News @ M-Media

Tag: Persecution of Rohingya

  • ရိုဟင်ဂျာများကို ဖိနှိပ်မှုအတွက် မြန်မာနိုင်ငံအား အရှေ့တောင်အာရှနိုင်ငံများက ပြတ်ပြတ်သားသားပြောရမည်ဟု မလေးရှားပြော

    ရိုဟင်ဂျာများကို ဖိနှိပ်မှုအတွက် မြန်မာနိုင်ငံအား အရှေ့တောင်အာရှနိုင်ငံများက ပြတ်ပြတ်သားသားပြောရမည်ဟု မလေးရှားပြော

    မေ ၁၄၊ ၂၀၁၅
    M-Media

    jdbang14e

    – ဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုကို မြင့်တက်လာစေသည့် လှေဖြင့်ထွက်ပြေးသူများတွင် အရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာသော ရိုဟင်ဂျာများအား ဖိနှိပ်မှုကို ရပ်တန့်ရန်အတွက် မြန်မာနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများက ပြတ်သားစွာပြောရမည်ဟု မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀မ် ဂျူနိုက်ဒီ တူအန်ကူ ဂျာဖာရ်က ပြောကြားလိုက်သည်။

    အစိုးရ၏ ခွဲခြားဆက်ဆံမှုကို ခံနေရပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပစ်မှတ်ထားခံခဲ့ရသည့် ရိုဟင်ဂျာများအား မြန်မာအစိုးရ၏ ဆက်ဆံမှုများကြောင့် အရှေ့တောင်အာရှတွင် ဒုက္ခသည်ပြဿနာ တိုးလာခြင်းဖြစ်သည်ဟုလည်း ဂျာဖာရ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီ ရိုဟင်ဂျာပြည်သူတွေကို ဆက်ဆံတဲ့နည်းလမ်းက မြန်မာနိုင်ငံမှာ ပြဿနာရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ပြည်သူတွေကို သူတို့ လူပီသစွာဆက်ဆံဖို့ လိုအပ်တယ်ဆိုတာ မြန်မာနိုင်ငံကို ကျွန်တော်တို့ ပြတ်ပြတ်သားသားပြောဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေကို လူသားတွေလို ဆက်ဆံဖို့ လိုအပ်သလို့ သူတို့ကို အရမ်း ဖိနှိပ်ချုပ်ချယ်လို့ မရပါဘူး” ဟု ဂျာဖာရ်က ဆိုသည်။

    မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ပြောင်းရွှေ့အခြေချသူများကို တင်ဆောင်လာသည့် စက်လှေများ နစ်မြုပ်နိုင်သည့်အန္တရာယ် မရှိပါက မိမိတို့အနေဖြင့် အဆိုပါစက်လှေများကို ပင်လယ်ထဲသို့ ပြန်လွှတ်မည်ဟု မလေးရှားက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှားမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၎င်းတို့ နယ်နမိတ်သို့ ၀င်ရောက်လာသည့် လှေစီးဒုက္ခသည်များအား ရိက္ခာများတင်ပေးကာ ပင်လယ်ထဲသို့ ပြန်လွှတ်ခဲ့သည်။

    Ref: Straitstimes

  • ရိုဟင်ဂျာ၊ လူမျိုးစုငယ်၊ ဘာသာကွဲများကို လူ့အခွင့်အရေး ချိုးဖောက်နေမှုအပေါ် မြန်မာအစိုးရအား ဖိအားပေးရန် အမေရိကန် အောက်လွှတ်တော် အတည်ပြု

    မေ ၈၊ ၂၀၁၄
    M-Media

    Chairman Royce Applauds House

    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေ အပေါ် ညှဉ်းပမ်းနှိပ်စက်နေမှုတွေ ချုပ်ငြိမ်းစေဖို့နဲ့ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးစုငယ်တိုင်းနဲ့ ဘာသာကွဲများအပေါ် အပြည်ပြည်ဆိုင်ရာမှ အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးစံနှုန်းများနှင့် အညီ လေးစားသမှုပြုဖို့ အတွက် မြန်မာအစိုးရကို တိုက်တွန်းဖို့ တင်သွင်းခဲ့တဲ့ အဆို အမှတ် ၄၁၈ ကို မေလ (၇) ရက်နေ့မှာ အမေရိကန် အောက်လွှတ်တော် က ဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

