News @ M-Media

Tag: O’Laie Manzu

  • အလွယ်တကူ မပြေလည်နိုင်တဲ့ ရိုဟင်ဂျာတို့ရဲ့ မူရင်းဇစ်မြစ်

    အလွယ်တကူ မပြေလည်နိုင်တဲ့ ရိုဟင်ဂျာတို့ရဲ့ မူရင်းဇစ်မြစ်

    Hosne Ara, 4, a Rohingya refugee who fled Myanmar two-months ago listens to children singing at a children’s centre in the Kutupalong refugee camp near Cox’s Bazar, Bangladesh, November 5, 2017. REUTERS/Hannah McKay/File Photo SEARCH “POY GLOBAL” FOR THIS STORY. SEARCH “REUTERS POY” FOR ALL BEST OF 2017 PACKAGES. TPX IMAGES OF THE DAY

    မကြာသေးမီက မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိလာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်မှာ “ရိုဟင်ဂျာ” လို့ လူမျိုးအမည်တပ်ပြီး ပြောဆိုခဲ့ခြင်းမရှိတဲ့အပေါ် သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ တချို့ကတော့ ဒါဟာ အမျိုးသားရေးအစွန်းရောက်တွေကို မသိမသာ အားပေးလိုက်ရာကျတယ်လို့ဆိုကြပြီး တချို့ကတော့ ဒါဟာ သဘောထားတင်းမာမှုကို ရှောင်ကျင်တဲ့ သံတမန်ရေးရာ သဘောရိုးဖြစ်တယ်လို့ ဆိုကြပါတယ်။

    ကသ်လစ်ချက်ခ်ျရဲ့ အရှိုန်အဝါအရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ “လူမျိုးစု သန့်စင်ရေး” စံနမှုအဖြစ် မှတ်တမ်းတင်လောက်တယ်လို့ ကုလသမဂ္ဂက ညွန်းဆိုရလောက်အောင် ဖြစ်ပျက်နေတဲ့ မြန်မာစစ်တပ်ရဲ့ “ရှင်းလင်းရေးလှုပ်ရှားမှု” ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ “ရိုဟင်ဂျာ” လို့ လူမျိုးအမည်တပ်ပြီး ပြောဆိုခဲ့ပါတယ်။

    ဒီလို ပုပ်ရဟန်းမင်းကြီးအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ “ရိုဟင်ဂျာ” လို့နာမည်တပ်မခေါ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်မှ နာမည်တပ်ခေါ်တာကို ထောက်ကြည့်ခြင်းအားဖြင့် လက်ရှိရခိုင်ပြည်နယ်အနောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လူသားခြင်းစာနာထောက်ထားမှု ချွတ်ခြုံကျနေတဲ့ အရေးကိစ္စဟာ မြန်မာပြည်အနေနဲ့ ပြည်တွင်း ပြည်ပ အမြင်သဘောထား ဘယ်လောက်ကွာခြားနေသလဲဆိုတာကို မှန်းဆကြည့်လို့ရနိုင်ပါတယ်။ ဒုက္ခသည်ပြန်လည်နေရာချထားရေး အစီအစဉ်တွေ စတင်ဖို့ ဆောင်ရွက်နေချိန် ရှေ့ ရက်သတ္တပတ်ကာလတွေမှာ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းအပေါ် အခြေအတင် ငြင်းခုံမှုတွေ ပေါ်လာဦးမှာဖြစ်ပါတယ်။

    မြန်မာနိုင်ငံသားအဖြစ် ပိုင်းခြားသက်မှတ်မှုဟာ တိုင်းရင်းသားဖြစ်ခြင်း သို့မဟုတ် နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ လူမျိုးစုဝင်ဖြစ်ခြင်း ဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံပါတယ်။ ဒါဟာလည်း အာရကန် ဒေသကြီး [လက်ရှိ ရခိုင်ပြည်နယ်] နဲ့ တချို့နိုင်ငံတော်ပိုင်နက်တွေကို ဗြိတိသျှထံ ပေးအပ်လိုက်ရတဲ့ ပထမ အင်္ဂလိပ်-မြန်မာ စစ်မတိုင်မီ တနှစ်၊ ၁၈၂၃ ခုနှစ် မတိုင်မီ မှာ အခြေချနေထိုင်တဲ့ လူမျိုးစုတွေကို ရည်ညွန်းတယ်လို့ ခြုံငုံပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။

    ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံသား အပြည်အဝရှိဖို့ဆိုတာ အလုံးစုံမဟုတ်ရင်တောင် တိုင်းရင်းသားမျိုးနွယ်စုဝင်ဖြစ်တည်မှုက အဓိကကျနေပါတယ်။ ဒီလို နိုင်ငံသားဥပဒေ အတည်ပြုပြီး ၉ နှစ်အကြာမှ တိုင်းရင်းသားမျိုးနွယ်စုစာရင်း ၁၃၅ မျိုးကို အစိုးရက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ က တော့ အဲ့ဒီစာရင်းထဲမှာ ပါမလာပါဘူး။ ဒါဟာ စစ်တပ်ဦးဆောင်တဲ့ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသမိုင်းက ဖျက်ပစ်ဖို့ ကြိုးစားတယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာဖြစ်လာပါတယ်။

    ရိုဟင်ဂျာတွေနဲ့ ရိုဟင်ဂျာအရေးလုပ်ရှုားသူ တွေဟာ ရိုဟင်ဂျာတွေက ရခိုင်ဒေသမှာ ၈ ရာစုလောက်ကတည်းက အခြေချနေထိုင်ကြသူတွေဖြစ်တယ်လို ဆိုပါတယ်။ တဖက်မှာ ရိုဟင်ဂျာအရေးဆန့်ကျင်သူ အများစုဟာ ဒီသမိုင်းကြောင်းကို ငြင်းဆိုကြပြီး ရိုဟင်ဂျာတွေဟာ ဗြိတိသျှ ကိုလိုနီခေတ် (၁၈၂၄-၁၉၄၈) အကြားမှာ ဒါမှမဟုတ် ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာပြီး ၁၉၄၈ ခုနှစ်နောက်ပိုင်းမှသာ ရောက်ရှိလာတဲ့ တရားမဝင်ပြောင်းရွှေ့လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

    နိုင်ငံခြားသားတွေက ဆင်းသက်လာတယ်ဆိုတာ ပေါ်လွင်အောင် သူတို့ကို “ဘန်ဂါလီ” လို့ ရိုဟင်ဂျာဆန့်ကျင်ရေးသမားတွေက ခေါ်ဝေါ်ကြပါတယ်။ “ဘန်ဂါလီ” တွေဟာ တိုင်းရင်းသားရခိုင်ဗုဒ္ဓဘာသာဝင်တွေ ပိုင်တဲ့ဒေသကို အန္တရာယ်ဖြစ်စေတယ်လို့ ဆန့်ကျင်ရေးသမားတွေက မကြာခဏ သတိပေး ပြောကြားလေ့ရှိပါတယ်။

    ရခိုင်ပြည်နယ်သမိုင်းကို ပြန်ကြည့်ရင်တော့ ဒီကိစ္စက ရောထွေးနေပါတယ်။ သေခြာတာကတော့ အမှန်တရားဟာ နှစ်ဘက်လုံးရဲ့ အလယ်မှာ ရှိနေပါတယ်။ တကယ့်အရေးကြီးတဲ့ အချက်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဆိုတာ လူအုပ်စု တစုတည်းကို ရည်ညွန်းတာမဟုတ်ဘူးဆိုတာပါပဲ။

    တကယ်တန်း ဖြစ်နိုင်ခြေများတာကတော့ အုပ်စုသုံးစုကနေ ပူးတွဲဆင်းသက်လာတာပါပဲ။ ပထမတစုကတော့ ဗမာ့ယဉ်ကျေးမှု မလွမ်းမိုးမီ ၁၀ နဲ့ ၁၄ ရာစုနှစ်တွေအကြားမှာ အာရကန် ဒေသ [နေထိုင်ကြပြီး လက်ရှိ ရခိုင်ဒေသ] မှာနေထိုင်ကြသူတွေရဲ့ မျိုးရိုးအနွယ်ဝင်တွေဖြစ်ပါတယ်။ ဒုတိယအစုကတော့ ၁၆ ရာစုနဲ့ ၁၇ ရာစုအကြား ရခိုင်ဘုရင်နဲ့ ပေါ်တူကီ ကုန်သည်တွေခေါ်ဆောင်လာတဲ့ သုန့်ပန်းတွေနဲ့ ကိုလိုနီခေတ်အတွင်းမှာ ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ပါတယ်။ တတိယအစုကတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောင်းရွှေ့လာသူတွေဖြစ်ကြပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ဗြိတိသျှဝင်ရောက်လာပြီးတဲ့နောက် ဥရောပရဲ့ “နိုင်ငံတော်” ဆိုတဲ့ အတွေးအခေါ်တွေမတိုင်ခင်က အခုခေတ်မှာ မျက်ဝါးထင်ထင်တွေ့မြင်ရတဲ့ နှစ်နိုင်ငံကြားက နယ်ခြားစည်းဆိုတာ ခိုင်ခိုင်မာမာ ရှိခဲ့တာမဟုတ်ပါဘူး။ အာရကန် ဒေသ [လက်ရှိ ရခိုင်ပြည်နယ်] ဆိုတာကလည်း ဗမာ နဲ့ ဘန်ဂါလီ တို့ရဲ့ နှစ်ကမ္ဘာ အလည်မှာ တည်ရှိနေပြီး နယ်နမိတ်တွေ ကြပ်ကြပ်မတ်မတ် ကားစည်းထားတာမရှိတဲ့ ကြားခံ ဒေသကြီးတခုဖြစ်ပါတယ်။

    သမိုင်းကြောင်းရဲ့ အချိန်ကာလ အပေါ်မူတည်ပြီး တချို့ကာလတွေမှာ အာရကန် ဒေသတွေဟာ ဘန်ဂါလီဘုရင်တွေလက်အောက်ကို ကျရောက်ခဲ့တာရှိသလို၊ တချို့ကာလတွေမှာ ရခိုင်ဘုရင်တွေက လက်ရှိ ဘင်္ဂလားဒေ့ရှ်ရဲ့ မြို့ဖြစ်တဲ့ စစ်တကောင်း အထိ သိမ်းပိုက် အုပ်ချုပ်ခဲ့တာတွေလည်း ရှိပါတယ်။

    နာမည်ကိစ္စပြန်ဆက်ပြောရရင် ရိုဟင်ဂျာ ဆိုတာ ၁၉၅၀ ခုနှစ်လောက်ကမှာ ပထမဆုံး ပေါ်ပေါက်လာပြီး ရခိုင်ပြည်မြောက်ပိုင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထုထောင်ချင်တဲ့ နိုင်ငံရေးတည်ဆောက်မှု ဒါမှမဟုတ် အရှေ့ပါကစ္စတန် [လက်ရှိ ဘင်္ဂလားဒေ့ရှ်] ထဲ သွတ်သွင်းချင်တဲ့ ဆန္ဒအပေါ် အခြေခံပြီး ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး ဆန့်ကျင်လှုပ်ရှားသူတွေကဆိုပါတယ်။

    တဘက်က ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကလည်း ဗြိတိသျှကိုလိုခေတ်မတိုင်မှီ ၁၇၉၉ ခုနှစ်ကမှတ်တမ်းတခုဖြစ်တဲ့ စကောဒ့်လူမျိုး Francis Buchanan ရဲ့ မှတ်တမ်းစာအုပ် “A Comparative Vocabulary of the Languages Spoken in the Burma Empire” မှာ “Rooinga” ရိုအ်ဂျာ လို့ အတိအလင်းရည်ညွန်းထားတာကို ထောက်ပြကြပါတယ်။

    Buchanan ရေးထားတာကို ပြန်ကြည့်ရင် “ဗမာအင်ပါယာမှာ သုံးနှုန်းပြောဆိုကြတဲ့ ပထမဆုံး ဘာသာစကားဟာ အာရကန်နယ်သား သို့မဟုတ် သူတို့ကိုယ်သူတို့ “ရိုအ်ဂျာ” လို့ခေါ်တဲ့ အာရကန်ဒေသမှာ အခြေချနေထိုင်ကြသူ မိုဟာမဒ်သာသနာဝင် [မွတ်စလင်] တွေပြောဆိုတဲ့ ဟိန္ဒူ နိုင်ငံက ဘာသာစကားက ဆင်းသက်လာတာဖြစ်တယ်” လို့ ရေးသားထားပါတယ်။

    ပြဿနာက ရိုဟင်ဂျာအရေး ထောက်ခံသူတွေရော ဆန့်ကျင်သူတွေဘက်ကပါ ပြောဆိုနေတဲ့အထဲမှာ အမှန်တရား လက္ခဏာတွေပါဝင်နေပါတယ်။ ကိုလိုနီခေတ်မတိုင်ခင်ကတည်းက ရှိခဲ့ကြောင်း သက်သေအထောက်အထားရှိတဲ့အတွက် ရိုဟင်ဂျာဆိုတာဟာ နောက်ပိုင်းမှ တီထွင်လာတဲ့ နာမည်အသစ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကိုလိုနီခေတ်တလျောက် မှတ်တမ်းတွေ မှာ ဒီနာမည်ကို လုံးဝမတွေ့ရဘဲ ၁၉၅၀ ခုနှစ်လောက်မှာ တွင်တွင်ကျယ်ကျယ်သုံးစွဲလာပြန်ပါတယ်။

