News @ M-Media

Tag: Myitsone Dam

  • မြစ်ဆုံဆည်ဖျက်သိမ်းရန် စီးပွားရေးနှင့် မဟာဗျူဟာ အခွင့်အရေးများ တရုတ်ကို ပေးရဖွယ်ရှိနေ

    မြစ်ဆုံဆည်ဖျက်သိမ်းရန် စီးပွားရေးနှင့် မဟာဗျူဟာ အခွင့်အရေးများ တရုတ်ကို ပေးရဖွယ်ရှိနေ

    ဧပြီ ၈၊ ၂၀၁၇
    M-Media

    မြစ်ဆုံဆည် ပုံစံငယ်

    – ကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိကာ အငြင်းပွားမှုများရှိနေသည့် မြစ်ဆုံဆည်စီမံကိန်းကို စီးပွားရေးနှင့် မဟာဗျူဟာရေးရာ အခွင့်အလမ်းများရရှိပါက တရုတ်က စွန့်လွှတ်ရန် ရှိနေသည်ဟု သတင်းရင်းမြစ် ၇ ခုကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    မြန်မာသမ္မတ ဦးထင်ကျော်မှာ ကြာသာပတေးနေ့က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ခဲ့ပြီး ထိုခရီးစဉ်အတွင်း မြစ်ဆုံဆည်ကိစ္စနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခု ရရှိရန် ဆွေးနွေးဖွယ် ရှိနေသည်ဟု ထိုကိစ္စနှင့် နီးစပ်သည့် မြန်မာအစိုးရ တာဝန်ရှိသူ ၂ ဦးက ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်တွင် ပြည်သူများ ကန့်ကွက်ခဲ့ပြီးနောက် အဆိုပါ မြစ်ဆုံစီမံကိန်းကို ရပ်တန့်ထားရသည်။

    လက်ရှိတွင် အဆိုပါ စီမံကိန်းကို လုံးဝ ဖျက်သိမ်းရေးအတွက် လျော်ကြေးအဖြစ် အငယ်စား ရေအားလျှပ်စစ် စီမံကိန်းများ လုပ်ခွင့်ပေးရေး၊ မဟာဗျူဟာအရ အရေးပါသော ဆိပ်ကမ်းတစ်ခုကို စိတ်ကြိုက် အသုံးပြုခွင့်ပေးရေးကဲ့သို့ အခြား နည်းလမ်းများကို ဆွေးနွေးနေသည်ဟု ဆိုသည်။

    ရင်းမြစ် ၇ ခုတွင် မြန်မာအစိုးရ အကြီးတန်း တာဝန်ရှိသူများ၊ ကနဦးသဘောတူညီချက်ကို သိရှိသူတစ်ဦး၊ အဆိုပါဆည်ကို တည်ဆောက်မည့် တရုတ်နိုင်ငံပိုင်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးတို့ ပါဝင်သည်။ ထိုကိစ္စမှာ ထိလွယ်ရှလွယ်ဖြစ်သောကြောင့် ၎င်းတို့၏ အမည်ကို ထုတ်ဖော်ခွင့် မပြုပေ။

    လုပ်ငန်းကို အကောင်အထည်ဖော်နေသည့် Sino-Myanmar ကုမ္ပဏီမှ အမှုဆောင်အရာရှိများက စီမံကိန်းဖျက်သိမ်းလိုက်မည်ကို စိုးရိမ်နေကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ ကြေငြာချက်တွင် မြန်မာအစိုးရအနေအဖြင့် သဘာပတ်ဝန်းကျင်နှင့်၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများကို ‘ဘက်လိုက်မှုကင်းကင်းနှင့် မျှတစွာ’ သုံးသပ်ရန် မျှော်လင့်သည်ဟု ဖော်ပြခဲ့ပြီး သင့်လျော်သည့် အဖြေတစ်ခု ထွက်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    မြန်မာအစိုးရ၏ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက သမ္မတဦးထင်ကျော် ဦးဆောင်သည့် သုံးသပ်မှုများမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုသည်။

