News @ M-Media

Tag: Pegu

  • ပဲခူးမြို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး နှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အလှူတော်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့

    ဧပြီ- ၁၁- ၂၀၁၃

    ပဲခူးတိုင်းဒေသကြိး ဘာသာပေါင်းစုံ ချစ်ကြည်ရေး နှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အလှူတော်ပေးအပ်ပွဲ အခမ်းအနား ဧပြီလ(၁၁)ရက်နေ့တွင် ပဲခူးမြို့ ရွှေမောဓေါ ဘုရားဝင်းရှိ ဗုဒ္ဓအသံ သာသနာ့ နိဗ္ဗာန် ခန်းမတွင် နံနက် ၉ နာရီမှ ၁၁ နာရီထိကျင်းပခဲ့ပါသည်။

    အခမ်းအနားကို ပဲခူးတိုင်း သံဃာ့နာယက ဆရာတော်များ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင်.အစ္စလာမ်ဘာသာများမှ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရအဖွဲ.မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ လူမှု.ရေးအသင်း အဖွဲ.များ၊မြို.မိမြို.ဖများ၊ တက်ရောက်ခဲ.ကြပါသည်။

    အခမ်းအနားတွင် သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များမှ ငြိမ်းချမ်းရေးစကားများ ပြောကြားခဲ.ပြီးလူမှု.ရေးအဖွဲ. အသီးသီးထံသို့ အလှူငွေစုစုပေါင်း သိန်း(၄၀)နီးပါးခန်. လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။

    IMG_20130411_075722 IMG_20130411_081248 IMG_20130411_081317 IMG_20130411_081341 IMG_20130411_111111 IMG_20130411_111208

    ကိုးကား-http://legendarymanmm.blogspot.com/

  • မင်းလှမြို့နယ်တွင် တတိယအကြိမ် အကြမ်းဖက်မှု ဖြစ်သွားချင်လားဟု ခြိမ်းခြောက်ခံရ

    ဧပြီ ၂၂၊ ၂၀၁၃
    M-Media
    သုတ

    မတ်လအတွင်း အကြမ်းဖက်ဖျက်ဆီးခံရသည့် မင်းလှမြို့မှ မွတ်စလင်များ၏ နေအိမ်နှင့် ဆိုင်များ
    မတ်လအတွင်း အကြမ်းဖက်ဖျက်ဆီးခံရသည့် မင်းလှမြို့မှ မွတ်စလင်များ၏ နေအိမ်နှင့် ဆိုင်များ

    မင်းလှ ။      ။    မတ်လအတွင်းက မိတ္ထီလာမြို့ အကြမ်းဖက်သတ်ဖြတ်မှုများအပြီးတွင် ဆက်တိုက်ဆိုသလို အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသော ပဲခူးတိုင်းအနောက်ခြမ်း မြို့များမှ တစ်မြို့အပါအ၀င်ဖြစ်သည့် မင်းလှမြို့နယ်တွင် တတိယအကြိမ် အကြမ်းဖက်မှုဖြစ်စေရန် ယနေ့ ညနေပိုင်းက ခြိမ်းခြောက်ခံရမှုကြောင့် မြို့ခံ မွတ်စလင်မ်တချို့ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း သတင်းရရှိသည်။

    ဖြစ်စဉ်အား ဆက်သွယ်စုံစမ်းရာ အကြမ်းဖက် ဖျက်ဆီးခံရသော မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်အား ပြန်လည်ပြင်ဆင်ရာ ယင်းဆိုင်ရှေ့တွင် ဖွင့်လှစ်ထားသော ဗုဒ္ဓဘာသာ ကွမ်းယာဆိုင်မှ တတိယအကြိမ် အကြမ်းဖက်မှုဖြစ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

    “အဲ့ဒီလ္ဘက်ရည်ဆိုင်ရှေ့မှာရှိတဲ့ ကွမ်းယာဆိုင်ပါ။ အဲ့ဒီ ကွမ်းယာဆိုင်ကလည်း လ္ဘက်ရည်ဆိုင်ရဲ့ ရှေ့မှာ ဖွင့်ထားတာပါ။ ဗုဒ္ဓဘာသာပိုင်တဲ့ ကွမ်းယာဆိုင်ပါ။ လ္ဘက်ရည်ဆိုင်က ဖွင့်ဖို့ ခွင့်ပြုခဲ့တာ တော်တော်ကြာပါပြီ။ အခုဖြစ်တာက ဟိုတလောက အကြမ်းဖက် ဖျက်ဆီးခံလိုက်ရတာကြောင့် လ္ဘက်ရည်ဆိုင်ကို ပြန်ပြင်ပါတယ်။ ပြန်ပြင်တော့ အရှေ့မှာ sun shade ထည့်တယ်။ အဲဒါ ဒေါက်တိုင်ထောင်ဖို့ မြေတူးရတယ်။ ၄-လက်မလောက် မလွတ်ဘူးဖြစ်နေတယ်။ ကွမ်းယာဆိုင်ရဲ့နောက်မှာထားတဲ့ ပုံးတစ်ခုနဲ့ မလွတ်လို့ ခဏဖယ်ပေးဖို့ပြောတာ။ မြေနေရာက စည်ပင်ပိုင်မြေပါ။ လ္ဘက်ရည်ဆိုင်ပိုင်ရှင်က ခွင့်ပြုထားခဲ့တာပါ။ လ္ဘက်ရည်ဆိုင်ရဲ့ မျက်နှာစာမှာပါ။

