News @ M-Media

Tag: NLD

  • “၆၂ မျိုးဆက် (သို့) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မမေ့အပ်သော သူရဲကောင်း ဦးအောင်မေသု”

    “၆၂ မျိုးဆက် (သို့) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မမေ့အပ်သော သူရဲကောင်း ဦးအောင်မေသု”

    စက်တင်ဘာ၊ ၁၇၊ ၂၀၁၂
    M-Media
    စုစည်းတင်ပြသူ-ပျံလွှား

    ဦးအောင်မေသု (ခ) ဦးသု  (၁၉၄၁ – ၂၀၀၂)
    ဥက္ကဌ (သာယာဝတီခရိုင် ကျောင်းသားသမဂ္ဂ)
    ဥက္ကဌ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မင်းလှမြို့၊ ပဲခူးတိုင်း)

     

    “အဲဒါပေါ့ဗျ၊ တိုက်လိုက်၊ ရှုံးလိုက်၊ တိုက်လိုက်၊ ရှုံးလိုက်နဲ့ နောက်ဆုံးတော့ ကျွန်တော်တို့ အောင်ပွဲဆင်ရမယ်” ဆိုသည့် မြန်မာ့ ဒီမိုကရေစီအရေး ဘဝပေး လှုပ်ရှားသူ ကိုအောင်မေသု

    “ဘာသာရေး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုနဲ့ ဘာသာရေး အငြင်းမပွားကြတာ ကောင်းပါတယ်” ဆိုသည့် မြန်မာမွတ်စလင် ကိုအောင်မေသု

     

    ကိုယ်ရေးအကျဉ်း

    -မူလတန်းကျောင်းသားဘဝမှစ၍ ဗ.က.သ သို့ဝင်ရောက်ခဲ့သည်။

    -၁၉၆၀-၆၂ ခုနှစ်တွင် သာယာဝတီခရိုင် စည်းရုံးရေးမှူး (ရကသ)ညီလာခံကိုယ်စားလှယ်-အုတ်ဖိုမြို့နယ် ဥက္ကဌ တာဝန်များထမ်းဆောင်ခဲ့သည်။

    -သာယာဝတီခရိုင် (၈) မြို့နယ် ဥက္ကဌတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

    -၁၉၆၃ခုနှစ်ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြလူထုချီတက်ပွဲတွင် (၄)ခရိုင် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ခေါင်းဆောင်ပြီး ရန်ကုန်မြို့၊ ကန်တော်မင်ပန်းခြံသို့ ချီတက်ခဲ့ကြသည်။

    -၁၉၆၉၊ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကိုကိုးကျွန်းသို့ အပို့ခံရသည်။

    – ၁၉၇၁၌ ကိုကိုးကျွန်းတိုက်ပွဲ အောင်မြင်စွာ ပြီးဆုံး၍ အင်းစိန်ထောင်သို့ ပြန်ရောက်ရှိခဲ့သည်။

    – ၁၉၇၂၊ဧပြီ ၁၂ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လွတ်မြောက်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဒေါ်ရင်လှနှင့် ထိမ်းမြားခဲ့သည်။

    -၁၉၇၆၊ သြဂုတ်တွင် ဒုတိယအကြိမ် ထိန်းသိမ်းခံခဲ့ရသည်။

    -၁၉၈၄၊ ဧပြီတွင် တတိယအကြိမ်ထိန်းသိမ်းခံခဲ့ရသည်။

    -၁၉၈၈၊ အောက်တိုဘာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း၊ မင်းလှမြို့တွင် ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။

    -၁၉၈၉၊ သြဂုတ် ၂၄တွင် စတုတ္ထအကြိမ် ထိန်းသိမ်းခံခဲ့ရပြီး၊ နိုဝင်ဘာ ၆ရက်တွင် ပုဒ်မ(၅) (ည)ဖြင့် အင်းစိန်စစ်ခုံရုံးမှ ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့သည်။

    -၁၉၉၉၊နိုဝင်ဘာ ၆ရက်နေ့တွင် (၁၀)နှစ်ပြည့်ခဲ့သော်လည်း ပုဒ်မ(၁၀) (က)ဖြင့် ဆက်လက်ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၀၂၊ စက်တင်ဘာ ၁၇ ရက်နေ့တွင် အထိန်းသိမ်းခံဘဝဖြင့်ပင် ကွယ်လွန်သွားခဲ့ပါသည်။

    -ကွယ်လွန်ချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ရေဝေးမွတ်စလင်သုဿန်သို့ လိုက်လံပို့ဆောင်ခဲ့ပါသည်။

    ဦးအောင်မေသု (ခ) ဦးသုရဲ့ နောက်ဆုံးခရီးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ရေဝေးမွတ်စလင်သုဿန်သို့ လိုက်လံပို့ဆောင်ခဲ့ပါသည်။

     

    ဦးအောင်မေသု ဂုဏ်ပြု ကဗျာများမှ ကောက်နုတ်ချက်များ

     

    “ရဲဘော်နီ အောင်မေသု…သို့
    မြန်မာ့အကျဉ်းထောင်သမိုင်းမှာ
    ကိုကိုးကျွန်းတိုက်ပွဲဟာ
    လွတ်လပ်မှုအတွက်
    ဂုဏ်ရောင်အပြောင်ဆုံး
    မော်ကွန်းထိုးရမယ့်
    အစာငတ်ခံတိုက်ပွဲဘဲ ဒီပွဲမှာမင်းပါတယ်။

    မြန်မာ့သမိုင်းမှာ
    ၈၈ အရေးတော်ပုံဟာ
    လွပ်လပ်မှုအတွက်
    မော်ကွန်းတင်တဲ့တိုက်ပွဲဘဲ ဒီပွဲမှာမင်းပါတယ်။

    မင်းဖြတ်သန်းသော ခရီးလမ်း
    သမိုင်းက ပေးသောတာဝန်
    မင်း ထမ်းဆောင်နိုင်ခဲ့ပြီပဲ
    မင်း…မင်းတာဝန်ကျေပါတယ်ကွာ။
    နီရဲသော အောင်မေသု
    ကောင်းရာသုဂတိ လားပါစေ။”

    (စံဦး (NLD ကျောက်တံခါး)၏ ကိုအောင်မေသု ဈာပနတွင် ရေးဖွဲ့ခဲ့သော ကဗျာမှ ကောက်နုတ်ချက်)

     

    “သာယာဝတီ နရသိန်ကို အရောက်
    (၈)တိုက်ရဲ့ ဝင်းတံခါးပေါက်ကနေ
    ရဲရဲတောက် ကြိုဆိုနှုတ်ဆက်မှု
    ကျွန်တော် အောင်မေသု
    ခု မင်းလှ NLD ဥက္ကဌ
    အရင်က ကျွန်းထိရောက်
    ပြန်လာတဲ့နောက်လည်း
    ထောင်ထဲ တဝဲလည်လည် ခဏ ခဏပေါ့
    ခုလည်း (၁၀ က)တဲ့
    ဘာဆန်းလှမလဲ
    ဒီလိုပဲ သေတဲ့အထိ ချရမှာပေါ့ တဲ့
    ပြုံးစစနဲ့ မထီတရီ ပြောလိုက်သမျှ
    အားရနှစ်ခြိုက်ခြင်းများနဲ့
    လေးစားကျေနပ်မိဖြစ်ခဲ့”

    “မိန်းမဥာဏ် လူတစ်စုလက်ထဲက
    ယောက်ျားအသည်းနဲ့ လူတစ်ယောက်ရဲ့ သမိုင်း
    ဘယ်တော့မှ မရိုင်း ဘယ်တော့မှ မရှုံး…”

    (ရီနေ၏ ဂုဏ်ပြုကဗျာမှ ကောက်နုတ်ချက်)