    ဒါကို အဖြေရှာကြည့်တဲ့အခါမှာ မျက်မှောက်ခေတ်က “ရိုဟင်ဂျာ” တချို့ဟာ “ရိုအ်ဂျာ” ဆိုတဲ့ မိဘမျိုးရိုးက ဆင်းသက်လာပေမယ့် ဖြစ်နိုင်ချေရှိတာကတော့ ၁၇၉၉ ခုနှစ်က မှတ်တမ်းမှာပါတဲ့ “ရိုအ်ဂျာ” ဆိုတာ ယနေ့မျက်မှောက်ခေတ်မှာ သုံးနေတဲ့ “ရိုဟင်ဂျာ” နဲ့ ရည်ညွန်းချက် အတူတူတော့ မဟုတ်နိုင်ပါဘူး။ ဒီအခေါ်အဝေါ်ဟာလည်း “အာရကန်” ဒေသကို ဘန်ဂါလီ အခေါ်အရ “ရိုဟဂ်” လို့ ခေါ်ရာက ဆင်းသက်လာဟန်ရှိပါတယ်။

    ဒါကြောင့် “ရိုဟဂ်” သား လို့ ရည်ညွန်းခေါ်ဝေါ်တဲ့ ရိုဟင်ဂျာ ဟာလည်း “အာရကန်” သား ကို ရည်ညွန်းတာဖြစ်ပါတယ်။ မကြာသေးမီကာလကမှ “ရိုဟင်ဂျာ” ဆိုတာကို လူမျိုးစုအမည်အဖြစ် တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာဖြစ်နိုင်ပြီး တခြားလူမျိုးစုအမည်တွေနည်းတူ နိုင်ငံရေးရည်ရွယ်ချက်ကြောင်းလည်း ဖြစ်ပါတယ်။ လူမျိုးစုသွင်ပြင်လက္ခဏာ ဆိုတာဟာလည်း နိုင်ငံရေးအမွေအနှစ်ပဲ ဖြစ်ပါတယ်။

    ရိုဟင်ဂျာ လူမျိုးစုရဲ့ မူရင်းဇစ်မြစ်အပေါ် အမြောက်အများ ရေးသားပြောဆိုနေကြပေမယ့် မြန်မာနိုင်ငံသားအဖြစ် အလိုအလျောက် အသိအမှတ်ပြုခြင်းခံကြရတဲ့ တခြားလူမျိုးစုတွေရဲ့ မူရင်းဇစ်မြစ်တွေကို တွင်တွင်ကျယ်ကျယ် ဖော်ထုတ်တာတွေ သိပ်မရှိပါဘူး။ ရခိုင်ဆိုတဲ့ အမည်နာမနဲ့ လူမျိုးစု သွင်ပြင်လက္ခဏာဖော်ဆောင်လာတာတောင်မှ ၁၉ ရာစုနှစ်လောက်ကစတင် ခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာပြဿနာ ဆိုတာကလည်း မြန်မာနိုင်ငံအတွင်းမှာ ရခိုင်လူမျိုးတို့ရဲ့ နိုင်ငံရေး အားနည်းချက်နဲ့ သူတို့ရဲ့သွင်ပြင်လက္ခဏာဖော်ဆောင်မှု နောက်ကျခြင်းရဲ့ အပိုင်းအစလည်းဖြစ်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ဒီအငြင်းပွားမှုရဲ့ အခြေခံအကြောင်းတရားကတော့ လူမျိုးစုဆိုတာ စည်းဘောင်ပိတ်ထားတယ်၊ အပြောင်းအလဲမရှိဘူး၊ ရှေ့ယခင်ကတည်းက ယခုထက်တည်း တသတ်မှတ်တည်းရှိနေတယ် လို့ ထင်မြင်ယူဆနေကြလို့ပဲဖြစ်ပါတယ်။ တကယ်တန်းတော့ လူမျိုးစုဆိုတာ ပြောင်းလဲတက်တယ်၊ တိုးပွားတတ်တယ်။ လူမျိုးစုအဖြစ် သက်မှတ်တဲ့ သဘောတရားကိုယ်နှိုက်ကလည်း ပြောင်းလဲတတ်တဲ့ သဘောရှိတယ်။ မြန်မာနိုင်ငံရဲ့ မတူကွဲပြားလှတဲ့ လူမျိုးစုတွေအကြားမှာ လူမျိုးစု ဆိုတာရော၊ လူမျိုးစုအဖြစ်သက်မှတ်တဲ့ သဘောတရားတွေကရော အချိန်ကာလ ကြာမြင့်တာနဲ့ အမျှ ပြောင်းလဲလာခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ကြည့်တဲ့အခါ လူမျိုးစုတွေနဲ့ လူမျိုးစုအဖြစ် သတ်မှတ်တဲ့ သဘောတရားတွေဟာ အချိန်ကာလနဲ့မျှ ပြောင်လဲလာခဲ့ပြီး လက်ရှိကာလမှာ နိုင်ငံရေးရဲ့ အလယ်ဗဟိုမှာ အနယ်ထိုင် နေရာဝင်ယူလာတယ်ဆိုတဲ့ သမိုင်းကြောင်းကြီးတခုလုံးကို ခြုံငုံ ရှု့မြင်သင့်ပါတယ်။

    Edmund Leach၊ F K Lehman နဲ့ Victor Lieberman တို့လို မနုဗေဒပညာရှင်တွေ၊ သမိုင်းသုတေသီတွေ ဖော်ထုတ်ပြသခဲ့သလို ကိုလိုနီခေတ်မတိုင်မှီ မြန်မာနိုင်ငံတော်က လူမျိုးစု အသွင်လက္ခဏာတွေဟာလည်း အစဉ်ပြောင်းလဲနေခဲ့ပါတယ်။ လူတွေကို ဘာသာစကားအပေါ်အခြေခံပြီး ဘောင်ခပ်၊ စည်းတား၊ အမျိုးအမည် ခွဲခြားခဲ့တာဟာ ဗြိတိသျှတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ တခါတရံမှာ တစုနဲ့တစု ကူးလူးဆက်ဆံမှုတွေကိုပါ ပိတ်ပင်ခဲ့တဲ့အတွက် အရင်က မရှိခဲ့တဲ့ သူ့လူ၊ ကိုယ့်လူ ဆိုတဲ့ အမာခံ ခွဲခြားတာတွေ စတင်လာခဲ့ပါတယ်။

    အဲဒီအပြင် ၂၀ ရာစု အတွင်းမှာ ဗမာလူမျိုးကြီးဝါဒတွေ၊ လူမျိုးစုအခြေခံ အမျိုးသားရေး လှုပ်ရှားမှုတွေ၊ စစ်အာဏာရှင်အုပ်ချုပ်ရေးတွေဟာ ဒီခွဲခြား သက်မှတ်မှုတွေကို ပိုမို တင်းမာစေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ စတင်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလာတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီတို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုနဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာလည်း ဒီလို ခွဲခြားမှုတွေကို ထပ်လောင်း တင်းမာစေခဲ့ပြန်ပါတယ်။

    လူမှုဗေဒပညာရှင် Michael Mann ဟာ ယခုခေတ်နိုင်ငံတွေဟာ ရှုပ်ထွေးပြီး မထင်မှတ်ထားတဲ့ သမိုင်းကြောင်းတွေအပေါ်မှာ အခြေခံတဲ့ အတွေးအခေါ်အယူအဆတွေ၊ စီးပွားရေးတွေ၊ အစုအဖွဲ့တွေ၊ နိုင်ငံရေးတွေနဲ့ ပုံဖော်ထားတဲ့ လှောင်အိမ်တွေ လို့ တင်စားဖော်ပြဖူးပါတယ်။ မြန်မာနိုင်ငံက ပုံဖော်ထားတဲ့ လှောင်အိမ် ရဲ့ သံတိုင်တွေမှာတော့ လူမျိုးစု ဆိုတဲ့ သံတိုင်တွေလည်း ပါဝင် ဘောင်ခပ်ထားပါတယ်။

    ရိုဟင်ဂျာခေါင်းဆောင်တွေအနေနဲ့ ဒီလို သူတို့ရဲ့ လူမျိုးစုနာမည်ကို စွဲကိုင်ထားတာဟာ မြန်မာနိုင်ငံအတွင်းက သတ်မှတ်ထားတဲ့ လူမျိုးစုနိုင်ငံရေး ကစားကွက်တွေအတွင်း အံတုယှဉ်ပြိုင်နေရတာပါ။ သူတို့တွေဟာ ဒီလို လူမျိုးစု သက်မှတ်ချက်စည်းကမ်းတွေကို ရေးဆွဲသူတွေမဟုတ်ပေမယ့် ဒီကစားကွက်တွေထဲမှာ အံတုယှဉ်ပြိုင်နေခြင်းဟာလည်း သူတို့ကို ဖိနှိပ်နေပါတယ်ဆိုတဲ့ လူမျိုးစုနိုင်ငံရေးကို အားပေးအားမြှောက်လုပ်ပေးသလို ဖြစ်နေပြန်ပါတယ်။ သူတို့လည်း ဒီ မြန်မာ့လှောင်အိမ်ထဲမှာ ပိတ်မိနေတာပါပဲ။ သူတို့ရဲ့အခွင့်အရေးကို အာမခံရနိုင်ဖို့အတွက် တခြားရွေးချယ်စရာရှားပါးလာတယ်လို့ ခံစားရလို့ ဒီလို ရှိရင်းစွဲ လူမျိုးစုနိုင်ငံရေးအတွင်းကို ဝင်တိုးရတာဖြစ်တယ်ဆိုတာကိုတော့ နားလည်ပေးနိုင်ပါတယ်။

    ဒီလို သူတို့ရွေးချယ်ထားတဲ့ လူမျိုးစုနာမည် “ရိုဟင်ဂျာ” ဆိုတာကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေတာဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်တဲ့ ဖိနှိပ်ချုပ်ချယ်မှု တစိတ်တဒေသဖြစ်တယ်ဆိုတာကတော့ သံသယရှိနိုင်ဖွယ်ရာမဟုတ်ပါဘူး။ တဆက်တည်းမှာလည်း ဒီလို ဖိနှိပ်မှုတွေဟာ “ရိုဟင်ဂျာ” ဆိုတဲ့ နာမည်ကို ပိုပြီးခိုင်မာအောင် စွဲကိုင်စေဖို့ တွန်းပို့သလို ဖြစ်နေပြန်ပါတယ်။

    သူတို့ရဲ့ ကိုယ်ပိုင်သွင်ပြင် လက္ခဏာသတ်မှတ်ပိုင်ခွင့် (Right of Self-Identification) ဟာ ငြင်းပယ်ထားစရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရိုဟင်ဂျာအရေး လုပ်ရှားသူတွေကြားမှာလည်း ဒီအခွင့်အရေးဟာ တထစ်ကျမရမနေရ အခွင့်အရေးတရပ်အဖြစ် မှတ်ယူထားတာလည်း ရှိပါတယ်။ ပြဿနာရဲ့ အခြေအမြစ်ကတော့ ရိုဟင်ဂျာ သွင်ပြင်လက္ခဏာကို ငြင်းဆန်နေတယ်ဆိုတာထက် မြန်မာနိုင်ငံရဲ့ လူမျိုးစုနိုင်ငံရေးကို ဦးစားပေးနေမှု နဲ့ မြန်မာနိုင်ငံရေးကို ပုံဖော်ထားတဲ့ လှောင်အိမ်တွေရဲ့ သံတိုင်တွေ အကြား ဆက်စပ်မှုတွေပဲ ဖြစ်ပါတယ်။

    အများစုမဟုတ်တောင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာအတော်များများဟာ မြန်မာနိုင်ငံအတွင်းမှာ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေရရှိမယ်ဆိုရင် ဒီနာမည်ကို စွန့်လွတ်ကြမယ့်သူတွေရှိနေပါတယ်။ တချို့ကလည်း ဒီလို အခွင့်အရေး ပေးတာကို ရယူခဲ့တာတွေရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရခိုင်ပြည်နယ်အလယ်ပိုင်း မြေပုံမြို့နယ်မှာ နိုင်ငံသားစီစစ်ရေး စမ်းသပ်တဲ့ အစီအစဉ်တခုကို အစိုးရက ပြုလုပ်ခဲ့ဖူးပါတယ်။

    ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ရခိုင်ပြည်နယ်မှာ နေထိုင်လာတဲ့ မျိုးဆက် သုံးဆက် ကို သက်သေပြနိုင်ရင် နိုင်ငံသား ပေးမှာဖြစ်ပါတယ်။ ဝေးလံလှတဲ့အရပ်ဒေသတွေမှာ နေထိုင်ကြပြီး နှစ်ရှည်လများ စာရွက်စာတမ်းအထောက်အထား မရရှိတဲ့အတွက် ဒီလို သက်သေပြဖို့ကတော့ အတော်လေးကို ခက်ခဲပါတယ်။ တချို့ဆိုရင် ၁၉၉၀ ခုနှစ်လောက်ကတည်း နိုင်ငံသားစာရင်းက ဖယ်ထုတ်ခြင်းခံရတာတွေလည်းရှိပါတယ်။

