News @ M-Media

Tag: myanmarmuslim

  • မေတ္တာကြယ်စင်(ရွှေဘို) ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲ

    ရွေဘိုမြို့မှ အစ္စလာမ်ဘာသာဝင်တို့ ဦးစီးတည်ထောင်တဲ့ မေတ္တာကြယ်စင် ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲကို မဟာနန္ဒာ ခန်းမမှာ ၁၆-၁၀-၂၀၁၁ မနက် ၉ နာရီ ကနေ ၁၁ အထိကျင်းပခဲ့တယ်။ ရွေဘို ခရိုင်   ရွေဘိုဒေါက်တာအသင်းဥက္ကဌ၊ မြို့မိမြို့ဖဥက္ကဌ၊ .မြို့နယ် ကြက်ခြေနီအသင်း ကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီမှတာဝန်ရှိသူများ နိုက်တင်ဂေးသူနာပြုအဖွဲ့  မြို့နယ်စာနယ်ဇင်းအဖွဲ နှင့်ဖိတ်ကြားထားသေူ ၁၅၀ ကျော်တတ်ရောက်ခဲ့ပါတယ်။
    ဖွင့်ပွဲတွင် ရွေဘိုမြို့မှ ရပ်မိရပ်ဖ များ ကလည်း အားလုံး ၀ိုင်းဝန်းပြီး ဆေးခန်းအတွက် အလှူငွေများ လစဉ်ငွေများလည်း လှူဒါန်းခဲ့ကြောင်းလည်း သိရှိရပါတယ်။

    အတိုင်ပင်ခံ ဆရာဝန်ကြီးများ

    1. ဒေါက်တာ အောင်သန်း       မြို့မိမြို့ဖ ၊နယက၊ပြည်သူလွတ်တော်ကိုယ်စားလှယ်
    2. ဒေါက်တာ တင်ဝင်း            မြန်မာနိုင်ငံဆရာဝန်များအသင်း၊မြို့နယ်ဥက္ကဌ ၊မြို့မိမြို့ဖ ဒု-ဥက္ကဌ
    3. ဒေါက်တာ ရန်နိုင်ကျော်       M.B.B.S, M.Med;Sc (surg)
    4. ဒေါက်တာ ထွန်းမြင့်            M.B.B.S (Mdy)
    5. ဒေါက်တာ အောင်သူထွန်း    B.D.S, M.D.Sc

    လက်ရှိ ဆေးခန်းထိုင်မည့် ဆရာဝန်

    ဒေါက်တာ သျှားထူးနောင်  M.B.B.S ဆမ -၂၉၂၁၀

    မေတ္တာကြယ်စင် ကုသိုလ်ဖြစ်ဆေးခန်းကို လူမျိုးမရွေးဘာသာမရွေး အခမဲ့ကုသပေးမည်ဖြစ်ကြောင်း စေတနာရှင်များအနေဖြင့် အလှူငွေများကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသို့ဆက်သွယ်လှူဒါန်းနိုင် သတင်းရရှိပါတယ်။

    ဆက်သွယ်လှူဒါန်းနိုင်သော လူကြီးမင်းများ

    1. ဟာဂျီ ဦးတင်အောင် ၊ပြင်ဈေး ရွှေဘို  ၀၇၅ ၂၁၁၂၃
    2. ဦးမြင့်အောင် ပြင်ဈေး ရွှေဘို ၀၉ ၂၁၃၂၈၀၅
    3. ဟာဂျီ ဦးတင်ထွန်း ပြင်ဈေး ရွှေဘို ၀၇၅ ၂၁၇၁၈
    4. ဟာဂျီ ဦးကျော်ဦး ပြင်ဈေး ရွှေဘို ၀၉ ၂၁၀၀၃၄၀
    5. ဟာဂျီ ချစ်မောင် ၊ပြင်ဈေး  ရွှေဘို (ရန်ကုန်) ၀၉ ၅၁၄၁၉၆၂
    6. ဟာဂျီမ ဒေါ်မိမိမိုး ၊ပြင်ဈေး ရွှေဘို ၊ ၀၉ ၄၇၀၆၂၀၄၂
    7. ဟာဂျီ ဦးအောင်မြင့်ဆွေ ၊ဘူတာ (က) ၊ရွှေဘို ၊ ၀၉ ၆၄၆၀၁၁၈
    8. ဦးဘို ၊ဘူတာ (က) ၊ရွှေဘို
    9. ဟာဂျီ ကိုနိုင်(သမာဓိ) မြို့မ ၊ရွှေဘို ၊၀၉ ၂၁၀၀၀၁၇
    10. ဟာဂျီ အွမ္မရ် ၊ မြို့မ၊ ရွှေဘို ၊၀၉ ၄၇၀၆၀၀၃၆
    11. ဟာဂျီမ ဒေါ်ဂိုရီ ၊ဆင်ရုံရပ် ၊ရွှေဘို ၊၀၉ ၂၁၀၀၇၆၅
    12. ဦးဇော်ဇော် ၊ဆင်ရုံရပ် ၊ရွှေဘို

    မေတ္တာကြယ်စင် ဆေးခန်းအ၀င်ဝ

     

    မေတ္တာကြယ်စင် ကုသိုလ်ဖြစ်ဆေးခန်း မှတာဝန်ရှိသူများ

     

    မေတ္တာကြယ်စင် ကုသိုလ်ဖြစ်ဆေးခန်း ၀န်ထမ်းများ..

     

     

     

  • ကျောက်ဆည်နှင့် လက်ပံ ရေဘေးအတွက် မန္တလေးမှ မွတ်စလင်လူမှုရေးအဖွဲများ ကူညီမှုမှတ်တမ်းပုံများ

    မနေ့ က အပိုင်း ၂ပိုင်းဖြစ်သွားပါတယ်၊ တစ်ပိုင်းက ဘာသာပေါင်းစုံ ဂရုဏာရှင်များအဖွဲ့ အလှူနဲ့ ရေဘေးကူညီရေးအဖွဲ့ ပါ၊ ဘာသာပေါင်းစုံ ဂရုဏာရှင်များက ရေ ဂါလံ ၂၀၀၀ ခန့် မန္တလေး ရန်ကုန်ကားလမ်းမကြီးဘေး မှစပြီး ကျောက်ဆည်ရေဝင်ရာနေရာများအားလုံး ကို Bulk ပုံစံနဲ့ သွားရောက်အကူအညီပေးခဲ့ကျပါတယ်၊
    ရေဘေးကူညီရေးအဖွဲ့ နေနဲ့ လက်ပန်ရွာကို မနက်ပိုင် ထမင်းထုတ် ၂၈၀၀ ကျော်နဲ့ ညနေပိုင်းလက်ပံ နဲ့ သီးပင်ရွာကို ထမင်းထုပ် ၃၃၀၀ ခန့် ပေးအပ်ခဲ့ပါတယ်၊
    ရေမ ကျမသွားခင် ၃ ရက်ခန့် ပေးနေရအုံးမှာဖြစ်ပါတယ်၊အဓိက ထမင်းထုပ်များကို ပေးပို့ချင်တယ်ဆိုရင် မနက် ၁၀း၀၀ နာရီ နဲ့ ညနေ ၃း၃၀ ထက်နောက်မကျစေပဲ စင်္ကြာလူမူရေးအသင်းရုံး ( ၇၅လမ်း ၃၅ x ၃၆ကြား )ကိုပေးပို့နိုင်ကြပါတယ်၊
    အစိုးရပိုင်းနဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ရဲ့အလူတွေဟာ ကြက်သီးထစရာကောင်းပါတယ်၊လူ လူချင်းစာနာထောက်ထားသောအလူများကို လက်လှမ်းမှီရာပြုလုပ်ကြတာဟာ ဘာသာတရားတိုင်းရဲ့ အင်မတန်မှာချစ်စရာကောင်းသော သွန်သင်ဆုံးမတစ်ခုပါပဲ ။ စိတ်ဝင်စားပြီး မေးမြန်းအားပေးကြသော ပူဂ္ဂိုလ်များအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း
    ဖြစ်တာကတော့နှစ်စဉ်ဖြစ်နေတာပါပဲ ၊ အဲဒီကလူတွေလဲ ဒါနဲ့ပါတ်သက်ပြီးအတွေ့အကြုံရှိကြပါတယ်၊မန္တလေးက နဲ့ အနယ်နယ်က လဲအားတက်သရောလှူကြတန်းကြါပါတယ်၊
    ကျောက်ဆည်က ဆေးရုံလူနာတွေ ဆင်းတန်တာဆင်း ပြောင်းတန်တာပြောင်းလုပ်ပေးရတယ် လို့ကြားပါတယ် ဆေးရုံထဲရေဝင်တာဆိုးသွားလို့
    နောက် ၃ ရက်ခန့်ထမင်းထုတ်ပို့ပေးပါအုံးမယ်၊ ထမင်းထုတ်ပို့ပေးခြင်ရင် စင်္ကြာလူမူရေးရုံခန်းကိုဆက်သွယ်ပြီးပို့နိုင်ပါတယ်။
    ၀၂-၇၇၇၈၆ ပါ။
    ၀၉-၂၀၀၃၇၈၆
    ၀၉-၂၀၀၅၁၁၀
    တို့ကိုလဲဆက်သွယ်နိုင်ပါတယ်
    စိန်ဝင်း

