News @ M-Media

Tag: Nepal_quake

  • နီပေါငလျင်၊ မာယာနှင့် မျှော်လင့်ချက် အလင်းတန်းတစ်ခု

    နီပေါငလျင်၊ မာယာနှင့် မျှော်လင့်ချက် အလင်းတန်းတစ်ခု

    မေ ၂၈ ၊ ၂၀၁၅
    M-Media
    150522134623-nepal-girl-amputee-exlarge-169
    – တစ်ခါတစ်ရံတွင် ဘ၀က မမျှော်လင့်သော အပြောင်းအလဲများကို ဖြစ်စေပြီး ထိုအပြောင်းလဲများက ကြိုတင်စီစဉ်ထားသည့် ပုံမျိုးလားဟုပင် ထင်ရသည်။ နီပေါငလျင်ကြောင့် ခံစားခဲ့ရသော အသက် ၁၀ နှစ်အရွယ် မာယာ ဂူရန်၏ ဘ၀ကလည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။

    ယခုလအစောပိုင်းက မာယာကို ခတ္တာမန်ဒူ၌ ကျွန်မ သွားရောက်တွေ့ဆုံခဲ့ပြီး သူ့အကြောင်းကို မေးမြန်းခဲ့သည်။ ဧပြီ ၂၅ ရက်နေ့က ရုတ်တရတ်လှုပ်ခတ်ခဲ့သော ငလျင်တွင် သူမမှာ ဘယ်ဘက်ခြေထောက် အောက်ပိုင်း ဆုံးရှုံးခဲ့ရပြီး သူမ၏ ခက်ခဲကြမ်းတမ်းသည့်ဘ၀က ပို၍ ကြမ်းတမ်းလာခဲ့သည်။ သူမမှာ ဟိမ၀န္တာတောင်တန်းရှိ ဖွံ့ဖြိုးမှုနိမ့်ကြသော ဒေသလေးတွင် ဆင်းရဲပင်ပန်းစွာ နေထိုင်ရသူဖြစ်သည်။ ခြေထောက်တစ်ဖက်မရှိသည့် သူမ၏ ဘ၀က ဆိုးဝါးသည့် အလှည့်အပြောင်း ဖြစ်လာသည်။

    ခတ္တာမန်ဒူဆေးရုံတွင် ကုသပေးသော ဆရာဝန်အနေဖြင့် ခြေတုတတ်ပေးမည်ဟု မာယာနှင့် သူမ၏ဖခင် ဘဟင် ဘဟာဒူး ဂူရန်တို့ နှစ်ယောက်စလုံးက မြင့်မားသော မျှော်လင့်ချက်များ ထားခဲ့ကြသည်။ သို့သော်လည်း ငလျင်ပြီးနောက် ဆေးရုံတွင် လူနာများဖြင့် ပြည့်ကျပ်နေကာ မာယာအနေဖြင့် ခြေတုတပ်ရန် လများစွာကြာ စောင့်ရမည်ဟု ဆရာဝန်က ဖခင်ဖြစ်သူကို ပြောခဲ့သည်။

    ငွေမရှိသည့် ဂူရန်တစ်ယောက် အမျိုးသမီး ခွဲစိတ်ဆောင်ရှိ ခုတင်နံပါတ် ၄၁ တွင် ဆေးကုသမှု ခံယူနေရသော သမီးဖြစ်သူကို မ၍ ကျောတွင်ပိုးကာ ဂေါရ်ခါးခရိုင်ရှိ ၎င်းတို့၏ ကာစီဂါအွန်ရွာသို့အရောက် ခက်ခဲကြမ်းတမ်းသည့် ခရီးရှည်ကြီးကို စတင်ခဲ့သည်။

    မာယာမှာ အိမ်အနည်းငယ်သာ မပြိုမလဲ ထီးထီးချည်းကျန်နေသော ရွာပျက်ကြီးကို ဇာတိအဖြစ်သတ်မှတ်၍ နေရမည်။ မိသားစုအား ကျွေးမွေးရန်နှင့် အမိုးအကာအောက်တွင်ထားရန် ရုန်းကန်နေရသည့် မိဘများအတွက် သူမက ၀န်ထုတ်ဝန်ပိုး ဖြစ်တော့မည်။ သူမအနေဖြင့် ဖခင်ဖြစ်သူ စိုးရိမ်သကဲ့သို့ အပယ်ခံဘ၀ ရောက်ရတော့မည်ဖြစ်ပြီး မည်သည့် အမျိုးသားမှ လက်မထပ်ချင်သည့် အမျိုးသမီးတစ်ဦးအဖြစ် ကြီးပြင်းရတော့မည်ဖြစ်သည်။

    သို့သော်လည်း မေလ ၁၂ ရက်နေ့ နေ့လည်ပိုင်းတွင် အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့သည်။

    ဒုတိယမြောက်ငလျင်က ဟိမတန္တာတစ်ဝိုက်တွင် ထပ်မံလှုပ်ခတ်ခဲ့ပြီး မာယာ၏ ဘ၀လမ်းကြောင်းကို နောက်ထပ် အလှည့်အပြောင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားလေတော့သည်။

    150522134254-nepal-maya-amputation-exlarge-169

    အခွင့်အလမ်းပေါ်လာခြင်း

    ပထမတစ်ကြိမ် ငလျင်လှုပ်သည့်နေ့တွင် ဟိမ၀န္တာတောင်ပေါ်မှ ဖုန်လုံးကြီးများ၊ ကျောက်တုံးများနှင့် အိမ်များက ဂေါရ်ခါးခရိုင်အပေါ်ကို လိမ့်ဆင်းလာပြီး ၎င်းတို့နေရာက ဗုံးကြဲခံရသကဲ့သို့ ဖရိုဖရဲဖြစ်ခဲ့သည်။ ကျောင်းတုံးကြီးတစ်တုံးက မာယာ၏ ဘယ်ဘက်ခြေထောက်ကို ပိသွားသည်။