    နောက်တခုကတော့ အကယ်လို့ မျိုးရိုးသုံးဆက် သက်သေပြနိုင်တယ်ဆိုရင်တောင် နိုင်ငံသား ကဒ်မှာ “ရိုဟင်ဂျာ” လို့ မသုံးဘဲ “ဘန်ဂါလီ” လူမျိုး ဆိုတဲ့ တံဆိပ်တပ်တာကို လက်ခံပေးရပါလိမ့်မယ်။ မြေပုံမှာရှိတဲ့ ရိုဟင်ဂျာ အားလုံးဟာ ၂၀၁၂ ခုနှစ် အဓိကရုန်း ကတည်းက ဒုက္ခသည်စခန်းမှာ နေထိုင်နေကြရပြီး တော်တော်များများက အစိုးရရဲ့ နိုင်ငံသား စီစဉ်ရေး အစီအစဉ်ကို လက်ခံခဲ့ကြပါတယ်။

    ဒီအစီအစဉ်အရ လူအယောက် ၃၀၀၀ လောက်ပါဝင် လျောက်ထားပေမယ့် ၉၇ ယောက်ပဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလို အစိုးရရဲ့ အစီအစဉ်ကို လက်ခံ ပြီး နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရသူတွေကလည်း ဘာမှမထူးခြားလာဘူးဆိုတာကို တွေ့ရပြန်ပါတယ်။ ဒုက္ခသည်စခန်းမှာ ဆက်နေထိုင်ရပြီး ဆေးရုံကိုတောင်မှာ သွားပိုင်ခွင့်မရရှိပါဘူး။ သူတို့အတွက်ကတော့ နိုင်ငံသား ဆိုတာ မျှော်မှန်းထားသလို နိုင်ငံသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပါမလာခဲ့ပါဘူး။

    နိုင်ငံသား ရရှိသွားတဲ့ အမျိုးသမီးတယောက်ကတော့ သူ့အဖေဟာ မြို့ထဲမှာ လူအများ လေးစားရတဲ့ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရင်က ဆိုရင် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ခွဲခြားမှုမရှိဘဲ ဆက်ဆံရေးကောင်းခဲ့တယ်လို့ ပြောပြပါတယ်။ လေးနှစ်ကြာ ဒုက္ခသည်စခန်းမှာ နေထိုင်ပြီးတာတောင် သူမအနေနဲ့ အရင်က ကိစ္စတွေက အကျုံးမဝင်တော့ဘူးဆိုတာ လက်မခံနိုင်သေးဘူး ဖြစ်နေပါတယ်။

    ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက်အပြုံလိုက် တွန်းပို့ပြီး သူတို့ရဲ့ သမိုင်းကြောင်းကိုဖျောက်ဖျက်ကြသလို၊ အဲဒီအမျိုးသမီးရဲ့ ဘဝပုံပြင်ဟာလည်း ရခိုင်သိုင်းအဝိုင်းထဲမှာ မရှိတော့ပါဘူး။ ရိုဟင်ဂျာ အတွက် ကြေကွဲစရာကတော့ သူတို့တမျိုးသားလုံးရဲ့ သမိုင်းကို ထိမ်ချန်ထားတာထက် ပိုဆိုးတာကတော့ အဲဒီမှာနေထိုင်ကြသူ တဦးတယောက်ချင်းစီရဲ့ ဘဝသမိုင်းစာမျက်နှာတွေကို ဖျောက်ဖျက်ခြင်းခံနေတာပဲ ဖြစ်ပါတယ်။

    Carlos Sardina Galache ရေးသားထားတဲ့ The true origins of Myanmar’s Rohingya ဆောင်းပါးကို O’Laie Manzu မှာ ဆီလျော်သလို ဘာသာပြန်ထားသည်။

    မူရင်း ဆောင်းပါး http://www.atimes.com/article/true-origins-myanmars-rohingya/

  • အင်တာနက် လွတ်လပ်ခွင့်ဟာ ကျိန်စာလား … အခွင့်အလမ်းလား…

    ဧပြီ ၁၁ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ-O’Laie Manzu

    5-4-2014
    တရားဝင်နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဥိးနေမျိုးဝေမှ ၄င်းရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာထပ်မှာ အကြမ်းဖက်ရန် လှုံဆော် ရေးသားမှုများ

    တူနီးရှား သမ္မတဟောင်း Zine El Bindine Ben Ali ဟာ ၂၀၁၁ ခုနှစ် ဇန္နဝါရီလမှာ သူ့နိုင်ငံကနေ ထွက်မပြေးမီ “ဆင်ဆာ တားမြစ်မှုတွေအားလုံး ပယ်ဖျက်ပေးမယ်” လို့ ကတိပေးတဲ့ မိန်ခွန်း ၇ မိနစ်ကြာကြာပြောကြားခဲ့ပါတယ်။ ကာလအတန်ကြာ ထိန်းချုပ်ထားတဲ့ အင်တာနက်ကြီးကလည်း သူကတိပေးပြီး နာရီပိုင်း အတွင်း ဖွင့်ပေးလိုက်တဲ့ အတွက် တူနီးရှားပြည်သူတွေ လွတ်လပ်စွာ အင်တာနက် အသုံးပြုနိုင်ခဲ့ပါတယ်။

    ဒီလိုအပြောင်းအလဲကတော့ ရှားပါးတယ် လို့ ဆိုနိုင်ပါတယ်။ Reporters without Borders ကထုတ်ပြန်တဲ့ “အင်တာနက် ရန်သူများ” အစီရင်ခံစာမှာ ‘အကယ်လို့နိုင်ငံ တစ်နိုင်ငံက အင်တာနက်ကို ထိန်းချုပ် လိုက်ပြီဆိုရင် တော်ယုံနဲ့တော့ လျော့ပေါ့ပေးလေ့ မရှိဘူး’ လို့ ဖော်ပြထားပါတယ်။

    တရုတ်၊ အီရန်၊ ဥဇဘက်စ္စတန် နဲ့ စာရင်းရှည်ကြီးထဲက အခြားနိုင်ငံ တွေကလည်း ပို မကောင်းလာတဲ့အပြင် တနေ့တခြား ပိုမိုဆိုးရွားလာနေပါတယ်။ ဒါပေမယ့် ပထမဆုံးသော အင်တာနက်ကို စတင် ပိတ်ပင်ခဲ့တဲ့ မော်လဒိုက် နဲ့ နီပေါ နိုင်ငံတို့ကတော့ အီဂျစ်နိုင်ငံက အင်တာနက် ထိန်းချုပ်မှု ပြန်ပြီး မလျော့ပေါ့ပေးခင် ကတည်းက ပိတ်ပင်တာတွေကို ပြန်လည် ရုတ်သိမ်းပေးခဲ့ပါတယ်။ မော်ရိုကိုလည်း ဒီအတိုင်းပါဘဲ။

    တူနီးရှားလိုဘဲ မြန်မာနိုင်ငံဟာလည်း အာဏာရှင် အုပ်ချုပ်ရေးကို ကျောခိုင်းပြီး ဒီမိုကရေစီ စနစ်ဆီကို ခြေလှမ်းသစ်တွေနဲ့ တဖြည်းဖြည်း ချီတက်လာနေပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့ စစ်အုပ်ချုပ်ရေးကနေ ပြည်သူ့ အုပ်ချုပ်ရေး ကို စတင်ပြောင်းလဲလာခဲ့ပါတယ်။ နောက် တစ်နှစ်လောက် အကြာမှတော့ တစ်ချိန်က ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံးလို့ ဆိုရနိုင်တဲ့ သတင်းမီဒီယာတွေနဲ့ အင်တာနက် အပေါ် ထိန်းချုပ်မှုကြီးကို ပယ်ဖျက်ခဲ့ပါတယ်။

    ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးမှုတွေ၊ ပွင့်လင်းတဲ့ သတင်း မီဒီယာတွေကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ကြံ့ကြံ့ခံ တော်လှန်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ လုပ်ရပ်တွေနဲ့ ရပ်တည်ချက်တွေကြောင့် ငြိမ်းချမ်းရေး နိုဘလ်ဆုကို  ချီးမြှင့်ခြင်းခံခဲ့ ရပေမယ့် သူမကိုယ်နှိုက်က မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း မပြုနိုင်ဘူးဆိုရင် အစိုးရဆီမှာ ဘာမှမျော်လင့်လို့ ရမှာ မဟုတ်ပါဘူး။

    အခုတော့ မြန်မာပြည်သူတွေဟာ အွန်လှိုင်းပေါ်မှာ ဖွင့်ချင်တာဖွင့်-ကြည့်ချင်တာကြည့်လို့ ရနေပါပြီ။ ပြည်ပရောက် သတင်းအဖွဲ့အစည်းတွေလည်း ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ကြပြီ။ သူတို့ အွန်လိုင်းက လွှင့်တင်နေတာတွေကိုလည်း ပြည်တွင်းမှာ ဖွင့်ယူကြည့်ရှုနိုင်ပြီ။ တချိန်က ပိတ်ပင်ထားတဲ့ အီးမေလ်းတွေ၊ ဆိုရှယ် မီဒီယာတွေလည်း အင်တာနက်နှေးကွေးနေတာတောင်မှ တော်တော်လေး ခေတ်စားလာပါပြီ။ သန်းချီတဲ့ အင်တာနက် အသုံးပြုသူတွေ အနက် ၈၀ ရာခိုင်နှုန်းကျော်ခန့် အကြားမှာ ဖေ့စ်ဘွတ်က တော်တော်လေးကို ခေတ်စားနေပါတယ်။

    မုန်းစကားတွေရဲ့ နှောက်ယှက်ဒဏ်

    ဒါပေမယ့် ဒီလွတ်လပ်ခွင့်တွေ အတူ ပေးဆပ်ရတာတွေ ရှိပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ မွတ်စလင် လူမျိုးစုအပေါ် အမုန်းပွားစေတဲ့ မှတ်ချက်တွေက အွန်လိုင်းမှာ ပြန့်လွင့်နေတယ်လို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က New York Times က ဖော်ပြခဲ့ပါတယ်။ ၂ နှစ်လောက်အကြာမှာ အစိုးရကိုယ်နှိုက် အသိအမှတ် မပြုတဲ့ ရိုဟင်ဂျာ မွတ်စလင် လူမျိုးစုနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား တင်းမာမှုတွေ ပိုဆိုးလာသလို အွန်လိုင်းမှာလည်း အချေအတင်ဖြစ်လာခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို ဖယ်ရှားပြစ်ဖို့ တောင်းဆိုတာတွေ   လူမှုကွန်ရက်တွေပေါ်မှာ ပေါ်လွင်လာခဲ့ပါတယ်။

    ဖေ့ဘွတ်တွေပေါ်မှာ အမုန်းပွားစေတဲ့ မှတ်ချက်တွေနဲ့ ဝါဒဖြန့်တာကို အခကြေးငွေယူပြီး အလုပ်တစ်ခု အဖြစ် လုပ်ကိုင်နေကြတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်နေသလို အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းသွားအောင် ငြိမ်းချမ်းရေး စကားတွေနဲ့ မျှမျှတတ ဖျန်ဖြေပေးနေတာတွေလည်း လူမှုကွန်ယက်မှာ  ပြန့်နှံ့နေပါတယ်လို့ အချို့က ထောက်ပြကြပါတယ်။

    မကြာသေးမှီက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံက သတင်းမီဒီယာတွေနဲ့ ပါတ်သက်ပြီး နိုင်ငံတကာ က စာနယ်ဇင်းသမားတွေကို တွေ့ဆုံပြောကြားခဲ့ရာမှာ ‘အတိုင်းအတာ တစ်ခုအထိဘဲ လွတ်လပ်တယ်’လို့ ယေးယေးလေး သုံးသပ်သွားပြီး ‘စာနယ်ဇင်းသမားတွေက  အမှန်တရားဖက်ကို ရပ်တည်ဖို့လိုအပ်တယ်’ ဆိုတာကိုဘဲ ဇောင်းပေးပြောဆို သွားခဲ့ပါတယ်။ တချိန်တည်းမှာ ရိုဟင်ဂျာတွေရဲ့ အခက်အခဲနဲ့ ပါတ်သက်ပြီး မေးမြန်းရာမှာ ဝိုးတဝါးသာဖြေကြားခဲ့ပြီး တရားဥပဒေ စိုးမိုးမှု အရေးကြီးတယ်ဆိုတဲ့ ဖက်ကို ဦးလှည့်ခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံး တစ်ချက်လေးတောင် မပြောခဲ့ပါဘူး။

