News @ M-Media

Tag: noble

  • အာဂလူသား ဇာနည်ဖွားများသို့ ……..ကျေးဇူးအမှန် ဆပ်တတ်ရန်

    အာဂလူသား ဇာနည်ဖွားများသို့ ……..ကျေးဇူးအမှန် ဆပ်တတ်ရန်

    9 Martyr of Myanmar

    ၆၅ နှစ် တိုင်ခဲ့ပြီ……..။

    ဗိုလ်ချုပ် နဲ့ တကွ

    ကရင်လည်း မျှ လို့

    မွတ်စလင်မ် တွေလဲလာ

    ရှမ်းစော်ဘွားလဲ ပါ

    တို့ပြည်ထောင်စုသား အားလုံးရဲ့ ရင်နှစ်သည်းချာ

    တိုင်းပြည်အတွက်လာလို့

    ပန်းတိုင် တခုတည်း အတွက်

    စည်းဝိုင်း တခုတည်း ထိုင်ကာ

    တိုင်းပြည် အရေး ညီညွတ်စွာ တိုင်ပင်

    ငြိမ်းချမ်းစွာ လက်တွဲ ခဲ့လို့သာ

    တစ်ရက်တည်း တစ်ချိန်တည်း တစ်နေရာမှာ

    တပြိုင်တည်း ကြွေလွင့်ခဲ့ရရှာခဲ့ပြီ………။

     

    ၆၅ နှစ်တိုင်ခဲ့ပြီ……။

    ၁၉ ဂျူလိုင် မှာ စိတ်တူ ကိုယ်တူ

    တိုင်းပြည် အတွက် ညီညွတ် တိုင်ပင်

    အားကြိုး မာန်တက် ဆောင်ရွက် ခဲ့တဲ့

    မြင့်မြတ် လှတဲ့ ရည်ရွယ်ချက် ကား

    ပြည်ထောင်စု ဥယျာဉ်လေးထဲ

    လွတ်လပ်ခြင်း ပန်းတွေ ပျိုးစိုက်ကာ

    ပြည်ထောင်စု သားချင်းများကြား

    ငြိမ်းချမ်းရေး ရနံ့တွေ သင်းပျံ့စေဖို့တဲ့လား……။

     

    ၆၅ နှစ်တိုင်ခဲ့ပြီ…။

    အာဂ လူသား ဇာနည်ဖွား တွေခမျာ

    ပြည်ထောင်စုကြီး ပန်းရနံ့မွှေးပျံစေဖို့

    စွမ်းဆောင်ခဲ့ခြင်းကပဲ

    သူတို့ ဗိမာန်ရှေ့

    နှစ်စဉ် ဇူလိုင် ၁၉ ရောက်တိုင်း

    အစဉ်အလာ မပျက်

    လွမ်းသူ့ပန်းခွေ ချဖို့ ဖြစ်လာခဲ့ရသလား……။

     

    * * * * * * * * * * * * * * * * * *
    ကြွေလွင့်ခံ မျိုးကောင်းဇာနည်
    သူတို့ခမျာ ထင်ရှာမှာပဲ
    * * * * * * * * * * * * * * * * * *

     

    ၆၅ နှစ် တိုင်ခဲ့ပြီမို့…..။

    ခုလောက်ဆိုလျှင်ဖြင့်

    ပြည်ထောင်စု ပန်းတွေ ဝေဆာ ပွင့်ဖူးလို့

    ငြိမ်းချမ်းရေး ရနံ့တွေ ထုံသင်းပျံ့ ကာ

    တရားမျှတမှုတွေ ပွင့်လန်း နေပြီရယ်လို့

    သူတို့ခမျာ ထင် နေ ရှာ ရော့ မယ်

    မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်

    အာဇာနည် ညီနောင် ၉ဖော်

    လက်ရှိ အနေအထားကို မြင်ရင်

    ရင်ထုမနာများ ဖြစ်လေမလား……..။

     

