News @ M-Media

Tag: Philippines

  • အငြင်းပွား ဖိလစ်ပိုင်ရေပိုင်နက်တွင် တရုတ်က မိလ္လာများ လာရောက်စွန့်ပစ်

    အငြင်းပွား ဖိလစ်ပိုင်ရေပိုင်နက်တွင် တရုတ်က မိလ္လာများ လာရောက်စွန့်ပစ်

    ဇွန် ၁၃၊ ၂၀၂၁
    M-Media

    -တောင်တရုတ်ပင်လယ်က အငြင်းပွား ရေပိုင်နက်မှာ တရုတ်က မိလ္လာအညစ်အကြေးတွေ လာရောက်စွန့်ပစ်တယ်ဆိုတဲ့ သတင်းအတွက် စုံစမ်းစစ်ဆေးမယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးကို သူပိုင်တယ်ဆိုတာ ပြသဖို့အတွက် ငါးဖမ်းသင်္ဘောတွေ စေလွှတ်တတ်ပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှားတို့နဲ့ အငြင်းပွားနေတဲ့ စပရက်တလီကျွန်းမှာ ငါးဖမ်းသင်္ဘောပေါင်း ရာချီ ချထားပါတယ်။

    ဂြိုဟ်တု ဓာတ်ပုံ​ လေ့လာရေးအဖွဲ့ဖြစ်တဲ့ Simularity က စပရက်တလီကျွန်းမှာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တရုတ်ငါးဖမ်းသင်္ဘောတွေကနေ စွန့်ပစ်ထားတဲ့ လူသား မစင်တွေကြောင့် ရေထုအတွင်း ထိခိုက်ပျက်ဆီးတာတွေ ​တွေ့ရတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

    “မစင်တွေလာပုံတယ်ဆိုတဲ့ ဒီသတင်းကို ကျွန်တော်တို့ အတည်ပြုနေပြီး ဒီလိုတာဝန်မဲ့တဲ့လုပ်ရပ်မျိုး လုပ်တယ်ဆိုတာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ ဒါဟာ ဒီကျွန်းတစ်၀ိုက်မှာ ရှိတဲ့ ​ဂေဟစနစ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးအောင် လုပ်တာပဲ ဖြစ်ပါတယ်” လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင် လော်ရန်ဇာနာက ပြောပါတယ်။

    တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နဲ့ အကျိုးစီးပွား အငြင်းပွားမှုတွေရှိနေပေမယ့် နိုင်ငံအားလုံးဟာ သဘာ၀ပတ်ဝန်းကျင်နဲ့ သယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့လည်း ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရုတ်က ဒီလို လူမစင်တွေ လာရောက်စွန့်ပစ်မှုဟာ ရေနေသတ္တဝါတွေအပေါ် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ Simularity ကို တည်ထောင်သူ လစ်ဒါရ်က ပြောပါတယ်။

    “အာကာသကနေ မြင်နိုင်တဲ့အထိ တော်တော့်ကို ဆိုးရွားနေပါပြီ”

    ဖိလစ်ပိုင်က တရုတ်သံရုံးကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။

    တောင်တရုတ်ပင်လယ်က ရေပိုင်နက်အငြင်းပွားနေတဲ့နေရာမှာ တရုတ်ဖက်က ပြည်သူ့စစ်တွေပါတဲ့ ငါးဖမ်းသင်္ဘော ရာနဲ့ချီ ချထားမှုအတွက် ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

    Ref: Reuters

  • အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်က လေ့ကျင်မှုတစ်ခု ပြုလုပ်

    အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်က လေ့ကျင်မှုတစ်ခု ပြုလုပ်

    ဧပြီ ၉၊ ၂၀၂၁
    M-Media

    တောင်တရုတ်ပင်လယ်အတွင်းရှိ အမေရိကန်တပ်ဖွဲ့များ

    -ပိုင်နက်အငြင်းပွားတာတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်က ရွှံ့တူးဖော်တဲ့ လေ့ကျင့်မှုတစ်ခုကို ဒီကနေ့မှာ စတင်လိုက်ပါတယ်။

    တရုတ် သိပ္ပံပညာရှင်တွေနဲ့ သုတေသန ပညာရှင်တွေဟာ ပြည်တွင်းလုပ် ရေအောက်တူးဖော်ရေးစနစ် Sea Bull II ကို တောင်တရုတ်ပင်လယ်ရဲ့ အမည်မဖော်ပြတဲ့ နေရာတစ်ခုမှာ စမ်းသပ်သွားမှာဖြစ်ပါတယ်။ ဒီစနစ်ဟာ ကမ်းလွန်ပင်လယ်မှာ ဓာတ်ငွေ့သိုက် ရှာဖွေရေးအတွက် အကူအညီဖြစ်စေမှာပါ။

    တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို သူတို့ပိုင်တယ်လို့ တရုတ်က ကြေငြာထားပြီး မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဘရူးနိုင်း နိုင်ငံတွေနဲ့ ပိုင်နက်အငြင်းပွားမှုတွေ ရှိနေတာပါ။

    ဖိလစ်ပိုင်နဲ့ အငြင်းပွားနေတဲ့ ကျွန်းတစ်ခုမှာ တရုတ် ရေကြောင်းပြည့်သူစစ်တွေရဲ့ ငါးဖမ်းသင်္ဘော ၂၀၀ လောက် ရောက်နေမှုအတွက် တောင်တရုတ်ပင်လယ်အခြေအနေက တင်းမာနေတာပါ။

    ကြာသာပတေးနေ့က အရပ်သားတွေ၊ ဂျာနယ်လစ်တွေ တင်ဆောင်ထားတဲ့ ဖိလစ်ပိုင်သင်္ဘောတစ်စီးကို တရုတ်ရေတပ်သင်္ဘောက လိုက်ဖမ်းတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပြီး ရေပိုင်နက်ငြင်းပွားမှုကို ဖြေရှင်းရေးအတွက် နည်းလမ်းအားလုံးကို စဉ်းစားထားတယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံတွေကလည်း လေယာဉ်တင်သင်္ဘောအပါအဝင် ရေတပ်ရဲ့ တစ်စိတ်တစ်ပိုင်းကို တောင်တရုတ်ပင်လယ်ထဲ ပြောင်းရွှေ့ထားပါတယ်။

    Ref: Aljazeera

  • ဖိလစ်ပိုင်နှင့် အငြင်းပွားနေသည့် ကျွန်းအနီးတွင် တရုတ်သင်္ဘော ၂၀၀ ကျော် ရောက်ရှိ

    ဖိလစ်ပိုင်နှင့် အငြင်းပွားနေသည့် ကျွန်းအနီးတွင် တရုတ်သင်္ဘော ၂၀၀ ကျော် ရောက်ရှိ

    မတ် ၂၂၊ ၂၀၂၁
    M-Media

    -တောင်တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ ကျွန်းအနီးမှာ တရုတ်သင်္ဘော ၂၀၀ ကျော်လောက်ကို တွေ့ရပြီး ဒါဟာ ရေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာဖြစ်တယ်လို့ ဖိလစ်ပိုင်က ပြောကြားလိုက်ပါတယ်။

    Julian Felipe Reef လိုခေါ်တဲ့ ကျွန်းနားမှာ မတ်လ ၇ ရက်နေ့လောက်ကတည်းက ငါးဖမ်းသင်္ဘောပေါင်း ၂၂၀ လောက် ရောက်နေတဲ့အကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းပို့တာလို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီသင်္ဘောတွေကို တရုတ်စစ်တပ်က လေ့ကျင့်ပေးထားတဲ့ ရေကြောင်း ပြည်သူ့စစ်အဖွဲ့က မောင်းနှင်လာတာလို့ ဆိုပါတယ်။

    “ကျူးကျော်မှုကို ရပ်တန့်ဖို့၊ ရေကြောင်းဥပဒေ ချိုးဖောက်ကာ ကျွန်တော်တို့ရဲ့ အချုပ်အခြာပိုင်နက်ကို ကျူးကျော်လာတဲ့ ဒီသင်္ဘောတွေကို ချက်ခြင်းပြန်ခေါ်ဖို့ တိုက်တွန်းပါတယ်” လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင် လော်ရန်ဇာနာက ပြောပါတယ်။

    ဖိလစ်ပိုင်ရေတပ်နဲ့ လေတပ်တို့ဟာ အဲဒီနေရာကို လှည့်လည်ကင်းထောက်ပြီးဖြစ်သလို၊ သံတမန်ရေးအရ သင့်လျော်တဲ့ ကန့်ကွက်မှုတွေ လုပ်ဆောင်ဖို့အတွက် တွေ့ရှိချက်တွေကို အစိုးရထံ ပေးပို့ထားတယ်လို့ ဖိလစ်ပိုင်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကြေငြာချက် ထုတ်ပြန်ပါတယ်။

    Julian Felipe Reef ကျွန်းကို တရုတ်က Whitsun Reef လို့ ခေါ်တာပါ။

    တရုတ်ဟာ တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို သူတို့ပိုင်တယ်လို့ ပြောကြားထားပြီး ထိုင်ဝမ်၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူးနိုင်းတို့နဲ့ ပိုင်နက်အငြင်းပွားနေတာ ဖြစ်ပါတယ်။

