News @ M-Media

Tag: Pollution

  • ကာဗွန်ဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းစေမှု အပေါ် လျော်ကြေး သတ်မှတ်ဖို့ ကမ္ဘာ့ခေါင်းဆောင်များ သဘောတူညီမှုရ

    ကာဗွန်ဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းစေမှု အပေါ် လျော်ကြေး သတ်မှတ်ဖို့ ကမ္ဘာ့ခေါင်းဆောင်များ သဘောတူညီမှုရ

    ဧပြီ ၂၃၊ ၂၀၁၆
    M-Media

    carbon 1

    – ကမ္ဘာကြီးပူနွေးမှုကို တိုက်ဖျက်ရေး အရှိန်မြင့်တင်နိုင်ဖို့အတွက် ကာဗွန်လျော်ကြေးသတ်မှတ်မှုအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရေး ကမ္ဘာ့ခေါင်းဆောင်ခြောက်ဦးနဲ့ အင်အားကြီးနိုင်ငံစုံအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေအကြား သဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

    IMF၊ World Bank၊ OECD အဖွဲ့တို့နဲ့အတူ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ မက္ကဆီကို၊ အီသီယိုပီးယားနဲ့ ချီလီနိုင်ငံတွေက ခေါင်းဆောင်တွေဟာ လေးနှစ်အတွင်း ကမ္ဘာ့ ကာဘွန်ထုတ်လွှတ်မှုရဲ့ ၂၅ ရာခိုင်နှုန်းအတွက် လျောကြေးရယူနိုင်ဖို့ ဖိအားပေးခဲ့ကြပါတယ်။

    ၎င်းတို့က ဆယ်စုနှစ်တစ်ခုအတွင်း ကာဗွန်လျော်ကြေးဟာ ထုတ်လွှတ်မှုအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို ကာမိစေဖို့ တန်ဖိုးသတ်မှတ်ချင်ခဲ့တာပါ။ စက်မှုအကြိုအခေတ်ကထက် မြင့်မားလာတဲ့ ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန်ကို ၂ ဒီဂရီ ဆဲလ်စီးယက်စ် အောက်လောက်သာ ရှိနေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အောင်မြင်ဖို့ဆိုရင် အကောင်အထည်ဖော်မှုတွေကို မြန်မြန်ဆန်ဆန်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုတယ်လို့လည်း အဲဒီ အကြီးအကဲတွေက ပြောကြားခဲ့ပါတယ်။

    ကာဗွန်လျော်ကြေးဆိုတာဟာ ကာဘွန်တွေထုတ်လွှတ်ပြီး သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းအောင်ပြုလုပ်သူတွေကို စရိတ်ကျခံစေဖို့ ရည်ရွယ်တာပါ။ အဲ့ဒီလိုငွေကြေးကုန်ကျနိုင်တဲ့ အစီအစဉ်တွေကနေတဆင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့ လှုံ့ဆော်နိုင်မှာ ဖြစ်ပါတယ်။

    ယခုလက်ရှိမှာ နိုင်ငံပေါင်း ၄၀ နဲ့ မြို့နဲ့ ဒေသပေါင်း ၂၃ ခုလောက်ဟာ ကာဗွန်လျော်ကြေးအတွက် စီမံကိန်းတွေကို လက်ခံကျင့်သုံးနေပြီး အဲ့ဒီပမာဏဟာ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု ၁၂ ရာခိုင်နှုန်းကို ကာမိစေပါတယ်။

    Ref: Arab News

  • လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူမှာ ကမ္ဘာတစ်ဝှမ်း ၃ သန်းကျော်ရှိ

    လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူမှာ ကမ္ဘာတစ်ဝှမ်း ၃ သန်းကျော်ရှိ

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    air

    – လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်း၌ တစ်နှစ်လျှင် လူပေါင်း ၃ သန်းကျော် သေဆုံးနေပြီး အိုဇုန်းနှင့် အမှုန်အမွှားများကဲ့သို့ လေထုညစ်ညမ်းစေသည့် အရာများကို လျော့ချရေး မဆောင်ရွက်ပါက ၂၀၅၀ ခုနှစ်တွင် သေဆုံးသူ အရေအတွက်မှာ ၂ ဆ တိုးလာမည်ဟု သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

    လေ့လာမှုမှ တွေ့ရှိချက်များကို ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့သည့် Nature ဂျာနယ်တွင် ဖော်ပြထားပြီး အာရှနိုင်ငံများတွင် လေထုညစ်ညမ်းရသည့် အကြီးမားဆုံး အကြောင်းအရင်းမှာ နေအိမ်များအား အပူပေးရန်နှင့် ဟင်းချက်ရန်အတွက် အသုံးပြုသည့် မီးသွေးများ လောင်ကျွမ်းခြင်းကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ အမေရိကန်နှင့် ဥရောပတွင်မူ လယ်ယာလုပ်ငန်းများမှ
    ညစ်ညမ်းသော အမှုန်များ ထုတ်လုပ်ခြင်းမှာ အဓိက အကြောင်းအရင်းဖြစ်သည်။

    “ဒီအရေအတွက်က အံ့သြတုန်လှုပ်စရာပါပဲ။ တစ်ချို့နိုင်ငံတွေမှာ လေထုညစ်ညမ်းမှုဟာ သေဆုံးမှုရဲ့ ထိပ်တန်း အကြောင်းအရင်း ဖြစ်နေပါတယ်။ နိုင်ငံတော်တော်များများမှာတော့ ဒါက အဓိက ပြဿနာပါပဲ” ဟု ဂျာမနီ Max Planck ဓာတုဗေဒတက္ကသိုလ်မှ လေ့လာမှုကို ဦးဆောင်ခဲ့သူ ဂျို့စ် လီလီဗဲလ်ဒ်က ပြောကြားခဲ့သည်။

    သေဆုံးသူများမှ ၇၅ ရာခိုင်နှုန်းမှာ လေထဲတွင် မျောလွင့်နေသော အမှုန်များကို ရေရှည် ရှူသွင်းမှုကြောင့် နှလုံးရောဂါနှင့် လေဖြတ်ရောဂါများဖြစ်ပွားကာ သေဆုံးကြခြင်းဖြစ်ပြီး၊ ကျန်သူများမှာ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြင့် သေဆုံးကြခြင်းဖြစ်သည်။

    လေ့လာမှုအရ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ လေထုညစ်ညမ်းမှုအတွက် တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများ ပြဌာန်းခြင်းမရှိလျှင် အဆိုပါ သေဆုံးမှုမှာ လာမည့် ၃၅ နှစ်အတွင် ၆.၆ သန်းအထိ ရောက်ရှိသွားမည်ဟု သိရသည်။

    “လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှု မြင့်တက်လာတာကို ရှောင်ရှားဖို့ဆိုရင် ထိန်းချုပ်မှုလုပ်ငန်းစဉ်တွေကို နှံ့နှံ့စပ်စပ်လုပ်ဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် တောင်အာရှနဲ့ အရှေ့အာရှတွေမှာပေါ့” ဟု လီလီဗဲလ်ဒ်က ပြောကြားခဲ့သည်။

    အဆိုပါသုတေသနကို လေထုအရည်အသွေး တိုင်းတာခြင်း၊ လူဦးရေနှင့် ကျန်းမာရေး ကိန်းဂဏန်း အချက်အလက်များ ကောက်ယူခြင်းတို့ဖြင့် ပေါင်းစပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    Ref: PressTV