News @ M-Media

Tag: Oman

  • အိုမန်ဘုရင် ဆူလ်တန် ကဘူးစ် ကွယ်လွန်

    အိုမန်ဘုရင် ဆူလ်တန် ကဘူးစ် ကွယ်လွန်

    ဇန်နဝါရီ ၁၁၊ ၂၀၂၀
    M-Media

    ကွယ်လွန်သွားသည့် ဆူလ်တန် ကဘူးစ်

    -အိုမန်နိုင်ငံကို အုပ်စိုးသူ ဆူလ်တန် ကဘူးစ်ဟာ သောကြာနေ့ညနေပိုင်းက ကွယ်လွန်သွားခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးဟောင်း ဟေသမ် ဘင် တာရစ် အလ် စအစ်က အိုမန်ဘုရင်သစ်အဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။

    အသက် ၇၉ နှစ်အရွယ် ဆူလ်တန် ကဘူးစ်ဟာ နာတာရှည်ရောဂါကို ခံစားနေရတာဖြစ်ပြီး မကြာသေးခင်ကဘဲ ဂျာမနီနဲ့ ဘယ်လ်ဂျီယံတို့မှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

    ဆူလ်တန် ကဘူးစ်ကွယ်လွန်မှုအတွက် ၃ ရက်တာ ဝမ်းနည်းဖွယ်နေ့ကို အိုမန်နိုင်ငံက ကြေငြာခဲ့ပြီး နိုင်ငံတော်အလံကို ရက်ပေါင်း ၄၀ ကြာ တိုင်တစ်၀က် လွှင့်ထူမှာ ဖြစ်ပါတယ်။ ဈာပနအခမ်းအနားကို စနေနေ့ နေ့လည်ပိုင်းက မြို့တော် မူစကတ်မှာ ပြုလုပ်ခဲ့ပြီး ပြည်သူထောင်သောင်းချီ တက်ရောက်ခဲ့ပါတယ်။

    ယဉ်ကျေးမှုဝန်ကြီးဟောင်း ဟေသမ် ဘင် တာရစ် အလ် စအစ်ကို နိုင်ငံရဲ့ ဆူလ်တန်သစ်အဖြစ် အိုမန်အာဏာပိုင်တွေက ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ ဆူလ်တန်ကဘူးစ်ရဲ့ အိတ်ပိတ်စာအရ ဆက်ခံသူကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    ၁၉၇၀ ပြည့်နှစ်က သွေးမထွက်တဲ့ အာဏာသိမ်းမှုနဲ့ ဖခင်ကို ‌ဖြုတ်ချခဲ့တဲ့ ဆူလ်တန် ကဘူးစ်ဟာ အိုမန်နိုင်ငံကို ခေတ်နောက်ကျတဲ့နိုင်ငံတစ်ခုကနေ ခေတ်မီတဲ့နိုင်ငံတစ်ခု ဖြစ်လာအောင် ဦးဆောင်နိုင်သူလို့ မှတ်ယူခံထားရသူပါ။ ကဘူးစ်ဟာ လူဦးရေ ၄ သန်းကျော်သာရှိတဲ့ အိုမန်ကို ကြားနေနိုင်ငံတစ်ခုအဖြစ် ဖန်တီးကာ အရှေ့အလယ်ပိုင်းနဲ့ နိုင်ငံတကာက အချို့ကိစ္စတွေမှာ ကြားဝင် စေ့စပ်ပေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    ကဘူးစ်မှာ ညီအစ်ကိုမောင်နှမအရင်းနဲ့ သားသမီးတွေမရှိဘဲ အနီးဆုံးဆွေမျိုးက‌ ဝမ်းကွဲညီအစ်ကိုတွေဖြစ်ပြီး ဆူလ်တန်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ အလ် စအစ်ဟာ ကဘူးစ်ရဲ့ ညီဝမ်းကွဲဖြစ်ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းတွင် သံရုံးဖွင့်မည်ဟု အိုမန်ကြေငြာ

