News @ M-Media
Tag: Pyawbwe
  • ဘာသာရေး အသုံးချ စည်းရှုံးလှုံ့ဆော်သူ လင်မယား အရေးယူခံရ
    ဘာသာရေး အသုံးချ စည်းရှုံးလှုံ့ဆော်သူ လင်မယား အရေးယူခံရ
    နိုဝင်ဘာ ၁၉ ၊ ၂၀၁၅
    မေသန္တာမျိုး
    .12278735_496476763856949_469226572134746750_n
    မန္တလေး။        ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ် ခွင့်မပြုတော့သည့် နိုဝင်ဘာ(၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြိး ပျော်ဘွယ်မြို့နယ်၌ အစ္စလာမ်ဘာသာဝင် တို့၏ မြန်မာပြည်သိမ်းပိုက်ရေး စီမံချက်(စ/ဆုံး) ခေါင်းစဉ်ပါ တရားမဝင်စာရွက် နှစ်ရွက်အား ကိုင်ဆောင်၍  စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်ခဲသူ လင်မယားအား နိုဝင်ဘာလ (၁၈) ရက်နေ့ ၊နေ့လည်(၁၂း၀၅) အချိန်တွင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံက သိရသည်။
    .
    ဖြစ်စဉ်မှာ နိုဝင်ဘာ(၇) ရက်နေ့ ညနေ(၅း၃၀) အချိန်က ပျော်ဘွယ်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု၊ စံပါယ်ကုန်းကျေးရွာ တွင် ဦးပေါ်မှင် (၆၀) နှစ် နှင့် ၄င်း၏ ဇနီး ဒေါ်နု(၆၁) နှစ် တို့သည် အစ္စလာမ် ဘာသာဝင်တို့၏ မြန်မာပြည် သိမ်းပိုက်ရေး စီမံချက်(စ/ဆုံး) ခေါင်းစဉ်ပါ တရားမဝင်စာရွက် နှစ်ရွက် (ထုတ်ဝေသူအမည်/ နေရပ်လိပ်စာ မပါ) အား ကိုင်ဆောင်၍ တစ်အိမ်ဝင် တစ်အိမ်ထွက်သွားရောက်ကာ NLD ပါတီအားမဲထည့်လျှင် အစ္စလာမ်ဘာသာဝင်တို့၏ စော်ကားခြင်း ခံရမည်ဖြစ်ကြောင်းနှင့် ပြည်ခိုင်ဖြိုး ပါတီအား မဲထည့်ရန် စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။
    .
    ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ အဆိုပါကျေးရွာနေ NLD ပါတီဝင် ၊ အမှတ်(၅) မဲရုံကိုယ်စားလှယ် ဦးစံလှ (၃၈)နှစ် က တိုင်တန်း၍ ဦးပေါ်မှင် ဒေါ်နု တို့အား ပျော်ဘွယ်မြို့မ ရဲစခန်းတွင် (ပ) ၃၆၅/ ၂၀၁၅ ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ) အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက သိရသည်။
    .