    “အပွင့်ကြွေတာ
    ဓမ္မတာဆိုပေမယ့်
    လေရိုင်းကြောင့်ဆိုရင်တော့
    ပန်းအတွက်
    ရာဇဝင်ရိုင်းလွန်းတယ်”

    (ဆိုးဆိုး၏ ဂုဏ်ပြုကဗျာမှ ကောက်နုတ်ချက်)


    “၂၅နှစ်တဲ့
    သက်တမ်းတစ်ခုလုံး
    လူထုထံထိုးအပ်
    ထမင်းနဲ့မေတ္တာ
    ထမင်းပဲ အငတ်ခံတော့တာ…

    ရာဇဝင်မှာ
    သူရဲကောင်းပမာ
    အခါခါ ကယ်သတဲ့
    သူ-
    ဗမာ့သမိုင်းမှာ
    အခါခါ ကယ်ခဲ့ပြီ။”

    (ကေလွန်း၏ ဂုဏ်ပြုကဗျာမှ ကောက်နုတ်ချက်)

     

    မြန်မာ့ဒီမိုကရေစီအရေးအတွက် ဘဝစတေးခဲ့သော ဦးအောင်မေသု၏ ရဲရဲနီသော ဘဝစာမျက်နှာအချို့

    “သူသည်ကား ၁၉၆၃ ခုနှစ် ခြောက်ခရိုင် ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲ၊ မင်းလှစစ်ကြောင်းမှ မြို့တော်ခန်းမအထိ ခြေလျင်ခရီးရှည် ချီတက်ဆန္ဒပြပွဲအပြီးတွင် ပုဒ်မ ၅ အထိန်းသိမ်းခံဘဝဖြင့် ကိုကိုးကျွန်းကိုအရောက်၊ ကိုကိုးကျွန်းမှ ကမ္ဘာကျော် ကျွန်းတိုက်ပွဲများပြီးဆုံး၍ အင်းစိန်ပြန်ရောက် ဒူးမထောက်အညံ့မခံသော သူ၏ နရသိန်နေ့ရက်များသည် ရှည်လျားစွ။

    မဆလအာဏာရှင်ခေတ်တစ်လျှောက် ပါတီယူနစ်များကို အာခံခဲ့သည့်အတွက် အသက်အန္တရာယ်ကိုပင် ရန်ရှာခံခဲ့ရသည့်ဖြစ်ရပ်များ၊ နဝတလက်ထက် လယ်မြေအိမ်ခြံများကို သိမ်းပိုက်ဖယ်ရှား၍ ကားလမ်းဖောက်ခြင်းကို ကန့်ကွက်ဆန္ဒပြမှုကြောင့် နဝတ၏ လမ်းစီမံကိန်းတစ်ခုလုံး ဖျက်သိမ်းပေးလိုက်ရသည့်အဖြစ်များ၊ သူထောင်ကျစဉ်အတွင်း သူ့အိမ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်အား ဖြုတ်ပေးရန် ခြိမ်းခြောက်ခဲ့သည်တွင် ထောင်ဝင်စာလာတွေ့သည့် ဇနီးသည်အား “သူတို့အတင်းလာပြီး ဖြုတ်ချရင်တော့ လက်ပိုက်ကြည့်နေ၊ မင်းတို့ သဘောတူညီချက်နဲ့ ဖြုတ်တယ်ဆိုရင် ငါ အိမ်ပြန်လာမှာ မဟုတ်ဘူး”ဟု ဆိုလိုက်သည့်အတွက် သူ့အမျိုးသမီးကလည်း ကျွန်မအမျိုးသား သဘောမတူလို့ မလုပ်နိုင်ဘူးဆိုကာ တင်းခံလိုက်ရာ သူ့အိမ်ရှေ့ရှိ ထိုဆိုင်းဘုတ်လေးသည် ၁၀နှစ်ကျော်ကာလအတွင်း ဆေးသားမှေးမှိန်၍ ဘောင်ရွဲ့စောင်းလျက် မြန်မာပြည်၌ နိုင်ငံရေးလွတ်လပ်မှု မရှိကြောင်း ပြသနေသည့် ဖြစ်ရပ်များ၊ သူထောင်ကျစဉ် ဆယ်နှစ်ပြည့်နေ့က သီးသန့် (က)တိုက်ဆောင်မှ ၁၀နှစ်ပြည့်သူများအားလုံး လွတ်သွားကြပြီး သူ့ကျမှ ပုဒ်မ ၁၀(က)နှင့် ထပ်မံချုပ်ခံရသည့်ဖြစ်ရပ်များ၊ သည်တုန်းက  သူ့ဇနီးသည် ဒေါ်ယဉ်ယဉ်လှ တစ်ယောက် ထောင်ဗူးဝမှာ ရှင်တို့ ကျွန်မယောက်ျားအပေါ်မှာ အငြိုးကြီးလှပါပေရဲ့ ဟုပြောဆိုကာ ကြူကြူပါအောင် ချုံးပွဲချငိုခဲ့ရသည့်ဖြစ်ရပ်များ၊ “ပွင့်ခက်နွယ်”၂၅ စက္ကန့် သို့မဟုတ် ၂၅နှစ်လူသားဆိုသလိုပင် ကိုအောင်မေသု၏ သက်တမ်းထက်ဝက်သည် ထောင်နန်းစံ နရသိန်နှစ်ကာလဖြစ်ခဲ့ရသည့်ဖြစ်ရပ်များစသည်၊ အို- များစွ၊ များစွ။”

     

    (ကျဆုံးခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် စာအုပ်မှ ကောက်နုတ်ချက်)

     

     

  • သံတွဲ NLD သို့ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရေးသားထားသော စာတစ်စောင် ရောက်ရှိ

    သံတွဲ NLD သို့ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရေးသားထားသော စာတစ်စောင် ရောက်ရှိ

    သြဂုတ်၊ ၂၈၊ ၂၀၁၂

    YPI မှ ကူးယူဖော်ပြသည်။

    လွန်ခဲ့သောနှစ် ၃၀ ခန့်က ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ထုတ်ဝေခဲ့သော စာအား ကိုးကားရေးသားထားသော စာတစ်စောင်ကို ယမန်နေ့က စာတိုက်မှတစ်ဆင့်ရရှိခဲ့ကြောင်း သံတွဲမြို့နယ် NLD အတွင်းရေးမှူးကပြောသည်။

    သံတွဲမြို့ကိုကယ်တင်ပါ ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါစာတွင် ဘင်္ဂါလီမွတ်စလင်များက ဗုဒ္ဓဘာသာ မိန်းကလေးများကို သိမ်းသွင်းလက်ထပ်နေမှုအားစိုးရိမ်ကြောင်းဖော်ပြထားပြီး အစ္စလာမ်ဘာသာနှင့် ပတ်သက်ပြီးမှားယွင်းသည့်အယူအဆများပါရှိကြောင်း NLD ပါတီဝင်တစ်ဦးက ပြောသည်။

    “ရန်ကုန်က ပို့တာပါ။ စာအိတ်မှာ ပေးသူအမည်က မထင်ရှားဘူး။ အတွင်းကစာမှာလည်း မြန်မာ နိုင်ငံသားတစ်ဦးလို့ပဲ ရေးထားတယ်” ဟု ၎င်းက ပြောသည်။သံတွဲသို့ရောက်ရှိလာသော ပေးပို့သူအမည် သဲကွဲစွာမပါရှိသည့်စာအိတ် သြဂုတ် ၂၂ ရက်စွဲဖြင့် ပေးပို့သော စာတိုက်တံဆိပ်တွင် စာရွေးစာပို့စခန်း၊ စာရွေး ၃ ဟု ရိုက်နှိပ်ထားသည်။

    ပူးတွဲပေးပို့သော လှုံ့ဆော်စာမှာ မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခဖြစ်စေရန် လုပ်ကြံထားသောစာဖြစ်ကြောင်း အသက် ၆၅ နှစ်အရွယ် သံတွဲဒေသခံတစ်ဦးက ပြောသည်။

