News @ M-Media

Tag: rakhine

  • ရခိုင် လက်နက်ကိုင်များကို လက်နက်ခဲယမ်း အမြောက်အများနှင့် အိန္ဒိယတွင် ဖမ်းမိပြန်

    ရခိုင် လက်နက်ကိုင်များကို လက်နက်ခဲယမ်း အမြောက်အများနှင့် အိန္ဒိယတွင် ဖမ်းမိပြန်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    rk-1
    အာသံရိုင်ဖယ်အသင်းမှ ဖမ်းမိခဲ့သူ ၂ ဦးနှင့် လက်နက်ခဲယမ်းများ

    – ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALA) မှ တပ်ဖွဲ့ဝင် ၈ ဦးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသတွင် ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းမြောက်များစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

    ဖမ်းဆီးရမိခဲ့သူများမှာ တိုက်ပွဲဝင်ဝတ်စုံများနှင့်ဖြစ်ပြီး သောကြာနေ့က Lwangtlai ခရိုင် Tuithumnar ဒေသအနီးတွင် မီဇိုရမ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်အသင်းတို့ ပူးပေါင်းပြုလုပ်သည့် စစ်ဆင်ရေးတစ်ခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကာ ခရိုင်အာဏာပိုင်များကို လွှဲပြောင်းပေးခဲ့သည်။

    သိမ်းဆည်းရမိသည့် လက်နက်များတွင် တစ်လုံးထိုး ဂျောက်ဂျက်သေနတ်တစ်လက်နှင့် ၎င်းတွင်အသုံးပြုသည့် ကျည် ၁၀ တောင့်၊ ၇.၆၂ မမ ချေမှုန်းရေး သေနတ်တစ်လက်၊ ၅.၅၆ မမ M16 ရိုင်ဖယ် တစ်လက်၊ M-11 ချေမှုန်းရေး ရိုင်ဖယ်တစ်လက်၊ ဂျီသရီး ရိုင်ဖယ်တစ်လက်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဆံအများအပြားနှင့် ကျည်ကပ်များ ပါဝင်သည်။

    rk-5
    မီဇိုရမ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်အသင်းတို့ ဖမ်းဆီးခဲ့သည့် ရခိုင်လက်နက်ကိုင်များထံမှ သိမ်းဆည်းရိမ်သော လက်နက်များ

    “ဘာသာစကားအခက်အခဲကြောင့် သူတို့ဝင်ရောက်လာတဲ့အကြောင်းအရင်းကို မသိရှိရသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ ရခိုင်လွတ်မြောက်ရေးတပ်မတော်က ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရပါတယ်” ဟု အိန္ဒိယ ကာကွယ်ရေး ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးကမူ အဆိုပါ လက်နက်ကိုင် ၈ ဦးမှာ အိန္ဒိယသို့ ၀င်ရောက်ရန် ကြိုးစားစဉ်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ဖမ်းဆီးခံခဲ့ရသူ ရခိုင်လက်နက်ကိုင်များမှာ ခိုင်သီဇော်၊ ခိုင်မျိုး၊ ခိုင်ရေမင်း၊ ခိုင်မင်း၊ ခိုင်မင်းထူး၊ ခိုင်ရိုင်း၊ ခိုင်မျိုးနိုင်နှင့် ခိုင်ဇော်တို့ ဖြစ်ကြသည်။

    ထို့ပြင် အာသံရိုင်ဖယ်အသင်းမှာ မြန်မာနိုင်ငံသား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လက်နက်များမှာ အေကေရိုင်ဖယ် ၆ လက်အပါအ၀င် နောက်ဆုံးပေါ် သေနတ် ၁၀ လက်၊ ကျည်ကပ် ၁၂ ခု၊ မြန်မာငွေ ၁၀ သိန်းတို့ ပါဝင်သည်။

    Ref: Indiablooms, The News Indian Express

    rk-4
    အာသံရိုင်ဖယ်အသင်းမှ ဖမ်းမိခဲ့သူ ၂ ဦးထံမှ သိမ်းဆည်းရမိသည့် မြန်မာငွေများ
  • ရခိုင်ပြဿနာ  ကိုင်တွယ်ပုံ ကုလမှာတင်ပြ

    ရခိုင်ပြဿနာ ကိုင်တွယ်ပုံ ကုလမှာတင်ပြ

    U Mg Wai

    ဇွန် ၁၇ ၊ ၂၀၁၆
    ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်ဖို့ ဖွံဖြိုးမှုကို အခြေခံတဲ့ ရေတိုရေရှည် နည်းလမ်းတွေကို NLD အစိုးရသစ်အနေနဲ့ ကျင့်သုံးသွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ဂျီနီဗာမှာကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာပြောဆိုခဲ့ပါတယ်။
    .
    ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်က မူဆလင်လူနည်းစုခေါင်းဆောင်တွေက ဘိုးဘွား ဘီဘင်လက်ထက်ကတည်းကနေထိုင်လာတဲ့ မူဆလင်တွေကို ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့တွေ့ဆုံရာမှာ တင်ပြခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။
    .
    ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ဇွန်လ ၁၃ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံမှာ ရခိုင်ပြည်နယ်အရေး အပါအ၀င် မြန်မာနိုင်ငံကလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ သံအမတ်ကြီးဦးမောင်ဝေက အင်္ဂါနေ့က အခုလိုပြောကြားခဲ့ပါတယ်။
    .
    “ဒီကနေ့မြန်မာအစိုးရဟာ ၁၉၆၂ခုနှစ်နောက်ပိုင်း ဒီမိုကရေစီနည်း အရ ရွေးကောက်တင်မြှောက်ခံရတဲ့ ပထမဆုံးအစိုးရဖြစ်ပါတယ်။ အစိုးရအနေနဲ့ လုပ်ဆောင်ပေးပါမယ် ဆိုတဲ့ ကတိတွေအများအပြားပေးမှာမဟုတ်ပေမဲ့ လက်တွေ့ဆောင်ရွက်ရမှာ ပိုပြီးထိရောက်အောင်လုပ်ပြဖို့ ကြိုးစား သွားမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ လူ့အခွင့်အရေးကိစ္စတွေ ကိုင်တွယ်ဆောင်ရွက်ရမှာ အရင်နဲ့မတူအောင် နည်းလမ်းတွေချမှတ် အကောင်အထည်ဖေါ်မှာဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ဖွံဖြိုးမှုကိုအခြေခံပြီး ဘက်စုံကတိုးတက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်မှာ ရေတို နဲ့ရေရှည်အဖြေရှာမယ့် နည်းလမ်းတွေကို ကျင့်သုံးသွားမှာဖြစ်ပါတယ်။”
    .
    ရခိုင်ပြည်နယ်အရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ကိုင်တွယ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ မူဆလင်လူနည်းစုတွေရဲ့ အမြင်ကို ဒုက္ခသည်စခန်းမှာနေထိုင်နေတဲ့နိုင်ငံရေး အကျဉ်းသားဟောင်း လည်းဖြစ်၊ ရှေ့နေတဦးလည်းဖြစ်တဲ့ ဦးကျော်လှအောင်က အခုလိုပြောပါတယ်။
    .
    ” အဲ့တာတွေတော့ ကောင်းတာပေါ့။ ဒါပေမဲ့ သူက ဒီက အခြေအနေကို ဃဃဏဏ သိဖို့လိုတယ်။ ဒီကလူတွေက နိုင်ငံခြားက ဝင်လာတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူး။ အဲ့တာတွေကို ၁၉၄၈ ကစပြီးတော့ မဲထည့်လာတဲ့ စာရင်းကိုသွားကြည့်ရင် အစိုးရဆီမှာ ရှိမှာပါ။ ဒါတွေက ဥပဒေနဲ့ဆိုင်တယ်လေ။ ဥပဒေမှာ က မြေစာရင်းမှာလည်း ဒါတွေ ရှိမှာပဲ။ အရင်က ယူအန်က လူကြီး တယောက်တောင်မှ ကျနော့်ကိုပြောခဲ့တယ်။ ကျနော်တို့ မြေစာရင်းတွေ အားလုံးမှာ ရှိတာပဲ။ အဲ့တာတွေကို ဥပဒေအတိုင်း ကိုင်မယ်ဆိုရင် အားလုံးပြေလည်သွားမှာပဲ။ အဓိက က ဥပဒေစိုးမိုးမှုက သိပ်အရေးကြီးတယ်။ သူတို့က ဘာသာနဲ့လူမျိုးကို မခွဲခြားပဲနဲ့ အဲ့လိုသာ သွားမယ်ဆို အဆင်ပြေသွားမယ်လို့ ကျနော်တို့ ယူဆတယ်။။”
    .
    ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးစာရင်းတွေစတင်ကောက်ယူနေတာနဲ့ပတ်သက်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ မူဆလင် လူနည်းစုခေါင်းဆောင် တချို့ နဲ့တွေ့ဆုံပြီး ရှင်းလင်းပြောဆိုရာမှာ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို လည်း တင်ပြခဲ့ကြောင်း ဦးကျော်လှအောင်က ပြောပါတယ်။
    .
    “ပုံစံ ၄နဲ့သွားရမယ်ဆိုပြီး လုပ်ပစ်လိုက်တော့ လူတွေမှာ အများကြီး အခက်အခဲဖြစ်နေ တယ်။ အခု တက္ကသိုလ် ဝင်တန်းအောင်ပြီးတော့ တက္ကသိုလ်ကို တက်ဖို့ဟာ လည်း မရဘူး။ ဘာဖြစ်လို့ဆိုတော့ နိုင်ငံသား မဖြစ်လို့။ တက်ခွင့်မပေးဘူးဆိုပြီး အဲ့လိုပဲ ဖြေကြတယ်။ သူတို့က။ ဒီတခါ မိုးသက်လေပြင်းမှာ အဆောင်တွေ တော်တော်ပျက်စီးသွားတယ်။ အဲ့တာတွေကို သူတို့ လာကြည့်ဖို့ကောင်းတယ်။ အဲ့တာတွေကို ပြင်ပေးဖို့ကောင်း တယ်။ နောက် ကျောင်းတွေ ဘာတွေ မလုံလောက်ဘူး။ ”
    .Zeid Ra’ad Al Hussein
    ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein ကလည်း သူရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အရေး အပါအ၀င် မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ နဲ့ပတ်သက်ပြီး မြန်မာသမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း က တနင်္လာနေ့ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    .
    ဒါအပြင်ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား တိုင်းရင်းသား လူနဲစုတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆိုင်တဲ့ အစီရင်ခံစာကို ဇွန်လ (၂၉)ရက်နေ့မှာ သူကိုယ်တိုင် တင်သွင်းဖို့ရှိတယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီးက ပြောကြားခဲ့ပါတယ်။
    .
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
    http://burmese.voanews.com/a/rakhine-issue-at-un-geneva/3380250.html

