News @ M-Media

Tag: Pyithu_Hluttaw

  • ဘာသာရေးကိစ္စ ရောယှက်မေးမြန်းသည့် လွှတ်တော်အမတ် မေးခွန်းဆက်မေးခွင့် ရုပ်သိမ်းခံရ

    ဘာသာရေးကိစ္စ ရောယှက်မေးမြန်းသည့် လွှတ်တော်အမတ် မေးခွန်းဆက်မေးခွင့် ရုပ်သိမ်းခံရ

    နေပြည်တော်(ဖေဖော်ဝါရီ ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ လွှတ်တော်အမတ်တစ်ဦးက မေးခွန်းမေးမြန်းစဉ် ဘာသာရေးကိစ္စ ပါဝင်နေသည့်အတွက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မေးခွန်းဆက်မေးခွန်း ရုပ်သိမ်းလိုက်သည်။

    ဖေဖော်ဝါရီ ၉ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမြို့နယ်အမတ် ဦးမောင်မြင့် မေးမြန်းသည့် “စက်မှုလယ်ယာသို့ အလုံးစုံမကူးပြောင်းမီတွင် ခိုင်းကျွဲ၊ ခိုင်းနွား သတ်ဖြတ်မှုကို ထိန်းချုပ်မည့် အစီအစဉ်ရှိ၊မရှိ နှင့် ခိုင်းကျွဲ၊ ခိုင်းနွားများ လုံလောက်မှု ရှိစေရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးခွန်း” အား လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြန်လည်ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

    အစည်းအဝေးအစီအစဉ်(ဂ)တွင် ပါဝင်သည့် ဦးမောင်မြင့်၏ မေးခွန်း မေးမြန်းမှု မစတင်မီ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “ကိုယ်စားလှယ်တစ်ဦးရဲ့ အခွင့်အရေးမဆုံးရှုံးအောင် လွှတ်တော်နည်းဥပဒေ ၁၄၁(ဈ)မှာပါတဲ့ စည်းကမ်းချက်များအတိုင်းမေးပါ။ ဘာသာ၊ သာသနာ ရောယှက်ပြီး မေးမြန်းခြင်းမပြုရဆိုတဲ့ အချက်ကို လေးစားလိုက်နာပေးဖို့ အသိပေးပြောကြားလိုပါတယ်” ဟု ကနဦး ပြောဆိုခဲ့သည်။

    ယင်းနောက် စက်မှုဝန်ကြီးဟောင်းဖြစ်သူ လွှတ်တော်အမတ် ဦးမောင်မြင့်က လွှတ်တော်တွင် မေးမြန်းခဲ့ရာ “အေးခဲ အမဲသားတွေ တရားမ၀င်တင်ပို့နေမှု၊ ကျွဲ၊ နွားမှောင်ခိုတွေ ပြည်ပကို တရားမ၀င်တင်ပို့နေမှု၊ ‘အိဒ်’ နေ့မှာ တရားဝင်ခွင့်ပြုကျွဲနွားထက်ပိုမိုသတ်ဖြတ်နေမှုများ ဖြစ်ပေါ်နေတယ်လို့ကြားသိရပါတယ်” ဟု ပြောဆိုသည်။

    ဦးမောင်မြင့်က အထက်ပါအတိုင်း ပြောဆိုမှုအပြီးတွင် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဒုတိယအကြိမ် ထပ်မံ အသိပေးခဲ့သည်။

    “ဘာသာ၊ သာသနာကို ရောယှက် မပြောပါနဲ့။ ကျွဲနွားသတ်ဖြတ်တဲ့ စာရင်းပဲ မေးပါ” ဟု ဦးဝင်းမြင့်က ပြောသည်။

    ထိုသို့ နှစ်ကြိမ်မြောက် အသိပေးမှုအပြီးတွင် ဦးမောင်မြင့်က “မှန်ပါတယ်။ ဒီမှာ ကျွန်တော်တို့က ကျွဲ၊ နွား ဖြုန်းတီးမှုအတွက်ကို ကျွန်တော်တို့က ‘အိဒ်’ နေ့မှာ” ဟု ဆက်လက်ပြောဆိုစဉ် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “အဲ့ဒါဆိုလို့ရှိရင်တော့ ဒီမေးခွန်းကို လွှတ်တော်ဆိုင်ရာနည်းဥပဒေ(၁၄၁)အရ ဒီမေးခွန်းကို ကျွန်တော်ဆက်ပြီး ခွင့်မပြုနိုင်ပါဘူး။ ရိုးရိုးတန်းတန်း မေးလို့ရပါတယ်။ အဲ့ဒါဆို ကျွန်တော် ဒီမေးခွန်းကို ခွင့်မပြုပါဘူး” ဟု ပြောကာ မေးခွန်းကို ရုပ်သိမ်းခဲ့သည်။

    “တကယ်တော့ ဘာသာရေးကို ပြောတာမဟုတ်ဘူး။ ဒီကဏ္ဍမှာ များများသတ်နေလို့ ဦးတို့က များများပြောတာ။ အဲ့တော့ များများမသတ်ရင် ပြောစရာအကြောင်း မရှိဘူး” ဟု ဦးမောင်မြင့်က အစည်းအဝေးရပ်နားစဉ် မီဒီယာများကို ပြောသည်။

     

    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။

    http://www.mizzimaburmese.com/article/23354

  • လျှပ်စစ် ပိုထုတ်နိုင်ရန် သဘာဝ ဓာတ်ငွေ့ရောင်းချမှု ထိန်းချုပ်ရေး ဥပဒေ မူကြမ်းကို လွှတ်တော်သို့ တင်သွင်းမည်

    လျှပ်စစ် ပိုထုတ်နိုင်ရန် သဘာဝ ဓာတ်ငွေ့ရောင်းချမှု ထိန်းချုပ်ရေး ဥပဒေ မူကြမ်းကို လွှတ်တော်သို့ တင်သွင်းမည်

    အောက်တိုဘာ ၁၅ ၊ ၂၀၁၄
    M-Media

    oil-and-gas-pipeline-300x231
    ကျောက်ဖြူ မှ တရုတ်သို့ သွယ်တန်းထားသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း