    စီမံကိန်းအတွက် ပထမဆုံးသဘောတူညီချက်ကို သိရှိခဲ့သူတစ်ဦးက စီမံကိန်းကို တာဝန်ယူထားသည့်State Power Investment Corp Yunnan International Power Investment (SPICYN) လုပ်ငန်းမှာ ပြီးခဲ့သည့် ၆ လအတွင်း အဆိုပါ စီမံကိန်းကို တက်တက်ကြွကြွ လုပ်ဆောင်ခြင်း မရှိတာ့ဘဲ ယခင်ရ
    ပ်တည်ချက်နှင့် မတူညီတော့ဟု ဆိုသည်။

    စီမံကိန်းကို ရပ်တန့်မည်ဆိုပါက ဆောင်ရွက်ပြီးသမျှအတွက် ကုန်ကျခဲ့သည့် ကန်ဒေါ်လာ သန်းရာနဲ့ချီကို မြန်မာနိုင်ငံက ပြန်လျော်ရန် တာဝန်ရှိနေသည်ဟု အစိုးရနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပြီး မြစ်ဆုံဆည်ကို ဆောင်ရွက်နေသော၊ တာဝန်ယူထားသော ကုမ္ပဏီများမှာ နစ်နာကြေးကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ ထိုကိစ္စကို မည်သို့ ကိုင်တွယ်မည်ဆိုသည်နှင့်လည်းကောင်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

    “ဒီနစ်နာကြေးက ငွေသားတော့ ဖြစ်ဖို့မရှိပါဘူး။ ပိုသေးတဲ့ဆည်တွေအပါအ၀င် တရုတ်က အခြားသော အခြေခံအဆောက်အဦး စီမံကိန်းတွေကို စိတ်ဝင်စားနေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

    အခြား အစိုးရ တာဝန်ရှိသူ ၂ ဦးက တရုတ်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို စိတ်ကြိုက် အသုံးပြုခွင့်ရရေး တွန်းအားပေးနေသည်ဟုဆိုသည်။

    ကျောက်ဖြူမှာ တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ၀င်ပေါက်ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းမှ ရေနံများကို လက်ခံရယူရန် တရုတ်၏ အခြား လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

    Ref : Reuters

  • မြစ်ဆုံဆည် အကျပ်အတည်းအား ရှေ့ဆက်ကျော်လွှားမည်ဆိုလျှင် …

    မြစ်ဆုံဆည် အကျပ်အတည်းအား ရှေ့ဆက်ကျော်လွှားမည်ဆိုလျှင် …

    myit
    ကချင်ပြည်နယ် မြစ်ဆုံဆည်နေရာတွင် လမ်းလျှောက်သွားလာနေသည့် အမျိုးသမီးတစ်ဦး (ဓာတ်ပုံ – အောင်မြင်ရဲဇော်၊ The Myanmar Times)

    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media

    – ၂၀၁၆ ဧပြီလတွင် အာဏာရရှိလာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရသည် တရုတ်ကျောထောက်နောက်ခံ အငြင်းပွားဖွယ် မြစ်ဆုံဆည်ရေအားလျှပ်စစ်စီမံကိန်း၏ကံကြမ္မာကို အဆောတလျင် ဆုံးဖြတ်ကိုင်တွယ်လိမ့်မည်ဟု သုတေသီအချို့က ခန့်မှန်းခဲ့ကြသည်။

    အဆိုပါ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းမှာ အများပြည်သူတို့၏ကန့်ကွက်ဆန္ဒပြမှု ကြီးမားလာချိန် ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းစေလိုက်ခြင်းဖြစ်သည်။ မရေရာသည့်အခြေအနေ၌ရှိနေသော ၎င်းမြစ်ဆုံဆည်အရေးနှင့်စပ်လျဉ်းပြီး အဖြေရှာသွားမည်ဟု သြဂုတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်က အာမခံပြောကြားသည့်အပေါ် ဘေဂျင်းအစိုးရမှ ကြိုဆိုမှု ရှိနိုင်ပေမည်။