    ၂ ရက်နီးပါးကြာမှ သူမကို ခတ္တာမန်ဒူရှိ ထရီဘူဗန် တက္ကသိုလ် သင်ကြားရေးဆေးရုံသို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြသည်။ ဆရာဝန်များက ခြေထောက်ဖြတ်ပစ်ရန်မှလွဲ၍ ၎င်းတို့တွင် မည်သည့်ရွေးချယ်မှုမှမရှိဟု ပြောကြားခဲ့သည်။ သူမကို စတွေ့စဉ်က မာယာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။ မျက်ရည်ပူများကလည်း သူမ၏ ညစ်ထေးသော ပါးပြင်ပေါ်တွင် စီးကျနေသည်။

    နေ့လည်ပိုင်းအချိန်တော်တော်များများကို ကျွန်မက သူမ၏ ဆေးရုံခုတင်တွင် ထိုင်ကာ ကုန်ဆုံးခဲ့ပြီး ဖခင်ဖြစ်သူနှင့် စကားပြောခဲ့သည်။ သူက မာယာ၏ သာမန်ဘ၀မှာ ဆုံးရှုံးသွားပြီဟု ၀မ်းနည်းကြေကွဲနေသည်။

    ကျွန်မ နီပေါမှ ပြန်လာသည့်အခါ မာယာ၏ ဖခင်ကို ခတ္တာမန်ဒူတွင် အလုပ်လုပ်နေသည့် ဂျာနယ်လစ် အယုရှ် ခဒ်ကာမှတစ်ဆင့် ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ မာယာမှာ ဆေးရုံးမှ ဆင်းသွားသည်ကို သိခဲ့ရပြီး ထို့နောက်တွင် သူမ၏ ဖုန်းကို ခေါ်၍ မရတော့။
    150522134955-nepal-girl-amputee-exlarge-169
    ကျွန်မ အဆက်အသွယ်မရသည့်အချိန်တွင် မာယာနှင့် သူမ၏ ဖခင်တို့မှာ ရုမ်ချက် ရွာသို့ ရောက်သွားခဲ့ပြီး ဒုတိယအကြိမ် ငလျင်လှုပ်သည့်အချိန်တွင် ထိုရွာ၌ ရှိနေကြသည်။ ထိုရွာတွင် ၀ါရှန်တန်တက္ကသိုလ်မှ ဘွဲ့ရတစ်ဦးဖြစ်ပြီး ရည်ရွက်ချက်တစ်ခု ရှိနေသည့် ဂျဝါလန့် ဂူရန်က ၎င်းတို့အား တွေ့ရှိခဲ့သည်။

    ၂၀၀၆ ခုနှစ်အတွင်း သူ၏ MBA ပရောဂျက်တစ်ခုအတွက် ဂျဝါလန့် ဂူရန်မှာ ရိန်နီယာတောင်တွင် ရန်ပုံငွေရှာဖွေရေး တောင်တက်မှုတစ်ခုကို စီစဉ်ခဲ့ပြီး နီပေါရှိ ကျေးလက်ဒေသပညာရေးအား ထောက်ပံ့ရန်အတွက်လည်းပါသည်။ ဂူရန်မှာ 3 Summits ခေါင်းစဉ်ဖြင့် နီပေါအတွက်ပြုလုပ်သည့် ရန်ပုံငွေလှုပ်ရှားမှုမှတစ်ဆင့် အဆိုပါ တောင်တက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုမှ ဒေါ်လာ ၂ သိန်း ရခဲ့ပြီး နီပေါရှိ ကျေးလက်ဒေသများတွင် ကျောင်း ၆ ကျောင်း ဆောက်ပေးနိုင်ခဲ့သည်။

    150522134800-nepal-girl-amputee-exlarge-169

    ဧပြီ ၂၅ ရက်နေ့ နီပေါငလျင်အတွင်း ဂူရန်မှာ နီပေါတွင်ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများသို့ ခြေစုံပစ်ဝင်ခဲ့သည်။ ငလျင်ဗဟိုချက်အနီးရှိ ဆင်ဂလာရွာမှာ ၎င်း၏လမ်းညွှန်များနှင့် အထမ်းသမားအမြောက်အများ နေထိုင်ရာ ရွာများထဲမှ တစ်ရွာဖြစ်ပြီး ထိုဖြစ်ရပ်ဆိုးကြီးက ၎င်းအတွက် ကိုယ်ပိုင်ပြဿနာ ဖြစ်လာခဲ့သည်။

    ဂူရန်မှာ ဧပြီ ၂၅ ရက် ငလျင်ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရသည့် ဂေါရ်ခါးခရိုင်သို့ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ စတင်ပေးပို့ခဲ့သည်။ တာလပတ်များ၊ ဆေးများ၊ စောင်များနှင့် ဆန်တို့ကို သယ်ဆောင်၍ ရမ်ချက်ဒေသသို့ရောက်ရန် ဂူရန်မှာ ၂ ရက်ကြာ လမ်းလျှောက်ခဲ့ရသည်။ ၎င်း၏ တကိုယ်လုံးတွင်လည်း ဖုန်များပေကျံကာ ကို့ရို့ကားယားဖြစ်နေသည်။ တစ်စစီဖြစ်နေသော အိမ်များ၊ ပြိုကျလုမတတ်ဖြစ်နေသော အိမ်များကလည်း နောက်ထပ်မြေပြိုမှုကို စောင့်နေသယောင်ယောင်။

    150522135203-nepal-girl-amputee-exlarge-169

    အိမ်သို့ ခရီးကြမ်းနှင်နေသည့် ဖခင်၏ကျောပေါ်တွင် ကုန်းပိုးလိုက်လာသော မာယာကို တွေ့သည့်အခါ ကူညီနိုင်မည်ဆိုသည်ကို သူသိခဲ့သည်။ ဖခင် သို့မဟုတ် သမီးဖြစ်သူကို ခတ္တာမန်ဒူသို့ ခေါ်ဆောင်သွားပေးရမလားဟု သူက မေးခဲ့သည်။

    “ကျွန်တော် သူ့ကို စောင့်ရှောက်ပေးမယ်ဆိုတာ မာယာရဲ့အဖေကို သေချာပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်မှာ သူငယ်ချင်းဆရာဝန်တစ်ယောက် ရှိတယ်ဆိုတာကိုလည်း ကျွန်တော် သူတို့ကို ပြောခဲ့ပါတယ်” ဟု ဂူရန်က ပြောကြားခဲ့သည်။

