတွင်းရေးမှူး ဘရူနိုင်းနိုင်ငံသား လင်မ် ဂျော့ဟွီတို့ဟာ ဇွန်လ ၃ ရက်နေ့ညပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ၄ ရက်နေ့မှာ စစ်ကောင်စီ ဥက္ကဌ၊ စစ်ကောင်စီကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

    စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်သွားတဲ့အခါ ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်လို့ အာဆီယံတာဝန်ရှိသူနှစ်ဦးနဲ့ တွေ့ဆုံပွဲမှာ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က ဖြုတ်ချခြင်းကို ခံလိုက်ရတဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဆီယံရဲ့ အခုကြိုးပမ်းမှုအပေါ် အယုံအကြည် သိပ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    “အာဆီယံရဲ့ ကြိုးပမ်းမှုတွေပေါ်မှာ ကျွန်တော်တို့ ယုံကြည်မှု သိပ်မရှိပါဘူး။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားပါပြီ။ ယုံကြည်လို့ရမယ့် ခိုင်မာတဲ့ အစီအစဉ်မျိုး သူတို့မှာ မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်” လို့ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောကြားခဲ့ပါတယ်။

    ဇွန်လ ၄ ရက်နေ့ ဦးမိုးဇော်ဦးက ဦးဆောင်ပြုလုပ်တဲ့ NUG ရဲ့ ပထမဆုံး ၁ နာရီကြာ သတင်းစာရှင်းလင်းပွဲ အွန်လိုင်းကနေ ကျင်းပချိန်မှာ စစ်ကောင်စီက တစ်နိုင်ငံလုံးကို အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။

    အာဆီယံအဖွဲ့က တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို လာရောက်မှုဟာ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးကသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

    စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုကို အာဆီယံဖက်က ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီကိုဆန့်ကျင်တဲ့ အတိုက်အခံတွေနဲ့ တွေဆုံဖို့ အစီအစဉ်ရှိလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူပေါင်း ၈၄၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

    Ref: CNA, Aljazeera

  • မြန်မာ့အရေး အာဆီယံ၏ ဦးဆောင်ဖြေရှင်းမှုကို ထောက်ခံအားပေးမည်ဟု ဩဇီပြော

    မြန်မာ့အရေး အာဆီယံ၏ ဦးဆောင်ဖြေရှင်းမှုကို ထောက်ခံအားပေးမည်ဟု ဩဇီပြော

    ဇွန် ၃၊ ၂၀၂၁
    M-Media

    -နိုင်ငံတကာက ဝေဖန်မှုတွေရှိနေပေမယ့် အာဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် စစ်ကောင်စီကို ဩစတေးလျရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားတာပါ။

    ဩစတေးလျအနေနဲ့ ဒီလမ်းစဉ်ကိုလိုက်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းမှုတွေရှိနေပြီး၊ မြန်မာနိုင်ငံအတွင်းက အရပ်ဖက်အဖွဲ့အစည်း ၄၀၀ နီးပါးကလည်း စစ်ကောင်စီအပေါ် အရေးယူခြင်းမရှိတဲ့ ဩစတေးလျရဲ့လုပ်ရပ်ဟာ ရှက်ဖွယ်ဖြစ်တယ်လို့ ပြီးခဲ့တဲ့လမှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး မာရီစီ ပေနီက ဩစတေးလျဟာ မြန်မာနိုင်ငံပြဿနာမှာ အာဆီယံအဖွဲ့က ဦးဆောင်ဖြေရှင်းတာကို ထောက်ခံပြီး စီးပွားရေးပိတ်ဆို့မှု လုပ်ဆောင်လိုက်ခြင်းအားဖြင့် စစ်ကောင်စီအပေါ် လွှမ်းမိုးနိုင်မှုကို အကန့်အသတ် ဖြစ်သွားစေလိမ့်မယ်လို့ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    “အခုအချိန်မှာ စီးပွားရေးပိတ်ဆို့မှုလုပ်ဖို့ စဉ်းစားထားတာမျိုး မရှိသေးပါဘူး။ စီးပွားရေးပိတ်ဆို့မှုက ကျွန်မတို့ရဲ့ အကျိုးစီးပွား၊ အာဆီယံကဦးဆောင်ပြီး အဖြေရှာရေးမှာ ကျွန်မတို့ရဲ့ အားပေးထောက်ခံမှု၊ လက်ရှိ အာဆီယံက ဆောင်ရွက်နေတဲ့ ကိစ္စတွေအပေါ် အထောက်အကူဖြစ်မယ်လို့ ကျွန်မတို့ မယူဆပါဘူး”