    Credit to U sein win FBဦးစိန်ဝင်း

    လက်ပံရွာ မြင်ကွင်း

  • “ဦးရွှေယွန်း(မြိတ်)နှင့် သူ့စာပေရေစီးကြောင်း”

    ပသီကိုကိုလေး

    စာပေဟူသည် လူ့သမိုင်းတလျှောက် လူ့ယဉ်ကျေးမှုနဲ့ မြင့်မားတဲ့အတွေးအခေါ်များကို အထောက်အကူပြုခဲ့တဲ့ အနုပညာတစ်ရပ်ဖြစ်သည်မှာ ငြင်းဆိုနိုင်ဖွယ်မရှိ။ ဥပမာ အနန္တသူရိယအမတ်ကြီးသည် သေရအံ့ဆဲဆဲတွင် သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာဟူ၍ ရေးခဲ့တယ်။ လက်ဝဲသုန္ဒရအမတ်ကြီးသည် မဲဇာတောင်ခြေရတုကြောင့် မင်းပြစ်ဒဏ်လွတ်ခဲ့ရတယ်။ အနောက်နန်းမိဖုရား မမြကလေးရဲ့ တေးထပ်ကြောင့် ရွှေဘိုမင်းရဲ့ အမျက်ဒေါသကို ပြေစေခဲ့တယ်။ လှိုင်ထိပ်ခေါင်တင်မင်းသမီးသည် တေးထပ်ဘောလယ်တို့ဖြင့် ကနောင်မင်းသားကြီးရဲ့ အမျက်ဒေါသကို ပြေစေခဲ့တယ်။ ရှေးအထက်ထက်က စာဆိုရှင်တို့ဟာ အကြောင်းခံတစ်ခုခုကို အခြေခံပြီး စာပေရေစီးကြောင်းကို စီးဆင်းစေခဲ့ကြတယ်။ ရတုဘုရင် နတ်သျှင်နောင်ရဲ့ရတုတွေဟာ ဒီကနေ့အထိ ရေစီးကြောင်းအတွင်း စီးဆင်းလျက်ရှိတယ်။ စာပေသည် သူ့ခေတ်သူ့အခါနဲ့ လိုက်လျောညီထွေ ဖြတ်သန်းကျော်လွှားစီးဆင်းခဲ့ကြတယ်ဆိုတာ စာပေသမားတိုင်းအသိပါ။ ရှေးခေတ်စာဆိုရှင်တို့ရဲ့ စာပေရေစီးကြောင်းတို့ကို လေ့လာရင် သူ့ခေတ်သူ့အခါရဲ့ သရုပ်သကန်ကို ပေါ်လွင်စေခဲ့ကြတယ်။

    သို့သော် ယနေ့စာပေရေစီးကြောင်းတို့ဟာ ရှေးခေတ်စာပေရေစီးကြောင်းတို့ကို ကျော်လွှားခဲ့ပါပြီ။ ဒါပေမယ့် ရှေးခေတ်စာဆိုရှင်ကြီးများရဲ့ စာပေတို့ကို ပစ်ပယ်လို့မရကောင်းတာတွေလဲ အများကြီးပါ။ သို့သော် ရှေးခေတ်စာပေတို့အကြောင်းကိုလေ့လာရင် ရွှေနန်းတော်အကြောင်း၊ ဘုရင်တို့အကြောင်း၊ မိဖုရားတို့အကြောင်း၊ မှူးမတ်သေနာပတိတို့အကြောင်း စတဲ့စတဲ့အကြောင်းအရာတွေအပေါ်မှာသာ အခြေခံခဲ့ကြတယ်။ တိုင်းသူပြည်သားအများစုကြီးရဲ့ ဘ၀ဖြစ်စဉ်ကို ဖော်ထုတ်ခဲ့ကြတဲ့အကြောင်း မပါသလောက်ပါ။ ဘယ်ပုံဘယ်နည်းနဲ့ စာပေပြုစုခဲ့ကြသည်ပဲဖြစ်ပါစေ စာပေရေစီးကြောင်းကတော့ ဘယ်ခေတ် ဘယ်အခါကမှ ရပ်ဆိုင်းမသွားခဲ့ပါဘူး။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုကြီး ထွက်လာတဲ့အခါမှာတော့ ရှေးခေတ်အဆက်ဆက်က စာပေရေစီးကြောင်းတွေနဲ့ ခွဲထွက်လာခဲ့တယ်။ ဆင်းရဲသား တောသူတောင်သားတွေဘက်လှည့်ပြီး ရေစီးကြောင်းပြောင်းလာတယ်။ ဒီနောက်မှာတော့ ခေတ်အကြောင်း စနစ်အကြောင်းပြောင်းပြီးဆင်းလာတဲ့စာပေရေစီးကြောင်းဟ တသွင်သွင် စီးဆင်းလျက်ပါ။

    စာပေရေစီးကြောင်းကို လက်လွှတ်မခံ လိုက်ပါခဲ့တဲ့ စာဆိုရှင် ဦးရွှေယွန်း(မြိတ်)အကြောင်း ရေးချင်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးက ဥပဒေပညာရှင်တစ်ဦးပါ။ ဥပဒေရှုထောင့်က ဦးရွှေယွန်း(မြိတ်)ပြုစုခဲ့တဲ့ စာပေဟာ သူ့ခေတ် သူ့အခါအလျောက် အလွန်တန်ဖိုးရှိလှတဲ့ စာပေရေစီးကြောင်းတစ်ရပ်ပါ။