  • ရခိုင်ပြည်နယ်အရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် တူရကီ ဆွေးနွေး

    13423752_529008293966137_7776514801187700333_n
    Photo-Ministry of Foreign Affairs Myanmar
    နေပြည်တော်၊ ဇွန် ၁၃
     
    မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာဘူတိုဂလူက သမ္မတဦးထင်ကျော်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ယနေ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အရေး ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
     
    တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယနေ့ နံနက်ပိုင်းက ဆွေးနွေးပြီးတဲ့နောက် သမ္မတဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအိမ်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
     
    ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ နှစ်နိုင်ငံဝန်ကြီးနှစ်ဦးဟာ ရခိုင်ပြည်နယ်အရေး နှစ်ဖက် ရပ်တည်ဆောင်ရွက်မှုတွေ အတွက်အပြန်အလှန်ချီးကျူးပြောဆိုခဲ့ကြပါတယ်။
     
    “ရခိုင်ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားအားထုတ်မှုတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားရရှိရေး ပထမဆုံးဆောင်ရွက်နေတဲ့ အဆင့်အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
     
    ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့တဲ့အခြေအနေကို နားလည်ပေးတဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးကို ကျေးဇူးတင်တယ်လို့ ပြန်လည်ပြောကြားပါတယ်။ ဒါ့အပြင် ဘင်္ဂလီလို့ သုံးနှုန်းပြီး မေးခွန်းမေးမြန်းခဲ့တဲ့ သတင်းထောက်တစ်ဦးကိုလည်း အငြင်းပွားဖွယ်ရာ စကားလုံးသုံးစွဲမှုတွေကို ရှောင်ကြဉ်ဖို့ သတိပေးလိုက်ပါသေးတယ်။
     
    ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်စဉ်မှာလည်း ရခိုင်ပြည်နယ်အရေးမှာ အငြင်းပွားဖွယ်ရာ အသုံးအနှုန်းကြောင့် မီးလောင်ရာလေပင့်ဖြစ်နိုင်တယ်လို့ သတိပေးခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းမေးမြန်းသူကို “ဝန်ကြီးကနေပြီး သေသေချာချာဘယ်သူမှ ကန့်ကွက်နိုင်တဲ့ အသုံးအနှုန်းတွေကို မသုံးဖို့ ဆင်ခြင်ပါတယ်။ မေးတဲ့သူကလည်း ဒီအတိုင်းပဲဆင်ခြင်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ ပြောကြားလိုက်ပါတယ်။
     
    ဒါဟာ တူရကီနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲ မိတ်ဆက်စကားမှာ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီလို့မသုံးပဲ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင်ဘာသာဝင်တွေလို့ သုံးနှုန်းခဲ့တာကို ထောက်ရှုပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။
     
    မစ္စတာ မာလက်ကာဘူတိုဂလူကတော့ ဒါနဲ့ပတ်သက်ပြီး သီးခြားမှတ်ချက်ပေး ပြောဆိုတာမျိုးမရှိဘဲ ရခိုင်ပြည်နယ် အရေးမှာ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရက တောင်းဆိုတဲ့ အကူအညီတွေကို သူတို့အနေနဲ့ လိုက်ပါဆောင်ရွက်ပေးနေတဲ့အကြောင်း အဓိကထားပြောကြားသွားပါတယ်။
     
    “ဒီနိုင်ငံမှာရှိတဲ့အစိုးရနဲ့ ဒေသခံတွေက သူတို့ဘာလိုတယ်ဆိုတာ သူတို့ပိုသိလို့ပါပဲ” လို့ သူကပြောပါတယ်။ တူရကီဟာ တူရကီအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (တီကာ)ကတစ်ဆင့် ရခိုင်ပြည်နယ်ကို အကူအညီတွေ ပေးနေပါတယ်။
     
    “ဆေးခန်းတွေဖွင့်ဖို့နဲ့ အခြားလိုအပ်ချက်တွေဖြည့်ဆည်းတဲ့ အကူအညီတွေကိုလည်း ဆောင်ရွက်ဖို့ရှိတယ်။ ဒီအကူအညီတွေကို တူရကီအစိုးရကလည်း ကူညီမှာပါ”လို့ မစ္စတာ မာလက်ကာဘူတိုဂလူကပြောတယ်။
     
    ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ရခိုင်မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် လူမျိုးဘာသာ မခွဲခြားဘဲ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနဲ့တိုင်းရင်းသား ၁၃၅ရှိတဲ့အထိ ကွဲပြားခြားနားမှုတွေရှိနေတဲ့ မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝမှုဆီ အရောက်သွားနိုင်ဖို့ သူတို့မှာရှိတဲ့ အတွေ့အကြုံနဲ့ ကူညီနိုင်ပါတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
     
    ဒေါ်အောင်ဆန်းစုကြည်ကတော့ “ရခိုင်မှာအခြေအနေတွေ ပိုကောင်းအောင်လုပ်နေပါတယ်” လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးကို ပြောပါတယ်။ နှစ်ဖက်တွေ့ဆုံမှုများအတွင်း ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသားလုပ်ငန်း၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ နှစ်နိုင်ငံသံရုံးများအရေးနဲ့ ပြည်ဝင်ခွင့်ဗီဇာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
     
    တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ရှိပြီး ရခိုင်နဲ့ မွတ်ဆလင်ဘာသာဝင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ “ခွဲခြားမှုမရှိဘဲ နှစ်ဖက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်” လို့ မစ္စတာ မာလက်ကာဘူတိုဂလူက ဆိုတယ်။
     
