News @ M-Media

Tag: Politic in Myanmar

  • အမုန်းစကားမပြောရေး၊ ဘာသာသာသနာကို အလွဲသုံးစားမပြုရေး ကျင့်ဝတ်ကို နိုင်ငံရေးပါတီများ လက်မှတ်ထိုး

    အမုန်းစကားမပြောရေး၊ ဘာသာသာသနာကို အလွဲသုံးစားမပြုရေး ကျင့်ဝတ်ကို နိုင်ငံရေးပါတီများ လက်မှတ်ထိုး

    ဇွန် ၂၈၊ ၂၀၂၀
    M-Media

    -မဲဆွယ်ရာမှာ အမုန်းစကားမပြောရေး၊ ဘာသာရေးကို အလွဲသုံးစားမပြုရေး၊ ငြိမ်းချမ်းပြီး မျှတဲ့ မဲဆွယ်မှုဖြစ်စေရေး စတဲ့ အချက်အလက်တွေပါဝင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်စည်ကမ်းတွေကို မြန်မာ့နိုင်ငံရေးပါတီအားလုံးနီးပါးက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    နိုင်ငံရေးပါတီတွေအကြား ဆွစ်ဇာလန်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကနေ ဒီလို လက်မှတ်ရေးထိုးမှု ပေါ်ပေါက်လာတာပါ။ ဒီကျင့်ဝတ်စည်းကမ်းတွေ သတ်မှတ်နိုင်ရေး ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေက တောင်းဆိုတာကြောင့် ဆွစ်ဇာလန်နိုင်ငံဟာ ပြီးခဲ့တဲ့ ၈ လ လုံးလုံး ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    အာဏာရ NLD ပါတီ၊ တိုင်းရင်းသားပါတီတွေအပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၉၇ ခုမှာ အများစုက ဒီကျင့်ဝတ်စည်းကမ်းတွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ငြိမ်းချမ်းပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်လာရေးကို ရည်ရွယ်တဲ့ ဒီကျင့်ဝတ်စည်းကမ်းတွေမှာ ကိုယ်စားလှယ်လောင်းတွေအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုမလုပ်ရေး၊ ဆိုရှယ်မီဒီယာအပါအဝင် မဲဆွယ်မှုအတွင်း အမုန်းစကားမပြောရေး၊ ၊ ဘာသာရေးနဲ့ နိုင်ငံတော်ရဲ့ သယံဇာတကို မဲဆွယ်မှုမှာ အလွဲသုံးစားမပြုရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။

    ဒီကျင့်ဝတ်စည်းကမ်းတွေကို လက်မှတ်ရေးထိုးလိုက်တာဟာ မျှတပြီး၊ အကြမ်းမဖက်တဲ့ မဲဆွယ်မှုမျိုး ပြုလုပ်မယ်လို့ နိုင်ငံရေးပါတီတွေက ထပ်မံကတိပြုလိုက်တာ ဖြစ်ပါတယ်။

    သောကြာနေ့က လက်မှတ်ရေးထိုးပွဲမှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေ၊ ဆွစ်ဇာလန်နိုင်ငံက တာဝန်ရှိသူတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။

    ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ စစ်အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်သွားတဲ့ ၂၀၁၁ ခုနှစ်ကတည်းက တိုင်းရင်းသားအုပ်စု၊ စစ်တပ်နဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု အမျိုးမျိုးကို မိမိတို့က ပံ့ပိုးကူညီပေးခဲ့ကြောင်း၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ အယူအဆရေးရာ အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာမှာဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် အဓိကအဆင့်တစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    ဒီလိုကျင့်ဝတ်စည်းကမ်းတွေ ပေါ်ပေါက်လာရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ ဆွစ်ဇာလန်နိုင်ငံဟာ နိုင်ငံရေးပါတီတွေအကြား ညှိနှိုင်းပေးခဲ့ပြီး ၂၀၂၀ မှာလည်း ဒီကျင့်ဝတ်တွေ လိုက်နာအကောင်အထည်ဖော်နို်ငရေး ပံ့ပိုးကူညီမှာ ဖြစ်ပါတယ်။