    ၎င်း၏ သူငယ်ချင်း ဘီဘက် ဘန်စကိုတာက သာမန်ဆရာဝန်တစ်ယောက်မဟုတ်။ ဘန်စကိုတာ၏ ဖခင်မှာ မာယာကဲ့သို့ နီပေါရှိ ဝေးလံခေါင်သောသီဒေသများ၌ နေထိုင်သည့် ချို့တဲ့သော ကလေးငယ်များကို ကုသမှုများပေးရန် လွန်ခဲ့သည့် နှစ်များစွာကတည်းက အမေရိကမှ နီပေါသို့ ပြန်လာခဲ့သည့် အရိုးခွဲစိတ်ကု ဆရာဝန်ဖြစ်သည်။

    ၁၉၈၆ နှစ်တွင် သူက အကျိုးအမြတ်မယူသည့် ဆေးရုံတစ်ခုနှင့် မသန်းစွမ်းကလေးငယ်များအတွက် ပြန်လည်ထူထောင်ရေးစင်တာ HRDC ကို ဖွင့်လှစ်ခဲ့ပြီး ခြေထောက်ခွင်ခြင်း၊ ခါးရိုးမသန်ခြင်းနှင့် အခြားသော မသန်စွမ်းရောဂါများကို ခံစားနေရသည့် ကလေးငယ် ထောင်ပေါင်းများစွာကို ကူညီကုသပေးခဲ့သည်။ အဆိုပါဆေးရုံမှာ ပစ်ပယ်ခံထားရသည့် ကလေးများအတွက် အရိုးကြော ကုသမှုကိုလည်း အထူးပြုလုပ်ပေးခဲ့သည်။

    ဘီဘက် ဘန်စကိုတာကလည်း ဖခင်ဖြစ်သူ၏ တိုက်တွန်းမှုကို လိုက်ခဲ့သောကြောင့် အရိုးခွဲစိတ်ကု ဆရာဝန် ဖြစ်နေပြီဖြစ်သည်။

    ဘန်စကိုတာက မာယာအား ခြေတုတပ်ပေးနိုင်သည်ဆိုသည်ကို ဂျဝါလန့် ဂူရန်က သိခဲ့သည်။

    “ခင်ဗျားရဲ့ဆေးခန်းကို ဒီကလေးမလေး ခေါ်လာလို့ရမလား” ဟု သူက ဘန်စကိုတာကို တယ်လီဖုန်းထဲတွင် မေးခဲ့သည်။ ခေါ်လာခဲ့ဟု အဖြေရသည့်အခါ ဂူရန်က မာယာ၏ အဖေကို စိတ်ပါလာအောင် စည်းရုံးရပြီး ခတ္တာမန်ဒူသို့ ပြန်လာခဲ့သည်။

    ထိုအခြေအနေက ဘဟင် ဘဟာဒူး ဂူရန်အတွက် သီတင်းပတ်ပေါင်းများစွာ အိပ်မက်ဆိုး မက်ခဲ့ရပြီးနောက် ပျော်စရာကောင်းသည့် အိပ်မက်မျိုး ဖြစ်လာတော့မည့် အနေအထားလည်း ဖြစ်သည်။ အခုအချိန်တွင် ၎င်း၏ သမီးဖြစ်သူက လူကောင်းပုံစံမျိုး ပြန်ဖြစ်ရန် အခွင့်အရေးရတော့မည်ဖြစ်သည်။

    ကံကောင်းသည့် ကြားဝင်မှု

    ပြီးခဲ့သည့်သီတင်းပတ်နှောင်းပိုင်းမှ တစ်နေ့တွင် ဂျဝါလန့် ဂူရန် တည်ထောင်ထားသည့် ဆီယက်တဲလ်မြို့အခြေစိုက် Grand Asian Journeys ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာဖြစ်သော ပန်ပါရီ၏ ဖုန်းခေါ်မှုကို ကျွန်မ ရခဲ့သည်။ မာယာ၏အကြောင်းကို CNN မှ ဖတ်လိုက်ရပြီးနောက် ဂူရန်က ကယ်တင်ခဲ့သော မိန်းကလေးဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။ ထိုအချိန်တွင် မာယာ၌ ကောင်းမွန်သော အနာဂတ် ရလာတော့မည်ကို ကျွန်မ သိလိုက်ရသည်။

    မာယာအား ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကုသပေးနေသည့် ဒေါက်တာ ဘန်စကိုတာကို ကျွန်မ ဖုန်းခေါ်လိုက်သည်။

    မာယာအနေဖြင့် ဒူးဆစ်အောက်မှ ဖြတ်လိုက်ရခြင်းမှာ ကံကောင်းသည်ဟု သူက ကျွန်မကိုပြောသည်။ ခြေထောက်ခွဲစိတ်မှုလုပ်ငန်းစဉ်က အတော်လေးလက်ဝင်ခဲ့သည်။

    “ခွဲစိတ်မှုက တော်တော်ကောင်းပါတယ်။ ဒါပေမယ့် ဖြတ်ထားတဲ့နေရာက အနာဟာ အခုမှ ကျက်နေတုန်းပါ” ဟု သူက ပြောခဲ့သည်။

    ခြေထောက်အတု အံကိုက်ဖြစ်ရန်အတွက် မာယာ၏ ခြေထောက်ကို ဘန်စကိုတာက တိုင်းပြီးခဲ့ပြီ။ သို့ရာတွင် အဆင်သင့်မဖြစ်သေးသည့်အတွက် သီတင်းပတ်အနည်းငယ်တော့ သူမ စောင့်ရလိမ့်မည်။

    “နီပေါ ကျေးလက်ဒေသက ကလေးငယ်အများစုရဲ့ ဘ၀တွေဟာ တော်တော်လေး ခက်ခဲကြမ်းတမ်းပါတယ်။ သူတို့မှာမရှိတဲ့ အရာတော်တော်များများကို ကျွန်တော်တို့က ဖြည့်ဆည်းပေးရပါတယ်။ ဒီလောက် ဒူပေဒါပေခံနိုင်တဲ့ ဒီကလေးတွေကို ကျွန်တော် အမြဲတမ်း အံ့သြရပါတယ်” ဟု ဘန်စကိုတာက ပြောကြားခဲ့လေသည်။