    ဦးရွှေယွန်း(မြိတ်)အကြောင်း ၁၉၇၄-ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ မြိတ်မဂ္ဂဇင်းမှာ စာရေးဆရာ အေးခန့်(မြိတ်)က ရေးခဲ့ဖူးပါတယ်။ အချိန်အခါကလဲ နှစ်အလိုအရ (၁၃)နှစ်နီးပါးရှိနေပါပြီ။ ဖတ်ခဲ့ဖူးသူများလဲ မေ့လောက်ပါပြီ။ ထိုစဉ်ကပင် ကျွန်တော် ဦးရွှေယွန်းအကြောင်းကို စိတ်ဝင်စားခဲ့သူပါ။ ၁၉၇၄-ခုနှစ်တုန်းက အသက်(၅)နှစ် (၆)နှစ်သား အရွယ်တို့ဟာ ဒီကနေ့ (၁၈)နှစ် (၁၉)နှစ်သားအရွယ်ရောက်ကြပါပြီ။ ဒီအချိန်မှာ သူတို့တစ်တွေလဲ ပုဂ္ဂိုလ်ကျော် ဦးရွှေယွန်းအကြောင်းသိစေချင်လို့ ဒီဆောင်းပါးကို ရေးခြင်းပါ။

    နောင်သောအခါ ကျော်ကြားလာမည့် ဥပဒေပညာရှင်ကြီး ဦးရွှေယွန်းကို မြိတ်မြို့ ကံကောင်းရပ်မှ သူကြီးမျိုးရိုးမှ ဆင်းသက်လာတဲ့ (အဘ)ဦးထွန်း (အမိ)ဒေါ်မင်းမိုးတို့မှ ၁၂၃၆-ခု၊ ၀ါဆိုလဆန်း(၆)ရက်၊ အင်္ဂါနေ့မှာ သားဦးအဖြစ် မွေးဖွားခဲ့ပါတယ်။ အဲဒီနှစ်ကို တွက်ရင် အထက်မြန်မာနိုင်ငံမှာ မင်းတုန်းမင်းတရားကြီး နန်းစံနေတုန်းပါ။

    ဦးရွှေယွန်း(မြိတ်)ရဲ့ မိဘအဆက်အနွယ်တို့ဟာ အစ္စလာမ်သာသနာ ကိုးကွယ်ယုံကြည်ကြသူများဖြစ်ကြလို့ ဦးရွှေယွန်းကိုယ်တိုင်လည်း အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူဖြစ်ခဲ့ပါတယ်။

    အာရဗ်ကုန်သည်တွေဟာ အနောက်ဘက် ဒမစကမတ်ကျွန်းစုမှ အရှေ့ဘက် တရုတ်ပြည်အထိ ကူးသန်းသွားလာကြရာမှ မြိတ်မြို့ ဆိပ်ကမ်းကို စခန်းထောက်အဖြစ် အသုံးပြုခဲ့ကြတယ်ဆိုတဲ့ သမိုင်းတွေ ရှိနေပါတယ်။ အာရဗ်ကုန်သည်တွေ အ၀င်အထွက်များခဲ့ရာမှ မြိတ်မြို့မှာလဲ အစ္စလာမ်သာသနာ အမြစ်တွယ်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းတို့ရှိခဲ့ပါတယ်။

    ဦးရွှေယွန်း(မြိတ်)ဟာ အစ္စလာမ်သသနာကိုးကွယ်ပေမယ့် အခြေခံပညာကိုတော့ ဘုန်းတော်ကြီးကျောင်းနေပြီး သင်ခဲ့ရတယ်။ နောက်တော့ အင်္ဂလိပ် – မြန်မာ အထက်တန်းကျောင်းပြောင်းပြီး ခေတ်ပညာသင်ခဲ့တယ်။

    ကျောင်းမှာ စာကြိုးစားတယ်။ တော်တယ်။ ဒီတော့ ကျောင်းဆရာ ဆရာမတို့က ချစ်ခင်ကြ၊ စာကြိုးစားမှုအားကောင်းလို့ ပညာရည်ထူးချွန်ဆု အကြိမ်ကြိမ်ရခဲ့သူပါ။

    ဦးရွှေယွန်း အထက်တန်းပညာ ကုန်ဆုံးချိန်မှာ မြန်မာနိုင်ငံမှာ တက္ကသိုလ်မရှိသေးလို့ အိန္ဒိယပြည် ကာလကတ္တားတက္ကသိုလ်သွား ပညာသင်ကြားပြီး ပြန်လာတော့ ကျောင်းဆရာအလုပ်ဝင်လုပ်တယ်။ အသက်(၂၂)နှစ်မှာ အထက်တန်းရှေ့နေစာမေးပွဲဝင်ဖြေတယ်။ အောင်ခဲ့လို့ ကျောင်းဆရာဘ၀က ထွက်ပြီး ရှေ့နေလုပ်ငန်းကို ဇောက်ချလုပ်ကိုင်ခဲ့သူပါ။

    ရှေ့နေလုပ်ငန်းလုပ်တော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့နဲ့ ဆက်သွယ်ရတယ်။ ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းလည်းနေခဲ့ဖူးတော့ ဗုဒ္ဓသာသနာကိုလည်းလေ့လာတယ်။ မိမိကိုယ်တိုင် အစ္စလာမ်သာသနာ ကိုးကွယ်သူဖြစ်တာကြောင့် အစ္စလာမ်သာသနာကိုလည်း လေ့လာတယ်။ သာသနာဝင်ချင်းမတူပေမယ့် သာသနာဝင်ချင်းချစ်ကြည်ရေး၊ စိတ်ဝမ်းမကွဲရေးကြိုးပမ်းခဲ့တယ်။ ပါဠိ – ပေါရာဏတို့ကို ကျွမ်းကျင်အောင်ကြိုးစားခဲ့တယ်။ မြို့ရွာအရေး၊ ရပ်ရွာအရေးတို့မှာလည်း ဦးရွှေယွန်းပါခဲ့ရတာများပါတယ်။

    အလုပ်ကလည်းလုပ်၊ လူချစ်လူခင်ကလဲများလာလို့ မြိတ်မြို့ရဲ့ မြူနီစပါယ်လူကြီးဖြစ်လာတယ်။ တစ်ဆင့်တက်ပြီး မြူနီစပါယ်အဖွဲ့ဥက္ကဋ္ဌဖြစ်လာတယ်။ ဒိစတြိတ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်လာတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့နေရာတွေကို ကိုင်လာရတော့ မြို့ရွာစည်ပင်သာယာရေး၊ လမ်းများတိုးချဲ့ဆောက်လုပ်ရေး၊ စာသင်ကျောင်းများတိုးချဲ့ဖွင့်လှစ်ရေးတို့ကို လုပ်ခဲ့တယ်။ အောင်မြင်မှုတွေလည်း ရခဲ့တယ်။ အလုပ်ကလည်းလုပ်၊ မြို့သူမြို့သားတွေကလည်း ချစ်ခင်ကြလို့ ၉၁-ဌာန အုပ်ချုပ်ရေးမှာ မင်းတိုင်ပင်အမတ်ဖြစ်တယ်။ မင်းတိုင်ပင်အမတ်ဘ၀နဲ့ မြိတ်၊ ကျောက်ဖြူတောင်တန်း၊ တနင်္သာရီကားလမ်းဖောက်လုပ်ရေးစီမံကိန်း၊ ကျောက်ဖြူတောင်တန်းမှ မြိတ်မြို့ ရေရရှိရေးစီမံကိန်းတို့ကို တင်ခဲ့တယ်။ ဒါပေမယ့် အဲဒီခေတ် အဲဒီကာလက တိုင်းရေးပြည်ရေးထက် ရာထူးလုပွဲတွေကသာ အဓိကဖြစ်နေလို့ သူ့စီမံကိန်းတွေဟာ မအောင်မြင်ခဲ့ပါဘူး။