    Ref: Swiss Info

  • ဒေါ်အောင်ဆန်းစုကြည် ဘယ်အချိန်မှ စစ်တပ်ကို ပုခုံးချင်း ယှဉ်နိုင်မှာလဲ

    ဒေါ်အောင်ဆန်းစုကြည် ဘယ်အချိန်မှ စစ်တပ်ကို ပုခုံးချင်း ယှဉ်နိုင်မှာလဲ

    ဇွန် ၂၁၊ ၂၀၁၇
    M-Media

    – ၁၉၈၀ ပြည့်နှစ်တွေအတွင်း နိုင်ငံရေးအုံကြွမှုတွေ ဖြစ်နေတဲ့အချိန် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ စစ်တပ်က ဆယ်စုနှစ်ချီ ညံ့ဖျင်းစွာ အုပ်ချုပ်ခဲ့ပြီးတဲ့နောက် အနာဂတ်မှာ သူမခေါင်းဆောင်ရမယ့် ဘယ်လို အစိုးရမျိုးမဆို “လွယ်ကူမှာ” မဟုတ်ဘဲ “ပြဿနာပေါင်းစုံ” တွေ့ရလိမ့်မယ်လို့ ဖြေကြားခဲ့တဲ့စကားဟာ ကျော်ကြားပါတယ်။

    အဲဒီအချိန်ကြရင် ပြည်သူတွေဟာ သူမကို ဝေဖန်ကြမှာဖြစ်ပြီး လူအများရဲ့ ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး ရည်မှန်းချက်ကြီးတဲ့ သူမရဲ့အစိုးရဟာ “တော်တော် မတတ်မသာ အခြေအနေမျိုး” နဲ့ ကြုံတွေ့ရလိမ့်မယ်လို့လည်း ဟောကိန်းထုတ်ခဲ့ပါတယ်။

    နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်ခဲ့ပြီးတဲ့နောက် အခုအချိန် တိုင်းပြည်ရဲ့ ရွေးကောက်တင်မြှောက်ခံ ဦးသျှောင်အဖြစ် အာဏာရယူပြီး တစ်နှစ်ကြာလာတဲ့ ဒေါ်အောန်းစုကြည်ဟာ အရင်က သူမျှော်မှန်းထားတာထက် ပိုပြီး ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ စီးပွားရေးထိုးဆင်းနေမှုကနေ နိုင်ငံတော်ကျောထောက်နောက်ခံပြု လူ့အခွင့်အရေးချိုးဖောက်မှုတွေအထိ ဆုပ်လည်းဆူး၊ စားလည်းရူးမယ့် ပြဿနာတွေအတွက် ပြည်တွင်း၊ ပြည်ပက လူသိရှင်ကြား ဝေဖန်မှုတွေကိုလည်း ခံလာရပါတယ်။

    နိုဘယ်ဆုရှင် သူမဟာ အခုအချိန်မှာ နိုင်ငံခေါင်းဆောင်အဖြစ် ကျဉ်းထဲကြပ်ထဲ ရောက်နေတဲ့ အချိန်ကာလတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဦးစားပေး ဆောင်ရွက်နေပေမယ့် တိုင်းပြည်မှာ ငြိမ်းချမ်းရေးထက် စစ်ပွဲတွေသာ ပိုများလာပြီး ဒေသတော်တော်များများမှာ တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။ ကချင်ပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွေမှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ သိန်းကျော်လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ညစ်ပေနေတဲ့ ကိုယ်ထူကိုယ်ထ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။

    ရခိုင်ပြည်နယ်အနောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို သတ်ဖြတ်တယ်၊ အဓမ္မကျင့်တယ်ဆိုတဲ့ အထောက်အထားခိုင်မာတဲ့ စွပ်စွဲချက်တွေအပါအ၀င် အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။ ဒီလိုစွပ်စွဲချက်တွေအတွက် သူမရဲ့ လမ်းကြောင်းလွှဲပြောဆိုမှုတွေကြောင့်လည်း သူမဟာ လူ့အခွင့်အရေး မြှင့်တင်ပေးဖို့ထက် စစ်တပ်နဲ့ ပုံမှန်ဆက်ဆံရေးရှိဖို့ကိုသာ ပိုပြီး အလေးထားလုပ်ဆောင်နေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို မြင့်တက်လာစေပါတယ်။

    သူမ အာဏာရယူပြီးကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ကျဆင်းခဲ့ပြီး၊ ရွေးကောက်ပွဲပြီးရင် စီးပွားရေးထောင်တက်လာမယ်လို့ စောစောပိုင်းက မျှော်လင့်ထားပေမယ့်လည်း စီးပွားရေးက ခပ်လှုပ်လှုပ်ပါပဲ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကန့်သတ်မှုတွေကို ဖြေလျော့ပေးခဲ့ပြီးတဲ့နောက်ပိုင်း အခုအစိုးရလက်ထက်မှာတော့ မီဒီယာလွတ်လပ်ခွင့်ဟာ စိုးရိမ်စရာဖြစ်နေပြီး စစ်တပ်ကို ဝေဖန်တဲ့မှတ်ချက်တွေ၊ NLD ပါတီက အကြီးတန်းအဖွဲ့ဝင်တွေကို ဝေဖန်မှုတွေကြောင့် ဂျာနယ်လစ်တွေဟာ ထောင်သွင်းအကျဉ်းချခံနေရပါတယ်။