    ဘာပဲပြောပြော ၆၅ နှစ် တိုင်ခဲ့ပြီ……..။

    သွေး၊ ချွေး စတေးရုံတင် အားမရ

    သေမင်းနဲ့ လက်တကမ်း အကွာမှ

    တိုင်းပြည်အတွက် ပေးဆပ်ခဲ့ကာ

    အသက်ကိုပင် စတေးခဲ့ရရှာတဲ့

    အိုဘယ့်လူသား ဇာနည်ဖွားများ

    တိုင်းပြည်တာဝန် ကျရာနေရာ

    သေသည့်တိုင် ထမ်းသွားခဲ့ရရှာတာမို့

    ၁၉ ဂျူလိုင် မမေ့နိုင် ရုံနဲ့ မပြီးဘဲ

    ကျေးဇူးတရား စဉ်လေးထားစွာ

    ဦးညွတ် ရိုကျိုး ကြလျှင်

    ညီညာ လက်တွဲ မြဲကြလျှင်

    ငြိမ်းချမ်းမှုကို စဉ်ရှေးရှု ကြလျှင်

    လူမျိုးပေါင်းစုံ စည်းလုံး ကြလျှင်

    တိုင်းပြည် အကျိုး ဆထက်တပိုး ထမ်းရွက်နိုင်ကြ လျှင်ဖြင့်

    ထို သူများကို ကျေးဇူးဆပ်ရာ ရောက်ပါ၏ လော…..

    …………………………………..

    ၆၅ နှစ် တိုင်လင့်ကစား

    ဖြူစင် စိတ်ထား မြင့်မြတ်မှုဖြင့်

    တိုင်းပြည်အတွက် စတေးခဲ့ရ

    အာဂလူသား ဇာနည်ဖွားများ

    ဂျန္နတ်နိဗ္ဗာန် စံစားရ ပါစေသား………..။

    ကောင်းရာ သုဂတိလား ပါစေသား……..။

    65th Anniversary of Burma’s Martyr Day July 19 2012

     

    noble

    19 July 2012

    2:02 am

  • ကျွန်မ ချစ်တဲ့ ပြည်မြန်မာ

    ကျွန်မ ချစ်တဲ့ ပြည်မြန်မာ

    Noble

     

    နိုင်ငံပေါင်း ၁၀၀ ကျော်က ကျောင်းသားတွေ ရှိတဲ့ ကျောင်းမှာ တက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်တဲ့ ကျွန်မကို နိုင်ငံမတူတဲ့၊ အသွေးအရောင်မတူတဲ့ သူငယ်ချင်းတွေ အချင်းချင်း မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက “ဘယ် နိုင်ငံကလဲ ?” ဆိုတာပါ။

    “မြန်မာပြည်ကပါ” လို့ တက်ကြွစွာ ဖြေလိုက်ပေမယ့် ဝမ်းနည်းဖွယ် ပြန်ကြားရတာက “ဘယ်နားမှာ ရှိတာလဲ ။ စောရီး ငါမသိလို့ပါ” တဲ့။

    မြန်မာနားမှာ ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြောပြတဲ့ အခါမှာတော့ သူတို့ မျက်လုံး အဝိုင်းသားလေးနဲ့ ခေါင်းလေး တဇက်ဇက် ညိတ်ရင်း

    “အော်..သိတယ် သိတယ်။ မြန်မာက အဲ့ဒီ့နားမှာလား။ ခုမှသိတယ်” တဲ့။ အများစုက ဆက်ပြောကြပါတယ်။  “နိုင်ငံသေးလေးလား။ အဲ့ဒါကြောင့် ငါတို့ မသိတာလား” တဲ့

    ကျွန်မက ဂုဏ်ယူစွာ ပြန်ဖြေလိုက်ပါတယ်။ “ဟင့်အင်း။ ဒို့ တိုင်းပြည်က သေးသေးလေး မဟုတ်ပါဘူး။