    “ဒါက ၁၉၈၀ ကျော်လောက်က ဖြန့်ခဲ့တဲ့စာတွေပါ။ (၁၉၈၀ က) သံတွဲမှာ ဒီစာတွေဖြန့်လို့ ဖမ်းဆီးမိခဲ့တဲ့သူတွေဟာ မွတ်စလင်တွေမဟုတ်ပါဘူး”ဟု ပြောသည်။

    သံတွဲမြို့နယ် NLD ပါတီဝင်တစ်ဦးကလည်း “ ဒီစာကို ဘာကြောင့်ပို့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မပြောထားတဲ့အတွက် လှုံ့ဆော်စာ သက်သက်ဖြစ်နေပါတယ်။ နောက်ထပ်ဘယ်နေရာတွေကို ပို့ထားသလဲဆိုတာက စိုးရိမ်စရာပါ ” ဟု ပြောသည်။

    ပြီးခဲ့သည့်ဇွန်လအတွင်းက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၈၀ နီးပါး သေဆုံးကာ ၆၄,၀၀၀ ၀န်းကျင် အိုးအိမ်မဲ့ဘ၀ရောက်ခဲ့ရသည် ဟုအစိုးရစာရင်းများကဆိုသည်။

  • စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁)

    စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁)

    ၁၉၂၈ ခုနှစ်၊ ရွှေဘိုမြို့တွင် အဖ ဦးမှန်ကြီး၊ အမိ ဒေါ်မြိုင်တို့မှ ဖွားမြင်သည်။ သားသမီး ၄ ယောက် အနက် အကြီးဆုံးသား ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့သည်။ ယင်းနှစ်တွင်ပင် ဗမာ့ ရေတပ်မတော်သို့ တပ်သား အဖြစ် ဝင်ရောက် အမှုထမ်းခဲ့သည်။ တပ်မတော် (ရေတပ်) တွင် ဗိုလ်မှူး ရာထူး အထိ ထမ်းဆောင်ခဲ့သည်။

    ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလတွင် မိမိ စစ်ရေယာဉ်မှူး အဖြစ် တာဝန် ထမ်းဆောင်နေသော တိုက်ရေယာဉ် ၁၀၃ သည် မဟာမိတ် ကျွန်းစုများ တဝိုက် ငါးဖမ်း သင်္ဘောများကို လိုက်လံ နိုမ်နင်းရေး တာဝန် ထမ်းဆောင်နေစဉ် မုန်တိုင်းမိကာ ပင်လယ်ပြင်တွင် မျောနေခဲ့သည်။ ဗိုလ်ကြီး ဘသော် (မောင်သော်က) နှင့် ရဲဘော် ၁၀ ဦးတို့သည် အသက်ကယ်ဖောင်ဖြင့် ၁၃ ရက်ကြာမျှ ပင်လယ်ပြင်တွင် မျောနေရာမှ ဂျပန် ကုန်တင် သင်္ဘောတစီးက တွေ့ရှိ ဆယ်ယူခဲ့၍ အသက်မသေ ကျန်ရစ်သူ ၁၀ ဦးတွင် ပါဝင်သည်။စာပေ ရေးသားခြင်းကို ကျောင်းသားဘဝမှ စတင်၍ စစ်ပြန်၊ ပဒေသာ မဂ္ဂဇင်း၊ စစ်နှလုံး ဂျာနယ်၊ မြဝတီ၊ ငွေတာရီတို့၌ ဆောင်းပါးများ၊ ဝတ္ထုများ များစွာ ရေးသား ဖော်ပြခဲ့သည်။

    ရေကြောင်း စွန့်စားခန်း ဝတ္ထုများ များစွာ ရေးသားရာတွင် ဗိုလ်ဘသော် (ရေတပ်) ဟု ကလောင် အမည်သုံးသည်။တပ်မတော် (ရေ) တွင် ဗိုလ်မှူး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၆၉ ခုနှစ်တွင် တပ်မှ အငြိမ်းစားယူကာ ရှေ့သို့၊ ဖော်ဝပ်၊ အင်္ဂလိပ် မြန်မာ နှစ်စောင်စလုံးတွင် စာတည်းချုပ် အဖြစ် တိုင်းပြည် တာဝန်များကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ မောင်သော်ကသည် အင်္ဂလိပ် မြန်မာ နှစ်ဘာသာလုံးဖြင့် ဝတ္ထု၊ ဆောင်းပါးများကို ပိုင်နိုင်စွာ ရေးသားနိုင်သူ ဖြစ်ကာ နေ့စဉ် သတင်းစာများ၌ အချိန်အားလျော်စွာ ရေးသားခဲ့သော မောင်သော်က၏ ဆောင်းပါးများမှာ သတင်းစာဖတ် ပရိသတ်ကို အထူးနှစ်ချိုက်စွာဖြင့် စောင့်မျှော် ဖတ်ကြရသည့် ဆောင်းပါးများ ဖြစ်သည်။နောက်ပိုင်းတွင် အင်္ဂလိပ်စာ၊ စကား သင်ကြားပို့ချခြင်း၊ ရေကြောင်း သိပ္ပံ အတတ်ပညာများကို နိုင်ငံခြားသွား သင်္ဘောသားများအား သင်ကြား ပို့ချပေးခြင်း၊ စာပေ ကဗျာ ရေးသားခြင်း စသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

    ရန်ကုန်ဆေးရုံကြီး အမှတ် ၁၉/၂ဝ ဆေးကုသဆောင်ရှေ့၌ ပထမဦးဆုံး စင်မြင့် တရားပွဲအဖြစ် ဒေါ်အောင်ဆန်း စုကြည် ဟောပြောခဲ့စဉ်က ဦးဆန်နီညိမ်း ရိုက်ကူးခဲ့သော မှတ်တမ်း ဗီဒီယိုမှ ဤဓာတ်ပုံကို ရယူဖော်ပြပါသည်။ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ ဆရာမောင်သော်က၊ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း

    နိုင်ငံရေး နောက်ခံ။
    မြန်မာ့ တပ်မတော် (ရေ) တွင် ဗိုလ်မှူး အဆင့်ထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူး ဘသော်ဟု လူသိ များသည်။ မေယုတိုက် သင်္ဘောကို အင်္ဂလိပ် အစိုးရ ထံမှ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဦးဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြု တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
    မောင်သော်က အမည်ဖြင့် စာပေနယ်သို့ ဝင်ရောက် ခဲ့သည်။ အထူးသဖြင့် သရော်စာ ရေးရာတွင် နာမည်ကြီးသူ တဦး ဖြစ်သည်။ မဆလခေတ် တလျှောက် ခေတ်စနစ်နှင့် လူထု ဘဝကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချ ရေးသားခဲ့သူ ဖြစ်သည်။ နိုင်ငံတကာ စာပေ တချို့ကို ဘာသာ ပြန်ခဲ့သည်။ ၁၉၈၈ ခုနှစ် မတိုင်မီက ရေးသားခဲ့သည့် “တိုက်ရေယာဉ် ၁ဝ၃” အမည်ရှိ ဝတ္ထုဟန် ကိုယ်တွေ့  မှတ်တမ်းမှာ လူကြိုက်များ ထင်ရှားသည်။
    ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် ရှေ့တန်း မှ ပါဝင် ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် စာပေ အနုပညာရှင် များက မြန်မာ့ တပ်မတော်ကို လူထုအား ရက်ရက်စက်စက် ပစ်ခတ် နေမှု များအား ရပ်ဆိုင်းရန် ကန့်ကွက် တောင်းဆိုသည့် အခါက ပါဝင် လက်မှတ် ရေးထိုး ခဲ့သည်။ ထို့နောက် စာနယ်ဇင်း သမဂ္ဂတွင် ဥက္ကဌ အဖြစ် ရွေးချယ် ခံရသည်။ စစ်တပ် အာဏာ သိမ်းပြီး နိုင်ငံရေး ပါတီများ ဖွဲ့စည်းချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ ဆက်လက် ပါဝင်သည်။ ဗဟို ဦးစီး အဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်း စည်းရုံးရေး တာဝန်ခံ အဖြစ် ဆောင်ရွက် ခဲ့သည်။
    ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် တပ်မတော် (ရေ) ကို ပြည်သူ့ဘက်က ရပ်တည်ရန် ရေတပ် အရာရှိ များထံ အရာရှိဟောင်း တဦး အနေဖြင့် စာများ ရေးသား ပို့ပေး ခဲ့သည်။ ထို့အတွက် ၁၉၈၉ ခုနှစ် တွင် ဖမ်းဆီး ခံရသော အခါ တပ်မတော် ဖြိုခွဲမှုဖြင့် စွဲချက် တင်ခံရသည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့ ဖြင့် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ် ခံရသည်။
    ဦးဘသော်၏ လှောင်ပြောင် သရော်သော မိန့်ခွန်းများ ကဗျာ များနှင့် ဆောင်းပါး များမှာ မြန်မာ နိုင်ငံတွင် နာမည်ကြီး လူကြိုက် များလှသည်။ “သူ့ စာပေက ပြည်သူ တွေကို ရယ်စေတယ်။ တချိန်တည်းမှာ ဒေါသနဲ့နာကြည်းမှုတွေ ကိုလည်း လှုံ့ဆော် ပေးတယ်” ဟု သူ့မိတ်ဆွေ တဦးက ပြောပြသည်။ သူသည် ကမ္ဘာ့စာပေ ထဲမှ အမြောက်အများကို မြန်မာ ဘာသာသို့ ပြန်ဆို ပေးခဲ့သည်။ နဝတက သူ့အား ဖမ်းဆီး ထောင်ချ ထားစဉ် ကာလမှာ ပင်လျှင် သူသည် ကဗျာများကို လျှို့ဝှက် ရေးခဲ့ သေးသည်။

