News @ M-Media

Tag: MyanmarMuslim_Civil_Society

  • မြန်မာ့သစ္စာခံ အင်အားစုမှ ထောက်ပံ့ငွေများပေးအပ်

    အောက်တိုဘာ ၇၊ ၂၀၁၃
    M-Media
    အငယ်လေး
    20131006_153805
    ရန်ကုန်  ။        ။      မြန်မာ့သစ္စာခံ အင်အားစု အဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်သည့် အစီအစဉ်ကို အောက်တိုဘာ ၆-ရက်နေ့က ပြုလုပ်ခဲ့ပါသည်။
    အဆိုပါ အဖွဲ့သည် ကလေးငယ်နှစ်ဦးအား ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်၊ ပညာသင်စရိတ် ထောက်ခံငွေအဖြစ် ၁၀-တန်းကျောင်းသူနှစ်ဦးအား (၅၀၀၀၀)ကျပ်နှင့် မသန်စွမ်းသူအတွက် ကျောက်သွေးရန် အရင်းအနှီး (၅၀၀၀၀) ကျပ်စီထောက်ပံ့ခဲ့ပြီး ၎င်းထောက်ပံ့ငွေများကို တွဲဘက် အတွင်းရေးမှူးမြတ်ထွန်းမင်းမှ ပေးအပ်ခဲ့ပါသည်။
    ထို့နောက်အထွေထွေအတွင်းရေးမှူးမနီလာထွေးမှ ယခုလိုထောက်ပံ့မှုသည် အဖွဲ့ဝင်များ၏ ထည့်ဝင် လှူဒါန်းငွေများနှင့် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ကြိုးစားသွားမှာဖြစ်ကြောင်းလည်းပြောကြားခဲ့ပါသည်။
    မြန်မာ့သစ္စာခံ အင်အားစု အဖွဲ့၏ ရုံးခန်းမှာ ရန်ကုန်မြို့ ၁၀၁-လမ်း ဖို့မြေရပ်ကွက် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိကြောင်း သိရသည်။
  • ကျိုလီယာ မွတ်စလင်မ်အသင်းမှ သင်္ကန်းကျွန်း စံပြဆေးရုံကြီးသို့ ဆေးဝါး ပစ္စည်းများ လှူဒါန်း

    သြဂုတ်လ ၂၀၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    P8190401
    ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြ ဆေးရုံကြီးသို့ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့မှ သြဂုတ်လ ၁၉-ရက်နေ့ နေ့လည် (၄)နာရီက နှလုံးဆေးဝါး ပစ္စည်း တန်ဖိုးငွေကျပ် (၂၁)သိန်းဖိုး တတိယ အကြိမ်မြောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့မှ လှူဒါန်းဖြစ်ခဲ့ခြင်း အကြောင်းနှင့် ပတ်သက်၍ “ဆေးရုံကို လာရောက်တဲ့ သူတွေထဲက မရှိဆင်းရဲသားတွေ အဆင်ပြေ ချောမွတ်စေဖို့ အတွက် ရည်ရွယ် လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ မေတ္တာဖြင့် ကုနေတဲ့ ဆေးရုံဖြစ်တဲ့အတွက် ကျွန်တော်တို့ကလည်း မေတ္တာနဲ့ လာရောက် ကူညီခဲ့ခြင်း ဖြစ်ပါတယ်။ အခုတစ်ကြိမ်နဲ့ဆို ဒီဆေးရုံမှာကြီးပဲ သုံးကြိမ်ရှိပါပြီ။ ပထမအကြိမ်က အားဆေးသွင်းတဲ့ ဆေးဝါး ပစ္စည်းတန်ဖိုးငွေ ၁၄-သိန်း၊ ဒုတိယအကြိမ်က ကင်ဆာဆေးဝါး ပစ္စည်း တန်ဖိုးငွေ ၃၇-သိန်းဖိုးပါ။ မကြာသေးခင်ကလည်း ကလေးဆေးရုံကို ၁၅၆-သိန်းဖိုး ဆေးဝါးလှူဒါန်းခဲ့ပါတယ်” ဟု ၎င်းအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှဌေးက M-Media သို့ပြောသည်။