    ဒီလို တစ်နိုင်ငံလုံးမှာ ပြဿနာတွေ ကြီးထွားလာနေတဲ့အချိန် “စစ်တပ်ကို ပခုံးချင်းယှဉ်ဖို့၊ ဒီမိုကရေစီနည်းကျ အစီအမံတွေကို ပိုပြီးဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာဘယ်လောက်ရှိနေလဲ” ဆိုတဲ့ မေးခွန်းက ပေါ်ထွက်လာပါတယ်။

    စစ်အာဏာရှင် အစောင့်အရှောက်အောက်မှာ ရေးဆွဲပြီး၊ ၂၀၀၈ ခုနှစ်မှာ မရိုးမသားနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ခဲ့တယ်လို့ ပညာရှင်အများစုက ယူဆထားတဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်ကို လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းပေးပြီး နိုင်ငံရေးမှာ “အဓိကနေရာ” ကနေ ဖယ်မရအောင် လုပ်ထားတာအပါအ၀င် အပြောင်းလဲဆိုတာထက် စစ်တပ်က ဆက်လက်အုပ်စိုးထားနိုင်ရေးကိုသာ အာမခံထားတာပါ။ နောက်ပြီး စစ်တပ်ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမိန့်တစ်ခုတည်းကိုသာ နာခံဖို့လည်း ပြဌာန်းထားပါတယ်။

    အခြေခံဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေကို စစ်တပ်ကပဲ ခန့်အပ်ရပါတယ်။ နောက်ပြီး ပြည်ထဲရေးဟာ ရဲတပ်ဖွဲ့ကို ကိုင်ထားသလို၊ ကျေးရွာအုပ်စုကနေ ဗဟိုအုပ်ချုပ်ရေးစနစ်အထိ အရပ်သားအုပ်ချုပ်ရေးစနစ် တစ်ခုလုံကို ထိန်းချုပ်ရပါတယ်။ ရွေးကောက်တင်မြှောက်ခံအမတ်တွေအတွက် ကျန်ရှိတာကတော့ ဟန်ပြ၀န်ကြီးနေရာတွေနဲ့ လွှတ်တော်ကော်မတီ ခေါင်းဆောင်နေရာတွေပဲ ဖြစ်ပါတယ်။

    “ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တစ်ခါတစ်ရံမှာ အလွန်အကျွံ ကာကွယ်ပေးနေတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှိဖို့ ရေရှည်မျှော်တဲ့ ဗဟာဗျူဟာရှိရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘာမှ ပြန်မရနိုင်တဲ့ အခြေအနေမျိုးနဲ့ သူမ အကြောခံနေရလား မသိဘူး” လို့ မြန်မာ့ နိုင်ငံရေးကို အနီးကပ်စောင့်ကြည့်နေတဲ့ ဘန်ကောက်အခြေစိုက် နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ယောက်က ဆိုပါတယ်။

    နောက်ထပ် ရွေးကောက်ပွဲဟာ ၂၀၂၀ မှာ ကျင်းပမှာဖြစ်ပြီး အဲဒီအချိန်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အသက် ၇၅ နှစ်အရွယ်ဖြစ်ပါပြီ။ NLD ပါတီကို ပဲ့ကိုင်ဖို့အတွက် မျိုးဆက်သစ်ခေါင်းဆောင်တွေကလည်း လောက်လောက်လားလား မရှိပါဘူး။ စစ်တပ်က ကြိုးကိုင်ထားပြီး ပြီးခဲ့တဲ့ အရပ်သားတစ်ပိုင်းအစိုရနဲ့ တိုင်းပြည်ကို အုပ်စိုးကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည့်ပြည့်၀၀ ပြန်လာနိုင်မယ့်ပုံ မပေါ်ပါဘူး။

    “ဒါပေမယ့် အနာဂတ်မှာ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေး စစ်တပ်ရဲ့စီမံကိန်းနဲ့ လိုက်ဖက်မယ့် အခြားသော ဖြစ်နိုင်ခြေတွေလည်း ရှိနေပါသေးတယ်” လို့ အဲဒီ လေ့လာသူက ပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီပိုဆန်တဲ့ စနစ်မျိုး မဆောင်ရွက်နိုင်သေးတဲ့အပေါ် မြန်မာနိုင်ငံအတွင်းနဲ့ နိုင်ငံရပ်ခြားက မြန်မာပြည်သူ တော်တော်များများဟာ အားမလိုအားရ ဖြစ်နေကြပါတယ်။