    နှစ်ဦးနှစ်ဖက်စလုံးက အခက်အခဲကို ဖောက်ထွက်ပြီး အပြန်အလှန်ဆက်စပ်နေသော ဤပြဿနာကို အပေးအယူမျှတစွာ အပြီးသတ်ဖြေရှင်းရန် အခြေအနေအချိန်အခါ မသင့်ပါလျှင် နောက်ထပ်ပြဿနာတစ်ရပ်ဖြင့် ထပ်မံရှုပ်ထွေးသွားနိုင်ပေသည်။ အကြောင်းမှာ ၎င်းသည် ကချင်၊ မြန်မာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာများကို ပိုင်းခြားပစ်နိုင်သောကြောင့်ဖြစ်သည်။

    သို့သော် အဖြေထွက်ရန် မဖြစ်နိုင်သေး။ နှစ်နိုင်ငံစလုံးကလည်း ရှေ့ဆက်ရမည့်လမ်းကြောင်းအတွက် အတိတ်ကာလကို တွက်ဆ၍ တရုတ်-မြန်မာ နယ်စပ်ပဋိညာဉ်ကို သတိပြုသုံးသပ်ထားရန် လိုအပ်သည်။

    မြန်မာနှင့် တရုတ်မှ ယနေ့ခေါင်းဆောင်များသည် သမိုင်းတွင် အလွန်ထင်ရှားအချင်းများခဲ့ရသော ၁၉၅၀ ခုနှစ်များက တရုတ်-မြန်မာ နယ်စပ်သတ်မှတ်မှုသဘောတူညီချက်များကို အမွေခံ၍ အတူတစ်ကွ ရပ်တည်နေကြရသူများ ဖြစ်ကြသည်။

    ၁၉၆၀ ခုနှစ်က နောက်ဆုံးလက်မှတ်ထိုးခဲ့သည့် စာချုပ်အရ လက်ရှိနှင့်နောင်လာမည့် တရုတ်-မြန်မာနယ်စပ် အနေအထားကို တရုတ်အစိုးရက လေးစားအသိအမှတ်ပြုခဲ့ပြီး၊ ကနဦးက ပိုင်နက်ကြေငြာချက်များဖြစ်သော “McMahon Line” နှင့် “1941 Line” ကို စွန့်လွှတ်ခဲ့သည်။ အပြန်အလှန်အားဖြင့် Hpimaw (片马), Gawlum (古浪) , Kangfang (岗房) ကျေးရွာများ၊ Panhuang (班洪), Panlao (班老) နယ်ခံတိုင်းရင်းဒေသများကို ဘေဂျင်းမှ ပြန်လည်ရရှိခဲ့သည်။

    ပဋိညာဉ်အရ တရုတ်ပြည်အဖို့ မတည်ငြိမ်သောပိုင်နက်အပေါ် ကနဦးပိုင်းကြေငြာချက်ကို ရုပ်သိမ်းပေးခဲ့သည်။ အခိုင်အမာဆုံးဖြတ်ချက်တစ်ရပ်ကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ ၎င်းအား အစပိုင်းတွင် ထိုစဉ်က မြန်မာနိုင်ငံရှိ တရုတ်သံရုံး၊ ယူနန်ပြည်နယ်အစိုးရနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ ယခုချိန်ထိတိုင် အမျိုးသားရေးဝါဒီများ၊ သုတေသီများက အခါအားလျော်စွာ ဝေဖန်နေဆဲဖြစ်၏။