    – ပြည်တွင်းလျှပ်စစ်စွမ်းအား တောင်းဆိုမှုကို ဖြည့်တင်းပေးရန် ကြိုးစားနေသော မြန်မာနိုင်ငံတွင် လျှပ်စစ်ထုတ်လုပ်ရေး အတွက် အသုံးပြုနိုင်သည့် သဘာဝဓာတ်ငွေ့ ရောင်းချမှုကို ထိန်းချုပ်ရန် ရည်ရွယ်သော ဥပဒေမူကြမ်းတစ်ခုကို လွှတ်တော်သို့ တင်သွင်းမည်ဟု သိရသည်။

    အဆိုပါ ဥပဒေမူကြမ်းကို စွမ်းအင်ဝန်ကြီးဌာနက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးရန်နှင့် အတည်ပြုရန်အတွက် ယခုတစ်ကြိမ်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းရန် စီစဉ်နေသည်။

    ထိုဥပဒေမူကြမ်း၌ ၂ နှစ်ကျော် အချိန်ကာလအတွင်း တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထောက်ပံ့နိုင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်မှထွက်သော ဓာတ်ငွေ့များကို လျှင်စစ်ဓာတ်အား ထုပ်လုပ်ရေးအတွက် အသုံးချရန် တိုက်တွန်းထားသည်။

    နိုင်ငံအတွင်း စီးပွားရေးတိုးတက်လာမှုကြောင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာလည်း မြင့်တက်လာပြီး လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရန် လိုအပ်လာသည်။

    လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ဖွံ့ဖြိုးလာစေရန်အတွက် မြန်မာနိုင်ငံမှာ ယခုလအစောပိုင်းတွင် ထိုင်းနိုင်ငံနှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန်အတွက်လည်း ဂျပန်မှ Marubeni ကော်ပိုရေးရှင်းနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည်။

    အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့ကလည်း မြန်မာ့လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုနှစ်အတွင်း ဒေါ်လာ သန်း ၁၀၀ ကျော် ပေးအပ်ထားသည်။

    ref_ ဆင်ဟွာ

  • အောင်ဒင် – အမုန်းတရားများဖြန့်ဝေခြင်းနှင့် ဥပဒေပြုတားမြစ်ခြင်း

    (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၂၀၅၊ ဇူလိုင်လ ၁၇ ရက်နေ့၊ ၂၀၁၄၊ စာမျက်နှာ ၁၈/၂၂)

    Aung din

     မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် – ၇၀

    မကောင်းဆိုးဝါးအင်အားစုကြီးတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးလှုံ့ဆော်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများက မြန်မာနိုင်ငံကို အရိပ်မဲကြီးနဲ့ လွှမ်းမိုးနေတာကြာပါပြီ။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်ကနေ ၅ ရက်အတွင်းမှာ မြန်မာနိုင်ငံရဲ့  ယဉ်ကျေးမှုမြို့တော် မန္တလေးမှာ မခိုင်လုံတဲ့ ကောလာဟလတွေကို အခြေပြုပြီး ဗုဒ္ဓဘာသာဝင်လူများစုက အစ္စလမ်ဘာသာဝင် လူနည်းစုကို အကြမ်းဖက်တိုက်ခိုက်တဲ့ ဘာသာရေးအဓိကရုဏ်း တစ်ခု ဆိုးဆိုးဝါးဝါးဖြစ်ပွါးခဲ့ပါတယ်။ လေးရက်ကြာအကြမ်းဖက်မှုတွေအတွင်းမှာ လူနှစ်ဦး အသတ်ခံရပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရလို့ အဆောက်အအုံ၊ ယဉ်ပျက်စီးမှုတွေ အမြောက်အများရှိခဲ့ပါတယ်။ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရက ဇူလိုင်လ ၃ ရက်နေ့ကစလို့ မန္တလေးခရိုင် (၆) မြို့နယ်မှာ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ရပြီး ဇူလိုင် ၅ ရက်နေ့မှာ ညမထွက်ရအမိန့်ကို ပုသိမ်ကြီးမြို့နယ်အထိ တိုးချဲ့ခဲ့ရပါတယ်။

    ပဋိပက္ခဖြစ်ပွါးပုံကလည်း မြန်မာတစ်နိုင်ငံလုံးက ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ လားရှိုး၊ စတဲ့ အခြား ဒေသတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ ဘာသာခြားများက ဗုဒ္ဓဘာသာမိန်းကလေးတစ်ဦးကို မုဒိန်းကျင့်တယ်ဆိုတဲ့ သတင်းကို မကောင်းဆိုးဝါးများက အရင်ဖြန့်ချီတယ်။ အယုံလွယ်သူတွေက ဆက်ပြီး ဖြန့်ချီတယ်။ သွေးဆူသူတွေက လက်နက်ရှာ၊ အုပ်စုဖွဲ့ပြီး နီးစပ်ရာ ဘာသာခြားတွေကို တိုက်ခိုက်တယ်။ ဘာသာခြားတွေပိုင်တဲ့ အဆောက်အအုံတွေ၊ လုပ်ငန်းတွေကို လုယက်ဖျက်ဆီးတယ်။ ဘာသာခြားတွေကလည်း ပြန်လည်တိုက်ခိုက်တယ်။ လူစုလူဝေးနဲ့၊ လက်နက်တွေနဲ့ တိုက်ခိုက်ဖျက်ဆီးနေကြတာကို ဒေသအာဏာပိုင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မတားဆီးနိုင်ကြ။ အခြေအနေအတော်ဆိုးလို့ မီဒီယာနဲ့ ပြည်သူတွေ ဝိုင်းအော်ကြမှ ညမထွက်ရအမိန့်ထုတ်၊ လုံခြုံရေးအင်အားတိုးချဲ့၊ ရမ်းကားနေဆဲလူအချို့ကို ဖမ်းဆီး၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေကိုခေါ်ပြီး ငြိမ်းချမ်းရေးတရားတွေဟော၊ ပြီးတော့ “မြို့ခံတွေမပါပါဘူး၊ အပြင်လူတွေ လာလုပ်သွားတာပါလို့” ဖြေရှင်းကြပြန်ပါတယ်။ ဘဝသံသရာဆိုတာ ဒါကိုခေါ်တာများလား။ ဒါဆို မန္တလေးပြီးရင် ဘယ်မြို့အလှည့်ကျမလဲ။ မကောင်းဆိုးဝါးအင်အားစုကြီးကတော့ အကုသိုလ်ယန္တရားကြီးကို ဆက်လက်မောင်းနှင်ပြီး မြန်မာနိုင်ငံ အနှံ့အပြားမှာ အမုန်းတရားတွေကို ဖြန့်ဖြူးလို့ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေဦးမှာပါ။ နိုင်ငံတော်အာဏာပိုင်များက ဒီမကောင်းဆိုးဝါးအင်အားစုကြီးကို ရဲရဲရင့်ရင့်ဖော်ထုတ်ပြီး ပြတ်ပြတ်သားသားအရေးမယူသ၍ပေါ့။