    မြန်မာနိုင်ငံက သတင်းမီဒီယာတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တိုင်ရာ ဆွေးနွေးမှုတွေ ပိုပြီး ရှုပ်ထွေးနေတယ်ဆိုတဲ့ အထဲမှာ ဒေါ်စုရဲ့ မှတ်ချက် တွေလည်းပါ ပါတယ်။ ပြောဆိုရတာ အခက်အခဲရှိတယ်ဆိုတဲ့ ကိစ္စတွေကို တုန့်ပြန်ဖြေရှင်းတဲ့ အကောင်းဆုံးနည်းနာကတော့  အကျယ်တဝန့် ထုတ်ဖော်ပြောဆိုဖို့ဘဲ ဖြစ်တယ်လို့ သုံးသပ်ကြတာတွေရှိပါတယ်။ ဒါပေမယ့် အတိုက်အခံခေါင်းဆောင် ကိုယ်နှိုက်က အငြင်းပွားစရာ ကိစ္စတွေနဲ့ စပ်လျဉ်းပြီး ပြောဆိုမှု ပိတ်ပင်နေတာကို မကျော်လွားနိုင်ဘူးဆိုရင်တော့ ပြောဆိုဖြေရှင်းတဲ့ နည်းဗျူဟာက သိပ်ပြီး  အလုပ်ဖြစ်ပုံ မပေါ်ပါဘူး။ ဆင်ဆာဖြတ်တယ်ဆိုရင်လည်း မလိုလားအပ်တဲ့ ထုတ်ဖော်ပြောဆိုမှုတွေ ဖုံးအုပ်ထားနိုင်တယ် ဆိုပေမယ့် ဒီကိစ္စတွေကို ကိုင်တွယ်ဖို့ ပိုပြီး ခက်ခဲတက်ပါတယ်။

    စာနယ်ဇင်းပါမောက္ခ Dr. Cherian George က အမုန်းစကားတွေ တားမြစ်တဲ့ ကိစ္စတွေနဲ့ပါတ်သက်ပြီး စာပေ အမြောက်များရေး ခဲ့ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ရှေးရိုးစွဲ လူ့အသိုင်းအဝိုင်းမှာ အပြောအဆိုတွေ တားမြစ်တာနဲ့ ပါတ်သက်ပြီး ကြည့်မယ်ဆိုရင် “ တင်းမာမှုတွေ အပေါ်  နှုတ်ဆိတ်စေဖို့ ရည်ရွယ်ပြီး ဟန်ချက်ညီညီ နေထိုင်နိုင်ရေး အတွက် ဆင်ဆာ တည်းဖြတ်မှု ကို နိုင်ငံတော်က ပြုလုပ်နိုင်ပါတယ်။ အနာတရ ခံစားချက်တွေကို ပိတ်ပင်စေတဲ့ ဥပဒေတွေပြဋ္ဌာန်းမယ် ဆိုရင် အဲဒီဥပဒေတွေက သည်းခံနိုင်မှုနည်းတဲ့ အုပ်စုတွေကို အသိုင်းအဝိုင်းကြားမြှောက်ပေးတာလည်း ဖြစ်နိုင်ပါတယ်။” လို့ ရေးသားထားပါတယ်။

    တချိန်တည်းမှာ လူနည်းစု အခွင့်အရေးတွေကို ကာကွယ်ဖို့ ပျက်ကွက်တာဟာ “လူနည်းစုတွေကို တိုက်ခိုက်တဲ့ လက်ယာဝါဒီတွေကို တရားဝင် ခွင့်ပြုထားသလိုဖြစ်နေတယ်” လို့လည်း ရေးသားထားပါတယ်။

    ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးမှုတွေ၊ ပွင့်လင်းတဲ့ သတင်း မီဒီယာတွေကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ကြံ့ကြံ့ခံ တော်လှန်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ လုပ်ရပ်တွေနဲ့ ရပ်တည်ချက်တွေကြောင့် ငြိမ်းချမ်းရေး နိုဘလ်ဆုကို  ချီးမြှင့်ခြင်းခံခဲ့ ရပေမယ့် သူမကိုယ်နှိုက်က မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း မပြုနိုင်ဘူးဆိုရင် အစိုးရဆီမှာ ဘာမှမျော်လင့်လို့ ရမှာ မဟုတ်ပါဘူး။ ပဋိပက္ခတွေ ကို ပြေပြေလည်လည်ဖြေရှင်းပေးနိုင်တဲ့ ခေါင်းဆောင်ကောင်း မရှိဘူးဆိုရင်၊ ဒီတာဝန်ဟာ စာနယ်ဇင်း လောကဆီကို ရောက်လာပါတယ်။

    စည်းမျဉ်းတွေနဲ့ ဆန့်ကျင်၍

    ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုခဲ့တဲ့ အခမ်းအနားမှာဘဲ စစ်အစိုးရလက်ထက်က ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရတဲ့ ဘလော့ဂါ နေဘုန်းလတ် ကတော့ အမုန်းစကားနဲ့ အကြမ်းဖက်မှုအားပေးတာ တွေရဲ့ အကြား အရေးကြီးတဲ့ ကွာခြားချက်ကို ထောက်ပြခဲ့ပါတယ်။ ဖြစ်ပျက်ပြီးသွားမှ ထိန်းချုပ်တာတွေဟာ လုပ်သင့်လုပ်ထိုက်တယ်ဆိုပေမယ့် မဖြစ်ခင်ထိန်းချုပ်တာက ပိုပြီး အပြုသဘောဆောင်တယ်လို့လည်း သူကဆိုပါတယ်။

    အမှန်တကယ်တော့ အမုန်းစကားကို ဘယ်လိုထိန်းချုပ်သလဲဆိုတာ တရားရေး နယ်ပယ် တစ်ခုနဲ့ တစ်ခုအကြား အတော်လေးကို ကွာခြားပါတယ်။ ချီလီ၊ ကနေဒါ နဲ့ နယ်သာလန်တို့မှာဆိုရင် အကာအကွယ်ပေးထားတဲ့ အုပ်စုတွေအပေါ် အမုန်းပွားစေတဲ့ ထုတ်ဖော်မှုမျိုးဆိုရင် ရာဇဝတ်မှုသင့်တဲ့ ဥပဒေတွေ အကျယ်တဝန့်ပြဋ္ဌာန်းထားသလို အချို့နိုင်ငံတွေက ခပ်ပေါ့ပေါ့သာ ကိုင်တွယ်ပါတယ်။ ဥပမာ အိန္ဒိယ မှာဆိုရင် အမိန့်တွေ၊ လူ့ဂုဏ်တွေ၊ စိတ်ဓါတ်တွေ ယိုယွင်းပျက်စီးစေမယ့် ထုတ်ဖော်ပြောဆိုမှုမျိုးကို တားမြစ်ထားပြီး ပိုလန် မှာတော့ ဘာသာရေးခံယူချက်တွေကို စော်ကားရင် ဥပဒေအရ အပြစ်ပေးနိုင်တဲ့ အထိ ပြဋ္ဌာန်းထားပါတယ်။

    ကမ္ဘာ့ အင်တာနက်နယ်ပယ်မှာ ဒီလို တားမြစ်မှုတွေက အသုံးပြုသူတွေကို လောင်ပိတ်ထားသလိုပါဘဲ။ တခါတခါ မလိုလားအပ်တဲ့ သတင်း အချက်အလက်တွေ ရှိပေမယ့်လည်း သတင်းအချက်အလက် ရယူနိုင်ရေးလမ်းကြောင်းတွေက နိုင်ငံတွေအကြား ကွာခြားတာကြောင့် မတူညီမှုတွေကလည်း ကြီးထွားနေပါတယ်။ အမုန်းစကားတွေကို ရယူနိုင်ခြင်းဟာ လူ့အခွင့်အရေး တစ်ရပ်မဟုတ်ဘူး လို့ တချို့က ပြောကြပါလိမ့်မယ်။ မှန်ပါတယ်။ နိုင်ငံတော်ရဲ့ ဆင်ဆာ တားမြစ်မှုခံရတာ အမုန်းစကားတွေ တစ်ခုတည်းမဟုတ်ပါဘူး။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပြဿနာတွေ  ပိုမိုကြီးထွားစေတဲ့ အရင်းအမြစ်တွေကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုဘဲ အမုန်းစကားတွေကို ဆင်ဆာဖြတ် ပိတ်ပင်တားမြစ်ရုံ သက်သက်ဘဲ ဆိုရင် ပြဿနာဟာ ရေရှည်ပြေလည်သွားမှာ မဟုတ်ပါဘူး။

    မှတ်ချက်။ Jillian C York ရေးသားပြီး Al Jazeera မှာဖော်ပြခဲ့တဲ့ Internet Freedom in Myanmar: A curse or an opportunity? ဆောင်းပါးကို O’Laie Manzu မှ ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

  • ကယ်ဆယ်ရေး လုပ်သားများ ထွက်ခွာပြီးနောက် လူသားချင်းစာနာမှု အကူအညီ ပျက်သုဉ်း

    ဧပြီ ၃၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- O’Laie Manzu

    ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေကိုထားရှိရာ စခန်းတွေမှာ နာရီနဲ့အမျှ စာနပ်ရိက္ခာတွေလျော့ပါးလာပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုး တက်လာတာကြောင့် စခန်းတွင်းနေထိုင်သူ ကိုလှမောင် က အစားအသောက်ရရှိရေးအတွက် ဘေးပတ်ဝန်းကျင်ရွာက မိတ်ဆွေဆီမှာ အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

    A family stand at the entrance of their temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun

    စနေနေ့မနက်လောက်မှာ ဆန်တစ်အိတ် ကျပ် တစ်သောင်းခွဲ (၁၅ ဒေါ်လာ)ရှိပေမယ် နေ့တွင်းချင်း ကျပ် နှစ်သောင်းခွဲအထိ ထိုးတက်ခဲ့တယ်လို့ မိတ်ဆွေအိမ် သွားရင်း လမ်းမှာပြောပြခဲ့ပါတယ်။ သူ့မိတ်ဆွေကတော့ ဘင်္ဂလားပင်လယ်အော်ရှိ အနောက်ပိုင်းရခိုင်ပြည်နယ်မှာမကြာခဏ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုတွေဖြစ်နေတဲ့ကြားက အိုးအိမ်မပျောက်၊ လှေမဆုံးဘဲ ကံကောင်းလှတဲ့ ရိုဟင်ဂျာတစ်ဦးလို့ပြောလို့ရပါလိမ့်မယ်။

    ပြည်နယ်မြို့တော် စစ်တွေမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားတဲ့ အထောက်အကူပြုလုပ်သားတွေကို ဖယ်ရှားလိုက်တဲ့အတွက် ကိုလှမောင်နဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ အစာရေစာတွေအတွက် ပိုမိုစိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်ဖွယ်ရှိတယ်လို့ဆိုရပါမယ်။ ပြန်လည်နေရာချထားရေးစခန်းက ဒုက္ခသည် အနည်းဆုံး နှစ်သောင်းလောက်အတွက်ကတော့ ဆယ်ရက်အတွင်း သောက်သုံးရေကုန်ခမ်းသွားမှာဖြစ်ပြီး နှစ်ပါတ်အတွင်း အစားအသောက်တွေ ပျက်တောက်သွားပါလိမ့်မယ်။ နောက်ထပ် ထောင်ပေါင်းများစွာလည်း ဒုက္ခရောက်နိုင်ချေရှိနေပါတယ်။

    ဒါကတော့ စစ်တွေ ဒေသပိုင်းမှာရှိတဲ့ အသိုင်းအဝိုင်းကို အခြေခံပြီး ရည်ညွန်းပြောဆိုတာဖြစ်လို့ အားလုံးခြုံကြည့်ရင်တော့ ကုန်စည်ခမ်းခြောက်မှုတွေကြောင့် ဒုက္ခရောက်နိုင်ခြေရှိတဲ့ ဦးရေက ပိုများပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက စစ်တွေကို အခြေပြုပြီး ဒုက္ခသည်စခန်းက လူဦးရေ တစ်သိန်းလေးသောင်းလောက်ကို ထောက်ပံ့တဲ့အပြင် အခြားကျေးရွာတွေက လူဦးရေ လေးသောင်းခန့်ကိုလည်း ကူညီနေကြရလို့ပါဘဲ။

    Children look out from their temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun

    ပြည်နယ်အတွင်း လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေက အကူအညီလက်ခံရရှိတဲ့ ဒုက္ခသည်ဦးရေများတယ်ဆိုပေမယ့် လူများစုဖြစ်တဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေလည်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေအပေါ်မှီခိုနေရတာတွေလည်းရှိပါတယ်။

    ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရခိုင်ဗုဒ္ဓဘာသာဝင် ၄၀၀ လောက်ဟာ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အိုးအိမ်တွေ၊ ရုံးတွေ၊ ဂိုဒေါင်တွေ၊ သယ်ယူပို့ဆောင်ရေး စက်လှေတွေကို ဖျက်ဆီးလိုက်ကြတဲ့အတွက် ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ရပ်တန့်လိုက်ရတာပါ။ လူစုခွဲဖို့အတွက်နဲ့ လူအုပ်တွေကြားက ကယ်ဆယ်ရေးလုပ်သားတွေကို ကယ်ဆယ်ဖို့အတွက် ရဲတွေက သတိပေး သေနတ်တွေ ပစ်ဖောက်ခဲ့ကြပြီး သေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေတော့မရှိခဲ့ပါဘူး။

    နောက်တစ်ရက်မှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတွေက သတိပေး သေနတ်တွေကြောင့် ၁၁ နှစ်အရွယ် မိန်းခလေးတစ်ဦး သေဆုံးခဲ့ပြီး ၃၉ နှစ်အရွယ်အမျိုးသမီး သေနတ်ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