    မိမိတို့အစိုးရဟာ နိုင်ငံရဲ့အကျိုးစီးပွား၊ ဒေသတွင်းနဲ့ မြေပြင်က အခြေအနေတွေကို သုံးသပ်ပြီး ဆုံးဖြတ်ချက်ချတာလို့လည်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “လုပ်နိုင်ဖွယ်ရှိတဲ့ တုန့်ပြန်မှုတွေထဲမှာ စီးပွားရေးပိတ်ဆို့မှုပါတယ်။ ဒါပေမယ့် ဒါဟာ အရာအားလုံးအတွက်အဖြေ မဟုတ်ပါဘူး”

    အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်တပ်နဲ့ စစ်ရေးဆိုင်ရာ အဆက်အသွယ် ဖြတ်တောက်လိုက်ပြီး၊ စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့အစည်းတွေကနေတစ်ဆင့် ကူညီထောက်ပံ့တာမျိုး မလုပ်တော့ဘူးလို့ ဩစတေးလျက ထုတ်ပြန်ကြေငြာထားတာပါ။

    နိုင်ငံခြားရေးဝန်ကြီး ပေနီက မြန်မာနိုင်ငံက တင်းမာမှုတွေကိုလျော့ချရေး ဒေသတွင်းနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကို တစ်စိုက်မတ်မတ် အားပေးထောက်ခံပြီး၊ အဖြေတစ်ခု ပေါ်ထွက်လာရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: SBS News

  • အကြမ်းဖက်မှု​များ ရပ်တန့်ရန် ICRC အကြီးအကဲက စစ်ကောင်စီဥက္ကဌကို တောင်းဆို

    အကြမ်းဖက်မှု​များ ရပ်တန့်ရန် ICRC အကြီးအကဲက စစ်ကောင်စီဥက္ကဌကို တောင်းဆို

    ဇွန် ၃၊ ၂၀၂၁
    M-Media

    -နိုင်ငံတကာ ကြက်​ခြေနီအဖွဲ့ ICRC ဥက္ကဌ ပီတာမောင်ရာနဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

    ဒါဟာ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက အကြီးအကဲတို့ ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

    တွေ့ဆုံမှုအတွင်း အကျဉ်းထောင်တွေကို အရင်ကအတိုင်း ပြန်လည်ဝင်ရောက်လေ့လာခွင့်ပေးဖို့နဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေးအပ်ခွင့်ပေးဖို့ ပီတာမောင်ရာက တောင်းဆိုခဲ့ပါတယ်။

    စစ်ကောင်စီအကြီးအကဲက ဒီတောင်းဆိုမှုအတွက် ဘာကတိကဝတ်မှ မပေးခဲ့သလို ငြင်းဆိုမှုလည်း မပြုခဲ့ဘူးလို့ ဒီကိစ္စနဲ့နီးစပ်သူတွေက Nikkie Asia သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    “အရပ်သားတွေအပေါ်အကြမ်းဖက်တာကို ရပ်တန့်ဖို့၊ စစ်ကောင်စီတပ်တွေ လုံခြုံရေးကိစ္စ ဆောင်ရွက်ရာမှာ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ညှာတာထောက်ထားဖို့ မောင်ရာက တောင်းဆိုခဲ့ပါတယ်”

    အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်မှုကြောင့် အနည်းဆုံး လူပေါင်း ၈၄၀ ကျော် သေဆုံးခဲ့ပြီး ထောင်ချီဒဏ်ရာရကာ၊ ဖမ်းဆီးခံထားရသူတွေလည်း ထောင်ချီရှိနေပါတယ်။

    Ref: The Reuters