    # အမုန်းတရားဟောပြောမှု (Hate Speech)

    ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေရဲ့  အရင်းအမြစ်က အမုန်းတရားဟောပြောမှု (Hate Speech) များပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာခြား၊ လူမျိုးခြားကို မုန်းတီးအောင်၊ ဆန့်ကျင်အောင် လှုံ့ဆော်ဟောပြောမှုများကို အဓိကအားဖြင့် လေးမျိုး တွေ့ရပါတယ်။

    (၁) သံဃာအချို့က ဘာသာရေးတရားပွဲတွေမှာ ဘာသာခြား၊ လူမျိုးခြားဆန့်ကျင်ရေး ဟောပြောကြပါတယ်။ အဲဒီဟောပြောချက်များကို အသံသွင်းပြီး ထပ်မံဖြန့်ချီကြပါတယ်။ ဟောပြောသမျှထဲက ကောက်နှုတ်ချက်တွေကို စာရွက်စာတမ်းများနဲ့လည်း ဖြန့်ချီပါတယ်။

    (၂) အမျိုး၊ ဘာသာ၊ သာသနာထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့ ဟောပြောပွဲတွေကျင်းပပြီး သံဃာများ၊ ရှေ့နေများ၊ တက်ကြွသူများက ဘာသာခြား၊ လူမျိုးခြားမုန်းတီးရေး တရားများဟောပြောကြပါတယ်။ အဲဒီဟောပြောချက်များကို အသံသွင်းပြီး ထပ်မံဖြန့်ချီကြပါတယ်။ ဟောပြောသမျှထဲက ကောက်နှုတ်ချက်တွေကို စာရွက်စာတမ်းများနဲ့လည်း ဖြန့်ချီပါတယ်။

    (၃) ဘာသာခြား၊ လူမျိုးခြားတို့ရဲ့  မကောင်းမှုများ၊ မဟုတ်မမှန်စွပ်စွဲချက်များကို သတင်းပုံစံရေးသားပြီး ဖေ့စ်ဘုတ် (Face Book) နဲ့ ဘလော့ (Blog) စတဲ့ အင်တာနက်မီဒီယာများ၊ လက်ကိုင်ဖုန်း သတင်းတိုပေးပို့ခြင်း (Mobile Phone Short Message Service) များမှ ဖြန့်ချီပါတယ်။

    (၄)  အမျိုး၊ ဘာသာ၊ သာသနာထိန်းသိမ်းသူများက တည်ထောင်တဲ့ တရားဝင်ဂျာနယ်အချို့မှာ ဘာသာခြား၊ လူမျိုးခြားများအပေါ် အပြစ်တင်စွပ်စွဲသည့် မခိုင်လုံသည့် သတင်းများကို ရေးသား ဖော်ပြပါတယ်။

    အထက်ဖော်ပြပါ အမုန်းတရားဟောပြောလှုံ့ဆော်မှုများကို တားဆီးနိုင်မှ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို တားဆီးနိုင်ပါလိမ့်မယ်။ အမုန်းတရားဟောပြောလှုံ့ဆော်မှုများကို စနစ်တကျ ဖန်တီးနေတဲ့ မကောင်းဆိုးဝါးအင်အားစုကြီးကို ထိထိရောက်ရောက် ဖြိုခွဲနိုင်မှပဲ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှာပါ။ အဲဒီလို တားဆီးနိုင်ဖို့ အဓိကတာဝန်ရှိတာက အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်တဲ့ အစိုးရ၊ ဥပဒေပြုအာဏာကို ကိုင်တွယ်တဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ တရားစီရင်ရေးအာဏာကိုကိုင်တွယ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ ဖြစ်ပါတယ်။

    #အမုန်းတရားများဟောပြောခြင်းကို တားဆီးသည့် ဥပဒေ

    ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ၂၀၁၃ ခုနှစ်ဇွန်လအတွင်း အမေရိကန်ပြည်ထောင်စုကို အလည်လာတုန်းက “အမုန်းတရား ဖြန့်ချီဟောပြောစည်းရုံးမှုများကို တားမြစ်ဖို့” ဥပဒေတွေ ပြဋ္ဌန်းမယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီစာရေးချိန်က ၂၀၁၄ ခုနှစ်၊ ဇူလိုင်လဆိုတော့ တစ်နှစ်ကျော်ခဲ့ပါပြီ။ ဒီကနေ့အထိတော့ အမုန်းတရားဟောပြောမှုများကို ဥပဒေပြု တားဆီးတာ မတွေ့ရသေးပါ။ အမုန်းတရားဟောပြောမှုကို တားဆီးအရေးယူတဲ့ ဥပဒေမရှိသေးပေမည့်၊ ခွဲခြားဆက်ဆံမှုများကို ဟန့်တား၊ တားမြစ်တဲ့ ဥပဒေတွေ မရှိသေးပေမည့် ခွဲခြားဆက်ဆံမှုတွေကို တရားဝင်ဖြစ်စေမည့် မျိုးစောင့်ဥပဒေတွေ ပြဋ္ဌန်းဖို့ တောင်းဆိုတာကိုတော့ အလွယ်တကူ သဘောတူလိုက်တာကို ဝမ်းနည်းဖွယ်တွေ့မြင်ရပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၆၄) မှာ ဒီလို ပြဋ္ဌာန်းထားပါတယ်။ 

    “နိုင်ငံရေးကိစ္စအလို့ငှါ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။”