    “ဆယ်စုနှစ်တွေအတွင်းမှာ ပထမဆုံးအဖြစ် ကျွန်မတို့ပြည်သူတွေဟာ စစ်မှန်တဲ့ပြောင်းလဲမှုကို ဆောင်ကျဉ်းဖို့ အခွင့်အရေးစစ်စစ်တစ်ခုကို ရရှိမှာပါ။ ဒီအခွင့်အရေးဟာ ကျွန်မတို့ လက်လွှတ်လို့မရတဲ့ အခွင့်အရေးပါပဲ” ဆိုတဲ့ စကားအပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အားကျဖွယ် မိန့်ခွန်းတွေရဲ့ အနှစ်သာရဟာ ပြောင်းလဲသွားပြီလို့လည်း သူတို့က ပြောလာကြပါတယ်။

    အဲဒီအခွင့်အလမ်းတံခါးပေါက်ကြီးဟာ အလျင်အမြန် ပိတ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အာဏာမှာ စစ်တပ်နဲ့ ပုခုံးချင်းယှဉ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်ခုတည်းသော ဆောင်ရွက်ချက်ဟာ ဇန်န၀ါရီလက သံတမန်ဟောင်း ဦးသောင်းထွန်းကို အစိုးရ လုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီခန့်အပ်မှုကို စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရဲထွဋ်က ဝေဖန်ခဲ့ပါတယ်။

    ဇွန်န၀ါရီ ၂၁ ရက်နေ့ထုတ် စင်ကာပူ Today သတင်းစာက ဆောင်းပါးမှာ ဦးရဲထွဋ်က ဦးသောင်းထွန်းကို ခန့်အပ်လိုက်ခြင်းဟာ “စွန့်စားတဲ့ ရွှေ့ကွက်တစ်ခု” ဖြစ်ပြီး၊ ‘၀န်ကြီးချုပ် ဦးနုနဲ့ သမ္မတဦးသိန်းစိန်လက်ထက် အရပ်သားအစိုးရတွေဟာ ကာကွယ်ရေးဦးစီးချုပ်ကို အစိုးရရဲ့ အဓိကအကြံပေးအဖြစ်ထားပြီး ပြည်တွင်းလုံခြုံရေးဟာ စစ်တပ်ရဲ့ အဓိကလုပ်ပိုင်ခွင့် ဖြစ်ခဲ့တယ်’ လို့ ရေးသားခဲ့ပါတယ်။

    စစ်အာဏာရှင်လက်ထက်မှာ ၀န်ကြီးချုပ်အဖြစ်၊ NLD အာဏာမရခင်မှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဟာ အရပ်သားအစိုးရကို တစ်ကယ်ပဲ ဦးဆောင်ခဲ့လားဆိုတာ လူတော်တော်များများက မေးခွန်းထုတ်ကြပါတယ်။ ဦးနုဟာ ၁၉၄၈-၅၆၊ ၁၉၅၇-၅၈၊ ၁၉၆၀-၆၂ တွေမှာ အရပ်သားစစ်စစ်အစိုးရတွေကို ဦးဆောင်ခဲ့ပြီး၊ အဲဒီအစိုးရတွေဟာ စစ်တပ်ရဲ့အမိန့်ကို နာခံဖို့ တာဝန်မရှိပါဘူး။

    တကယ်တော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၁၉၄၇ ခုနှစ်အခြေခံဥပဒေမှာ “ကုန်းတပ်၊ ရေတပ်၊ လေတပ် ဖွဲ့စည်းထားရှိသော အခွင့်အရေးသည် ပါလီမန်၌သာ တည်ရှိရမည်” “ပါလီမန်က ဖွဲ့စည်းထားရှိသော ကုန်းတပ်၊ ရေတပ်၊ လေတပ်များမှတစ်ပါး မည်သည့် ကုန်းတပ်၊ ရေတပ်၊ လေတပ်ကိုမျှသော်၎င်း၊ မည်သည့်အစည်းအရုံးကိုမျှသော်၎င်း၊ စစ်တပ်သဘော အချို့အ၀က်ပါဝင်သော မည်သည့်အစည်းအရုံးကိုမျှသော်၎င်း မည်သည့်အကြောင်းကိစ္စနှင့်မျှ မဖွဲ့မစည်း မထားရှိရ” လို့ ဖော်ပြထားပါတယ်။