     

    ကန်တော်ကလေး မွတ်စလင် သုဿာန်ရှိ မောင်သော်က(ခ) ဗိုလ်မှုးဘသော်၏ မြှုပ်နှံခဲ့သည့်နေရာ

    သေဆုံးပုံ။

    အဖမ်း မခံရခင် ကတည်းက ဆရာ မောင်သော်ကတွင် ကုသ၍ မရသော အကြောသေ ရောဂါ ရှိသည်။ ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ အင်းစိန် ထောင်တွင်း အစာငတ်ခံ ဆန္ဒပြစဉ် ရိုက်နှက် ခံရပြီးနောက် သမံတလင်းပေါ်တွင် မည်သည့် အခင်းမှ မပါဘဲ အိပ်ခဲ့ရသဖြင့် လေဖြတ် သွားသည်။ ထောင်ဆရာဝန်၏ သာမန် ကုသမှုကို အနည်းငယ် ရရှိခဲ့သည်။ အထူးကု ဆရာဝန်များဖြင့် ကုသရန် တင်ပြသော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့ပါ။ ၁၉၉၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် နှလုံး ရောဂါ ဖောက်လာသဖြင့် အာဏာပိုင်များက ဦးဘသော်အား ရန်ကုန် ဆေးရုံကြီးသို့ ပို့ခဲ့သည်။ ထို့နောက် သုံးရက် အကြာ၊ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး အချုပ်ခန်း အတွင်း၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။

    မောင်သော်က၏ ညနေခင်းများ စာအုပ်မျက်နှာဖုံးပါ ဆရာ မောင်သော်က (ဗိုလ်မှူးဘသော်)၏ sketch ပုံတူ

    ဆရာ မောင်သော်က ရေးသား ထုတ်ဝေခဲ့သည့် ထင်ရှားသော စာအုပ်များမှာ –

    – ပို့သခဲ့သော မေတ္တာများ … ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ။

    – နှစ်သစ်ဦး ချစ်ဦးလက်ဆောင် … ၁၉၈၂ ခုနှစ်၊ ဇန်နဝါရီလ။

    – ရှိတ်စပီးယား၏ လက်ရွေးစင် ဆွန်းနက်ကဗျာများ … ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ။

    – နှစ်သုံးရာမှ ပဲ့တင်သံ အသံလှိုင်း ကဗျာများ … ၁၉၈၀ ခုနှစ်၊ နိုဝင်ဘာလ။

    – တိုက်ရေယာဉ် ၁၀၃ (အခန်းဆက် အဖြစ် မဂ္ဂဇင်းတွင် ရေးသားဖော်ပြခဲ့ပြီး စာအုပ်အဖြစ် ၁၉၈၅ ခန့်တွင် ထုတ်ခဲ့သည်ဟု ခန့်မှန်းမိပါသည်)။


    ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်)
    ၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ပြီး ကန်တော်ကလေး စွန္နီ မွတ်စလင်မ် သုသာန်တွင် မြှပ်နှံသဂြိုလ်ခဲ့သည်။

     

     

    မီးခြစ်တဆံ

    (မောင်သော်က)

     

    photo- မိုးမခ

    (၁)

    အနှစ်၂၀ ဆိုပါလားဟေ့ …။

    အမြင်ကပ်လောက်အောင်

    ကိုယ့်ကိုယ်ကိုယ် တပ်မက်စိတ်ရှိသူများက

    ကြောင်သူတော်သောကနဲ့လေ…။

     

    အနှစ်၂၀ ဆိုပါလားဟေ့ …။

    ကောက်ကျစ်သော အမြင်တိုသော

    ကိုယ်ကျိုးငဲ့ ရန်လိုစိတ်နဲ့ 

    လူလားမြောက်လာတဲ့ အာဏာပါးကွက်သားတို့က

    ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းငှာ မတတ်စွမ်းနိုင်တဲ့

    ကောက်ရိုးမျှင် ဥပဒေနဲ့လေ…။

     

    အနှစ်၂၀ ဆိုပါလားဟေ့ …။

    အကောင်းအဆိုးအပေါ်မှာ

    ရှက်ဖွယ်လိလိ ဥပက္ခာပြုနိုင်သူများက

    ယုတ်ညံ့သိမ်ဖျင်းမှုနဲ့

    မသန့်စင်သောအရာမှန်သမျှ မုသားပုဒ်မနဲ့လေ…။

     

    အနှစ်၂၀ ဆိုပါလားဟေ့ …။

    ရုပ်မှာ အာဏာနဲ့ ကျည်ဆန်

    နာမ်မှာ ဖက်ဆစ်

    မအောင်မြင်တဲ့ သူရဲကောင်းများရဲ့

    အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့ ခုံရုံးအမိန့်နဲ့လေ…။

     

    (၂)

    “မီးပွားကလေးကနေပြီး မီးတောက်ကြီးဖြစ်လာတဲ့အခါမှာ

    ကမ္ဘာမြေပေါ်မှာရှိတဲ့ အညစ်အကြေးဟူသမျှနဲ့

    လူလေလူလွင့် ဂျပိုးတေလေတွေကို လောင်စားသွားလိမ့်မယ်…” (ဂေါ်ကီ)

    မောင်သော်ကရဲ့ ‘မီးခြစ်တဆံ’ ဟာ

    နောင် … အနှစ် ၂၀ ကြာတဲ့အခါမှာ

    လောင်စာများရဲ့ ပြာနဲ့ထုဆစ်

    သမိုင်းဝင်ကျောက်တိုင် ဖြစ်လာလိမ့်မယ် ။ ။

  • ဒီချုပ် မဟာအောင်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်နှင့် ပန်းသေးဗလီ ရပ်မိရပ်ဖများတွေ့ဆုံပွဲ