    တူရကီနိုင်ငံဟာ အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)မှာလည်း ဦးဆောင်မှုအခန်းကဏ္ဍကနေ တာဝန်ယူထားပါတယ်။ တူရကီနိုင်ငံရဲ့ လက်ရှိ သမ္မတ Recep Tayyip Erdoğan ဟာ OIC ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
     
    သတင်း-ဉာဏ်လှိုင်လင်း
    Frontier Myanmar မှ ကူးယူဖော်ပြသည်။
    http://frontiermyanmar.net/mm/news/1997
  • နတလ အနာဂတ် ဘယ်ကို ဦးတည်နေသလဲ (Investigative Report)

    နတလ အနာဂတ် ဘယ်ကို ဦးတည်နေသလဲ (Investigative Report)

    11226915_1663726133897753_4389272625639030176_n

    Root Investigative Agency ( မင်းမင်း ၊ မိုးအောင် )

    မော်လဝီ ဦးထုပ်ဆောင်းထားပြီး၊ အသက်ငါးဆယ့်ရှစ်နှစ်အရွယ်ရှိတဲ့ ရခိုင်မူဆလင် ဦးဆွေယော်ဒူလာဟာ တစ်ချိန်က သူရဲ့ပိုင်ဆိုင်မူတွေကို တုန်ယင်ယင်နဲ့ လက်ညိုး ထိုးပြနေပါတယ်။ သူညွန်ပြနေတဲ့ အရပ်ဟာ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာ တည်ရှိတဲ့ အရပ်ဒေသတွေကိုပဲ ဖြစ်ပါတယ်။ အဲဒီရွာလေးဟာ ခြေတံတို အိမ်ငယ်လေးတွေနဲ့ ပုံစံတူ ဆောက်လုပ်ထားတာကို မြင်တွေ့ရပါတယ်။

    အဲဒီမြေတွေဟာ တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေဖြစ်ပြီး ခုချိန်ခါ မပိုင်ဆိုင်တော့ဘူးလို့ သူက နှမြောတသစွာ ဆိုပါတယ်။

    “ အဲဒီ ပုံစံတူ ဆောက်လုပ်ထားတဲ့ အိမ်တွေကို အစိုးရ တည်ဆောက်တဲ့အခါ ကျနော်ရဲ့ လယ်တွေပါ ပါသွားပါတယ်။ သိရတာက စည်းကမ်း ပျက်ယွင်းမှုနဲ့ပဲ သိမ်းတယ်လို့ လူကြီးတွေက ပြောကြပါတယ် ”

    သူ့လို လယ်ယာမြေသိမ်းဆည်းခံရမှုဟာ ဒီဒေသမှာ သူ တစ်ဦးတည်းမဟုတ်ဘဲ သူ့မိတ်ဆွေတွေရဲ့လယ်ယာမြေတွေလည်း ပါဝင်နေကြပါတယ်။ သိမ်းဆည်းခြင်းခံရတာမှာ အနေထား တူနေတာက စည်းကမ်းပျက်ယွင်းမှုဆိုတာပဲ ဖြစ်နေကြပါတယ်။ မောင်တောမြို့နယ် ဒေသဖွံဖြိုးရေး အသင်းက အတွင်းရေးမှူး ဦးမြင့်လှိုင် ကတော့ လယ်ယာမြေသိမ်းဆည်းခံရမှု အများစုဟာ မောင်တောခရိုင် မြောက်ပိုင်းမှာရော တောင်ပိုင်းမှာရော ဖြစ်ပေါ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

    အထူးသဖြင့် နိုင်ငံတော်အစိုးရက စီစဉ်တဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံဖြိုးရေးဆိုတဲ့ လုပ်ငန်းစဉ်အောက်မှာ ပါရှိသွားပါတယ်။ အဲဒီ အစီစဉ်က တည်ဆောက်ပေးတဲ့ ရွာတွေကို ဒေသခံတွေက နတလ လို့ပဲ အတိုကောက် ခေါ်ဝေါ်နေကြဆဲပဲ ဖြစ်ပါတယ်။

    #နတလ စီမံကိန်းဆိုတာ

    နယ်စပ်ဒေသ လူမျိုးများနှင့်ဖွံဖြိုးတိုးတက်ရေး စီမံကိန်းဟာ ၁၉၉၄ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ရည်ရွယ်ချက် ပေါ်လစီက နယ်စပ်ဒေသတွေရဲ့ လူမျိုးရောထွေးမှုနဲ့ တိုင်းရင်းသားတွေရဲ့ နယ်ရပ်စွန့်ခွာမှုတွေကို ဖြေရှင်းရအောင်လို့ပါ။

    ဒီစီမံကိန်းဟာ မြန်မာနိုင်ငံထဲမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာလည်း ဖော်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ နယ်စပ်ဒေသတွေမှာ နတလ ကျေးရွာတွေအဖြစ် အထူးသဖြင့် ရခိုင်ဒေသမှာ အစ္စလာမ်ဘာ သာဝင် အများစု ရှိတဲ့ မောင်တောခရိုင်တွေမှာ ကျေးရွာတွေ တည်ဆောက်ရင်း မြန်မာပြည်အလယ်ပိုင်းက လူတွေကို ခေါ်ဆောင်လာပါတယ်။

    နတလ ကျေးရွာတွေမှာ ချပေးတဲ့ လူတွေ နေရေးထိုင်ရေး အဆင်ပြေအောင်လို့ နယ်စပ်ဒေသလူမျိုးများနှင့် ဖွံဖြိုးရေးဌာန အနေနှင့် လယ်ယာမြေတွေကို ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ မောင်တောခရိုင်မှာရှိတဲ့ လယ်မြေတွေ သိမ်းဆည်းခံရမှုဟာ ဒီဖြစ်စဉ်က စတာလို့ အစ္စလာမ်ဘာသာဝင် တစ်ဦးက ဆိုပါတယ်။ ပြောင်းရွှေ့လာကြတဲ့ နတလ ကျေးရွာတွေအတွက် အိမ်ထောင်စု တစ်စုစီကို လယ် ၂ ဧက နွားနှစ်ကောင်၊ ဆိတ် အစရှိသည်တို့ကိုလည်း နတလရွာမှာ နေထိုင်ကြတဲ့သူတွေက လက်ခံရရှိကြပါတယ်။

    ဒါပေမယ့် အဲ့ဒီရွာသားအများစုဟာ နွား၊ လယ်ယာတွေကို အငှားခံ ရောင်းချကြပြီး သူတို့ကိုယ်တိုင် လုပ်ကိုင်မှု နည်းပါးကြတယ် ဆိုတာကို နတလရွာတွေရဲ့ လေ့လာစုံစမ်းရေး ခရီးတွေအရ သိရှိခဲ့ရပါတယ်။ နတလ ရွာတွေထဲမှာ နာမည်ကြီး ရွာတစ်ရွာဖြစ်တဲ့ မောရ၀တီရွာက ရွာသားဖြစ်သူ ကိုလှမြင့်က အခုလိုဆိုပါတယ်။

    “ အစိုးရက ပေးတဲ့ ပစ္စည်းတွေက လယ်ယာမြေအထောက်အကူပြု ပစ္စည်းတွေ။ ကျုပ်တို့က လယ်မှ မလုပ်ကြတာ။ ဒါကြောင့် ရောင်းချ ငှားရမ်းကြတာပါ။ လယ်နဲ့ မရင်းနှီးတဲ့ ဘ၀ကို လယ်သမားဖြစ်အောင် တွန်းပို့နေသလိုပဲ ”

    နတလ ကျေးရွာတွေကို ထောက်ပံ့ပေးပို့တဲ့ ပစ္စည်းတွေ အသုံးမတည့်မှုတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့လုပ်ငန်းခွင် လိုအပ်ချက်တွေကို အမြဲတမ်း ဆန်းစစ် အချက်အလက် ကောက်ခံနေတယ်လို့ မောင်တောခရိုင် ဦးသန့်ဇင်က ဆိုပါတယ်။

