News @ M-Media

Tag: Nationalism

  • အမျိုး၊ ဘာသာအတွက် မက္ကဆီကန်များကို သတ်ရသည်ဟု အလ်ပါဆို သေနတ်သမား ထွက်ဆို

    အမျိုး၊ ဘာသာအတွက် မက္ကဆီကန်များကို သတ်ရသည်ဟု အလ်ပါဆို သေနတ်သမား ထွက်ဆို

    သြဂုတ် ၁၀၊ ၂၀၁၉
    M-Media

    -တက္ကဆက်ပြည်နယ် အလ်ပါဆိုမြို့က လူ ၂၂ ဦးသေဆုံးတဲ့ ပစ်ခတ်မှုမှာ မက္ကဆီကန်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး၊ အမျိုး ဘာသာ သာသနာကို ကာကွယ်ဖို့ လုပ်ဆောင်ခဲ့တာလို့ သေနတ်သမား ပက်ထရစ်ခရူးရှက်က ၀န်ခံပြောကြားလိုက်ပါတယ်။

    အသက် ၂၁ နှစ်အရွယ် ခရူးရှက်ဟာ သြဂုတ်လ ၃ ရက်နေ့က မက္ကဆီကိုနယ်စပ် အလ်ပါဆိုမြို့မှာရှိတဲ့ Walmart ဆိုင်ကို ၀င်ရောက် ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုအပြီးမှာ ခရူးရှက်က ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပါတယ်။

    ချေမှုန်းရေးရိုင်ဖယ် AK47 နဲ့ ကျည်တွေသယ်ဆောင်ကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ မက္ကဆီကန်တွေကို ပစ်မှတ်ထားခဲ့ကြောင်း ခရူးရှက်က ရဲတပ်ဖွဲ့ထံ ၀န်ခံပြောကြားခဲ့ပါတယ်။ ခရူးရှက်ဟာ သူနေထိုင်ရာ ဒါးလက်စ်မြို့ ဆင်ခြေဖုံးကနေ ၁၀ နာရီကြာ ကားမောင်းလာရောက်ကာ ပစ်ခတ်မှုကို ကျူးလွန်ခဲ့တာပါ။


    ပက်ထရစ်ခရူးရှက်

    ပစ်ခတ်မှုမကျူးလွန်ခင် မိနစ်ပိုင်းအလို အွန်လိုင်းမှာ ကြေငြာစာတမ်းတစ်ခုကို ခရူးရှက်က လွှင့်တင်ခဲ့ပြီး အဲဒီအထဲမှာ အစွန်းရောက် လူဖြူအမျိုးသားရေးဝါဒ၊ မက္ကဆီကန်တွေအပေါ် မုန်းတီးမှု၊ လူဖြူကြီးစိုးရေးဝါဒ၊ ပြောင်းရွှေ့အခြေချမှုဆန့်ကျင်ရေး၊ ဂျူးဆန့်ကျင်ရေးတွေကို ရေးသားဖော်ပြထားပါတယ်။

    မက္ကဆီကန်တွေဟာ တက္ကဆက်ပြည်နယ်ကို ကျူးကျော်သိမ်းပိုက်ကာ၊ သွေးနှောနေတဲ့အတွက်
    ရှင်းပစ်မယ်လို့လည်း ခရူးရှက်က ကြေငြာစာထဲမှာ ကြုံးဝါးထားပါတယ်။

    “ကျူးကျော်သိမ်းပိုက်ကာ လူမျိုးရေးနဲ့ ယဉ်ကျေးမှုကို ဖယ်ထုတ်အစားထိုတာတွေကန ကျွန်တော့်တိုင်းပြည်ကို ကာကွယ်ပေးတာပါပဲ”

    လက်ရှိမှာ ခရူးရှက်ကို လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ အမှုကို အမျိုးသားရေးအခြေပြု ပြည်တွင်း အစွန်းရောက်ဝါဒအဖြစ် ကိုင်တွယ်စစ်ဆေးနေတာကြောင့် ခရူးရှက်ကို အမုန်းရာဇ၀တ်မှု
    စွဲချက်တွေနဲ့ ထပ်မံစွဲဆိုသွားဖို့လည်း ရှိနေပါတယ်။

    Ref: Aljazeera

  • အမျိုးသားရေးအခြေပြု ‘ပြည်တွင်းအစွန်းရောက်ဝါဒ’ နဲ့ ရင်ဆိုင်လာရတဲ့ အမေရိကန်

    အမျိုးသားရေးအခြေပြု ‘ပြည်တွင်းအစွန်းရောက်ဝါဒ’ နဲ့ ရင်ဆိုင်လာရတဲ့ အမေရိကန်

    ဇူလိုင် ၅၊ ၂၀၁၉
    M-Media

    -အမေရိကန်ပြည်ထောင်စုမှာ ၁၃ နာရီအတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး အဲဒီအထဲက တစ်ခုကိုတော့ အစွန်းရောက် လူဖြူအမျိုးသားရေးအယူအဆ အခြေပြု ‘ပြည်တွင်းအစွန်းရောက်ဝါဒ’ အဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    တက္ကဆက်ပြည်နယ်က ‘အလ်ပါဆို’ ဆိုတဲ့ မြို့လေးမှာ စနေနေ့ နေ့လည်ပိုင်းက ပစ်မှတ်မှုဖြစ်ပွားပြီး ၁၃ နာရီအတွင်းမှာပဲ အိုဟိုင်းယိုးပြည်နယ်က လူစည်းကားရာနေရာမှာ နောက်ထပ် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်အတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု စုစုပေါင်း ၄ ခုအထိ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၃၄ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

    အခုနှစ်အတွင်း အမေရိကန်မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုပေါင်း ၂၅၁ ခု ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။ အနည်းဆုံး သေဆုံးသူ ၄ ဦး ရှိတာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလို့ သတ်မှတ်တာဖြစ်ပါတယ်။

    လူဖြူအမျိုးသားရေးဝါဒ

    လူဖြူအစွန်းရောက် ခရူးရှက်

    မက္ကဆီကိုနယ်စပ်မှာရှိတဲ့ အလ်ပါဆိုမြို့ဟာ အမေရိကန်က ဘေးအန္တရာယ်အကင်းဆုံး မြို့တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် စနေနေ့မှာတော့ အသက် ၂၁ နှစ်အရွယ် ပက်ထရစ် ခရူးရှက်ဆိုသူက Walmart စတိုးဆိုင်အတွင်း ဈေးဝယ်သူတွေကို ချေမှုန်းရေးရိုင်ဖယ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ခရူးရှက်ဟာ ပစ်ခတ်မှုမလုပ်ခင် မိနစ်ပိုင်းအလိုမှာ စာမျက်နှာ ၄ မျက်နှာပါတဲ့ ကြေငြာစာတမ်းတစ်ခုကို အွန်လိုင်းမှာ လွှင့်တင်ခဲ့ပြီး အဲဒီအထဲမှာ လူဖြူအမျိုးသားရေးဝါဒနဲ့ လူမျိုးရေးမုန်းတီးမှု၊ ဂျူးဆန့်ကျင်ရေးဝါဒတွေကို အထင်အရှား ရေးသားဖော်ပြထားပါတယ်။

    စပိန်စကားပြောသူတွေ၊ မက္ကဆီကန်တွေကို မုန်းတီးကြောင်း၊ ပြောင်းရွှေ့အခြေချသူတွေနဲ့ ပထမမျိုးဆက် အမေရိကန်တွေဟာ အလုပ်တွေကို သိမ်းပိုက်သွားပြီး၊ အမေရိကန်မှာ ယဉ်ကျေးမှုတွေကို ရောသမမွှေနေကြောင်း၊ ဒါကို တားဆီးရမှာဖြစ်ကြောင်းလည်း ကြေငြာစာတမ်းက ဆိုပါတယ်။

    ခရူးရှက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေထဲမှာ ၆ ဦးက မိမိတို့နိုင်ငံသားတွေဖြစ်တယ်လို့ မက္ကဆီကိုသမ္မတ အန်ဒရီယက်စ် မန်နျူယဲလ် လိုပက်ဇ် အိုဘရာဒါက ပြောကြားခဲ့ပြီး၊ နိုင်ငံသားတွေကို ဥပဒေလမ်းကြောင်းအတိုင်း တတ်နိုင်သမျှ ကာကွယ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း မက္ကဆီကိုနိုင်ငံသား ၇ ဦး ပါဝင်ပါတယ်။