    ၁၉၆၂ ခုနှစ်မှာ ရက်ရက်စက်စက် အာဏာသိမ်းပြီး တိုင်းပြည်ရဲ့ ပထမဆုံးနဲ့ ဒီကရေစီအကျဆုံး အခြေခံဥပဒေကို နိတ္ထိတံသွားတဲ့ အခြေအနေမျိုးရောက်အောင် စစ်တပ်က အင်အားစုလာတာကို ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားတဲ့ အာဏာကိုသုံးပြီး မတားဆီးနိုင်ခဲ့တာကာ ဦးနုရဲ့ အဓိကနိုင်ငံရေးအမှားပဲ ဖြစ်ပါတယ်။ ဒီအမှားကပဲ နောက်ဆုံးမှာ သူ့ကို ကျဆုံးစေခဲ့ကာ ဆယ်စုနှစ်ပေါင်းများစွာ ကြမ်းတမ်းခက်ထန်တဲ့ စစ်အာရှင်စနစ်ဆီ ဦးတည်သွားခဲ့ပါတယ်။

    စစ်တပ်က အာဏာသိမ်းမယ်ဆိုရင် အရင်ကလို အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှု ပြန်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် စစ်တပ်က အာဏာကို ဆက်ကိုင်ထားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးနုလိုပဲ နန်းချခံရနိုင်တယ်လို့ ထင်တဲ့သူကတော့ နည်းနည်းလောက်ပဲရှိပါတယ်။ ဦးသိန်းစိန်နဲ့ ကြံ့ခိုင်ရေးပါတီ အာဏာရသွားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အဲဒီအချိန်တုန်းက လှောင်ပြောင်ပြီး “အထွေထွေရွေးကောက်ပွဲ” (general election) အစား ‘ဗိုလ်ချုပ်များရဲ့ ရွေးကောက်ပွဲ’ generals’ election) လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

    NLD ကတော့ အတုအယောင်ရွေးကောက်ပွဲဆိုပြီး သပိတ်မှောက်ခဲ့ပါတယ်။ ဒါပေမယ့် NLD က သောင်ပြိုကမ်းပြို အနိုင်ရပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ရယူခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကလည်း ‘ဗိုလ်ချုပ်များရဲ့ ရွေးကောက်ပွဲ’ ဖြစ်နေလား ဒါမှမဟုတ် အရင်ကထက်ပိုပြီး ဒီမိုကရေစီရွှေ့မှုန်ကြဲတာမျိုး ဖြစ်နေလားဆိုတဲ့ မေးခွန်းတွေကတော့ မြင့်တက်လာပါတယ်။

    အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်နေတဲ့ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်လွှမ်းမိုးတဲ့ အာဏာတည်ဆောက်ပုံကို ပြောင်းလဲဖို့ သိပ်ပြီး စိတ်ဝင်စားတာမျိုး မတွေ့ရသေးပါဘူး။ ပြည်သူလူထုက ထောက်ခံမှု၊ နိုင်ငံတကာက အသိအမှတ်ပြုမှုတွေကို ရရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် စစ်တပ်က နိုင်ငံရေးအာဏာ ကိုင်ထားမှုကို စိန်မခေါ်နိုင်ဘူးဆိုရင် ဘယ်သူက စိန်ခေါ်နိုင်မလဲဆိုပြီး မြန်မာပြည်သူ တော်တော်များများက တွေးတောလာကြပါပြီ။

    ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်းမှာလည်း ဒီမိုကရေစီအနံ့လောက်သာပါပြီး စစ်တပ်က ချယ်လှယ်တဲ့ နိုင်ငံအဖြစ် အချိန်အတော်ကြာ ဆက်ရှိနေမယ့် အန္တရာယ်၊ အသက် ၇၀ ကျော် အမေအိုဒေါ်အောင်ဆန်းစုကြည်တစ်ယောက် နိုင်ငံရေးမြင်ကွင်းကနေ တစ်ဖြည်းဖြည်း ပျောက်ကွယ် ဇာတ်သိမ်းရမယ့် အန္တရာယ်မျိုးက မြင့်တက်လို့ လာနေပါပြီ။

    Ref: Asia Times

    (Asia Times တွင် ဘာတေးလ် လင့်တနာ ရေးသားထားသည့် When will Suu Kyi challenge the military? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ကွဲလွဲမှုတွေကို ရင်ကြားစေ့ဖို့ ကြိုးစားလာတဲ့ ကာချုပ်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