    ပါလက်စတိုင်းတွင် သံရုံးဖွင့်မည်ဟု အိုမန်ကြေငြာ

    ဇွန် ၂၇၊ ၂၀၁၉
    M-Media

    အိုမန်ဘုရင် ဆူလ်တန် ကာဘွတ်စ်

    -ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းမှာ သံရုံးဖွင့်လှစ်သွားမယ်လို့ ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ အိုမန်က မနေ့မှာ ကြေငြာလိုက်ပြီး၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကလည်း ပါလက်စတိုင်းတွေရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုတဲ့ ဒီအစီအစဉ်ကို ကြိုဆိုခဲ့ပါတယ်။

    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်လို့ ခေါင်းစဉ်တပ်ထားတဲ့ စီးပွားရေး စီမံကိန်းတစ်ခုကို အမေရိကန်က ထုတ်ပြချိန်နဲ့ တိုက်ဆိုင်စွာပဲ အိုမန်က ဒီလို ကြေငြာလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စီမံကိန်းကို ပါလက်စတိုင်းအပါအ၀င် အရှေ့အလယ်ပိုင်း နိုင်ငံတော်တော်များများက ကန့်ကွက်ခဲ့ပြီး နိုင်ငံရေးအဖြေရှာမှု မရှိဘဲနဲ့ ဒီအစီအစဉ် အောင်မြင်မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

    ဘုရင့်နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ အိုမန်ဟာ အရင်က ဂါဇာကမ်းမြှောင်မှာ သံရုံး ဖွင့်ထားပေမယ့်
    ၂၀၀၆ ခုနှစ် အစ္စရေးက ဂါဇာကို ဗုံးကြဲတိုက်ခိုက်မှုနောက်ပိုင်း ပိတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် အိုမန်ဟာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားနိုင်ပါတယ်။

    အိုမန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ရာမာလာမှာ သံရုံးဖွင့်ရေးကိစ္စအတွက် ကိုယ်စားလှယ် အဖွဲ့တစ်ခုကို မကြာခင် စေလွှတ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    “ပါလက်စတိုင်းပြည်သူတွေကို ညီရင်းအစ်ကိုလို ပံ့ပိုးကူညီမယ်ဆိုတဲ့ နိုင်ငံရဲ့ ခံယူချက်နဲ့အညီ သံရုံးအဆင့်နဲ့ သံတမန်ဆက်ဆံမှုအသစ် စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သံရုံးတစ်ခုဖွင့်လှစ်နိုင်ရေး လုပ်ဆောင်စရာရှိတာတွေကို ဆောင်ရွက်ဖို့အတွက် ၀န်ကြီးဌာနက ကိုယ်စားလှယ်အဖွဲ့တစ်ခု ရာမာလာကို သွားမှာပါ”

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO က အကြီးတန်းအရာရှိ ဟာနန် အက်ရှ်ရာဝီက အိုမန်နိုင်ငံရဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။

    “အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု သရုပ်မှန်ကို အိုမန်အစိုးရ သိရှိစေဖို့အတွက် ဒီသံရုံးက အထောက်အကူ ဖြစ်စေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

    အိုမန်ဟာ အရှေ့အလယ်ပိုင်းမှာ အရင်ကတည်းက ကြားနေနိုင်ငံတစ်ခုအဖြစ် ရှိနေခဲ့ပြီး ပြဿနာတော်တော်များများကိုလည်း ၀င်ရောက်ဖြေရှင်းပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အမေရိကန်-အီရန် လျှို့ဝှက်ဆွေးနွေးပွဲတစ်ခုကို အိုမန်က စီစဉ်ပေးခဲ့ပြီး အဲဒီကနေတစ်ဆင့် သမိုင်းဝင် ၂၀၁၅ နျူသဘောတူညီချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ပြီးခဲ့တဲ့နှစ်က အိုမန်နိုင်ငံ မူစကတ်မြို့ကို ရုတ်တရက် သွားရောက်ကာ အိုမန်ဘုရင် ဆူလ်တန် ကာဘွတ်စ်နဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