    အလ်ပါဆိုမြို့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ စပိန်စကားပြောသူတွေဖြစ်ပြီး၊ မက္ကဆီကိုနိုင်ငံက ထောင်သောင်းချီတဲ့လူတွေဟာလည်း အလုပ်လုပ်ဖို့နဲ့ ဈေးဝယ်ဖို့အတွက် အမေရိကန်နိုင်ငံထဲကို နေ့စဉ် တရားဝင် ၀င်ထွက်သွားလာနေကြတာပါ။

    ပြည်တွင်းအကြမ်းဖက်ဝါဒ

    ၁၃ နာရီအတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၂ ခုဖြစ်

    တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရဂ်ျ အဘော့က ပစ်ခတ်မှုကို အမုန်းရာဇ၀တ်မှုအဖြစ်
    မှတ်ယူနိုင်ပြီး၊ လူမျိုးရေးမုန်းတီးမှုကြောင့် ဒီအမှုကို ကျူးလွန်တယ်ဆိုတာ ကြေငြာစာတမ်းက
    အထောက်အထားတစ်ခု ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

    ခရူးရှက်ဟာ ဒါးလက်စ်မြို့ ဆင်ခြေဖုံးကဖြစ်ပြီး မိုင်ပေါင်း ၆၅၀ အကွာအဝေးအထိ လာရောက်ကာ ပစ်ခတ်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ခရူးရှက်ဟာ အသာတကြည်ပဲ အဖမ်းခံခဲ့ပါတယ်။

    တက္ကဆက်ပြည်နယ် ရှေ့နေချုပ်က ခရူးရှက်ကို သေဒဏ်ပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့သလို၊ တက္ကဆက် အနောက်ပိုင်းခရိုင်ရှေ့နေချုပ် ဂျွန်ဘက်ရှ်ကလည်း ပစ်ခတ်မှုကို “ပြည်တွင်းအကြမ်းဖက်ဝါဒ” အဖြစ် သတ်မှတ် စစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီတိုင်းပြည်မှာ အကြမ်းဖက်သမားတွေကို ကိုင်တွယ်သလိုပဲ ဒီကိစ္စကို ကိုင်တွယ်သွားမှာပါ။
    မြန်မြန်ဆန်ဆန်နဲ့ တရားမျှတအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

    တစ်ပတ်အတွင်း ပစ်ခတ်မှု ၄ ခု

    လူဖြူအစွန်းရောက် လီဂန်

    အလ်ပါဆို ပစ်ခတ်မှုအပြီး ၁၃ နာရီအကြာမှာပဲ အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့က လူစည်ကားရာ မြို့လယ်ကောင်မှာ ကျည်ကာအင်္ကျီ ၀တ်ဆင်ထားတဲ့ သေနတ်သမားတစ်ဦးက တစ်မိနစ်ကျော်ကျော်အတွင်း လူ ၉ ဦးကို ပစ်သတ်ခဲ့ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒီပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့က သေနတ်သမားကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ဇူလိုင်လ ၃၀ ရက်နေ့က မစ်စစ္စပီက Walmart ဆိုင်မှာ အလုပ်သမားဟောင်းတစ်ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် အလုပ်သမား ၂ ဦးသေဆုံးကာ၊ ရဲအရာရှိတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

    ဇူလိုင်လ ၂၉ ရက်နေ့က ပစ်ခတ်မှုတစ်ခုကတော့ ကယ်လီဖိုးနီးယားပြည်နယ်က Gilroy Garlic Festival အစားအသောက်ပွဲတော်မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၁၉ နှစ်အရွယ် လူဖြူအမျိုးသား ဆန်တီနို လီဂန်ဆိုသူက စစ်ဝတ်စုံဝတ်ပြီး ချေမှုန်းရေးရိုင်ဖယ်ကိုင်ကာ ၀င်ရောက်
    ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း အသက် ၆ နှစ်အရွယ်နဲ့ ၁၃ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရရှိတဲ့ဒဏ်ရာကြောင့် လီဂန်ဟာ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

    နီဗားဒါးပြည်နယ်က လီဂန်ရဲ့အိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေရာမှာ အစွန်းရောက် လူဖြူအမျိုးသားရေးဝါဒနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေနဲ့ လက်နက်အမြောက်အများကို တွေ့ခဲ့ရပါတယ်။ လီဂန်ဟာ ဆိုရှယ်မီဒီယာမှာလည်း အမျိုးသားရေးဝါဒအကြောင်း၊ လူမျိုးရေးခွဲခြားမှု၊ မုန်းတီးမှုအကြောင်းတွေ လွှင့်တင်လေ့ရှိတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

    Ref: CNN, Aljazeera

  • အစွန်းရောက်များကြောင့် နာမည်ပျက်လာသည့် ဗုဒ္ဓဘာသာ

    အစွန်းရောက်များကြောင့် နာမည်ပျက်လာသည့် ဗုဒ္ဓဘာသာ

    ဖေဖော်ဝါရီ ၉၊ ၂၀၁၇
    M-Media

    – ထိုင်း၊ မြန်မာနှင့် သီရိလင်္ကာကဲ့သို့ ဗုဒ္ဓဘာသာဝင်အများစုရှိရာ နိုင်ငံများတွင် အမုန်းစကားများ မြင့်တက်လာမှုက အလွန်စိုးရိမ်စရာကောင်းနေပြီး၊ အန္တရာယ်ကိုလည်း မြင်နေရသောကြောင့် ထိုကိစ္စအား တွန်းလှန်ရန်အတွက် ထိုနိုင်ငံများက တစ်ခုခု လုပ်ရမည်ဟု ထိုင်းနိုင်ငံမှ ထင်ရှားသည့် ဗုဒ္ဓဘာသာ ပညာရှင်တစ်ဦးဖြစ်သူ Sulak Sivaraksa က ပြောကြားလိုက်သည်။

    “သိပ်စိုးရိမ်စရာကောင်းတယ်ဗျ။ လက်နက်တွေထက်တောင် ပိုပြီး အန္တရာယ်ရှိပါတယ်” ဟု Sulak Sivaraksa က CNA ၏ Between The Lines အစီအစဉ် ဆွေးနွေးမှုတွင် ပြောကြားခဲ့သည်။ ၎င်းမှာ နိုင်ငံတကာက အသိအမှတ်ပြုမှုကို ရရှိထားသည့် ဗုဒ္ဓဘာသာအရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်။

    ဗုဒ္ဓဘာသာ၏ သင်ကြားမှုများက အကြမ်းမဖက်မှု၊ ခန္တီတရားတို့ကို အရင်းတည်သည်။ သို့သော်လည်း ဗုဒ္ဓဘာသာအမျိုးသားရေး ၀ါဒများ ပေါ်ပေါက်လာသည့်အချိန်တွင် အမုန်းစကားများက သဘောထားတင်းမာသော အုပ်စုများအကြားတွင် သိသိသာသာ လွှမ်းမိုးလာခဲ့ပြီး အခြားအုပ်စုများကို အကြမ်းဖက်ရန်၊ ဖျက်ဆီးရန်နှင့် သတ်ဖြတ်ရန် ထိုအမုန်းစကားများဖြင့် လှုံ့ဆော်လာကြသည်။

    ဥပမာအားဖြင့် သီရိလင်္ကာနိုင်ငံတွင် ဘုန်းကြီးတစ်စုက ၂၀၁၂ ခုနှစ်တွင် Bodu Bala Sena ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ရန်ဟု ခေါင်းစဉ်တပ်သည်။ ထိုအချိန်မှစ၍ မွတ်စလင်နှင့် ခရစ်ယာန်များအပေါ် တိုက်ခိုက်မှု ရာပေါင်းများစွာ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများ၏ မဘသ အုပ်စုက ရိုဟင်ဂျာမွတ်စလင်များကို ဆန့်ကျင်သည့် သဘောထားများကို မီးထိုးပေးသည်။

    ဆိုရှယ်မီဒီယာက ဒေါသဖြစ်စရာ သွေးထိုးမှုများ ပြန့်နှံ့ရာတွင် ပါဝင်နေသည်။ မစ္စတာ Sulak က အမုန်းစကားမှာ အကြမ်းဖက်မှုကို လှုံ့ဆော်နိုင်သည့် စွမ်းအားရှိသောကြောင့် အစိုးရများအနေဖြင့် အမုန်းစကားကို တရားမ၀င်အဖြစ်သတ်မှတ်ရန် တိုက်တွန်းခဲ့သည်။