    မာယာ၏ အပြုံးက လှုံ့ဆော်အားပေးမှုကို ဖြစ်စေသည်ဟု သူကဆိုသည်။ ခြေ၊ လက်များဖြတ်ထားရသည့် ကလေးငယ်အချို့အပါအ၀င် အခြားကလေးငယ်များ ပတ်လည်ဝိုင်းနေသည့် ဆေးရုံတွင် မာယာတစ်ယောက် ပျော်ရွှင်လာသည်ကို သူ မြင်ရသည်။ မသန်စွမ်းဖြစ်နေသည်မှာ သူမတစ်ဦးတည်း မဟုတ်ဟု သူမကို ဖြေသိမ့်စရာဖြစ်စေသောကြောင့်လည်း ဖြစ်မည်။

    ဘန်စကိုတာ၏ ဆေးရုံအပြင်ဘက်တွင် အကူအညီလိုအပ်နေဆဲဖြစ်သော ငလျင်ဒဏ်ခံရသူများ၏ တဲတန်းများရှိနေပြီး ဧပြီ ၂၅ ရက်နေ့ကတည်းက ဆရာဝန်များမှာ တောက်လျှောက် လုပ်နေကြရသည်။ မာယာကတော့ အကြင်နာလက်များအတွင်း ရှိနေသည်ဟု ကျွန်မထင်သည်။

    အခန်းတစ်ခန်းထဲရှိသည့် အိမ်၏ ထောင့်တစ်ထောင့်တွင်ထိုင်နေသော မာယာကို ကျွန်မ ဓာတ်ပုံရိုက်ခဲ့သည်။ အခုတော့ သူမတစ်ယောက် ကျောက်သားအတိပြီးသည့် တောင်ပေါ်လမ်းများတွင် တစ်ရွာဝင်တစ်ရွာထွက် ပြေးလွှားသွားနိုင်တော့မည်မဟုတ်။ ထိုကဲ့သို မမျှော်လင့်သည့် အပြောင်းအလဲအား တွေ့ကြုံသိမြင်ရသည်ကို ကျွန်မ ၀မ်းသာသည်။ ဒီနေရာတွင်ရှိနေသည့် ဇာတ်လမ်းများက ယခုကဲ့သို့ တိုးတက်မှုမျိုး သိပ်မရှိ။ သို့သော်လည်း ဆင်းရဲမွဲတေမှုကြီးမားပြီး သယံဇာတ အကန့်အသတ်ရှိသည့် ဒီလိုနိုင်ငံမျိုးတွင် အဆုံးသတ်ကို လုံးဝ ခန့်မှန်း၍ မရပေ။

    သို့သော်လည်း အခုအချိန်တွင်တော့ ကြင်နာတတ်သူ လူစိမ်းများ၏ ကျေးဇူးကြောင့် မာယာတွင် မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်လေသည်။

    CNN မှ သတင်းဆောင်းပါးကို လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • နီပေါငလျင်ကူညီမှုအတွင်း အမေရိကန် စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံး

    နီပေါငလျင်ကူညီမှုအတွင်း အမေရိကန် စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံး

    မေ ၁၃၊ ၂၀၁၅
    M-Media

    – နီပေါတွင် ယမန်နေ့က လှုပ်ခတ်သွားခဲ့သည့် ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသော နေရာအနီးရှိ ငလျင်ဒဏ်ခံပြည်သူများထံသို့ ဆန်များနှင့် ရွက်ဖျင်တဲများ သွားရောက်ပေးပို့သည့် အမေရိကန် မရိန်းတပ်ဖွဲ့မှ ရဟတ်ယာဉ် တစ်စီးမှာ ယမန်နေ့က ပျောက်သွားခဲ့သည်ဟု သိရသည်။

    အပေါ့စား တိုက်ခိုက်ခိုက်ရေးယာဉ်ဖြစ်သော အဆိုရဟတ်ယာဉ်တွင် မရိန်းစစ်သား ၆ ဦးနှင့် နီပေါစစ်သား ၂ ဦးတို့ လိုက်ပါသွားသည်။

    ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စတီဗ် ၀ါရန်က အခင်းဖြစ်ပွားရာနေရာမှ အစီရင်ခံစာတွင် အမေရိကန်စစ်ဘက် တာဝန်ရှိသူများနှင့် အဆက်အသွယ်မပြတ်တောက်ခင် အဆိုပါ ရဟတ်ယာဉ်မှ အမှူထမ်းများ လောင်စာဆီ ပြဿနာနှင့် ပတ်သက်၍ ပြောကြားနေမှုများကို ငလျင်ဒဏ်ခံဒေသတွင် လုပ်ငန်းများဆောင်ရွက်နေသည့် အိန္ဒိယ ရဟတ်ယာဉ်တစ်စင်းက မတော်တဆ ကြားခဲ့ရသည်ဟု ဖော်ပြထားကြောင်း ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုရဟတ်ယာဉ်မှာ လောင်စာဆီနည်းခြင်း၊ သို့မဟုတ် ဆီပိုက်လိုင်းတွင် ပြဿနာရှိခြင်း စသဖြင့် မည်သည့် ပြဿနာနှင့် ကြုံတွေ့ခဲ့ရသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုလေယာဉ်အား မရိန်းတပ်ဖွဲ့မှ လေယာဉ်တစ်စီးဖြင့် မိနစ် ၉၀ ကြာ ရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် လေကြောင်းမှ ရှာဖွေမှုကို ရပ်နားထားပြီး နီပေါတပ်ဖွဲ့ဝင်များက မြေပြင်ရှာဖွေမှုများကို ဆက်လက်ပြုလုပ်နေသည်။

    ပျောက်ဆုံးသွားခဲ့သည့် ဒေသမှာ တောင်တန်းများထူထပ်ရာ ဒေသဖြစ်ပြီး ရဟတ်ယာဉ်မှ ရေဒီယိုအဆက်အသွယ်ကိုလည်း တောင်များကြောင့် ဖမ်းယူရရှိနိုင်မည်မဟုတ်ဟု ၀ါရန်က ထည့်သွင်းပြောကြားခဲ့သည်။