    အထက်ပါ ပုဒ်မ (၃၆၄) ပြဌာန်းချက်အရ အမုန်းတရားပွါးများအောင် ဟောပြောလှုံ့ဆော်နေတာတွေ၊ အမုန်းတရားဟောပြောချက် များကို ရေးသားဖြန့်ချီနေတာတွေ၊ ဘာသာခြား၊ လူမျိုးခြားကိုရည်ရွယ်တိုက်ခိုက်နေတာတွေအားလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး အဲဒီ အပြုအမူကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းရမှာပါ။ ဒါပေမည့် ပြည်ထောင်စု လွှတ်တော်သက်တမ်း ၃နှစ်ခွဲကျော်ပါပြီ။ အမုန်းတရားဟောပြောမှုများကို တားမြစ်ရေး ပြည်ထောင်စုလွှတ်တော်က ဥပဒေမပြုနိုင်သေးပါ။

    #ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်

    ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက “နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်” (International Covenant on Civil and Political Rights) (ICCPR) ကို အတည်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီစာချုပ်ဟာ ၁၉၇၆ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှာ စတင် အသက်ဝင်လာခဲ့ပြီး ဒီကနေ့အထိ လက်မှတ်ရေးထိုးသော နိုင်ငံပေါင်း (Signatories) (၇၄) နိုင်ငံရှိပြီး စာချုပ်ပါသဘောတူညီချက်တွေကို လိုက်နာဖို့ ဆန္ဒရှိကြောင်းဖော်ပြတဲ့ နိုင်ငံပေါင်း (Parties) (၁၆၈) နိုင်ငံရှိပါတယ်။ မြန်မာနိုင်ငံကတော့ လက်မှတ်လည်းမထိုး၊ သဘောတူညီချက်တွေကို လိုက်နာမည့် ဆန္ဒလည်း မဖော်ပြသေးပါ။ ဒီသဘောတူစာချုပ်ထဲက အမုန်းတရားဟောပြောမှု တားဆီးရေးနဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက် နှစ်ခုကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။

    ပြဋ္ဌာန်းချက် (၁၉)
    ၁။ မည်သူမဆို ပြင်ပစွက်ဖက်မှုမပါပဲ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ရှိသည်။

    ၂။ မည်သူမဆို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်။ ၎င်းအခွင့်အရေးတွင် သတင်းအချက်အလက်များ၊ အကြံညဏ်နည်းလမ်းပေါင်းစုံကို မည်သည့်နည်းလမ်း၊ မည်သည့်ပုံစံနှင့်မဆို (နှုတ်ဖြင့်ဖြစ်စေ၊ ရေးသား၍ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေ၍ဖြစ်စေ၊ အနုပညာ ပုံသဏ္ဍန်ဖြင့် ဖြစ်စေ၊ နှစ်သက်ရာ သတင်းမီဒီယာမှဖြစ်စေ) လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံခွင့်၊ ဖြန့်ဖြူးခွင့်ရှိသည်။

    ၃။ အထက်ပါ အပုဒ် ၂ တွင်ဖော်ပြထားသော အခွင့်အရေးများအားလုံးသည် လက်တွေ့ကျင့်သုံးရာတွင် အထူးတာဝန်များနှင့် တာဝန်ခံမှုများဖြင့် ကျင့်သုံးရန်ဖြစ်သည်။ ၎င်းအခွင့်အရေးများကို ကျင့်သုံးရာတွင်

    (က) အခြားပုဂ္ဂိုလ်များ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လေးစားရန်နှင့်

    (ခ) နိုင်ငံတော်လုံခြုံရေး၊ ပြည်သူ့ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စိတ်ဓာတ်ရေးရာများကို ကာကွယ်ရန် လိုအပ်လျင် ဥပဒေပြဋ္ဌာန်း၍ ကန့်သတ်ချက်အချို့ချမှတ်နိုင်သည်။

    ပြဋ္ဌာန်းချက် (၂၀)
    ၁။ မည်သည့် စစ်ဖြစ်ပွါးရန် လှုံ့ဆော်မှုများကိုမဆို ဥပဒေဖြင့် တားမြစ်ရမည်။

    ၂။ ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ ရန်လိုခြင်း၊ အကြမ်းဖက်ခြင်းစသည်တို့ကို ပြုလုပ်ရန် စည်းရုံးသည့် မည်သည့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရား သင်ကြားချက်များကိုမဆို ဥပဒေဖြင့် တားမြစ်ရမည်။

    အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတိုင်း၊ အစိုးရတိုင်းမှာ လူသားတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို အပြည့်အဝအာမခံဖို့ တာဝန်ရှိသလို အခွင့်အရေးများကို ချိုးဖောက်ပြီး၊ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ပြီး ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖန်တီး လှုံ့ဆော်မှုများကိုလည်း ဥပဒေနဲ့ အရေးယူဖို့ တာဝန်ရှိပါတယ်။

    #ထိရောက်စွာ အရေးယူပါ

    မကောင်းဆိုးဝါးအင်အားစုကြီးက မြန်မာနိုင်ငံတွင်းမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေကို ဆက်လက်ဖန်တီးနေဦးမှာပါ။ မန္တလေးမြို့ပြီးရင် အခြားမြို့တွေရဲ့  အလှည့်ရောက်လာဦးမှာပါ။ အစိုးရအနေနဲ့ ပဋိပက္ခဖြစ်မှ ဖြေရှင်းရတာထက် ပဋိပက္ခမဖြစ်ပွါးအောင် ကြိုတင်တားဆီးဖို့ ပိုမိုကြိုးစားသင့်ပါတယ်။ အမုန်းတရားများကို ဟောပြောလှုံ့ဆော်ကြတဲ့ သံဃာများ၊ လူပုဂ္ဂိလ်များရဲ့ ဟောပြောချက်များဟာ အသံဖိုင်များ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများနဲ့ သက်သေအထင်အရှားရှိနေပါတယ်။ အဲဒါတွေကို လူထုကြား ဖြန့်ဖြူးနေတာတွေကို တားဆီးပိတ်ပင်ဖို့ လိုအပ်သလို ဟောပြောကြ၊ လှုံ့ဆော်ကြသူများကိုလည်း ဘာသာရေးစည်းမျဉ်းစည်းကမ်း၊ ရာဇသတ်ကြီးဥပဒေများနဲ့ ထိထိရောက်ရောက် အရေးယူသင့်ပါပြီ။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး စည်းရုံးဆွေးနွေးမှုတွေလုပ်သလို တစ်ဖက်မှာလည်း အမုန်းတရားဟောပြောမှုများ၊ ရေးသားမှုများ၊ ဖြန့်ဖြူးမှုများကို မပြုလုပ်နိုင်အောင် တားမြစ်ပိတ်ပင်ရမှာပါ။ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေး အဖွဲ့များကလည်း အကြမ်းဖက်သူများ၊ ဖျက်ဆီးသူများကို စုံစမ်းဖော်ထုတ်ပြီး တိတိကျကျ အရေးယူဖို့လိုအပ်ပါတယ်။ ဘာသာခြားများ စုဝေးနေထိုင်ရာ ရပ်ကွက်များ၊ဘာသာရေးအဆောက်အအုံများ၊ အရေးကြီးနေရာဋ္ဌာနများနဲ့ အစဉ်အလာအခန်းအနားများကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့လိုအပ်ပါတယ်။