    “လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကိုတော့ ကျွန်တော် မကန့်ကွက်ပါဘူ။ အမြင်မတူတာတွေရှိမယ်၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် အမုန်းစကားတွေ၊ တစ်ဖက်လှည့်စကားတွေ ပြောလာမယ်ဆိုရင် ဒါကို ခွင့်ပြုလို့ မရပါဘူး”

    သို့ဆိုလျှင် ငြိမ်းချမ်းရေးနှင့် ကိုယ်ချင်းစာတရားကို သင်ကြားသည့် ဗုဒ္ဓဘာသာကဲ့သို့ ဘာသာတရားတစ်ခုက အမုန်းတရား၏ သားကောင်ဖြစ်လာနိုင်မည်လော။

    စာနာမှုကို အမုန်းက လွှမ်းမိုးသွားသည့်အခါ

    Thammasat တက္ကသိုလ်မှ ဗုဒ္ဓဘာသာရေးရာ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာ Mano Laohanavich က ဗုဒ္ဓဘာသာဝင်အချို့မှာ အခြားဘာသာတရားများကို နားလည်မှုမရှိဟု သုံးသပ်ခဲ့သည်။

    “ကိုယ့်ရဲ့ အမှန်တရားသီးသန့်ကိုသာ ဖော်ပြထားတဲ့ သူတို့ရဲ့ ကျမ်း၊ သူတို့ရဲ့ တရားကိုပဲ လေ့လာကြတာ။ ဒီအမှန်တရားက တစ်ခုတည်းဖြစ်ရမယ်၊ အကောင်းဆုံးဖြစ်တယ် ဆိုတာမျိုးပေါ့ဗျာ”

    ၎င်းတို့ဘာသာတရား၏ တန်ဖိုးများကသာ အသာလွန်ဆုံးဖြစ်သည်ဟု ထင်လာကြသောအခါ အခြားသော ဘာသာတရားများကို ဂရုမထားတော့ခြင်း၊ ၎င်းတို့၏ ဘာသာတရားမှာ ခြိမ်းခြောက်ခံနေရသည်ဟု ကြောက်ရွံ့ခြင်းတို့ ဖြစ်လာသည်ဟု Mahidol တက္ကသိုလ်မှ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှုအသင်းမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ Eakpant Pindavanija က ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များ၏ ကိစ္စကို ၎င်းက ထောက်ပြသည်။ အစပိုင်းတွင် ထိုပြောင်းရွှေ့လာသူများကို သနားဂရုနာသက်ကြသော်လည်း မွတ်စလင်ဖြစ်သည်ဟု သိလာကြသည့်အခါတွင် အချို့သောထိုင်းများ၏ သနားမှုက ဒေါသထွက်မှုအဖြစ် ပြောင်းသွားကြသည်။

    “ချက်ချင်းဆိုသလိုပဲ ‘အို- သူတို့တွေက ငါတို့တိုင်းပြည်ကို ဖျက်ဆီးဖို့ ရာက်နေကြပါတယ်။ သူတို့တွေက ငါတို့ရဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းကို ဖျက်ဆီးချင်နေတယ်’ ဆိုတဲ့ အမုန်းစကားတွေ ပေါ်လာတယ်။ သနားဂရုဏာသက်တဲ့ စိတ်ထားလည်း ပျောက်သွားတယ်” ဟု ဒေါက်တာ Eakpant က ပြောကြားခဲ့သည်။

    အကြောက်တရားက ဆင်ခြင်တုံတရားအပေါ် လွှမ်းမိုးသည့်အခါ

    ဗုဒ္ဓဘာသာဝင်များက ယေဘုယျအားဖြင့် ဗုဒ္ဓ၏ဓမ္မ၊ စစ်မှန်သောရည်ရွယ်ချက်နှင့် အဓိပ္ပါယ်တို့ကို သေသေချာချာ နားမလည်ကြဟု Chulalongkorn တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာ Chantana Banpasirichote Wun’gaeo က ပြောကြားခဲ့သည်။

    ဘာသာရေး လူများစုနှင့် လူနည်းစုများရှိရာ ဒေသတွင် လူများစုက ‘ငါတို့ ဆုံးဖြတ်မယ်။ မင်းတို့က ငါတို့နောက်လိုက်ရမယ်’ ဟု ပုံမှန်လိုလို ယူဆထားသည်ဟုလည်း ဒေါက်တာ Mano က ထောက်ပြခဲ့သည်။

    “ကိုယ့်ရဲ့ အမှတ်သညာကို ခွဲခြားမှုတွေဖန်တီးဖို့ သူတို့က သုံးကြတယ်။ နိုင်ငံရေးဆိုင်ရာ ကြောက်ရွံ့မှုက ဆင်ခြင်တုံတရားနဲ့ ဂရုဏာတရားတို့အပေါ်မှာ လွှမ်းမိုးသွားတယ်”

    နိုင်ငံရေးသမားများက ၎င်းတို့ အာဏာရရေးအတွက် ထိုသဘောတရားများအပေါ် မကြာခဏ အမြတ်ထုတ်သည်ဟုလည်း သူက ဆိုသည်။

    “ကမ္ဘာတစ်ဝှမ်းက ဘာသာရေး ပဋိပက္ခတွေကို ကြည့်မယ်ဆိုရင်၊ တစ်ဖက်ဆွဲ လှုံ့ဆော်မှုတွေနဲ့ လုပ်ရတာဖြစ်ပြီး တော်တော်များများက ခေါင်းဆောင်ပိုင်းက လာတာပါ” ဟု ဒေါက်တာ Chantana ပြောကြားခဲ့သည်။

    အတူလုပ်ရမည်

    တရိပ်ရိပ်တက်လာသည့် အမုန်းတရားနှင့် ကြောက်ရွံ့မှုကို တုန့်ပြန်တိုက်ဖျက်ရန် တစ်ခုတည်းသော နည်းလမ်းက ဘာသာတရား မတူသူများ ၎င်းတို့၏ အယူဝါဒနှင့်ပတ်သက်၍ ဆွေးနွေးနိုင်မည့်၊ အတူတကွ စားသောက်နိုင်မည်၊ ၀တ်ပြုနိုင်မည့်၊ ဆင်းရဲမွဲတေမှုကဲ့သို့ လူ့အဖွဲ့အစည်း၏ ပြဿနာကို အတူတကွ ဖြေရှင်းနိုင်မည့် လုံခြုံသော ၀န်းကျင်တစ်ခုဖန်တီးပေးရေးဖြစ်သည်ဟု ဒေါက်တာ Mano က အကြံပြုခဲ့သည်။

    ၎င်း၏အတွေ့အကြုံအရ မတူညီသော ဘာသာတရားများမှ လူများမှာ အနီးကပ် အတူတကွ လုပ်ဆောင်ပါက နားလည်မှု၊ အပြန်အလှန်လေးစားမှု ပိုမိုရရှိနိုင်သည်ဟုလည်း Mano က ဆိုသည်။ မနှစ်က ထိုင်ဝမ်နိုင်ငံ Kaohsiung ဒေသတွင် ဖြစ်ပွားခဲ့သည့် ငလျင်တွင် ဗုဒ္ဓဘာသာဝင်၊ မွတ်စလင်နှင့် ခရစ်ယာန်များ ပူးပေါင်းကော ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်မှုကို ၎င်းက ထောက်ပြခဲ့သည်။

    ထိုကဲ့သို့ မတူညီသော ဘာသာတရားများ ပေါင်းစည်းလိုက်သည့်အခါတွင် ‘မတူကွဲပြားမှုမရှိဘဲ ညီညွတ်သွားသည့်အတွက်ကြောင့် အလွန်အားကောင်း ထိရောက်သွားစေနိုင်သည်’ ဟု ဒေါက်တာ Mano က ထည့်သွင်းပြောကြားခဲ့သည်။

