News @ M-Media

Tag: Portugal

  • ခရစ္စတီယာနို ရော်နယ်ဒို တင်နိုင်ဖွယ်ရှိနေသည့် စံချိန်သစ် ၁၀ ခု

    ခရစ္စတီယာနို ရော်နယ်ဒို တင်နိုင်ဖွယ်ရှိနေသည့် စံချိန်သစ် ၁၀ ခု

    ဇွန် ၂၀၊ ၂၀၁၈
    M-Media

    ၁။ ကမ္ဘာ့ဖလား ဂိုးသွင်းဘုရင်

    ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင် ၄ ခုမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ဂျာမနီ ဂန္တ၀င်ကစားသမားကြီးတွေဖြစ်တဲ့ ကလိုစေး၊ ယူဝီ ဆီလာ၊ ဘရာဇီးလ် ဘောလုံးသူရဲကောင်း ပီလီတို့နဲ့ စံချိန်တူနေပါတယ်။ ၂ ၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတွေမှာ ၁ ဂိုးစီသာ သွင်းယူနိုင်ခဲ့ပေမယ့် အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာတော့ ရော်နယ်ဒိုဟာ ပွဲဦးထွက်မှာပဲ ဟက်ထရစ် သွင်းယူထားနိုင်ပြီး ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

    ၂။ ကမ္ဘာ့ဖလား ဆွတ်ခူးမှု

    လွန်ခဲ့တဲ့ ၂ နှစ် ပဲရစ်မှာ ပေါ်တူဂီဟာ ပြင်သစ်ကို အနိုင်ရပြီး ဥရောပချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက် ပထမဆုံး နိုင်ငံတကာ ဆုဖလားလည်း ဖြစ်ပါတယ်။ ယူရို ၂၀၁၆ မှာ ရေပန်းမစားဘဲနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီဟာ အခု ကမ္ဘာ့ဖလားမှာလည်း ဒီလို စွမ်းဆောင်နိုင်မလားဆိုတဲ့ စောင့်ကြည့်မှုတွေ ရှိနေပါတယ်။ ရော်နယ်ဒိုကတော့ “ကျွန်တော်တို့ဟာ ရေပန်းစားတဲ့အသင်း မဟုတ်ပေမယ့်၊ ချန်ပီယံဖြစ်နိုင်တဲ့အသင်းပါ” လို့ စပိန်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ၃။ နိုင်ငံတကာအဆင့်တွင် ဂိုးအများဆုံး ဥရောပကစားသမား

    ဒီစံချိန်တင်နိုင်ဖို့ သိပ်မကြာတော့ပါဘူး။ စပိန်နဲ့အဖွင့်ပွဲမှာ ၃ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး ၈၄ ဂိုးအထိ ရှိလာခဲ့ပြီး ဟန်ဂေရီ ဂန္တ၀င်ကစားသမား ဖီရန့်စ် ပွတ်စ်ကက်စ် တင်ထားတဲ့စံချိန်ကို လိုက်မီသွားပြီ ဖြစ်ပါတယ်။ ဒီနေ့ညကစားမည့် မော်ရိုကိုနဲ့ပွဲမှာ နောက်တစ်ဂိုး ထပ်သွင်းလိုက်တာနဲ့ ရော်နယ်ဒိုဟာ နိုင်ငံတကာအဆင့်မှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ ဥရောပ ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်မှာ ဖြစ်ပါတယ်။ (ပေါ်တူဂီဟာ ရော်နယ်ဒိုရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ မော်ရိုကိုကို အနိုင်ရခဲ့ပါတယ်)

    ၄။ အလီဒါအီ၏ နိုင်ငံတကာသွင်းဂိုးစံချိန်

    ပွတ်စ်ကက်စ်ရဲ့ စံချိန်ကို ချိုးနိုင်သွားပြီးတဲ့နောက် ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ဂိုး ၁၀၀ သွင်းနိုင်ရေး ပစ်မှတ်ထားလာပါတယ်။ ဒါဆိုရင်တော့ အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီရဲ့ နိုင်ငံတကာ သွင်းဂိုးစံချိန် ၁၀၉ ဂိုးကို လိုက်မီဖို့လည်း ရှိနေပါတယ်။ လက်ရှိမှာ ၂၅ ဂိုး လိုနေသေးပေမယ့် နောက်ထပ် ၂ နှစ် နိုင်ငံတကာပွဲတွေ ဆက်ကစားမယ်ဆိုရင်တော့ ဒီစံချိန်ကို ချိုးနိုင်မှာ ဖြစ်ပါတယ်။