    ကွဲလွဲမှုတွေကို ရင်ကြားစေ့ဖို့ ကြိုးစားလာတဲ့ ကာချုပ်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံ၏ စစ်တပ်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုင်းပြည်၏ အရပ်သားအစိုးရမှ ထိပ်တန်းပုဂ္ဂိုလ် – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး – ဒေါ်အောင်ဆန်းစုကြည်တို့မှာ ပြီးခဲ့သည့်လ သို့မဟုတ် မကြာသေးမီကာလအတွင်း လျှို့ဝှက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

    “ဒါက လျှို့ဝှက်ဆွေးနွးမှုဆိုတာထက် တရားဝင်မထုတ်ပြန်တဲ့ တွေ့ဆုံမှုတွေပါ” ဟု အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ အကြီးတန်းအဖွဲ့ဝင်များက ပြောကြားခဲ့သည်။

    ကာကွယ်ရေးဦးစီးချုပ်နှင့် နီးစပ်သည့်ရင်းမြစ်များက ၎င်းတို့ နှစ်ဦးမှာ အနည်းဆုံး ပြီးခဲ့သည့်နှစ် အောက်တိုဘာလနောက်ပိုင်းတွင် မျက်နှာချင်းဆိုင် မတွေ့ခဲ့ကြဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီးက တရုတ်နိုင်ငံသို့ အလျင်စလို စီစဉ်ကာ သွားရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးမှာ ဆိုးရွားခဲ့သည်ဟု The Lady နှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက ဆိုသည်။

    ထိုအချိန်ကတည်းကစ၍ ဗိုလ်ချုပ်မှူးကြီးနှင့် အရပ်သားအစိုးရကြား ဆက်သွယ်ဆောင်ရွက်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်အကြီးအကဲက ခန့်အပ်ထားသည့် ၀န်ကြီးများတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး လက်ရှိ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးစိန်ဝင်းမှတစ်ဆင့် လုပ်ဆောင်ခဲ့သည်။

    ပြီးခဲ့သည့်သီးတင်းပတ်များတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလ၏ အထူးကိုယ်စားလှယ် ယန်းဟီးလီ၏ ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုမှုနှင့်အတူ နိုင်ငံတကာက ဝေဖန်မှုများ မြင့်တက်လာခြင်း၊ ရခိုင်ပြည်နယ်ရှိ အခြေအနေများမှာ ဆိုးရွားလာခြင်း၊ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ သမိုင်းဝင်တွေ့ဆုံမှုအတွင်း ငြိမ်းချမ်းသည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေး ကတိက၀တ်နှင့် သဘောတူညီခဲ့သည့် ပင်လုံသဘောတူညီချက်ကို ‘၂၁ ရာစု ပင်လုံ’ ဟု ခေါင်းစဉ်တပ်ကာ ဒုတိယအကြိမ်မြောက် ‘ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ’ ပြုလုပ်ရန် ပြင်ဆင်နေခြင်း စသည်တို့ကြောင့် ခေါင်းဆောင်နှစ်ဦးမှာ ပို၍ အနီးကပ် ပူးပေါင်းဆောင်ရွက်ရမည်ကို မကြာခင်သီတင်းပတ်များအတွင်း သိရှိလာခဲ့သည်။

    “တစ်ယောက်နဲ့တစ်ယောက် မနှစ်မြို့ဘူး၊ မယုံကြည်ဘူးဆိုရင်တောင်မှ တစ်ယောက်အတွက် နောက်တစ်ယောက်က လိုအပ်တယ်ဆိုတာ နှစ်ဖက်စလုံးက နားလည်ကြပါတယ်” ဟု ကာကွယ်ရေးဦးစီးချုပ်နှင့် နီးစပ်သည့် အငြိမ်းစား စစ်တပ်အရာရှိတစ်ဦးက Bnagkok Post သို့ အမည်မဖော်လိုသည့် အခြေအနေဖြင့် ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြား ပြီးခဲ့သည့်လအတွင်း ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့သော်လည်း NLD ပါတီ၏ ဥပေဒအကြံပေးဖြစ်သည့် မွတ်စလင်တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရပြီးနောက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာခြင်းက အစိုးရနှင့် စစ်တပ်တို့အကြား လုံခြုံရေးကိစ္စများတွင် ပိုမို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေး အရေးပါမှုကလည်း ထင်ရှားလာသည်။