    ရနိုင်သမျှ၊ ရတတ်သမျှတွေကို အများပြည်သူတွေအတွက် ထာဝစဉ်အာရုံစိုက်နေသူဖြစ်လေတော့ လူခွန်တော်ဖျက်သိမ်းရေး၊ လယ်ယာမြေ နှစ်ရှည်ငှားရမ်းရေး၊ လယ်သမားများဘ၀ တိုးတက်ရေးနဲ့ မြို့ရွာစည်ပင်သာယာမှုတို့ကို အစဉ်တစိုက်လုပ်နေတာတွေကြောင့် အမ်-ဘီ-အီး ဘွဲ့နဲ့ ကေ-အိုင်-အိပ်ခ်ျ ဘွဲ့ တို့ကို အင်္ဂလန်ပြည့်ရှင် ဘုရင်မက ချီးမြှင့်ခဲ့တယ်။

    ဘုရင်မက ဘွဲ့တွေပေးထားပေမယ့် ဒုတိယကမ္ဘာစစ်ပြီးပြီးလို့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖ-ဆ-ပ-လ ပေါ်လာတဲ့အခါ မြိတ်မြို့ ဖ-ဆ-ပ-လ အဖွဲ့မှာ ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး၊ ဖ-ဆ-ပ-လ စင်မြင့်ပေါ်ကနေပြီး အင်္ဂလိပ်နယ်ချဲ့သမားကို စိန်ခေါ်ခဲ့တယ်။ ဒါကြောင့် မြိတ်မှာ ထူးခြားတဲ့ ကြယ်တစ်ပွင့်ဖြစ်လာတယ်။

    အစ္စလာမ်သာသနာနဲ့ ဦးရွှေယွန်း

    မြို့ရေး ရပ်ရေးတို့ကို မအားမလပ်ဆောင်ရွက်ရင်း မိမိယုံကြည်ကိုးကွယ်ရာ အစ္စလာမ်ဓမ္မများကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့တယ်။ လေ့လာတော့လည်းတတ်ကျွမ်းလာတယ်။ ဒီတော့လည်း အစ္စလာမ်သာသနာဝင်ချင်းဖြစ်ကြရတဲ့ကိစ္စတွေကို တရားဓမ္မနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုဏ်းသခင်ကြီးဖြစ်လာတယ်။

    မြိတ်မြို့ ကံကောင်းရပ်မှာရှိတဲ့ ထုံးဖိုဗလီ ထရပ်စ်စတီ(ဂေါပက)အဖွဲ့ ဥက္ကဋ္ဌဖြစ်လာတယ်။ မိမိစရိတ်မိမိစားပြီး ဗလီရှေ့ဆောင်အဖြစ် တာဝန်ယူခဲ့တယ်။ လောကီဘုံသားတို့မှာဖြစ်လေ့ဖြစ်ထရှိတဲ့ မွတ်စလင် လင်မယားကွာရှင်းမှု၊ အမွေမှုတို့ကို ဆုံးမသြ၀ါဒပေးပြီး ဖြေရှင်းပေးခဲ့နိုင်တာရှိသလို တချို့ကတော့လည်း ရုံးပြင်ကန္နားရောက်ကြတာတွေလည်း ဒုနဲ့ဒေးပေါ့။ မွတ်စလင်မ်အချင်းချင်းဖြစ်ပွားကြတဲ့ လင်ကွာ မယားကွာ အမွေမှုတွေကလည်း အစ္စလာမ်ဓမ္မသတ်နဲ့ ဆုံးဖြတ်ရတာမျိုးကလည်း အများသား။

    ဦးရွှေယွန်းနဲ့ စာပေရေစီးကြောင်း

    လင်မယားကွာရှင်းမှု၊ အမွေမှုတို့နဲ့ဆက်နွယ်လာတဲ့ ကိစ္စတွေ၊ ရုံးပြင်ကန္နားရောက်ကြရင် ဖြေရှင်းပေးကြတဲ့အခါ အထောက်အကူပြုကြရတာက မဟာမေဒင်လော(ဥပဒေ)။ ရောက်လာကြတဲ့ အမှုတို့ကို ကိုင်တွယ်ဆုံးဖြတ်ပေးကြရတဲ့ တရားသူကြီးတိုင်း မွတ်စလင်မ်များမဟုတ်။ မွတ်စလင်မ်မဟုတ်ကြလို့ မဟာမေဒင်လောကို ပယ်လို့မရ။ ဒီအခက်အခဲမျိုးတွေပြေလည်စေဖို့ အင်္ဂလိပ်လိုမှ မြန်မာလို ဘာသာပြန်ခဲ့တယ်။ ဦးရွှေယွန်းရဲ့ စာပေရေစီးကြောင်းကို မြန်မာနိုင်ငံတရားရုံးများသို့ စီးဆင်းစေခဲ့တယ်။ သူ့စာပေရေစီးကြောင်းကို ပိုမိုလေးနက်စေလိုတဲ့ဆန္ဒနဲ့ ဖ-ဆ-ပ-လ ခေတ်၊ တရားလွှတ်တော်ချုပ်၊ တရားရေးဝန်ကြီးများဖြစ်ကြတဲ့ ဒေါက်တာဘဦး(နောင်သောအခါ သမ္မတဖြစ်လာသူ)၊ ဒေါက်တာဦးအေးမောင် (နောင်သောအခါ တရားရေးဌာန၀န်ကြီးဖြစ်လာသူ)နဲ့ တစ်ချိန်မှာ တရားလွှတ်တော် တရားရေးဝန်ကြီးဖြစ်လာသူ ဦးသောင်းစိန်တို့ထံ ပို့ခဲ့တယ်။

    ဦးရွှေယွန်းဆက်သွယ် ပိုခဲ့သူများကလည်း တလေးတစား သူ့ဆီပြန်ကြားခဲ့ကြတယ်။

    အဆွေတော်ဦးရွှေယွန်း …

    ၁၉၄၉-ခု၊ ဇူလိုင်လ (၁၁)ရက်နေ့စွဲဖြင့်ပေးပို့သော အဆွေတော့်စာကို ရရှိပါသည်။ အဆွေတော်က မိမိစီရင်ရေးသားသော မိုဟာမက်ဘာသာ လက်ထပ်ခန်း၊ ကွာရှင်းခန်း အစရှိသည့်ကျမ်းကို ကျွန်ုပ်အား ဆက်သလိုသည့်အချက်ကို အမှန်အားဖြင့် ဂုဏ်ယူမိပါသည်။

    မြန်မာပြည်တွင် မွတ်စလင်မ်အမျိုးသား အမြောက်အမြားရှိသည့်အပြင် ၎င်းတို့အရေအတွက်သည်လည်း တစ်နေ့တစ်ခြား တိုးပွားလျက်ရှိသဖြင့် မြန်မာဘာသာဖြင့် ရေးသားသော မိုဟာမက်ဘာသာတရားဥပဒေသည် အရေးအကြီးဆုံးဖြစ်သည်။ မွတ်စလင်မ်အမျိုးသားတို့ ကြာမြင့်စွာကပင် အလိုရှိအပ်သောကျမ်းဖြစ်သည်။ ဤကျမ်းသည် လူအများအလွယ်တကူ ၀ယ်ယူသုံးစွဲကြလိမ့်မည်ဟု ယုံကြည်ကြောင်း။ (ဤကျမ်းကို ကျွန်ုပ်အား ဆက်သခွင့်ပြုလိုက်ကြောင်း)။

    နေ့စွဲ ။ ၁၉၄၉-ခု၊ ဇူလိုင်လ (၁၅)ရက်။

    ပုံ/ ဒေါက်တာဘဦး

    တရားဝန်ကြီးချုပ်။

    ပြည်ထောင်စုမြန်မာနိုင်ငံ

    တရားလွှတ်တော်ချုပ်။

    * * * * *

    အဆွေတော် ဦးရွှေယွန်း ….