    စံပြဆေးရုံအုပ်ကြီး ဦးဇော်ထွန်း (M.B., B.S) Ygn က ” အခုလို လာရောက်လှူဒါန်းကြတဲ့အတွက် ဆရာကြီးရဲ့ လူနာတွေအတွက် ပီတီဖြစ်ရတယ်။ ဆရာကြီးတို့ဟာ ရောက်လာသမျှ လူနာတွေကို ဆင်းရဲ ချမ်းသာ မရွေး၊ ဘာသာ လူမျိုး မရွေး အားလုံးကို တန်းတူ နွေးနွေး ထွေးထွေး စောင့်ရှောက် ကာကွယ် ကုသ ပေးတယ်။ အခုလို အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့ လာရောက်လှူဒါန်း တဲ့အပေါ်မှာလည်း အရမ်းဝမ်းသာပါတယ်။ အစိုးရကလည်း မနှစ်က ဘတ်ဂျက် တန်ဖိုး ကျပ်သိန်းတစ်ထောင့်နှစ်ရာ ကနေ အခုဒီနှစ်အတွက် ကျပ်သိန်းငါးထောင် ချပေးခဲ့ပါတယ်။ အလှူရှင်တွေကလည်း အခုလို ကြိုကြား ကြိုကြား လာလှူဒါန်းပေးတဲ့အတွက် ဒီဆေးရုံရဲ့ လိုအပ်ချက်တွေဟာ ပြည့်မှီလာပါတယ် ” ဟု M-Media သို့ပြောသည်။

    ဆက်လက်၍ ” နောက်တစ်ခု ဆရာကြီးရဲ့ ရုံးခန်းတံခါးကို အမြဲဖွင့်ထားတယ်။ ဘယ်သူမဆို ၀င်လို့ရတယ်။ လူနာရှင်တွေရဲ့ အခက်အခဲတွေကို ဆရာကြီး တတ်နိုင်သလောက် ကူညီပေးတယ်။ အကြံပြုစာ ထည့်ရန်ဆိုပြီး ပုံးအပြာလေးတွေလည်း ချိတ်ဆွဲထားတယ်။ လူနာရှင်တွေအနေနဲ့ အကြံပြုစာ ထည့်နိုင်ပါတယ်။ အဲဒီ့ အကြံပြုစာတွေကို တစ်လတစ်ခါ ပေါင်းပြီး ဖတ်တယ်။ ဒါမှ လိုအပ်ချက်တွေနဲ့ သူတို့တွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တာပေါ့။ ဆရာကြီး ဒီဆေးရုံမှာ တာဝန်ထမ်းဆောင်တာ တစ်နှစ်ကျော်ပါပြီ။ ဆရာကြီးရဲ့ တစ်ယောက်တည်းနဲ့ လုပ်ဆောင်ခဲ့တာတွေ မဟုတ်ပါဘူး။ အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြတာပါ။ ဆရာကြီးရဲ့ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းတွေကိုလည်း အရင်ခေတ်လို မဟုတ်တော့ဘူး။ ခေတ်ပြောင်းသွားပြီ။ ဒါကြောင့် ဆရာကြီးတို့တွေဟာလည်း အပြောအဆို ရပ်တည်ချက်တွေ ပြောင်းရတော့မယ်လို့ ပြောပြ စည်းရုံးခဲ့ပါတယ်။ ဟိုးအရင်တုန်းကဆိုရင် ဆေးရုံမှာ ဓာတ်ပုံရိုက်တာကို သိပ်မကြိုက်ခဲ့ကြဘူး။ အခုတော့ ဓါတ်ပုံကို ကြိုက်သလောက်ရိုက်လို့ရတယ်” ဟု ၎င်းမှ M-Media သို့ပြောသည်။

