News @ M-Media

Tag: NCA

  • NCA အတွက် တိုင်းရင်းသားများနှင့် ဆွေးနွေးပွဲတွင် တရုတ်က ၀င်စွက်ခဲ့သည်ဟု မြန်မာပြော

    NCA အတွက် တိုင်းရင်းသားများနှင့် ဆွေးနွေးပွဲတွင် တရုတ်က ၀င်စွက်ခဲ့သည်ဟု မြန်မာပြော

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    myan
    NCA ဆွေးနွေးမှုမှ ပုံရိပ်တစ်ခု

    – ဆယ်စုနှစ်များစွာ ကြာရှည်ခဲ့သည့် ပဋိပက္ခအား အဆုံးသတ်ရေး ရည်ရွယ်သော တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက် NCA အတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးမှုတွင် တရုတ်နိုင်ငံက ၀င်စွက်ခဲ့သည့် ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် အကြီးတန်း တာဝန်ရှိသူ မင်းဇော်ဦးက ပြောကြားလိုက်သည်။

    တိုင်းရင်းသားလက်နက်ကိုင်အုပ်စု ၁၅ ခုနှင့် အစိုးရတို့ ဆွေးနွေးရာတွင် NCA သဘောတူညီချက်ကို လက်မှတ်ထိုးရန် လက်နက်ကိုင်အဖွဲ့ ၈ ခုကသာ သဘောတူညီခဲ့ပြီး မင်းဇော်ဦးကမူ တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ် ဆန် ဂူဇီယန်းက အဓိက လက်နက်ကိုင်အဖွဲ့ ၂ ခုကို လက်မှတ်မထိုးရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။

    တရုတ်နိုင်ငံကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သော်လည်း တရုတ်နိုင်ငံအပေါ် မြန်မာအစိုးရ၏ ရှားပါးသော ထိုကဲ့သို့ တရားဝင်အပြစ်တင်မှုက ပြုပြင်ပြောင်းလဲရေးအစိုးရ ၂၀၁၁ ခုနှစ်တွင် အာဏာရယူပြီး နိုင်ငံတကာနှင့် ဆက်ဆံရေး တည်ဆောက်ကာ တရုတ်အပေါ်မှီခိုမှုကို လျော့ချရန် လုပ်ဆောင်လာသည့် မြန်မာနိုင်ငံနှင့် တရုတ်တို့အကြား တင်းမာမှုများ ထပ်မံ မြင့်တက်လာမည့် အခြေအနေ ရှိနေသည်။

    “တည်ငြိမ်မှုကို လိုချင်တယ်လို့ တရုတ်က အမြဲတမ်းပြောတယ်ဗျ။ တကယ်လည်း သူတို့က တည်ငြိမ်မှုကို လိုချင်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ အုပ်စုတွေအပေါ် သြဇာလည်း ညောင်းချင်တယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ မင်းဇော်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် တရုတ်နိုင်ငံ၏ စွက်ဖက်မှုကို ယခုအချိန်အထိ နှုတ်ဆိတ်နေခဲ့သော်လည်း၊ ထုတ်ဖော်ပြောဆိုရမည့်အချိန် ရောက်ပြီဟု ထည့်သွင်းပြောကြားခဲ့သည်။

    မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ လက်မှတ်ထိုးပွဲကို အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပြီး ဂျပန်နှင့် အနောက်နိုင်ငံများက စောင့်ကြည့်လေ့လာသူအနေဖြင့် တက်ရောက်သွားမည်ဖြစ်သည်။

    စာချုပ် အပြီးသတ်ချုပ်ဆိုသည့်အချိန်တွင် အနောက်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့က စောင့်ကြည့်သူအဖြစ် ပါဝင်ရမည်ဆိုသည့် စာချုပ်မှ အပိုဒ်ကိုလည်း တရုတ်နိုင်ငံက ပယ်ချသည်ဟု မင်းဇော်ဦးက ထည့်သွင်းပြောကြားခဲ့သည်။

    တရုတ်နိုင်ငံကမူ NCA အတွက် ဆွေးနွေးမှုတွင် ၀င်စွက်ခဲ့သည်ဆိုသော မင်းဇော်ဦး၏ ပြောကြားမှုကို ငြင်းဆိုခဲ့သည်။

    “နိုင်ငံအဆင့် အပစ်ရပ်ရေးသဘောတူညီချက်ကို စောစောစီးစီး လက်မှတ်ထိုးဖို့ ဆောင်ရွက်ရာမှာ ကွဲလွဲချက်တွေကို ငြိမ်းချမ်စွာဆွေးနွေးမှုတွေကနေ တစ်ဆင့် ဖြေရှင်းဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက အဖွဲ့အားလုံးကို အပြည့်အ၀ ထောက်ခံအားပေးခဲ့ပါတယ်” ဟု တရုတ် နိုင်ငံခြားရေးရာဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက ပြောကြားခဲ့သည်။