    မစ္စတာ Sulak ကတော့ မြန်မာနိုင်ငံမှ အခြေအနေအတွက် မျှော်လင့်ချက်ရှိနေသည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာဘုန်းကြီးများက ရိုဟင်ဂျာမွတ်စလင်များအပေါ် တိုက်ခိုက်သည့် လုပ်ရပ်များမှာ လူတစ်စု စီစဉ်ခြင်းဖြစ်ပြီး၊ သတင်းစာမျက်နှာများတွင် ပြန့်နှံ့ရန် ရည်ရွယ်သော်လည်း လက်တွေ့ မြန်မာနိုင်ငံတွင် ‘ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များမှာ ရှုမောဖွယ်ရာ အတူတကွ ဆောင်ရွက်နေကြသည်’ ဟု ဆိုလေသည်။

    (CNA သတင်းဌာနတွင် ဖော်ပြထားသော Why Buddhism, a religion of tolerance, is falling prey to hate-speech: Panel ဆောင်းပါကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ရွေးကောက်ပွဲ အကြို မ.ဘ.သ ခြေလှမ်း နှင့် ဒေသတွင်း ကူးစက်နိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ

    ရွေးကောက်ပွဲ အကြို မ.ဘ.သ ခြေလှမ်း နှင့် ဒေသတွင်း ကူးစက်နိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ

    ဇွန် ၂၄၊ ၂၀၁၅
    M-Media
    ဒန်ငြာရှိန်း- ရေးသည်။

    118
    Image copy form Internet

    ၂၀၁၅ ရွေးကောက်ပွဲအကြိုမှာ ကျင်းပခဲ့တဲ့ မ.ဘ.သရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကတော့ ထုံးစံအတိုင်း  မြန်မာမွတ်စလင် နိုင်ငံသားတွေနဲ့ NLD ပါတီတို့ကို အကျပ်အတည်းတွေ့စေမယ့် ဆုံးဖြတ်ချက်များနဲ့ အတူ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

    “အစစ်အမေးတတ်၏ ဓမ္မသတ်ကို မကျွမ်း” ဆိုသလို နိုင်ငံတော် ဥပဒေပြဌာန်းရာ ကဏ္ဍတွေမှာသာမက ရဲစခန်းတွေ၊ တရားခွင်တွေမှာပါ အင်အားပြခြိမ်းခြောက်ပြီး မိမိတို့ အလိုရှိတဲ့ ဆုံးဖြတ်ချက်ကို ရအောင် လုပ်ယူတတ်ကြတဲ့ မ.ဘ.သ အဖွဲ့ဝင် ဗုဒ္ဓဘာသာ ရဟန်းများဟာ တကယ်ပဲ ဗုဒ္ဓဓမ္မ နားလည်တတ် ကျွမ်းကျင့်သုံးသူများဖြစ်ပါသလားဆိုတာ သံသယပွားစရာ များသထက် များလာနေပါပြီ။ သတ္တ၀ါအပေါင်းကို မေတ္တာတရားနဲ့ လွှမ်းခြုံမိုးခြင်းဖြင့် လောကတခွင် အောင်မြင်ခြင်း အသီးအပွင့်တွေ ဝေဆာဖို့ ရည်ရွယ်ရင်းဖြစ်တဲ့ ဗုဒ္ဓဒေသနာတော်တွေထဲမှာတော့ ချွင်းချက်အနေနဲ့ “ကုလားနဲ့ NLD ” မပါစေရအောင် မ.ဘ.သ က ပေါ်ပေါ်ထင်ထင်ကြိုးပမ်းနေခဲ့တာလဲ ကြာပါပြီ။

    ယခုလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်တွေမှာ ကျင်းပခဲ့တဲ့ မ.ဘ.သ ညီလာခံမှာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ညီလာခံမှာ ဖြန့်ဝေခဲ့တဲ့ လှုံ့ဆော်ရေးစာတွေမှာ  နိုင်ငံသား မြန်မာမွတ်စလင်တွေ အတွက် အကျပ်အတည်း ဆိုက်ရောက်စေမယ့် ဆုံးဖြတ်ချက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီထဲက အချို့ပြင်းထန်ပြီး အစွန်းရောက်တဲ့ ဆုံးဖြတ်ချက်တွေကတော့

    ၁) ဗုဒ္ဓဘာသာ မဟုတ်သူတွေကို လူမျိုးခြား ဘာသာခြား မိစ္ဆာဒိဌိတွေအဖြစ် ခေါ်ဝေါ်သမုတ်ထားတဲ့ အပြင် သူတို့တွေ လွှတ်တော် အမတ်ဖြစ် မလာစေဖို့ နည်းမျိုးစုံသုံး ဟန့်တားရမယ်
    ၂) မွတ်စလင်တွေ နှစ်စဉ် ကျင်းပတဲ့ အီးဒ်ပွဲတော်မှာ တိရစ္ဆာန် သတ်ဖြတ်ခြင်း မလုပ်ဖို့ ဥပဒေပြဌာန်းပေးရန် အစိုးရကို ဖိအားပေးရမယ်
    ၃) ကျောင်းတွေမှာ မွတ်စလင် ကျောင်းသူတွေ ဦးခေါင်းခြုံခြင်း မလုပ်ဖို့ ဥပဒေထုတ် တားမြစ်ပေးရန် အစိုးရကို ဖိအားပေးရမယ်

    စသဖြင့်ဖြစ်ပါတယ်။

     

    မ.ဘ.သရဲ့ လှုပ်ရှားမှုတွေကို သူတို့ဒီလိုမြင်တယ်

    —————————————————-
    မ.ဘ.သညီလာခံရဲ့ အစွန်းရောက် ဆုံးဖြတ်ချက်တွေကြောင့် မြန်မာပြည် လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ရဲ့ အကြီးတန်း သုတေသီ ဒေးဗစ်မက်သီးယီးဆန်ကတော့ မ.ဘ.သကို အစွန်းရောက်ဘာသာရေး၊ အစွန်းရောက်လူမှုရေးအမြင်တွေကို အခြေခံထားပြီး ဘာကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းနေတဲ့ နိုင်ငံရေး အင်အားစုအဖြစ် ကင်ပွန်းတပ်ခဲ့ပါတယ်။ ဒါ့အပြင် သူက မ.ဘ.သ သည် မသမာတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေ အကျိုးဖြစ်ထွန်းစေဖို့ အထောက်အပံ့ပေးနေတဲ့ ပဉ္စမ မဏ္ဍိုင်လို့လည်း ဆိုခဲ့ပါသေးတယ်။ (http://tinyurl.com/q5ts2v5)

    အာရှ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ရဲ့ လက်ထောက်ဒါရိုက်တာ ဖီးလ်ရောဘတ်ဆင်ကတော့ မ.ဘ.သရဲ့ လှုပ်ရှားမှုတွေကို “ရွံ့ရှာဖွယ်ရာ” တွေအဖြစ် သမုတ်ခဲ့ပါတယ်။ (http://tinyurl.com/ogl73z5)

    ဒေသတွင်း ကူးစက်ပြန့်ပွားနိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ
    ———————————————————-
    ယခုနှစ် မ.ဘ.သ ညီလာခံမှာ ထူးခြားတာကတော့ ရဟန်းသံဃာတွေ ဦးဆောင်တဲ့ ထိုင်းနိုင်ငံကိုယ်စားပြု အဖွဲ့လည်း တက်ရောက်လာခြင်းဖြစ်ပါတယ်။

    “ထိုင်းနိုင်ငံသာ ဗုဒ္ဓဘာသာ အမြဲတမ်းဖြစ်ခွင့်ရမယ်ဆိုရင် ထိုင်းနိုင်ငံကို မြန်မာက လာသိမ်းသွားမယ်ဆိုရင်တောင် ကြည်ဖြူစွာနဲ့ လက်ခံနေပါမယ် လို့ ထိုင်းဆရာတော်နဲ့ တာဝန်ရှိသူတွေက နောင်တကြီးစွာနဲ့ပြောကြားခဲ့ပါတယ်။” ဆိုပြီး တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင် ဖေ့စ်ဘွတ်ခ်က ဖော်ပြထားပါတယ်။ (http://tinyurl.com/qch7dlu)