    အဆိုပါ စံပြဆေးရုံကြီးသို့ တစ်နေ့လျှင် ပျမ်းမျှ အတွင်းလူနာ ၅၀၀ကျော်နှင့် အပြင်လူနာ ၂၀၀ကျော်ခန့် လာရောက်ပြသကြောင်း၊ ဂိတ်ပေါက်စောင့်မှ စောင့်၍ လူနာများထံ လာရောက်သည့် ဧည့်သည်များအား ပိုက်ဆံ တောင်းမည့် သူမရှိကြောင်း၊ အိမ်သာများ သန့်ရှင်းအောင် ထားရှိထားကြောင်း၊ ရေစီးရေလာကောင်းအောင်နှင့် ပတ်ဝန်ကျင် သန့်ရှင်းရေးကို အရေးပေး ဆောင်ရွက်ရန် စီမံထားရှိကြောင်း၊ အမှိုက်ပုံးများကိုလည်း အလွယ်တကူ စွန့်ပစ်နိုင်ရန်အမြောက်အများထားရှိပေးထားကြောင်း သို့ပါသောကြောင့် ဆေးရုံတွင် အနံအသက် ကင်းစင်သန့်ရှင်းနေခြင်း ဖြစ်ကြောင်း လုပ်ငန်းဆောင်ရွက်ပုံများအား M-Media သို့ထပ်လောင်းပြောကြားသည်။

    ယင်းနောက် ကျိုလီယာ သာသနာရန်ပုံငွေ အဖွဲ့အား စံပြ ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးအား ၁၉၉၁-ခုနှစ်၊ ဧပြီလ (၂)ရက်နေ့က စတင်အုတ်မြစ်ချ တည်ထောင်ခဲ့ကြောင်း သိရသည်။

    ဓါတ်ပုံများကြည့်ရန် =>http://goo.gl/DfFnuK

    P8190410

  • ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေအဖွဲ့၏ ပဉ္စမ အကြိမ်မြောက် ဘာသာပေါင်းစုံ ပညာဒါန ကွန်ပျူတာနှင့် စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား

    သြဂုတ်လ ၁၆၊ ၂၀၁၃
    M-Media
    ဆူးထက်

    P8160196

    ရန်ကုန် ။        ။ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေအဖွဲ့၏ ပဉ္စမ အကြိမ်မြောက် ဘာသာပေါင်းစုံ ပညာဒါန ကွန်ပျူတာနှင့် စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ အဘွားများရိပ်သာတွင် နံနက် ၉နာရီမှ ၁၂နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ အခမ်းအနားတွင် ကျိုလီယာ ဗလီဥက္ကဌ ဟာဂျီ ဂျမားလ်(ခ) အက်စ်အမ် ဦးအောင်သိန်းမှ ” ငွေကြေးကို အဓိက မထားဘဲ စိတ်ရင်းစေတနာနဲ့ မြို့ထဲကနေ ဒီနေရာထိကို မငြီးမငြူ လာရောက်ပြီး စိတ်အားထက်သန်စွာ သင်ကြားပေးတဲ့ ဆရာမတွေကို  အထူးပဲကျေးဇူးတင်ရှိပါတယ်။ သင်ယူကြတဲ့ ကျောင်းသား ကျောင်းသူများနဲ့တကွ လိုအပ်သမျှကို ကူညီပေးကြတဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဒီနေ့က သင်တန်းသား သင်တန်းသူတွေကို အောင်လက်မှတ်ချီးမြှင့်တဲ့ ပွဲပါ။ ကျွန်တော်တို့

    စိတ်ကောင်းစေတနာထားပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်တဲ့အပေါ်မှာ ဒီနေရာနဲ့ဝေးတဲ့ ရန်ကုန်မြို့ နေရာတော်တော်များများကနေ သင်တန်း လာရောက်တက်ကြတဲ့ အထိ ဖြစ်လာပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဗုဒ္ဓဘာသာဝင် အသက်၂၄နှစ်အရွယ် မဆုရည်ဖြိုးက ” ကျွန်မနေတာကတော့ သင်္ဃန်းကျွန်း ဘုရားလမ်းကပါ။ ဒီမှာ စက်ချုပ်သတင်တန်းအောင်သွားပါပြီ။ ဆက်ပြီးတော့ မော်တာ သင်တန်းတက်ဖို့ ဖောင်တင်ထားပြီးပါပြီ။ အရင်တုန်းကတော့ ကျွန်မက ဒန်အိုးစက်မှာ အလုပ်လုပ်တာပါ။