    “ သူတို့တွေ အထောက်အကူဖြစ်အောင် ဘာတွေလုပ်ပေးရမလဲဆိုပီးတော့ အသုံးဝင်မဲ့ အရာတွေကိုပဲ လိုက်ရှာနေပါတယ်”

    #နတလ စီမံကိန်းဘယ်လဲ

    နတလ ကျေးရွာတွေကို စုစည်း ကျေးရွာတွေနဲ့ ရွှေ့ပြောင်းကျေးရွာတွေ ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ စုစည်းကျေးရွာတွေဟာ အထက် မြန်မာပြည်က လူတွေကို စုစည်းပြီး နေရာချပေးထားတာဖြစ်ပြီး ရွှေးပြောင်းကျေးရွာတွေကျတော့ ဘင်္ဂလားဒေ့ခ်ျက စိုးရိမ်ကြောင့်ကြမှုကြောင့် ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေလို့ မြန်မာနိုင်ငံအစိုးရက ခေါ်ဆိုပါတယ်။

    နတလ ကျေးရွာမှာ ပြန်လည်စုစည်းပေးတဲ့သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အများစုဖြစ်နေပြီး အစဉ်အလာ ကိုးကွယ်တဲ့သူတွေများတဲ့ မြောက်ပိုင်း ရခိုင်ဒေသမှာ နေထိုင်ရတာ မပျော်ကြတော့ဘူးလို့ ၁၉၉၅ ကတည်းကနေ မောင်တောခရိုင်ဒေသမှာ ရောက်ရှိနေကြတဲ့ နတလ ရွာသားတွေက ဆိုကြပါတယ်။

    တချို့ဆိုရင်လည်း ပြန်လည် ပြောင်းရွှေ့သွားကြပြီး ရှိတဲ့ဟာတွေကို ရောင်းချပြီးရင် ပြန်လည်ဝင်လာကြတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ဦးသန့်ဇင်က အတည်ပြု ပြောဆိုပါတယ်။

    “ ကျွန်တော်တို့ကျတော့ ရန်ကုန်ဘက်က သူတွေကို စုတာ မဟုတ်ဘူးလေ ဒီဒေသကို ရောက်ရှိလာတဲ့ လူတွေကိုပဲ ထောက်ပံ့နေရာ ချပေးတာ ဆိုတော့ ဒီကို ပြန်ပြီးတော့ ၀င်ရောက်လာကြတဲ့ သူတွေ အပိုင်းကျတော့ စာရင်းကောက်ခံတဲ့သူတွေနဲ့ပဲ သက်ဆိုင်တယ်။ ”

    ယဉ်ကျေးမှု အနေအထားမတူလို့ ပြန်လည်ထွက်ခွာသွားတဲ့သူများလည်း ရှိကြပါတယ်။ ၂၀၁၂ အရေးအခင်းတုန်းက ဖြစ်စဉ်တချို့မှာ နတလ ရွာတွေပါ ပါဝင်ခဲ့ရပြီး အဲ့ဒီလိုဖြစ်စဉ်မျိုး ပြန်လည်ပေါ်ပေါက်လာမှာကိုလည်း စိုးရိမ်နေတဲ့ နတလ ရွာသားတွေရှိကြပါတယ်။ ဒါပေမယ့် ၂၀၁၂ အပြီးမှာ အစိုးရက ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဘာသာဝင်တွေ ရခိုင်မျိုးနွယ်စုတွေကို နတလ ကျေးရွာတွေအဖြစ် လက်ခံဆောက်ပေးလိုက်ကြပါတယ်။

    ဒီလိုရွာတွေ တည်ဆောက်ပေးမှုဟာ မောင်တောခရိုင်ဒေသမှာ အစ္စလာမ် ကိုးကွယ်တဲ့သူ အများစုရှိတာကို ဘာသာရေးပါဝါ မျှတာအောင်ဆိုပြီးတော့ ဗုဒ္ဓဘာသာဝင်တွေကို ပိုပြီးအခွင့်အရေးပေးကြတာလားလို့ စဉ်းစားနိုင်ဖွယ်ရှိပါတယ်။

    #နတလ ကျေးရွာသားများပြောသော သူတို့ ဘ၀အကြောင်း

    မောင်တောကနေ သွားရင် ၂၁ မိုင်ခန့် ဝေးပြီး ရှေ့ကို ဆက်သွားရင် တောင်ပြိုမြို့ကို လွန်မြောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်သွားနိုင်တဲ့ လမ်းကြားထဲက ရန်အောင်မြင်ဆိုတဲ့ နတလ ကျေးရွာငယ်ဟာ အိုးအိမ်ဆိုင်ရာ ဖွံ့ဖြိုးမှုအနေအထားတွေ အားနည်းနေတာ တွေ့ရပါတယ်။ ဒီကျေးရွာမှာ ၂၀၁၂နှစ် နောက်ပိုင်းနဲ့ အဲ့ဒီမတိုင်ခင်က ပြောင်းရွေ့လာကြတဲ့ ဘင်္ဂလားဒေ့ခ်ျမှ ရခိုင်မျိုးနွယ်စုတွေရှိကြပါတယ်။ မတ်စောက်တဲ့ ချိုင့်ဝှမ်းတွေနဲ့ တောင်ကုန်းငယ်တစ်ခုမှာ အိမ်တည်ဆောက်ထားတဲ့ မြိုလူမျိုး ဦးယာလုဟာ ဘင်္ဂလားဒေ့ခ်ျဘာသာစကားပဲ ပြောတတ်ပါတယ်။ သူ့လိုပဲ အများစုဟာ ရခိုင်စကားပြောဆိုတတ်မှု နည်းပါးလွန်းပြီး ဘင်္ဂလားဒေ့ရှ် ဘာသာစကားပဲ ပြောဆိုကြပါတယ်။

    သူ ဒီဒေသကို ပြောင်းရွှေ့လာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေက သူ့ကို အနှောင့်အယှက်ပေးကြလို့ ပြောင်းရွှေ့လာတာလို့ ပြောပါတယ်။

    “ စိုက်ခင်းတွေကို လာပြီးတော့ ဖျက်ဆီးကြပါတယ်။ အိမ်မှာဆိုရင်လည်း ရှိတဲ့ဟာတွေကို တောင်းရမ်း ငှားယူပြီးရင် ပြန်မပေးကြဘူး။”

    မြိုလူမျိုး ဦးယာလုဟာ ဒီကို ပြောင်းရွှေ့လာတာမှာ သူ့အနေနဲ့ အစိုးရဆီကိုလည်း အသိမပေးရသေးပါဘူး။ သူ့လိုပြောင်းရွှေ့လာတဲ့သူတွေက ဒီနိုင်ငံ အစိုးရဆီက လက်ဆောင်ရတယ်လို့ နတလရဲ့ထောက်ပံ့မှုတွေကို သူ နားလည်သလောက် ဆိုပါတယ်။ သူဟာ အခုဆိုရင် အသက် ငါးဆယ်ကျော်ပြီဖြစ်ပြီး သူငယ်စဉ်တုန်းက ရခိုင်ပြည်နယ်ကို ကြားသာကြားဖူးပြီး ရောက်ရှိခဲ့ခြင်းမရှိခဲ့ပါ။ အခုရောက်ရှိလာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ ပြောက်ကျားတွေရဲ့ အနိုင်ကျင့်မှုတွေကြောင့် ၀င်ရောက်လာတယ်လို့ဆိုပါတယ်။

    သူ့မှာကျန်ခဲ့တဲ့ လယ်ယာမြေတွေကိုလည်း ဘင်္ဂလားက အစ္စလာမ်ဘာသာဝင်တွေက သိမ်းပိုက်လိုက်ကြပြီလို့ ဆိုပါတယ်။ သူနဲ့ ရင်းနှီးတဲ့ တချို့ မိတ်ဆွေတွေ ဆိုရင်လည်း လယ်တွေကို ရောင်းချပြီး လာလိုပေမဲ့ လူတွေရဲ့အခက်အခဲတွေကို သိပြီး ဈေးနှိမ်မှာစိုးလို့ အချိန်အနည်းငယ် စောင့်ဆိုင်းပြီး ရောင်းမယ်လို့ ပြင်ဆင်နေတယ် ဆိုတာကို သိရပါတယ်။

    သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ခရိုင်အတွင်းက ကျေးရွာလေးတစ်ရွာကလို့ ဆိုပါတယ်။ သူနှင့် သမီးငယ်နှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ ဆူနင်မာလာ ကလည်း ဖခင်နည်းတူ မြန်မာစကား မပြောတတ်ပါဘူး။ အင်္ဂလိပ်ဘာသာစကားကိုတော့ အနည်းငယ် ဖတ်တတ်ပြီး ဒုတိယတန်းအထိ သင်ယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ ဆူနင်မာလာက ဘင်္ဂလားဒေ့ရှ်ဘာသာစကားနဲ့ “ကျောင်းတော့ ဆက်တက်ချင်ပါသေးတယ်။ ဒီမှာနေရတာ မပျော်ဘူး။ ဟိုမှာဆိုရင်လည်း ကျောင်းတက်ဖို့သွားရင် ခဲပစ်၊ ဆဲဆိုခြင်း အမျိုးမျိုးတွေနဲ့ နှောင့်ယှက်ကြတယ်။ ဒီမှာလည်း အဲဒီလို ထပ်ဖြစ်မှာကို ကြောက်တယ်။ ”

    အလှမယ် လို့ မြိုဘာသာစကားနဲ့ အမည့်မှည့်ထားတဲ့ သူမက နာမည်နဲ့ တကယ်ကို လိုက်ဖက်လှပါတယ်။ သူအနေနဲ့ ဘ၀ မျှော်လင့်ချက်ကို မရေရာတဲ့ အငွေ့အသက်ပါရှိတဲ့ ထင်မြင်ချက်နဲ့ ပြောပါတယ်။ ဆူနင်မာလာ ဟာ စစ်တွေ၊ မြောက်ဦး စတဲ့ ရခိုင်ပြည်နယ်က မြို့တွေကို အရမ်းပဲ သွားချင်နေပါတယ်။ သူ့အနေနဲ့ သွားမယ်ဆိုရင်လည်း အလွယ်တကူ သွားနိုင်ပေမယ့် ဘာသာစကား မကျွမ်းကျင်တာ၊ နယ်မြေမကျွမ်းကျင်မှု စတဲ့အရာတွေက အခက်အခဲရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ ရခိုင်လူမျိုးတွေရဲ့ သွင်ပြင်နဲ့ တူညီနေတာကြောင့် အစစ်အဆေးမရှိ သွားနိုင်ပါတယ်လို့ သူ့ ဖခင်က ဆိုပါတယ်။

    ထိုသို့ ပညာတစ်ပိုင်းတစနှင့် ဘ၀အာမခံချက် လိုလားသူများအတွက် မဖွံ့ဖြိုးတဲ့ ဒေသတွေမှာ ဖြစ်ပေါ်နေကြအတိုင်း လူကုန်ကူးခံရမှုနှင့် လိင်လုပ်ငန်းတွေ တွင်ကျယ်လာမှုလည်း ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပါတယ်။

    လူကုန်ကူးခံရမှု လုပ်ငန်းမှာလည်း မောင်တောဒေသ၌ ဖြစ်ပွားမှု မရှိသေးဘဲ နတလ ရွာများအား လူစိမ်းများ ၀င်လျှင် သိရှိနိုင်ရန်လည်း သတင်းပေးပို့နိုင်ရန် သတင်းပေးများ ခန့်အပ်ထားသည်ဟု နတလ ခရိုင်မှူး ဦးသန့်ဇင်က ဆိုပါတယ်။

    လိင်လုပ်ငန်း လုပ်ကိုင်မှုတွေဟာ နတလ ရွာတွေမှာ မဟုတ်ဘဲ တခြားနေရာက သူတွေ လိင်လုပ်ငန်းလုပ်နေကြတာကို လိုက်လံဖမ်းဆီးရာမှ အဲဒီလူတွေက နတလရွာကို ရှောင်ပုန်းပြေးတာကြောင့် နတလ ရွာတွေ လိင်လုပ်ငန်း လုပ်ကိုင်တယ်ဆိုပြီး အမည်တွင်ခဲ့မှုလည်း ရှိခဲ့တယ်လို့လည်း သူက ရှင်းပြပါတယ်။

    #ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်တိုင်းရင်းသားများအပေါ် ဒေသခံများ၏ ခံစားချက်

    စိုးရိမ်ပူပန်မှုအရ ပြောင်းရွှေ့လာသူလို့ ခေါ်ဝေါ်ကြတဲ့ ဒုက္ခသည်တွေထဲမှာ ရခိုင်မျိုးနွယ်စုတွေဖြစ်တဲ့ မြို၊ သက်၊ ဒိုင်းနက်၊ ရခိုင် စသည်တို့ ပါရှိပါတယ်။ ပြောင်းရွှေ့လာသူ အများစုဟာ တစ်ဘက်နိုင်ငံရဲ့ နိုင်ငံသားတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ အုပ်ချူပ်သူတွေက ဒီလို တစ်ဖက်နိုင်ငံသားတွေကို အလွယ်တကူ လက်ခံနေတာဟာ နားမလည်နိုင်စရာ ဖြစ်တယ် လို့ အလယ်သံကျော် ကျေးရွာက အစ္စလမ် ဘာသာဝင်ဖြစ်တဲ့ ဦးဆွေယောဒူလာက ပြောပါတယ်။

    “ကျွန်တော်တို့ကျတော့ ဒီမှာ ငယ်ငယ်လေးကနေ နေလာတာ။ နိုင်ငံသား မဟုတ်ဘူးတဲ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူတွေကျတော့ ဘာမှ မပြောဘူး။ နေစရာပေးတယ်။ အလုပ်အကိုင်ပေးတယ်။ ဒါဟာ ကိုးကွယ်တဲ့ ဘာသာကြောင့်များလားလို့ ကျူပ် ထင်တယ်။ ”

    ဦးဆွေယောဒူလာ ယူဆသကဲ့သို့ပင် တစ်ခြားသော အစ္စလမ်ဘာသာဝင်များ ကြားတွင်လည်း နိုင်ငံသားဖြစ်ခွင့်ကို အလွယ်တကူ ရရှိလာနိုင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာသူများအား နိုင်ငံသားဖြစ်ခွင့် ရရှိသွားခြင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်သောကြောင့် ဟု အလွယ်တကူ လက်ခံ နားလည်ထားကြသည်။

    ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ ဥက္ကဌ ဦးလှသိန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စိုးရိမ်ပူပန်မှုကြောင့် ပြောင်းရွှေ့လာကြသော ရခိုင်မျိုးနွယ်စုများအား ပြန်လည်လက်ခံခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ်အရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သူက ဆိုသည်။

    #နိုင်ငံသားပြုမှုဆိုင်ရာနှင့် ဘာသာရေး ခွဲခြားမှုများ နောက်ကွယ်

    ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသည့် ရခိုင်မျိုးနွယ်စုများသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲထည့်ပိုင်ခွင့် မရှိသေးသော်လည်း ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် မဲထည့်ပိုင်ခွင့် ရှိသူများ ဖြစ်လာနိုင်ကြသည်။ လက်ရှိအခြေအနေတွင် မောတောခရိုင် မဲဆန္ဒနယ်အတွင်း၌ အစ္စလာမ်ဘာသာဝင်များသည် ယခုလာမည့် ၂၀၁၅ အလွန် လွှတ်တော်ထဲတွင် အသံမဲ့နိုင်ခြေရှိသည်။ ၎င်းတို့အား ကိုယ်စားပြုမည့် ပါလီမန် အမတ်လောင်း ပါတီများက လွှတ်တော်ထဲသို့ ၀င်ရောက်ခွင့် မရှိနိုင်တဲ့ အခြေအနေ ဖြစ်နေကြပါတယ်။
    နိုင်ငံသားဖြစ်မှု ဥပဒေအရ မောင်တောခရိုင်ဒေသအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၁၀ ရွေးကောက်ပွဲကာလနှင့် နှိုင်းယှဉ်လျှင် ၁၀ ဆ ခန့် လျော့နည်းကွာဟသွားတယ်လို့ ခရိုင်ကော်မရှင် ဦးအောင်ကျော်ညွှန့်က ဆိုပါတယ်။