    ပျောက်ဆုံးသွားခဲ့သည့် လေယာဉ်မှာ ပြီးခဲ့သည့်နှစ်ပတ်ကျော်က ပြင်းအား ၇.၈ ငလျင် လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် Corps UH-1Y Hueys ရဟတ်ယာဉ် ၃ စီးမှ တစ်စီးဖြစ်သည်။

    အဆိုပါ ရဟတ်ယာဉ်ရှာဖွေမှုကို စစ်သား ၄၀၀ ဖြင့် ဆောင်ရွက်နေသည်ဟု နီပေါစစ်တပ်က ပြောကြားခဲ့သည်။

    Ref: Reuters

  • ငလျင်အပြီး ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန်  ကြိုးပမ်းနေရသည့် နီပေါ

    ငလျင်အပြီး ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန် ကြိုးပမ်းနေရသည့် နီပေါ

    မေ ၂ ၊ ၂၀၁၅
    M-Media
    9d0605f45043425f801e983ef4d37663_18
    – ဘခ်တာပူးရ် ရှေးဟောင်းမြို့ရှိ ဘုရားကျောင်း အပျက်အစီးပုံပေါ် ရပ်နေသောသူများက ပေါက်တူးများ၊ လက်ဗလာများဖြင့် ဖုန်များ၊ အပျက်အစီးများအကြားတွင် စိတ်အားထက်သန်စွာ တူးဆွနေကြသည်။

    ကြာသာပတေးနေ့ နေ့လည်ပိုင်းက ကြီးမားသည့် ကျောက်တုံးပန်းပုလက်ရာ တစ်ခုကို ၎င်းတို့ တူးဖော်ရရှိသည့် အချိန်တွင် အခြားသူများကလည်း အလျင်အမြန် ၀ိုင်းအုံလာကာ ထိုပန်းပုရုပ်တုကြီးကို မ,တင်ပေးကြသည်။ ထိုသို့ တင်ပေးနေစဉ် တစ်ယောက်က “ငါတို့နိုင်ငံကို ချစ်တယ်” ဟု အော်လိုက်သည်။ တူးဖော်ရရှိခဲ့သည့် အဆိုပါ ပန်းပုရုပ်တုကြီးက ငလျင်ကြောင့် ပြိုကျသွားခဲ့သည့် ဘဟာဂ်ဝတီ ဘုရားကျောင်း၏ အခြေတွင် ထားရှိသည့် ရုပ်တုကြီးဖြစ်လေသည်။

    ပြီးခဲ့သည့် စနေနေ့က ပြင်းအား ၇.၈ မဂ္ဂနီကျုရှိသော မြေငလျင်လှုပ်ပြီးသည့်နောက် ငလျင်ဒဏ် ခံစားရသည့် ဝေးလံခေါင်သီသော ဒေသ များသို့ အကူအညီများမှာ ယခုအချိန်မှ စတင်ရောက်ရှိသည်။ ထိုသို့ ဒုက္ခပင်လယ် ဝေခဲ့ရသည့် နီပေါတွင် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာ အပြည့်အ၀ကိုလည်း မသိရသေး။ သေဆုံးသူ စာရင်းကတော့ သောကြာနေ့ နံနက်ပိုင်းတွင် ၆၂၅၄ ဦး ရှိလာခဲ့ပြီဖြစ်သည်။

    ၁၉၇၉ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းခြင်းခံခဲ့ရသည့် ခတ္တာမန်ဒူတောင်ကြားရှိ ထင်ရှားသော နေရာ ၇ နေရာမှ အထိမ်းအမှတ်အဆောက်အအုံနှင့် ဘုရားကျောင်းအများအပြားမှာ ငလျင်အတွင်း ပျက်ဆီးသွားခဲ့သည်။

    ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဘခ်တာပူးရ်မြို့ရှိ ဒါဘာရ်ရင်ပြင်တွင် ရုပ်ထုများကို ပြန်ဖော်နေသူများကဲ့သို့ နီပေါပြည်သူများက နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ကယ်တင်ရန် ကြိုးစားနေကြသည်။ ခတ္တာမန်ဒူမြို့ ဒါဘာရ်ရင်ပြင်ရှိ ဘုရားကျောင်းများ၊ ပါတန်နှင့် ဘခ်ပူးရ်မြို့ရှိ ဘုရားကျောင်းများက အင်အားပြင်းသည့် ငလျင်အတွင်း အပျက်အစီးနှင့် အုတ်ပုံများအဖြစ်သို့ ပြောင်းသွားကြသည်။ ကြီးကျယ်ခမ်းနားပြီး တောင်ထိပ်တွင်ရှိသည့် ရှေးဟောင်း ဟိန္ဒူအဆောက်အဦးဖြစ်သော ချန်ဂူ နာရာယန်၏ အစိတ်အပိုင်းများကလည်း အပျက်အစီးများကြားတွင် ထီးထီးကြီးရှိနေသည်။

    ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူဖြစ်ပြီး ခတ္တာမန်ဒူ ဒါဘာရ်ရင်ပြင်၏ သမိုင်းအမွေအနှစ်ဆိုင်ရာ ကျွမ်းကျင်သူ အလော့က် တူလဒ်ဟာရ်၏ အဆိုအရ ယူနက်စကိုက ပုံမှန်မဟုတ်သော အစည်းအဝေးတစ်ခုကို ကြာသာပတေးနေ့က ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် ငလျင်အတွင်း ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရန် ရှိနေသည့် ပြင်သစ်ရှေးဟောင်း သုတေသနပညာရှင်တစ်ဦး ပါဝင်ခဲ့ကာ ပျက်ဆီးဆုံးရှုံးမှုအား မည်ကဲ့သို့ ဆန်းစစ်ကြမည်ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    “ကွင်းဆင်း ဆန်းစစ်မှုတွေပြုလုပ်ဖို့အတွက် နိုင်ငံလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခုဖွဲ့စည်းဖို့ ကျွန်တော်တို့အားလုံး ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု တူလဒ်ဟာက ပြောကြားခဲ့သည်။
    84be0977366048f692fd5ed57158589a_18