    ၂၀၊၁၁၊ ၂၀၁၅ ထုတ် မန္တလေးအလင်း နေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်။
    Image via-ko aung tun FB
  • ပျော်ဘွယ်မှ ဗလီခိုးဆောက်မှု သတင်းမှာ အစွန်းရောက်များ၏ လိမ်ညာ ဝါဒဖြန့်သည့် သတင်းအမှားသာဖြစ်
    ပျော်ဘွယ်မှ ဗလီခိုးဆောက်မှု သတင်းမှာ အစွန်းရောက်များ၏ လိမ်ညာ ဝါဒဖြန့်သည့် သတင်းအမှားသာဖြစ်
    ဇွန် ၂၅ ၊ ၂၀၁၅
    M-Media
    သတင်း-ဖြိုးသူရ
    Pyaw Bwel Case
    သတင်းအမှားများကို ပုံစံ အမျိုးမျိုး ဖြင့် လှုံ့ဆော်ရေးသားခဲ့မှုများ
    လွန်ခဲ့တဲ့ ရက်သတ္တပတ်များ အတွင်း မန္တလေးတိုင်း၊ပျော်ဘွယ်မြို့ ပြည်သာယာ ကွက်သစ်တွင် ဗလီခိုးဆောက်နေသည့်ဟူ၍ လည်းကောင်း၊ အာရဗီ တက္ကသိုလ်ကို ခွင့်ပြုမိန့် မရှိဘဲ တိုးချဲ့နေကြောင်း၊ ၄င်းအဆောက်အအုံများမှာ ခွင့်ပြုချက် မရှိဘဲ ဖွင့်လှစ်ထားတာဖြစ်ကြောင်း၊ မက္ကာပြန် ၊ OIC စသည့် အသုံးအနှုန်းများဖြင့် တန်ဆာဆင် ရေးသားထားသည့် ပိုစ်များ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာတာကို တွေ့ရပါတယ်။ အဆိုပါ ပိုစ်များ ဖြန့်ဝေသည့် FB အကောင့်များမှာ မ.ဘ.သ အမည်နှင့် အကောင့်များ၊ အမျိုးသားရေးသမား လှုပ်ရှားသူများဟု ဆိုကာ အစ္စလာမ်ဆန့်ကျင်ရေး လုပ်ဆောင်နေသည့် FB အကောင့်များဖြစ်သည်ကို တွေ့ရှိရပါတယ်။
    ညွှန်း- [https://goo.gl/yjiPev] [https://goo.gl/ebvVCa]
    .
    အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သတင်းဖြစ်စဉ် အမှန်ကို သိရှိရဖို့ အတွက် M-Media မှ စုံစမ်းခဲ့ပါတယ်။ စုံစမ်း သိရှိခဲ့သမျှမှာ
    .
    ပျော်ဘွယ်မြို့နယ်တွင် ဆံပင်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သော (တရုတ်နွယ် မွတ်စလင်မ် ) ပန်းသေး မိသားစုသည် ပျော်ဘွယ်မြို့မှ မန္တလေးဘက် အထွက် ရွာတစ်ရွာတွင် ခြံတစ်ခြံ ဝယ်ယူခဲ့ပါတယ်။ ရောင်းသူ ဝယ်သူနှစ်ဦး သဘောတူ ရောင်းဝယ်ပြီးကာမှ ခြံရောင်းသူ (ဗုဒ္ဓဘာသာဝင်) ကိုယ်တိုင်ကပင် ရွာဘုန်းတော်ကြီးကို ထိုခြံတွင် မွတ်စလင်မ်များ လာရောက်နေထိုင် လုပ်ကိုင်ကြမှာဖြစ်ကြောင်း ပြဿနာ ရှာတိုင်ကြားသည့် ပုံစံမျိုးဖြင့် သွားရောက် လျှောက်ထားခဲ့ကြောင်း သိရပါတယ်။
    .
    .
    ထို့ကြောင့် အာရဗီကျောင်း ဗလီဝတ်ကျောင်းဆောက်လုပ်ခြင်း မဟုတ်ကြောင်း ဖြေရှင်းခဲ့သည့်အခါ ထိုယိုးစွပ်မှုဖြင့် ပြဿနာရှာ၍ မရနိုင်တော့ကြောင်း၊ ပန်းသေးမိသားစုသည် အဆိုပါခြံနှင့် အိမ်အဆောက်အဦး ဆောက်လုပ်ရာတွင် သက်ဆိုင်ရာတို့နှင့် နားလည်မှုယူကာ စည်ပင်အား အဆောက်အဦး ပုံစံတင်ထားသည်ထက် ပေပို ဆောက်လုပ်မှုများ လုပ်ခြင်း ရှိခဲ့ကြောင်း သိရပါတယ်။ မကျေနပ်သေးသော ၉၆၉ အမာခံနှင့် သံပန်းလုပ်ငန်းရှင်တို့သည် ပထမ ယိုးစွပ်ပြဿနာရှာမှု မအောင်မြင်သဖြင့် ပေကျော်ဆောက်လုပ်မှုကို အစဆွဲ ဖော်ထုတ် တိုင်ကြားခဲ့ကြပါတယ်။
    .