    ထိုင်းနိုင်ငံအခြေစိုက် ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာတွေကို  အဓိကထားထုတ်လွှင့်နေတဲ့ TBC News Agency (National Thai Buddhism and Culture Mass Media Association) က မြန်မာပြည် အခြေဆိုက် မ.ဘ.သဗဟိုကို ရေဒီယို (ချန်နယ်) လွှင့်နိုင်အောင် ကူညီပေးသွားမယ်လို့ ယင်းအေဂျင်စီ ဒုဥက္ကဋ္ဌ Mr. Woottisarn Panaree ပြောကြားခဲ့ကြောင်း The Voice ရဲ့ ဖော်ပြချက်အရသိရပါတယ်။ (http://tinyurl.com/nszf226)

    ဗုဒ္ဓဘာသာနိုင်ငံတခုဖြစ်တဲ့ သီရိလင်္ကာက မွတ်စလင်မုန်းတီးရေး BBS အစွန်းရောက်အဖွဲ့နဲ့ မ.ဘ.သ(၉၆၉) အဖွဲ့တို့အကြား ကူးလူးဆက်နွယ်မှုတွေ ရှိခဲ့သလို ယခုလည်း ဗုဒ္ဓဘာသာ ၉၀% နီးပါးရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ သံဃာအဖွဲ့အစည်းတွေကြား မ.ဘ.သ ဦးဆောင်တဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒ ကူးစက်ပြန့်ပွား လာနိုင်ချေရှိနေပါတယ်။

    ကိုင်းလဲမထမ်းချင် ၊ အီးလဲမနမ်းချင်
    ————————————
    “အရိပ်အယောင်ရှိ၏ မစူးစမ်း” ဆိုတဲ့ မြန်မာစကားပုံတစ်ခုလိုပါပဲ။ မြန်မာနိုင်ငံသားများဟာ မ.ဘ.သရဲ့ ချော့လုံး၊ ချောက်လုံး၊ ငေါက်လုံးနဲ့ ဒရန်မာဇတ်လမ်းတွေမှာ မျောပါနေလျက် ဘင်္ဂလီလှေစီးပြေးကိုသာ နိုင်ငံတော် အတွက် အရှက်ရစရာရယ်လို့မှတ်ယူပြီး ဖုံးဟယ်၊ ဖိဟယ်၊ ဆန့်ကျင်ရယ်နဲ့ အချိန်တွေ ကုန်လာလိုက်တာ ၂၀၁၅ ရွေးကောက်ပွဲတောင်ရောက်ခါနီးပါပြီ။ ၀ိဘဇ္ဇလို့ခေါ်တဲ့ ခွဲခြမ်းစိတ်ဖြာတတ်တဲ့ အစွမ်းကို အသုံးချသူ အလွန် နည်းပါးလာတာတွေ့ရပါတယ်။ နိုင်ငံတကာမှာ မြန်မာပြည် တံတွေးခွက်ထဲမျောနေ ရတာဟာ လှေစီးပြေးကြောင့် မဟုတ်ပါ၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို ဖိနှိပ်ခွဲခြားဆက်ဆံမယ်၊ တခါတရံမှာ အကြမ်းဖက် သတ်ဖြတ်ဖို့ရာ အတင်းအဓမ္မ တိုက်တွန်းနှိုးဆော်နေတဲ့ ဦးဝီရသူနဲ့ မ.ဘ.သ တို့ကြောင့်သာ ဖြစ်တယ်ဆိုတာကို ယထာဘူတကျစွာ သုံးသပ်ကြရမှာဖြစ်ပါတယ်။

    မကြာသေးမီက အဲန်အဲလ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသတင်းဌာန တစ်ခု အင်တာဗျူးခဲ့ပါတယ်။ အဲဒီလို အင်တာဗျူးတဲ့ အခါ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ မွတ်စလင်ဆန့်ကျင်ရေး ကိစ္စတွေကို ဘာလို့မရှုတ်ချသလဲဆိုတဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်လည်း အစွန်းရောက် အမျိုးသားရေးဝါဒရဲ့ ပစ်မှတ်ဖြစ်နေ ပါတယ်လို့ ဖြေကြားသွား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့အဖြေကို သဘော အကျကြီး ကျနေကြတဲ့ အဲန်အဲလ်ဒီလော်ဘီတွေက ဟုတ်လှချည့်ရဲ့ ၊ တော်လှချည့်ရဲ့လို့ ထောမနာပြုနေပေမယ့် သူတို့တတွေ ကိုယ်တိုင် အစွန်းရောက် အမျိုးသားရေးကို ပြတ်သားစွာ မဆန့်ကျင်ခဲ့ရင် ၂၀၁၅အလွန်မှာ အဲန်အဲလ်ဒီ ခမြာ အရုပ်ရေးပြရတဲ့အဆင့်ထိ ရောက်သွားနိုင်တာ သတိပြုကြရမှာ ဖြစ်ပါတယ်။

    မိမိကိုယ်တိုင်က ဓါးစာခံဖြစ်နေတဲ့ အတွက်ကြောင့် ဘာသာရေးအခြေခံ အစွန်းရောက် အမျိုးသားရေးဝါဒကို သာပြီး ရှုတ်ချရမယ်၊ အများပြည်သူနားလည်အောင် အကျိုးအကြောင်းချပြဆွေးနွေး ပညာပေးရပါမယ်။ ဒါမှမဟုတ်ဘဲ ရေငုံနုတ်ပိတ် နေခြင်းက မ.ဘ.သ လက်တံ မည်၍မည်မျှ ရှည်သလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ လှစ်ဟပြသနေသလိုပါပဲ။

    ဆန့်ကျင်သင့်တာကို ဆန့်ကျင်ကန့်ကွက်ဖို့မလုပ်ဘဲ “မုဒိန်းနဲ့ လှေစီးပြေး” စတဲ့ ဇာတ်ထုပ်တွေထဲမျောနေမယ်ဆိုရင်တော့ ၂၀၁၅ အလွန်မှာ “ကိုင်းမထမ်းချင်ခဲ့တာကြောင့် အီးနမ်း” ရမယ့်အဖြစ်နဲ့ ရင်နင့်ဖွယ်ရင်ဆိုင်သွားရပါလိမ့်မယ်။

    သဘောထားကြီးတဲ့ မ.ဘ.သ
    ——————————-
    မ.ဘ.သ ကြောင့် မြန်မာမွတ်စလင်တွေ အားလုံးဟာ “ခိုးဝင်လူတန်းစား” ဖြစ်သွားကြရပြီးပါပြီ။ ခိုးဝင်ဘင်္ဂလီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စိစစ်ဖို့ရာ မ.ဘ.သနှစ်ပတ်လည်ညီလာခံက တိုက်တွန်းခဲ့ပါတယ်။ “ခိုးဝင်ဘင်္ဂလီ” နဲ့ “မြန်မာပြည်သား တိုင်းရင်းသား မွတ်စလင်များ” ဆိုတာကို အသေအချာခွဲခြားပြီး တိုက်တွန်းထားတာမျိုး မဟုတ်ပါဘူး။ အဲဒီလိုမျိုး တိုက်တွန်းချက်တွေကြောင့်ပဲ မသမာတဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ အတွက် မ.ဘ.သဆိုတာရှိနေရတာပါလို့  HRWရဲ့ အကြီးတန်း သုတေသီ ဒေးဗစ်မက်သီးယီးဆန် ဆိုခဲ့ခြင်းဖြစ်ပါလိမ့်မယ်။

    မ.ဘ.သအဖွဲ့ဝင် ရဟန်းဖြစ်တဲ့ ဦးပါမောက္ခက “မွတ်စလင်တွေ မြန်မာပြည်ထဲမှာနေတယ်၊ သူတို့က နိုင်ငံတော်ကပြဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာဖို့လိုတယ်၊  သူတို့သာသနာကို ငါတို့ တိုက်ခိုက်နေတာမဟုတ်ဘူး” လို့ ဆိုပါတယ်။ ဦးပါမောက္ခရဲ့ အဆိုဟာ ၀ိရောဓိဖြစ်နေပါတယ်။ အစ္စလာမ်ဘာသာဝင် နိုင်ငံသားတိုင်းကို မိစ္ဆာဒိဌိများလို့ ကင်ပွန်းတပ်ခြင်းဟာ မြန်မာမွတ်စလင်တွေကို သံသယမျက်လုံးနဲ့ အကြည့်ခံရမယ့်အဖြစ်သို့ တွန်းပို့လိုက်ခြင်းဖြစ်ပါတယ်။  မွတ်စလင်တွေက မိမိတို့ရဲ့ “သာသနာရေးထုံးတမ်း” အရ ဦးခေါင်းပ၀ါခြုံတယ်၊ အီးဒ်ပွဲတော်မှာ တိရစ္ဆာန် သတ်ဖြတ်ကြတယ်၊ ဒါတွေကို အတင်းကာရော အဓမ္မနည်းပေါင်းစုံနဲ့ ဥပဒေထုတ် ပိတ်ပင်ဖို့ ကြိုးစားတာဟာ အစ္စလာမ်သာသနာကို မ.ဘ.သက တိုက်ခိုက်နေတာ မဟုတ်လို့ တခြားဘာများဖြစ်ပါသေးသတုန်း။