    ရခိုင်ပြည်နယ်မှ အခြေအနေနှင့် ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ကလည်း တိုင်းပြည်၏ အရပ်သား ခေါင်းဆောင်နှင့် စစ်တပ်ခေါင်းဆောင်နှစ်ဦးအကြား ကြီးထွားနေသည့် သဘောထားကွဲလွဲမှုကို ရင်ကြားစေ့ရန် ကနဦးကြိုးပမ်းမှုကို လှုံ့ဆော်ပေးခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြဿနာများ ရှိနေပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ထိုကိစ္စနှင့်ပတ်သက်၍ ပွင်လင်းမြင်သာ မရှိဟု ကာချုပ်က ယူဆကာ ထိုအချက်က ၎င်းတို့ နှစ်ဦးအကြား ဆက်ဆံရေး ဆိုးရွားမှု၏ ပထမဆုံး အကြောင်းအရင်းဖြစ်သည်ဟု စစ်တပ်ရင်းမြစ်များက ဆိုသည်။

    ပြဿနာ၏ အဓိကကိစ္စက ပြီးခဲ့သည့်နှစ် သြဂုတ်လက ပြုလုပ်ခဲ့သည့် ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်ရန် တိုင်းရင်းသားအဖွဲ့အချို့ကို တိုက်တွန်းရာတွင် ကန့်လန့်ကာနောက်ကွယ်က ပါဝင်ခဲ့သည့် တရုတ်၏ အခန်းကဏ္ဍဖြစ်သည်။ သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည် တရုတ်သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်ရှိ နယ်စပ်တစ်လျှောက်တွင် အခြေစိုက်ထားသော တရုတ်လိုလားသည့် တိုင်းရင်းသားအုပ်စုနှစ်ခု- ၀နှင့် မိုင်းလားတို့ ညီလာခံတွင် ပါဝင်ရန် သဘောတူညီခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိ။

    သို့သော်လည်း ပြဿနာက ရခိုင့်တပ်မတော် (AA)၊ ကိုးကန့် သို့မဟုတ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA)၊ ပလောင် သို့မဟုတ် တအောင်း အမျိုးသား လွတ်မြာက်ရေး တပ်ဖွဲ့ (TNLA) စသည့် အဖွဲ့ ၃ ခု ပါဝင်သည့်ကိစ္စဖြစ်သည်။ စစ်တပ်က ထိုအဖွဲ့များ လက်နက်မချလျှင်၊ ပါဝင်ခွင့်မပြု။ အခြားသော တိုင်းရင်းသား အဖွဲ့များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါအ၀င်သည့် မှန်ကန်သော ဖြစ်စဉ်တစ်ခု ဖြစ်လိုလျှင် ညီလာခံတွင် ထို ၃ ဖွဲ့ ပါဝင်သင့်သည်ဟု ပြောကြသည်။

    အဆိုပါ လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ၎င်းတို့အနေဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်အရ အနာဂတ်တွင် တိုက်ခိုက်မှု ရပ်တန့်ပြီး၊ လက်နက်ချမည်ဟု သဘောတူ လက်မှတ်ရေးထိုးရမည့် ညှိနှိုင်းဆွေးနွေးမှုတစ်ခုကို ရှာဖွေနိုင်ခဲ့သည်။ သံတမန် ရင်းမြစ်များက ဒေါ်အောင်ဆန်းစုကြည်မှာ ထိုညှိနှိုင်းမှုကို အဆိုပါ အဖွဲ့ ၃ ဖွဲ့က သဘောတူရေးနှင့် လက်မှတ်ရေးထိုးရေး ၀,က ဖျောင်းပြပေးရန် ၎င်း၏ မဟာမိတ်ဖြစ်သော တရုတ်ကို ထိထိရောကရောက် ဖိအားပေးခဲ့သည်ဟု ဆိုသည်။