    ၅။ ချန်ပီယံလိဂ်ဖလား အများဆုံးစံချိန်

    ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ရီးယဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ် ဆွတ်ခူးခဲ့ပြီး မန်ယူနဲ့ တစ်ကြိမ်ရထားတဲ့ ရော်နယ်ဒိုရဲ့ စုစုပေါင်း ချန်ပီယံလိဂ်ဖလား ရရှိမှုဟာ ၅ ကြိမ် ရှိနေပါပြီ။ ရီးယဲလ်အသင်းရဲ့ စပိန်ဂန္တ၀င်ကစားသမား ပါကို ဂျန်တိုဟာ ၁၉၅၆ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ် ရရှိထားပြီး ရော်နယ်ဒိုအနေနဲ့ သူ့စံချိန် လိုက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

    ၆။ ၆ ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား

    ဘာစီလိုနာတိုက်စစ်မှူး မက်ဆီလိုပဲ ရော်ဒိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ၅ ကြိမ် ရရှိထားပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက တွက်ရင် ရော်နယ်ဒိုဟာ ၄ ကြိမ်အထိ ရထားပြီး မက်ဆီကတော့ ၁ ကြိမ်သာ ရရှိထားပါတယ်။ နောက်တစ်ကြိမ်ထပ်ရမယ်ဆိုရင်တော့ ရော်နယ်ဒိုဟာ မက်ဆီကိုကျော်ပြီး ကမ္ဘာ့အကောင်းဆုံး ၆ ကြိမ်ရ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်မှာပါ။ ချန်ပီယံလိဂ်မှာ ရီးယဲလ်နဲ့အတူ ဗိုလ်စွဲပြီး လက်ရှိ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ရင်တော့ ဒီဇင်ဘာမှာ ရော်နယ်ဒိုဟာ ဒီအောင်မြင်မှုကို ရနိုင်မယ့်အနေအထား ရှိနေပါတယ်။

    ၇။ ရီးယဲလ်တွင် ဖလားအများဆုံးရ ကစားသမား

    ရော်နယ်ဒိုဟာ ရီးယဲလ်မှာ ဖလား စုစုပေါင်း ၁၆ လုံးအထိ ရရှိထားပြီး ချန်ပီယံလိဂ် ၄ ကြိမ်၊ ကလပ်အသင်း ကမ္ဘာ့ဖလား တစ်ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ်၊ လာလီဂါ ၂ ကြိမ်၊ ကိုပါဒီရေး ၂ ကြိမ်၊ စပိန် စူပါကိုပါ ၂ ကြိမ်တို့ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးယဲလ်ကစားသမားဟောင်း ပါကို ဂျန်တို ရရှိထားတဲ့ ဖလား ၂၃ လုံး စံချိန်ကို လိုက်နိုင်ဖို့အတွက် နည်းနည်း အလှမ်းဝေးနေပါသေးတယ်။ အသင်းဖော် ဆာဂျီယိုရာမို့စ်နဲ့ ၃ လုံးကွာနေပေမယ့် ရော်နယ်ဒိုဟာ ကလပ်အသင်းအဆင့် စုစုပေါင်း ဖလားရရှိမှုမှာတော့ ရာမို့စ်ထက် ပိုများပြီး မန်ယူမှာတင် ၉ လုံး ရရှိခဲ့ပါတယ်။

    ၈။ ဒီစတီဖာနို၏ သွင်းဂိုးစံချိန်

    ဧပြီလက နျူးကမ့်မှာ ဘာစီလိုနာနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့နိုင်တဲ့ ရော်နယ်ဒိုဟာ ရီးယဲလ် ဂန္တ၀င်ကစားသမား ဒီစတီဖာနို ဘာစီလိုနာနဲ့ပွဲမှာ သွင်းထားတဲ့ ဂိုးအများဆုံး ၁၈ ဂိုးစံချိန်နဲ့ တူသွားခဲ့ပါတယ်။ လာမယ့်နှစ် ရီးယဲလ်မှာ ဆက်ရှိနေပြီး ဘာစီလိုနာနဲ့ပွဲမှာ ဂိုးထပ်သွင်းနိုင်ရင်တော့ ရော်နယ်ဒိုဟာ ဒီစတီဖာနိုရဲ့ စံချိန်ကို ချိုးနိုင်မှာပါ။ မက်ဆီဟာ ရီးယဲလ်နဲ့တွေ့ဆုံမှုမှာ စုစုပေါင်း ၂၆ ဂိုးအထိ သွင်းထားပြီး ဒီစံချိန်ကို ရော်နယ်ဒိုလိုက်နိုင်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်။