    Ref: Reuters

  • အစ္စရေးဖက်က စိုးရိမ်မှုမရှိအောင် အာရပ်များက လုပ်ပေးရမည်ဟု အိုမန်ပြော

    အစ္စရေးဖက်က စိုးရိမ်မှုမရှိအောင် အာရပ်များက လုပ်ပေးရမည်ဟု အိုမန်ပြော

    ဧပြီ ၇၊ ၂၀၁၉
    M-Media

    ပြီးခဲ့သည့်နှစ်က အစ္စရေးဝန်ကြီးချုပ်နှင့် အိုမန်ဘုရင်တို့ တွေ့ဆုံမှု

    – အစ္စရေးဟာ သူ့ရဲ့အနာဂတ်အတွက် ကြောက်ရွံ့မှုမရှိအောင် အာရပ်နိုင်ငံတွေက လုပ်ပေးဖို့ လိုအပ်တယ်လို့ အိုမန် နိုင်ငံခြားရေးဆိုင်ရာ တာဝန်ရှိသူ ယူစွဖ် ဘင် အေလာဝီ ဘင် အဘ်ဒူလာက ပြောကြားလိုက်ပြီး ဂျော်ဒန်ကတော့ ဒီပြောကြားချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

    “အနောက်နိုင်ငံတွေက အစ္စရေးကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးတွေမှာ ကျောထောက်နောက်ခံ ပြုပေးထားတဲ့အတွက် အစ္စရေးဟာ အာဏာပါဝါအားလုံးကို ကိုင်ထားနိုင်တယ်။ ဒါပေမယ့် ပတ်ပတ်လည် သန်း ၄၀၀ သော အာရပ်တွေကြားထဲမှာ နေရတာကြောင့် အနာဂတ်အတွက် ကြောက်ရွံ့မှုတွေ ရှိနေပါတယ်” လို့ စနေနေ့ ဂျော်ဒန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ‘ကမ္ဘာ့စီးပွားရေးဖိုရမ်’ က ပထ၀ီနိုင်ငံရေး ဆွေးနွေးပွဲမှာ အေလာဝီက ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲ့ ဒီကြောက်ရွံ့မှုတွေ လျော့ပါးအောင် အာရပ်နိုင်ငံတွေက လုပ်ဆောင်ဖို့လိုအပ်ပြီး၊ အစ္စရေးနဲ့ သဘောတူညီမှုရအောင်လည်း လုပ်ဆောင်ရလိမ့်မယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆွေးနွေးပွဲကို ဦးဆောင်သူက ဆယ်စုနှစ်ပေါင်းများစွာ ကြာနေတဲ့ အစ္စရေး- ပါလက်စတိုင်း ပြဿနာ ပြေလည်ဖို့ဆိုရင် အစ္စရေးနိုင်ငံကို တည်ရှိခွင့်ကို အသိအမှတ်ပြုပေးရမှာလားလို့ မေးမြန်းရာမှာတော့ အေလာဝီက အဲဒီလို အသိအမှတ်ပြုပေးစရာ မလိုကြောင်း၊ အနာဂတ်မှာ အာရပ်နိုင်ငံတွေဖက်က ခြိမ်းခြောက်မှု မရှိဘူးလို့ အစ္စရေးက ယုံကြည်လာအောင် လုပ်ဆောင်ပေးရေးဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