    ဒီအဆိုကို မက်စက်ချူးဆက်ပြည်နယ် မဲဆန္ဒနယ်မြေ (၂) မှ အောက်လွှတ်တော် အမတ် James McGovern က နိုဝင်ဘာလ ၂၀၁၃ ခုနှစ်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ မတ်လ (၂၅) ရက်နေ့မှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ တင်သွင်းဆွေးနွေးခဲ့ကြပြီး ကော်မတီ ဥက္ကဌ ဖြစ်သူ ကယ်လီဖိုးနီးယားပြည်နယ် မှ အောက်လွှတ်တော်အမတ် Ed Royce က ဖြည့်စွက်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး အောက်လွှတ်တော်မှာ ချပြဆွေးနွေးဖို့ အတည်ပြုခဲ့ပါတယ်။ ဖြည့်စွက်ချက်အတွင်းမှာ ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုတွေ ရပ်တန့်ပေးဖို့ တောင်းဆိုချက်တွေအပြင် ရိုဟင်ဂျာ လူမျိုးတွေကိုလည်း မြန်မာ့တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုပေးဖို့နဲ့ နိုင်ငံသားဖြ စ်တည်ရေး ကိစ္စဖြေရှင်းပေးဖို့ တောင်းဆိုချက်လည်း ပါဝင်ပါတယ်။

    အောက်လွှတ်တော်မှာ မဆွေးနွေးခင် Democrat ပါတီမှ ကိုယ်စားလှယ် (၃၆) ဦးနဲ့ Republican ပါတီမှ ၁၄ ဦး စုစုပေါင်း (၅၀) ဦးထောက်ခံမှု ရရှိထားပြီးသားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီကြီး နှစ်ခု စလုံးက ကိုယ်စားလှယ် ထောက်ခံ ထားကြပြီး ကန့်ကွက်မှု မရှိတဲ့အတွက် လွှတ်တော်ရဲ့ သမရိုးကျမဲခွဲဆုံးဖြတ်မှုတွေကို ကျော်လွန်ပြီး တက်ရောက်သူ ကိုယ်စားလှယ်တွေရဲ့ တခဲနက် ထောက်ခံမှုနဲ့ လွှတ်တော် ဥက္ကဌ က အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

    ရခိုင်ဒေသရှိ ရိုဟင်ဂျာလူမျိုးတွေ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ ယခုလို တင်သွင်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်လောက်ကလည်း ကရင်လူမျိုးစုတွေနဲ့ မြန်မာ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်နေမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ ယခုလို အလားသဏ္ဍန်တူတဲ့ ဆုံးဖြတ်ချက်မျိုးပြုလုပ်ခဲ့ပါသေးတယ်။ ယခင်ဆုံးဖြတ်ချက်နဲ့ ကွာခြားတာကတော့ စီးပွားရေးပိတ်ဆို့မှု အထိ ပြုလုပ်မှာမဟုတ်ဘဲ သံတမန်ရေးအရ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေနဲ့ ဖိအားပေး တိုက်တွန်းသွားဖို့ သာဖြစ်ပါတယ်။

    ထို့ပြင် ရိုဟင်ဂျာများမှာ ကမ္ဘာပေါ်တွင် ညှင်းပန်းနှိပ်စက်မှုဒဏ်ကို အခံရဆုံးသော လူမျိုးများဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်း များစွာ နေထိုင်လာ ခဲ့သော်လည်း နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးနေရကြာင်း၊ ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးများကို မြန်မာ အစိုးရက ဆယ်စုနှစ် သုံးခုကျော်ကြာ စနစ်တကျ ပိတ်ပင်ထားခဲ့ကြောင်း စသဖြင့် ၄င်း က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ထိုဆုံးဖြတ်ချက်တွင် ရိုဟင်ဂျာများ ခံစားနေရသည့် ညှင်းပန်းနှိပ်စက်မှုများ၊ ၂၀၁၂ ခုနှစ်က စတင်ကာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရိုဟင်ဂျာများ သေဆုံးခဲ့ရခြင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရခြင်း၊ ဒူချီရာတန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော ကမန် မွတ်စလင်များအား ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှု စသည်တို့ကို ဖော်ပြထားပါတယ်။

    ၂၀၁၃ ခုနှစ် မတ်လနှောင်းပိုင်းက မိတ္ထီလာမြို့တွင် မြန်မာ မွတ်စလင်များအား ပစ်မှတ်ထားကာ ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုများနှင့် ယခုနှစ်များအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သည့် လူနည်းစု မွတ်စလင်များအပေါ် အကြမ်းဖက် တိုက်ခိုက်မှုအားလုံးကို ထိုဆုံးဖြတ်ချက်တွင် ဖော်ပြထားပါတယ်။

