ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
M-Media
– အစ္စလာမ် ဘာသာဝင်တို့၏ အီးဒ်နေ့များနှင့် တရုတ်နှစ်ကူး ပွဲတော်များတွင် မြို့တော်အတွင်းရှိ စာသင်ကျောင်းများ ပိတ်ရက်အဖြစ် သတ်မှတ်ရန် အတွက် နယူးယောက် မြို့တော်ဝန်က ကြေညာခဲ့သည်ဟု သိရသည်။
ယခုတစ်ပတ်အတွင်း ကြေညာခဲ့ခြင်းဖြစ်ပြီး အစ္စလာမ် ဘာသာဝင်တို့၏ ပွဲတော်များဖြစ်သည့် အီဒွလ်ဖီသိရ်၊ အီဒွလ် အသွဟာနေ့များနှင့် တရုတ် လူမျိုးများ၏ နှစ်သစ်ကူး အခါသမယကို အသိအမှတ်ပြုခဲ့ခြင်းလည်းဖြစ်သည်။ သို့သော်လည်း နယူးယောက်မြို့ရှိ တောင်အာရှသားများ အကြား လူကြိုက်များသည့် ဒီပ၀ါလီ ပွဲတော်အတွက် ထည့်သွင်းပြောကြားသွားခြင်း မရှိချေ။
“ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့အားလုံး စုစည်းဖို့ပါ။ ကျွန်တော် ခဏခဏပြောပါတယ်။ ကျွန်တော်တို့ အချိန်ယူရပါလိမ့်မယ်။ ကျောင်းရဲ့ အချိန်ဇယားတွေ၊ ဘဏ္ဍာငွေနဲ့ ပတ်သက်ပြီးတော့ ဒါ(ပိတ်ရက်တွေ)ဟာ သိပ်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်လျော်တဲ့ အချိန်ဇယားအတွင်းမှာ ဒါကို ကျွန်တော်ဖြစ်စေ ချင်တာပါ” ဟု WNYC ရေဒီယို၏ အစီအစဉ် တစ်ခုတွင် မြို့တော်ဝန် Bill De Blasio က ပြောကြားခဲ့သည်။
ထိုကဲ့သို့ ပိတ်ရက်များ သတ်မှတ်ပေးခြင်းနှင့် ပတ်သက်၍ အမေရိကန်-အစ္စလာမ် ဆက်ဆံရေး အဖွဲ့မှ ချီးကျူးပြောဆိုခဲ့သည်။
“ကျွန်တော်တို့ရဲ့ကျောင်းတွေမှာ အီးဒ်နေ့အတွက် ကျောင်းပိတ်ရက်ရပါပြီ။ နယူးယောက်မှာရှိတဲ့ မွတ်စလင် လူ့အဖွဲ့အစည်းကတော့ ကျေနပ်နေကြပြီး ကျွန်တော်တို့ရဲ့ကလေးတွေဟာလည်း ကျောင်းပဲ တက်ရမလား၊ အီးဒ်ပွဲတော်ကိုပဲ ဆင်နွှဲရမလားဆိုတာ မရွေးချယ် ရတော့ပါဘူး” ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးစင်တာ(နယူးယောက်)မှ အမှုဆောင်ဘုတ်အဖွဲ့ဝင် Zead Ramadan က ပြောကြားခဲ့သည်။
နယူးယောက်မြို့ အဏ္ဍာရေးရုံး၏ နှစ်စဉ်အစီရင်ခံစာအရ နယူးယောက်မြို့ရှိ ပြည်သူများမှာ ဘာသာစကား ၁၈၅ မျိုး အသုံးပြုလျက်ရှိပြီး မြို့တွင်းရှိကျောင်းများတွင် တက်ရောက်နေကြသော ကျောင်းသားများ၏ ၄၂ ရာခိုင်နှုန်းမှာ အင်္ဂလိပ်စကားကို ဒုတိယ ဘာသာစကားဖြစ် သုံးစွဲကြသည့် ကျောင်းသားများ ဖြစ်ကြသည်ဟု သိရသည်။
Ref: NBC
Image – AFP