    ကျူးကျော်မှုက ပြဿနာ

    အစ္စရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ထားတဲ့ တစ်ခုတည်းသော အာရပ်နိုင်ငံ ဂျော်ဒန်က နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီက အေလာဝီရဲ့ ပြောကြားမှုကို ပယ်ချခဲ့ပြီး အစ္စရေး-ပါလက်စတိုင်း ကိစ္စမှာ အာရပ်တွေရဲ့မြေကို မတရားကျူကျော်ထားတာက အဓိကပြဿနာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    “အာရပ်ကမ္ဘာက အစ္စရေးရဲ့ တည်ရှိမှုကို အသိအမှတ်ပြုပြီးသားဗျ။ ပါလက်စတိုင်းတွေကိုယ်တိုင်တောင် အစ္စရေးကို အသိမှတ်ပြုထားပြီးသား။ ဒါက ပြဿနာမဟုတ်ဘူး။ တကယ့်ပြဿနာက နယ်မြေ ကျူးကျော်သိမ်းပိုက်မှုပါ။ ဒီကျူးကျော်မှု အဆုံးသတ်မလား၊ မသတ်ဘူးလားဆိုတာကို ရှင်းရမှာပါ”

    ၁၉၆၇ ခုနှစ်စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေကနေ အစ္စရေးက ထွက်ခွာပေးပြီး ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုကို ခွင့်ပြုမှ ဒီပြဿနာ ပြေလည်မယ်လို့ ဆာဖာဒီက ဆိုပါတယ်။

    “အစ္စရေးက သူတို့ စိတ်သက်တောင့်သက်သာမဖြစ်ဘူးလို့ ပြောလာရင် ဒါဟာ ကျွန်တော်တို့ကိစ္စမဟုတ်ဘူး။ အစ္စရေးဖက်က မဟုတ်တာလုပ်နေတာက ပြဿနာပါ။ (ဂါဇာမှာ) ပါလက်စတိုင်းတွေကို နေလို့မရအောင် လုပ်နေတာကလည်း ပိုမိုမှားယွင်းတဲ့ လုပ်ရပ်ပါ”

    ပြီးခဲ့တဲ့လတွေအတွင်း အစ္စရေးဟာ ပင်လယ်ကွေ့နိုင်ငံတွေကို စည်းရုံးခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဖေဖော်ဝါရီလက ပိုလန်နိုင်ငံ ၀ါဆောမှာပြုလုပ်တဲ့ နိုင်ငံတကာ အခမ်းအနားတစ်ခုမှာ အေလာဝီနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီအခမ်းအနားကို ဆော်ဒီ၊ ဘာရိန်းနဲ့ ယူအေအီးတို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း နေတန်ယာဟုဟာ အိုမန်နိုင်ငံကို ရုတ်တရက်သွားရောက်ကာ မြို့တော် မူစကတ်မှာ ဘုရင် ဆူလ်တန် ကာဘွတ်စ်နဲ့ တွေ့ ဆုံခဲ့ပါတယ်။

    Ref: Aljazeera

  • ပင်လယ်ပြင်မှာ ထီပေါက်ခဲ့တဲ့ အိုမန်တံငါသည်

    ပင်လယ်ပြင်မှာ ထီပေါက်ခဲ့တဲ့ အိုမန်တံငါသည်

    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media

    whale

    – အိုမန်နိုင်ငံက တံငါသည်တစ်ယာက်ဟာ ငါးဖမ်းရင်းနဲ့ ဒေါ်လာ ၂.၅ သန်းလောက်တန်တဲ့ ရှားပါး ငါးကြီးအန်ဖတ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

    ငါးဖမ်းလုပ်ငန်းမှာ နှစ်ပေါင်း ၂၀ ကျော်လောက် ကျင်လည်လာခဲ့တဲ့ အသက် ၃၀ ကျော်အရွယ် ခါလစ် အလ် ဆီနာနီဆိုသူဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်နေ့က မိတ်ဆွေ ၂ ဦးနဲ့အတူ ကွေရာယဟ်ပြည်နယ်မှာ ငါးဖမ်းထွက်စဉ်အတွင်း အလွန်ညှီတဲ့ ဝေလငါး အန်ဖတ်ကြီးတစ်ခု မျောနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    “ဒီအန်ဖတ်ကြီးကို ကျွန်တော်တို့ ကြိုးနဲ့ဆွဲယူခဲ့ပြီး လှေထဲကို ထည့်ခဲ့ပါတယ်။ အမ်ဘာဂရစ် (ဝေလငါးအန်ဖတ်) တော်တော် အနံ့ဆိုးတယ်ဆိုတာကို ကျွန်တော် အရင်က ကြားဖူးပါတယ်။ ဒါပေမယ့် ၂ ရက်လောက်နေတော့ အမွှေးနံ့တစ်ခု ထွက်လာပါတယ်” လို့ ခါလစ်က ပြောကြားခဲ့ပါတယ်။