    မဖယ်ပေးဘူး။ အဲဒါနဲ့ ရပ်ကွက်လူကြီးခေါ်ပြီးပြောတော့ သူတို့ဘက်က လုံးဝ မဖယ်နိုင်ဘူးတဲ့။ အဲဒါဆိုလည်းရတယ်ဆိုပြီး အဲဒီနောက်နားမှာ ကပ်ပြီးတူးလိုက်တယ်။

    နောက်ဆုံးတော့ ရပ်ကွက်လူကြီးက ဒီနေ့ညတော့ နေလိုက်ပါလို့ပြောတယ်။ ဆိုင်ပြင်ဖို့စပြောတာက ဒီနေ့ နေ့လည်ပိုင်းကပါ။ ခုနကလို ခြိမ်းခြောက်တာက ညနေ ၆-နာရီခွဲလောက်ကပါ။ နေ့လည်ပိုင်းကတော့ ရပ်ကွက်လူကြီးနဲ့ခေါ်ပြီး ၄-လက်မလောက် ဆုတ်ပေးဖို့ပြောတာ။ သူတို့ဆိုင်ရွေှ့စရာမလိုပါဘူး။ ဆိုင်နောက်မှာထားတဲ့ သေတ္တာပုံးတစ်ခုကို ဘေးနည်းနည်းတိုးလိုက်ရင်ရပြီ။ အဲဒါကို တိုးမပေးဘူး။ ညနေ ၆-နာရီခွဲလောက်မှာ ကွမ်းယာဆိုင် ပိုင်ရှင်ရဲ့ မိန်းမနဲ့ သမီး ၂-ယောက် ရောက်လာပြီး ‘နင်တို့ အခုချက်ချင်း ဖျက်မှာလား မဖျက်ဘူးလား။ ငါက ပြဿနာရှာမှာ။ ဒါက မြန်မာနိုင်ငံ၊ နင်တို့နေဖို့နေရာမဟုတ်ဘူး။ အခု ထပ်ပြီး တတိယအကြိမ် အကြမ်းဖက် ခံရချင်လား’ဆိုပြီး ပြောတယ်။ ကွမ်းယာဆိုင်ပိုင်ရှင်က ဦးအောင်စန်းမြင့်။ ဆိုင်နာမည်က အောင် လို့ ပေးထားတယ်။ ဒါပေမယ့် အများစုက ဆိုင်နာမည်ကို မသိကြဘူး။ ဦးအောင်စန်းမြင့်ဆိုရင် တော်တော်များများသိတယ်။

    ဟုတ်ကဲ့ ကျွန်တော်တို့ စတူးတဲ့အချိန်က ဆိုင်ဖွင့်ထားတယ်။ နောက် နာရီဝက်လောက်ကြာတော့ ဆိုင်ပိတ်သွားတယ်။ ညနေကျ ပြန်လာပြီး ဦးအောင်စန်းမြင့်ဘေးမှာနဲ့ သူ့သမီး ၂-ယောက်က ပြဿနာရှာတယ်။ အဲ့ဒီ ကောင်မလေးရဲ့ အမျိုးသားက အဲ့ကောင်မလေးကို တုတ်ယူပေးတယ်။ ကျွန်တော်တို့ကတော့ ရပ်ကွက်လူကြီးနဲ့ ပြောလိုက်တာပဲ။ မနက်ဖြန်ကို ၀န်ကြီးချုပ် လာမယ်လို့လည်း ပြောနေတယ် သေချာတော့မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ခြိမ်းခြောက်သွားပြီး တတိယအကြိမ် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်”လို့ ယင်းအကြောင်းအရာအား မျက်မြင်တွေ့ရသူ မင်းလှမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။

  • ဇီးကုန်းမြို့နယ် ဖျက်ဆီးခံရမှု့ မှတ်တမ်းနှင့် ပျက်ဆီးဆုံးရှုံးမှု စာရင်းအချို့

    ဧပြီလ ၂၀၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ဇီးကုန်းသား တစ်ဦးရဲ့ ရင်တွင်းသံ