    ၉။ ၅ ကြိမ်မြောက် ဥရောပ ရွှေဖိနပ်ဆု

    အရင်နှစ်တွေကနဲ့စာရင် ပွဲစဉ်တွေမှာ ပါဝင်မှု နည်းလာတာကြောင့် ဒီအောင်မြင်မှုကို ရယူဖို့အတွက် နည်းနည်းခက်ခဲပါတယ်။ ဒါပေမယ့် လာမယ့်နှစ်မှာ ဥရောပရဲ့ ဂိုးသွင်းအများဆုံး ဖြစ်လာမယ်ဆိုရင် ရော်နယ်ဒိုဟာ မက်ဆီတင်ထားတဲ့ ဥရောပရွှေဖိနပ်ဆု ၅ ကြိမ်ရရှိတဲ့ စံချိန်ကို မှီသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ၄ ကြိမ် ရရှိထားပြီး ရီးယဲလ်နဲ့ ၃ ကြိမ်၊ မန်ယူနဲ့တစ်ကြိမ် ဖြစ်ပါတယ်။

    ၁၀။ ရီးယဲလ်အတွက် ဂိုး ၅၀၀

    ရီးယဲလ်မက်ဒရစ်မှာ ဂိုးအများဆုံးသွင်းခဲ့ထားတဲ့ တိုက်စစ်မှူး ရာအူးလ်ရဲ့ ၃၂၃ ဂိုးစံချိန်ကို ရော်နယ်ဒိုဟာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ရီးယဲလ်အတွက် ၄၃၈ ပွဲကစားရာမှာ ရော်နယ်ဒိုဟာ ဂိုးပေါင်း ၄၅၀ အထိ သွင်းထားပါတယ်။ နောက်နှစ် ဘာနေဗျူးမှာ ဆက်ရှိနေမယ်ဆိုရင် ရီးယဲလ်အတွက် ဂိုးပေါင်း ၅၀၀ ပြည့်မယ့် အလားအလာ ရှိနေပါတယ်။

    Ref: Goal

  • ရော်နယ်ဒို၏ ဇာတိမှ လေဆိပ်ကို ၎င်းအမည်ပေး

    ရော်နယ်ဒို၏ ဇာတိမှ လေဆိပ်ကို ၎င်းအမည်ပေး

    မတ် ၂၉၊ ၂၀၁၇
    M-Media

    – ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို မွေးဖွားရာ မဒီရာကျွန်းမှ လေဆိပ်ကို ၎င်း၏အမည် ပေးခဲ့ပြီး ရော်နယ်ဒိုကမူ မိမိအနေဖြင့် ဂုဏ်ယူမိသည်ဟု ပြောကြားခဲ့သည်။

    ပေါ်တူဂီနိုင်ငံ အနောက်တောင်ပိုင်းရှိ အဆိုပါကျွန်းမှ လေဆိပ်ကို ရော်နယ်ဒို၏အမည် ပေးမည်ဟု ပြီးခဲ့သည့်နှစ်ကတည်းက ကြေငြာခဲ့ပြီး၊ ယနေ့တွင် နာမည်ပြောင်းလဲမှုအတွက် တရားဝင်အခမ်းအနား ကျင်းပခဲ့သည်။

    ‘ခရစ္စတီယာနို ရော်နယ်ဒို လေဆိပ်’ ဟု အမည်ပေးမှုအပြင် ၎င်း၏ ဦးခေါင်းပုံ ရုပ်ထုကိုလည်း ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ ရော်နယ်ဒိုကိုယ်တိုင် တိုက်ရောက်ခဲ့သည်။

    “ဒီနေရာမှာ ကျွန်တော့်ကို ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလေဆိပ်ကို ကျွန်တော့်နာမည်ပေးတာ မြင်ရတာဟာ တော်တော်လေးကို ထူးခြားတဲ့ ကိစ္စပါ။ ကျွန်တော့်တိုင်းပြည်အတွက်၊ အထူးသဖြင့် ကျွန်တော့် မွေးရပ်မြေအတွက် ကျွန်တော် ဂုဏ်ယူတယ်ဆိုတာ လူတိုင်းက သိကြပါတယ်။ ဒီလို လုပ်ဖို့အတွက်
    မယိမ်းယိုင်ဘဲ သတ္တိရှိခဲ့တဲ့ ပြည်နယ်အစိုးရ အကြီးအကဲ မီဂွဲလ် အလ်ဘူကာကွီကိုလည်း ကျွန်တော် ကျေးဇူး အထူးတင်ရှိပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    မဒီရာကျွန်း၏ မြို့တော်ဖြစ်ပြီး ရော်နယ်ဒိုမွေးဖွားရာ ဖန်ချဲလ်မြို့တွင်လည်း ရောနယ်ဒို၏ ရုပ်ထုကို ထုလုပ်ဂုဏ်ပြုထားသည်။

