သြဂုတ် ၂၈၊ ၂၀၁၅
M-Media
– ယခင်က ရွှေ့ဆိုင်းထားမှုများရှိခဲ့သည့် ရန်ကုန်လေဆိပ်သစ် စီမံကိန်းကို ရန်ပုံငွေပြဿနာကြောင့် နောက်ထပ်လေးနှစ် ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု နိုင်ငံပိုင်မီဒီယာနှင့် အစိုးရတာဝန်ရှိသူတို့က ယနေ့တွင် ပြောကြားခဲ့သည်။
ဟံသာဝတီလေဆိပ်ဟု အမည်ပေးထားပြီး ပဲခူးမြို့အနီးတွင် တည်ဆောက်မည့် အဆိုပါစီမံကိန်းကို တောင်ကိုရီးယား ကုမ္ပဏီတစ်ခုက ဆောင်ရွက်ရန် ပထမဆုံးစီစဉ်ခဲ့သည်။ သို့သော်လည်း ၁၉၉၄ ခုနှစ်တွင် အစီအစဉ်ကို ထိုကုမ္ပဏီက စွန့်လွှတ်ခဲ့သည်။
ထို့နောက် နှစ် ၅၀ နီးပါးကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးအပြီး အရပ်သားတစ်ပိုင်းအစိုးရက နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံခြားသားများ ၀င်ရောက်လာသည့်အခါတွင် ၂၀၁၂ ခုနှစ်၌ အဆိုပါစီမံကိန်းမှာ ပြန်လည် အသက်ဝင်လာခဲ့သည်။
သို့သော်လည်း ရန်ကုန်မြို့သို့ ခရီးသည်များ ပို့ဆောင်ရေးအတွက် စီစဉ်ထားမှုမရှိခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Yongnam-CAPE-JGCC ဟုခေါ်သည့် ဂျပန်-စင်ကာပူ အကျိုးတူပူးပေါင်း ကုမ္ပဏီတစ်ခုက ကုန်ကျငွေ ကန်ဒေါ်လာ ၁.၉ ဘီလီယံဖြင့် အဆိုပါလေယာဉ်ကွင်းအား ဆောက်လုပ်ရန် ခွင့်ပြုချက် ရရှိခဲ့သည်။
ကုန်ကျစားရိတ်များထဲမှ ၄၉ ရာခိုင်နှုန်းကို ODA (တရားဝင် ဖွံ့ဖြိုးရေး အကူအညီ)မှလည်းကောင်း ကျန်ရှိသည့်ငွေများကို ကုမ္ပဏီနှင့် ပုဂ္ဂလိကချေးငွေများဖြင့်လည်းကောင်း အသုံးပြုရန် လျာထားခဲ့သည်။ သို့သော်လည်း စီစဉ်ထားသည့် ရန်ပုံငွေ ရရှိခြင်း မရှိသောကြောင့် လေဆိပ်ဖွင်မည့်ခုနှစ်ကို ၂၀၂၂ ခုနှစ်အထိ နောက်ဆုတ်ခဲ့သည်။
“နိုင်ငံရဲ့ စတုတ္ထမြောက် နိုင်ငံတကာလေဆိပ် ဖွင့်လှစ်မယ့်အချိန်ကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ အထိ နောက်ဆုတ်လိုက်ပြီး ODA အကူအညီတွေ နှောင့်နှေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်” ဟု အရပ်ဘက်လေကြောင်းဌာနမှ လက်ထောက်ဒါရိုက်တာ မင်းလွင်ဦး၏ ပြောကြားမှုကို ကိုးကား၍ နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။
ပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကလည်း အဆိုပါစီမံကိန်း နောက်ဆုတ်ကြောင်းကို အတည်ပြုခဲ့ပြီး ရန်ပုံငွေရှာဖွေရန် ခက်ခဲမှုကြောင့်ဖြစ်သည်ဟု ဆိုသည်။
“ရိုးရိုးသားသားပြောရရင် ODA ရဖို့အတွက် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေတုန်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ စတောင်မစရသေးပါဘူး” ဟု ပြောဆိုခွင့်မရှိသောကြာင့် အမည်ပြောရန် ငြင်းဆိုခဲ့သည့် အဆိုပါ တာဝန်ရှိသူက ဆိုသည်။ ထို့ပြင် အသေးစိတ်အချက်အလက်များ ပြောပြရန်လည်း ၎င်းက ငြင်းဆိုခဲ့သည်။
ဟံသာဝတီလေဆိပ်အား တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း လက်ခံဝန်ဆောင်မှုပေးနိုင်ရန် လျာထား ထားသည်။
Ref: The Star