    မြန်မာနိုင်ငံအတွက်မူ ၈၅ မိုင်ပတ်လည်ပိုင်နက် ပြန်ရရန်တွက် ၁၃၂ စတုရန်းမိုင်နယ်မြေအား တရုတ်ပြည်သို့ လက်လျှော့ပေးခဲ့ရသည်။ ကြီးမားပြင်းထန်သော နားလည်မှုလွဲမှားခြင်းနှင့် ရန်ငြိုးအာဃာတအား ကာကွယ်နိုင်ရန် ပိုင်နက်အစိတ်အပိုင်း အနည်းအကျဉ်းအား စတေးပေးလိုက်ခြင်းက ပိုမိုသင့်လျော်ခဲ့ပေသည်။

    ထိုစဉ်က တရုတ်အကြီးအကဲ ချူအင်လိုင်းသည် အဆိုပါ တရုတ်-မြန်မာနယ်စပ်သဘောတူစာချုပ်ကို နိုင်ငံ့ဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် ပုံစံချရေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းက သူ၏ လက်တွေ့ကျ၍ ပြတ်သားသောမူဝါဒအား ဖော်ပြလျက်ရှိသည်။ “အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားလျက်ရှိသော တရုတ်နယ်စပ်အားလုံးအရေးကို တစ်ခါတည်းအပြီးသတ် ဖြေရှင်းနိုင်ရေးအတွက် ကျွန်ုပ်တို့ဖက်မှ အသင်တို့အား အလျှော့ပေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏စီမံချက်များ ပြည့်ဝရေးအတွက် အခက်အခဲများကို ကျော်လွှားနိုင်မည့် မည်သည့်အားထုတ်ချက်ကိုမဆို ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ၎င်းက ၀န်ကြီးချုပ်ဦးဘဆွေအား ပြောကြားခဲ့၏။

    သူ၏ အမျှော်အမြင်ကြီးမားသည့် ၎င်းနိုင်ငံရေးမူဝါဒမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စည်းမျဉ်းငါးရပ်” ၏ စဦးခြေလှမ်းတစ်ရပ်ဖြစ်သည်။ ၎င်းအားဖြင့် နယ်စပ်အရေးဖြေရှင်းမှုကြောင့် မြန်မာနှင့်တရုတ်၏ အပြန်အလှန် ကောင်းကျိုးဖြစ်ထွန်းမှုများ ဖြစ်ထွန်းလာခဲ့သည်။

    သို့ဖြစ်ပေရာ တရုတ်ပြည်သည် မြစ်ဆုံဆည်၏ ပကတိအနေအထားအား လေးစားတန်ဖိုးထားအပ်သည်။ သမိုင်းသင်ခန်းစာကိုယူ၍ ဘေဂျင်းအစိုးရအနေဖြင့် NLD အစိုးရမှ မြစ်ဆုံဆည်တည်ဆောက်ရေးကို တွန်းအားပေးခြင်းထက် ယင်းစီမံကိန်းအား တုန့်ဆိုင်းထားရန် မဖြစ်မနေ လက်ခံအသိအမှတ်ပြုရပေမည်။

    ဦးစားပေးသုံးသပ်ရမည့်အချက် သုံးရပ်ရှိသည်။

    ပထမအချက်မှာ ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည်သည် လူကြိုက်နည်းလှသည့်အပြင် ၂၀၁၁ ခုနှစ်ကတည်းက ဗဟိုအစိုးရအား ဆန့်ကျင်စရာကိစ္စတစ်ခု ဖြစ်နေခဲ့သည်။ စီမံကိန်းအား ပြန်လည်အသက်သွင်းမည့် မည်သည့်လုပ်ဆောင်ချက်မဆို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဘေးသင့်စေလိမ့်မည်။ ထိုမှတဆင့်တက်ကာ ကချင်ပြည်နယ်လူဦးရေပမာဏ လေးပုံတစ်ပုံ ၁.၆ သန်းကျော်အား ကိုယ်စားပြုထားသော ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေးသဘောတူညီချက်မှန်သမျှကိုလည်း ဆိုးကျိုးသက်ရောက်စေနိုင်ပါသည်။