    အဆွေတော် စီရင်ရေးသားသည့် မွတ်စလင်မ် လက်ထပ်ခြင်းတရားဥပဒေ ပထမတွဲကို ပေးပို့လိုက်၍ ရရှိသဖြင့် အထူးကျေးဇူးတင်ပါကြောင်း။

    အဆွေတော်၏စာကို ပြန်ရာ၌ နှောင့်နှေးရခြင်းအကြောင်းမှာ ဤစာအုပ်ကို သေချာစွာဖတ်ရှုလို၍ဖြစ်ပါကြောင်း။ ထိုစာအုပ်ကို သေချာစွာဖတ်ရှုပြီးနောက် ကျွန်ုပ်ထင်မြင်သည်မှာ ဤစာအုပ်သည် မွတ်စလင်မ်လက်ထပ်ခြင်းနှင့်ဆိုင်သည့် အမှုအခင်းများကိုဆောင်ရွက်ရသည့် တရားသူကြီးများ၊ ရှေ့နေ ရှေ့ရပ်များအတွက် အများဆုံး အကူအညီပေးနိုင်သောစာအုပ်ဖြစ်ကြောင်း၊ ဤတရားဥပဒေ အချက်အလက်များသည် ထိုအရာ၌ မကျွမ်းကျင်သူများအတွက် ရံဖန်ရံခါ အလွန်ရှုပ်ထွေးနက်နဲစေသော်လည်း အဆွေတော်က ထိုအရာများကို စိတ်ဝင်စားစွာဖတ်ရှု၍ အမှုအခင်းများဆုံးဖြတ်ရာ၌ လေးလေးနက်နက် ရှေ့ကို ဆက်လက်၍ လေ့လာပြီး အသုံးပြုနိုင်စေရန် စီစဉ်ထားသည့်အတွက် ကျွန်ုပ်အထူးဝမ်းမြောက်မိပါကြောင်း။

    နေ့စွဲ ။ ၁၉၅၀-ခု၊ ဇန်န၀ါရီလ(၃၀)ရက်။

    ပုံ/အေးမောင်

    တရားဝန်ကြီးချုပ်။

    ပြည်ထောင်စုမြန်မာနိုင်ငံ

    တရားလွှတ်တော်ချုပ်။

    * * * * *

    အဆွေတော်ဦးရွှေယွန်း …

    အဆွေတော်၏ မြန်မာဘာသာဖြင့် ရေးသားစီရင်သော မွတ်စလင်မ် လက်ထပ်ထိမ်းမြားခြင်း တရားဥပဒေကျမ်းကို ရရှိသည့်အတွက် အမှန်ပင် အထူးကျေးဇူးတင်ပါကြောင်း။

    ဤကျမ်းကို ကျွန်ုပ်သည် အထူးစိတ်ဝင်စားစွာ ဖတ်ရှုခဲ့ပါသည်။ အဆွေတော်အား ဤကဲ့သို့ ပြီးမြောက်အောင် ဆောင်ရွက်သည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း မေတ္တာပို့ပါသည်။ မြန်မာဘာသာဖြင့် စီရင်ရေးသားသည့် မွတ်စလင်မ်တရားဥပဒေကျမ်းများကို ဤတိုင်းပြည်၌ အချိန်ကာလကြာမြင့်စွာကပင် လိုလားနေလေရာ အဆွေတော်က ထိုလိုလားချက်ကို ဖြည့်စွက်နိုင်သည့်အတွက် ကျွန်ုပ်များစွာ ၀မ်းမြောက်မိပါကြောင်း။

    နေ့စွဲ ။  ၁၉၅၀-ခု၊ ဧပြီလ ၁၂-ရက်။

    ပုံ/သောင်းစိန်

    (တရားဝန်ကြီး)

    ပြည်ထောင်စုမြန်မာနိုင်ငံတော်

    တရားလွှတ်တော်ချုပ်။

    * * * * *

    ဦးရွှေယွန်း၏ စာပေရေစီးကြောင်းသည် မြန်မာနိုင်ငံအတွင်းရှိ အစ္စလာသာသနာဝင်များ၏ လောကတစ်ရပ်လုံးအတွင်းသာ စီးဆင်းခဲ့ရုံသာမက မြန်မာနိုင်ငံအတွင်းရှိ တရားရုံးများသို့တိုင် စီးဆင်းခဲ့ပါတယ်။

    ဦးရွှေယွန်း၏ စာပေရေစီးကြောင်းသည် ပျောက်ကွယ်သွားမည့် ရေစီးကြောင်း မဖြစ်နိုင်သည်မှာ ထင်ရှားလှပါတယ်။

    စာဆိုရှင်ဟူသမျှတို့ရဲ့ ရည်ရွယ်ချက်မှာ မိမိတို့ပြုစုခဲ့ကြတဲ့ စာပေများ အများပြည်သူတို့ကို အကျိုးပြုကြဖို့ ရည်မှန်းကြရမှာ သစ္စာတရားဖြစ်ပါတယ်။ မိမိတို့ပြုစုကြတဲ့ စာပေတို့ဟာလည်း ပြည်သူအတွင်း အဆိပ်အတောက်မဖြစ်စေဖို့ ကြီးစွာ သတိထားကြရမှာလည်း သစ္စာတရားပါ။

    ဦးရွှေယွန်းပြုစုခဲ့တဲ့ ကျမ်းတို့ဟာ ပြည်သူ့အကျိုးပြုစာပေများ၊ အဆိပ်အတောက်ကင်းတဲ့စာပေရေစီးကြောင်းသာဖြစ်ကြောင်း ခြွင်းချက်မရှိယုံကြည်လျက်ပါ။

    ဤဆောင်းပါးကို ၁၉၇၄-ခုနှစ်ထုတ် မြိတ်မဂ္ဂဇင်းမှ စာမျက်နှာ ၅၁-၅၂-၅၃ အေးခန့်(မြိတ်)ပြုစုတဲ့ မြိတ်၏ကြယ်တစ်ပွင့် ခေါင်းစဉ်ပါ ဆောင်းပါးကို ကိုးကားမှီငြမ်းပြုပါတယ်။

    ဦးရွှေယွန်း(မြိတ်)သည် ၁၉၆၀-ခု၊ ဖေဖော်ဝါရီလ (၂၈)ရက် အသက်(၈၆)နှစ်အရွယ်တွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် တဒင်္ဂမှ နောက်ဆုံးနေ့တိုင်နေရမည့်စခန်းသို့ မြိတ်မြို့နေအိမ်မှ ပြောင်းရွှေ့သွားခဲ့ရှာပါပြီ။

    အမိန့်နာခံ – ရှောင်ခွာမရ …

    ပြည်သူ့ချစ်ခင် – အသင်သည်လည်း …

    မြေတွင် တစ်နေ့ – ဆင်းခဲ့လေပြီ …

    ပသီကိုကိုလေး

    မိုးသောက်ကြယ်မဂ္ဂဇင်း၊ ၁၉၉၅-ခု ဖေဖော်ဝါရီလ၊ (စာမျက်နှာ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁) … မှ ကူးယူပါသည်။