    “၂၀၁၀ တုန်းက ဆန္ဒမဲထည့်ပိုင်ခွင့်ရှိသူ ၅ သိန်း၊ ခုကျတော့ ၅ သောင်းပဲ ဖြစ်သွားပြီ”

    မောင်တောခရိုင်ရဲ့ အနေအထားအရ ဒီအခြေအနေတွေဟာ ဆူပူမှုကို ဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆရပါတယ်။ လုံခြုံရေးအရ စိုးရိမ် ကြောက်လန့်ဖွယ်ရာ စကားများကိုလည်း ပြည်နယ်အစိုးရရဲ့ အထက်အရာရှိပိုင်းများက ပြောဆိုနေကြပါတယ်။ လုံခြုံရေးအပေါ် စိုးရိမ်စိတ်ဖြင့် ပြောဆိုချက်များဟာ နတလ ကျေးရွာတွေအတွင်းမှာ တွေးပြီး ကြောက်လန့်နေကြတဲ့ သူတွေ ရှိပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှ စိုးရိမ်စိတ်ကြောင့် ၀င်ရောက်လာကြတဲ့ ဒုက္ခသည်များဟာ မောင်တောဒေသမှာလည်း တစ်ဖက် အစ္စလာမ် ဘာသာဝင်များရဲ့ ဘင်္ဂလားဒေ့ရှ်မှာ သူတို့ နေထိုင်ခဲ့စဉ်ကကဲ့သို့ အနှောင့်အယှက်ပေးနိုင်မယ်ဆိုတာကိုလည်း သံသယရှိနေဆဲ ဆိုတာ တွေ့ရှိရပါတယ်။ ဒီ မေးခွန်းနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေထဲမှာ ဖြေဆိုသူတစ်ဦးဖြစ်တဲ့ ခရေမြိုင်ကျေးရွာသူ ဒေါ်အေးငြိမ်းက ဝေခွဲမရစွာဖြင့် သူ့ရဲ့ ယူဆချက်ကို မပြတ်မသား ပြောပါတယ်။

    “ဟိုမှာထက်စာရင် ဒီမှာ အနှောင့်အယှက် နည်းမယ် ထင်လို့ပါ။ ဒါကြောင့် ရခိုင်ပြည်ကို ၀င်ပြီး ခိုလှုံလာကြတာပါ။ အဓိက အကြောင်းအရင်းကတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံဖြစ်နေလို့ပါ။”

    စံပယ်မြိုင်၊ မောရ၀တီ၊ ရွှေဗဟို၊ အလယ်သံကျော် ကျေးရွာများတွင်လည်း လုံခြုံရေးများ နေရာချထားပါတယ်။ သေနတ်သံများ မကြာမကြာ ကြားရတယ်လို့ နှစ်ဘက်လူ့အဖွဲ့အစည်း နှစ်ခုစလုံးက ဆိုကြပါတယ်။ ဓါးပြတိုက်မှု ဖြစ်စဉ်များလည်း ရံဖန်ရံခါ ရှိတတ်တယ်လို့ အလယ်သံကျော် ကျေးရွာမှ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သူ ဦးဆွေယော်ဒူလာ က ဆိုပါတယ်။

    မောင်တောခရိုင်မှာ ချပေးထားတဲ့ နတလ ကျေးရွာတွေမှ အစ္စလာမ်ဘာသာဝင်တွေ လုံးလုံး ပါဝင်တာကို မတွေ့ရပါဘူး။ ဒါဟာ အစ္စလာမ် ဘာသာကို ကိုးကွယ်တဲ့သူတွေများတဲ့ မောင်တောဒေသမှာ နိုင်ငံရေးအရ ဘာသာရေးပါဝါကို ထိန်းကျောင်းပြီး လူမျိုးရေးစနစ်တစ်ခုကို လည်ပတ်တာလို့ ယူဆနိုင်ဖွယ်ရှိပါတယ်။

    #စစ်ရေးအရ အရေးပါလာမည့် နတလ ကျေးရွာများ

    မြန်မာ့ထိပ်တန်း စစ်အရာရှိဟောင်းတစ်ဦးရဲ့ ထုတ်ဖော်ပြောကြားချက်အရ မောင်တောခရိုင်ဒေသမှာရှိတဲ့ နတလ ရွာတွေဟာ စစ်ရေးအရ လုံခြုံရေးအနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးအစီအစဉ်မှာ အထက်မြန်မာပြည်ဘက်က လူတွေကို မခေါ်ယူတော့ဘဲ တစ်ဖက်နိုင်ငံက ရခိုင်လူမျိုးတွေကို လက်ခံနေရာချပေးနေတာကို တွေ့ရပါတယ်။

    ပြီးတော့ သူတို့တွေထဲက တချို့ဟာ မောင်တောဒေသခံ ဗုဒ္ဓဘာသာဝင်တွေရယ်၊ ရခိုင်ဒေသမှာရှိတဲ့ ရခိုင်တွေအတွက်ပါ ပိုပြီး ရင်းနှီးကျွမ်းဝင်မှု ရအောင် တိုင်းပြည်အပေါ် အနစ်နာခံလိုစိတ် ပြင်းပြနေကြပါတယ်။ ဒီနေရာမှာ ၂၀၁၂ အရေးအခင်းအပြီး ရခိုင်တွေ ကျယ်ပြန့်စွာ မောင်တော နယ်စပ်မှာ ၀င်ရောက်လာမှုနှင့်အတူ ရခိုင်လက်နက်ကိုင်တပ်ဖြစ်တဲ့ ကချင်ပြည်နယ်အခြေစိုက် ရက္ခိုင်တပ်မတော် (AA) က အသံတစ်ခု ထွက်ရှိလာပါတယ်။

    ရက္ခိုင်တပ်မတော် (Arakan Army – AA) က ရေပြင်၊ မြေပြင်၊ ဝေဟင် ကာကွယ်ရန် ရခိုင်ပြည်တွင် အခြေစိုက်ရန် အသင့်အနေအထား ရှိနေခဲ့ပြီဟု ၂၀၁၄ ခုနှစ် ဧပြီလထဲမှာ ပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသား ကျောက်ဖြူညီလာခံမှာ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလို ထုတ်ဖော်ပြောဆိုမှုဟာ AA တပ်မတော် အနေနဲ့ သူတို့ရဲ့ နယ်စပ် တပ်သားအင်အားကို ဘင်္ဂလားဒေ့ရှ်က ၀င်ရောက်လာတဲ့ ရခိုင်မျိုးနွယ်စုတွေကို အသုံးချမလားဆိုတာကို တွေးကြည့်ရမှာပါ။

    မောင်တောခရိုင်တောင်ပိုင်း ရွှေဗဟိုမှာ နေထိုင်တဲ့ မောင်မောင် (အမည်လွှဲ) က သူ့လက်ညိုးကို သေနပ်ပစ်သလို ကွေးပြရင်း “ဒါကိုရရင် ငါတို့ပြည်ကို ငါတို့ ရပြီ။ ဒီမှာ စားဝတ်နေရေးကျပ်ရင် အဲဒီတပ်ဆီကို ၀င်သွားမယ်” ဟု သူက ဆိုပါတယ်။

    သြဂုတ်လရဲ့ နောက်ဆုံးသီတင်းပတ်တွေမှာလည်း ရက္ခိုင်တပ်မတော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။
    အစိုးရဆီက အထောက်အပံ့ ရယူနေရင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတဲ့ သူတို့ ဘ၀မှာ ရွေးချယ်စရာတွေလည်း နည်းပါးနေတယ်လို့ သူက ဆိုပါတယ်။ သူတို့ရဲ့ အနစ်နာခံလိုစိတ်၊ ရခိုင်တွေကို ချစ်တဲ့ စိတ်ကို ပြလိုတဲ့ သူတို့ဟာ အခွင့်အရေးပေးရင် AA တပ်မတော် သို့မဟုတ် မြန်မာ့တပ်မတော်ထဲကို အချိန်မရွေး ၀င်ရောက် သွားနိုင်ခြေ ရှိကြပါတယ်။