    ဒုတိယမှာ – မြစ်ဆုံဆည်သည် မြန်မာတို့၏တိုင်းချစ်ပြည်ချစ်စိတ်နှင့် သဘာ၀၀န်းကျင်ဆိုင်ရာအဖွဲ့အစည်းများအတွက် အဓိက ပစ်မှတ်တစ်ခုအဖြစ် ပါဝင်နေခဲ့ပြီးဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က ထိုစီမံကိန်းပြန်လည်စတင်စေလိုသည့် တရုတ်၏ဆန္ဒကို လိုက်လျောပါက သူမ၏ကျဆင်းစပြုနေသောပုံရိပ်နှင့်အတူ လူထုထောက်ခံမှုလက်လွှတ်လိုက်ရပြီး နိုင်ငံရေးကျဆုံးခန်းသို့ ဆိုက်ရောက်သွားနိုင်ချေ များပြားနေသည်။

    တတိယမှာ – မြစ်ဆုံအရေးနှင့်ပတ်သက်သော မည်သည့်ဆုံးဖြတ်ချက်ပင်ဖြစ်စေ မြန်မာနိုင်ငံအပေါ် အနောက်တိုင်း၏မျက်စေ့ကျမှု စံနှုန်းနှင့်လည်းကောင်း၊ တရုတ်နှင့် ချစ်ကြည်ရင်းနှီးမှု၏ ဥပမာစံထားချက်နှင့်လည်းကောင်း မတိုင်းတာမရှုမြင်သင့်ပေ။ ဆည်တည်ဆောက်မှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အဖြစ်သာ အမြင်ထားရှိအပ်ပေသည်။ ဤပြဿနာအတွင်း ဘက်မလိုက်သော လုပ်ဆောင်ချက်၌ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံစလုံးအတွက် တိုင်းပြည်ကောင်းကျိုးများ တည်ရှိနေပါသည်။

    အငြင်းပွားဖွယ်မြစ်ဆုံဆည်နှင့်ပတ်သက်၍ နောက်ဆုံးသဘောတူညီချက်သည် နှစ်ဖက်စလုံး၏ စောင့်ထိန်းနားလည်လိုက်လျောမှုများမှ အဖြေထုတ်ယူရပေမည်။ မြန်မာနိုင်ငံအနေနှင့် လိပ်ခဲတည်းလည်းအခြေအနေအား ကျော်လွန်စေရန်အတွက် အပြန်အလှန်လေးစားလိုက်နာအပ်သော အပေးအယူကို ရရှိဖို့ လိုအပ်နေသည့်အပြင် တရုတ်-မြန်မာဆက်ဆံရေး ကောင်းမွန်ရန်ကိုလည်း ရှေ့ရှုဦးတည်ရဦးမည်ဖြစ်၏။

    (တရုတ်နိုင်ငံအခြေစိုက် အလွတ်တန်းသုတေသီ Liu Yun ၏ Moving beyond the Myitsone dam dilemma နိုင်ငံရေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • တရုတ် ရင်းနှီးမြှုပ်နှံမှု ထိုးကျခြင်း နှင့် မြန်မာ့စီးပွားရေး အခင်းအကျင်း

    စက်တင်ဘာ၊၁၉
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။

    6.-CPI1

    စစ်အုပ်ချုပ်ရေးခေတ်မှ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်၏ပြုပြင်ပြောင်းလဲရေးအစိုးရခေတ်သို့ရောက်လာသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ သိသိသာသာ ထိုးကျစိုက်ဆင်းသွားသည်ကိုတွေ့ရသည်ဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် တွေးခေါ်ပညာရှင်အဖွဲ့တစ်ခုမှ ဆိုလိုက်သည်။ ဤသို့ကျဆင်းမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှင့် သွေးနုသားနုဒီမိုကရေစီအပြောင်းအလဲအား ထိခိုက်နိုင်သည်ဟုလည်း သတိပေးကြသည်။