    Ref: Reuters

  • ရုရှားထံမှ ကိုဗစ်ကာကွယ်ဆေးရရန် ဖိလစ်ပိုင် ကြိုးပမ်းမည်

    ရုရှားထံမှ ကိုဗစ်ကာကွယ်ဆေးရရန် ဖိလစ်ပိုင် ကြိုးပမ်းမည်

    ဩဂုတ် ၁၂၊ ၂၀၂၀
    M-Media

    -ရုရှားနိုင်ငံမှာ မနေ့က စတင်အသုံးပြုခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေး ရရှိရေး ကြိုးပမ်းသွားမယ်လို့ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ရုရှားကျန်းမာရေးဌာနဟာ Covid-19 ကာကွယ်ဆေးကို အသိအမှတ်ပြုလိုင်စင် ထုတ်ပေးခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း မနေ့ကစတင်ကာ ထိုးနှံနေကြပြီဖြစ်ပါတယ်။

    သမ္မတပူတင်ကလည်း မိမိတို့ဟာ ကမ္ဘာ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး အသုံးပြုနိုင်တဲ့ နိုင်ငံဖြစ်ပြီး သမီးဖြစ်သူကိုယ်တိုင် ထိုးနှံခဲ့တယ်လို့ ရုပ်သံကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

    ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရုရှားကာကွယ်ဆေးကို ချီးကျူးပြောဆိုခဲ့ပါတယ်။

    ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ ရိုစာရီယို ဗာဂီရီက ကာကွယ်ဆေးထုတ်လုပ်တဲ့​ ရုရှားနိုင်ငံပိုင် သုတေသနဌာနက ပညာရှင်တွေနဲ့ ဖိလစ်ပိုင် သိပ္ပံပညာရှင်တွေ တွေ့ဆုံကာ နိုင်ငံအတွင်း ကာကွယ်ဆေးစမ်းသပ်ရေး၊ ဆေးနဲ့ပတ်သက်တဲ့ အချက်အလက် အပြည့်အစုံ ရရှိရေး ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ရုရှားနိုင်ငံမှာ စတင်ထိုးနှံနေတဲ့ ကိုဗစ်ကာကွယ်ဆေး အမှန်တကယ် အလုပ်ဖြစ်ရဲ့လားဆိုတာကို သုံးသပ်နိုင်ဖို့ အချက်အလက် အပြည့်အစုံ မရဘူးလို့ ပြောကြားထားပါတယ်။

    ရုရှားမှာ မနေ့က ကိုဗစ်ကူးစက်သူ ၅၁၀၂ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၉ သိန်းကျော်နဲ့ ကမ္ဘာ့ စတုတ္ထကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

    Ref: Aljazeera

  • ကာကွယ်ဆေးမရမချင်း ကျောင်းမဖွင့်ဟု ဒူတာတေးပြော

    ကာကွယ်ဆေးမရမချင်း ကျောင်းမဖွင့်ဟု ဒူတာတေးပြော

    မေ ၂၆၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မရမချင်း ကျောင်းတွေကို ပြန်ဖွင့်ပေးမှာမဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားလိုက်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း တစ်ချို့နိုင်ငံမှာ ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို လျော့ချပြီ ကျောင်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်နေတာပါ။

    မနေ့​က ရုပ်သံမိန့်ခွန်းမှာ ဒူတာတေးက ကာကွယ်ဆေးမရဘဲ ကလေးငယ်တွေကို ကျောင်းတက်ခိုင်းတာဟာ အန္တရာယ်ကို ဖိတ်ခေါ်သလိုပဲလို့ ပြောကြားခဲ့ပါတယ်။

    “ကျောင်းသားတွေ နီးနီးကပ်ကပ်ရှိနေကြမယ့် စာသင်ခန်းတွေ ပြန်ဖွင့်ဖို့ ကျွန်တော် ခွင့်ပြုမှာမဟုတ်ပါဘူး။ သူတို့အန္တရာယ်မကင်းနိုင်မချင်း ကျောင်းပြန်ဖွင့်ဖို့ ပြောတာဟာ အရူးစကားသာ ဖြစ်ပါလိမ့်မယ်”

    ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့မတ်လကတည်းက မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို ပိတ်ထားပြီး လာမယ့် ဩဂုတ်လမှာ ပြန်လည်ဖွင့်လှစ်မယ်လို့ သတင်းတွေ ထွက်နေတာပါ။ ဒူတာတေးတော့ ဒါဟာ အန္တရာယ် သိပ်များတယ်လို့ ဆိုပါတယ်။

    “ကျွန့်တော့်အတွက်တော့ ကာကွယ်ဆေးက ပထမပါ။ ကာကွယ်ဆေးရပြီဆိုရင်တော့ အဆင်ပြေပါပြီ။ ဘယ်သူမှ ဘွဲ့မရရင်လည်းနေပါစေ”

    လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း အလားအလာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စုစုပေါင်း ၁၀၀ ကျော်လောက်ကို စမ်းသပ်ဖော်ထုတ်နေပြီး ၈ ခုလောက်ကို လူသားတွေမှာ စမ်းသပ်နေပြီ ဖြစ်ပါတယ်။

    Ref: Aljazeera