    အလုပ်လုပ်ရင်းနဲ့ အချိန်ပိုင်း စက်ချုပ်သင်တန်းလာတက်တာပါ။ နောက်ပိုင်း ပညာစုံပြီဆိုရင် အိမ်မှာပဲ အပ်ချုပ်ဆိုင် ဖွင့်တာပဲ ဖြစ်ဖြစ်၊ အထည်ချုပ် စက်ရုံမှာ ၀င်အလုပ်လုပ်တာပဲ ဖြစ်ဖြစ် အဆင်ပြေမယ်ထင်တာကို ရွေးချယ်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်မအနေနဲ့ ခုဆိုရင် အသက်မွေးဝမ်းကြောင်း အနေနဲ့ ပညာတစ်ခု တတ်မြောက်တဲ့အေပါ် အရမ်းဝမ်းသာ ပီတီ ဖြစ်ရပါတယ်။ အဲဒီအတွက် ခုလို သင်တန်းစီစဉ်ဆောင်ရွက်ပေးတဲ့ လူကြီးတွေ၊ တာဝန်ရှိသူတွေ၊ ဆရာမတွေ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်” ဟု M-Media သို့ပြောသည်။

    ဟိန္ဒူဗုဒ္ဓဘာသာဝင် အသက်၃၀ကျော်အရွယ်ရှိ မလှလှခိုင်ကလည်း ” ဒီမှာပဲ စက်ချုပ်သင်တန်းအောင်ထားလို့ မော်တာသင်တန်း လာတက်တာပါ။ ခုမော်တာသင်တန်း အောင်ပါတယ်။ အလုပ်အတွက်က ဒီသင်တန်းမှာ အလုပ်လုပ်ချင်တယ်လို့ ပြောထားပါတယ်။

    P8160250

    ဒီစက်ချုပ်ပညာနဲ့ပဲ စားဝတ်နေရေး အတွက် တစ်ဖက်က မိသားစုကို ၀င်ငွေရအောင် ရှာပေးချင်လို့ပါ။ အရင်တုန်းက ကျွန်မဘာအလုပ်မှ မလုပ်တတ်လို့ အိမ်မှာပဲ အိမ်အလုပ် နေတာပါ။ ကျွန်မ စက်ချုပ်သင်တန်းကို တက်ရောက်ရတဲ့ အတွက် သင်တန်းကာလ တစ်လျှောက်လုံး ၀မ်းသာ ပျော်ရွှင်နေတာပါ။ ကျွန်မ အိမ်မှာ နေရင်း စိတ်ကူး မျှော်လင့်ခဲ့တဲ့ မျှော်မှန်းချက်တွေဟာ ဒီကနေ့ ဘ၀မှာလက်တွေ့ အကောင်အထည် ပေါ်လာတာပါ။ ကျွန်မရင်ထဲမှာ စက်ချုပ် သင်တန်း တက်ချင်တဲ့ ဆန္ဒရှိခဲ့တာ တော်တော်ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် အိမ်က အဆင်မပြေတဲ့ အတွက် မတက်ဖြစ်ခဲ့ဘူး။ ဆရာမတွေကလည်း ဆရာစားမချန် ကျွန်မတို့ကို တက်မြောက်စေချင်တဲ့ စေတနာအရင်းခံနဲ့ တစ်ခု မကျန်သင်ပေးပါတယ်။ ကျွန်မလေ လူကြီးတွေနဲ့ ဆရာမတွေ အားလုံးကို စိတ်ထဲမှာ ကျေးဇူးတင်တယ်။ ဘုရားဆီမှာလည်း ဆုတောင်းတယ် ” ဟုM-Media  သို့ပြောသည်။

    ” ကျွန်တော်က အခု ပထမနှစ် မြန်မာစာ အဝေးသင်တက်နေတာပါ။ ခု ကွန်ပျူတာ Level 1 သင်တန်းအောင်မြင်ပါတယ်။ ထပ်ပြီး Level 2 ထပ်တက်အုန်းမှာပါ။ ကျွန်တော် ကွန်ပျူတာပညာကို တတ်မြောက်ထားတော့ အလုပ်အကိုင် ကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော် ဒီအဖွဲ့အစည်းကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီသင်တန်း တက်ခဲ့တဲ့ သုံးလတာ ကာလမှာ ဘာသာပေါင်းစုံက ညီအကို မောင်နှမတွေနဲ့ ရင်းနှီး ခင်မင်မူ ရပါတယ်။ စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စွာ တက်ခဲ့ရတာပါ ” ဟု သာကေတ မြို့နယ်မှ တက်ရောက်သော သင်တန်းသားတစ်ဦးဖြစ်သူ ကိုကျော်လင်းအောင်က  M-Media သို့ပြောသည်။

    ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး ဦးလှဌေး က ” ပိုက်ဆံ မတတ်နိုင်တဲ့ ကလေးတွေဟာ အခြားကလေးတွေလို ပညာမတတ်ပဲနဲ့ ကျန်ခဲ့တာကို ကျွန်တော်တို့ မလိုလားဘူး။ ပိုက်ဆံမရှိလို ဒီပညာကို မသင်လို့ရဘူး၊ မတတ်ဘူး ဆိုတာမျိုး မရှိအောင် ကျွန်တော်တို့ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။ မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင် ဖြစ်စေ လူငယ်တိုင်းသည် ပညာတတ်ရမယ်။ ဒီခေတ်ကြီးမှာ ပညာမတတ်ရင် သူများနောက်ကောက်ကျန်ခဲ့မယ်။ လူညွှန့် တုံးမယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ကွန်ပျူတာ သင်တန်းကို စာရွက်စာတမ်း၊ သင်ရိုးညွှန်းတမ်းက အစ ဘာမှ ကုန်ကျစရာ မလိုဘူး။ ပြီးသွားရင် အရည်အချင်း စစ်ပြီ ပြည့်မှီမှ အောင်လက်မှတ်ထုတ်ပေးတယ်။စက်ချုပ်သင်တန်းအောင်သွားတဲ့ သူတွေဆိုရင်လည်း အလုပ်လုပ်ဖို့ ကမ်းလှမ်းလာတဲ့ အလုပ်ရှင်တွေရောက်လာပါတယ်။

    ဒီသင်တန်းကို စခဲ့တာ တစ်နှစ်ပတ်လည် ဖြစ်နေပါပြီ။ ဒါက ငါးကြိမ်မြောက် သင်တန်းဆင်းပွဲပါ။ ဒီကလေးတွေရဲ့ ဘ၀လမ်းကြောင်း အမှန်ပေါ် ရပ်တည်ပြီး မိသားစုကို တစ်ဖက်က ၀င်ငွေရှာပေးတဲ့သူ၊ ကိုယ်ဘ၀ကို ကိုယ်ရပ်တည်နိုင်တဲ့သူတွေ ဖြစ်ဖို့က ကျွန်တော်တို့ ရည်ရွယ်ချက်ပါ။ ဒီထက်မက ဆက်လက် ကြိုးစားသွားရင် သူတို့ရဲ့ ဘ၀နောင်ရေးအေးချမ်းမယ်လို့ မျှော်လင့်ချက်ထားတယ်။ ခုသြဂုတ်လ ၁၉ရက်နေ့ကို နောက်တစ်ကြိမ် ထပ်ဖွင့်မှာ ဖြစ်တယ်။

    နောက် လူမျိုးမရွေး၊ ဘာသာမရွေး၊ အထွေထွေ ရောဂါကု အတွက် ဆေးခန်းဖွင့်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ အခု လက်ရှိ ဆောင်ရွက်ပြီးစီးခဲ့တာက သာကေတာမြို့နယ် တစ်ခုလုံးမှာရှိတဲ့ စာသင်ကျောင်း ၄၉လုံးကို ကလေးတွေရဲ့ ကျန်းမာရေးအတွက် ရေသန့်စက် တပ်ပေးခဲ့ပါတယ်။ သာကေတမြို့နယ်မှာပဲရှိတဲ့ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းကို ရေသန့်စက် တပ်ပေးခဲ့ပါတယ်။ တွန်းလှည်းနဲ့ရေ ၀ယ်ရတဲ့ ဘုန်းကြီးကျောင်းကို အ၀ီစီ ပေ ၅၀၀အနက် တူးပေးပါတယ်။ ရေမော်တာ တပ်ဆင်ပေးပါတယ်။ နောက်ထပ်ပြီး  သင်္ဃန်းကျွန်းမြို့နယ်မှာလည်း လုပ်ပေးဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု M-Media သို့ပြောသည်။