    တရုတ်နိုင်ငံမှ လာရောက်ပြုလုပ်သည့် မြစ်ဆုံဆည် နှင့် လက်ပံတောင်းကြေးနီစီမံကိန်းများကို မြန်မာပြည်သူများမှ ဆန့်ကျင်ကြခြင်း၊ မြန်မာအာဏာပိုင်တို့ကလည်း စီမံကိန်းများကို ဆိုင်းငံ့ခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုအပေါ် ဆိုးရွားစွာ ထိခိုက်နစ်နာစေခဲ့ပြီဟု ၀ါရှင်တန်နိုင်ငံခြားရေးမူဝါဒတက္ကသိုလ်၊ Stimson Centre ၏ သုတေသီတစ်ဦးဖြစ်သူ ယွန်ဆန် က ရေးသားတင်ပြသည်။

    “ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို တရုတ်စီမံကိန်းများဖြင့် အခိုင်အမာအခြေတည်ခဲ့ကြသည်။ ယခုသော် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရုတ်ခြည်းထိုးချသွားသည်။ မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် အန္တရာယ်များသော၊ မသင့်တော်သောနေရာဒေသအဖြစ် တရုတ်မှ ယူဆနေလေပြီ။ ၄င်းအပြင် မြန်မာအစိုးရမှ တရုတ်၏ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုကာကွယ်ရေးမပြုလုပ်ခြင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်နေသည် ” ဟု ရေးသားလိုက်၏။

    မြန်မာနိုင်ငံအတွင်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၈-၂၀၁၁ တွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ တွင် ဒေါ်လာ ၄၀၇ သန်းမျှသာ ရှိတော့သည်။ တရုတ်ပြည်မှအပ အခြားပြည်ပရင်းနှီးမြှုပ်နှံမှုသည်လည်း မဆိုစလောက် ကျဆင်းလာသည်ကိုတွေ့ရ၏။ ၂၀၁၀-၂၀၁၁ တွင် ပြည်ပမှတိုက်ရိုက် ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု Foreign Direct Investment(FDI) စုစုပေါင်းမှာ ဒေါ်လာ ၄.၆ ဘီလီယံ မှသည် ၂၀၁၁-၂၀၁၂ နှစ်ကုန်စာရင်းတွင် ဒေါ်လာ ၁.၄ ဘီလီယံသာ ရှိတော့သည်။

    ဤလမ်းကြောင်းမှာ မြန်မာ့စီးပွားရေးဦးမော့မှုကိုသာမက ဒီမိုကရေစီအပြောင်းအလဲအား ခြိမ်းခြောက်လျက်ရှိ၏။ နိုင်ငံ့ အခြေခံလိုအပ်ချက်များ၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတွက်ရေးအတွက် အဓိက နှင့် အခြေခံအကျဆုံးဖြစ်သည်ဟု ယင်းရေးသားချက်၌ အောက်ပါကဲ့သို့ ဖော်ပြသည်။

    “ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသစ်၏ စီးပွားရေးအောင်မြင်မှုသည် တိုင်းပြည်၏နိုင်ငံရေးအပြောင်းအလဲ ရေရှည်တည်တံ့မှုအပေါ် အထူးမူတည်လျက် ရှိသည်။ မြန်မာ နှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ နှစ်ဖက်စလုံးမှ သံသယ နှင့် အာဃာတလျှော့ချရေးတို့ကို ပြန်လည်သုံးသပ်ရမည့် အနေအထားတစ်ရပ် လိုအပ်နေပါသည်။ နှစ်ဖက်စလုံး အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို စဉ်းစားဆောင်ရွက်ရန် အရေးကြီးပါသည် ” ဟု အစီရင်ခံစာ၌ သတိပေး ဖော်ပြထားသည်။