    ထိုအချက်ကို ဆောင်ရွက်ပေးမည်ဟုသော တရုတ်၏ကတိကို ယုံကြည်ကာ ဒေါ်အောင်ဆန်းစုကြည်မှာ ဘေးဂျင်းမှ ပြန်ရောက်လာခဲ့ပြီး ညီလာခံ မကျင်းပခင်လေးမှာပင် ထိုသတင်းကောင်းကို စစ်တပ်အကြီးအကဲအား ပြောပြခဲ့သည်။ သို့သော်လည်း အဆိုပါ အဖွဲ့ ၃ ခုက သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း မပြုခဲ့။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အောက်တိုဘာလ တရုတ်ပြည်သို့ သွားရောက်စဉ် တရုတ်အစိုးရက ၎င်းတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ထိုကဲ့သို့ ကတိမျိုး မပေးခဲ့သော်လည်း လက်နက်ကိုင် ၃ ဖွဲ့အား ဖျောင်းဖြရန် ၀,ကို ဖိအားပေးမည်ဟု သဘောတူခဲ့သည်ဟု ပြောကြားခဲ့သည်။ တရုတ်သတင်းရင်းမြစ်အရ ဘေဂျင်းမှာ ၀,အဖွဲ့အား ထိုကဲ့သို့ ဆောင်ရွက်ရန် အမိန့်ပေးခဲ့သည့် အခြေအနေမျိုး မရှိခဲ့ဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်မှာ ၎င်းအား လှည့်ဖြားခဲ့သည်ဟု အထင်ရောက်ခဲ့ပြီး၊ ပို၍ မယုံကြမကြည် ဖြစ်သွားစေသည်ဟု စစ်တပ် ရင်းမြစ်များက ပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်ဘက်မှကြည့်လျှင် သူမမှာ စစ်တပ်အား ဖျောင်းပြရန် အစွမ်းကုန် ကြိုးစားခဲ့ပုံရသည်။ ရခိုင်ပြည်နယ်အခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စစ်တပ်၏ အမြင်အတိုင်း သူမက လက်ခံခဲ့သည်။ ကချင်လွတ်မြောက်ရးအဖွဲ့ KIO အား NCA တွင် လက်မှတ်ရေးထိုးရေး ဖိအားပေးရန် စစ်ရေးအရ ပြင်းပြင်းထန်ထန် ဆောင်ရွက်မည်ဟု စီစဉ်ထားမှုကိုလည်း စစ်တပ်က သူမကို ကနဦးကတည်းက အသိပေးခဲ့သည်။ စစ်တပ်ရင်းမြစ်များအရ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး စိန်ဝင်းမှာ ထိုအမိန့်အား သူမ လက်မှတ်ရေးထိုးရန်ပင် စီစဉ်ခဲ့သည် ဟူ၏။

    လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ NCA ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့်သာ ငြိမ်းချမ်းရေးညီလာခံကို ဆောင်ရွက်သွားရန် စီစဉ်နေပြီး အခြားသူများကို ဗြောင်ကျကျ ချန်ထားတော့မည်ဖြစ်သည်။ ထိုအခြေအနေက စစ်တပ်မှ တစ်စိုက်မတ်မတ် ပြောဆိုထားသည့် အခြေအနေမျိုး ဖြစ်သည်။

    သို့သော်လည်း ရခိုင်ပြည်နယ်ကိစ္စ၊ ထိုဒေသတွင် စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲမှုများ မြင့်တက်လာခြင်းက ဒေါ်အောင်ဆန်းစုကြည်အတွက် ပိုကြီးသည့် ပြဿနာ ဖြစ်လာပြီး၊ စစ်တပ်အကြီးအကဲနှင့် သူမ၏ ဆက်ဆံရေး တင်းမာမှုမှာ မြင့်တက်လာဖွယ် ရှိနေသည်။ ရခိုင်ပြည်နယ်ရှိ အခြေအနေများမှာ ‘လူထားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု’ ပုံစံ ဖြစ်နေသည်ဟု ဖော်ပြထားသည့် ကုလ၏ နောက်ဆုံးထွက်ပေါ်လာသော အစီရင်ခံစာနှင့်ပတ်သက်၍ ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်က ပါးစပ်မဟ။

    ဒီဇင်ဘာကလည်း သူမမှာ ရခိုင်ပြည်နယ်မှ အခြေအနေများကို အကျဉ်းချုံးတင်ပြရန် အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ရှိကောင်းရှိနိုင်သည်ဟု သူမက ၀န်ခံခဲ့သည်။

    သူမအနေဖြင့် စစ်တပ်အား ထိန်းရမည်ကို နားလည်သော်လည်း မည်ကဲ့သို့ဆောင်ရွက်ရမည်ကို မသိကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ပြောပြခဲ့သည်ဟု အာဆီယံဒေသ အကြီးတန်း သံတမန်ရင်းမြစ်များက ဆိုသည်။

    ထိုအကြောင်းအရင်းများကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့အကြား ဆွေးနွေးစရာများ အများအပြားရှိနေသည်မှာ သံသယရှိစရာမဟုတ်။ လေ့လာဆန်းစစ်သူအများစုကတော့ ၎င်းတို့နှစ်ဦးအကြား ပိုမိုကောင်းမွန်သည့် နားလည်မှုကသာ တိုင်းပြည် ရှေ့ဆက်လျှောက်လှမ်းရန် အကူအညီဖြစ်စေမည်ဟု ယုံကြည်နေကြလေသည်။

    Ref: Bankokpost

    (မြန်မာအရေးကျွမ်းကျင်သူ Larry Jagan ရေးသားပြီး Bangkokpost တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က လွှင့်တင်ထားသည့် Suu Kyi, general try to heal differences ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)