    ငါတို့၊ နင်တို့ ခုကျောင်းလာတက်နေတဲ့ ဟော ဒီမလေးရှားထက်တောင် ကြီးသေးတယ် ” ဆိုတော့ တအံ့တသြ မျက်လုံးပင့်ပြီး ပြန်ကြည့်တယ်။ “ဟုတ်ရဲ့လား” ဆိုတဲ့ အမေးမျက်လုံးနဲ့ပေါ့။ သူတို့ ဘာမှမပြောခင် ကျွန်မ ထပ်ပြောတယ်။

    “နင်သိလား။ ဒို့တိုင်းပြည်မှာ လူမျိုးပေါင်း ၁၀၀ ကျော် ရှိတယ်” ဆိုတော့

    မျက်လုံးပြူးပြီး ပြန်ကြည့်တယ်။ သူတို့ လုံးဝ မယုံနိုင်ကြပါဘူး။ လူမျိုး ၃မျိုး ပဲရှိတဲ့ မလေးရှားနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်က လူမျိုးပေါင်း ရာနဲ့ချီတဲ့အတွက် အိမ်ထောင်စုကြီး တစ်ခုကြောင့် သွေးစည်းခိုင်မာခြင်းရဲ့ ပြယုဂ်တစ်ခုလို ဂုဏ်ယူစရာ အတိ။

    သူတို့ မျက်လုံးတွေ ပြူးသွားတိုင်း ကျွန်မ ဂုဏ်ယူလို့ မဆုံး။ ဒါတို့ပြေ ဒါတို့မြေ တို့ ပိုင်တဲ့မြေ ဆိုတဲ့ နိုင်ငံတော် သီချင်းလေးတောင် ကျွန်မနားထဲ ပဲ့တင်ထပ်လို့လေ။

    သူတို့ မျက်လုံး ပြူးလဲ ပြူးချင်စရာပဲ။

    ကျွန်မထင်တယ်။ သူတို့ မကြားဖူးတဲ့ နိုင်ငံက ၊ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတွေထက်ကြီးတယ်။

    လူမျိုးစုပေါင်း အံ့သြစရာကောင်းလောက်အောင် ရာကျော်ရှိနေတယ်။

    ပြီးတော့ စစ်ဖြစ်တယ်ဆိုတာကို သူတို့ မကြားဖူးလို့သာ မြန်မာဆိုတာကို

    မသိတာမို့ ဘယ်လိုများ ဒီလို လူမျိုးစုတွေ စုစည်း ညီညွတ်စွာ နေထိုင်ကြသလဲ အံ့သြသွားတာ ဖြစ်မယ်။

    Photo-Google

    အရောင်မတူတဲ့ ခဲတံလေးတွေမှာ တန်ဖိုး ကိုယ်စီ ရှိကြတယ်။ ဘယ် ကာလာ ကဖြင့် လှတယ်။ ဘယ်ကာလာကတော့ အကြည်းတန်တယ်ဆိုပြီး ဘယ်သူ သတ်မှတ်ရဲသလဲ။

    တန်ဖိုးချင်းမတူတော့ ဆုံးဖြတ်လို့ကို မရဘူး။ တန်ဖိုးချင်း မတူတာကပဲ အလှတစ်ခုဖြစ်နေတယ်ဆိုတာ အလှတရားကို ခံစားတတ်သူတိုင်း သိနိုင်တယ်။

    ကောင်းကင်ထက်မှာ သက်တန့်လေးတွေ မြင်ရင် လူကြီးအပါ ကလေးမကျန် ပျော်ရွှင်စွာ မော့ကြည့်ဖူးကြမှာပါ။