    “ပဋိပက္ခဖြစ်တဲ့အခါ အကြမ်းမဖက်ဘဲ ဘာသာရေးခေါင်းဆောင်များနဲ့ ညှိနှိုင်းရမယ်” ဆိုတဲ့ ဆုံးဖြတ်ချက်ကို မ.ဘ.သညီလာခံမှာ ချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ “တစ်ခုခုဖြစ်ရင် ငါတို့ဆီလာတိုင်လှည့်” ဆိုတဲ့ အဆိုမျိုးပါပဲ။ ဒီအဆိုအကြောင့် ရန်စမှု၊ မီးရှို့လူသတ်မှုနဲ့ အကြမ်းဖက်လုယက်မှုတွေ ဖြစ်ခဲ့ပြီးပါပြီ။ ဥပဒေအထက်မှာ ငါတို့ရှိတယ်၊ အာဏာပိုင်ဆီမသွားခင်ငါတို့ဆီလာခဲ့ဆိုတဲ့ အဲဒီအဆိုကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးကော်မတီက ဘယ်လိုသဘောထားသလဲဆိုတာ စိတ်ဝင်စားဖွယ်ပါပဲ။

    “ငါတို့က သူတို့သာသနာကို တိုက်ခိုက်နေတာမဟုတ်ဘူး” ဆိုတဲ့ မ.ဘ.သရဲ့ သဘောထားကြီးမှုကို မြန်မာ မွတ်စလင်များက ကြောက်ရွံ့ထိတ်လန့်နေကြပါပြီ။

    အကြမ်းဖက်ဝါဒကို မွတ်စလင်တွေ ရှုတ်ချတဲ့အခါ အာရုံစွင့်ထားတော်မူကြပါ
    ————————————————————————

    IS တွေကို မရှုတ်ချဘူး၊ တာလီဘန်ကို မရှုတ်ချဘူး၊ RSO ကို မရှုတ်ချဘူး စသဖြင့် မ.ဘ.သတွေအပါအ၀င် လူများစုတွေက မြန်မာ မွတ်စလင်တွေ အပေါ် အပြစ်တင်စောကြောကြပါတယ်။

    မြန်မာနိုင်ငံက အစ္စလာမ်အဖွဲ့အစည်းတွေကနေပြီး စဉ်ဆက်မပြတ် ကြေညာ စာတမ်းတွေထုတ်ကာ IS စတဲ့အကြမ်းဖက်အဖွဲ့တွေကို ဆန့်ကျင်ကြောင်း ရှုတ်ချကြောင်းတွေကို အလေးအနက် ဖော်ပြခဲ့ကြပါတယ်။ ယခုလ ၆ ရက်နေ့ကလည်း ဆရာကြီးဦးရာဇတ်ရဲ့ သားကြီး ဦးတင်မြင့်၊ ဟာဂျီဦးအေးလွင်တို့ခေါင်းဆောင်ပြီး မ.ဘ.သ ဗဟိုကို သွားရောက်တွေ့ဆုံတဲ့ အခါမှာလည်း မြန်မာမွတ်စလင်တွေရဲ့ အကြမ်းဖက်ဝါဒအပေါ် မြင်တဲ့အမြင်သဘောထားတွေ ရှင်းလင်းသွားရအောင် စာအုပ်စာတမ်းများ လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီစာအုပ်စာတမ်းတွေထဲမှာတင် မြန်မာမွတ်စလင်တွေက အကြမ်းဖက်ဝါဒကို ဘယ်လောက်ထိ ရွံ့ရှာထိတ်လန့် စက်ဆုပ်သလဲဆိုတာ ဖော်ပြပါရှိပြီးဖြစ်ပါလျက်ကယ်နဲ့ မြန်မာမွတ်စလင်တွေသည် အကြမ်းဖက်ဝါဒနဲ့ ပတ်သတ် လာရင် ရေငုံနုတ်ပိတ် နေကြတယ်လို့ စွပ်စွဲနေခြင်းဟာ ကျိုးကြောင်းဆီလျော်လှတဲ့ အချက်တစ်ခုမဟုတ်ပါ။

    မြန်မာမွတ်စလင်အသိုင်းအ၀ိုင်းရဲ့ IS နဲ့ အလ်ကိုင်ဒါတို့အပေါ်ထားရှိတဲ့ အမြင်တွေကို လွန်ခဲ့တဲ့နှစ်တွေအလျင်ကပဲ ထုတ်ဖော် ခဲ့ကြပြီးပြီဖြစ်ပါတယ်။ (http://www.m-mediagroup.com/news/31482) မ.ဘ.သ ရဟန်းများဟာ မွတ်စလင်အသိုင်းအ၀ိုင်းရဲ့ အမြင်ရှုထောင့်ကို မမြင်နိုင် မကြားနိုင်ဖြစ်နေတာဟာ အချိန်ကာလအားဖြင့် နှစ်ပေါက်နေပြီဖြစ်တာကြောင့် မ.ဘ.သကိုယ်တော်များ ကုလားအရေးနဲ့ ပတ်သက်ကာမှပဲ “ရူပါရုံနဲ့ သဒ္ဓါရုံ” ပျောက်ရန်ရှာကော၊ တခြားအရေးမှာတော့ အတော်နိုးကြားတတ်ကြပါလားရယ်လို့ အပြောမခံရအောင် ပြုပြင်သင့်ပါပြီ။

    ၂၀၁၅ မ.ဘ.သ ညီလာခံကြီးက မြန်မာမွတ်စလင်တွေသည် နိုင်ငံသားဖြစ်ကြောင်းကို ဖော်ပြချင်ရင်တော့ IS စတဲ့ အကြမ်းဖက်တွေကို ရှုတ်ချရမယ်၊ မြန်မာ မွတ်စလင်အသိုင်းအ၀ိုင်းက နိုင်ငံတော်အတွက် ဘာတွေများ တာဝန်ကျေခဲ့သလဲ စသဖြင့် မေးခွန်း ထုတ်ထားပါတယ်။ အကြမ်းဖက် လူသတ်ဝါဒကို မရှုတ်ချရင် နိုင်ငံသားပြုပိုင်ခွင့်မရှိဆိုမှတော့ တောင်ကုတ်၊ မိတ္ထီလာနဲ့ လာရှိုးစတဲ့မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဥပဒေမဲ့ လူသတ်ရမ်းကားမှုတွေကို မရှုတ်ချခဲ့တဲ့ မြန်မာ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး မြန်မာနိုင်ငံသား အစစ် ဟုတ်/မဟုတ်ဆိုတာ ပြန်စမ်းစစ်ရမယ့် သဘောပါပဲ။

    ကျွန်တော်များ မြန်မာမွတ်စလင်တွေဟာ ပုဂံခေတ်ကတည်းက မြန်မာနိုင်ငံထဲ အခြေချနေထိုင်လာတာဖြစ်တယ်ဆိုတဲ့အကြောင်းကို မ.ဘ.သ ဥက္ကဌဆရာတော်ကိုယ်တိုင် မြွက်ကြားဖူး (http://tinyurl.com/oho2lbr) တာကြောင့် မြန်မာမွတ်စလင်တွေ တိုင်းပြည်အပေါ် ဘယ်လောက်တာဝန်ကျေခဲ့ပြီးပြီလဲဆိုတာ သမိုင်းကြောင်းက လှလှပပကြီး သက်သေခံနေဆဲဖြစ်ပါတယ်။ လူနည်းစု ကိုးကွယ်ရာ ဘာသာတွေဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူစတဲ့ ဘာသာဝင်တွေထက် အဆပေါင်းများစွာပိုတဲ့ အနစ်နာခံမှုတွေကို မြန်မာ မွတ်စလင်တွေ ဆောင်ကြဉ်းပေးခဲ့တယ်ဆိုတာကိုလည်း မလွဲမရှောင်သာ ဖော်ပြရပါလိမ့်မယ်။