    နည်းပညာအသုံးပြု ရှာဖွေသိမ်းဆည်းမှု

    ကွင်းဆင်းလေ့လာဆန်းစစ်မှုကို နည်းပညာအသုံးပြု ဆောင်ရွက်သွားမည်ဟု တူလဒ်ဟာက ဆိုသည်။ GIS မှ ကျွမ်းကျင်သူများက သောကြာနေ့တွင် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးခဲ့ပြီး ထို အက်ပလီကေးရှင်းဖြင့် အပျက်အစီးများကြားမှ ရှာဖွေရရှိသည့် အနုပညာလက်ရာများ၊ အုတ်ခဲမျာနှင့် သစ်သားများ၏ သက်သေအထောက်အထားများ၊ ဓာတ်ပုံများကို မြန်မြန်ဆန်ဆန် မျှဝေနိုင်မည်ဖြစ်သည်။ အပျက်အစီးများအား မည်ကဲ့သို့ လေ့လာဆန်းစစ်ရမည်ကို တိုင်းပြည်အတွင်းရှိ လူငယ်ရှေးဟောင်းသုတေသနပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ အနုပညာရှင်များနှင့် အနုပညာဆိုင်ရာ သမိုင်းပညာရှင်များအား လေ့ကျင်သင်ကြားပေးမှုကို ချက်ချင်းဆောင်ရွန်ရန် အစီအစဉ်လည်း ရှိနေသည်။

    ငလျင်အတွင်း ပျက်စီးခဲ့သည့် သမိုင်းဝင်နေရာ အများစုက အလယ်ခေတ်ကာလမှဖြစ်ပြီး အခြားသော နေရာများက လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က ဆောက်လုပ်ထားသော အဆောက်အဦးများ ဖြစ်သည်ဟု တူလဒ်ဟာရ်က ဆိုသည်။ နှစ်ပေါင်း ၄၀၀၀ ခန့် သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်းနေရာများလည်း ပါဝင်သည်။

    နီပေါရှိ အထိမ်းအမှတ်အဆောက်အဦးများက ရှေးဟောင်း အမွေအနှစ် မဟုတ်သော်လည်း ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုလှုပ်ရှားမှုတို့အတွက် အရေးပါသည့်နေရာများ ဖြစ်သည်ဟု တူလဒ်ဟာရ်က ထောက်ပြသည်။ ဘုန်းတော်ကြီးများက ထိန်းသိမ်းစောင့်ရှောက်သည့် နေရာဖြစ်ပြီး၊ ကြည်ညိုသူများက လာရောက်လည်ပတ်ကြသည်။ ပွဲတော်ရက်များတွင်လည်း ကြိတ်ကြိတ်တိုးကြသည်။

    “ပျက်ဆီးသွားတဲ့ အထိမ်းအမှတ်အဆောက်အဦးတွေဟာ အသုံးပြုနေတဲ့ အဆောက်အဦးတွေပါ။ လူတွေလာကြည့်ကြတဲ့ ပြတိုက်လိုမျိုး မဟုတ်ပါဘူး။ အဲဒါတွေဟာ ကျွန်တော်တို့ ရှင်သန်အောင် ထိန်းသိမ်းနိုင်ခဲ့ဖူးတဲ့ ခိုင်မာတဲ့၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့၊ ဖော်မပြနိုင်တဲ့ အမွေအနှစ်တွေနဲ့ တိုက်ရိုက် စက်ဆပ်မှုရှိပါတယ်” ဟု သူက ပြောကြားခဲ့သည်။

    ထိုသို့ ပျက်ဆီးဆုံးရှုံးမှုများ၏ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဆိုးကျိုးက သိသာလာမည်ဟု သူက ယုံကြည်နေသည်။ မပြိုဘဲ ကျန်ရှိနေသည့် အဆောက်အဦး အများအပြားကို ကျွမ်းကျင်သူများ၏ လေ့လာစူးစမ်းမှုများပြီးလျှင် ဖြိုချဖျက်ဆီးပစ်ရန် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သည်။

    EARTHQUAK26415e

    ပြည်သူများ၏ အသိပညာကလည်း အရေးကြီး

    တူလဒ်ဟာရ်က အစိုးရနှင့် ယူနက်စကိုတို့မှာ ကမ္ဘာ့အမွေအနှစ် နေရာများကို ဦးစားပေးရမည်ဟု ဆိုသည်။ သို့သော်လည်း လူထုအခြေပြု ပါဝင်မှုနှင့်ပတ်သက်၍ အလေးထားရမည်ဖြစ်ပြီး၊ ၎င်းတို့ ပတ်ဝန်းကျင်ရှိ အဖိုးမဖြစ်နိုင်သည့် ရတနာများကို အတွင်းကျကျသိသည့် ဒေသခံပြည်သူများနှင့်အတူ အလုပ်လုပ်ရမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

    နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ ဆုံးရှုံးမှုက အထိမ်းအမှတ်အဆောက်အဦးများကို ကျော်လွန်သွားသည်။ ပျက်ဆီးသွားခဲ့သည့် သမိုင်းဝင်နေရာများတွင် ဘခ်တာပူးရ်ကဲ့သို့ နေရာများ၌ ပြည်သူများ၏ အိမ်များလည်း ပါဝင်ခဲ့သည်။

    ကြာသာပတေးနေ့တွင် ဘခ်တာပူးရ်ရှိ ဒါဘာရ်ရင်ပြင် ၀င်ပေါက်မှ မုခ်ဦးမှာ ကွဲအက်လာသောကြောင့် ဖြိုချခဲ့ရသည်။ သစ်သားဖြင့်ထုထားသည့် နတ်ဘုရားရုပ်တုများကလည်း နံရံထဲမှ ငေါထွက်လာသည်။

    ဒါဘာရ်ရင်ပြင်၏ အတွင်းပိုင်းတွင် ဘုရားကျောင်းအစောင့်များက ကျောက်နှင့် သစ်သားတို့ဖြင့် ထုလုပ်ထားသည့် ရုပ်တုပေါင်း ၁၅၀ ခန့်နှင့် ကြေးသွန်းခေါင်းလောင်းများကို စောင့်ကြပ်နေကြသည်။ ထိုအစောင့်များထဲမှ တစ်ဦးဖြစ်သူ ရမ် ဘာဟာဒူရ် ကူမဲလ်က လူများမှာ ဒါဘာရ်ရင်ပြင်မှ အနုပညာလက်ရာများကို ယူဆောင်ရန် ကြိုးစားကြပြီး ပစ္စည်းတစ်ခု ပျောက်သွားသည်ဟု ဆိုသည်။

