News @ M-Media

Tag: president office

  • “မိတ္ထီလာခရိုင်ကို အရေးပေါ် အခြေအနေကြေညာ”

    မတ်လ ၂၂၊ ၂၀၁၃

    U Thein Seinမတ်လ ၂၁ ရက်နေ့မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းအဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊သာစည်၊ဝမ်းတွင်းမြို့တွေမှာ အရေးပေါ်အခြေအနေအဖြစ် နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

    မိတ္ထီလာမြို့မှာ ဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်မှုတွေကို ဖြေရှင်းရာမှာ တပ်မတော်ရဲ့ အကူအညီကို ရယူရမယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ နေ့လည်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နိုင်ငံတော်သမ္မတရုံး
    ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
    ၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်
    (၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)
    အရေးပေါ်အခြေအနေကြေညာခြင်း

    ၁။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။

    ၂။ သို့သော်လည်း ဆူပူအကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ရုံဖြင့် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင် ပေးနိုင်စေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌဌာန်းချက်အရ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင် မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာ လိုက်သည်။

    ၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါ ပြဌာန်းချက်အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

    ၄။ ဤအမိန့်သည် ယနေ့မှစ၍ နောက်အမိန့် တစ်စုံတစ်ရာထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။

    ၅။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။

    (ပုံ) သိန်းစိန်
    နိုင်ငံတော်သမ္မတ
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    source:သမ္မတရုံး website

  • ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း

    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း

    ဒီဇင်ဘာ ၁၊၂၀၁၂
    နေပြည်တော်

     

    ဒေသခံများနှင့် သံဃာတော် များ၏ ကန့်ကွက် ဆန္ဒပြမှု နှင့် ရင်ဆိုင် ခဲ့ရသော လက်ပံတောင်းတောင် စီမံကိန်း နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်  ဖွဲ့စည်းခဲ့သည်။

    အဆိုပါ ကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၃ဦး၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များ၊ ဌာန ဆိုင်ရာ အရာရှိကြီးများ သာမက မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်မှ ကိုယ်စားလှယ် တစ်ဦးနှင့် ကြေးနီ စီမံကိန်း ဒေသခံ ရွာသား သုံးဦး ကိုပါ ပါဝင်ဖွဲ့စည်း ပေးခဲ့သည်ကို တွေ့ရှိ ရသည်။

    အဆိုပါ စုံစမ်းရေး ကော်မရှင် အနေဖြင့် ကြေးနီ စီမံကိန်းကြောင့် နိုင်ငံတော် အတွက် အကျိုး ရှိ မရှိ၊ ကြေးနီ စီမံကိန်းအား ဆက်လက် ဆောင်ရွက်ရန် သင့် မသင့် နှင့် စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒ ဖော်ထုတ်ရသည့် အကြောင်းရင်း များ၊ ဆန္ဒဖော်ထုတ်မှု အပေါ် ထိန်းသိမ်း ဆောင်ရွက်မှုနှင့် ထိခိုက် ဒဏ်ရာ ရရှိမှု အပေါ် သုံးသပ်ချက် နှင့် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ စသည့် အချက်များကို ဒီဇင်ဘာ ၃၁ရက်နေ့ နောက်ဆုံး ထားပြီး နိုင်ငံတော် သမ္မတ  ထံသို့ တင်ပြ ရမည် ဖြစ်ကြောင်း ယင့် အမိန့်စာတွင် ဖော်ပြသည်။

    ကြေငြာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နိုင်ငံတော်သမ္မတရုံး
    အမိန့်ကြော်ငြာစာ
    အမှတ်၊ ၉၂/ ၂၀၁၂

    ၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်
    (၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်)

    စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း

    ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်အတွက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

    (က) ဒေါ်အောင်ဆန်းစုကြည်          ဥက္ကဋ္ဌ

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်

    (ခ) ဦးလွန်းသီ အဖွဲ့ဝင်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်

    (ဂ) ဦးသန်းမြင့် အဖွဲ့ဝင်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်

    (ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်

    (င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင်

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

    မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ်

    (စ) ဦးခင်မောင်ရီ အဖွဲ့ဝင်

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

    ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် (၆) မဲဆန္ဒနယ်

    (ဆ) ဦးအောင်ကြည်ညွန့် အဖွဲ့ဝင်

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

    မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) မဲဆန္ဒနယ်

    (ဇ) ဦးခင်မောင်ဆွေ အဖွဲ့ဝင်

    ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

    (ဈ) ဦးမျိုးညွန့် အဖွဲ့ဝင်

    အထွေထွေအတွင်းရေးမှူး

    ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ

    (ည) ဒေါက်တာဝင်းမောင် အဖွဲ့ဝင်

    Chairman, Myanmar Environmental Institute

    (ဋ) ဦးကျော်တင့်ဆွေ အဖွဲ့ဝင်

    သံအမတ်ကြီး (ငြိမ်း)

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

    (ဌ) ဦးမောင်မောင်အေး အဖွဲ့ဝင်

    Senior Consultant on Social Assessment

    Myanmar Environmental Institute

    (ဍ) ဦးစိုးသိန်း (ခ) မောင်ဝံသ အဖွဲ့ဝင်

    စာရေးဆရာ

    (ဎ) ဦးဝင်းထိန် အဖွဲ့ဝင်

    ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန

    သတ္တုတွင်းဝန်ကြီးဌာန

    (ဏ) ဦးမြင့်ဆွေ အဖွဲ့ဝင်

    ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန

    လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

    (တ) ဦးတင်မြင့် အဖွဲ့ဝင်

    ဒုတိယညွှန်ကြားရေးမှူးချုပ်

    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန

    (ထ) ဦးလှမောင်သိန်း အဖွဲ့ဝင်

    ဒုတိယညွှန်ကြားရေးမှူးချုပ်

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

    (ဒ) ဒေါက်တာဒေါ်ကေသီလွင် အဖွဲ့ဝင်

    ပါမောက္ခချုပ် (တာဝန်)၊ နည်းပညာတက္ကသိုလ် (သံလျင်)

    သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန

    (ဓ) ဒေါက်တာဒေါ်မာလာအောင် အဖွဲ့ဝင်

    ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်

    ပညာရေးဝန်ကြီးဌာန

    (န) ဦးအောင်နိုင်ဦး အဖွဲ့ဝင်

    Myanmar Peace Center

    (ပ) ဦးပေါ်ဦးထွန်း (ခ) မင်းကိုနိုင် အဖွဲ့ဝင်

    (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့

    (ဖ) ဦးကိုကိုကြီး အဖွဲ့ဝင်

    (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့

    (ဗ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင်

    ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန

    ကျန်းမာရေးဝန်ကြီးဌာန

    (ဘ) ဦးနေဦး အဖွဲ့ဝင်

    ဒုတိယညွန်ကြားရေးမှူး

    စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

    ပြည်ထဲရေးဝန်ကြီးဌာန

    (မ) ဦးဝင်းကြည် အဖွဲ့ဝင်

    ဌာနကြီးမှူး၊ ထုတ်လုပ်မှုလုပ်ငန်းများဌာနကြီး

    မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်

    (ယ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း အဖွဲ့ဝင်

    ကာကွယ်ရေးဝန်ကြီးဌာန

    (ရ) ဦးဗိုလ်သန်း အဖွဲ့ဝင်

    ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု

    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

    (လ) ဦးအောင်ဇော်ဦး အဖွဲ့ဝင်

    ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု

    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

    (ဝ) ဦးဘိုဌေး အဖွဲ့ဝင်

    တုံရွာမ၊ တုံကျေးရွာအုပ်စု

    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

    (သ) ဦးစစ်မြိုင် အတွင်းရေးမှူး

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

    ၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည်-

    (က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊

    (ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊

    (ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုး ရှိ/ မရှိ၊

    (ဃ) ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ၊

    (င) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာ တော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊

    (စ) ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်/ မသင့်၊

    (ဆ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊

    (ဇ) ကော်မရှင်၏ အထွေထွေ သုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။

    ၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေးကိစ္စများအား သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဖြည့်ဆည်း ပေးရမည်။

    ၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် အရောက် အစီရင်ခံတင်ပြရမည်။

    ပုံ

    သိန်းစိန်

    နိုင်ငံတော်သမ္မတ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

  • ပြည်ထောင်စု အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

    ပြည်ထောင်စု အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်းအမိန့်ကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ (၈၁/၂၀၁၂) တွင် ဖော်ပြသည်။

    ထူးခြားချက်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး အသစ်တက်လာသည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆိုရှယ်မီဒီယာ အသုံးပြုပြီး သမ္မတရုံးသတင်းများ အများဆုံးဖြန့်ဝေခဲ့ပြီး  ပြည်ပမီဒီယာများနှင့် တွေ့ဆုံမှု့အများဆုံးပြုလုပ်ပြိး သတင်းပြန်ကြားမှု့များ ပြုလုပ်ခဲ့သည့် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး (ကလောင်အမည် မှူးဇော်) မှာ သတင်းထုတ်ပြန်ရေးအဖွဲ့တွင် ပါဝင်လာခြင်းမရှိတာကို တွေ့ရှိရပါတယ်။

    သတင်းထုတ်ပြန်ရေးအဖွဲ့ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ အပြည့်အစုံကို အောက်ပါအတိုင်းဖြစ်သည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    ပြည်ထောင်စုအစိုးရအဖွဲ့
    အမိန့်ကြော်ငြာစာ
    အမှတ်၊ ၈၁ /၂၀၁၂

    ၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်
    (၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)

    သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

    ၁။နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ” သတင်းထုတ်ပြန်ရေး အဖွဲ့”ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

    (က)ဦးအောင်သိမ်း ၊ဒုတိယဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန အဖွဲ့ခေါင်းဆောင်
    (ခ) ဦးရဲမင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သမ္မတဦးစီးရုံး၊ အဖွဲ့ဝင်
    (ဂ)ဦးရဲနိုင်၊ အထွေထွေမန်နေဂျာ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အဖွဲ့ဝင်
    (ဃ)ဦးမိုးကျော်အောင် ၊ညွှန်ကြားရေးမှူး၊ နိုင်ငံတော်သမ္မတရုံး၊ အဖွဲ့ဝင်
    (င)ဦးအောင်စိုးသိန်း ၊ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အဖွဲ့ဝင်
    (စ)ဦးဉာဏ်ထွန်း ၊ညွှန်ကြားရေးမှူး၊ နိုင်ငံတော်သမ္မတရုံး၊ အတွင်းရေးမှူး

    ၂။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်၊
    (ခ)အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူ ပြုလုပ်ပေးရန်၊
    (ဂ)သတင်းထုတ်ပြန်ချက် (Press Statement) များ ထုတ်ပြန်ပေးရန်၊
    (ဃ)ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive Media) လုပ်ငန်းနှင့် တုံ့ပြန် မီဒီယာ (Reactive Media) လုပ်ငန်းများ ဆောင်ရွက်ရန်၊
    (င)ပြည်တွင်းပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ သတင်းဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ချိရန်၊
    (စ)ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူ ပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရန်။

    (ပုံ) ဇော်သန်းသင်း၊
    အတွင်းရေးမှူး
    ပြည်ထောင်စုအစိုးရအဖွဲ့