    P7150063

    ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း ဇီးကုန်းမြို့နယ်တွင် အကြမ်းဖက်ဖျက်ဆီးသူများ၏ ၂၇.၃.၂၀၁၃ (တပ်မတော်နေ့) နံနက် ၂း၀၀ နာရီမှ ၅း၀၀ နာရီထိ တစ်ကြိမ်၊ နေ့လယ် ၂း၀၀နာရီမှ ညနေ ၄း၁၅ နာရီထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဖျက်ဆီးခံရမှုတွင် အစ္စလာမ်ဘာသာဝင်များ၏ ဗလီကြီးနှင့် ဗလီကြီးရှိ အတွင်းပစ္စည်းများအားလုံး၊ စာသင်ကျောင်းနှင့် သာရေးနာရေးပစ္စည်းများ၊ အစ္စလာမ်ဘာသာဝင်များ၏ သုသာန်ရှိဇရပ်နှင့် လမ်းများ ကာလတန်ဖိုး ခန့်မှန်းခြေ သိန်းပေါင်း ၃၀၀ နီးပါးခန့်နှင့် အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်၊ ဆိုင်ခန်း(၄၀)ကျော် ကာလတန်ဖိုး သိန်း ၇၀၀ နီးပါးခန့် ဖျက်ဆီးခြင်းခံခဲ့ရပါသည်။

    ထိုသို့ ဖျက်ဆီးခြင်းမခံရမီနှင့် ဖျက်ဆီးခံရပြီး အချက်အလက်များကို လေ့လာကြည့်သောအခါ-
    မဖြစ်မီ တစ်ပတ်ခန့်ကပင် ထိုကဲ့သို့ လုပ်ရပ်များ ပဲခူးတိုင်းအနောက်ခြမ်းတွင် ဖြစ်ပေါ်လာမည်ကို မြို့တိုင်းလိုလို ကြားသိနေရသဖြင့် စိတ်ပူပန်မှု၊ စိုးရိမ်မှုများ အစ္စလာမ်ဘာသာဝင်တွင်ဖြစ်ပေါ်လာခဲ့ရပြီး (၂၃)ရက်နေ့တွင် အိုးသည်ကုန်း နှင့် ရေကျော်ရွာအနီးတွင် စတင်ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။ မဖြစ်မီ သုံးရက်အလိုခန့်တွင် ဇီးကုန်းမြို့ပေါ်တွင် (၉၆၉) တံဆိပ်ပါသော စတေကာများကို ဆိုင်ကယ်များ၊ ဆိုင်များတွင် လိုက်လံကပ်ပေးပြီး နောက်ကွယ်တွင် ဘာသာရေး တိုက်ခိုက်မှု တိပ်ခွေများ၊ စာရွက်များပါ ဝေငှနေကြောင်း ကြားသိလာရသောအခါ အစ္စလာမ်ဘာသာဝင်များ စိုးရိမ်စိတ် များ ပို၍ဖြစ်ပေါ်လာခဲ့ရပါသည်။ ထိုကဲ့သို့သောလုပ်ရပ်များ ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့တိုင်းလိုလို၌ ဖြစ်ပေါ်နေရာ သက်ဆိုင်ရာမှ သိရှိနေသော်လည်း ခေါ်ယူမေးမြန်း စစ်ဆေးခြင်းများ လုံးဝမရှိခဲ့ပါ။

    ထိုကဲ့သို့ အခြေအနေမျိုးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဂေါပကအဖွဲ့ဝင်(၃)ဦးအား ခေါ်ယူ၍ မြို့ပေါ် (၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊သာသနာရေးဦးစီးမှူးတို့ ရှေ့မှောက်တွင် ယခုအခါ ကောလာဟလ အမျိုးမျိုး ထွက်ရှိ နေကြောင်း၊ မိမိတို့ဘက်မှလည်း ကောလာဟလသတင်းများကို အခြေပြု၍ ပြဿနာများ မဖြစ်ပေါ်စေ ရန် လုံခြုံရေး ဆောင်ရွက် နေကြောင်း၊ အစ္စလာမ်ဘာသာဝင်များမှလည်း မိမိတို့ဘာသာဝင်များအား သွားလာခြင်း၊ နေထိုင်ပြောဆိုမှုများ ဆင်ခြင်ရန် အတွက် ဂေါပကအဖွဲ့များမှ စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ မဖြစ်မီ ၁ ရက်အလို တွင် တရားပွဲလိုက်လံ ဖိတ်ကြားနေသော ထော်လာဂျီသည် တရားပွဲဖိတ်ကြားရာတွင် ဒါတို့တိုင်းတို့ပြည် သီချင်းကို လော်စပီကာဖြင့် ဖွင့်ကာ လိုက်လံကြေညာနေပါသည်။

