News @ M-Media

Tag: rakhine_commission

  • စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံး ရိုက်သွင်းလိုက်သော သံတစ်ချောင်း

    စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံး ရိုက်သွင်းလိုက်သော သံတစ်ချောင်း

    မေ- ၂-၂၀၁၃
    ရေးသူ- အောင်တင်

    စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံးရိုက်သွင်းလိုက်သော သံတစ်ချောင်း (သို့မဟုတ်) ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ

    ဘင်္ဂါလီလူမျိုးများမှာ ရခိုင်လူမျိုးများထံတွင် အစေခံ၊ အလုပ်သမား၊ အခစားသမားအဖြစ်သာ နေခဲ့ကြရသည်မှာ အစဉ်အလာတစ်ရပ်ကဲ့သို့ ဖြစ်နေခဲ့ပါသည်။ ထိုအချိန်အထိ လူမျိုးစုအလိုက် ကြီးမားသော မည်သည့်ပဋိပက္ခမှ ဖြစ်ပွါးခဲ့ခြင်း မရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ (၂.၃)

    ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာရဲ့ စာမျက်နှာ(၇)မှာရှိတဲ့ အထက်ပါစာကြောင်းကို ဖတ်မိလိုက်တာနဲ့ မျက်လုံးက ရှေ့ဆက်ဖတ်ဖို့ မရွေ့တော့ဘူးဖြစ်သွားတယ်။ ရင်ထဲမှာ နာကြင်မှုတစ်ရပ်ကိုလည်း စူးစူးနစ်နစ် ခံစားမိတယ်။ သြော် ဘယ်လို အသဲနှလုံးမျိုး၊

    ဘယ်လိုပညာတတ် ဆင်ခြင်တုန်တရားနဲ့ အခုလို ရေးရက်လိုက်သလဲ။ မကြောက်တတ်ပါဘူး ဆိုရင်တောင် မရှက်တတ်ကြဘူးလားဗျာ။

    အာဖရိကလူမဲတွေက ဥရောပတိုက်သား လူဖြူတွေကို အလုပ်အကျွေးပြုဖို့ ကျေးကျွန်အဖြစ် ဘုရားသခင် ဖန်ဆင်းထားတဲ့အတွက် ဒါဟာ လူသားတိုင်းလိုက်နာရမဲ့ လောကပါလ တရားဖြစ်တယ်လို့  ဘိုင်ဘယ်ကျမ်းကို ကိုးကားပြီး လူလူချင်း ကျွန်လုပ်နေခဲ့တာကို သတိရမိတယ်။

    ဘုရားသခင်က ချမှတ်ထားတဲ့ ဒီသဘာဝတရားကြီးဟာ ကျေးကျွန်တွေရဲ့ အကျိုးစီးပွါးအတွက်လည်းဖြစ်တာမို့ ဆန့်ကျင်ရင် သဘာဝလောကကြီး ဖေါက်လွှဲဖေါက်ပြန်ဖြစ်ပြီး ကပ်ဆိုးတွေ ကျနိုင်တယ်လို့လည်း ဆိုခဲ့ကြတယ်။ ဟိန္ဒူတွေရဲ့ လူတွေကို အမျိုးအနွယ် ဇာတ်အရ အလုပ်အကိုင်၊ နေရာထိုင်ခင်း၊ အဆင့်အတန်း ခွဲခြားထားခြင်းစနစ်နဲ့လည်း ထပ်တူဖြစ်ပါတယ်။

    “Slaves, obey your earthly masters with fear and trembling” (Ephesians 6:5). “Tell slaves to be submissive to their masters and to give satisfaction in every respect” (Titus 2:9).

    According to Robert Dabney (1820-1898), it was part of God’s natural order in a fallen world that ‘superior’ races should enslave ‘inferior’ races for their own spiritual, moral and material good, and for the social stability of everybody else.