    .
    “ပန်းသေးတွေက မန္တလေးအထွက်နားက ရွာမှ အရင် ခြံဝယ်တယ်။ ရောင်းတဲ့သူက ဗုဒ္ဓဘာသာဝင်။ အဲ့ဒီသူ ကိုယ်တိုင်ကပဲ ငွေချေပြီး ငွေယူပြီးကာမှ ရွာဘုန်းကြီးကို သွားလျှောက်တယ်။ မွတ်စလင်မ်တွေ လာနေတော့မယ် ဘာနဲ့ပေါ့။ ကြည်ဖြူရောင်းဝယ်ကြပြီးမှ ငွေယူပြီးမှ သက်သက်ညစ်တာပေါ့။ အဲ့ဒါနဲ့ သူတို့လည်း ရှုပ်တယ် ပြဿနာဖြစ်တယ်ဆိုပြီး ပြည်သာယာထဲ မှာ ပြောင်းဝယ်တယ်။ အိမ်က ဆောက်တာ တော်တော်ကြီးတယ်။ သံပန်းလုပ်ဖို့ နှစ်ယောက်ကို ဈေးဆိုင်တယ်။ တစ်ယောက်ကို ရွေးလိုက်တယ်။ နှစ်ယောက်လုံးက ဗုဒ္ဓဘာသာပဲ။ လုပ်ငန်းမရတဲ့ တစ်ယောက်က မကျေနပ်ဘဲ ၉၆၉တွေနဲ့ပေါင်းပြီး ပြဿနာရှာတယ်။ အဆောက်အဦးက ထုထည်ကြီးတော့ အရဗီကျောင်းခိုးဆောက်တယ်၊ ဗလီခိုးဆောက်တယ် ဆိုပြီး ပြဿနာလုပ်တယ်။ ဟုတ်မှ မဟုတ်တာ၊ အိမ်ဆောက်တာကိုး။ အဲ့တော့ မဟုတ်ကြောင်းရှင်းတော့ မကျေနပ်ကြဘူး။ အဲ့ဒီစွဲချက်နဲ့လည်း ပြဿနာဆက်ရှာလို့ မရတော့ဘူး။  မရရအောင် ပြဿနာလုပ်မယ်ဆိုပြီး ပေပိုဆောက်တာကို အစစွဲပြီး ပြဿနာလုပ်ကြတာ။ အဲ့ဒီမိသားစုကလည်း နားလည်မှုယူထားပြီး ပေပိုဆောက်ထားတယ်။ အဲ့တော့ သက်ဆိုင်ရာက ပေပိုဆောက်နေတာတွေ အားလုံးပြန်ဖျက်ပေးဖို့ အမိန့်ချတယ်။ ဒါပါပဲ။”
    .
    ၂၀၁၂ နှစ်လယ်ပိုင်းလောက်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစ္စလာမ်ဘာသာနှင့် နိုင်ငံသား မြန်မာမွတ်စလင်မ်တို့ အပေါ် တစ်ဖက်သတ် မုန်းတီးရေးဖြန့်ချီခြင်းများ အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့မှုများကို အာဏာပိုင် အစိုးရက ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်း မရှိပေ။ ပျော်ဘွယ်မြို့တွင်လည်း ၉၆၉ လှုပ်ရှားမှုများရှိနေပြီး မြို့ခံမွတ်စလင်မ်များကို ပြဿနာရှာလိုမှု အချို့ရှိနေသော်လည်း ငြိမ်းချမ်းမှု လိုလားသူ ဘာသာပေါင်းစုံ မြို့ခံ အများစုကြီးမှာ အေးချမ်းသင့်မြတ်စွာဖြင့် သွားလာလုပ်ကိုင်နေကြကြောင်း စုံစမ်းသိရှိရပါတယ်။
    .
    ပျော်ဘွယ်မြို့ပေါ်တွင် ဗလီဝတ်ကျောင်းတော် ၈ ခုရှိပြီး တစ်မြို့လုံးတွင် မွတ်စလင်မ်ဦးရေ သောင်းကျော်ရှိကြောင်း သိရှိရပါတယ်။