    မတ်လ ၂၀၊ ၂၀၁၂

    ၂၀.၃.၂၀၁၂ ခုနှစ်နေ့လည် ၂း၀၀တွင် မန္တလေးမြို့ လမ်း၈၀ ၃၅လမ်း နှင့် ၃၆လမ်းကြားရှိ ပန်းသေးဗလီဝင်းအတွင်းတွင် ပန်းသေးဗလီဝင်းအတွင်းရှိ မဲဆန္ဒရှင်များနှင့် ရပ်မိရပ်ဖများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် နှင့်တွေ့ဆုံမိတ်ဆက်ပွဲ တစ်ခုပြုလုပ်သွားခဲ့ပါတယ်။

    (ဦးအုန်းကြိုင် နှင့် ရပ်မိရပ်ဖများ ပွဲမစမှီမြင်တွေ့ရပုံ)

     

    မိတ်ဆက်ပွဲမစတင်ခင်မှာ မဲပေးမမှားဖို့အတွက် ပါတီလိုဂိုဘေးတွင် အမှန်ခြစ်ပုံများကိုလည်း ရပ်မိရပ်ဖ နှင့် မဲဆန္ဒရှင်များကို ယခုလို ပညာပေးလုပ်ငန်းများ ပြုလုပ်ပေးခဲ့ပါတယ်

    (မဲပေးနည်းပညာပေး အစမ်းလုပ်နည်းများ သင်ကြားပေးနေစဉ်)

     

    ထို့နောက် ပန်းသေးဗလီဝင်းအတွင်းရှိ ရပ်ဖိရပ်ဖများက အလှုငွေများကို ဦးအုန်းကြိုင်အား ပေးအပ်ခဲ့ပါတယ်။

    (ရပ်မိရပ်ဖများမှ အလှုငွေပေးအပ်နေစဉ်)

     

    ထို့နောက် အစီအစဉ်များကို ကိုမျိုးနိင်ဝင်းမှ အခမ်းနားမှုးအဖြစ်တာဝန်ယူခဲ့ပြီး ပန်းသေးဗလီဝင်းအတွင်းနေထိုင်သော ဦးမောင်မောင်လေးမှ NLDပါတီအပေါ် သူတို့ရဲ့ အမြင်များ နဲ့ ရှေ့ဆက်လျှောက်လှမ်းသွားမယ့် NLD မူဝါဒများကို လက်ခံကြောင်း NLD ကိုပဲထောက်ခံသွားမှာဖြစ်တဲ့အကြောင်းပြောကြားသွားခဲ့ပါတယ်

    (ဦးမောင်မောင်လေး ပြောကြားနေပုံ)

     

    ထို့နောက်ဦးအုန်းကြိုင်မှ သူဖြတ်သန်းခဲ့ရသော အတွေ့ကြုံများကိုပြောကြားခဲ့ပြီး NLD ပါတီပေါ်မှာ သူ၏ ယုံကြည်ချက်များ နှင့် ပြည်သူတွေကို လွယ်လွယ်ဂတိမပေးကြောင်း ပြည်သူတွေကိုလွယ်လွယ်ဂတိပေးတာ နိင်ငံရေးသမားမဟုတ်ကြောင်း တို့ကိုပြောကြားသွားခဲ့ပါတယ်

    (ဦးအုန်းကြိုင်ပြောကြားနေပုံ)

     

    ထို့နောက် မဲဆန္ဒရှင်များ နဲ့ ရပ်မိရပ်ဖများအား NLD ပါတီမူဝါဒများအပေါ် နားမလည်တာများကို မေးမြန်းနိင်ပြီး ဦးအုန်းကြိုင်မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

    (မဲဆန္ဒရှင်များ၏မေးမြန်းနေပုံ)

     

    ထို့နောက် အလှုငွေလှုဒါန်းခဲ့သော ရပ်မိရပ်ဖများအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး ညနေ ၄နာရီမှာ အခမ်းအနားပြီးဆုံးခဲ့ပါတယ်။

    (ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်နေပုံ)

    (တတ်ရောက်လာသော ရပ်မိရပ်ဖများ နှင့် မဲဆန္ဒရှင်များ)

    Credit to CJMyanmar

  • ထောင်မှလွတ်မြောက်လာသူ NLD တိုင်းစည်း တာဝန်ခံဟောင်း ဒေါ်ဝင်းမြမြနှင့် အင်တာဗျူး

    မင်းမင်းလတ်(ရွှေမြစ်မခ)

    ဇန်န၀ါ၇ီလ ၁၃၊ မန္တလေးမြို့။

    ၂၀၁၂ ဇန်န၀ါရီလ ၁၃ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပူတာအို အကျဉ်းထောင်မှလွတ်မြောက်လာ သူ  ဒေါ်ဝင်းမြမြကို ၎င်း၏နေအိမ်တွင် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ် အဆိုပါမေးမြန်းမှုကို တင်ပြပေး လိုက်ပါတယ်။

    မေး။              ။ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တဲ့အပေါ် ဒေါ်ဝင်းမြမြအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

    ဖြေ။              ။ ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာ ကိုယ်တင်မကပါဘူး တစ်နိုင်ငံလုံးပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာ ဒါက လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ရမဲ့အလုပ်ကို သမ္မတကြီး အနေနဲ့ ခေါင်းထဲမှာထည့်ပြီး စဉ်းစားပြီးတော့မှ ရဲရဲဝင့်ဝင့်နဲ့ ပီပီပြင်ပြင် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား မြင်သာထင်သာလုပ်ပေးလိုက်တယ်။ ဒါကိုကျေနပ်တယ် ရှေ့လဲပဲနောက်ထပ်ပြီးတော့ ၀န်ထမ်းတွေကျန်ပါသေး တယ် အင်မီဂရေးရှင်းတွေ ၊ ကာစတန်တွေ ၊ ထောက်လှမ်းရေးတွေ သူတို့ကိုလဲ လွှတ်ပေးဖို့လိုပါတယ်။ ဒီနေ့လွှတ်ပေးတာကိုလဲ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် လုပ်ကိုလုပ်ရမဲ့အလုပ်ကို လုပ်တယ်လို့မြင်ပါတယ်။ ကျေနပ်မိတယ် ၊ ကျေးဇူးလဲတင်ပါတယ်။

    မေး။              ။ လက်ရှိအစိုးရအဖွဲ့အပေါ်ရော ဘယ်လိုမြင်ပါသလဲ။

    ဖြေ။              ။ ကုန်ခဲ့သော နှစ်ပေါင်း(၂၀)အတွင်းကတော့ မြန်မာနိုင်ငံရေးဟာ တော်တော်ကို အကျည်း တန်ခဲ့တာပါ။ ဒီအကျည်းတန်ခဲ့တဲ့ ကုန်ခဲ့တဲ့ကိစ္စတွေကို ပြည်ဖုံးကားချပြီးတော့မှ လက်ရှိအစိုးရအနေနဲ့က တိုင်းပြည်အတွက်ကို သူတို့လုပ်သင့်လုပ်ထိုက်တာကိုလုပ်မယ် လုပ်ကိုလုပ်ရမဲ့အလုပ်တွေကို လုပ်မယ် ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စေတနာနဲ့ လုပ်တယ်လို့ မြင်ပါ တယ်။ လက်ရှိအစိုးရအနေနဲ့လဲ ဒီကိစ္စတွေကို ပိုပြီး မြန်မြန်ဆန်ဆန် ထက်ထက်မြက်မြက် ပိုပြီး လုပ်သွားဖို့ လိုပါတယ်။ (၁)နှစ်လောက်အတွင်းမှာ အခြေအနေတွေပြောင်းလဲသွားတယ် ၊ မြင်သာထင်သာပြောင်းလဲသွား တယ်ဆိုတော့ ပိုကောင်းတာပေါ့။ ပြည်သူတွေရဲ့ရင်ထဲမှာလဲ ယုံကြည်မှု ပိုရှိသွားမယ် ၊ ခုနကတိုင်းရင်းသား ခေါင်းဆောင်တွေ ဒီလက်နက်ကိုင်တွေပေါ့နော်  ဒီတိုင်းရင်းသားခေါင်းဆောင်တွေကလဲ နိုင်ငံရေးသမားတွေ ပါပဲ။ ကိုယ့်အမျိုးသားရေးအတွက် ကိုယ်လုပ်ကြတာပါ။ အလွန်ကိုလေးစားပါတယ်။ ဒီနေ့ တိုင်းရင်းသားခေါင်း ဆောင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ် နိုင်ငံရေးသမားတွေလွှတ်ပေးနေတယ် ၊ ဒီမိုကရေစီကိုလဲ တရွေ့ရွေ့ ပိုပြီးထင်သာမြင်သာဖြစ်အောင်ပေးနေတယ်ဆိုတာတွေကို တွေ့ရတဲ့အခါ ကျေနပ်ပါတယ်။ ဒါကို ပိုပြီးတော့ သွက်သွက်လက်လက်လေး ဖြစ်စေချင်ပါတယ်။