    သက်တန့်လေးလို ရောင်စုံလေးနဲ့ လှနေဖို့ ကာလာစုံမှ ဖြစ်မယ်။

    ကာလာမတူဘူးဆိုပြီး ပစ်ပယ်လိုက်ရင် သက်တန့်လေး ဘယ်လှပ သက်ဝင် တော့မှာလဲ။

    ကာလာ မတူလို့ကို သက်တန့်လေးက လှနေတာ။ သက်တန့်လေးလှဖို့ ကာလာစုံ ညီညာစွာ လက်တွဲ နေဖို့လိုတယ်။

    တန်ဖိုးချင်း မတူတာကပဲ အလှတစ်ခု ဖြစ်နေတယ်ဆိုတာ ကျွန်မတို့ကို မိုးထားတဲ့ ကောင်းကင်ကြီးက မကြာမကြာ အသိပေးနေကျ။

    မြန်မာပြည်နဲ့ ဝေးနေတဲ့ ကျွန်မလေ။ အခွင့်အရေး ရတိုင်း မြန်မာပြည်ကိုပြန်တယ်။ အကြောင်းက ကျွန်မ မြန်မာပြည်ကို ချစ်လို့။ တန်ဖိုးထားလို့ပါ။

    မြန်မာပြည်မှာ ပြာကျနေတဲ့ နေ့ရက်တွေ၊ မီးဟုန်းဟုန်းတောက်ပြီး အသက်၊ အိုးအိမ်တွေ၊ သံယဇာတတွေ၊ ချစ်ခြင်းတရားတွေ

    ပျက်စီးခဲ့တဲ့ မကြာသေးခင်က စခဲ့တဲ့ မုန်တိုင်းသံတွေ  သောသောညံ့တိုင်း…..ပဲ့တင်သံတွေ ရိုင်းစိုင်းစွာ ရိုက်ခတ်လာတိုင်း…..

    သက်တန့်ရောင်စုံလို ထွန်းလင်းလှပနေခဲ့တဲ့ မြန်မာပြည်ရဲ့ နေ့ရက်တစ်ချို့ဟာ မှိန်ပြပြ အတိတ် တစ်ခုများ ဖြစ်သွားပြီလား လို့

    ကျွန်မ တွေးမိတယ်။ သက်တန့်ရောင်စုံလို လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ဖူးတဲ့ မြန်မာပြည်ရဲ့

    အေးချမ်းတဲ့နေ့ရက်ကလေးတွေကို ပြင်းပြင်းပြပြ လွမ်းမိတယ်။

    သြော်…မြန်မာပြည်ကြီးရယ်…..။ သင့်ကောင်းကင်မှာ သက်တန့်တွေ ပျောက်ရှနေတာလဲ ကြာလှပေါ့။  နှမြောမိပါရဲ့

    တစ်ချိန်ချိန်တော့ တောက်ပ စိုတောက်နေတဲ့ ရောင်စုံ သက်တန့်လေးတစ်ခု တို့ပြည်ကြီးရဲ့ ကောင်းကင်ထက် ဝံ့ကြွားစွာ

    ထွန်းလင်းနိုင်ဦးမှာပါ လို့ မျှော်လင့်မိတယ်။

    နိုင်ငံမတူတဲ့ သူငယ်ချင်းတွေ ကြားမှာ ကျွန်မ မြန်မာပြည်ကပါလို့ အမြဲတမ်း ဂုဏ်ယူနိုင်စေဖို့………

    မြန်မာ့မြေမှာ သွေးမစိုပါစေနဲ့။

    မြန်မာပြည်ထောင်စုညီနောင်များရဲ့ ပါးပြင်မှာ မျက်ရည် မယိုပါစေနဲ့။

    မြန်မာပြည်သူ၊ ပြည်သားများရဲ့ နှလုံးသားမှာ ရင်နာစရာတွေ မရှိပါစေနဲ့။

    နိုင်ငံတော် သီချင်းထဲကလို

    တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေသွားပါစေနဲ့

    များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒ ဖြူစင်တဲ့ပြည်ကြီး ဖြစ်ပါစေ။