    တရုတ်သံရုံးပြောဆိုခွင့်ရပုဂ္ဂိုလ် ကောင်းဝ်မင်းဘိုက တရုတ်၏ FDI သည် ၂၀၁၁ ခုနှစ်မှစ၍ သိသိသာသာ ထိုးကျခဲ့ကြောင်းကို အတည်ပြုကာ “ ယမန်နှစ်က FDI အနေအထား တော်တော်ဆိုးတယ်။ ဒီနှစ်မှာတော့ မဆိုစလောက်လေး ပြန်တက်နိုင်ကောင်းပါမယ် ” ဟု ပြောကြားသည်။

    ဆိုင်းငံ့ထားသည့်စီမံကိန်းများ ပြန်လည်စတင်နိုင်ရန် တရုတ် မြန်မာ နှစ်နိုင်ငံစလုံးအနေနှင့် တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ ဆိုင်ရာပြဿနာတို့ကို အဖြေရှာဖို့ အရေးတကြီးလိုအပ်နေသည်ဟု ရိပ်ဖမ်းသံဖမ်းပြောကြားသွား၏။

    “ နှစ်ဖက်စလုံးက ကြိုးစားမှုကို မြှင့်တင်လိုက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ တော်တော်ကြီးကြိုးစားနေတာကိုလည်း ထင်ထင်ရှားရှားတွေ့ကြရမှာပါ။ စီမံကိန်း လုပ်ငန်းဆောင်ရွက်တဲ့ တရုတ်လူမျိုးတွေအကြား အန္တရာယ်ကိုလက်ယပ်ခေါ်တာမျိုး မဖြစ်ရအောင် တိုးမြှင့် သတိပေးဖို့ လုပ်ရပါမယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု စီမံချက်များနဲ့ပတ်သက်ပြီး ဒေသခံတွေ နဲ့ မီဒီယာတွေဆီ ပိုမိုကွင်းဆင်းလေ့လာထိတွေ့သွားဖို့လည်း လိုအပ်ပါတယ် ”။

    လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း မြန်မာစစ်အာဏာရှင်တို့က နိုင်ငံရေးနှင့်စီးပွားရေးတွင် တရုတ်ပြည်အပေါ် အလွန်အကျွံ အားထားခဲ့ကြသည်။

    ၂၀၀၈ ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရင်းနှီးမြှုပ်နှံသွားဖို့ ပီကင်း(ဘေဂျင်း) မှ စတင် ခြေလှမ်းခဲ့သည်။ ဧရာမစီမံကိန်းကြီး သုံးခုဖြစ်သော  ရေအားလျှပ်စစ် အတွက် ဒေါ်လာ ၃.၆ ဘီလီယံရင်းနှီးမြှုပ်နှံမည့် မြစ်ဆုံဆည်တမံတည်ဆောက်ရေး၊ ဒေါ်လာ ၁ ဘီလီယံမြှုပ်နှံမည့် လက်ပတောင်းကြေးနီ သတ္ထုတွင်း၊ ဒေါ်လာ ၂.၅ ဘီလီယံမြှုပ်နှံမည့် ရွှေ ရေနံနှင့်သဘာဓာတ်ငွေ့ပို့လွှတ်ပိုက်လိုင်း တို့အား အကောင်အထည်ဖော်ရန် နေပြည်တော်တွင် ဗိုလ်ချုပ်များနှင့် သဘောတူလက်မှတ်ရေးထိုးသည့်အဆင့်ထိ ရောက်ခဲ့သည်။

    ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက တရုတ်နိုင်ငံသည် ဤသို့သောပတ်သက်ထိတွေ့မှုအားဖြင့် မြန်မာ့သယံဇာတအရင်းအနှီးများကို ကျယ်ပြန့်စွာ ချုပ်ကိုင်နိုင်ရန် ရည်မျှော်၍ လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည် ဟု ဆွန်က ရေးသားထား၏။

