News @ M-Media

Tag: Niger

  • အာဏာသိမ်းစစ်ခေါင်းဆောင်အား ၀င်တိုက်မည့်နေ့ကို ပတ်၀န်းကျင်နိုင်ငံများ သတ်မှတ်ထားနိုင်ပြီ

    အာဏာသိမ်းစစ်ခေါင်းဆောင်အား ၀င်တိုက်မည့်နေ့ကို ပတ်၀န်းကျင်နိုင်ငံများ သတ်မှတ်ထားနိုင်ပြီ

    သြဂုတ် ၁၉၊ ၂၀၂၃

    M-Media 


    -နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချရေး စစ်၀င်တိုက်မည့်နေ့ရက်ကို အဖွဲ့၀င်နိုင်ငံတွေ သဘောတူထားပြီလို့ အနောက်အာဖရိက နိုင်ငံများအဖွဲ့ (ECOWAS) က ထုတ်ပြန်ပါတယ်။ 

    အဖွဲ့၀င်စစ်တပ်တွေ အဆင့်သင်ဖြစ်ရေး ဆွေးနွေးကြတဲ့ မနေ့က အစည်းအ၀ေးမှာ စစ်ပွဲစမယ့်နေ့ရက်ကို ဆုံးဖြတ် အတည်ပြုလိုက်တာပါ။ 

    အရပ်သားအစိုးရကို အာဏာပြန်အပ်ရေး သံတမန်နည်းလမ်းတွေနဲ့ ဆောင်ရွက်မှုအားလုံး အဆင်မပြေတော့ရင် စစ်ခေါင်းဆောင်ကို အင်အားသုံးဖြုတ်ချမယ်လို့ အဖွဲ့ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အကြီးအကဲ အဘ်ဒဲလ် ဖာတူ မူဆာက ပြောပါတယ်။ 

    “အမိန့်ရောက်လာတာနဲ့ ၀င်တိုက်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ ၀င်တိုက်မယ့်ရက်ကိုလည်း ဆုံးဖြတ်ပြီးပါပြီ။ စစ်ရေးနဲ့ ၀င်ရောက်ဟန့်တားမယ့်ကိစ္စအတွက် လိုအပ်တာတွေကို သဘောတူ စီစဥ်ဆောင်ရွက်ထားပြီးပါပြီ။ ကြား၀င်စေ့စပ်ဖို့ ကိစ္စအတွက်လည်း ကျွန်တော်တို့ အဆင်သင့် လုပ်ထားပါတယ်။ တံခါးအားလုံး ဖွင့်ထားဆဲပါ”

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒီမိုကရေစီ အခြေချလာတဲ့ နိုင်ဂျာနိုင်ငံမှာ ဇူလိုင်လနှောင်းပိုင်းက စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး သမ္မတအစောင့်တပ်ခေါင်းဆောင် ဗိုလ်ချုပ် ချီယာနီက ဦးဆောင်တာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ကို စစ်အင်အားဖြင့် ဖြုတ်ချရန် ပတ်၀န်းကျင်နိုင်ငံများ အသင့်ဖြစ်နေ

    နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ကို စစ်အင်အားဖြင့် ဖြုတ်ချရန် ပတ်၀န်းကျင်နိုင်ငံများ အသင့်ဖြစ်နေ

    သြဂုတ် ၁၈၊ ၂၀၂၃

    M-Media 


    -အာဏာသိမ်းထားတဲ့ နိုင်ဂျာနိုင်ငံကို စစ်ရေးအရ အရေးယူရင် ပါ၀င်ဖို့အတွက် အဖွဲ့နိုင်ငံအများစုက အဆင်သင့်ဖြစ်နေပြီလို့ အနောက်အာဖရိကနိုင်ငံများအဖွဲ့ (ECOWAS) က ပြောပါတယ်။ 

    သမ္မတအစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ် အဘ်ဒူရဟ်မာနီ ချီယာနီဟာ ဇူလိုင် ၂၆ ရက်နေ့မှာ သမ္မတ မိုဟာမက် ဘာဇွမ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာပါ။

    ECOWAS အဖွဲ့ကတော့ ချီယာနီအနေနဲ့ အရပ်သားအစိုးရကို သြဂုတ်လ ၆ ရက်နေ့ နောက်ဆုံးထားပြီ အာဏာမလွှဲပြောင်းပေးရင် စစ်ရေးအရ ၀င်ရောက်အရေးယူမယ့်အထိ ဖြစ်သွားနိုင်တယ်လို့ ရာဇသံပေးထားပါတယ်။ နောက်ဆုံးရက် ကျော်သွားပေမယ့် လက်ရှိအချိန်အထိ အရေးယူမှု မလုပ်သေးပါဘူး။ 