    ကျွန်ဟာ ကျွန်နေရာမှာနေရင် လောကကြီးက တည်ငြိမ်မယ်။ ပဋိပက္ခတွေကို ရှောင်ကြဉ်နိုင်မယ်ဆိုတာကို တိုက်ရိုက်ဘဲဖြစ်ဖြစ်၊ သွယ်ဝိုက်လို့ဘဲဖြစ်ဖြစ် ယနေ့ ကမ္ဘာပေါ်မှာ ယဉ်ကျေးတဲ့ မည်သည့်လူသားကမှ မပြောကြတော့ပါဘူး။ သို့သော် ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်က ရိုဟင်ဂျာတွေက ကိုယ့်နေရာမှန် အခစား၊ အစေခံ၊ ကျွန်က ကျွန်နေရာမှာ မနေလို့ အခုလို သတ်ပွဲ၊ သေပွဲတွေဖြစ်ရတယ်လို့ အဓိပ္ပါယ်ကောက်ယူရင် ကောက်ယူလို့ရနိုင်တဲ့ စကားမျိုးကို ဘာဖြစ်လို့ ရေးသားလိုက်ရသလဲဆိုတာကို ကော်မရှင်အဖွဲ့ဝင်များ အဖြေပေးဖို့လိုပါမယ်။ ဒီအချက်ကို ဘာရည်ရွယ်ချက်နဲ့ ထည့်သွင်းရေးသားခဲ့ရတာလဲ။ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာရဲ့ ဘယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ်ထင်လို့ ဒီအချက်ကို ဖေါ်ပြခဲ့ရတာလဲ။ ဒီလိုရေးသားမှုမျိုးဟာ ပဋိပက္ခတွေဖြစ်နေတဲ့ လူမျိုးနွယ်နှစ်စု ပြန်လည်သဟဇာတဖြစ်ရေးကို ဘယ်လိုအထောက်အကူပြုနိုင်တယ်လို့ မဟာညာဏ်ကြီးရှင် ကော်မရှင်အဖွဲ့ဝင်လူကြီးများက ယုံကြည်ပြီး ထည့်သွင်းခဲ့ရတာလဲ။

    ဒေါက်တာမျိုးမြင့်၊ ဒေါက်တာကျော်ရင်လှိုင်နှင့် ဦးကိုကိုကြီးအပါအဝင် ကော်မရှင်လူကြီးမင်းများကို “လူကို လူအဖြစ် မမြင်နိုင်ဘူးဆိုရင် လူအဖြစ်ကို တစ်ကယ် ဆုံးရှုံးသွားတာက ဘယ်သူလဲ”လို့ မေးမြန်းချင်လှပါတယ်။ ကိုယ်ဖေါ်တဲ့ဆေး၊ ကိုယ်မစားရဲဘူးဆိုရင် သမိုင်းဆိုတဲ့ တရားသူကြီးက ဘက်မလိုက်ဘူး၊ လာဘ်ထိုး လို့ မရဘူး၊ မညှာတတ်ဘူး ဆိုတာကိုတော့ သတိပေးလိုက်ချင်ပါတယ်။

    စစ်အစိုးရအဆက်ဆက်တွေက ရိုဟင်ဂျာတွေကို အဖိုးအဖွား၊ အဖေအမေနဲ့ သားသမီး၊ မြေးမြစ်တိုင်အေင် အိမ်ထောင်စုစာရင်း တမင်ခွဲမပေးဘဲ တစ်ခုတည်းထားပြီး လူဦးရေပေါက်ဖွားနှုံးများတယ်လို့ လည်ဆယ် စွပ်စွဲခဲ့ကြတယ်။ မြန်မာပြည်မှာ ကြိုက်တဲ့လူမျိုးကို အခုရိုဟင်ဂျာတွေလို မိသားစုလေးဆက်လောက် အိမ်ထောင်စုစာရင်း တစ်ခုတည်းထားပေးရင် ဒီလိုဖြစ်နေမှာဘဲဆိုတာကို စာနာတရားထားပြီး စဉ်းစားနိုင်တဲ့ စွမ်းရည်လည်း ကော်မရှင်မှာ ရှိဟန်မတူဘူး။ ဒါကြောင့်လည်း ပညာတတ်တွေရဲ့ ရခိုင်ကော်မရှင်က အစီရင်ခံစာထဲမှာ မြေနိမ့်ရာ လှံစိုက်ပြီး ရိုဟင်ဂျာတွေဟာ လူဦးရေပေါက်ဖွားနှုံးများလွန်းတယ်လို့ စစ်အစိုးရလေအတိုင်း သံယောင်လိုက် အပြစ်တင်စွပ်စွဲလိုက်ခြင်း ဖြစ်ဟန်တူပါတယ်။ မိသားစု စီမံကိန်း သဘောမျိုးနဲ့ ပညာပေးတာမျိုးကို ကျနော်တို့ လက်ခံပါတယ်။ သို့သော် လူကို လူအဖြစ်မြင်ဖို့လိုပါတယ်။