    ပြည်ထောင်စုလွှတ်တော်ကတော့ အမုန်းတရားဟောပြောသူများ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖန်တီးသူများကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်မည့် ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ အဲဒီလို ဥပဒေပြဋ္ဌာန်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တာဝန်ပေးအပ် ထားသလို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက အတည်ပြုထားတဲ့ “နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်” ကလည်း တောင်းဆိုထားပါတယ်။

    (ဇူလိုင် ၉၊ ၂၀၁၄)

    မိုးမခ ဝဘ်ဆိုဒ်မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။

  • Mizzima: ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို မိခင်ပါတီနှင့် လွှတ်တော်တို့က စစ်ဆေး အရေးယူရန် အစီအစဉ် မရှိဟုဆို

    ဖေဖော်ရီ ၆၊ ၂၀၁၄
    မဇ္ဈိမ
    စိုးသန်းလင်း

    Shwe_Maung_-_2014-02-06_15.53.16
    လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ၄င်းအားစိတ်ပူနေသူများကို မိမိ အဆင်ပြေကြောင်း ပြောကြားခဲ့သိ ဦးရွှေမောင်၏ ရေးသားမှု

     နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟူသည့် သမ္မတ သ၀ဏ်လွှာအရ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ စစ်ဆေးခဲ့သည်နှင့် ပတ်သက်ပြီး ၄င်းအား မိခင်ပါတီနှင့် လွှတ်တော်တို့က စစ်ဆေးအရေးယူ ရန် အစီအစဉ် ရှိနိုင်ပါသလားဟူသော မဇိ္ဈမ၏ အမေးကို ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် တရားစီ ရင်ရေး ကော်မတီဥက္ကဌ သူရဦးအောင်ကိုက အစီအစဉ် မရှိသေးကြောင်း ဖြေကြားခဲ့သည်။

    “အခုအထိတော့ အစီအစဉ် မရှိသေးပါဘူး။ ရှိရင် ပြောပါ့မယ်” ဟု ၎င်းက ယနေ့ ပြည်ထောင်စု လွှတ် တော် ခေတ္တနားချိန်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်သည် ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်သော ကြောင့် မိခင်ပါတီအနေဖြင့် ၎င်းအားစစ်ဆေး အရေးယူသွားဖို့ ရှိပါသလားဟု မေးခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီ၏ ဒုတိယဥက္ကဌ တစ်ဦးဖြစ်သူ ဦးဌေးဦးက “ဒီကိစ္စကျွန်တော် မသိဘူးဗျ။ ရုံးမှာ တစ်နေ့လုံး ပြည်ထဲရေးက လာမေးတယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း အဲ့ဒီနေ့က ရုံးမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်မသိ ဘူး။ မတွေ့ဘူး။ ပါတီအနေနဲ့ ဒီကိစ္စကို ဘာမှကို မသိသေးဘူး။ တကယ်ဟုတ်တယ်ဆိုရင် ကာယကံရှင် ကလည်း သတင်းပို့လို့ရတာပဲ။ ဌာနဆိုင်ရာကလည်း သတင်းပို့မှာပဲ။ အခုတော့ လောလောဆယ် ဘာမှ သတင်းပို့တာ မရှိသေးပါဘူး။ လွှတ်တော်ကိုလည်း သတင်းပို့ ရမှာပဲ။ အခုလွှတ်တော် ဘက်ကလည်း ဘာမှ သတင်းမကြားပါဘူး။ သိလာရင်တော့ သိတဲ့အပေါ်မူတည်ပြီး စဉ်းစားမှာပေါ့” ဟု ပြန်လည်ဖြေ ကြားသည်။

    ပြည်ခိုင်ဖြိုးပါတီသည် အာဏာရပါတီလည်းဖြစ်ပေရာ ၎င်းပါတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတက ပါတီဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက်ရှိ၍ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ် သည့် သူရဦးရွှေမန်းထံသို့ ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်အား စစ်ဆေးခွင့်တောင်းသည့် သ၀ဏ်လွှာကို ပို့ပြီးမှ ပြည်ထောင်စု လွှတ်တော် ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့က စစ်ဆေးခဲ့ခြင်းကို ပြည်ခိုင်ဖြိုး ပါတီ ဒု-ဥက္ကဌတစ်ဦးဖြစ်သော ဦးဌေးဦးက လုံးဝမသိကြောင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

    ပြည်ထဲရေးက ၎င်းအား စုံစမ်းမေးမြန်းစဉ် အဆင်ပြေမှု ရှိ၊မရှိ မဇ္ဈိမက မေးသည်ကို ဦးရွှေမောင်က “အဆင်ပြေပါတယ်။ သူတို့ သိချင်တာတွေကို မေးတာပါ။ ကျွန်တော်ကလည်း ပြန်ရှင်းပြတယ်။ အဓိက ကျွန်တော်ရှင်းပြတာကတော့ ဒီလိုစွပ်စွဲတာသည် ဒီဗွီဘီရဲ့ သတင်းခေါင်းစဉ်ကြောင့်သာ ဖြစ်ရတာပါ။ စာသားထဲမှာလည်း မပါဘူး။ ကျွန်တော်ကိုယ်တိုင် တိုက်ရိုက်ဖြေတာမျိုးလည်း မရှိဘူး။ ကျွန်တော်က ပြည် သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်လို့ ရွာသားတွေက တင်ပြလာတာကို ပြန်ပြောရတဲ့ သဘောဖြစ်တယ် ဆို တာ ရှင်းပြပါတယ်။ သတင်းဌာနကလွှင့်တဲ့ Edited Version ကို မကြည့်ဘဲ Full Version ကို ကြည့်ဖို့ လိုပါတယ်” ဟု ဖြေခဲ့သည်။