    IMG_20130326_193041

    ထိုအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှလည်း နေ့စဉ်လိုလို နံနက် ည ဗလီရှေ့တွင် ရောက်လာပြီး အခြေ အနေများကို ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးသန်းဝင်းထံ မေးမြန်းသည်။ ယခုအခါ ကောလာဟလမျိုးစုံ ထွက်နေ ကြောင်း၊ မိမိတို့ ဘက်မှလည်း လုံခြုံရေးများ ပြုလုပ်ဆောင်ရွက်နေကြောင်း၊ မီးသတ်ကား ရေပိုက်ဖြင့် ထိုးလိုက်ပါက ဘယ်လောက် များသည့်လူပင်ဖြစ်ပါစေ ထွက်ပြေးသွားမည်ဖြစ်ကြောင်း ပြောပြသည်။ ၂၅.၄.၂၀၁၃ နေ့ ညနေတွင် ဈေးသူဈေးသားများသည် မိမိတို့ရောင်းဝယ်နေသော ပစ္စည်းများကို ဆိုက်ကား၊ ထော်လာဂျီများဖြင့် အိမ်များ သို့ ပြန်လည်သယ်ဆောင်နေသည်ကို ရုတ်ရုတ်သဲသဲတွေ့ရှိနေရပြီး ဘာကြောင့်မှန်း မသိရချေ။ ညနေ ၅း၀၀ နာရီခန့်တွင် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းမှ ဗလီသို့လာရောက်၍ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးသန်းဝင်း(M.G.T)အား မိမိရုံးသို့ ခေတ္တလာရောက်ပါရန်ခေါ်သဖြင့် ၀တ်ပြုပြီးလိုက်သွားချိန်တွင် လမ်းထိပ်၌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ လှမ်းခေါ်သဖြင့် သွားရောက်ရာ အုပ်ချုပ်ရေးမှူးက ‘ဘာထူးသေးလဲ၊ ခင်ဗျားဆီကို ဗလီမီးရှို့ မယ်လို့ ဖုန်းတွေ ဘာတွေ တစ်နေရာရာက ဆက်သေးလား’ဟု မေးသည်။ မိမိကလည်း မည်သူမျှမဆက်ကြောင်း ပြန်ပြောသည်။ ထိုအခါ အုပ်ချုပ်ရေးမှူးမှ ယခုအခါ ကောလာဟလ မျိုးစုံထွက်နေကြောင်း ဒါတွေကို မယုံရန်ပြောဆိုပြီး မိမိတို့ဘက်မှလည်း အထူးလုံခြုံရေးများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးခြားချက်ရှိလျှင် သတင်းပေးပို့ရန် ပြောဆို သွားခဲ့သည်။

    ထို့နောက် မိမိသည် (၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်သို့ သွားရောက်ပြီး မိမိအား မည်သည့်ကိစ္စနှင့် ခေါ်သည် ကို မေးမြန်းရာ ၎င်းမှ ]ဈေးထဲတွင် ခင်ဗျား အရမ်းနာမည်ကြီးနေတယ်၊ အဲဒါအတွက် ခေါ်ဆွေးနွေးတာပါ’ ဟုပြောသည်။ ဦးသန်းဝင်း မှ ‘ကျွန်တော် အခု ဈေးကပင် ထွက်လာကြောင်း၊ ဘာအတွက်နာမည်ကြီးတာလဲ၊ မိမိပင် မသိရှိကြောင်း’ မေးရာ ၎င်းမှ ‘MGT မှ ဗလီမီးရှို့လျှင် ဈေးကိုပြန်မီးရှို့မယ်လို့ ပြောတဲ့သတင်းတွေ ထွက်နေလို့ ခေါ်မေးတာပါ’ လို့ ပြောပါသည်။ ထိုအခါ မိမိက ‘ခင်ဗျားကို ဘယ်သူပြောလဲ၊ ပြောတဲ့လူ ဖော်ထုတ်ပေးပါ’ ဟု ပြောသောအခါ ၎င်းမှ ‘ခင်ဗျား မပြောမှန်း သိတယ်၊ ဒါပေမဲ့ ဒီအချိန်မှာ တမင်ဝါဒဖြန့်တာတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလူတွေ ပြဿနာ မရှိဘူး၊ ထိန်းလို့ရတယ်၊ လိမ္မော်သီးတွေပါလာရင် ဘယ်လိုမှ ထိန်းလို့မရတော့ဘူး။ ဒါကြောင့် ခင်ဗျားကို ခေါ်တွေ့နေရတာပါ’ လို့ ၎င်းဘေးတွင်ရှိနေသူ သောင်းတင်(ရုံးအကူ တရားရေး)မှ ပြောဆိုသောအခါ မိမိသည် အိမ်ပြန်လာပြီး ၎င်းအခြေအနေ များကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ စခန်းမှူး၊ စ.အ.ဖ များသို့ ဖုန်းဖြင့် ပြောပြခဲ့ပြီး ၎င်းကိစ္စကို ဖြေရှင်းပေးပါရန် တောင်းဆို ခဲ့သည်။