    အစိုးရမဟုတ်တဲ့ အရပ်ဖက်အန်ဂျီအို အဖွဲ့အစည်းတွေမရှိတော့တဲ့အတွက် ကုလသမဂ္ဂကတော့ အစိုးရနဲ့ ညှိနှိုင်းပြီး အရေးပေါ် ကုန်စည်တွေကို ဒုက္ခသည်စခန်းတွေထဲ ပေးပို့နေပါတယ်။ ဒါကလည်း ရေတို ဖြေရှင်းချက်သာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ Office for the Coordination of Humanitarian Affairs က ပြောရေးဆိုခွင့်ရှိသူ Pierre Peron ပြောပြပါတယ်။

    “ရေတိုနဲ့ရေရှည်မှာ အရပ်ဖက် အန်ဂျီအို အဖွဲ့ တွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာတွေ ရှိဖို့ အရမ်းလိုအပ်ပါတယ်။” “ နိုင်ငံတကာလုပ်သားတွေနဲ့ ပြည်တွင်းဝန်ထမ်း တွေအတွက်ပါ လုံခြုံစိတ်ချရတဲ့ နေရာတွေ ဖြစ်ဖို့ အစိုးရက အာမခံဖို့လိုအပ်ပါတယ်။” လို့ သူက ပြောပါတယ်။

    ဇွန်လ ၂၀၁၂ ခုနှစ်ကတည်းက အကြမ်းဖက်မှုတွေကြောင့် ပြန်လည်နေရာချထားရေးစခန်းတွေထဲကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ တစ်သိန်းလေးသောင်းကျော်လောက်ကို ဦးစားပေးကူညီတယ်လို့ စွပ်စွဲနေတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းရဲ့ မနှစ်မြိုမှုကို ကယ်ဆယ်ရေးလုပ်သားတွေ ရင်ဆိုင်နေရတာကြာပါပြီ။

    အရပ်ဖက် အန်ဂျီအို ကိုယ်စားလှယ်တွေကတော့ ရခိုင်ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းကိုလည်း ကူညီပေးပါတယ်လို့ဆိုကာ ဘက်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ အဆိုအရကတော့ ကယ်ဆယ်ရေးလုပ်သားတွေက ခြိမ်းခြောက်တာ၊ စော်ကားတာကို ခံကြရပါတယ်။

    A Rohingya man carrying his child looks at police and volunteer conducting a national census at a Rohingya village in Sittwe
    REUTERS/Soe Zeya Tun

    အပြည်ပြည်ဆိုင်ရာ အရပ်ဖက် အန်ဂျီအို တွေကို ပြည်နယ်ကနေ နှင်ထုတ်ပေးဖို့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက အစိုးရဆီမှာ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ လက်တလောဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်းကတော့ ကယ်ဆယ်ရေးအဖွဲ့အစည်းက ဝန်ထမ်းတွေကို စစ်တွေမြို့က ဖယ်ရှားအောင် ဖန်တီးလိုက်သလိုပါဘဲ။

    “သူတို့က ကျန်ရှိနေသေးတဲ့ အန်ဂျီအို လုပ်သားတွေကို စာရင်းပြုစုပြီး အပြီးရှင်းဖို့ ကြိုးစားနေတာ” လို့ အမည်မဖော်လိုသူ ကယ်ဆယ်ရေးလုပ်သားတစ်ဦးကပြောပြပါတယ်။

    စားနပ်ရိက္ခာတွေ သယ်ယူဖို့ဆောင်ပေးဖို့ တဆင့်ခံလုပ်ပေးတဲ့ ဒေသခံတွေကိုလည်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အလုပ်မလုပ်ဖို့ ခြိမ်းခြောက်ထားတဲ့အတွက် လူသားချင်းစာနာထောက်ထားတဲ့ အလုပ်တွေ ဆက်လုပ်ဖို့ကတော့ တော်တော်ခက်ခဲ့ပါလိမ့်မယ်လို့ သူကပြောပါတယ်။

    “ရုံးတွေ၊ ကားတွေ၊ ယဉ်တွေ၊ ကုန်ကားတွေလည်း ကျနော်တို့ကို ဘယ်သူမှ မငှားပေးတော့ဘူး။ ကျနော်တို့ကို ဘာမှလည်း မရောင်းပေးတော့ဘူး။” လို့ သူကပြောပါတယ်။

    သန်းခေါင်စာရင်း အရှုပ်တော်ပုံ

    ဒီလို ကယ်ဆယ်ရေးလုပ်သားတွေကို ဖယ်ရှားလိုက်ချိန်ဟာ ဘာသာရေးနဲ့ လူမျိုးရေး မေးခွန်းတွေကြောင့် အငြင်းပွားမှုတွေ ပေါက်ဖွားနေတဲ့ သန်းခေါင်စာရင်းကောက်ဖို့ပြင်ဆင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါဟာ အစိုးရကိုယ်နှိုက်က ဘင်္ဂလားဒေ့ရှ်က တရားမဝင်ဘန်ဂါလီတွေလို့ စွပ်စွဲခံနေရတဲ့ သန်းချီ ရိုဟင်ဂျာတို့ရဲ့ ဇာတိမြေဖြစ်ရာ ဒီရခိုင်ပြည်နယ်မှာလည်း တင်းမာမှု ပိုမိုကြီးထွားလာစေနိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။

    “ရိုဟင်ဂျာ” ဆိုတဲ့ အမည်ဟာ သန်းခေါင်စာရင်းမှာမပါပေမယ့် “အခြား” ဆိုတာကိုရွေးချယ်ပြီး သန်းခေါင်စာရင်းလာကောက်သူကို ကိုယ့်ရဲ့ လူမျိုးရေးထည့်ပေးဖို့ ပြောလို့ရပါတယ်။ ဒါဟာ ရိုဟင်ဂျာဆိုတာကို တရားဝင်သိအမှတ်ပြုတဲ့ အနေအထားကို ရောက်သွားနိုင်တယ်လို့ ဆိုပြီး တချို့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက သန်းခေါင်စာရင်းကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်ကြပါတယ်။

    သန်းခေါင်စာရင်းကို ဆန့်ကျင်တဲ့ သင်္ကေတ အမှတ်အသားနေနဲ့ စစ်တွေက ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာရေးအလံတွေကို အိမ်ရှေ့မှာ ချိတ်ဆွဲကြပါတယ်။ Malteser International ကယ်ဆယ်ရေးရုံးရှေ့မှာ ဘာသာရေးအလံ ချိတ်ဆွဲထားလို့ ဘာသာရေး သို့မဟုတ် နိုင်ငံရေး သင်္ကေတဟာအဖွဲ့အစည်းရဲ့စည်းမျဉ်းကိုချိုးဖောက်တယ်ဆိုပြီး ဖယ်ရှားလိုက်ပါတယ်။

    A Rohingya woman carries a child inside a temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun

    ဒါကို အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်သား အမျိုးသမီးတစ်ဦးက ဘာသာရေးအလံကို မဖွယ်မရာ လုပ်တယ်ဆိုတဲ့ ကောလဟာလ ပြန့်လွင့်ခဲ့တဲ့နောက် ညနေ ၈ နာရီလောက်မှာတော့ Malteser International ရုံးရှေ့မှ လူ ၄၀၀ လောက် စုဝေးခဲ့ပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အခြား အန်ဂျီအိုနဲ့ ယူအန်ရုံးတွေကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းပိုင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။

    စနေနေ့မှာတော့ အစိုးရပြောရေဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ရိုဟင်ဂျာ” လို့ထုတ်ဖော်ရင်တော့ သန်းခေါင်းစာရင်ကောက်သူတွေက မှတ်တမ်းတင်မှမဟုတ်ဘဲ “ဘန်ဂါလီ” ဆိုမှသာ စာရင်းသွင်းမယ်လို့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်က သန်းခေါင်စာရင်းကောက်သူတွေကလည်း ညွန်ကြားထားတဲ့အတိုင်းသာ လိုက်လုပ်ကြရပါတယ် လို့ Reuters သတင်းဌာနကိုပြောကြပါတယ်။

    “အားလုံးကတော့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာပါ လို့ပြောတာဘဲ” လို့ စံပြကျေးရွာက သန်းခေါင်စာရင်းကောက်ပေးသူ ကျောင်းဆရာ ဦးစိန်ဝင်းက ပြောပါတယ်။

    “ဒီလိုဆို ကျနော်တို့လည်း ဘာမှမရေးရဘူး။ အထက်က အသိအမှတ်မပြုထားတဲ့ လူမျိုးဆိုရင် မရေးနဲ့လို့ အမိန့်ထုတ်ထားတာကို” လို့ပြောပါတယ်။

    သန်းခေါင်စာရင်းကို စီမံဆောင်ရွက်ရာမှာ ကူညီပေးတဲ့ UN Population Fund (UNFPA) ကတော့ ရိုဟင်ဂျာလို့ “ကိုယ်ပိုင်ဖော်ထုတ်ခွင့်” ကို ခွင့်မပြုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ စိုးရိမ်မိတယ်လို့ ထုတ်ပြန်ကြေညာချက်တစ်စောင်မှာဖော်ပြထားပါတယ်။

    “နိုင်ငံတကာသန်းခေါင်စာရင်း စံချိန်စံနှုန်းများမှလည်းကောင်း၊ လူ့အခွင့်အရေးစည်းမျဉ်းများမှ လည်းကောင်း၊ သဘောတူလက်ခံထားပြီးသော လုပ်ထုံးလုပ်နည်းများမှ လည်းကောင်း ဤသို့ ကျောခိုင်းခွဲထွက်လာမှုအပေါ် UNFPA မှ အထူးပင် စိုးရိမ်မကင်း ဖြစ်နေရပါသည်။” လို့ အင်္ဂါနေ့ထုတ် ကြေညာချက်တွေ ဖော်ပြခဲ့ပါတယ်။ အဲဒီအပြင် “လူ့အဖွဲ့အစည်းဆိုင်ရာ အကြမ်းဖက်မှုသမိုင်းကြောင်း ရှိနေသော ရခိုင်ပြည်နယ်၌ ဤလုပ်ရပ်က တင်းမာမှုများ မြှင့်တက်ကြီးထွား လာစေနိုင်ပြီး ကောက်ခံရရှိသည့် သန်းခေါင်စာရင်းအချက်အလက်များအပေါ် ယုံကြည်ထိုက်မှုတန်ဖိုး လျော့ကျလာမည်ကိုလည်း စိုးရိမ်ပါသည်။” လို့ UNFPA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

    မှတ်ချက်။ Reuters သတင်းထောက်များပေးပို့ပြီး Jared Ferrie ရေးသားကာ Nick Macfie မှတီးဖြတ်ထားသည့် Humanitarian crisis looms in western Myanmar as foreign aid workers leave သတင်းဆောင်းပါးအား O’Laie Manzu မှ ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။

  • ပြည်လုံးကျွတ် သန်းခေါင်စာရင်းက ပြည်တွင်းပဋိပက္ခတွေ ဖိတ်ခေါ်နေလေသလား

    ဆောင်းပါးရှင် – အိုလှိုင် မာန်ဇူး
    ဘက်မလိုက်ဂျာနယ် အတွဲ ၁ အမှတ် ၂ မှ ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

    census
    မတ်လ ၃၀ ရက်နေ့ ကနေ ဧပြီလ ၁၀ ရက်နေ့ အကြားမှာ ကောက်ခံမယ့် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းဟာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အခြေခံအချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်သလို လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံသားဖြစ်တည်ရေးတို့အပေါ် နားလည်မှုကွဲလွဲစေမယ့် စာရင်းဇယားလည်းဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီသန်းခေါင်းစာရင်းကောက်ခံမယ့် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုနေကြတာတွေရှိသလို သန်းခေါင်စာရင်းမေးခွန်းတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုနေတာတွေလည်းရှိပါတယ်။ နှစ်ပေါင်း ၃၀ ကျော်အတွင်း သန်းခေါင်စာရင်းကောက်ခံထားတာ မရှိဘဲ ခန့်မှန်းခြေတွေနဲ့ လည်ပတ်လာခဲ့တာဖြစ်တဲ့အတွက် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းဟာ မဖြစ်မနေကောက်ခံဖို့ လိုနေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