    #နတလ သည် ၀ှက်ဖဲ တချပ်လား

    မောင်တောဒေသမှာ ရှိတဲ့ နတလ ကျေးရွာတွေက ရခိုင်မျိုးနွယ်စုတွေ ၃ နှစ်ပြည့်ပြီးရင် နိုင်ငံသား ပေးလိုက်တာဟာ မောင်တောခရိုင်မှာ ရှိတဲ့ နိုင်ငံသား မဖြစ်ကြရသေးတဲ့ ရိုဟင်ဂျာလူမျိုး အစ္စလာမ်ဘာသာဝင်တွေကို မျက်ကွယ်ပြုရာ ကျနေပါတယ်။ အများစုသော လူမျိုးကို နိုင်ငံရေး၊ ဘာသာရေးအရ အခွင့်အရေး အနည်းငယ်မျှ မပေးခြင်းဟာ ရှင်သန်မှု အကျဉ်းအကျပ်ထဲကို ရောက်ရှိ သွားတဲ့ ဖြစ်စဉ်ပါ။ သေးငယ်သော အစုအဖွဲ့ ခံစားမှုတွေကနေ ကြီးမားသော ပြဿနာ ဖြစ်လာနိုင်တယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သတိပြုမူသင့်ပါတယ်။

    ၂၀၁၂ ခုနှစ်ကလို အရေးအခင်းများ မောင်တောခရိုင် ပြန်လည် မပေါ်ပေါက်လာနိုင်ဘူး ဆိုတာ ဘယ်သူမှ အာမခံလို့ မရပါဘူး။ တဘက်လူမျိုးနဲ့ တဘက် သေးငယ်တဲ့ မှုခင်းလေးတွေ ရံဖန်ရံခါ ပေါ်ပေါက်နေတယ်ဆိုတာလည်း မောင်တောခရိုင် မှုခင်းမှတ်တမ်းများအရ သိရှိနိုင်ပါတယ်။ နတလ ကျေးရွာကြောင့် လယ်မြေတွေ အသိမ်းခံလိုက်ရတဲ့ ဦးဆွေယော်ဒူလာကတော့ သက်ပြင်းတွေ ချပြီး စဉ်းစားစွာ ပြောဆိုလိုက်ပါတယ်။

    “ကမ္ဘာကြီးမှာရှိတဲ့ နိုင်ငံတစ်ခုစီတိုင်းမှာ မတူညီတဲ့ လူမျိုး၊ မတူညီတဲ့ ကိုးကွယ်သူများ ရှိကြမြဲပါ။ ဒါပေမယ့် သူတို့အနေနဲ့ အဲဒီနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်လိုခြင်း ရပ်ဆိုင်းခြင်း၊ ဒါမှမဟုတ် နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခံပြီး အခြားနိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမယ်ဆိုရင်၊ အခြားနိုင်ငံရဲ့ အရိပ်ကို ခိုလှုံမယ်ဆိုရင် ဒါဟာ ဒုက္ခသည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှသာလျှင် သွားရမှာ ဖြစ်ပါတယ်။ အခုဟာက ဗုဒ္ဓဘာသာ ဖြစ်ရုံမျှ နေအိမ်၊ လယ်မြေ၊ ထွန်ယက်စရာ နွားနဲ့ စားနပ်ရိက္ခာက အစ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးထားပြီး ၃ နှစ်စောင့်ရင် နိုင်ငံသားပြုခွင့်ပေးမယ် ဆိုတာ မြန်မာအစိုးရအနေနဲ့ တရားမျှတပါရဲ့လား”

    #သုံးသပ်ချက်

    ရခိုင်ပြည်နယ်သည် ဒီမိုကရေစီ အစိုးရသစ် တက်လာပြီးချိန်ကစ၍ ပြည်နယ်အတွင်း၌ အတွေးအခေါ်၊ အယူအဆ မတူညီမှုများကြောင့်သော်လည်းကောင်း၊ လူမျိုးရေး အစွဲအလမ်းကြောင့် သော်လည်းကောင်း၊ အချင်းချင်း ပဋိပက္ခများဖြစ်ကာ အဓိကရုဏ်း ဆူပူမှုကြီးများနှင့် ယနေ့တိုင် သံသယအမုန်းမီးများက တောက်လောင်နေဆဲ ဆိုသည်ကို အားလုံး အသိပင် ဖြစ်သည်။

    ရခိုင်ပြည်နယ် ၀န်ကြီးချူပ် အဆက်ဆက် ဖြစ်ကြသည့် ဦးလှမောင်တင်၊ ဦးမောင်မောင်အုန်းနှင့် ယခု ဦးမြအောင်တို့ကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ကြသေး။
    အစ္စလာမ်ဘာသာဝင်များနေထိုင်ရာ ဒေသများသို့ မည်သည့် ဘာသာ၊ မည်သည့် လူမျိုး မဆို အလွယ်တကူ ၀င်ရောက် စီးပွားကူးသန်းခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်များ ရှိနေသော်လည်း အစ္စလာမ်ဘာသာဝင်များအနေနှင့် ကန့်သတ်ခံနေရဆဲ ဖြစ်သည်။

    တစ်ဖက်နှင့် တစ်ဖက် မတူညီသော သဘောထား၊ ခံယူချက်တို့ကို ဆွေးနွေးညှိနှိုင်းကြရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုသော ကိစ္စသည် မလွယ်ကူခြင်းတော့ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် နှစ်ဖက်စလုံးက ရိုးသားဖြူစင်ကြပြီး တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်မှု တည်ဆောက်နိုင်ပြီး အာဃာတများ ကင်းပျောက်ကြမှသာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အကောင်အထည်ဖော်နိုင်ကြမည် ဖြစ်သည်။

    သို့ဖြစ်သောကြောင့် ရခိုင်ပြည်နယ် အစိုးရသော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရသော်လည်းကောင်း ရခိုင်ပြည်နယ်၏ ထိလွယ်ရှလွယ်သည့် အခြေအနေများ၊ သံသယများ မငြိမ်းသေးချိန်တွင် ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ခွဲခြားအခွင့်ထူးပေးခြင်းဖြစ်စေ၊ ခွဲခြားဖိနှိပ်ခြင်းဖြစ်စေ မပြုလုပ်ရန် အလွန်လိုအပ်ပါသည်။

    — ဤဆောင်းပါးသည် The welcome migrants from Bangladesh အမည်ဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်စွဲထုတ် မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ မီဒီယာ Frontier Myanmar တွင် ဖော်ပြခြင်းခံရသော RIA ၏ Investigative Report ဖြစ်ပါသည်။

     

    RIA မှ ကူးယူဖော်ပြပါသည် ။

  • ရခိုင်ပြည်နယ်ရှိ အကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်က ရခိုင်အမျိုးသားပါတီ ANP ကို ချဉ်းကပ်ခဲ့

    ရခိုင်ပြည်နယ်ရှိ အကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်က ရခိုင်အမျိုးသားပါတီ ANP ကို ချဉ်းကပ်ခဲ့

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    – ရခိုင်အမျိုးသားပါတီ ANP မှ ဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင် မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်မှုအတွင်း တရုတ်ကွန်မြူနစ်အာဏာပိုင်များက ချဉ်းကပ်ကာ ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြလိုက်သည်။

    “တရုတ် ဒါမှမဟုတ် အမေရိကန်၊ စင်ကာပူတို့လို နိုင်ငံတွေကိုလည်း ကျွန်တော်တို့ လိုချင်ပါတယ်။ တကယ်လို့ အိန္ဒိယအစိုးရက ကျွန်တော့်ကို ဖိတ်ရင်လည်း ကျွန်တော် ကြိုဆိုမိမှာပါ။ ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု အများအပြား လိုအပ်ပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံ၏ ထိုကဲ့သို့ ချဉ်းကပ်မှုမှာ ရခိုင်ပြည်နယ်အတွင်းရှိ မဟာဗျူဟာအကျဆုံးသော ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်းတို့အား ကာကွယ်ရန် ဆောင်ရွက်မှုလည်းဖြစ်ပြီး၊ ကွန်မြူနစ်ပါတီ၏ မစွက်ဖက်ရေး ပေါ်လစီ ပြောင်းလဲမှုကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။