    ထို့နောက် ဈေးတွင် ဖြစ်ရပ်ကို စုံစမ်းကြည့်ရာ နေ့လယ်ပိုင်းတွင် စည်ပင်ဦးစီးမှ တစ်ဆိုင်တစ်ယောက် ရုံးတွင် ခေါ်ယူပြီး ‘၂ ရက်ဈေးပိတ်မယ်၊ ခင်ဗျားတို့ ပစ္စည်းတွေ လုံခြုံအောင်ထားကြ’ လို့ ပြောလိုက်သည်ကို ဈေးသူဈေးသားများ က မိမိတို့ပစ္စည်းများကို ရွှေ့နေကြခြင်းသာဖြစ်ပြီး ၎င်းကိစ္စကို အခွင့်ကောင်းယူကာ တစ်ဖက်အုပ်စုမှ ဗလီကိုမီးရှို့လျှင် M.G.T မှ ဈေးမီးရှို့မယ်ဆိုလို့ ရွှေ့နေကြတာဖြစ်မယ်လို့ ၀ါဒဖြန့်လိုက်ခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ အခြေအနေမျိုး အခြား မြို့နယ်များတွင်လည်း ဘာသာရေး နှင့်ဗလီတွင် ထက်မြက်သည့် ပုဂ္ဂိုလ်မျိုးကို အကြောင်းတစ်ခုပြ၍ ကောလ ဟာလ ၀ါဒဖြန့်ချိနေကြောင်းကိုလည်း သိရှိရပါသည်။

    ထိုနေ့ ညနေ ၆း၃၀ နာရီအချိန် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ ၀င်များ၊ မြို့မိမြို့ဖဆိုသူများ ဗလီရှေ့ ဈေးထောင့်တွင် လုံခြုံရေးထားရှိမည့်အကြောင်း အတွင်းရေးမှူးအား ပြောဆိုသည့် အတွက် ဗလီရှိ ခုံများ၊ စားပွဲများကို နေရာချထားပေးခဲ့ပါသည်။ မဖျက်ဆီးမီ အလျင် အစ္စလာမ်ဘာသာဝင်များအတွက် အထူးလုံခြုံရေး အစီအစဉ်ဖြစ်ပါသည်။ ထိုသို့နေရာချထားပေးပြီး ဦးသန်းဝင်း အတွင်းရေးမှူးမှ အိမ်ပြန်ထမင်းစားရင်း မိမိ မိသားစုမှ ထိုကဲ့သို့ တစ်ဖက် သတ်မဟုတ်မမှန် ကောလဟလ ၀ါဒဖြန့်မှုများကို စိတ်မချရသည့်အတွက် ၎င်း၏တူမ စာသင်ရာနေရာလည်း ဖြစ်ပြီး ရင်းနှီးကျွမ်းဝင်သူ မယင်ကျေးရွာ ဦးတင်အေးမိသားစုထံတွင် ၎င်းတို့ ညီအစ်ကို ၂ ဦး တူ ၁ ဦးတို့ ရွာသို့ သွားရောက် နေထိုင်ခဲ့ရကြောင်း သိရှိရပါသည်။

    ထိုနေ့ညတွင် ကြို့ပင်ကောက်မြို့တွင် အကြမ်းဖက်သူများက ညပိုင်းတစ်ကြိမ်၊ နေ့လယ်ပိုင်းတစ်ကြိမ် ဗလီနှင့် စာသင်ကျောင်းအပါအ၀င် အစ္စလာမ်ဘာသာဝင်များနေအိမ်၊ ဆိုင်ခန်းများကိုလည်း အဓမ္မ ၀င်ရောက်ဖျက်ဆီးနေကြောင်း သိရပါတယ်။ ဗလီကြီးကိုပင် ဂေါ်ကားဖြင့် ထိုးလှဲဖျက်ဆီးကြောင်း သိရှိခဲ့ရပါတယ်။ ၂၆-၄-၂၀၁၃ ညပိုင်းတွင် နတ္တလင်း မြို့ရှိ ဗလီစာသင်ကျောင်း အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်၊ ဆိုင်ခန်းများကိုလည်း အကြမ်းဖက်သူများက ဖျက်ဆီးခဲ့ ကြောင်း ထပ်မံသိရှိရပါတယ်။

    ၂၇-၃-၂၀၁၃ နံနက် ၂း၀၀ နာရီခန့်တွင် အကြမ်းဖက်သူအုပ်စုများသည် ဇီးကုန်းမြို့ရှိ အစ္စလာမ်ဘာသာဝင်များ ၏ ဗလီနှင့် စာသင်ကျောင်း၊ အိမ်များ၊ ဆိုင်ခန်းများကို အင်အား ၃၀၀ ကျော်နှင့် ဖျက်ဆီးနေကြပါသည်။ ဖျက်ဆီးမှုတွင် မြို့ခံလူ ၉၀% ကျော်ပါဝင်နေသည်ကိုလည်း သိရှိရပါသည်။