    ထို့ပြင် ပြည်ထဲရေးက ၎င်းနှင့် နောက်ထပ်တွေ့ဆုံမေးမြန်း ချိန်းဆိုခဲ့ခြင်း မရှိကြောင်းလည်း ဖြည့်စွက်ပြော ကြားခဲ့သည်။ မည်သို့ဆိုစေ လောလောဆယ်၌ လွှတ်တော်ကရော၊ ပြည်ခိုင်ဖြိုးပါတီကပါ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်အပေါ် စစ်ဆေးအရေးယူမှု မရှိသေးပေ။

    Link =>https://www.facebook.com/permalink.php?story_fbid=715090488525859&id=216265185075061&stream_ref=10

  • “ချောင်ပိတ်မိ နေသူတွေကို ထွက်ပေါက် ပေးထားမှ ပြောခွင့် ဆိုခွင့်ရပြီး မကျေနပ်မှုတွေ ပဋိပက္ခတွေ လျော့ပါးနိုင်မယ်” (အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေ)

    U Hla Swe

    RNDP ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်မှ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သည်။ ၄င်းအဆို တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က)တွင် ပါရှိသော “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း” ဆိုသည့် စကားရပ်အစား “နိုင်ငံသားဖြစ်ခြင်း” ဟု ပြင်ဆင်သင့်ကြောင်း တင်သွင်းခဲ့သည်။ ၄င်းအဆိုအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ဆွေးနွေးခဲ့ကြောင်းသိရှိသည်။

    အမျိုးသာ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ ဆွေးနွေးတင်ပြချက်ကို ၄င်း၏ FB စာမျက်နှာတွင် ဖော်ပြချက်အား M-Media စာဖတ်ပရိတ်သတ် ဖတ်ရှုနိုင်ရန် ဖော်ပြလိုက်ပါသည်။
    _____________________________
    (((ကျွန်တော့်ဆွေးနွေးချက်ဟာ လူတိုင်း ကြိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဆွေးနွှေးချက်ဟာ ပါတီကိုလည်း ကိုယ်စားမပြုပါဘူး။ ဦးလှဆွေ တစ်ဦးတည်းမှာသာ တာဝန်ရှိပါတယ်။ နိုင်ငံနဲ့ နိုင်ငံသားကောင်းကျိုးရှိမယ်လို့ယူဆတဲ့အတွက် ကျွန်တော့်အမြင်ကို အမုန်ခံပြီးတင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျား။)))

    မြန်မာလူမျိုး ရိုးရာဝတ်စုံဆိုတာ ဘင်္ဂလားနယ်က ပုဆိုးကို ခါးမှာဝတ်ပြီး တရုတ် ကော်လံကတုံးကို လည်ပင်းမှာ တပ်ထားတာကို မြန်မာ့ ရိုးရာဝတ်စုံလို့ ခေါ်ကြတာဖြစ်ပါတယ်။ မြန်မာဆိုတာ သီးခြား ရပ်တည်လို့ မရပါဘူး။ ဒီအချိန်မှာ ကျွန်တော့်ဆွေးနွေးချက်ဟာ လူတိုင်း ကြိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဆွေးနွှေးချက်ဟာ ပါတီကိုလည်း ကိုယ်စားမပြုပါဘူး။ ဦးလှဆွေ တစ်ဦးတည်းမှာသာ တာဝန်ရှိပါတယ်။ တချို့ မီဒီယာတွေက ဒီအဆိုနဲ့ ပတ်သက်ပြီး ပါတီကို ပုတ်ခတ်ပြောဆိုနေတာတွေ၊ ဂျာနယ်တွေ၊ Facebook တွေမှာ မြင်တွေ့နေရပါတယ်။

    I Have A Dream ဆိုတဲ့ ကမ္ဘာကျော် မိန့်ခွန်းကို ပြောခဲ့တဲ့ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာရဲ့ ကမ္ဘာကျော်မိန့်ခွန်းကို ပြောကြားခဲ့တဲ့ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာရဲ့ ရွှေရတု နှစ်ငါးဆယ်ပြည့် အချိန်ရောက်တဲ့အခါမှာ ဒီနေ့ အမေရိကန်နိုင်ငံမှာ အာဖရိကန် နီဂရိုးတစ်ယောက်ကို President အဖြစ်မြင်တွေ့ကြရပြီဖြစ်ပါတယ်။ အရင်တုန်းကတော့ သူတို့ဟာ သမ္မတရွေးခံခွင့်၊ မဲပေးခွင့်ရဖို့ နေနေသာသာ ဘတ်စ်ကားတောင် ရှေ့ပေါက် နောက်ပေါက် ခွဲခြားထားတာ စားသောက်ဆိုင် လဘ္ဘက်ရည်ဆိုင် အတူထိုင်ခွင့် မရတာတွေကို နှစ်ပေါင်းများစွာကြာဖြတ်သန်းခဲ့ကြရတာဖြစ်ပါတယ်။