    အဖွဲ့ရဲ့ ကော်မရှင်နာ အဘ်ဒဲလ် ဖာတူ မူဆာက စစ်အာဏာရှင်အုပ်ချုပ်နေတဲ့ နိုင်ငံတစ်ချို့နဲ့ ကိပ်ဗာဒီနိုင်ငံတို့ကလွဲရင် အဖွဲ့၀င်နိုင်ငံအားလုံးဟာ နိုင်ဂျာကို စစ်အရေးအရ ၀င်ရောက်အရေးယူမယ့်ကိစ္စမှာ ပူးပေါင်းပါ၀င်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ မနေ့က ပြောကြားခဲ့ပါတယ်။ 

    ECOWAS အဖွဲ့၀င်နိုင်ငံဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ စစ်အာဏာသိမ်းမှု ဖြစ်ထားတဲ့ ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတွေက နိုင်ဂျာကို စစ်တပ်၀င်ရင် ဒါဟာ စစ်ကြေငြာတာမျိုးဖြစ်ပြီး ဒေသတွင်း အခြေအနေ ပိုဆိုးသွားမယ်လို့ သတိပေးထားပါတယ်။ 

    စစ်အာဏာရှင် အုပ်စိုးနေတဲ့ ဂီနီနိုင်ငံကလည်း စစ်ရေးနဲ့ ၀င်ရောက်ဖြေရှင်းမှုကို လက်မခံဘူးလို့ ပြောထားပါတယ်။ 

    နိုင်ဂျာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ၀င်ရောက်အရေးယူမယ်ဆိုတာကိုတော့ ECOWAS 

    အဖွဲ့က တိတိကျကျ မထုတ်ပြန်ပါဘူး။ 

    Ref: Aljazeera 

  • နိုင်ဂျာတွင် စစ်တပ်က အာဏာသိမ်းရန်ကြံစည်မှုကို အစိုးရက နှိမ်နင်း

    နိုင်ဂျာတွင် စစ်တပ်က အာဏာသိမ်းရန်ကြံစည်မှုကို အစိုးရက နှိမ်နင်း

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    niger

    – နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်နေသည်ဟူသော သံသယဖြင့် စစ်တပ်အရာရှိ ၉ ဦးကို ဖမ်းဆီးလိုက်သည်ဟု အာဖရိကနိုင်ငံတစ်ခုဖြစ်သော နိုင်ဂျာအစိုးရက ယနေ့တွင် ကြေငြာခဲ့သည်။

    ယခုသီတင်းပတ်အစောပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား တစ်လတာ စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဟာဆူမီ မာဆာအူဒူက ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    “အာဏာသိမ်းဖို့ ကြိုးစားမှုအတွက် တာဝန်ရှိသူ အရာရှိ ၉ ဦးကို ဖမ်းဆီးလိုက်ပြီး၊ စစ်ခုံရုံးမှာ တရားစွဲဆိုသွားမှာပါ” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။ ထိုကဲ့သို့ အာဏာသိမ်းမှုကို တားဆီးနိုင်ခဲ့ခြင်းမှာ ၎င်းတို့၏ အစီအစဉ်များကို ပုံမှန်သတင်းပို့နေသည့် သစ္စာရှိစစ်သားအချို့ကြောင့် ဖြစ်သည်ဟု မာဆာအူဒူက ဆိုသည်။

    သမ္မတ မဟာမာဒူ အစ်ဆူဖူကမူ ကြာသာပတေးနေ့က ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည့် မိန့်ခွန်း၌ အာဏာသိမ်းရန် ကြံစည်သူများမှာ လေကြောင်းအင်အားကို အသုံးပြုရန် စီစဉ်ထားသည်ဟု ဆိုသည်။ သို့သော်လည်း အတိုက်အခံအဖွဲ့ကမူ အစိုးရ၏ ပြာကြားမှုကို ငြင်းဆိုခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအရင် နိုင်ငံရေးအခြေအနေကို ကြိုးကိုင်လိုသည့် ရည်ရွယ်ချက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘိုကိုဟရမ်မှာ အစ္စလာမ်၏ အဆိုးဆုံးရန်သူဟု နိုင်ဂျာသမ္မတ ပြော

    ဘိုကိုဟရမ်မှာ အစ္စလာမ်၏ အဆိုးဆုံးရန်သူဟု နိုင်ဂျာသမ္မတ ပြော

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    Issoufou Mahamadou, President of Niger, speaks at the John F. Kennedy School of Government at Harvard University in Cambridge

    – စစ်သွေးကြွအုပ်စု ဘိုကိုဟရမ်မှာ အစ္စလာမ်သာသနာ၏ အဆိုးဝါးဆုံးရန်သူဖြစ်ပြီး အနောက်အာဖရိကမှ မွတ်စလင်များမှာ
    အကြမ်းဖက်လုပ်ရပ်များနှင့် ကုရ်အာန်ကျမ်းတော်မြတ်အား ကြမ်းတမ်းသောပြန်ဆိုခြင်းတို့အား လက်မခံသောကြောင့် အဆိုပါ ဘိုကိုဟရမ်အုပ်စုမှာ ရှုံးနိမ့်သွားမည်ဟု နိုင်ဂျာသမ္မတ မိုဟာမာဒူ အစ်ဆိုဖူက ပြောကြားခဲ့သည်။

    အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည် အစ်ဆိုဖူက မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ခ်ျရှိ ဟားဗတ်တက္ကသိုလ်၌ ကျောင်းသားများနှင့် တက္ကသိုလ်ဝန်ထမ်းများအား ယမန်နေ့တွင် ပြောကြားသော မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “ဘိုကိုဟရမ်နဲ့ပတ်သက်လို့ကတော့ ဘာမှ အစ္စလာမ့်နည်းမကျပါဘူး။ အမျိုးသမီးတွေကို ပြန်ပေးဆွဲမုဒိမ်းကျင့်တာ၊ အပြစ်မဲ့တဲ့သူတွေကို သတ်ပစ်တာ၊ လူတွေရဲ့သွေးကို ဆာလောင်နေတာ အဲဒါတွေဟာ ဘိုကိုဟရမ်မှာ အနာဂတ်မရှိတော့ပါဘူး။ အလ္လာဟ်အရှင်မြတ် အလိုတော်နဲ့ ဘိုကိုဟရမ်တွေဟာ ရှုံးနိမ့်သွားမှာပါ” ဟု အစ်ဆိုဖူက ဆိုသည်။

    နိုက်ဂျီးရီးယားနှင့် အိမ်နီးချင်းနိုင်ငံများတွင် တိုက်ခိုက်မှုများ၊ ပြန်ပေးဆွဲမှုများ တိုးမြှင့်ပြုလုပ်လာသည့် ဘိုကိုဟရမ်အဖွဲ့ကို နိုက်ဂျီးရီးယားအပါအ၀င် အနောက်အာဖရိက နိုင်ငံများဖြစ်ကြသော နိုင်ဂျာ၊ ကင်မရွန်း၊ ချဒ်နှင့် ဘန်နင်နိုင်ငံတို့ပူးပေါင်းကာ နိုက်ဂျီးရီးယားရှိ ဘိုကိုဟရမ်အဖွဲ့များကို ထိုးစစ်ဆင်လျက် ရှိနေသည်။

    အစ်ဆိုဖူကမူ ဘိုကိုဟရမ်အား တိုက်ခိုက်နေသည့် အာဖရိက မဟာမိတ်တပ်ဖွဲ့များကို မွတ်စလင်အများစုရှိရာ မိမိတို့နိုင်ငံက ထောက်ခံအားပေးသည်ဟုဆိုပြီး လတ်တလောရရှိခဲ့သည့် အောင်မြင်မှုများကို ထောက်ပြ ပြောဆိုသွားသည်။ ထို့ပြင် နယ်စပ်များတွင် ကိုယ်ပိုင်နိုင်ငံထူထောင်ရန် ဘိုကိုဟရမ်၏ ကြိုးပမ်းမှုကိုလည်း ပယ်ချသွားသည်။

    “နိုင်ငံပေါင်းစုံတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုတွေကို ရှင်းပြရမယ်ဆိုရင် သူတို့တွေရဲ့သတင်းအချက်အလက်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို ပူးပေါင်းဆောင်ရွက်တာသာမက ပိုပြီးအရေးကြီးတဲ့ လူထုထောက်ခံမှုပါ ရလို့ ဒီလိုအောင်မြင်တာပါ။ ဒါဟာ ကျွန်တော်တို့ နိုင်ငံတွေက ပြည်သူတွေဟာ အကြမ်းဖက်မှု၊ အစွန်းရောက်မှုတွေကို လက်မခံဘူးဆိုတာ ပြသနေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကပြည်သူတွေဟာ ဘိုကိုဟရမ်ကို မွတ်စလင်အဖွဲ့အစည်းတစ်ခုအဖြစ်နဲ့ပါ လက်မခံတာပါ” ဟု အစ်ဆိုဖူက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဒေသအတွင်း ဆင်းရဲမွဲတေမှုက စစ်သွေးကြွအဖွဲ့များထံ ပြည်သူများ သွားရောက်ပူးပေါင်းရသည့် အဓိက အကြောင်းအရင်း ဖြစ်နေပြီး၊ ထိုပြဿနာကို ဖြေရှင်းရန်အတွက် အလှူရှင်များ သတ်သတ်မှတ်မှတ် မရှိခြင်း၊ လူဦးရေ လျှင်မြန်စွာ တိုးလာခြင်းနှင့် ရာသီဥတုပြဿနာများက အဟန့်အတားဖြစ်နေသည်ဟု ဆိုသည်။

    Ref: Reuters