    သမိုင်းတလျှောက်ကစစ်တမ်း
    ————————–——–
    မြန်မာ့သမိုင်းကြောင်းတစ်လျှောက်ကိုပြန်ကြည့်ရင်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းဆိုပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ခံခဲ့တာ မရှိဘူးလို့ဆိုရပါလိမ့်မယ်။ ရှေ့မြန်မာပြည်ရှင့်မင်းတွေ လက်ထက်က အခွန်ကောက်တွေကို ကောက်ခံရရှိနိုင်ဖို့အတွက် တနိုင်တပိုင် စစ်တမ်းတွေကောက်ခံခဲ့ပါတယ်။ ပထမဆုံး ခေတ်သစ် မော်ဒါန် သန်းခေါင်စာရင်းကိုတော့ ၁၈၇၂ ခုနှစ်မှာ ကောက်ခံခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၁၈၈၁ ခုနှစ်မှကောက်ခံခဲ့ပါတယ်။ ၁၈၇၂ နဲ့ ၁၈၈၁ ခုနှစ်တွေမှာကောက်ခံခဲ့တဲ့ သန်းခေါင် စာရင်းတွေကိုတော့ ဗြိတိသျှ လက်အောက်ကျရောက်နေခဲ့တဲ့ အောက်မြန်မာပြည်မှာ သာ ကောက်ခံခဲ့တာပါ။ ဗြိတိသျှခေတ်တလျှောက်မှာ ၁၈၉၁ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အထိ ဆယ်နှစ်တစ်ကြိမ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပုံမှန်ကောက်ခံခဲ့ပါတယ်။ ပြည်လုံးကျွတ်လို့ အမည်ခံထားပေမယ့် လက်တွေ့မှာတော့ နိုင်ငံတော်ရဲ့ ငါးပုံ လေးပုံ လောက်ကိုဘဲ ကောက်ခံနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် ဆယ်နှစ်တစ်ကြိမ်ကောက်ခံရမယ့် သန်းခေါင်စာရင်း အတွက် အတားအဆီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ် နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း နှစ်ကြိမ်သာကောက်ခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သွားလာရခက်တဲ့ နယ်စပ်ဒေသတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေထိန်းချုပ်တဲ့ အရပ်ဒေသတွေမှာ ကောက်ခံနိုင်ခဲ့ခြင်းမရှိဘဲ ခန့်မှန်းစာရင်းတွေကိုသာ ပေါင်းထည့်ခဲ့ပါတယ်။ ယခင်ကောက်ခံခဲ့တဲ့သန်းခေါင်စာရင်းတွေက တိကျမှုမရှိတာက တစ်ကြောင်း၊ ကောက်ခံခဲ့တဲ့ နေရာဒေသတွေ မတူညီတာကတစ်ကြောင်း ဖြစ်တဲ့အတွက် ယခုကောက်ခံဖို့ပြင်ဆင်နေတဲ့ သန်းခေါင်စာရင်း လောက်တော့ အားထားရတဲ့ စာရင်းဇယားတွေ မဟုတ်ခဲ့ပါဘူးလို့ မှန်းဆနိုင်ပါတယ်။

    စာရင်းဇယားရှိဖို့ လိုအပ်ချက်
    ————————–——–
    လက်ရှိမြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေကို ထောက်ပံ့ကူညီတဲ့အနေနဲ့ အချိန်တိုအတွင်း ခေတ်မှီဖွံ့ဖြိုးတိုးတက်စေဖို့ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက ငွေကြေးတွေနဲ့တစ်မျိုး၊ နည်းပညာတွေနဲ့ တဖုံ ဝိုင်းဝန်းကူညီပေးနေပါပြီ။ ပြည်လုံးကျွတ် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လူတိုင်း ဆေးကုသမှုခံယူနိုင်ရေး၊ ကလေးသူငယ်တိုင်းပညာသင်နိုင်ရေး တွေအပြင် စိုက်ပျိုးမြေတိုးချဲ့ရေး၊ လမ်းပန်း ဆက်သွယ်ရေးတိုးချဲ့နိုင်ရေး၊ ကြေနန်းဆက်သွယ်ရေး အဆင့်မြင့်မားရေး၊ ဘဏ်စနစ်ထွန်းကားရေးနဲ့ စီးပွားရေး လုပ်ငန်းငယ်များ အောင်မြင် ထွန်းပေါက်ရေး အစရှိတဲ့ ပြည်လုံးကျွတ် တိုးတက်စေရေးတွေ အတွက် ဒေါ်လာသန်း ပေါင်းများစွာ မြန်မာပြည်ထဲကို စီးဝင်လာနေတဲ့ သတင်းကောင်းတွေလည်း အဆက်မပျက် ကြားသိနေရပါတယ်။ ဥပမာအားဖြင့်ဆိုရင်တော့ ကမ္ဘာ့ဘဏ်က ပြည်လုံးကျွတ် လျှပ်စစ်မီးရရှိရေးနဲ့ လူတိုင်းဆေးကုသ ခွင့်ရှိနိုင်ရေးအတွက် ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ကူညီမယ်လို့ ပြီးခဲ့တဲ့ လက ကြေညာခဲ့ပါတယ်။ လျှပ်စစ်စွမ်းအင်အတွက် အာရှဖွံ့ဖြိုးရေး ဘဏ်ကလည်း ဒေါ်လာ သန်း ၆၀ ချေးငွေအဖြစ် ကူညီပေးဖို့ စီမံထားပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး အတွက် ဒေါ်လာ သန်း ၃၁.၅၊ ဘဏ္ဍာရေးစနစ် ခေတ်မှီဖို့အတွက် ဒေါ်လာ သန်း ၃၀၊ ပညာတော်သင်နဲ့ ဆင်းရဲ့တဲ့ကလေးတွေကို ပညာရေးအထောက်ကူပြုဖို့ အတွက် ဒေါ်လာသန်း ၆၀ လည်း ထောက်ပံ့ကူညီပေးဖို့ အရန်သင့်ရှိနေပါတယ်။ ဒါတင်မကသေးပါဘူး။ နောက်ထပ် ကမ်းလှမ်းထားတဲ့ စီမံကိန်းတွေလည်း များစွာရှိပါသေးတယ်။

    တိုင်းတပါးက ကူညီတဲ့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေကနေ ထုတ်ယူ သုံးစွဲမယ့် ငွေကြေးတွေ ကလည်း နှစ်စဉ် ဒေါ်လာသန်း ပေါင်း များစွာရှိမှာပါ။ အရင်ကလို နိုင်ငံတော် ဘဏ္ဍာငွေတွေကို စစ်တပ် အတွက် အများစုသုံးစွဲမှာ မဟုတ်ဘဲ ပြည်သူ့တွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သုံးစွဲကြမှာဖြစ်လို့ ဘယ်စီမံကိန်းအတွက် ငွေကြေးဘယ်လောက်သုံးစွဲမလဲ။ဘယ်အရပ် ဘယ်ဒေသမှာ ဘယ်လိုစီမံကိန်းတွေချမှတ်မလဲ။ ဘယ်အစု ဘယ်အဖွဲ့တွေက ကိုင်တွယ်လုပ်ဆောင်မလဲ ဆိုတာတွေကိုပါ စနစ်တကျ စီမံခန့်ခွဲဖို့လိုအပ်လာပါတယ်။ ဒီလို စီမံကိန်းတွေချမှတ်ရာမှာ ဘယ်အရပ်ဘယ်ဒေသမှာ လူဦးရေဘယ်လောက်ရှိသလဲ၊ လူဦးရေပျံ့နှံမှု၊ သိပ်သည်းမှု ဘယ်လိုရှိသလဲ ဆိုတာတွေ သိဖို့လိုပါတယ်။ ဘယ်အရပ်ဒေ သက လူတွေက ပိုပြီးလိုအပ်သလဲ ဆိုတာလည်း သိဖို့လိုတယ်။ လိုအပ်တဲ့နေရာတွေမှာ သုံးစွဲဖို့ရာအတွက်လည်း လိုအပ်ချက်တွေကိုသိရှိဖို့လိုသလို၊ လိုအပ်လို့ သုံးစွဲရခြင်းဖြစ်တယ်ဆိုတာကိုလည်း ပွင့်လင်းမြင်သာစွာ ပြသဖို့လည်း အရေးကြီးပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီ ဖြစ်တဲ့အလျှောက် ဒီစီမံကိန်းတွေကို အကောင်အထည်ဖေါ်ရာမှာ လူထု ကိုယ်စားလှယ်တွေကတဆင့် လူထုပါဝင်ပတ်သက်မှုရှိဖို့လို အပ်ပါတယ်။ သို့မှသာ ဒီစီမံကိန်းတွေဟာ လူထုဆန္ဒသဘောထားကို ထင်ဟပ်စေမှာဖြစ်တယ်။ လူထုကိုယ်စားလှယ်တွေ ရွေးချယ်ရေးကိစ္စက လူဦးရေ အနည်းအများနဲ့ ဆက်စပ်နေပါတယ်။ လူမျိုးစုတွေကိုကိုယ်စားပြုမယ့်ကိုယ်စားလှယ်တွေအတွက် လူမျိုးစုသတ်မှတ်မှုနဲ့ လူမျိုးစုဝင် ဦးရေကိုလည်း သိဖို့လိုပါတယ်။ ဒါကြောင့် အားလုံးဟာ စပ်ဆက်မှုရှိနေတဲ့အတွက် သန်းခေါင်စာရင်းကလည်း မဖြစ်မနေကောက်ခံဖို့ အရေးကြီးပါတယ်။

    လူမျိုးစု အရှုပ်အထွေး
    ————————-
    သန်းခေါင်စာရင်းကောက်ခံဖို့ အရေးတကြီးလိုအပ်နေပြီဆိုပေမယ့် မလိုလာအပ်တဲ့ ပဋိပက္ခတွေကိုပါ သန်းခေါင်စာရင်းရဲ့ ရလဒ်နဲ့ အတူ ပူးတွဲရောက်ရှိလာမှာကိုတော့ စိုးရိမ်စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးစုပေါင်းမြောက်စွာ မှီတင်းနေထိုင် တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူမျိုးစုတွေကို အသိအမှတ်ပြုပုံ၊ ခွဲခြား သတ်မှတ်ပုံတွေကလည်း ရှုပ်ထွေးလှပါတယ်။ လက်ရှိ သန်းခေါင်စာရင်းဟာလည်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံတယ်လို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီသန်းခေါင်စာရင်းမှာ တိုင်းရင်းသား မဟုတ်သူတွေရဲ့ စာရင်းလည်းပါမှာဖြစ်သလို သန်းခေါင် စာရင်း ကောက်ခံပြီးရင်လည်း လူမျိုးစုတွေကို အတိုးအလျော့ ပြန်လည်ပြင်ဆင်မယ်လို့ ဦးခင်ရီ အကြိမ်ကြိမ်ပြောဆိုခဲ့တာ တွေလည်းရှိပါတယ်။

    လူဦးရေ နဲ့ မြို့နယ် အပေါ်အခြေခံပြီး ပြည်သူလွတ်တော် ကိုယ်စားလှယ်တွေ ခန့်အပ်တာဖြစ်တဲ့အတွက် ပြည်သူ့လွတ်တော် အတွက်တော့ သိပ်ပြီး အငြင်းပွားနိုင်ဖွယ်ရာမရှိပါဘူး။ လက်ရှိ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၃၃၀ ဦးကိုသာ ပြည်သူတွေက တိုက်ရိုက်မဲ ပေးရွေးချယ်ရမှာဖြစ်တဲ့အတွက် လူဦးရေ အနည်းအများအပေါ် အခြေခံပြီး မဲဆန္ဒနယ်မြေ သတ်မှတ်မှုတွေပြင်ဆင်ဖို့ အထောက် အကူပြုပါလိမ့်မယ်။

    အမျိုးသားလွတ်တော်မှာတော့ ပြည်နယ်နဲ့တိုင်း တစ်ခုစီက ကိုယ်စားလှယ် ၁၂ ဦးစီ ရွေးကောက်တင်မြောက်ရမှာဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသတွေရဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်နိုင်ဖို့ လမ်းကြောင်း ဖွင့်ထားပေးပါတယ်။ လက်ရှိ ပြည်နယ် ၇ ခုက လူမျိုးစုတွေကို အခြေခံထားတဲ့ အပြင် ပြည်နယ်တိုင်းမှာ လူမျိုးစု တစ်စု မကရှိတယ်လို့ အကြမ်းဖျင်း နားလည်လို့ရပါတယ်။ လူမျိုးတစ်မျိုးတည်း ရှိတယ်ဆိုတဲ့ မွန် လူမျိုးတွေနေထိုင်ရာ မွန်ပြည်နယ်မှာ တောင်မှ ဗမာလူမျိုးနဲ့ ကရင် လူမျိုးမြောက်များစွာ နေထိုင်ကြပါတယ်။ ချင်းပြည်နယ်မှာဆိုရင်တော့ ချင်းလူမျိုးပေါင်း ၅၃ မျိုးရှိတယ်လို့ သက်မှတ်ထားပါတယ်။ အမျိုးသားလွတ်တော်ဟာ လူမျိုးစုတွေကို အခြေခံတဲ့ လူမျိုးစုလွတ်တော် မဟုတ်ပေမယ့် လူမျိုးစုအရေး ရှေ့တန်းတင်တဲ့ မြန်မာနိုင်ငံရေးမှာ ကိုယ်စားလှယ်တွေရဲ့ လူမျိုးဟာလည်း အရေးပါလှပါတယ်။ တိုင်း ၇ ခု က ကိုယ်စားလှယ် အများစုဟာ ဗမာ လူမျိုးတွေဖြစ်နိုင်ချေပိုများပေမယ့် လူမျိုးစုကွဲပေါင်း မြောက်များစွာနေထိုင်တဲ့ ပြည်နယ်တွေမှာတော့ အမျိုးသား လွှတ်တော် ရွေးချယ်ရာမှာ အဝေ မတည့်တာ ဖြစ်နိုင်ပါတယ်။ ပြည်နယ်တစ်ခု အတွက် ရပိုင်ခွင့်ရှိတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၂ နေရာကို လူမျိုးစုပေါင်းများစွာက အပြိုင်အဆိုင် ဝိုင်းလုကြတဲ့ပြဿနာမျိုး မကြုံတွေ့ရအောင်နဲ့ ဟိုလူမျိုးကို ကိုယ်စားမပြုဘူး…ဒီလူမျိုးကို ကိုယ်စားမပြုဘူးဆိုတဲ့ အမြင်တွေကို ကျော်လွားဖို့အတွက် လူမျိုးစုတွေဖောင်းပွနေတာ တစ်စုတစ်စည်းတည်း ရပ်တည်ကြဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြိုးပမ်းနေကြပါတယ်။ တစ်ဖက်မှာတော့ လူမျိုးစုရဲ့ လူဦးရေးများတယ်ဆိုရင်တော့ အမျိုးသားလွတ်တော်မှာ ကိုယ်စားလှယ်တောင်းရာမှာ တပန်းသာတယ်ဆိုတဲ့ ခံယူချက်တွေနဲ့ လူဦးရေကြီးထွားဖို့အရေး စည်းရုံးလှုံ့ဆော်နေကြတာတွေလည်းရှိပါတယ်။