    ထိုမှတစ်ဆင့် ဈေးကို နံနက်ပိုင်း ၁၀း၀၀ နာရီအချိန်တွင် ပိတ်လိုက်ပါသည်။ ထို့နောက် လူများသည် ဟိုတစ်စု ဒီတစ်စု စုဝေးလာပါသည်။ မြို့ပေါ်တွင် နံနက်ပိုင်းတစ်ချိန်လည်း လမ်းများပေါ်တွင် ပြည့်နှက်နေပြီး၊ ၎င်းကိစ္စရပ်ကို မည်သူကမျှ တားဆီးခြင်းမရှိခဲ့ပါ။ တဖြည်းဖြည်း လူများလာပြီး နေ့လယ် ၂း၀၀ နာရီ အချိန်တွင် ဗလီနှင့် ရှေ့ရှိ ဆိုင်ခန်း များ အိမ်များကို ဒုတိယ အကြိမ် ထပ်မံဖျက်ဆီးကြပါသည်။ ထိုအချိန်တွင် ဈေးအပြင်ဘက်တန်းရှိ ဆေးဆိုင်၊ ဆံပင်ညှပ် ဆိုင်၊ ကွမ်းယာဆိုင်တို့မပိတ်ဘဲ ဖွင့် ထားပြီး ထိုနေရာများတွင်လည်း လူများအပြည့်ဖြစ်နေသည်ကို တွေ့ရသည်။

    ဗလီကို ဖျက်ဆီးရာတွင် ခေါင်ပေါ်အထိတက်ပြီး ဧရာမတိုင်ကြီးများကို ဖျက်ဆီးနေသည်မှာ ဘယ်သူဘယ်ဝါ မှန်းသိသော်လည်း ဒီနေ့ထက်ထိ မည်သူမျှ မပြောရဲကြပါ။

    စစ်တပ်ဘက်မှ သေနတ်အပေါ်ထောင်ဖောက်လိုက်ပြီး လူစုခွဲသော်လည်း ဖျက်ဆီးနေသူများမှ ခေါင်းဆောင် လုပ်သူက မိုးပေါ်ထောင်ပစ်တာ ပြေးစရာမလိုဘူးဟုဆိုပါသည်။ တစ်နေရာဖျက်ဆီးရန် အချိန်ပြည့်ပြီး နောက်တစ်နေရာ သို့ ပြောင်းရွှေ့ဖျက်ဆီးရန် အချက်ပေးသကဲ့သို့ဖြစ်နေပါသည်။ ထိုသို့ဖြင့် အားလုံးပျက်စီးသွားပြီး ဘာမှ ရစရာမရှိတော့ သောအခါမှ ညနေ ၄း၁၅ နာရီလောက်တွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်ပြီး ပွဲသိမ်းလိုက်ပါတော့သည်။

    ဤသည်ကို သုံးသပ်ကြည့်လျှင် ဖြစ်ရပ်တစ်ခုလုံးတွင် နယ်မြေဒေသခံ ၉၀% ကျော် ပါဝင်ပါသည်။ လက်လုပ် လက်စားသမားမှ ငွေကြေးချမ်းသာသူများ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် မြို့မိမြို့ဖများအထိ ပါဝင်ပါသည်။ ဘာသာရေးအရ ရော၊ စီးပွားရေးအရပါ ချွတ်ခြုံကျစေလိုသည့် သဘောဆန္ဒများတွေ့နေရပါသည်။ ရေသန့်ဘူးဝေသူများ၊ အချိုရည်ဘူး ဝေသူများ၊ အရက်နှင့် စိတ်ကြွဆေးများ ထည့်သွင်းပြီး ဝေငှနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

    ထိုအချိန်တွင် အစ္စလာမ်ဘာသာဝင် မိသားစုများသည် မိမိတို့ အသက်အန္တရာယ်ဘေးကင်းရာ မိမိတို့ရင်းနှီးရာ ရွာများသို့ တိမ်းရှောင်နေစဉ် ထိုသတင်းကို အကြမ်းဖက်သူများ သိသောအခါ ထိုရွာများသို့ လိုက်လာကြမည်ဖြစ်ကြောင်း ကြားသိရသဖြင့် ရွာခံများမှ ညတွင်းချင်း လယ်ကွင်းများထဲသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါသည်။ ထိုသတင်းကို မယင်းရွာမှ ဦးတင်အေးမိသားစုမှ ကြားသိသောအခါ များစွာစိတ်မကောင်းဖြစ်ပြီး ထိုသူအားလုံး တိမ်းရှောင်နေသော နေရာများသို့ ကားများဖြင့် လိုက်လံခေါ်ယူပြီး ၎င်း၏နေအိမ်တွင် လုံခြုံစွာ ထားရှိခဲ့ပါသည်။ ထိုမှစ၍ အစ္စလာမ်ဘာသာဝင် စုစုပေါင်း လူဦးရေ ၂၆၀ ကျော်အား ဦးတင်အေး မိသားစုမှ မည်သူ့ထံကမှ ငွေကြေးတစ်စုံတစ်ရာမယူဘဲ မိမိကျွေးမွေး စရိတ်အားလုံး အကုန်အကျခံကာ ခုနစ်ရက်တိတိ မိမိရွာသားများဖြင့် လုံခြုံစွာ ဆယ်ဧကကျယ်ဝန်းသော မိမိ၏ခြံကြီးထဲ ရှိ အိမ်ကြီးများတွင် လွတ်လပ်စွာ ကျွေးမွေးပြုစုစောင့်ရှောက် ကယ်တင်ထားခဲ့ပါသည်။

    ထိုဗုဒ္ဓဘာသာဝင်မိသားစုကြီး၏ ကျေးဇူးတရားမှာ ဆယ်ကမ္ဘာမက ဆပ်၍မကုန်သော ကျေးဇူးများဖြင့် အထူးပင် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

    ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီး နှစ်ရက်အကြာတွင် လယ်မ ကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာတွင် အလယ်တန်းပြဆရာမ အဖြစ် ဗုဒ္ဓဘာသာဝင်ကလေးများအား စာသင်ကြားပေးနေသော နိုင်ငံ့ဝန်ထမ်း ဆရာမမိသားစု ၃-စု၏ ပစ္စည်းများကို မိမိနှင့်ရင်းနှီးသူ လက်သမားဆရာကြီးတစ်ဦး၏အိမ်တွင် မဖြစ်မီ ငါးရက်ခန့်က ထော်လာဂျီများဖြင့် ပို့ဆောင်ထားသော ပစ္စည်းများကို ကျွဲခြံကျေးရွာ အလှူမှတစ်ဆင့် အကြမ်းဖက်သူများသည် လယ်ကွင်းထဲသို့ထုတ်၍ ရက်စက်စွာ ဖျက်ဆီး ပစ်သည်မှာ အင်မတန်ဆိုးဝါးလှသော လုပ်ရပ်ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းဆရာမလေး၏ ကျောင်းတက်ရာတွင် ၀တ်ဆင် ရသည့် ယူနီဖောင်း အဖြူနှင့်အစိမ်းမှအစ အ၀တ် အစားအားလုံး ဖျက်ဆီးပစ်သည်မှာ အင်မတန်ဆိုးဝါးသော လုပ်ရပ်တစ်ခုဖြစ်သည်။ အကြမ်းဖက်သမားများမှာ မည်သူများဟု သိနေ သော်လည်း ယခုထက်ထိ ဖမ်းဆီးခြင်းမရှိသေးပါ။

    ၃၁.၃.၂၀၁၃ နေ့လယ်ပိုင်းတွင် အစ္စလာမ်ဘာသာဝင်ပိုင် ကားများ၊ ဇီးကုန်းမြို့ နာရေးကူညီမှု အသင်းမှ ကားများဖြင့် အစ္စလာမ်ဘာသာဝင်များ၏နေအိမ်များသို့ အရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြကြောင်းကိုလည်း သိရှိရ ပါတယ်။

    IMG_0026 IMG_0025 IMG_0024 IMG_0027

    ဇီးကုန်းမြို့ အကြမ်းဖက်ခံရမှု ဓါတ်ပုံများ ကြည့်ရန်။

  • ကြိုပင်ကောက်တွင် ညမထွက်ရ အချိန်လျော့ချပေး၊ အခြေအနေ တည်ငြိမ်လာသော်လည်း ပြန်လည် ထူထောင်ရေးအတွက် အကူအညီများ မရရှိသေး

    ဧပြီလ ၄၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    kyo pin kyout copy

    အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ကြို့ပင်ကောက်တွင် ပုဒ်မ ၁၄၄ ထုတ်ထားသည့်ကြားမှ ညပိုင်း အိမ် ၂လုံး အဖျက်ခံရ ပြီနောက် ယခု ပြန်လည် တည်ငြိမ်စ ပြုလာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