    ကိုယ်တိုင်မီဒီယာလုပ်မယ့် မ.ဘ.သ
    ————————————
    မ.ဘ.သကိုယ်တိုင် မီဒီယာလုပ်တဲ့အခါ နိုင်ငံရေးကို ရည်ရွယ်ပြီး မွတ်စလင်ဆန့်ကျင်ရေး၊ အဲန်အဲလ်ဒီဆန့်ကျင်ရေးကို ၀ါဒဖြန့်မယ်ဆိုတာ အသိသာကြီး ပေါ်လွင်လာပါပြီ။ မ.ဘ.သ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဇူလိုင်လ ၂၁ ရက်နေ့စွဲနဲ့ တင်ပြထားတဲ့ လက်ကမ်း စာစောင်မှာတော့ ဘင်္ဂါလီလှေစီးပြေးကို ရံပြီး အဲန်အဲလ်ဒီဆန့်ကျင်ရေးကို ပေါ်ပေါ်တင်တင်လှုံဆော်ထားတာ တွေ့ရှိရမှာပါ။  (http://tinyurl.com/nj8cjdw)

    ဒါဟာ မ.ဘ.သကိုယ်တိုင်ရဲ့ ၂၀၁၅ ညီလာခံကြေညာချက်ကို ဖောက်ဖျက်ရာလည်းမည်ပါတယ်။ မ.ဘ.သ ၂ နှစ်ပြည့်နှစ်ပတ်လည် ညီလာခံ သဘောထားကြေညာချက်ရဲ့ အမှတ်စဉ် ၁၀ မှာ မ.ဘ.သအနေနဲ့ မည်သည့်ပါတီကို မဲမပေးပါနဲ့ဟု လည်းကောင်း ဝေဖန် အကြံပြုမည် မဟုတ်လို့ ထည့်သွင်းရေးထားပါလျက်ကယ်နဲ့ “ထိုပါတီကြီး၏ ခေါင်းဆောင်က ဗိုလ်ချုပ်သမီးဖြစ်သည်ဟူသော အချက်တစ်ခုတည်းဖြင့် မျက်စိမှိတ်ပြီး ထောက်ခံရွေးချယ် လိုက်မည်ဆိုပါက တိုင်းပြည်နှင့် ဘာသာသာသနာတော်တွင် မမျှော်လင့်နိုင်သော ဘေးရန်အန္တရာယ်များ ကျရောက်လာနိုင်ပါသည်” လို့ ဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ချိတာကတော့ဖြင့် မ.ဘ.သရဲ့ မူ ဘယ်ဆီ ဘယ်ဝယ်လဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လို့နေပါတယ်။

    အမျိုးဘာသာသာသနာကို ကာကွယ်လျှင် ဒေါ်စုကို မဲပေးမည်
    ————————————————————–
    မ.ဘ.သ ရဟန်း ဦးပါမောက္ခ က “ကိုယ်ပိုင်အမြင်ရ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသားရေးစိတ်ဓါတ်ရှိမယ်ဆိုရင် ငါသူ့ကို ထောက်ခံသွားမယ်။ နိုင်ငံခေါင်းဆောင်တစ်ယောက်ဟာ အမျိုးသားရေးစိတ်ဓါတ်ရှိရမယ်၊ နိုင်ငံရေးအသိဥာဏ်လည်း ရှိရမယ့်အပြင် တရားဥပဒေစိုးမိုးဖို့ ဆောင်ရွက်နိုင်ရမယ်” လို့ ဆိုပါတယ်။ (http://tinyurl.com/p7pjh8p)

    ဒါကြောင့် မ.ဘ.သ အလိုကို အရိုးအရှင်းဆုံး ဖြန့်ကျက်ကြည့်ရင်တော့ – ” အဲန်အဲလ်ဒီပါတီဟာ မ.ဘ.သနဲ့ပူးပေါင်းပြီး အမျိုးသားရေး စိတ်ဓါတ်ရှိတဲ့ ပါတီဖြစ်တဲ့အကြောင်း ပြသဖို့လိုပါတယ်၊ ဒါမှသာ ၂၀၁၅ရွေးကောက်ပွဲမှာ အဲန်အဲလ်ဒီ အသက်ရှုချောင်လိမ့်မယ်လို့ ဆိုရမယ့် ကိန်းဆိုက်နေပါတယ်။ မ.ဘ.သ အနက်ဖွင့်တဲ့ အမျိုးသားရေး စိတ်ဓါတ်ဆိုတာကတော့ “မွတ်စလင်ကုလား မုန်းတီးရေး” ဖြစ်တာကြောင့် မွတ်စလင် ကုလားတွေ အတိဒုက္ခရောက်လေလေ၊ အမျိုးဘာသာကို ကာကွယ်ပြီးဖြစ်လေလေဆိုတဲ့ ပုံသေနည်းကို အဲန်အဲလ်ဒီက ကိုင်ဆွဲမှသာ မ.ဘ.သနဲ့ အဲန်အဲလ်ဒီ ပလဲနံပသင့်ပါလိမ့်မယ်။ ”

    ဒါကြောင့် ဒေါ်စုနဲ့ အဲန်အဲလ်ဒီတို့ဟာ တစ်ရွာလုံးနဲ့ တစ်ယောက်ဆိုသလို တကမ္ဘာလုံးကို နှာခေါင်းရှုံ့နေတဲ့ မ.ဘ.သ အနက်ဖွင့်တဲ့ အမျိုးသားရေးဆိုတာကို နောက်လိုက်ထောက်ခံသွားမှာလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်အောင်ဆန်းအစိုးရကိုယ်တိုင် ပညာရေး ၀န်ကြီးနေရာပေးခံ ခဲ့ရသလို လူငယ်တွေကို အမျိုးသားရေး စိတ်ဓါတ်တွေ သွတ်သွင်းပေးခဲ့တဲ့ ကုလားဦးရာဇတ်တို့လို စိတ်ဓါတ်မျိုးရှိကြတဲ့ မြန်မာမွတ်စလင်တွေ အတွက် တစ်စုံတစ်ခု အာမခံချက်ပေးသွားမှာလားဆိုတာ မကြာမီ ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆွယ်တဲ့ အခမ်းအနားတွေမှာ တွေ့ရှိကြရတော့မှာ ဖြစ်ပါတယ်။

  • စာသင်ကျောင်းများတွင် ဟိန္ဒိုအမျိုးသားရေးဝါဒ သွတ်သွင်းမှုကို အိန္ဒိယမွတ်စလင်များ ဝေဖန်ကန့်ကွက်

    စာသင်ကျောင်းများတွင် ဟိန္ဒိုအမျိုးသားရေးဝါဒ သွတ်သွင်းမှုကို အိန္ဒိယမွတ်စလင်များ ဝေဖန်ကန့်ကွက်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၅
    M-Media

    ind 1

    – အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်၏ မြို့တော် အဟ်မီဒါဘတ်ရှိ လောကီရေး စာသင်ကျောင်းများတွင် ဟိန္ဒူနတ်ဘုရားမအား ရှိခိုးကန်တော့ရသည့် အစီအစဉ်ကို အိန္ဒိယမွတ်စလင်များက ဝေဖန်လိုက်ပြီး အာဏာရပါတီ BJP ၏ ဟိန္ဒူအမျိုးသားရေးဝါဒ
    သွတ်သွင်းရန် ကြိုးစားမှုဟု ပြောကြားလိုက်သည်။

    အဆိုပါမြို့ရှိ ပညာရေးဘုတ်အဖွဲ့က မြို့၌ရှိသော စာသင်ကျောင်းအားလုံးတွင် ကျောင်းသားများအနေဖြင့် အသိပညာကို စိုးမိုးသော နတ်ဘုရားမ ဆာရက်စ်ဝါသီအား စနေနေ့တိုင်း ရှိခိုးကန်တော့ရန် နှိုးဆော်စာကို ဇန်န၀ါရီ ၁၉ ရက်နေ့က ဖြန့်ချီခဲ့သည်။ ထို့နောက် စာသင်ကျောင်းများရှိ အစ္စလာမ်ဘာသာဝင်ကလေးများကိုလည်း ထိုရှိခိုးမှုတွင်ပါဝင်ရန် အတင်းအဓ္ဓမ စေခိုင်းမှုများ ရှိခဲ့သည်။