    ထိုဆုံးဖြတ်ချက် ပြဌာန်းချက်ပါ အချက်(၅) ချက်အနက် ၂ ခုမှာ

    ၁) ရိုဟင်ဂျာမွတ်စလင်များအပေါ် ညှင်းပန်းနှိပ်စက်မှုများအား အဆုံးသတ်ရန်နှင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၊ လူနည်းစုဝင်များ အတွက် နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေး စံနှုန်းများအား လေးစားရန်အတွက် မြန်မာအစိုးရအား တောင်းဆိုရန်

    ၂) ရိုဟင်ဂျာမွတ်စလင်များအား ခွဲခြားဆက်ဆံမှုနှင့် နှိပ်စက်မှုများအား ပပျောက်ရေးအတွက် လိုအပ်သော ဆောင်ရွက်မှုများပြုလုပ်ရေး အမေရိကန်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့က မြန်မာအစိုးရအား ဖိအားပေးရန်အတွက် တောင်းဆိုရန် စသည်တို့ဖြစ်ကြသည်။

    Ref: http://foreignaffairs.house.gov

  • ရိုဟင်ဂျာများကို ဖိနှိပ်မှု အဆုံးသတ်ရေး ဥပဒေ ကွန်ဂရက်တွင် အတည်ပြုရေး ထောက်ခံဖို့ အမေရိကန်မှ အကြီးဆုံး မွတ်စလင်အဖွဲ့ တိုက်တွန်း

    မေ ၇ ၊ ၂၀၁၄
    M-Media

    Urge_Congress_to_Vote_Yes_on_Resolution_to_End_Persecution_of_Rohingya_Muslims_in_Burma_-_CAIR_-_2014-05-07_21.42.13

    – မြန်မာနိုင်ငံတွင် ညှင်းပန်းနှိပ်စက်မှုများကို ခံနေရသည့် ရိုဟင်ဂျာ မွတ်စလင်များအား ကူညီနိုင်မည့် အမေရိကန် လွှတ်တော်ဆုံးဖြတ်ချက် H.R 418 အား ထောက်ခံရန် အမေရိကန်အစ္စလာမ် ဆက်ဆံရေးအဖွဲ့ CAIR က အမေရိကန်မွတ်စလင်များနှင့် ကွန်ဂရက်ကိုယ်စားလှယ်များအား တိုက်တွန်းလိုက်သည်။

    အမေရိကန်နိုင်ငံခြားရေးရာ ကော်မတီက တညီတစ်ညွတ်တည်း သဘောတူခဲ့သည့် ဆုံးဖြတ်ချက် H.R 418 ကို မေလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့(ယနေ့တွင်) အမေရိကန်အောက်လွှတ်တော်၌ နောက်ဆုံးအဆင့် မဲခွဲသွားမည်ဖြစ်သည်။

    ထိုဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံအတွင်း လူနည်းစု ရိုဟင်ဂျာများအား ညှင်းပန်းနှိပ်စက်ခြင်းများကို အဆုံးသတ်ရန်နှင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသား၊ ဘာသာရေးအုပ်စုများအတွက် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် လူအခွင့်အရေး ဆိုင်ရာများသတ်မှတ်ချက်များကို လေးစားရန် မြန်မာအစိုးရအား တိုက်တွန်းထားသည်။

    အဆိုပါ ဆုံးဖြတ်ချက်ကို လွှတ်တော်ကိုယ်စားလှယ် ဂျိမ်း မက်ဂါဗန်၊ ဒီမိုကရက်နှင့် ရီပက်ဘလစ်ကန် ကိုယ်စားလှယ် ၄၉ ဦးတို့က အောက်လွှတ်တော်သို့ မိတ်ဆက်တင်သွင်းခဲ့ခြင်းဖြစ်ကာ နှုတ်ဖြင့်ထောက်ခံမှုများနှင့်အတူ အတည်ပြုရန်ရှိနေသည်။

    ဆုံးဖြတ်ချက် 418 ကို ထောက်ခံမဲပေးခြင်းဖြင့် မြန်မာနိုင်ငံမှ မွတ်စလင်များအား အားပေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်းသည့် အီးမေးလ်များကို CAIR အဖွဲ့က ပေးပို့ခဲ့သည်။ ထိုဆုံးဖြတ်ချက်အား အတည်ပြုလိုက်ခြင်းက ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် ညှင်းပန်းနှိပ်စက်မှု ပုံစံအားလုံးကို အဆုံးသတ်ရန် မြန်မာအစိုးရအား တိုက်တွန်းလိုက်ခြင်း ဖြစ်လာမည်ဖြစ်သည်။

    Ref: http://www.cair.com/