    ဘဟာဂ်ဝတီ ဘုရားကျောင်း၏ အနောက်ဘက်တွင် အမျိုးသားများက ကျောက်သားရုပ်တုတစ်ခုကို ဘုရားကျောင်း၏ အခြေသို့ ရောက်ရှိရန် ကြိုးဖြင့်ဆွဲနေသည်။ ရိုးရာအရ တစ်နှစ်တာ၏ အချိန်အများစုတွင် ဖုံးကွယ်ထားရသည့် ဟိန္ဒူနတ်ဘုရား ပုံတော်တစ်ခုကိုလည်း မြင်နေရပြီး ပြည်သူများက အပျက်အစီးများပေါ်သို့ တက်ကာ အဆိုပါ ပုံတော်အား ပူဇော်မှုများ ပြုလုပ်သောကြောင့် အချို့က ထိုသို့မလုပ်ရန် တားဆီး၍ ပြန်ခိုင်းကြရသည်။

    ပြည်သူများမှာ ဒါဘာရ်ရင်ပြင်တစ်ဝှမ်းတွင် ကွဲကြေနေသော အထိမ်းအမှတ်အဆောက်အဦးများကို လှည့်လည် ကြည့်ရှုနေကြသည်။ နိုင်ငံတကာမှ အကူအညီပေးရေး ၀န်ထမ်းများက တဲများထိုးထားပြီး စိတ်ရှည်လက်ရှည်ဖြင့် ကြည့်နေကြသည်။ ကြက်ခြေနီ သွေးလှူဘဏ်တစ်ခုကလည်း သွေးလှူသူများထံမှ သွေးများကို စုဆောင်းနေကြပြီး သွေးအိတ်များမှာ ရေခဲထည့်ထားသည့် ပုံးထဲတွင် တောင်ပုံရာပုံဖြစ်နေသည်။

    ဒါဘာရ်ရင်ပြင် အနောက်ရှိ လမ်းကြားများတွင် နီပေါစစ်တုရင်အားကစားဝတ်စုံကို ၀တ်ထားပြီး လည်ပင်းတွင် အမှုန်ကာ မျက်နှာဖုံးတစ်ခုကို ချည်ထားသည့် အသက် ၃၈ နှစ်အရွယ် စစ်တုရင်ဒိုင်လူကြီး ဂျန်နန်ဒရာ ခိုင်ဂျူက ၎င်းကြီးပြင်းခဲ့သည့် သမိုင်းဝင် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုနေသည်။

    ခိုင်ဂျူမှာ ငလျင်ကြောင့် ပျက်ဆီးခဲ့ပြီး လက်ရှိအချိန်တွင် ရွဲ့စောင်းနေကာ အန္တရာယ်ရှိသည့် အိမ်တစ်အိမ်မှ အိမ်နီးချင်းများ၏ ပိုင်ဆိုင်မှုများ ရွှေ့ပြောင်းရာတွင် ကူညီပေးနေသည်။ ၎င်း၏ အိမ်နီးချင်းများက အခန်းတစ်ခန်းကို ငှားထားပြီး အခြားမိသားစုဝင်များက ဘခ်ပူးရ်ရှိ ဖြစ်သလိုပြုလုပ်ထားသော ကယ်ဆယ်ရေးစခန်းများသို့ သွားနေကြသည်။

    ခိုင်ဂျူမှာ လမ်းများရှိ အပျက်အစီးများကို ဖယ်ရှား၍သွားကာ အဆိုးဆုံး ထိခိုက်ခဲ့သည့် နေရာများကို ညွှန်ပြသည်။ အချို့သော လမ်းကြားလေးများတွင် အိမ်ကြီးအိမ်ကောင်းများ ပြိုလဲနေကြသည်။ သစ်သားရက်မများ၊ ကွန်ကရစ်များနှင့် အိပ်ယာအပျက်အဆီးများ တောင်လိုပုံနေသည်။ ပတ်ဝန်းကျင်တွင် ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ပြည်သူများကလည်း ပြိုကျနေသော အိမ်များမှ အပျက်အစီးများကိုဖယ်ကာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စုဆောင်းနေကြသည်။
    nepal-landmarks-before-after-earthquake-1430011886105-master495-v3
    လမ်းကြားတစ်ခုတွင် အိမ်များ အတန်းလိုက်ပြိုကျနေသည်။ ကာစီယို ဂဏန်းတွက်စက်၊ အောက်စက်မှ အစိတ်အပိုင်းများ၊ ကုသိုလ်ကံကို အခြေပြုကာ ကစားရသည့် ဒူခ်ကူတီ ကစားနည်းအတွက် စာအုပ်တစ်အုပ် စသည်တို့က အပျက်အဆီးများပေါ်တွင် ရှိနေသည်။ ခိုင်ဂျူ၏ အိမ်နီးချင်းဖြစ်သည့် လူလတ်ပိုင်း အမျိုးသမီး ၂ ဦးက ထိုနေရာတွင် သေဆုံးနေသည်။

    ခိုင်ဂျူက လုံးဝ အကောင်းပကတိအတိုင်းရှိနေသည့် အိမ်တစ်လုံးကို ညွှန်ပြသည်။ အဆိုပါအိမ်မှာ ရိုးရာ နီဝါရီပုံစံ တည်ဆောက်ထားသည့်အိမ်ဖြစ်ပြီး မျက်နှာစာကို အုပ်ဖြင့်ပြုလုပ်ထားသည်။ လေးထပ်မြောက်တွင် အုပ်ကျွပ်မိုး ခေါင်ဖြင့် ထပ်ခိုးရှိသည်။ အဆိုပါအိမ်၏ သက်တမ်းမှာ နှစ်ပေါင်း ၃၀၀ ခန့်ရှိမည်ဟု ခိုင်ယူက ယုံကြည်နေသည်။

    တူလဒ်ဟာရ်က ရှေးဟောင်းအဆောက်အဦးများ ပြိုကျရခြင်း၏ အကြောင်းအရင်းမှာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်မှု မရှိခြင်း၊ သို့မဟုတ် အလောတကြီး ပြုပြင်မွမ်းမံခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။