    `အဟ်မီဒါဘတ်မှာရှိတဲ့ ကျောင်းတွေမှာ ဆာရက်စ်ဝါသီ နတ်ဘုရားမကို ရှိခိုးကန်တော့ရမယ်လို့ တိုက်တွန်းတဲ့ ဂူဂျာရတ်အစိုးရရဲ့ ဒီနှိုးဆော်မှုအတွက် ကျွန်တော်တို့ သောကဖြစ်ရပါတယ်။ မွတ်စလင်မိသားစုတွေက သူတို့ရဲ့ ကလေးတွေကို ကျောင်းကိုမလွှတ်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အဖြစ်ဆိုးပါပဲ´ ဟု အငြိမ်းစားပါမောက္ခနှင့်
    လူ့အခွင့်အရေးလှုပ်ရှားသူ ဂျူဇာ ဘန်ဒူကွာလာက Anadolu သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အဆိုပါရှိခိုးကန်တော့ခြင်းကို Vasant Panchami ဟု ခေါ်တွင်ပြီး ကျောင်းသားများက ပညာရေး၏အရေးကြီးပုံကို သိရှိစေရန် စာသင်ကျောင်များအနေဖြင့် ကျောင်းသားများကို စုဝေးစေကာ ဆာရက်စ်ဝါသီ နတ်ဘုရားအား ရှိခိုးကန်တော့ရန်နှင့်
    အခြားသောပြည်နယ်တွင်လည်း Vasant Panchami ကန်တော့ပွဲ မည်ကဲ့သို့ ကျင်းပသည်ကို နားလည်စေရန် သင်ကြားပေးရမည်ဟု အဆိုပါ နှိုးဆော်စာတွင် ရေးသားဖော်ပြထားသည်။

    ဘန်ဒူကွာလာကမူ ဟိန္ဒူထုံးတမ်းဖြင့် ထိုသို့ ရှိခိုးကန်တော့မှုကို ဆောင်ရွက်ခြင်းမှာ ဟိန္ဒိုအစွန်းရောက်အဖွဲ့နှင့် အာဏာရ BJP ပါတီတို့၏ လူနည်းစုများအား စိတ်အနှောက်အယှက်ဖြစ်အောင် ဆောင်ရွက်သည့်အစီအစဉ်သာ ဖြစ်သည်ဟု ဆိုသည်။

    `၀န်ကြီးချုပ်နာရန်ဒါမိုဒီဟာ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အရေးပါတဲ့ ဖွံ့ဖြိုးတိုးတက်မှုတိုင်းကို ဂရုစိုက်နေသူတစ်ယောက်ပါ။ ဒီလို လူနည်းစုမုန်းတီးရေးလုပ်ငန်းမှာ သူဟာ အလိုတူအလိုပါဖြစ်မယ်လို့ ကျွန်တော် မယုံကြည်ချင်ပါဘူး´ ဟု ဘန်ဒူကွာလာက ပြောကြားခဲ့သည်။ ဘန်ဒူကွာလာမှာ အနည်းဆုံး လူပေါင်း ၂၀၀၀ သေဆုံးခဲ့သော ၂၀၀၂ ခုနှစ် ဂူဂျာရတ် လူမျိုးရေးအဓိကရုဏ်းတွင် ၎င်း၏ နေအိမ် ဖြိုချဖျက်ဆီးခံခဲ့ရသူဖြစ်သည်။

    အဟ်မီဒါဘတ်တွင် ပြုလုပ်သည့် အဆိုပါ ဘုရားရှိခိုးခြင်းအစီအစဉ်မှာ အိန္ဒိယတွင် ပထမဆုံး မဟုတ်ဘဲ မဒ်ယာ ပရာဒက်ရှ်မြို့ရှိ လောကီရေးကျောင်းများတွင်လည်း နေမင်းဝတ်ပြုမှု (သူရိယ နာမက်စ်ကာ) အစီအစဉ်ကို ဇန်န၀ါရီ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

    ပြည်နယ်အစိုးရကမူ ထိုဝတ်ပြုမှုမှာ ကျောင်းသားများ၏ ကျန်းမာရေးနှင့် အာရုံစူးစိုက်မှု တိုးတက်လာစေရန်အတွက် ရည်ရွယ်သော ယောဂကျင့်စဉ်ဖြစ်သည်ဟု ကာကွယ်ပြောဆိုခဲ့သည်။ သို့သော်လည်း လူနည်းစုအသိုင်းအ၀ိုင်းမှ ကလေးများအပေါ်
    ဟိန္ဒိုဘာသာရေးကျင့်ဝတ်များ သွတ်သွင်းခြင်းအတွက် ထိုပြည်နယ်ရှိ မွတ်စလင်များက ဝေဖန်ခဲ့သည်။

    အငြင်းပွားဖွယ်

    လောကီရေးကျောင်းများတွင် ဟိန္ဒူဘာသာရေးဝတ်ပြုမှုများ ဆောင်ရွက်ခြင်းမှာ လူနည်းစုများ၏ ဘာသာရေးဆိုင်ရာ ကျင့်ဝတ်များကို ထိခိုက်စေပြီး အိန္ဒိယ၏ လောကီသီးသန့် စနစ်ကို ခြိမ်းခြောက်ခြင်းလည်းဖြစ်သည်။

    `ဒီလိုအမိန့်မျိုးဟာ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ဘာသာရေးမနွယ်တဲ့ အုပ်ချုပ်မှုကို တိုက်ခိုက်တာပါပဲ။ ပြီးတော့ မွတ်စလင်တွေရဲ့ အခြေခံအခွင့်အရေးတွေကို တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ အခြေခံဥပဒေက မိမိတို့ရဲ့ ယုံကြည်မှုအတိုင်းသာ ၀တ်ပြုကိုးကွယ်ကြဖို့ ဘာသာတရားအားလုံးကို လွတ်လပ်ခွင့်ပေးထားပါတယ်´ ဟု ကောလိပ်ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။

    အဟ်မီဒါဘတ် ပညာရေးဘုတ်အဖွဲ့၏ လက်အောက်တွင် မွတ်စလင်ကျောင်းသား ၁၅၀၀၀ ရှိသည့် အူရဒူ အလယ်တန်းကျောင်း ၆၀ ကျော်အပါအ၀င် စာသင်ကျောင်းပေါင်း ၄၀၀ ကျော် ရှိနေသည်။

    အဟ်မီဒါဘတ်မြို့ရှိ အဆိုပါ အူရဒူအလယ်တန်းကျောင်း အများစုကလည်း ပညာရေးဌာန၏ ထိုအမိန့်ကို လိုက်နာခဲ့ခြင်း မရှိခဲ့ပေ။ပညာရေးဘုတ်အဖွဲ့၏ တာဝန်ရှိသူများကမူ ထိုအဖြစ်အပျက်အတွက် ကာကွယ်ပြောဆိုခဲ့သည်။

    `ကျွန်တော်တို့ရဲ့ တစ်ခုတည်းသောရည်ရွယ်ချက်က ကျောင်းသားတွေကြားထဲမှာ အသိပညာအတွက် စွမ်းအား မြှင့်တင်ပေးဖို့ဖြစ်ပြီး ဘယ်ဘာသာဝင်ကိုမှ နာကျင်အောင်လုပ်ဖို့ မဟုတ်ပါဘူး´ ဟု ဘုတ်အဖွဲ့ဥက္ကဌ ဂျက်ဂ်ဒစ်ရှ် ဘာ့ဗ်ဆာရ်က ပြောကြားခဲ့သည်။

    ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အလ်ဒီ ဒီဆိုင်းကလည်း ဆာရက်စ်ဝါသီမှာ ပညာရေးနတ်ဘုရားဖြစ်ပြီး စာသင်ကျောင်းများမှာလည်း ပညာရေးဘုရားကျောင်းများ ဖြစ်သည်ဟု ဆိုသည်။

    အိန္ဒိယ၏ သန်း တစ်ထောင်ကျော်ရှိသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေမှာ ၁၃ ရာခိုင်နှုန်း (သန်း ၁၈၀ ခန့်)ရှိပြီး ခရစ်ယာန်ဘာသာဝင်များမှာ ၃ ရာခိုင်နှုန်းသာရှိသည်။

    Ref: onislam