    သို့သော်လည်း ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်၏အရပ်သားတစ်ပိုင်းအစိုးရတက်လာပြီးသည့်နောက် မြစ်ဆုံဆည်စီမံကိန်းကို ၂၀၁၅ ခုနှစ်အထိ ဆိုင်းငံ့လိုက်သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် လက်ပံတောင်းသတ္ထုတွင်း စီမံကိန်းကိုလည်း ဆိုင်းငံ့ခဲ့သည်။

    ဆိုင်းငံ့လိုက်သည့်ဆုံးဖြတ်ချက်နှစ်ရပ်လုံးမှာ ထိုစီမံကိန်းတို့သည် တရုတ်ပြည်နှင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံကုမ္ပဏီများကိုသာ အကျိုးအမြတ်ထွက်စေပြီး သက်ဆိုင်ရာဒေသတွင်းရှိ လူ့အဖွဲ့အစည်းတို့၏ လူမှုရေးရာ နှင့် သဘာ၀၀န်းကျင်အပေါ် ဆိုးကျိုးဖြစ်ပေါ်မည်ကိုစိုးရိမ်လာသဖြင့် မြန်မာလူထုတို့မှ ထင်ထင်ရှားရှား ဆန့်ကျင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

    မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ခွန်းမင်အထိ သွယ်တန်းသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင်လည်း ပြဿနာ အချို့ရှိလာပြန်သည်။ အဘယ်ကြောင့်ဟူမူ ယင်းဖက်စပ်စီမံကိန်းတွင် တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ တောင်ကိုးရီးယား လေးနိုင်ငံမှ ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်၏။

    လွန်ခဲ့သောလအနည်းငယ်၌ လွှတ်တော်မှ လက်ပံတောင်းကိစ္စစုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့ကာ စေလွှတ်ခဲ့သည်။ ယင်းစီမံကိန်းသည် မြန်မာအစိုးရအတွက် အကျိုးအမြတ်များပြားလျှင်၊ ၄င်းအပြင် ဒေသတွင်းဆိုင်ရာပြဿနာများကို ဦးတည်ဖြေရှင်းပေးနိုင်လျှင် ၄င်းကို ပြန်လည်ဖော်ဆောင်သင့်ကြောင်း သုံးသပ်ခဲ့ကြသည်။

    သို့ဖြင့် တရုတ်စီမံကိန်းအရာရှိများ နှင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံ ဦးပိုင်အုပ်စုတို့၏ အကျိုးအမြတ်ကို အကြီးအကျယ်ဖြတ်တောက် လိုက်ပြီး မြန်မာအစိုးရအတွက် ၀င်ငွေ အကျိုးဖြစ်ထွန်းစေသော စီမံကိန်းဆိုင်ရာစာချုပ်သစ် တစ်ရပ် ချုပ်ဆိုရန်ဖြစ်လာတော့သည်။

    ဤသဘောတူညီမှုအသစ်သည် ပြည်တွင်းရေး၊ နိုင်ငံရေး နှင့် နှစ်နိုင်ငံဆက်ဆံရေး တို့ကို အကျိုးအမြတ်မျှဝေ ခံစားမှုအားဖြင့် ပြန်လည်ညှိနှိုင်းရန်၊ သို့သာမက တရုတ်ရင်းနှီးမြှုပ်နှံသူများအဖို့ မြန်မာနိုင်ငံရှိ မိမိတို့၏စီမံကိန်းအားနည်းလိုအပ်ချက်များအပေါ် သတိပြုဖြည့်ဆည်းစေရန် အရေးပါသောတိုးတက်မှုတစ်ရပ်ဖြစ်သည် ဟု Stimson Cetre ၏အစီခံစာမှ တင်ပြလိုက်ပါသည်။

    Irrawaddy အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော “Drop in Chinese Investment Could Hurt Burma Economy, Reform: US Report” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင်မြန်မာပြန် ဆိုပါသည်။