    အဆိုပါ သင်တန်းကျောင်းတွင် သင်ကြားပေးနေသော ကွန်ပျူတာ ဆရာမများဖြစ်သည့် ဒေါ်သန္တာကြည်နှင့် ဒေါ်ဝင်းသူဇာတင် တို့က ”  ပညာဒါနကျောင်းဆိုတော့ ကိုယ်တတ်ထားတဲ့ ပညာကို ပြန်လည် မျှဝေရတဲ့ အတွက် ကုသိုလ်လည်းရတယ်။ ကလေးတွေကို လူမျိုး ဘာသာမရွေး တက်မြောက်စေချင်တယ်၊ ထူးချွန်စေချင်တဲ့ စေတနာကို အရင်းခံပြီး တင်ပေးတာပါ။ အီးမေးလ်၊ အင်တာနက်လည်း သင်ပေးပါတယ် ” ဟု M-Media သို့ပြောသည်။

    P8160277

    ” ဆရာမက ဒေါ်နီလာဝင်းပါ။ ဒီကျောင်းမှာ စက်ချုပ်သင်ကြားပေးပါတယ်။ သင်တန်းစဖွင့်ထဲက သင်ပေးနေတာဆိုတော့ ခုဆို တစ်နှစ်ခွဲလောက်ရှိပါပြီ။ ဆရာမအနေနဲ့ လူမျိုး ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အားလုံးကို တန်းတူ ထားတယ်။ သူတို့လေးတွေကို ပညာကို အပြည့်အ၀ သင်ပေးပါတယ်။ မိန်းကလေးတွေကို အလုပ်လက်မဲ့ မဖြစ်စေချင်ဘူးလေ။ အဲဒီအတွက်ပါ။ ဒီကိုလာသင်တဲ့ ကလေးတွေ အားလုံးဟာလည်း တကယ်ပညာလိုချင်တဲ့ ကလေးတွေ ဖြစ်တော့ သင်ပေးရတာ အားရှိပါတယ် ” ဟု M-Media သို့ပြောသည်။

    အဆိုပါ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့သည် အမှတ် (၁၆၁)၊ မောင်ထော်လေးလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး သက်ကြီးရွယ်အို များအား ထောက်ပံ့ကူညီခြင်း၊ လူမျိုးဘာသာမရွေး ကျောင်းသား (၂၀၀)ကျော်အား ပညာသင် ထောက်ပံ့ကြေးပေးခြင်း၊ လူမျိုးဘာသာမရွေး စက်ချုပ်သင်တန်း၊ ကွန်ပျူတာ သင်တန်းများ ပြုလုပ်သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါး သူများ၏ ကျန်းမာရေးကြောင့် ဆေးရုံ တက်သည့် အခါတွင် ဆေးရုံစရိတ် မတတ်နိုင်သူများအား ဆေးရုံတက်သည်မှ ပြန်ဆင်းသည့် အချိန်ထိ ကုန်ကျစရိတ် ထောက်ပံ့ကူညီပေးခြင်း များကို နှစ်စဉ် နှစ်တိုင်း တစ်နှစ်ပတ်လုံး ပုံမှန် လည်ပတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ၎င်းအဖွဲ့ကို ၁၉၇၂ခုနှစ်တွင် တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

  • ကျိုလီယာ မွတ်စလင်မ် သာသနာ့ရံပုံငွေ အဖွဲ့ ပညာဒါန သင်တန်းများ ဖွင့်လှစ်နေ

    သြဂုတ် ၃၊ ၂၀၁၃
    M-Media
    လင်းဆက်

    03-08-2013
    ရန်ကုန် ။ ။ ရန်ကုန်တိုင်း ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရံပုံငွေအဖွဲ့၏ ပညာဒါန အဖြစ် ကွန်ပျူတာ သင်တန်းနှင့် စက်ချူပ်သင်တန်းကို ၂၆.၃.၂၀၁၃ မှစတင်ပြီး(၃)လ တစ်ကြိမ် ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