  • ဖဆပလအစိုးရလက်ထက် အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးခင်မောင်လတ်

    ဖဆပလ အစိုးရလက်ထက် (၁၉၅၂-၅၅) ဝန်ကြီးချုပ်ဦးနု နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ

    (ဝန်ကြီး ဦးရာရှစ် – ဒုတိယတန်း ဝဲမှယာ ဆဌမမြောက် ဝန်ကြီး ဦးခင်မောင်လတ် – နောက်ဆုံးအတန်း ဝဲမှယာ တတိယမြောက်)

    အထက်ပါ ဓါတ်ပုံမှတ်တမ်းအရ  ၁၉၅၂ တွင် စတင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးချုပ် ဦးနု၏ ဖဆပလ အစိုးရ လက်ထက် အစိုးရအဖွဲ့တွင်ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မြန်မာမွတ်စလင်မ် ဝန်ကြီးနှစ်ဦး ရှိခဲ့ပြီး ၄င်းတို့မှာ ဦးရာရှစ်နှင့် ဦးခင်မောင်လတ် တို့ဖြစ်သည်။ ယခု ဝန်ကြီး ဦးခင်မောင်လတ်အကြောင်းကို ဖတ်မိသလောက် ပြန်လည်ဝေမျှချင်ပါသည်။

    (စကားချပ်။ ။ ပ-ထ-စ(ပြည်ထောင်စု) အစိုးရ လက်ထက် [၁၉၆၀-၁၉၆၂] တွင် တာဝန်ထမ်းဆောင်ခဲ့သော မြန်မာမွတ်စလင်မ် ဝန်ကြီး နောက်တစ်ဦး ရှိပါသေးသည်။ ၁၉၆၁ တွင် ကျန်းမာရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော Sultan Mahmood ဖြစ်ပါသည်။)

    ကိုယ်ရေးအကျဉ်း

    အလ်ဟာဂ်ျဦးခင်မောင်လတ် (ခ) Abdul Latif Khan [၁၉၁၃-၁၉၇၇] ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာ ဘီအေဘီအယ်လ် (B.A., B.L.) ဘွဲ့ရရှိခဲ့သည်။ ဆရာကြီး ဦးရာဇာတ် လုပ်ကြံမခံရမီ အချိန်ထိ ဆရာကြီး၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် တက်တက်ကြွကြွ လှုပ်ရှားခဲ့ပြီး သမိုင်းဝင် ၁၉၃၆ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။

    ၁၉၄၇ ခုနှစ် ၊ ဧပြီလ ၉ တွင်ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် (မြောင်းမြခရိုင် ကျေးလက်တောင်ပိုင်း) မှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရသည်။ ဝန်ကြီးချုပ်ဦးနု၏ ဖဆပလ အစိုးရလက်ထက်တွင် ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး တရားရေးဝန်ကြီး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန ဝန်ကြီး အဖြစ် တိုင်းပြည် တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ၁၉၅၈တွင် သန့်ရှင်းဖဆပလနှင့် တည်မြဲဖဆပလ ဟူ၍ နှစ်ခြမ်းကွဲသွားသောအခါ ဦးခင်မောင်လတ်သည် တည်မြဲဖဆပလ အဖွဲ့တွင် ပါဝင်ခဲ့သည်။ (ထိုအချိန်တွင် ဦးရာရှစ်သည် ဦးနုနှင့်အတူ သန့်ရှင်းဖဆပလတွင် ရပ်တည်ခဲ့သည်။)

    ဦးခင်မောင်လတ်သည် နိုင်ငံတစ်ဝှမ်းရှိ မွတ်စလင်မ်လူထုကို မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုအတွက် ဖဆပလ အဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ် ပါဝင်ရန် (ဆရာကြီး ဦးရာဇာတ်နှင့်အတူ) အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သူဖြစ်သည်။ ဤသို့ဖြင့် ဗ-မ-က (ဗမာမွတ်စလင်မ် ကွန်ဂရက်) အဖွဲ့ကြီးသည် (၁၉၄၆)ခုနှစ် ဇန်န၀ါရီလတွင် ရွှေတိဂုံ အလယ်ပစ္စယတွင် ကျင်းပသည့် (ဖ-ဆ-ပ-လ) ညီလာခံ၌စတင်ကာ လူမျိုးရေး အဖွဲ့အစည်းတစ်ရပ် အဖြစ် (ဖ-ဆ-ပ-လ) အဖွဲ့ကြီးတွင် ထပ်ပေါင်းစုပါဝင်၍ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

    ဦးခင်မောင်လတ် သည် ၁၉၄၁ တွင် ဖွဲ့စည်းခဲ့သော ဗ-မ-က အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူး အဖြစ် လည်းကောင်း (၁၉၅၄)ခုနစ်ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော အမူဆောင် အဖွဲ့ ၁၁၊ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်၏ ဥက္ကဌ အဖြစ်လည်ကောင်း သာသနာရေးရာ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

    ၁၉၇၇ တွင် အလ္လာအရှင်မြတ် အမိန့်တော် ခံယူသွားခဲ့သည်။

    ထမ်းဆောင်ခဲ့သော တိုင်းပြည်တာဝန်များ

    ၁။ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြုပြည်ပြုလွှတ်တော်တွင် မြောင်းမြခရိုင် (ကျေးလက်တောင်ပိုင်း) ကိုယ်စားပြု လွှတ်တော်အမတ်

    ၂။ ဝန်ကြီးချုပ်ဦးနု၏ ဖဆပလ အစိုးရလက်ထက် အစိုးရအဖွဲ့တွင် တရားရေးဝန်ကြီး ၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန ဝန်ကြီး

    သာသနာရေးရာ တာဝန်များ

    ၁။ ၁၉၄၁ တွင် ဖွဲ့စည်းခဲ့သော ဗ-မ-က (ဗမာမွတ်စလင်မ် ကွန်ဂရက်) အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူး

    ၂။ (၁၉၅၄)ခုနစ်ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သော အမူဆောင်အဖွဲ့ ၁၁ ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်၏ ဥက္ကဌ

    လွှတ်တော်အမတ်နှင့် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ဓါတ်ပုံမှတ်တမ်းများ


    ဂျပန်ဝန်ကြီးချုပ် မစ္စတာ ကီရှီအား မြန်မာဝန်ကြီးချုပ် ဦးနုမှ လွှတ်တော် အမတ်များနှင့် မိတ်ဆက်ပေးနေစဉ် (၁၉၅၇)

    ဗီယက်နမ် သမ္မတ ဟိုချီမင်းအား ပြည်သူ့လွှတ်တော်တွင် ကြိုဆိုဧည့်ခံစဉ်

    အီရတ်နိုင်ငံ၏ မင်းသား ဟာစန်အား ကြိုဆိုနှုတ်ဆက်စဉ် (သခင် သာခင် နှင့်အတူ)

    (အပေါ်ပုံ) ဖိလစ်ပိုင် သမ္မတ Raymond Magsaysay အား အမှတ်တရ လက်ဆောင် ပေးအပ်စဉ်
    (အောက်ပုံ) အိန္ဒိယနိုင်ငံ သမ္မတ ဒေါက်တာ Rajendra Prasard နှင့် တွေ့ဆုံနှုတ်ဆက်စဉ်