    လူဦးရေဆိုင်ရာ လူမျိုးစုအရှုပ်အထွေးကတော့ တိုင်းဒေသကြီး လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ရွေးရာမှာ ပိုမိုမြင်သာပါတယ်။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်အရ ဒေသတစ်ခုမှာ စုဝေးနေထိုင်တဲ့ လူမျိုးစုဦးရေဟာ မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ အနည်းဆုံး (၀.၁) ရာခိုင်နှုန်းရှိတယ်ဆိုရင် ၎င်းတို့နေထိုင်ရာ အရပ်က သက်ဆိုင်ရာ လူမျိုးစုကိုကိုယ်စားပြုတဲ့ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ရပိုင်ခွင့်ရှိပါတယ်။ လူမျိုးစု သေးသေးလေးတွေအဖြစ် ကွဲပြားနေကြလို့ လူဦးရေ နည်းပါးတဲ့ လူမျိုးစုငယ်တွေကတော့ ပြည်နယ်နဲ့ တိုင်းအဆင့်မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ရပိုင်ခွင့်ရှိမှာမဟုတ်ပါဘူး။ တချိန်တည်းမှာလည်း သုတေသနပြုပြီး သတ်မှတ်ထားတာ မဟုတ်ဘဲ အာဏာရှင်တွေ သတ်မှတ်ပေးခဲ့တဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းထဲမှာ မပါတဲ့ လူမျိုးတွေကလည်း ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် သန်းခေါင်းစာရင်းမှာ ထွက်ရှိလာမယ့် လူမျိုးစု လူဦးရေတွေအပေါ်အခြေခံပြီး နိုင်ငံရေး အရှုပ်အထွေးတွေဖြစ်လာနိုင်ဖွယ်ရာရှိပါတယ်။

    ဘာသာရေးတင်းမာမှု
    ————————-
    သန်းခေါင်းစာရင်း ရလဒ်အပေါ်အခြေခံပြီး ဖြစ်ပေါ်နိုင်တဲ့ အကြီးမားဆုံးတင်းမာမှုကတော့ ဘာသာရေးဖြစ်ပါတယ်။ လက်ရှိ ခန့်မှန်းခြေ အရ မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ၈၉%၊ အစ္စလာမ်ဘာသာဝင် ၄% နဲ့ ခရစ်ယာန် ဘာသာဝင် ၄% စီရှိတယ်လို့ အမှန်လို့ယူဆလို့ မရတဲ့ စာရင်းများကို အားထားဖေါ်ပြကြပါတယ်။ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ လူမျိုးတွေနဲ့ နယ်စပ်ဒေသ တစ်လျောက်က ခရစ်ယာန် ဘာသာဝင်တွေကိုပါ ပေါင်းထည့်လိုက်ရင် အစ္စလာမ် ဘာသာဝင်နဲ့ ခရစ်ယာန် ဘာသာဝင် ၁၀% ခန့်စီရှိနိုင်တယ်လို့ ခန့်မှန်း ကြတယ်။ ယခု သန်းခေါင်စာရင်း ဟာ တိကျမှန်ကန်မှုများမှာဖြစ်တဲ့ အတွက် အစ္စလာမ်ဘာသာဝင်နဲ့ ခရစ်ယာန်ဘာသာဝင် ဦးရေဟာ ယခင်တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းထက် များနေပါလိမ့်မယ်။ ဒီတော့ ဒီဘာသာဝင်တွေရဲ့ လူဦးရေတိုးနှုန်း မြင့်မားတယ်လို့ လွဲမှားစွာ ကောက်ချက်ချမိကြပါလိမ့်မယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင် ဦးရေတွေ လျော့ကျလာနေပြီဆိုတဲ့ စွပ်စွဲပြောဆိုနေတာကို ထောက်ပံ့ပေးသလိုဖြစ်သွားပါမယ်။ ယခင်က စာရင်းမှားနေတာကို သတိမူကြမှာ မဟုတ်ဘဲ ၄% နှုန်းကနေ ၁၀% ပတ်ဝန်းကျင်ခန့် တိုးလာပါလားလို့ ထင်ကြရင်ဖြင့် ဘာသာရေး ကိုအခြေခံတဲ့ တင်းမာမူတွေ ပိုမို ကြီးထွားလာနိုင်ပါတယ်။

    ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းဟာ အနှစ် ၃၀ ကျော် လှစ်ဟာနေတဲ့ လူဦးရေ စာရင်းဇယားတွေကို ဖွင့်ဟပေးမှာကတော့ သေချာပါတယ်။ အရေးကြီးတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေကလည်း ငွေရေးကြေးရေး အရရော၊ နည်းပညာအရပါ ဝိုင်းပြီးကူညီကြတယ်။ အသင်းအဖွဲ့တွေကလည်း ပညာပေးတွေလုပ်ကြ၊ စည်းရုံးမှုတွေလုပ်ကြနဲ့။ အစိုးရကလည်း အပွင့်လင်းဆုံးဖြစ်ရမယ်၊ အမှန်ကန်ဆုံးဖြစ်ရမယ်၊ လူတွေရဲ့ဆန္ဒ အရဖြစ်ရမယ်၊ နောက်ပိုင်းပြင်စရာရှိရင်ပြင်ပေးပါ့မယ်နဲ့ ခိုင်ခိုင်မာမာ ကြွေးကျော်နေတာတွေလည်း အားရစရာဘဲ။ ဒါပေမယ့်နောက်ပိုင်းမှာ ပြင်စရာရှိတာပြင်မှာက တစ်ကဏ္ဍ၊ အမှားမှား အယွင်းယွင်းတွေနဲ့တလွဲတချော်တွေဖြစ်ပြီး မလိုလားအပ်တဲ့ အခက်အခဲ အရှုပ်အထွေးတွေနဲ့ မကြုံတွေ့ရအောင် လောလောဆယ် ပြင်ဆင်ဖို့ တိုက်တွန်းနေတာတွေ၊ တောင်းဆိုနေတာတွေ၊ ဝေဖန်နေတာတွေကို လစ်လျူရှု့နေ တာကတော့ စဉ်းစားစရာပါပဲ။

  • မီးလောင်ရာ လေပင့်၊ မှောင်နေရာ နေပွင့်

    ဇွန်-၂၇၊၂၀၁၃

    ဆောင်းပါးရှင်-O’Laie Manzu

    MG_5341
    (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)

    “ကြောက်မက်ဖွယ်ရာ ဗုဒ္ဓဘာသာဝင် မျက်နှာ” ဟုမျက်နှာဖုံးခေါင်းစဉ်တပ်ထားသော ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းအား မြန်မာနိုင်ငံတော် အစိုးရ အပါအဝင် မြန်မာပြည်သူများ ပြင်းထန်စွာ ကန့်ကွက်မှုများ၊ ဝေဖန်မှုများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့သည်။ တိုင်းမ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော အကြောင်းအရာမှာ မှားယွင်းစွာလုပ်ကြံ ဖော်ပြထားခြင်းကြောင့်မဟုတ်။ ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာအား ထိးပါးစေသော အကြောင်းအရာများပါရှိသည်ဟု ထင်မြင်သုံးသပ်ကြသောကြောင့်ဖြစ်သည်။

    တိုင်းမ်မဂ္ဂဇင်းမှာ စစ်မှန်သည့် ဗုဒ္ဓတရားတော်များမှ သွေဖည်ကာ ဘာသာရေးအကြမ်းဖက်မှုများအား မီးလောင်ရာလေပင့်လုပ်နေသော ဝီရသူအကြမ်းဖက်ဝါဒကို ကမ္ဘာသိအောင် အလင်းဆောင်သည် မီးမှောင်းထိုးပြခြင်းဖြစ်သည်ဟု ရှု့မြင်သုံးသပ်ကြသူများရှိသည်။ ဦးဝီရသူ၏ အမာခံ နောက်လိုက်များ၏အမြင်မှာ တစ်မျိုးဖြစ်နေပြန်သည်။ ကမ္ဘာအရပ်ရပ်မှ မီးမောင်းထိုးပြနေသော်လည်း အမြင်မရှင်းဖြစ်နေသေးသည်။ လက်တစ်ဆုပ်စာ မွတ်စလင်မ်များအား နှိမ်နှင်းချေမှုန်းခြင်းမပြုလျှင် ဗုဒ္ဓဘာသာဝင် ရှစ်ဆယ်ရာခိုင်နှုန်းကျော်ရှိသော မြန်မာနိုင်ငံမှာ မွတ်စလင်မ်နိုင်ငံဖြစ်သွားနိုင်ကြောင်း ဦးဝီရသူမှ မီးမောင်းထိုးပြနေသည်ဟု ၎င်းတို့လက်ခံထားကြသည်။ အမြော်အမြင်ကြီးသူတစ်ဦးအဖြစ် ကိုးကွယ်နေကြသည်။ ထို့အပြင် တိုင်းမ်း မဂ္ဂဇင်းအား မြန်မာပြည်သူများအကြား ငြိမ်းချမ်းရေးတည်ဆောက်နေသည်ကို ဖျက်ဆီးသည့်အသွင်ဆောင်သော အကြမ်းဖက်မှုများအား မီးလောင်ရာလေပင့်ကြောင်း ရှု့မြင်ကြသည်။

    အဓိက မကျေနပ်မှုမှာ “ကြောက်မက်ဖွယ်ရာကောင်းသော” (Terror) ဟု အဓိပ္ပါယ်ရသည့် ဝေါဟာရနှင့် “ဗုဒ္ဓဘာသာဝင်” (Buddhist) ဟု အဓိပ္ပါယ်ရသော စကားလုံးတို့ပေါင်းစည်းကာ ဘုန်းကြီးတစ်ပါး၏ရုပ်ပုံနှင့်တကွ ထည့်သွင်းဖော်ပြလိုက် ခြင်းကြောင့်ပင်ဖြစ်သည်။ မျက်နှာဖုံးခေါင်းစဉ်တွင် သင်္ဃန်းခြုံထားသည့် ဗုဒ္ဓဘာသာဝင် ဦးဝီရသူအား ရည်ညွန်းထားခြင်းဖြစ်ပြီး “ဗုဒ္ဓဘာသာ” ဟု အဓိပ္ပါယ်ရသော Buddhism အား ရည်ရွယ်ခြင်းမဟုတ်ကြောင်း ဝါဒ နှင့် ဝါဒီ ကွဲကွဲ ပြားပြား သိနားလည်သူတိုင်း သိပေလိမ့်မည်။ လူမိုက်နှင့် သင်္ဃန်း၊ ဓမ္မနှင့် မိစ္ဆာ မအပ်စပ်သကဲ့သို့ ဗုဒ္ဓဘာသာအပါအဝင် မည်သည့်ဘာသာတရားကမျှ ကြောက်မက်ဖွယ်ရာများနှင့် ဒွန်တွဲမနေပေ။

    မျက်နှာဖုံးခေါင်းစဉ်အား မိမိကိုယ်မိမိ ဗမာဘင်လာဒင်ဟု ဂုဏ်တော်ခံယူထားသည့် ဦးဝီရသူ တစ်ဦးတည်ကိုသာရည်ညွန်းထားသော်လည်း အတွင်းပိုင်းပါ “ဗုဒ္ဓဘာသာဝင်ဆိုးသွမ်းသောအခါ” သတင်းဆောင်းပါးတွင်မူ သိရီလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံရှိ အချို့သော ဗုဒ္ဓဘာသာဝင်များမှာ အမျိုးဘာသာအား ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်ဟု အကြောင်းပြကာ စစ်မှန်သော ဗုဒ္ဓမြတ်စွာဘုရား၏ လမ်းစဉ်မှ သွေဖည်လာကြကြောင်းရေးသားထားပါသည်။ ဗုဒ္ဓဘာသာဝင် အစွန်းရောက်များသည် ဘာသာမတူသူများအား ဖိနှိပ်မှုများပြုလုပ်ကြောင်း၊ အကြမ်းဖက်သည့် နည်းလမ်းများ သုံးစွဲလာကြောင်း အထောက်အထားများနှင့်တကွ မီးမောင်းထိုးပြထားပါသည်။ ဗုဒ္ဓဘာသာသည်လည်း ဟိန္ဒူအမျိုးသားရေးဝါဒီများ၊ မွတ်စလင်မ်စစ်သွေးကြွများ၊ ရှေးရိုးစွဲ ခရစ်ယာန်များနှင့် အစွန်းရောက် ဂျူးများကဲ့သို့ စစ်မှန်သည့်ဘာသာရေးသွန်သင်မှုမှ လမ်းချော်ထွက်လာပြီဖြစ်ကြောင်း ဖော်ပြထားသည့်အချက်မှာ ပြင်းထန်လှသည့် အရေးအသားပင်ဖြစ်သည်။ လူတစ်စုကြောင့် ဘာသာတရားတစ်ခုလုံး အမည်းစက်များစွန်းထင်းရသည့် အခြေအနေသို့ရောက်လာကြောင်း အချက်ပြ သတိပေးလိုက်ခြင်းဖြစ်သည်။