    အဆိုပါသင်တန်းသည် ၃-လ တစ်ကြိမ်နှုန်းဖြင့် ကွန်ပျူတာသင်တန်းအတွက် တန်းခွဲတစ်ခုတွင်(၂၄)ဦးဖြင့် နေ့စဉ်တန်းခွဲ(၅)ခုနှင့် စက်ချုပ်သင်တန်း အတွက် တန်းခွဲတစ်ခုလျှင် သင်တန်းသား(၅၀)ဦးဖြင့် နေ့စဉ်တန်းခွဲ(၄)ခု သင်ကြားပေးလျက် ရှိသည်။ ယခု ကွန်ပျူတာ သင်တန်း (အမှတ်စဉ်-၆)နှင့် စက်ချုပ်သင်တန်း(အမှတ်စဉ် -၅)ကို (၁၉.၈.၂၀၁၃) တွင်စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် လူမျိုးမရွေး ဘာသာမရွေး တက်ရောက်နိုင်ကြောင်းလည်း ထပ်မံသိရသည်။

  • ကျူလီယာ မွတ်စလင်မ် ရန်ပုံငွေ အဖွဲမှ စံပြဆေးရုံသို့ ၃၇ သိန်းကျော်ဖိုး ဆေးပစ္စည်းများ လှူဒါန်း

    ဇူလိုင် ၂၈၊ ၂၀၁၃
    M-Media
    ဆူးထက်

    သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ကျူလီယာ မွတ်စလင်မ်သာသနာ့ ရန်ပုံငွေအဖွဲ့မှ ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက်လှူဒါန်း

    DSC_0013

    ရန်ကုန် ။ ။ ကျောက်ကပ်ရောဂါများကို ကုသရာတွင် အသုံးပြုသော ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက် တန်ဖိုးငွေ – ၃၇၃၈၁၀၀ိ/ – ( ကျပ်သုံးဆယ့် ခုနှစ်သိန်း သုံးသောင်း ရှစ်ထောင့် တစ်ရာကျပ်) တန်ဖိုးငွေကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးသို့ ရန်ကုန်မြို့ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဇူလိုင်လ ၂၅-ရက်၊ နေ့လယ် (၂)နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ အခမ်းအနားသို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ထွန်း၊ လက်ထောက် ဆေးရုံအုပ် ဒေါက်တာ ဒေါ်လှမြင့်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဥက္ကဌ ဦးလှရွှေ(JVC)၊ တွဲဖက် အတွင်းရေးမှူး (၁) ဦးမာမက်ဂျလားလ်၊ တွဲဖက် အတွင်းရေးမှူး (၂) ဦးလှဌေး၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်၊ အဖွဲ့ဝင် ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ၂၀၁၃-ခုနှစ် ဇူလိုင် (၁၆)ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ကလေးဆေးရုံ၊ သွေးရောဂါနှင့် ကင်ဆာရောဂါ ကုသဆောင်သို့ အဆိုပါ အဖွဲ့မှ ကင်ဆာနှင့် ပတ်သက်သော ဆေးပစ္စည်း ၁၀မျိုး တန်ဖိုးငွေ ကျပ်(၁၅၁၁၅၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း ဇူလိုင် ၂၅-ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြပါရှိကြောင်း သိရသည်။

    အဆိုပါ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့သည် အမှတ် (၁၆၁)၊ မောင်ထော်လေးလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး သက်ကြီးရွယ်အို များအား ထောက်ပံ့ကူညီခြင်း၊ လူမျိုးဘာသာမရွေး ကျောင်းသား (၂၀၀)ကျော်အား ပညာသင် ထောက်ပံ့ကြေးပေးခြင်း၊ လူမျိုးဘာသာမရွေး စက်ချုပ်သင်တန်း၊ ကွန်ပျူတာ သင်တန်းများ ပြုလုပ်သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါး သူများ၏ ကျန်းမာရေးကြောင့် ဆေးရုံ တက်သည့် အခါတွင် ဆေးရုံစရိတ် မတတ်နိုင်သူများအား ဆေးရုံတက်သည်မှ ပြန်ဆင်းသည့် အချိန်ထိ ကုန်ကျစရိတ် ထောက်ပံ့ကူညီပေးခြင်း များကို နှစ်စဉ် နှစ်တိုင်း တစ်နှစ်ပတ်လုံး ပုံမှန် လည်ပတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။