    ဆော်ဒီအာရေဗျနိုင်ငံ ရေနံနှင့် သတ္တုတွင်းထွက်ဌာန ဝန်ကြီး Sheikh Yamani နှင့် စကားလက်ဆုံ

    အီဂျစ်လေတပ်အရာရှိ Hosni Mubarak (နောင် အီဂျစ်သမ္မတ) နှင့်အတူ ကိုင်ရိုတွင် (၁၉၅၅)

    ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် Liaquat Ali Khan ၏ ကရာချီမြို့ရှိ ဂူသချို င်္င်းသို့ ဇေယာရတ်လုပ်စဉ် (၁၉၅၃)

    ထိုင်းနိုင်ငံ နိုင်ငံခြားရေးရုံးတွင် ထိုင်းတပ်မတော် ဗိုလ်ချုပ်ကြီး Darwee Chulasapaya နှင့်အတူ

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အထွေအထွေ ညွှန်ကြားရေးမှူး အား တည်ခင်းဧည့်ခံသော ညစာစားပွဲတွင် မိန့်ခွန်းပြောကြားနေစဉ်

    တာမွေကဗရ်စတာန်ရှိ ဝန်ကြီး ဦးခင်မောင်လတ်၏ ကဗရ်

    ကိုးကား။ ။

    1. List of Burmese Muslims (Wikipedia entry)

    2. အစ္စလာမ်သာသနာရေးရာကောင်စီပေါ်ပေါက်လာပုံ (IRAC Myanmar’s facebook notes)

    3. မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ (တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်သာသ…

    4. တာမွေကဗရ်စတာန်ရှိ ဝန်ကြီး ဦးခင်မောင်လတ်၏ ကဗရ်ပုံ (uploaded by Ko Kyaw Moe Aung)
    မှတ်ချက်။ ။

    ဝန်ကြီး ဦးခင်မောင်လတ်၏ အတ္ထုပတ္တိကို အင်တာနက်ပေါ်တွင် အပြည့်အစုံ ရှာမတွေ့ပါ၍ အထက်ပါ စာညွှန်းသုံးပုဒ် နှင့် ဓါတ်ပုံ တစ်ပုံကိုသာ ကိုးကားရေးသားထားခြင်း ဖြစ်ပါသည်။ သမိုင်းအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးစေလိုပြီး ပိုမိုပြည့်စုံသော အတ္ထုပတ္တိရှာတွေ့လျှင် ဖြည့်စွက်ပေးစေလိုပါသည်။ အချိန်နှင့်အမျှ ပြင်ဆင်ဖြည့်စွက်သွားပါမည်။

    Najma

  • ကမန်လူမျိုးစုများထဲမှ နိုင်ငံနှင့် အမျိုးသားရေးအတွက် ကြိုးပမ်းတာဝန်ထမ်းဆောင်ခဲ့ကြသူများ

    ရခိုင်ပြည်နယ်အတွင်း နေထိုင်လာခဲ့ကြသော ကမန်အမျိုးသားများထဲမှ ကိုလိုနီခေတ် တက္ကသိုလ်ကျောင်းသား သပိတ်ခေါင်းဆောင်များ၊ အမျိုးသားကျောင်းအုပ်ဆရာကြီးနှင့် အမျိုးသားကျောင်းဆရာများ ပေါ်ထွန်းခဲ့သလို လက်ရှိတွင်လည်း တက္ကသိုလ်၊ကောလိပ်နှင့် အဆင့်မြင့်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းအုပ်ဆရာကြီးများစွာ ပေါ်ထွန်း၍ အင်ဂျင်နီယာ ဗိသုကာပညာရှင်များ၊ လက်မှုအတတ်ပညာရှင်များ၊ ဥပဒေပညာရှင်များ၊ နိုင်ငံနှင့်လူမျိုးအတွက် တော်လှန်ရေးအဆက်ဆက်တွင် တိုက်ပွဲဝင်ခဲ့ကြသော မြို.နယ်ခေါင်းဆောင်များ၊ ပြည်သူ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အရာရှိ အရာခံများ၊ ပြည်သူ့ဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေကြသော ပြည်သူ့ ရဲအရာထမ်းများ၊ ဆေးပညာရှင်ဆရာဝန်များ၊ ဌာနဆိုင်ရာနှင့် ကော်ပိုရေးရှင်း အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော အရာရှိများ စသည်ဖြင့် ယနေ့ မျက်မှောက်အချိန်တိုင်အောင် တာဝန်ထမ်းဆောင်လျက်ရှိနေကြပါသည်။

    ဥပမာ တင်ပြရလျှင် ၁၉၂၀ ပြည့်နှစ် ပထမအကြိမ် ရန်ကုန် တက္ကသိုလ်ကျောင်းသားသပိတ်တွင် သပိတ်မှောက်

    ကျောင်းသားခေါင်းဆောင်တစ်ဆယ့်တစ်ဦးတွင် သံတွဲမြို.မှ ကိုဘဦးနှင့် ကိုဘရှင်ဆိုသူတို့ အထင်ကရ ပါဝင်ခဲ့သည်။ ကိုဘရှင်မှာ ကမန်လူမျိုးစုတစ်ဦးဖြစ်ပြီး စည်းရုံးလှုံ့ဆော်မှု အလွန်ထက်မြက်သဖြင့် ”ရဲရဲတောက် ဘရှင်” ဟု ထင်ရှားသူဖြစ်သည်။ ၎င်းတို့သည် ဇာတိချက်ကြွေ ရခိုင်ပြည်နယ်ဘက်သို့လည်း ကွင်းဆင်းရောက်ရှိ ခဲ့၍ ရခိုင်ပြည်နယ်အနှံ့ အမျိုးသားကျောင်းများ အများအပြားကို ပေါ်ထွန်းစေခဲ့သည်။ ထို့အပြင် ၁၉၃၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်သမဂ္ဂ ၏ ပထမဆုံးဥက္ကဌ ဦးထွန်းစိန်၊ လွတ်လပ်ရေးမော်ကွန်းဝင် သခင်သန်းမောင်၊ သခင် ယဲ့သက်အောင်နှင့် သခင်မောင်ညွန့်၊ သီရိပျံချီဦးဘစိန်၊ ၎င်း၏သမီး ဒေါက်တာရီရီ၊ တရားရေးဝန်ကြီးဌာန အတွင်းဝန် ဦးအုန်းခင်၊ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန အငြိမ်းစား ပါမောက္ခ ဦးအောင်ခင် စသူတို့မှာ သံတွဲဇာတိ ကမန်လူမျိုးစု အကျော်အမော်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

    ဂျပန်တော်လှန်ရေးကာလအတွင်း စစ်တွေကျေးလက် သက်ကယ်ပြင်ရွာမှ ဦးလူဖြူ၊ ဦးထွန်းစိန်၊ ဦးမဲတုတ်နှင့် သာယာကုန်း ကမန်ရွာမှ ဦးကျော်လှအောင် ဆိုသူတို့မှာ ရခိုင်မျိုးချစ်တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ဦးပညာသီဟ၊ ဗိုလ်ကြာလှအောင်တို့နှင့် နှီးနွယ်၍ ဖက်ဆစ်တို့အား တွန်းလှန်ခဲ့ကြ၏။ ယင်းကို သတင်းစာ ဆရာကြီး ဦးလှထွန်းဖြူကလည်း သူ၏ ”ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးစုများ” စာအုပ်၌ အတိအလင်း ဖော်ပြ ထားလေသည်။