    မေး။              ။ ခုပြန်လွတ်လာတော့ရော နိုင်ငံရေးကိုဆက်လုပ်ဖို့ အစီစဉ်ရှိပါလား။

    ဖြေ။              ။ နိုင်ငံရေးကတော့ မသေ မခြင်းလုပ်မယ်။ အဖွဲ့ချုပ်အလုပ်ကိုလဲ မသေမခြင်းလုပ်မယ်။ သို့သော် အဖွဲ့ချုပ်ရဲ့တာဝန်တွေကိုတော့ လူလတ်ပိုင်းတွေ လူငယ်တွေကို တာဝန်ပေးခြင်တယ်။ ကိုယ်က ဘယ်လိုနေရာမှာရှိရှိ ကိုယ်ကဒီအလုပ်ကို တာဝန်ကျေနေမှာပဲ။ နောက်ထပ် လူငယ်တွေ လူလတ်ပိုင်းတွေ ဒီအနှစ်(၂၀)ကျော်အတွင်းမှာ အဖွဲ့ချုပ်ရဲ့အလုပ်လုပ်ပေးချင်သူတွေ အနောက်ထဲမှာရှိတယ်။ သူတို့လေးတွေကို နေရာပေးချင်တယ်။ အဲဒီအပေါ်မှာ အဖွဲ့ချုပ်တာဝန်ကိုတော့ မယူတော့ဘူး အဖွဲ့ချုပ်အလုပ်ကိုတော့ တောက်လျှောက်စဉ်ဆက်မပြတ်လုပ်နေမယ်။ နိုင်ငံရေးကိုလဲ စဉ်ဆက်မပြတ်လုပ်သွားမယ်။ နေရာမယူပဲနဲ့ လုပ်မယ်။ နေရာကိုတော့ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို တာဝန်ပေးခြင်တယ်။

    မေး။              ။ နေရာမယူပဲလုပ်မယ်ဆိုတာက NLD ပါတီကို ပြန်ဝင်မှာလား မ၀င်ဘူးလား။

    ဖြေ               ။ ပါတီကိုပြန်ဝင်မယ် ပါတီရဲ့တာဝန်ပေါ့နော် တိုင်းစည်းတာဝန် မြို့နယ်စည်းတာဝန်ကိုတော့ မယူတော့ဘူး၊ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အဖွဲ့ချုပ်ကို သိုင်းမယ် ၀ိုင်းမယ်၊ အလုပ်လုပ်လို့ရတယ်။ နေရာက တော့ လူငယ်တွေ လူလတ်ပိုင်းတွေကိုပေးခြင်တယ်။ ကိုယ်ကတော့ ဘယ်လိုမဆို ပါမှဖြစ်မယ်ဆိုတာသိတယ်၊ ကိုယ့်ကိုလဲပဲ မပါလို့မဖြစ်ဘူးဆိုတာ လူတိုင်းသိတယ်။ သို့သော်နေရာလေးတွေကိုတော့ ကျန်တဲ့သူတွေကို ပေးခြင်တယ်။ အဲဒီဆန္ဒရှိတယ်။

    မေး။              ။ နိုင်ငံရေးသမားတော်တော်များများမှာ နိုင်ငံရေးကြောင့်ကျတယ်ဆိုပေမဲ့ အခြားပုဒ်မတွေ တပ်တာမျိုးရှိတယ်၊ ဥပမာပုံနှိပ်အက်ဥပဒေတို့ ဆက်သွယ်ရေးဥပဒေတို့ ဆိုပြီး ပုဒ်မတွေ အမျိုးစုံတပ်ပြီး ချခဲ့တာပေါ့ ။ ဒေါ်ဝင်းမြမြကိုရော ဘယ်ပုဒ်မနဲ့ချပါသလဲ။

    ဖြေ။              ။ (၅ည) နဲ့ပါပဲ။ နိုင်ငံရေးပုဒ်မနဲ့ ချပါတယ်။ အမှန်တော့ ဘာအပြစ်မှ မရှိပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်မှာ အပြင်မှာမထားခြင်လို့ ထည့်တယ်လို့ပဲ ခံယူတယ်။ ဘာလို့လဲဆိုတော့ အမေရိကန် သံတမန်တွေ သံအရာရှိတွေနဲ့ တွေ့တယ် ၊ တွေ့တဲ့အခါမှာ သံအရာရှိတွေက အဖွဲ့ချုပ်ဗဟိုကို ခွင့်တောင်းပြီးမှ တွေ့တာ။ တရားဝင်တွေ့တာပဲ တိတ်တိတ်ပုံးခိုးတွေ့တာမဟုတ်ဘူး။ ဒါပေမဲ့ ဒီသံတမန်တွေနဲ့တွေ့တဲ့အခါမှာ သူက ဘာတုန်းဆိုတော့ NLD မှာ ခုလိုမီဒီယာတွေက ပွင့်ပွင့်လင်းလင်းလုပ်လို့ မရဘူး မီဒီယာအခွင့်အရေးတွေ မရသေးဘူးဆိုတော့ လုပ်လို့မရဘူးဖြစ်နေတယ် ၊ သတင်းစာထဲမှာပါတဲ့ကိစ္စတွေ ဥပမာ စဥ့်ကူးမြို့နယ် ရွှေပြည်ရွာက NLD ( ၆၈ ) ဦးနှုတ်ထွက်တယ်။ ရွှေပြည်ရွာမှာ (၆၈)ဦးနှုတ်ထွက်တာ မဟုတ်ဘူး အဖွဲ့ချုပ်ဝင်မှ (၈)ဦးပဲရှိတယ်။ အဲဒါမျိုးကို သံတမန်နဲ့တွေ့တဲ့အခါ သူတို့ကမေးတယ် သတင်းစာထဲမှာ NLD က (၆၈)ဦးနှုတ် ထွက်တယ်မေးတော့ အမှန်အတိုင်းပြောရတယ်လေ။

    ကျွန်မရွှေပြည်ရွာကို သွားခဲ့တယ်။ သွားပြီးတော့ ချက်ချင်းမေးတယ်။ မေးတော့ အဖွဲ့ချုပ်ဝင် (၈)ဦးပဲရှိတယ် (၆၈)ဦးနှုတ်ထွက်တယ်ဆိုတာ သတင်းမှားတယ် လို့ပြောတယ်။ နောက်ပြီးကျတော့ အနောက်မြောက်မြို့နယ် ဆိုင်းဘုတ်တွေဖြုတ်ခံရတယ်။ ကျွန်မတို့ NLD ဆိုင်းဘုတ်တွေ ညသန်းခေါင်မှာ လိုက်ပြီး အဖြုတ်ခံရပါတယ် ၊ ဒါတွေပြောတယ် ၊ ( ၁၇ )နှစ်နှစ်အတွင်း နိုင်ငံရေးအခြေအနေတွေကိုပြောပြတယ်။ ဒါက နိုင်ငံခြားသံတမန်တွေက ပြည်တွင်းထဲမှာဖြစ်နေတဲ့ အခြေအနေတွေကိုသုံးသပ်ချင်တဲ့အခါမှာ တာဝန်ရှိတဲ့  NLD ကိုမေးတယ် ၊ ပြောရမှာပဲ။