    ဒါတွေကို ယခင်အစိုးရက ကြိုတင်မျှော်တွေးပြီး မြန်မာနိုင်ငံထဲမှာ ရောက်နေတဲ့ ဒီပြည်ပနွယ်ဖွား လူမျိုးစုများကို ထွက်ပေါက်တစ်ရပ်ပေးပြီး ရေးဆွဲခဲ့တာဖြစ်ပါတယ်။ သူတို့ကို ဘယ်မှ မသွားမလာရ မလာရ ကန့်သတ်ထားတဲ့အပြင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် တက်ခွင့်တွေပါ တန်းတူရရှိတာ မဟုတ်လို့ ထူးချွန်ထက်မြက်သူတွေ ဆုံးရှုံးမှုနဲ့ပဲ ရင်ဆိုင်ရပါတယ်။ သတ်ပစ်လို့မရ မောင်းထုတ်လို့ မရတဲ့ နှစ်များစွာနေလာခဲ့တဲ့ တရုတ်၊ ဘင်္ဂလားနွယ်ဖွားများအတွက် ထွက်ပေါက်တစ်ခု မလွဲမသွေ ထားပေးရမှာဖြစ်ပါတယ်။ စီးလာတဲ့ရေကို စီးဆင်းဖို့ အတွက် ဘယ်တမံကြီးတွေမှာ မဆို လိုသလို ထိမ်းချုပ်ပြီး စပေးဝေး တို့ ဒိုင်ဗားရှင်းတို့ တောင် တပ်ဆင်ပေးရတဲ့ သာဓကတွေလဲ အထင်အရှားဖြစ်ပါတယ်။ အဲဒီ စပေးဝေး တွေ ဒိုင်ဗားရှင်းတွေမပါတဲ့ ထိမ်းချုပ်မှုနဲ့ တမံကြီးဟာ ကျိုးပေါက်လိုက်မယ်ဆိုရင်တော့ဖြင့် တမံအောက်က လူတွေရဲ့ အသက်အိုးအိမ်စီးစိမ်တွေ ပျက်ဆီးဆုံးရှုံးရမှာ မလွဲဧကန်ဖြစ်ပါတယ်။ ဒီလိုထွက်ပေါက်ပေးမထားဘူးဆိုလို့ရှိရင်တော့ ဦးစွာ ကြုံတွေ့ရမယ့် ကိစ္စတွေက ဆူပူအုံကြွမှူရလဒ်ဆိုးတွေသာဖြစ်ပြီး ဒါတွေနဲ့ ဦးစွာ ရင်ဆိုင်ဖြေရှင်း အမုန်းခံကြရဦးမယ့် လူတန်းစားတစ်ရပ်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတို့ တပ်မတော်တို့သာလျှင် အလုပ်ရှုပ်ကြကုန်မှာဖြစ်ပါတယ်။

    သူများနိုင်ငံမှာ မရှိလို့ ဒို့နိုင်ငံမှာ ရှိစရာမလိုဘးဆိုတာ မှန်ကန်တဲ့ အတွေးတစ်ခုတော့ မဟုတ်ပါဘူး။ ကျဥ်းမြောင်းတဲ့ လူမျိုးရေးဝါဒစွဲကြီးမားတဲ့ ချင့်ချိန်မှု အမြှောက်အမြင်တိမ်တဲ့ အတွေးနဲ့ အရမ်းရေးဆွဲခဲ့တဲ့ ဥပဒေတစ်ခုမဟုတ်ဘူးဆိုတာ သဘောပေါက်သင့်ပါတယ်

    ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ (White Card) ဆိုတာ ဒီလူဟာ ဦးဖြူ ဒေါ်မဲတို့ရဲ့ သား မောင်နီဖြစ်တယ်၊ ဘယ်ရွာမှာ နေတာ ဖြစ်တယ် ဘယ်နေ့မှာ မွေးတယ် ဆိုတဲ့ အသိအမှတ်ပြု ကဒ်ပြားတစ်ခုသာဖြစ်ပါတယ်။ သို့သော် ဒီကဒ်ပြားဟာ နိုင်ငံသားပြုခွင့်ရသူ ( အစိမ်းကဒ်) အတွက် အခြေခံလက်မှတ်တစ်ခုဖြစ်ပါတယ်။ ဒီလက်မှတ်ရှိသူဟာ အစိမ်းရောင်ကဒ်နိုင်ငံသားပြုခွင့်ရသူဖြစ်ဘို့ သေချာသွားပြီဖြစ်ပါတယ်။ ဒီလိုအစိမ်းရောင်ကဒ်ရလျှင် ၁၉၈၂ နိုင်ငံသားဥပဒေပုဒ်မ (၅၃) အရ နိုင်ငံသားများကဲ့သို့ အပိုဒ်(၈) ကလွဲပြီး အခွင့်အရေးတန်းတူရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံသားပြုခွင့်ရသူ တစ်ဦးဟာ တတိယမျိုးဆက်မှာ အော်တို နိုင်ငံသားဖြစ်ခွင့်ရရှိလို့ဖြစ်ပါတယ်။ ပုဒ်မ (၁၂) မှာ နိုင်ငံသားတစ်ဦးသည် (က) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်၊ (ခ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်၊ (က) နိုင်ငံတော်၏ ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရှိသည်။ နိုင်ငံသားပြုခွင့်ပုဒ်မ (၅၃) နဲ့ ဧည့်နိုင်ငံသား FRC အဖြူရောင်ပုဒ်မ (၃၀) မှာ ယခုန နိုင်ငံတော်သားဥပဒေပါ အပိုဒ် (က) (ခ) တို့နှင့် အတူတူပင်၊ (ဂ) မှာသာ နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်သော အခွင့်အရေးများမှအပ နိုင်ငံတော်ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရှိသည်။ အခါအားလျော်စွာ သတ်မှတ်သော ဆိုသည်မှာ သမ္မတဖြစ်ခွင့်၊ ဒုတိယသမ္မတဖြစ်ခွင့်၊ ဒါမျိုးတွေဖြစ်ပါသည်။

    ထို့ကြောင့် White Card / Green card/ Blue card နိုင်ငံတော်၏ ဥပဒေပါ အခွင့်အရေးများခံစားခွင့်ရှိတဲ့အတွက် ဒီဥပဒေမှာ ထည့်သွင်း ပြဌာန်းခဲ့တယ်လို့ ကျွန်တော့်အနေနှင့် တင်ပြခဲ့ခြင်းဖြစ်ပါသည်။

    တောင်အာဖရိကလူဖြူ သမ္မတ ဒီကလပ် သည် မင်ဒဲလားနှင့် နောက်ဆုံး အကြိမ် သမိုင်းဝင်ဆွေးနွေးပွဲမှာ “ လူများစုအုပ်ချုပ်တာ ဒီမိုကရေစီဆိုရင် ကျုပ်တို့ လူဖြူလူနဲစုတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှာပေါ့” လို့ ပြောတဲ့အခါ နယ်ဆင်မင်ဒဲလားက “ ဒီမိုကရေစီဆိုတာ လူများစု အုပ်ချုပ်ရေး မှန်တယ်၊ သို့သော် လူနည်းစုအခွင့်အရေးကိုလဲ ကာကွယ်ရမယ်” လို့ ပြန်ပြောခဲ့ပါတယ်။ အဲဒီအခါမှာ ဒီကလပ်က “ ဒါဆိုခင်ဗျားနဲ့ ကျွန်တော် အလုပ်ဖြစ်ပြီ” လို့ ကြေငြာခဲ့ပါတယ်။ ဒီဆွေးနွေးပွဲ ရလဒ်ကြောင့် လူဖြူဖြစ်တဲ့ ဒီကလပ်နဲ့ လူမဲ နယ်လ်ဆင်မင်ဒဲလားတို့ဟာ Noble Peace Price ကို ပူးတွဲရရှိခဲ့ကြောင်း တွေ့ရမှာဖြစ်ပါတယ်။