    ထိုဆောင်းပါးကြောင့် ဝီရသူအကြမ်ဖက်ဝါဒအား ဗုဒ္ဓဝါဒ ယောင်ယောင် ထင်မှားနေကြသော မြန်မာလူထုကြီးမှ နိုးထလာကြသည်။ မှန်သည်၊မှားသည်ဟု လူအများဝေဖန်သုံးသပ်လာကြသည်။ အပြစ်မြင်သူများရှိသကဲ့သို့ သံဝေဂရသူများလည်းရှိသည်။ တိုင်းမ် မဂ္ဂဇင်းအတွက် ၎င်းတို့၏ ရေးသားဖော်ပြချက်အား စာဖက်သူများ လက်ခံခြင်း လက်မခံခြင်းမှာ အဓိကမကျ။ အမှန်အတိုင်းဖော်ပြနိုင်ခြင်းသာ အဓိကကျသည်ဟု ခံယူထားသည်။ ဖုံးကွယ်နေသည့် အမှန်တရားများအား ရဲရဲဝံ့ဝံ့ဖော်ပြမှုများကြောင့် ကမ္ဘာက အသိအမှတ်ပြုထားသော အဆင့်မြင့် မဂ္ဂဇင်းဖြစ်သည်။

    တိုင်းမ် မဂ္ဂဇင်း၏ အရေးအသားမှာ အသစ်အဆန်းမဟုတ်။ ကမ္ဘာတဝန်းရှိ သတင်းစာပေါင်းမြောက်များစွာမှာ အချို့သော ရခိုင်အမျိုးသားရေး အစွန်းရောက်များနှင့် ၉၆၉ ဝိုင်းတော်သားများအား ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများ၊ အစွန်းရောက်များ၊ မျက်ကမ်းမျိုးချစ်များ၊ လူမိုက်များ၊ ခေတ်နောက်ပြန်ဆွဲလိုသူများ၊ အာဏာရှင်လက်ကိုင်တုတ်များ ဟု နာမည်ဆိုးပေါင်းများစွာဖြင့်တင်စားပြောဆိုနေသည်မှာ တစ်နှစ်ကျော်ရှိလာပြီဖြစ်သည်။ မြန်မာပြည်သူအများစုမှ ဦးဝီရသူ နောက် ဝှေ့မျှောနေရာ ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာကျမှန်းမသိ ကျနေသည်ကို သတိမပြုမိကြ။ နှစ်ပေါင်း ၂၅၀၀ ကျော် တည်တံ့ခိုင်မြဲနေသော ဗုဒ္ဓဘာသာ၏ငြိမ်းချမ်းရေးတရားတော်အား တစ်နှစ်ကျော် ကာလအတွင်း အမှောင်ချမိမှန်း မသိ မှေးမှိန်အောင် လုပ်လိုက်မိကြသည်။ ထွန်းတောက်နေသည့် ဘာသာတရားအား လူမျိုးရေးမှိုင်းဖြင့် ဖုံးအုပ်မိလေပြီ။ သန်းခြောက်ဆယ်ကျော်သည့် လူမျိုး ကမ္ဘာ့မြေတွေပျောက်သွားမည့်အရေး တွေးပူကာ ၎င်းတို့ထက် အဆပေါင်းများစွာသေးငယ်သည့် လူတစ်စုအား သတ်ဖြတ်လိုသည်။ သုတ်သင်ရှင်းလင်းလိုသည်။ ခေါင်းမထောင်နိုင်လောက်အောင် နင်းဖိထားလိုသည်။ မွတ်စလင်မ်များအား အနိုင်ကျင့် ဖိနှိပ်နေသည်ကို ကမ္ဘာ့နိုင်ငံကြီးများမှ ဥပက္ခာပြုထားကြလိမ့်မည်ဟု ထင်မှတ်ထားကြဟန်တူသည်။

    ကြောက်မက်ဖွယ်ရာကောင်းသော ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သည့် ဦးဝီရသူ၏ ဟောပြောချက်များမှာ ဘာသာရေးစော်ကားမှုများပြုလုပ်နေသည်ကို သိသိလျက်နှင့် လစ်လျူရှုနေခဲ့ကြသည်။ ဦးဝီရသူ၏ ဟောပြောချက်များမှာ ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများနှင့် ကိုက်ညီမှုမရှိကြောင်း ဗုဒ္ဓဘာသာဝင်များ အသိဆုံးဖြစ်ပေလိမ့်မည်။ သို့သော် လူတကားပါးစပ်ဖျားတွေ ရေပန်းစားနေသော ဦးဝီရသူအား ဖူးတွေ့ချင်ကြသည်။ ဝတ္ထုဆန်ဆန် ဇာတ်လမ်းအသွင်ဆောင်သည့် တရားပွဲအား ဇာတ်သဘင်ပွဲသကဲ့သို့ အလုအယှက်သွားရောက်နားထောင်ကြသည်။ တရားအား မကြိုက်သော်လည်း တွေ့ဖူးချင်၍သွားရောက်အားပေးကြသူများ၊ သင်္ဃန်းအား ရိုသေ၍ ဦးချသူများမှာ ရင်ထဲမှ မပါသော်လည်း အပြင်ပိုင်းကကြည့်လျှင် အမုန်းတရားဟောသည့် ဘုန်းကြီးအား အကြိတ်အနယ် သောင်းသောင်းဖျဖျ ထောက်ခံအားပေးနေသည့် အသွင်ဆောင်သည်။

    ဘာသာရေးအကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာ သေကြေခဲ့ရသည်။ ထောင်ပေါင်းများစွာသော အိုးအိမ်များ ပျက်ဆီးခဲ့ရသည်။ သောင်းပေါင်းများစွာသော ဒုက္ခသည်များ အနာဂတ်မဲ့နေရသည်။ ဤကဲ့သို့သော မြန်မာ့သမိုင်းရာဇဝင်ရိုင်းရသည့် အချိန်ကာလအား ဖြတ်သန်းနေသောအချိန်တွင် ဘာသာအသီးသီးမှ ခေါင်းဆောင်များမှာ ဘာသာမတူသူများအချင်းချင်း အပြန်အလှန်နားလည်ကြစေရန် လက်တွဲကြိုးပမ်းလုပ်ဆောင်နေကြသော်လည်း ဦးဝီရသူမှာ လူမျိုးရေး၊ ဘာသာရေး စည်းခြားနေဆဲဖြစ်သည်။ သွေးများဆူပွက်လာအောင် ဒေါသမီးမြိုက်နေလေသည်။

    ဗုဒ္ဓဘာဘာသာစက်ကွင်းအတွင်းမှ လှုပ်ရှားနေသူအား ဗုဒ္ဓဘာသာနှင့် ဒွန်တွဲရေးသားသုံးသပ်သောအခါ ဗုဒ္ဓဘာသာဝင်များ မကျေနပ်ကြ။ ဦးဝီရသူအား ပြောသောကြောင့်မဟုတ်။ မကျေနပ်ကြသူအများစုမှာ ဗုဒ္ဓဘာသာဝင်ဟု ပြောခြင်းကြောင့်ပင်။ သို့သော် ဝီရသူ၏ လုပ်ရပ်အား ခုခံအကာအကွယ်ပေးသလို ဖြစ်နေပြန်သည်။ ဦးဝီရသူအား အထိမခံကြောင်း ပြသရာကျပေသည်။ ဦးဝီရသူသည် “ငြိမ်းချမ်းရေးခေါင်းဆောင်”၊ “ဗုဒ္ဓဘာသာ၏ မှန်ကန်သော ရှေ့ဆောင်လမ်းပြ”၊ “ဝိနည်းနှင့်အညီ ကျင့်ကြံနေသည့် သံဃာတော်” ဖြစ်သည်ဟု ကြွေးကြော်နေကြသည်မှာ အမုန်းတရားများဟောပြောနေသည်ကို စစ်မှန်သည့် ဗုဒ္ဓဘာသာ၏ တရားတော်များအဖြစ် လက်ကိုင်ဆွဲထားကြောင်း ကမ္ဘာသိအောင် ကြေညာလိုက်ခြင်းပင် ဖြစ်လေသည်။ ဦးဝီရသူသည် စစ်မှန်သည့် ဗုဒ္ဓဘာသာအား ကိုယ်စားမပြုကြောင်းတုန့်ပြန်မှုမှ ရေးရေးလေးသာထွက်ပေါ်လာသည်။

    ဤကိစ္စသည် တစ်ဦးတစ်ယောက်ကြောင့် ဘာသာရေးတစ်ခုလုံး ဂုဏ်သိက္ခာညိုးနွမ်းရခြင်းမဟုတ်။ ၎င်း၏ဟောပြောချက်များအား သိလျက်နှင့်ဖြစ်စေ၊ နားယောင်မိသောကြောင့်ဖြစ်စေ အားပေးအားမြှောက်သူများတွင်လည်း တာဝန်ရှိပေသည်။ သံဃာကျင့်ဝတ်နှင့် မကိုက်ညီသောလုပ်ရပ်အား ပြုလုပ်နေသူအား သင်္ဃန်းခြုံခွင့်ပေးထားသော ဗုဒ္ဓဘာသာဝင်များတွင်လည်း တာဝန်ရှိပေသည်။ လူ့အခွင့်အရေး အပြည့်အဝရရှိရေးဟု ကြွေးကျော် တိုက်ပွဲဝင်နေကြသော်လည်း မွတ်စလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေမှုများအား နှုတ်ဆိတ်နေသည့် နိုင်ငံရေးသမား အတိုက်အခံများတွင်လည်း တာဝန်မကင်းလှပေ။ အကြမ်းဖက်မှုများအား ပိုမိုကြီးထွားစေရန် လှုံ့ဆော်နေမှုများအား အရေးယူခြင်းမပြုသော ဦးသိန်းစိန်အစိုးရတွင်လည်းတာဝန်ရှိသည်။

    ဒု-ဝန်ကြီး ဦးရဲထွဋ်၏ ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူးတွင် ဦးဝီရသူ၏ ၉၆၉ အကြမ်းဖက်မှုလမ်းစဉ်အား အစိုးရအနေဖြင့် ထောက်ခံခြင်းမရှိသလို တားမြစ်ပိတ်ပင်ခြင်းလည်း မရှိကြောင်း ဝေ့လည်လည်ဖြင့် ဖြေကြားခဲ့သော်လည်း တိုင်းမ် မဂ္ဂဇင်းအား ကန့်ကွက်ခြင်း၊ ပိတ်ပင်ခြင်းသည် ဦးဝီရသူ ဘက်မှ ရပ်တည်သည့် သဘောဆောင်နေသည်။ ငြိမ်းချမ်းမှုအား ပျက်ပြားစေသည့်လုပ်ရပ်အား အရေးယူမည်ဖြစ်ကြောင်း သဘောထားရှိသော်လည်း အကြမ်းဖက်သမားများမှ လွတ်လပ်စွာ သွားလာလှုပ်ရှားနေချိန်တွင် ဓါးစာခံ မွတ်စလင်မ်များအား ဖမ်းဆီးထောင်ချခဲ့သည်။ အစိုးရသည်လည်း ကြေညာချက်များ၊ သဘောထား ထုတ်ပြန်မှုများနှင့် လက်တွေ့တွင် ကိုက်ညီမှုမရှိသောကြောင့် နေစဉ်နှင့် အမျှ မြန်မာပြည်သူများ ကြောက်လန့်နေကြရသည်။ ဒုက္ခသည်များ ငတ်မွတ်နေကြပြီ။ သာသနာကြီးများလည်း ညိုးမှိန်နေရချိန်တွင် ဦးဝီရသူမှာလည်း သင်္ဃန်းခြုံ၍ မွတ်စလင်မ်များအား ချေမှုန်းရန် တိုက်တွန်းနိုးဆော်နေဆဲပင်။ ယနေ့ထက်တိုင် ဘာသာရေးအရေခြုံ၍ စော်ကားနေကြဆဲ။ အမုန်းမီးသည်လည်း ကြွမ်းလောင်နေဆဲ ဖြစ်သည်။ ကမ္ဘာကလည်း လက်ညိုးပေါင်းများစွာ ဝိုင်းထိုးနေကြသည်။ လေပြင်းများတိုက်နေသလို နေမင်းလည်း လင်းလင်းတောက်နေသည်။ မည်သူ က “လေ”၊ မည်သူက “နေ” ဆိုသည်ကိုလည်း လွန်ဆွဲကာ လူသတ်ပွဲကြီး ပြန်စလေဦးမလားဟု စိုးရိမ်စရာ တိုးလာပြန်သည်။

    ဆောင်းပါးရှင် O’Laie Manzu မှ M-Media သို့ အီးမေးလ်ဖြင့် ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။

    * ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်သည်။