    မွတ်စလင်ဆန့်ကျင်ရေး သဘောထားများကို လှုံ့ဆော်ပေးပြီး ရခိုင်ဗုဒ္ဓဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် ANP ပါတီမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာမည်ဟု မျှော်မှန်းထားသော လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အပြတ်အသတ် အနိုင်ရမည့် အခြေအနေ ရှိနေသည်။

    မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံထားမှုများမှ အရေးပါဆုံးမှာ ရခိုင်ပြည်နယ်တွင် ရှိနေသောကြာင့် ဒေါက်တာအေးမောင်မှာ ဘေဂျင်းအတွက် အလားအလာရှိသည့် မဟာမိတ်အဖြစ် ရှုမြင်ခံရခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်က ရခိုင်များနှင့် ရိုဟင်ဂျာများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ကျောက်ဖြူမြို့မှာ တရုတ်နိုင်ငံ၏ ရင်းမြစ်အသစ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းအတွက် အဓိကကျသည့် ဒေသ ဖြစ်နေသည်။

    ဒေါက်တာအေးမောင်ကမူ ကွန်မြူနစ်ပါတီမှာ ၎င်းအား ဇူလိုင်လက ဖူဂျီယန်နှင့် ဂွီဇူ ပြည်နယ်များသို့ ဖိတ်ကြားခဲ့ပြီး အစည်းအဝေးတစ်ခုတွင် ကွန်မြူနစ်ပါတီ နိုင်ငံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့မှာ သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ANP ပါတီ – ထို ၃ ခုနှင့်သာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော်တို့က အဖွဲ့ ၃ ခုနဲ့ပဲ ဆက်သွယ်ခဲ့တယ်။ ခင်ဗျားတို့ပါတီက မြန်မာနိုင်ငံမှာ တိုင်းရင်းသားအဖွဲ့တွေထဲက ကျွန်တော်တို့နဲ့ ဆက်သွယ်တဲ့ တစ်ခုတည်းသောပါတီပဲလို့ – သူတို့က ကျွန်တော့်ကို ပြောပါတယ်” ဟု ၎င်းမဲဆွယ်မှု လုပ်နေသော ကျောက်ဖြူမြို့တွင် ပြုလုပ်သည့် အင်တာဗျူး၌ ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင်သွားရောက်ခဲ့သည့် ဒေါက်တာအေးမောင်၏ ခရီးစဉ်ကို တရုတ်နှင့် မြန်မာတို့မှ မီဒီယာများက အကျဉ်းချုပ်သာ ဖော်ပြခဲ့ပြီး၊ မည်သည့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို အကျယ်တ၀င့် တင်ပြခဲ့ခြင်း မရှိချေ။

    သမ္မတဦးသိန်းစိန်ရုံးမှ တာဝန်ရှိသူတစ်ဦးကမူ သမ္မတမှာ မြန်မာနိုင်ငံမှ အန်ဂျီအိုများ၊ နိုင်ငံရေးပါတီများနှင့် တရုတ်နိုင်ငံတို့အကြား ဆက်သွယ်မှုကို အားပေးသည်ဟု ဆိုသည်။

    “ANP နဲ့ ဆက်ဆံရေးတိုးတက်အောင် ကြိုးစားတာဟာ သူတို့ရဲ့ပေါ်လစီအသစ် အကောင်အထည်ဖော်မှု တစ်စိတ်တစ်ပိုင်းလို့ ကျွန်တော်ထင်ပါတယ်” ဟု သမ္မတရုံးမှ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးကိစ္စများတွင် ကြားဝင်ခြင်းမပြုသည့် ပေါ်လစီကို ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သော်လည်း လက်ရှိအချိန်တွင် ထိုနည်းလမ်းက တရုတ်၏ အကျိုးစီးပွားကို ကာကွယ်ရန် မလုံလောက်ဟု သမ္မတဇီဂျင်ပင်းအစိုးရက ယူဆနေသည်ဟု ဆန်းစစ်သူများက သုံးသပ်ကြသည်။

    “ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အာဏာရပါတီတစ်ခုတည်းနဲ့ ဆက်သွယ်မှုကြောင့် ကျွန်တော်တို့ ကြီးမားတဲ့ဆုံးရှုံးမှုတွေကို ခံစားခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အတွက် ပြောင်းလဲဖို့ လိုအပ်လာပါပြီ” ဟု တရုတ်အစိုးရ၏ ထိပ်တန်း တတ်သိပညာရှင်များအဖွဲ့ဖြစ်သော တရုတ်လူမှုသိပ္ပံအကယ်ဒမီမှ အာရှ-ပစိဖိတ် လှုမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးဌာန အကြီးအကဲ ဇူလီပင်းက ပြောကြားခဲ့သည်။

    အန္တရာယ်ရှိသည့် ရလဒ်များ

    ဒေါက်တာအေးမောင်ကမူ ၎င်းအနေဖြင့် တရုတ်နိုင်ငံ၏ ကမ်းလှမ်းမှုကို တုန့်ပြန်ခဲ့ခြင်း မရှိသော်လည်း ရခိုင်ပြည်နယ်၏ လယ်ယာလုပ်ငန်းများအတွက် ထွန်စက်များနှင့် လယ်ယာသုံး စက်ကိရိယာများကို လိုချင်ပြီး ပညာတော်သင်ဆုများအတွက်လည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

    ၂၀၁၄ ခုနှစ် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ ဆင်းရဲမွဲတေမှုမှာ ၇၈ ရာခိုင်နှုန်းရှိနေသည်ဟု ဖော်ပြထားသည်။

    ပြည်နယ်အတွင်း လိုအပ်နေသော ရင်းနှီးမြှုပ်နှံမှုများကို ရရှိအောင် လုပ်နိုင်မှုက ဒေါက်တာအေးမောင်၏ သြဇာကို ပိုမို ခိုင်မာလာစေနိုင်သော်လည်း တရုတ်၏ လုပ်ငန်းများကြောင့် မြေယာများ ဆုံးရှုံးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့က မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး ပေါ်လစီကို မီးထိုးပေးသကဲ့သို့ ဖြစ်နေပြီး တရုတ်နှင့်ပူးပေါင်းခြင်းကလည်း အန္တရာယ်ရှိလာနိုင်သည်။

    “ဒေါက်တာအေးမောင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ လူငယ်တွေထံကနေ ဝေဖန်မှုတွေ အများအပြား ကြားခဲ့ရပါတယ်။ လူငယ်တွေက အနောက်နိုင်ငံတွေရဲ့ ပေါ်လစီနဲ့ အကူအညီကို ကြိုက်ပါတယ်။ တရုတ်ရဲ့ ပေါ်လစီကို မဟုတ်ပါဘူး” ဟု ANP ကိုယ်စားပြု ၀င်ရောင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သူ ထွဋ်မေက ပြောကြားခဲ့သည်။

    အထူးစီးပွားရေးဇုန် အပါအ၀င် တရုတ်နိုင်ငံက ရခိုင်ပြည်နယ်တွင် လက်ရှိ ပြုလုပ်ရန် စီစဉ်ထားမှုများ နောက်ထပ် နှစ် ၂၀ အတွင်း အကောင်အထည်ပေါ်လာပါက ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ဖိုးခန့် တန်ဖိုးရှိမည်ဟု သိရသည်။

    သို့သော်လည်း ယခုအချိန်အထိ တည်ဆောက်ပြီးစီးထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများမှာ ၎င်းတို့အား မည်သည့်အလုပ်အကိုင်မှ မပေးဟု ဒေသခံများက ဖွင့်ဟခဲ့သည်။

    “သဘာဝဓာတ်ငွေ့ စီမံကိန်းအကြောင်းပြောရရင်- သူတို့လာရင် ဒေသခံပြည်သူတွေကို အလုပ်ခန့်မယ်လို့ပဲ လူတိုင်းက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့လည်းရောက်လာရော ထမင်းချက်ကအစ တရုတ်တွေဖြစ်နေတယ်” ဟု ဒေသတွင်း တက်ကြွလှုပ်ရှားသူ အသက် ၃၆ နှစ်အရွယ် ထွန်းထွန်းနိုင်က ပြောကြားခဲ့သည်။

    Ref: Reuters