    ယခု လတ်တလောအခြေအနေနှင့် ပတ်သက်၍ ကြိုပင်ကောက်မြို့နေ ဒေသခံ တစ်ဦးအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    “ စိုးရိမ်ကြောင့်ကျစွာ နေနေရ ရာကနေ အခုတော့ နည်းနည်းတည်တည်ငြိမ်ငြိမ် ဖြစ်နေပါပြီ။ ညမထွက်ရ အချိန်ကို အခု ည၁၀း၀၀ ကနေ မနက် ၄း၀၀ ထိ လျော့ချပေးထားပါတယ်။ အခု ကွန်တော်တို့အိမ်တွေ အဖျက်ဆီးခံရတဲ့ အနေအထားမှာ ခုကိုယ်ပါကိုယ် နိုင်သလောက်လေး ပြုပြင်ပြီး နေနေရတာပါ။ ပျက်ဆီး ဆုံးရှုံးသွားတဲ့ အိမ်တွေကို ပြန်လည် ပြုပြင်ပေးမယ်လို့ တီဗွီတွေမှာ ပြောတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီကို လာရောက် မေးမြန်းတာမျိုးတောင် မရှိပါဘူး။အခြားခြားသော အဖွဲ့အစည်းတွေကလည်း လာရောက်လှူဒါန်းတာမျိုးလည်း မရှိသေးပါဘူး ခင်ဗျာ။ ဌာနဆိုင်ရာ ၀န်ကြီးတွေ လာကြပါတယ် ဒါပေမယ့် တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိပါဘူး။အကူအညီ ပေးခြင်း မရှိသေးပါဘူး ခင်ဗျား” ဟု M-Media သို့ပြောကြားခဲ့သည်။

    ဓါတ်ပုံအညွှန်း- မတ်လ ၂၈ ရက်နေ့ည အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ကြို့ပင်ကောက်မြို့ အပျက်အစီးများမြင်ကွင်း ဖြစ်ပါသည်။

  • ဇီးကုန်းမြို့ အခြေအနေပြန်လည် တည်ငြိမ်လာ

    ဧပြီ ၄၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    zingon

    ဇီးကုန်း။ ။ ပဲခူးတိုင်း ဇီးကုန်းတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ မတ်လ ၂၇ရက်နေ့က ဖျက်ဆီးခဲ့ပြီးနောက် ယခု ပြန်လည် အခြေအနေတည်ငြိမ်လာခဲ့ပြီ ဖြစ်ကြောင်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ဒေသခံတစ်ဦးအား ဆက်သွယ် မေးမြန်းချက်အရ သတင်းရရှိသည်။

    “ကျွန်တော်တို့ ဇီးကုန်းနဲ့ ၂မိုင်ကွာက မရင်းရွာက ဗုဒ္ဓဘာသာဝင် လူကြီး လူကောင်း တစ်ဦးဖြစ်တဲ့ အသက်၈၉နှစ်အရွယ် အဘဦးတင်အေးက ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် အယောက် ၁၅၀ ကိုကယ်ထားပေးခဲ့တာပါ။သူစောင့်ရှောက်ကာကွယ်ပေးထားတဲ့ ရက်တွေမှာ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ နေရေးထိုင်ရေး နောက်ဆုံး ကျွန်တော်တို့ရဲ့ လုံခြုံရေး အတွက် လိုလေသေးမရှိ တာဝန်ယူခဲ့ပါတယ်။ရေကအစ အဲဒီရွာက ရေတောင် မတိုက်ဘူး ရေသန့်ဗူးတွေ ၀ယ်တိုက်ပါတယ်။ သူ ကျွေးမွေး စောင့်ရှောက်ထားတဲ့ ကုန်ကျငွေ အားလုံးဟာ သူများဆီက အလှူငွေတွေနဲ့ လုံးဝမဟုတ်ဘူး၊ အားလုံး သူ့ကိုယ်ပိုင် ပိုက်ဆံနဲ့ စောင့်ရှောက်ခဲ့တာပါ။ ကျွန်တော်တို့ကို ဘော်ဒါဆောင် တစ်ခုမှာ နေရာချထားပေးတာပါ။အဲဒီ အဘဦးတင်အေး ကယ်ပေးထားလို့သာ ကျွန်တော်တို့တတွေဟာ ဟိုပြေးလိုက် ဒီပြေးလိုက် နဲ့ ကမ်းနားသစ်ပင် မဖြစ်ခဲ့တာပါ၊ ကျွန်တော်တို့ နေတဲ့ နေရပ်ကို အာမခံပေးလို့သာ လမ်းကြောင်းနဲ့ ပြန်ပို့ပေးတာပါ၊ ကျွန်တော်အဲဒီရွာမှာ ၅ရက် ခိုလှုံခဲ့ပါတယ် ”

    `“အခုတော့ ကျွန်တော်တို့ ဇီးကုန်းမှာ အေးအေးဆေးဆေး ဖြစ်သွားပါပြီ။ ကံကောင်းလို့ ကွန်တော်အိမ်လေး မပါသွားခဲ့ပါဘူး။ဆိုင်ခန်းပဲ ပါသွားပါတယ်။ ခုဆိုင်လည်း ပြန်ဖွင့်နေပါပြီ ”ဟု အဆိုပါ ဇီးကုန်မြို့ခံမှ M-Media သို့ပြောကြားခဲ့သည်။