    ရခိုင်ပြည်နယ် စစ်တွေမြို.၌ အမျိုးသားကျောင်းများကို စတင်တည်ထောင်ခဲ့သူများမှာ ကမန်လူမျိုးစု ဆရာကြီး ဦးဇော်နိုင်ဒင်၊ ဆရာကြီးဦးညိုဘူး၊ ဗုဒ္ဒဘာသာဝင် ရခိုင်မျိုးချစ်ထဲမှ ဆရာကြီး ဦးဘိုးမြစိန် စသူတို့ဖြစ်ကြောင်း သတင်းစာဆရာဦးလှထွန်းဖြူက သူ၏ ”ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးစုများ” စာအုပ်တွင် အတိအလင်း ဖော်ပြ ထားသည်ကို တွေ့ရ၏။ တစ်ဆက်တည်းတွင် ရမ်းဗြဲမြို.နယ်အတွင်း ရွှေတုံးရပ်မှ စက်ရှင်တရားသူကြီး (ငြိမ်း) အဘိုးဦးပွင့်ကို နာယကထားလျက် ကမန်အမျိုးသားများ ဖြစ်ကြသည့် ဆရာကြီး ဦးရှိန်း၊ ဆရာကြီးဦးအေး စသူတို့ကလည်း အမျိုးသားကျောင်းများကို အသီးသီးဖွင့်လှစ်ပြီး မြို.နယ်လူထု သားသမီးများအား လူမျိုးမရွေး၊ ဘာသာမရွေး၊ ပညာရင်နို. တိုက်ကျွေးပြုစုပျိုးထောင်ပေးခဲ့ကြောင်း လေ့လာတွေ့ရှိရပေသည်။

    အထက်အဆိုပါ ကမန်အမျိုးသားကျောင်းဆရာကြီး ဦးညိုဘူး ဆိုသူမှာ စစ်တွေကျေးလက် သက္ကယ်ပြင်ရွာမ ဇာတိ ဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ လျှပ်စစ်ဓါတ်အားပေးရေး လုပ်ငန်းဌာနတွင် ဒုတိယ အင်ဂျင်နီယာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် သူ၏ အစ်ကိုအရင်းဖြစ်သော ကမန်အမျိုးသား ဦးစီဘူးမှာလည်း မြန်မာနိုင်ငံတရားရေးကောင်စီဝင် ဟိုက်ကုတ်တရားသူကြီး အကျော်အမော် ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကျြီးများအား လုပ်ကြံခဲ့သော နိုင်ငံတော်လုပ်ကြံမှုကြီးကို စစ်ဆေးစီရင်ခဲ့ရသော နိုင်ငံတော်၏ အဆင့်မြင့်တရားရေးခုံအဖွဲ့တွင် ပါဝင်ခဲ့သည်။ ထိုတရားရေးခုံအဖွဲ့တွင် ဦးကျော်မြင့်၊ ဦးစီဘူးနှင့် ဦးအောင်သာကျော်တို့ ပါဝင်ကြပြီး ထိုအဖွဲ့မှ ပြစ်မှုကျူးလွန်သူ နယ်ချဲ.လက်ပါးစေ ဂဋ္ဌုန်ဦးစောနှင့် အပေါင်းပါ တို့အား ထိရောက်သော ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သိရှိရသည်။ ဦးစီဘူး၊ ဦးညိုဘူးတို့၏ သားချင်းထဲမှ သူရနှစ်ထပ်ကွမ်း ဗိုလ်မှူးကြီး ခင်မောင်စော (လေ)၊ ဆေးဘက်ဆိုင်ရာဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးကျော်ခင် တို့မှာလည်း မြန်မာနိုင်ငံ ဝန်ထမ်းလောကတွင် ထင်ရှားသူများဖြစ်ကြသည်။

    ထို့အတူ ရခိုင်ပြည်နယ် ရမ်းဗြဲဒေသမှ ထင်ရှားသည့် ကမန်လူမျိုးစု နိုင်ငံဝန်ထမ်းပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ရာ အတွင်းဝန်ဟောင်း အိုင်စီအက်(စ်) ဦးကျော်သိန်၊ အငြိမ်းစာ တပ်မတော် ဒုတိယ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်မှူးကြီးဝင်းဖေ၊ အငြိမ်းစား တပ်မတော် ဒုလက်ထောက်စစ်ရေးချုပ် ဗိုလ်မှူးထွန်းမြိုင်၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးသာညွန့်၊ ပါလီမန် အမတ်များဖြစ်ကြသော ရှေ.နေကြီး ဦးဖိုခိုင်နှင့် သူ၏သမီး ဒေါ်အေးညွန့်၊ ရမ်းဗြဲမြို.နယ်မှ တိုင်းပညာဝန် ဆရာကြီး ဦးမောင်တင်၊ နိုတြီပါဗလစ်ဗဟိုတရားရုံးရှေ.နေကြီးဦးထွန်း၊ တပ်မတော် (ရေ) မှ အငြိမ်းစား ဗိုလ်မှူးဘိုးဖြူ စသည့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်များမှာ နိုင်ငံဝန်ထမ်းကောင်းများအဖြစ် အမှုထမ်းခဲ့သူများဖြစ်သည်။

    တစ်ဖန် ကမန်လူမျိုးစုအတွက် လူမှုရေးဆောင်ရွက်ခဲ့ကြသော စစ်တွေမြို. ကမန်အမျိုးသာများ ပညာမြှင့်တင်ရေးအသင်း ဥက္ကဌဦးနီကျား၊ ရန်ကုန်မြို. ကမန်လူမျိုးစု သာရေးနာရေးအသင်းဥက္ကဌ ဦးဘသောင်းနှင့် အဖွဲ့က ကမန်လူမျိုးစု သာရေးနာရေးကိစ္စရပ်များကို စုစည်းဆောင်ရွက်ခဲ့ကြပြီး လူမျိုးစုမိတ်ဆုံစားပွဲကို ဇပါရှားဒရ်ဂါဗလီတွင် ၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ၃ နှစ်တိုင်တိုင် ကျင်းပခဲပခသည်။ ကမန်အမျိုးသားတစ်ရပ်လုံး၏ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စရပ်များတွင် ဦးဆောင်ဦးရွက်ပြုခဲ့သူ စခန်းမှူးဦးထွန်းရီ (အငြိမ်းစား) စသူတို့မှာ လူမျိုးစု ဂုဏ်ဆောင်ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။ ကမန်အမျိုးသားများသည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်များတွင်လည်း အဓိက အခန်းဏ္ဍမှ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည်။

    [ အဆိုပါ စာအုပ်၏ အခန်း၅၊ အပိုဒ် ၃ – ဘာသာရေးနှင့် ကိုးကွယ်ယုံကြည်မှု]

    ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိကြသော ကမန်များအနက် (ဘာသာကူးပြောင်းကိုးကွယ်သူအချို.မှ လွဲ၍) ကျန် ကမန်လူမျိုးစုများသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါသည်။ ကမန်လူမျိုးစု အများစုမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါသည်။


    ၁။ မောင်ဆန္ဒ (လယ်ဝေး) ရေးသားခဲ့သော ၂၀၀၅ခုနှစ် ဒီဇင်ဘာလ ထုတ်၊ စာမူခွင့်ပြုချက်အမှတ် ၃၁၀၁၀၄၀၅၁၁ ”ကမန်မျိုးနွယ်စုသမိုင်း” စာအုပ်၏ အခန်း ၇ ၊ စာမျက်နှာ ၇၉ မှ ၈၃ ကို စာရိုက်ကူးယူဖော်ပြပေးသည်။

    ကိုမင်းမင်း