    နိုင်ငံရေးအဖွဲ့အစည်း ဆိုတာ သံတမန်ဆက်ဆံရေးတွေရှိတယ်။ ဒါအပြစ်မရှိပါဘူး။ ပြောတာလဲပဲ ဒါတွေပဲပြောတာပါ အဲဒီဟာက တစ်ခု။ နောက်တစ်ခုက မြို့နယ် (၃၀)အစည်းအဝေးတက်ရောက်မှုတဲ့။ မြို့နယ်(၃၀) အစည်းအဝေးဆိုတာ စက်တင်ဘာဆို အဖွဲ့ချုပ်ထူထောင်တာ နှစ်ပတ်လည်နေ့ ၊ အဲဒီမတိုင်ခင်ကြရင် ဗဟိုရုံးချုပ်က စာထွက်တယ်မြို့နယ်မြို့နယ်တွေမှာ ၊ နိုင်ငံရေးစီးပွားရေးကျန်းမာရေး အစစအရာရာတွေကို တင်ပါဆိုတော့ ဒါမြို့နယ်တွေ ကိုအစည်းအဝေးခေါ်ရတယ်။ မြို့နယ်တိုင်းမှာရှိတဲ့ နိုင်ငံရေး ၊ ကျန်းမာရေး ၊ စီးပွားရေး အဲဒါတွေကို တင်ပြတယ်။ ဒါတွေကို ဗဟိုကို ပြန်တင်ပေးရတယ်။ ဒါပဲ အစည်းအဝေးဆိုတာက။ ဒါကြောင့်မို့လို့ စစ်ကြောရေး မှာပြောတယ်။ ဒီမြို့နယ်(၃၀) အစည်းအဝေးကို ကျွန်မတို့သွားတက်တာမဟုတ်ဘူး ၊

    ကျွန်မတို့တိုင်းစည်းတွေ က ဒီမြို့နယ်(၃၀)အစည်းအဝေးကို ခေါ်လိုက်တာ။ ကျွန်မတို့တိုင်းစည်းတွေက ဦးဆောင်ပြီးခေါ်လိုက်တာ။ ကျွန်မတို့ရဲ့ စက်တင်ဘာ ၂၇ရက်နေ့မှာ မြို့နယ်တိုင်းရဲ့ အခြေခံကျန်းမာရေး နိုင်ငံရေး စီးပွားရေးတွေကို ဗဟိုကို တင်တာ။ ဒါပဲ ။ အဲဒါနဲ့ဖမ်းခံရတာ။

    မေး။              ။ထောင်ဒဏ်ဘယ်နှစ်နှစ် ချခံရပါလဲ။

    ဖြေ။              ။ချခံရတာတော့ (၁၂)နှစ် ၊ အယူခံ(၄)နှစ်နိုင်တယ် (၈)နှစ်ကျတယ်။ ၂၀၀၇ခုနှစ် စက်တင်ဘာ (၂၇)ရက်နေ့မှာ စပြီးထိန်းသိန်းလိုက်တယ်။ စစ်ဆေးရေးစခန်းမှာ (၈)ရက် နေ့ညမအိပ်ရပါဘူး။ စစ်ကြောပါ တယ်။ အောက်တိုဘာ (၅)ရက်နေ့မှာ ထောင်ကိုပို့လိုက်တယ်။ ထောင်ကိုပို့လိုက်ပြီးတော့ နောက်နှစ် စက်တင်ဘာကြတော့မှ ရုံးတင်တယ် တစ်လတိတိနေပြီးအောက်တိုဘာကျတော့မှ ပြစ်ဒဏ်တွေချလိုက်တယ်။ ပြစ်ဒဏ်တွေချပြီး မတ်လ(၂၃)ရက်နေ့ကျမှ မြစ်ကြီးနားပို့လိုက်တယ် (၂၈)ရက်နေ့ကျတော့ ပူတာအိုကိုဆက်ပို့ လိုက်တာပါ။ အဲဒီတော့ လေးနှစ်ကျော်ကျော်နေခဲ့ရပါတယ်။ သို့သော်လဲပဲ သူတို့တစ်နှစ်ကျော်ကျော်ချုပ်ထား တာကို လျှော့ရက်မပေးဘူး ၊ ပေးတာမပေးတာတော့ ထားလိုက်တော့လေ။ သူတို့ လွှတ်ချင်လွှတ်မှာပဲ ထားခြင် ထားမှာပဲ အဲဒါကိုတော့ ဘယ်လိုမှ မအောင့်မေ့ပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာအကြုံးဝင်ပြီးလွတ်လာတာပါ။

    မေး။              ။ နေခဲ့ရတဲ့အတွေ့အကြုံကိုရော ပြောပြပေးနိုင်မလား။

    ဖြေ။              ။ နေရတဲ့အတွေ့အကြုံဆိုတာကတော့ ထောင်တိုင်းထောင်တိုင်းမှာက မနက်မုန့် ၊ နေ့လည်ထမင်း ၊ ရေ ၊ မီး ပေးနိုင်ရင်ကတော့ ဒါထောင်တာဝန်ကကျေပြီလေ။ ကျန်တဲ့ပြည့်စုံမှု ဆိုတာကတော့ အိမ်ကလာရင် လာသလောက် အစဉ်ပြေကြရတာပါပဲ။ အထဲထဲမှာကတော့ ကျန်းမာရေးကို ဂရုစိုက်တယ် ၊ ကိုယ့်အိမ်မှာနေသလိုပဲ ကျန်းမာရေးဂရုစိုက်တယ်။ ရောက်တဲ့ထောင်မှာတော့ ကိုယ့်အိမ်မှာနေသလိုပဲ ရောက်တဲ့အရပ်မှာပဲ ဘုရားဝတ်ပြုချိန်ဝတ်ပြုတယ်။ ကျန်းစာဖတ်ချိန်ဖတ်တယ် ။ စားချိန်စား သောက်ချိန်သောက် ဒီလိုပဲနေလိုက်တယ်။ သောကသိပ်မထားဘူး ။ မန္တလေးထောင်ရောက်တော့လဲ သြော်ငါဒီမှာနေရမှာပဲ ဆိုပြီး ကိုယ့်ကိုကိုယ်အောက်မေ့တယ်။ မြစ်ကြီးနားထောင်ရောက်တော့လဲ ဒီမှာနေရမှာပဲ ဒါပဲ ၊ အေးအေးလေးပဲ နေလိုက်တယ်။ ပူတာအိုရောက်တော့လဲ ဒီမှာနေရမှာပဲ ဒီလိုပဲနေလိုက်တယ်။ ဘာကြောင့်မို့လို့လဲဆိုတော့ အကျင့်သီလကောင်းပြီး ကောင်းတဲ့အလုပ်လုပ် လုပ်တာပဲလေ။ အိမ်မှာနေတာနဲ့ ဟိုထဲမှာနေတာနဲ့ ဒီလိုပဲနေလိုက်တယ်။ တစ်ခြားခေါင်းထဲမှာ ဘာမှ မထားဘူး။ ထောင်ကျနေတယ်လို့လဲ မထားဘူး ဘာလို့လဲဆိုတော့ ကောင်းတဲ့အလုပ်ကိုလုပ်ပြီး ထောင်ထဲ ထည့်ထားတာပဲလေ ဟုတ်တယ်မလား။ အဲဒီအခါကျတော့ ဘယ်အရပ်မှမဆို ကိုယ်ရောက်တဲ့နေရာမှာ ကိုယ်အကျိုးရှိအောင်နေမှာပဲ။ အဲဒါပဲ။

