News @ M-Media

Tag: Pagu

  • ဇီးကုန်းမြို့တွင် ယနေ့ညနှင့် မနက်ဖြန်တွင် တစ်ကျော့ပြန် ဖျက်ဆီးမည်ဟု ပြောဆိုမှုများကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေ

    ဧပြီ ၂၇၊ ၂၀၁၃
    M-Media
    ကေကေ

    IMG_20130326_190216
    ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဇီးကုန်းမြို့ ဗလီဝတ်ကျောင်းတော်တခုက အကြမ်းဖက်သမားများဖျက်ဆီးမှုကြောင့် အပျက်အဆီးများဖြင့် တွေရသည့်ပုံ

    ဇီးကုန်း ။         ။     ပဲခူးတိုင်း ဇီးကုန်းမြို့တွင် ယနေ့ညနှင့် မနက်ဖြန်ညတွင် တစ်ကျောပြန်၍ ထပ်မံဖျက်ဆီးမည်ဟု ပြောဆိုနေမှုများကြောင့် မွတ်စလင်မ်များ အချို့မှာ ယာယီ နေရာပြောင်းရွှေ့မှုများ ပြုလုပ်နေပြီး စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

    အဆိုပါအကြောင်းကိစ္စအား ဆက်သွယ်စုံစမ်းရာ “ဒီနေ့ နေ့ခင်းပိုင်းကတည်းက အဲလို ဒီနေ့ညနဲ့ မနက်ဖြန်ည ဇီးကုန်းကို တကျော့ပြန်ထပ်ပြီးဖျက်ဆီးမယ်လို့ သတင်း ထွက်ပေါ်လာခဲ့တာ။ ညနေပိုင်း ၄-နာရီခွဲလောက်မှာ ဒီမှာရှိတဲ့ မွတ်စလင်မ်တွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ တချို့မွတ်စလင်မ်တွေက နေရာပြောင်းတာတွေ လုပ်ကုန်တယ်။ နေအိမ်တွေ ပြောင်းတယ်။ ကျွန်တော်တို့ကတော့ မပြောင်းဘူး ဒီမှာပဲနေနေတယ်။ အရင်တစ်ခါတုန်းကလည်း မြို့ခံတွေပါတယ်။ မြို့ခံတွေ ၀ိုင်းဖျက်လို့ ကျွန်တော့်အိမ်လည်း ပျက်စီးသွားတယ်။ အခုက အဲဒီ မြို့ခံတွေမဟုတ်ပဲ ကျန်တဲ့မြို့ခံတွေက လိုက်လံ စောင့်ရှောက်တယ်။ လုံးဝ အဖြစ်မခံဘူးဆိုပြီး။ ဒီအချိန်က ခါတိုင်းဆို ဒီလိုအေးစက်နေတာမဟုတ်ဘူး။ အခုက တအားအေးစက်နေတယ်။ ကျွန်တော်လည်း မအိပ်သေးဘူး။ ထိုင်နေတာ။ အခုတော့ အိမ်နားတ၀ိုက်မှာ စစ်ကားတွေ ချထားတယ်။  လမ်းထိပ် မြို့အ၀င် တံတားထိပ်တွေမှာကျ ရဲတွေချထားတယ်။ အရင်တစ်ခါဖြစ်တုန်းကလည်း စစ်တပ်နဲ့ ရဲ လုံခြုံရေး ချထားတာပါပဲ။ ဒါပေမယ့် အဲဒီတုန်းက သူတို့က ဘာမှမလုပ်ဘူး။ အခုလက်ရှိအချိန်မှာ မြို့နယ် တည်ငြိမ်အေးချမ်း သာယာရေးကော်မတီဖွဲ့ထားတာရှိတယ်။ အဲဒီကော်မတီကလည်း ထပ်ပြီး အကြမ်းဖက်မှုတွေ ထပ်မဖြစ်လာအောင်တော့ ထိန်းနေပါတယ်။ ဒါပေမယ့် ဒီနေ့ညနဲ့ မနက်ဖြန်ညမှာ ထပ်ပြီး ဖျက်ဆီးမယ်ဆိုတော့ မွတ်စလင်မ် အားလုံး စိုးရိမ်ထိတ်လန့်နေပါတယ်။ အခုလည်း ကျွန်တော်က အိမ်မှာ မီးတွေအားလုံး အမှောင်ချပြီး အမှောင်ထဲမှာ နေနေရပါတယ်။ အကြမ်းဖက်မှုတွေ ထပ်မဖြစ်ပွားအောင် ၀ိုင်းဝန်းထိန်းသိမ်းပေးကြပါ။ ကျွန်တော်တို့တွေ စိုးရိမ်နေရပါတယ်”လို့ M-Media ကို ည ၁၁ နာရီ ခွဲလောက်က ပြောပြလာပါတယ်။