    ယခုကဲ့သို့ အမည်ပေးမှုအတွက် ဒေသတွင်းရှိ အချို့သော နိုင်ငံရေးသမားများက ကန့်ကွက်ခဲ့ကြပြီး ရော်နယ်ဒိုကမူ စွန့်လွှတ်မှု၊ ဂုဏ်ရှိမှုနှင့် စိတ်နှစ်မြှုပ်မှုတို့ဖြင့် ပေါ်တူဂီ၊ အထူးသဖြင့် မဒီရာဒေသကို ဂုဏ်တက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပေါ်တူဂီ ရှုံးထွက်ဖလား ရခဲ့သည့် စပို့တင်း လစ္စဘွန်း အသင်းကို နာနီချီးကျူး

    ပေါ်တူဂီ ရှုံးထွက်ဖလား ရခဲ့သည့် စပို့တင်း လစ္စဘွန်း အသင်းကို နာနီချီးကျူး

    ဇွန် ၁၊ ၂၀၁၅
    M-Media

    nani

     မည်သူမှ ထင်မှတ်မထားသည့် အခြေအနေမှ ရုန်းထနိုင်ခဲ့ကာ ပေါ်တူဂီ ရှုံးထွက်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် အသင်း၏ စွမ်းဆောင်ရည်ကို ကွင်းလယ်လူ နာနီက ချီးကျူးလိုက်သည်။

    ယမန်နေ့က ဘရာဂါအသင်းနှင့် ဗိုလ်လုပွဲတွင် စပို့တင်း လစ္စဘွန်း အသင်း မှာ ၁၆ မိနစ်၌ ပင်နယ်တီဖြင့် ဦးဆောင်ဂိုး ပေးခဲ့ရပြီး နောက်ခံလူ စီဒရစ်လည်း အထုတ်ခံခဲ့ရသည်။ ထို့ပြင် သိပ်မကြာမီမှာပင် ဘရာဂါက ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ၁၉၆၆ ခုနှစ်နောက်ပိုင်း အသင်း၏ ပထမဆုံး ပေါ်တူဂီရှုံးထွက်ဖလားကို ရရှိရန် အခြေအနေကောင်းခဲ့သည်။

    သို့သော်လည်း စပို့တင်း လစ္စဘွန်း အသင်း၏ တိုက်စစ်မှူး အစ္စလာမ် စလီမာနီက ၈၄ မိနစ်တွင် အသင်းအတွက် ပထမချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဖရက်ဒီ မွန်တီရိုက နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ဒုတိယချေပဂိုး သွင်းပေးနိုင်ခဲ့သည်။

    ထို့ကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိသောကြောင့် ပင်နယ်တီ ကန်သွင်းခဲ့ရာ စပို့တင်း လစ္စဘွန်း က ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ၁၆ ကြိမ်မြောက် ပေါ်တူဂီရှုံးထွက်ဖလားကို ဆွတ်ခူးရရှိခဲ့သည်။

    “ဒီလိုအနိုင်မျိုးဟာ အောင်မြင်မှုကို ပိုပြီး ချိုမြိန်စေပါတယ်။ ထူးထူးခြားခြားလည်း ခံစားရပါတယ်။ ဒီပွဲဟာ စောင့်ကြည့်ဖို့ကောင်းတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အစကတည်းက ကျွန်တော်တို့ တစ်ယောက်လျော့သွားတယ်။ ဘယ်သူမှ ကျွန်တော်တို့ ဒီလိုလုပ်နိုင်မယ်လို့ မထင်ခဲ့ပါဘူး” ဟု နာနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    နာနီမှာ မန်ယူမှ စပို့တင်း လစ္စဘွန်း သို့ တစ်နှစ်အငှားဖြင့် ပြောင်းရွှေ့ကစားနေသူဖြစ်ပြီး ယခုရာသီကုန်တွင် ပြည့်မည်ဖြစ်သည်။ ဘရာဂါ နည်းပြကမူ ထိုပွဲအရှုံးက ခါးသီးခဲ့ပြီး စပို့တင်း၏ အနိုင်ရမှုကို လက်မခံနိုင်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal