စက်တင်ဘာ ၁၄၊ ၂၀၁၅
M-Media
– ဟိမ၀န္တာ နိုင်ငံတစ်ခုဖြစ်သည့် နီပေါနိုင်ငံအား ဟိန္ဒူနိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ရေး အဆိုပြုချက်ကို နီပေါ တိုင်းပြုပြည်ပြုလွှတ်တော် အမတ်များက ယနေ့တွင် ပယ်ချလိုက်ပြီး လွန်ခဲ့သည့် ၇ နှစ်က စတင်ခဲ့သည့် လောကီသီးသန့်နိုင်ငံအဖြစ် ပိုမိုခိုင်မာစေခဲ့သည်။
နီပေါမှာ ၂၀၀၈ ခုနှစ် မေလက တိုင်းပြည်အား လောကီသီးသန့်နိုင်ငံအဖြစ် သတ်မှတ်မှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းခဲ့သည်။ ယခုတွင်မူ တိုင်းပြုပြည်ပြု လွှတ်တော်မှာ အခြေခံဥပဒေ၏ တစ်ပိုဒ်ချင်းစီကို သုံးသပ်ကာ ပြင်ဆင်အစားထိုးမှုများ ပြုလုပ်နေသည်။
ထို့ကြောင့် ဘုရင်စနစ်လိုလားသော Rastriya Prajatantra Party-Nepal ပါတီ ဥက္ကဌ ကမာလ် သာပါနှင့် Rastriya Prajatantra ပါတီမှ အမ်ရစ်တ် အိုဟိုရာတို့က နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ လောကီသီးသန့်နိုင်ငံ သတ်မှတ်ထားမှုကို ဖယ်ရှားကာ ဟိန္ဒူနိုင်ငံအဖြစ် အစားထိုးရန် တောင်းဆိုခဲ့ကြသည်။
၎င်းတို့ ပါတီနှစ်ခု၏ အဆိုပြုချက်ကို လွှတ်တော်ဥက္ကဌ ဆူဘက်စ် ချန်ဒရာ နမ်ဘန်းက ပယ်ချခဲ့သောကြောင့် ကမာလ် သာပါက တိုင်းပြုပြည်ပြု လွှတ်တော်တွင် မဲခွဲရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် မဲခွဲခြင်း ပြုရန်၊ မပြုရန် ကိစ္စကို ၆၀၁ ဦးသော လွှတ်တော်အမတ်များက ဆန္ဒပြုခဲ့ရာ မဲခွဲရန်ထောက်ခံသူမှာ ၂၁ ဦးသာ ရှိခဲ့သည်။ နီပေါ လွှတ်တော်၏ ဥပဒေရအတွက် ပါလီမန်အမတ်များမှ အနည်းဆုံး ၆၁ ဦးက ထောက်ခံမှသာ ထိုအဆိုပြုချက်အား မဲခွဲနိုင်မည်ဖြစ်သည်။
နီပေါမှာ ဘုရင်စနစ်ကျင့်သုံးသည့်အချိန်က ရာစုနှစ်ပေါင်းများစွာ ဟိန္ဒူနိုင်ငံအဖြစ် ရှိခဲ့ပြီး ၂၀၀၆ ခုနှစ် ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက်ပိုင်း လောကီသီးသန့်နိုင်ငံ ဖြစ်လာခဲ့သည်။
Ref: northeasttoday