    ဒါကြောင့် ယခင် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေဟာ Free & Fair ဖြစ်ပြီး လူနဲစုရော လူများစုရော ဘယ်သူလာလာ၊ သတ္တိရှိရှိ ရင်ကော့ပြီး မှန်တာလုပ်တဲ့ လူတိုင်းပြည်ကောင်းအောင် လုပ်တဲ့လူ ဖြစ်ရင် ဘယ်သူ့မဲကိုမဆို လက်ခံရဲရမယ်။ ကိုယ့်ကို ထောက်ခံမှုခံချင်သလို ကိုယ့်ကို ကန့်ကွက်တာကိုလဲ ခံရဲရပါမယ်။ နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့တိုင်း အလေးပြုရတဲ့ အာဇာနည် ခေါင်းဆောင်တွေထဲမှာ ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးဟာ ဘင်္ဂလားနွယ်ဖွားတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းတောင် သူ့ ကပ်ဘိနက်ထဲမှာ ဘင်္ဂလားနွယ်ဖွားကို ထည့်သွင်းခဲ့သေးရင် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ပါတယ် ကြည်ညိုပါတယ်၊ လေးစားပါတယ်လို့ ပါးစပ်က ပြောနေရုံ နဲ့ လုံလောက်မယ် မထင်ပါဘူး။ ဒေါက်တာမောင်မောင် လက်ထက် ၉၀ ရွေးကောက်ပွဲကို free & fair ကျင်းပနိုင်ဘို့ ကြပ်မတ်ခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဆရာချယ်ဆိုတာ ဘင်္ဂလားနွယ်ဖွားဖြစ်တယ်။

    ဗမာ့တပ်မတော်အမြင့်ဆုံး စွမ်းဆောင်ရည် သတ္တိဘွဲ့ ပိုင်ရှင် ကျဆုံးရဲဘော် ဆပ်မဟာဒူရိုင်း ဟာ ဂေါ်ရခါးကုလားဘဲ၊ ဒီလူဘာလို့မြန်မာပြည်အတွက် အသက်ပေးတိုက်ခဲ့တာလဲ။ မြန်မာပြည်သူတွေအတွက် သူ့အသက်ကို ဘာလို့ ပေးခဲ့တာလဲ၊ သူ့ခံယူချက်ကဘာလဲ၊ သာမာန် အသက်ပေးတိုက်ယုံနဲ့ အောင်ဆန်းသူရိယတော့ မရနိုင်ပါ။ သူရဲကောင်းပြီးမှ သူရ၊ သူရပြီးမှ သီဟသူရ၊ သီဟသူရပြီးမှ သာ အောင်ဆန်းသူရိယ ရတာဖြစ်တယ်။ သူအသက်ပေးခဲ့တာ တန်ရဲ့လား၊ ဦးရာဇတ်တို့ ရဲဘော်ကိုထွေးတို့ အသက်ပေးခဲ့တာ တန်ရဲ့လား၊ အခုမှ ဘင်္ဂလားနွယ်ဖွား သုံးခေါက်ချိုးတွေ ဝိုက်ကပ်တွေ လို့ ၇ှုတ်ချပြစ်တင်ကြမလား၊ စဉ်းစားသင့်ပါတယ်။ ခုဆို ဘင်္ဂလီ အရေး Hot ဖြစ်နေတဲ့ အချိန်မှာ ဘယ်မီဒီယာမှ အမှန်ကို မထုတ်ဖေါ်ရဲပါဘူး။ အမုန်းမခံရဲပါဘူး။ အမျိုးသားရေးအကြောင်း၊ ဘာသာရေးအကြောင်းပြပြီး ပါတီစွဲနဲ့ အကြပ်ကိုင်ဘို့ အခွင့် အရေးတစ်ရပ်လို ဖြစ်နေပါတယ်။ ဒီ ၃ ခေါက်ချိုးတွေ ဝိုက်ကဒ်တွေ ဘယ်နှစ်ယောက် လွှတ်တော်ထဲ ရောက်လာနိုင်သလဲ??? သုံးလေးယောက်ထက်မပိုပါဘူး။ တပ်မတော်သား ကိုယ်စားလှယ် ၂၅ % ထည့်ထားခြင်းဖြင့် တပ်မတော်၏ ပြောခွင့်ဆိုခွင့်တွေ ရနေသလို ချောင်ပိတ်မိနေသောလူတွေကို ထွက်ပေါက်ပေးထားခြင်းဖြင့် ပြောခွင့် ဆိုခွင့်ရပြီး မကျေနပ်မှုများ၊ ပဋိပက္ခများကို လျော့ပါးစေနိုင်မှာဖြစ်ပါတယ်။ နိုင်ရင်တော့ အကျယ်အကျယ် မငြိမ်းဖွယ်ထိမ်း မနိုင်သိမ်းမရဖြစ်ပြီး အုပ်ချုပ်သူများသာ အလုပ်ရှုပ်ကြမှာဖြစ်တဲ့အပြင် ယခုလို လူမျိုးရေး ထိလွယ်ရှလွယ် အရေးတွေဖြစ်နေတဲ့အချိန်မျိုးမှာ ဒါမျိုး ဥပဒေပြင်ဆင်ချက်ဟာ ဘယ်လိုမှ မပြုလုပ်သင့်တာမျိုးဖြစ်တဲ့ အတွက် ကန့်ကွက်ခဲ့ရခြင်းသာဖြစ်ပါတယ်ခင်ဗျား။

    Link >>https://www.facebook.com/uhla.swe.9/posts/1411814852366904

    ဓါတ်ပုံ- ဦးလှဆွေ FB စာမျက်နှာယူပါသည်။