    မင်းဇော်ဦးကမူ မြန်မာအစိုးရအနေဖြင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) အဖွဲ့ကို အပစ်ရပ်ရေး လုပ်ငန်းစဉ်အတွက် ဖိတ်ခေါ်ခြင်းမပြုပါက ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မခံရန် တရုတ်က လက်နက်ကိုင်အဖွဲ့အချို့ကို တိုက်တွန်းခဲ့ပြီး အထူးသဖြင့် တစ်ချိန်က တရုတ်နိုင်ငံမှ တောက်ပံ့မှုနှင့် လက်နက်များကို ရရှိခဲ့သည့် ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အား လက်မှတ်မထိုးရန် တိုက်တွန်းခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    UWSA မှ ပြီးခဲ့သည့်လက ထုတ်ပြန်သည့်ကြေငြာချက်တွင် ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံ၏ အပစ်ရပ်ရေးလုပ်ငန်းစဉ်တွင် အနောက်နိုင်ငံများနှင့် ဂျပန်နိုင်တို့ မပါဝင်စေရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။

    “တကယ်လို့ UWSA က သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ရင် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခတွေမှာ အနောက်နိုင်ငံတွေကို ပါဝင်စေလိုက်သလိုမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ယူနန်အစိုးရက ပေးထားတဲ့ ကတိကိုချိုးဖောက်ပြီး NCA ကို လက်မှတ်ထိုးရတဲ့ အခြေအနေမျိုး အဖြစ်မခံလိုပါဘူး” ဟု ၀,တပ်ဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ရေးသားထားသည်။

    Ref: Reuters

  • မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် အပစ်ရပ်ရေး လက်မှတ်ထိုးမည်

    မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် အပစ်ရပ်ရေး လက်မှတ်ထိုးမည်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    myan

    – မြန်မာအစိုးရမှာ အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အပစ်ရပ်ရေး လက်မှတ်ရေးထိုးသွားမည်ဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

    ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရေးအတွက် ၂ နှစ်ကျော်ကြာ ပြုလုပ်ခဲ့သည့် အပစ်ရပ်ရေး ဆွေးနွေးပွဲမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အရှိန်မြင့်လာခဲ့ပြီး မြန်မာအစိုးရကမူ နိုဝင်ဘာ ရွေးကောက်ပွဲမပြုလုပ်ခင် လက်မှတ်ရေးထိုးနိုင်ရန် စိတ်အားထက်သန်ခဲ့သည်။

    သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားက လက်မှတ်ထိုးရန် ငြင်းဆိုခဲ့ပြီးနောက် တစ်နိုင်ငံလုံး အပစ်ရပ်ရေးမျှော်လင့်ချက်မှာ ပျက်ဆီးခဲ့ရသည်။

    “တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက် NCA ကို အောက်တိုဘာ ၁၅ ရက်နေ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးပါမယ်။ လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသားအဖွဲ့တွေကို ကျွန်တော်တို့ ဆက်ပြီး ဖိတ်ခေါ်သွားမှာပါ” ဟု ဆွေးနွေးမှုများပြုလုပ်ခဲ့သည့် အစိုးရကိုယ်စားလှယ်အဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်ဖြစ်သူ ဦးလှမောင်ရွှေက AFP သတင်းဌာသို့ ပြောကြားခဲ့သည်။

    ကချင်လွတ်မြောက်ရေးတပ်မတော် KIA အပါအ၀င် အဓိက တိုင်းရင်းသားလက်နက်ကိုင်များမှာ အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့ပြီး၊ ဆွေးနွေးမှုမှာ အရေးပါသော အခြေအနေသို့ ရောက်ရှိနေချိန်တွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစိုးရပ်တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့သေးသည်။

    ယမန်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့က မြန်မာနိုင်ငံ၌ စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးအတွက် အားထုတ်မှုများကို ပံ့ပိုးပေးရန် နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းခဲ့သည်။

    “NCA ကို အချို့သော အဖွဲ့တွေကသာ လက်မှတ်ရေးထိုးမှာဖြစ်တာကြောင့် ပြည့်စုံပြီးပြတ်တဲ့ သဘောတူညီချက်မျိုးတော့ မဟုတ်ပါဘူး” ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    မြန်အစိုးရမှာ ထိုသဘောတူညီချက်အား လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့နှင့် စောစောပိုင်းက သဘောတူထားခဲ့သော်လည်း နောက်ပိုင်းတွင် အချို့သောအဖွဲ့များက နှုတ်ထွက်ခဲ့ကြသည်။

    ယနေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သော အစည်းအဝေးတွင် အစိုးရမှ ဆွေးနွေးညှိနှိုင်းရေးခေါင်းဆောင် ဦးအောင်မင်းက တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်မထိုးသည့်အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်တပ်က ထိုးစစ်ဆင်ရန် ရည်ရွယ်ချက်မရှိဟု ပြောကြားခဲ့သည်။

    ထိုသဘောတူညီချက်ကို ဒေသတွင်းနှင့် နိုင်ငံတကာ သက်သေများရှေ့မှောက်၌ လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ခေါ်ထားသည်ဟု ဦးလှမောင်ရွှေက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: hannelnewsasia