    ဒီငါးကြီးအန်ဖတ်ကို သေတ္တာထဲ သိမ်းဆည်းခဲ့ပြီးတဲ့နောက်မှာတော့ ခါလစ်က တစ်ချို့ ကျွမ်းကျင်သူတွေကို ခေါ်ပြီး ပြသခဲ့ပါတယ်။

    “အမ်ဘာဂရစ်ဆိုတာ သေချာ သိပြီးခဲ့တဲ့နောက်မှာတော့ ကျွန်တော်တို့ဟာ ဖြတ်တောက်ပြီး အခြောက်လှမ်းကာ ရောင်းချဖို့ လုပ်ခဲ့ပါတယ်”

    ‘အမ်ဘာဂရစ်’ လို့ခေါ်တဲ့ အဲဒီဝေလငါးအန်ဖတ်ဟာ အင်မတန် အဖိုးတန်တဲ့ အန်ဖတ်မျိုးဖြစ်ပြီး ဧရာမ ဝေလငါးကြီးတွေရဲ့ အူတွင်းမှာ ထွက်တဲ့ အရည်ကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီလို ငါးကြီးအန်ဖတ်တွေကို အပူပိုင်းဒေသက ပင်လယ်ပြင်တွေမှာ မျောနေတာမျိုး တွေ့ရတတ်ပြီး ရေမွှေးထုတ်လုပ်ရာမှ အသုံးပြုကြတာပါ။

    ခါလစ်ဟာ ၈၀ ကီလိုဂရမ်ရှိတဲ့ အမ်ဘာဂရစ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    “ဘယ်လောက်နဲ့ ရောင်းလို့ရမလဲဆိုတာကို ကျွန်တော် ကြည့်မယ်။ နောက်ပိုင်းမှာ ကျွန်တော့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပြောင်းဖို့ ဆုံးဖြတ်ထားပြီး ပိုကောင်းတဲ့ ဘ၀မှာ နေထိုင်နိုင်ဖို့ အိမ်ခြေမြေလုပ်ငန်းထဲကို ၀င်မှာပါ” လို့ ခါလစ်က ဖွင့်ဟခဲ့ပါတယ်။

    ဒီတံငါသည် ၃ ယောက်ဟာ ဒီအန်ဖတ်အတွက် ဈေးကောင်းရမယ်ဆိုရင် အိုမန်ရီယဲလ် ၁ သန်း (ကန်ဒေါ်လာ ၂.၅ သန်း) ကျော်လောက် ရဖို့ရှိနေပါတယ်။

    အိုမန်နိုင်ငံဟာ ဒီလို ငါးကြီးအန်ဖတ်တွေ တွေ့ရတတ်တဲ့ နိုင်ငံမျိုးဖြစ်ပြီး အထူးသဖြင့် ရှာကွီယဟ်၊ ၀ူစ်တာနဲ့ ဒိုဖာရ် ပြည်နယ်တွေမှာ ဖြစ်ပါတယ်။

    အမ်ဘာဂရစ်တွေက ကနဦးပိုင်းမှာ တော်တော်လေး ညှီပေမယ့် နောက်ပိုင်းမှာ ချိုမွှေးလာတတ်တဲ့ အန်ဖတ်မျိုး ဖြစ်ပါတယ်။

    Ref: hindustantimes