    မေး။              ။ ဒီလေးနှစ်အတွင်းမှာ ဘယ်နှစ်နေရာပြောင်းခဲ့ရသေးလဲ။

    ဖြေ။              ။ ဘယ်နှစ်နေရာလဲဆိုတော့ မန္တလေးကနေ ပူတာအိုကိုပြောင်းတဲ့အခါကျတော့ မြစ်ကြီးနားမှာ ခဏ၀င်ရတယ်။ ထရန်စစ်ပေါ့။ မန္တလေးကနေမှ လေယဉ်နဲ့ မြစ်ကြီးနားကိုပို့တယ်။ မြစ်ကြီးနားကနေမှ လေယဉ်နဲ့ ပူတာအိုသွားတယ်။

    မေး။              ။ ဒီနေ့ပြန်လွှတ်မယ်ဆိုတာရော ကြိုတင်ပြီးအကြောင်းကြားထားတာရှိလား။

    ဖြေ။              မနက်က (၈)နာရီလောက်မှာ ထောင်မှူးမလေးက လာပြောပါတယ်။ ထောင်မှူးတစ်ပွင် လေးက။ အဘွားတဲ့ အဘွားလွတ်မယ်ထင်တယ်တဲ့။ အဖွားပစ္စည်းလေးတွေသိမ်းထားပေးပါလားတဲ့။ အဖွားကတော့ လွတ်ပြီဆိုမှသိမ်းမယ် ။ မဟုတ်လဲ ကိုယ့်ပစ္စည်းက စံနစ်တကျထားထားတာလေ။ သို့သော်လည်း ကိုယ့်ရှိတဲ့ပစ္စည်းတွေက ဟိုမှာရှိတဲ့ အကျဉ်းသူတွေကို ပေးခဲ့ဖို့စီမံဖို့လိုတယ်လေ။လွတ်ပြီ ဆိုမှပဲသိမ်းမယ်ဆိုတော့ ။ ခဏနေကြတော့ အဖွား အဖွားနာမည်ပါတယ်ဆိုတော့မှ ပေးစရာရှိတာတွေ ပေးလိုက်တယ်။ အဲဒီမှာတင် ရုံးကလာခေါ်တယ်။ ရုံးမှာ ၆၁ယောက် ရောက်နေပြီ။ ထောင်မှူးလဲ ရောက်နေပြီ။ သူတို့လဲ မြန်မြန်ဆန်ဆန်လုပ်တာပါ။ လေယဉ်ကွင်းရောက်တော့ လေယဉ်ကရောက်နေပြီ။ အဲဒီလေယဉ်စင်းလုံးနဲ့ ရန်ကုန်ကလူရန်ကုန်။ မန္တလေးကလူ မန္တလေးပေါ့။ နိုင်ငံရေးသမားတော့ တိုက်ထဲမှာရှိတဲ့သူ အကုန်ကုန်သွားပါပြီး ကျန်တာကတော့ အင်မီဂရေးရှင်း ၊ ကာစတန်ပါမယ် ၊ ရဲပါမယ် ၊ ထောက်လှန်းရေးပါမယ်။ အကုန်လုံး လူကြီးလူကောင်းပါပဲ (၁၀၅)ကိစ္စတုန်းကပေါ့ နိုင်ငံရေးသမားကတော့ (၃၀) ၀န်းကျင်ဖြစ်ပါလိမ့်မယ်။ အားလုံး (၆၁)ယောက်ပါ။

    မေး။              ။ ဗိုလ်ချုပ်ခင်ညွန့်ပြန်လွတ်လာတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။

    ဖြေ။              ။ ကောင်းပါတယ်။ အကုန်လုံးကိုလွှတ်တယ်ဆိုတာ ဒီနေ့လက်ရှိအစိုးရအပေါ် လူတွေရဲ့ရင်ထဲ မှာယုံလာမယ်လေ။ ကောင်းတာတွေလုပ်တယ်ဆိုပြီး ။ လူတွေက အစကတည်းက နိုင်ငံရေးလုပ်တယ်ဆိုတာ လူပုဂ္ဂိုလ်စွဲနဲ့ လုပ်နေတာမဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲပြီး လုပ်တယ်ဆိုတော့ အလုပ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကို လက်ခံတယ်ဆိုတာ ချီးကျူးတယ် ။ လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကို ခုလို လက်ခံတယ်ဆိုတော့ တိုင်းပြည်တိုးတက်တယ်လေ။ လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကိုဘေးဖယ်ထားရင်တော့ မတိုးတက်ဘူး။ ဒီကိစ္စက လွန်ခဲ့တဲ့အနှစ်(၂၀)က စပြီးတော့ ဒီလိုအစိုးရမျိုးနဲ့လုပ်ခဲ့ရင် ဒီနေ့မြန်မာနိုင်ငံဟာ အများကြီးတိုးတက်နေပြီ။ ခုဟာ နိုင်ငံရေးသမားတွေ နိုင်ငံရေး ဒီမိုကရေစီရေးဆိုတာပြောခွင့် မရှိဘူး ။ ပြောရင် အကုန်ဆွဲထည့်လိုက်တာ အဲဒါတွေက ဆုတ်ယုတ်ကုန်တာ။

     

    မေး။              ။ ရှေ့လုပ်ငန်းစဉ်တွေမှာရော ဗိုလ်ချုပ်ခင်ညွန့်ကို အလုပ်လုပ်ဖို့ ပြန်လည် လက်တွေခေါ်ယူမယ်ဆိုရင် ဘယ်လိုများ ဖြစ်နိုင်ပါလဲ။

    ဖြေ။              ။ အဲဒါကတော့ အာဏာပိုင်တွေရဲ့အပိုင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့အပိုင်းဖြစ်နေတော့ ကိုကိုယ်တိုင် မဟုတ်တဲ့အတွက်မဖြေနိုင်ပါဘူး။

     

    မေး။              ။ နောက်ထပ် ဘာများဖြည့်စွက်ပြောခြင်ပါသေးလဲ။

    ဖြေ။              ။ ဒီနေ့အစိုးရဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်။ ဒီအလုပ်ကိုပဲ ဒီ့ထက်ပိုပြီး ပေါ်လွင်ထင်ရှားအောင် သွက်သွက်လက်လက်လေးနဲ့ လုပ်ပေးဖို့လိုပါတယ်။ ဒီနိုင်ငံဟာ အနှစ်(၂၀) ကျော်ကြီး ဆုတ်ယုတ်လာခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြည်သူရော အာဏာပိုင်ရော တိုင်းရင်းသားခေါင်းဆောင်တွေရော နိုင်ငံရေး အင်အားစုတွေရော အားလုံးဟာ တော်တော် ပင်ပန်းလာကြပါပြီ။ ဒီအစိုးရအသစ်အနေနဲ့ကတော့ အရင်တုန်းကကိစ္စတွေကို လက်ခံပါတယ် ။ ရွေးကောက်ပွဲဆိုလဲ ဘယ်လိုရွေးကောက်ပွဲဖြစ်ခဲ့တယ်။ ဘယ်လိုအရေးယူခဲ့လဲ။ ဒါကိုသမိုင်းကောင်းခြင်လို့ လက်ရှိအစိုးရကလုပ်တယ်လို့မြင်ပါတယ်။ သမိုင်းကောင်းအောင် လုပ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဒီထက်ကပိုပြီးသွက်သွက်လေး လုပ်ဖို့ လိုပါတတယ်။ ကြိုလဲ ကြိုဆိုပါတယ်။ ခုလိုလွှတ်ပေးတာကိုလဲ ကျေနပ်ပါတယ်။ ဒါကြောင့်မို့လို့ သမ္မတကြီး ဦးသိန်းစိန်ကို ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသားနဲ့ ဆက်ပြီးလုပ်ပါလို့ တိုက်တွန်းခြင်ပါတယ်။

    ခုလိုဖြေကြားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။

     

    Shwe Myitmakha Media Group   မှ တဆင့် ကူးယူဖော်ပြပါသည်။