    “ဒီနေရာမှာ ငလျင်တွေလှုပ်တယ်ဆိုတာ သမိုင်းနဲ့ချီပြီး ကျွန်တော်တို့ သိကြပါတယ်။ ဒီလိုငလျင်မျိုးက တော်တော်များများ မျှော်လင့် ထားတာမျိုးပါ” ဟု သူကဆိုသည်။

    ရှေးဟောင်းအိမ် အတော်များများမှာ ကနဦးက မိမိတို့ဘိုးဘေးများ၏ နှစ်ပေါင်းထောင်ချီ ရရှိခဲ့သည့် အသိပညာကို အခြေပြု၍ ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ထားကြခြင်းဖြစ်သည်ဟု တူလဒ်ဟာရ်က ပြောကြားခဲ့သည်။

    ဗိသုကာ ပုံစံများက အရေးကြီး

    ဥပမာအားဖြင့် ခတ္တာမန်ဒူ ဒါဘာရ်ရင်ပြင်တွင်ရှိသည့် ကူမာရီဂါရ် အဆောက်အဦးမှာ အပျက်အဆီးအနည်းငယ်သာ ရှိခဲ့သည့် ရှေးဟောင်း အဆောက်အဦးဖြစ်သည်။ ၁၈ ရာစုအလယ်ပိုင်းတွင် ဆောက်လုပ်ထားသည့် အဆိုပါ အဆောက်အဦးမှာ ဟိန္ဒူနတ်ဘုရားမ ကာလီ ၀င်စားသည်ဟု ယုံကြည်ကြသည့် ကလေးတစ်ဦးဖြစ်သော ကူမာရီနေထိုင်သည့် နေအိမ်ဖြစ်သည်ဟု တူလဒ်ဟာရ်က ဆိုသည်။ သူမမှာ ယခုအချိန်အထိ ထိုအိမ်တွင် နေထိုင်သည်။ အဆိုပါ အိမ်၏ လေးဘက်လေးတန်မှ အဆောင်များက တစ်ခုနှင့်တစ်ခု ကျားကန်ပေးထားသည်ဟု သူက ဆိုသည်။

    ခိုင်ဂျူက လွန်ခဲ့သည့်နှစ်များတွင် အိမ်နီးချင်းများမှာ ရှေးဟောင်းအဆောက်အဦးများ၏ ဗိသုကာဒီဇိုင်းကို ပုံတူကူး၍ ဆောက်လုပ်သော်လည်း အဆိုပါ အဆောက်အဦးများ၏ နည်းပညာများကိုမူ အသုံးပြုခြင်းမရှိဟု ပြောကြားခဲ့သည်။ သူက အိမ်တစ်အိမ်ရှေ့တွင် ရပ်လိုက်သည်။ ထိုအိမ်က ဒါဘာရ်ရင်ပြင်ရှိ မပြိုဘဲကျန်ခဲ့သော ညာတာပိုလာ ဘုရားကျောင်း တည်ထားသည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သူကပြောသည်။

    ရိုးရာ နီဝါရီ ဗိသုကာဒီဇိုင်းဖြင့် ဆောက်လုပ်ထားသည့် အောက်ပိုင်းရှိ ကြမ်းပြင်က အနည်းငယ်သာ ပျက်ဆီးခဲ့သည်။ သို့သော်လည်း ကွန်ကရစ်များလောင်း၍ ဆောက်လုပ်ထားသော အပေါ်ပိုင်းကြမ်းပြင်များက ပြိုကျခဲ့လေသည်။ ထိုပြိုကျမှုတွင် လူ ၄ ဦး ပိမိခဲ့ပြီး ၂ ဦးကိုသာ အသက်ရှင်လျက် ကယ်ထုတ်နိုင်သည်ဟု ခိုင်ဂျူက ပြောကြားခဲ့သည်။

    အသက် ၃၂ နှစ်အရွယ် ကုန်စုံဆိုင်ပိုင်ရှင် ဒီပက်ရှ် ဒူဘန်ဇာရ်က ဦးလေးဖြစ်သူ၏ တည်းခိုခန်းရှိ လှေကားတွင် ထိုင်နေသည်။ ထိုတည်းခိုခန်းမှာ ဒါဘာရ်ရင်ပြင်ရှိ အခြားသော စားသောက်ဆိုင်များနှင့် တည်းခိုခန်းများကဲ့သို့ပင် ပြိုကျပျက်ဆီးခဲ့သည်။ အဆိုပါ စီးပွားရေးများကို တစ်လအတွင်း ပြန်ဖွင့်နိုင်မည်ဟု သူက တွက်ထားသည်။

    “မြို့ထဲကလူတွေက အခုအချိန်မှာ လုံးဝ တုန်လှုပ်နေကြပါတယ်။ အဓိကပြဿနာကတော့ စိတ်ဖိစီးမှုပါပဲ”

    မိသားစုနှင့်အတူ ငလျင်မှ လွတ်မြောက်ခဲ့သည့် ဒူဘန်ဇာတစ်ယောက် ဆွေမျိုးများ၏ ကံကြမ္မာကောင်းကိုလည်း သတိတရရှိနေသည်။

    ဘဟာဂ်ဝတီဘုရားကျောင်းကို ရှင်းလင်းနေသူများ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် သူက အပျက်အဆီးများကို ဖယ်ရှားခြင်းမှာ အနည်းငယ်စိတ်သက်သာရသည်ဟု ဆိုသည်။ ဆယ်ယူရသမျှ အားလုံးကိုလည်း ဆယ်ယူထားရန် အရေးကြီးသည်ဟု သူကပြောသည်။

    “ဘုရားကျောင်းက အုတ်ခဲတစ်လုံးကလည်း ကျွန်တော်တို့ ပစ္စည်းပါ။ ကျွန်တော်တစ်ယောက်တည်းရဲ့ ပစ္စည်းမဟုတ်ဘူး။ အခြားသူတစ်ယောက်တည်းရဲ့ ပစ္စည်းလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ ပစ္စည်းပါ။ ကျွန်တော်တို့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အဲဒါကို ရှာဖွေ သိမ်းဆည်းထားရပါမယ်”

    ref: Al Jazeera
    မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။