    နှိမ့်ချအထင်သေးတဲ့အမြင်(Stereotype)နဲ့ မချဉ်းကပ်သင့်ဘူး။ ရိုဟင်ဂျာတွေကို လူ့မျိုးဆက်တစ်ဆက် (One Generation)ကျော် အသက်၁၈နှစ်ပြည့် တာတောင် လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် မရှိ။ လက်ထပ်လိုရင် လျှောက်လွှာတင်ရတာ၊ လာဘ်ထိုးရတာ၊ လက်ထပ်ခွင့် မရှိဘဲ လက်ထပ်သူတွေကို ထောင်ချပစ်တာ၊ မိသားစုတစ်ခုကို ခလေးနှစ်ယောက်ထက် ပိုမယူရဆိုတာတွေနဲ့ လူမဆန်တဲ့ ဖိနှိပ်မှုတွေကြားက ရိုဟင်ဂျာတွေဟာ လူဦးရေပေါက်ဖွားနှုန်း များတယ်လို့ ပြောချင်သေးရင် မူလက လူဦးရေ ဘယ်လောက်ရှိခဲ့တယ်။ အခု ဘယ်လောက်ရှိပြီမို့ လူဦးရေ တိုးပွါးနှုန်း ဘယ်လောက်ဖြစ်နေတယ် ဆိုတာကို ကိန်းဂဏန်းတွေနှင့် ဖေါ်ပြဖို့ လိုအပ်တယ်ဆိုတာလောက်တောင် မသိဆိုးရွားနိုင်လှတဲ့ သနားစရာ အသုံးချခံ ခပ်ချာချာ ပညာတတ် ရခိုင်ကော်မရှင်ဟာ အရပ်ထဲ ရွာရိုးလျှောက် ထင်ရာမြင်ရာ အတင်းလိုက်တုတ်တဲ့ အမယ်အိုကြီးအဆင့်ဘဲရှိနေတာကို မြင်ရတာ စိတ်မကောင်းစရာပါ။

    လူရာချီ အသတ်ခံရ၊ သိန်းချီအိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ရိုဟင်ဂျာတွေကို မျိုးရိုးနဲ့ချီ၊ သမိုင်းနဲ့ချီပြီး ခိုးဝင်လာသူတွေ၊ အောက်တန်းစားတွေ၊ အကြမ်းဖက်လို သူတွေ၊ ကော်မရှင်ကို လိမ်သူတွေအဖြစ် အခွင့်ရတိုင်း မညှာမတာ အတုံးလိုက် အတစ်လိုက် ထိုးနှက်ထားတာက အစီရင်ခံစာတစ်ခုလုံးမှာ မြင်မကောင်း၊ ရှုမကောင်းလောက်အောင် ဗလပွ ပွစာကြဲနေပါတယ်။ ရခိုင်တွေဘက်ကျတော့ အစွန်းရောက်အုပ်စု ကွက်ကွက်ကလေးကိုတောင် ယောက္ခမနို့ သမက် မစို့ဝန့်သလို ရွှေဖေါ့ရိုးနဲ့ မဝံ့မရဲ ရွယ်ထားတာလောက်ကိုပင် သန်းရှာသလို အတော်လေး ဖြဲရဲရှာယူရတယ်။ ဒါတောင် ကော်မရှင်က မျှမျှတတဝေ ဖန်ထားပါတယ်ဆိုတာကို သက်သေပြနိုင်အောင် မကောင်းတတ်လွန်းလို့ ဘုရားစူးလွတ်၊ မိုးကြိုးပစ်လွတ် ထည့်ပေးလိုက်ရဟန်တူပါတယ်။

    ဦးကိုကိုကြီးက ကျနော်တို့ မျှမျှတတ ဘက်ပေါင်းစုံက ထည့်သွင်းထားပါတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ၁၈၆၁မှာ ဖြစ်ခဲ့တဲ့ ကျွန်တွေ လွတ်မြောက်ရေး အမေရိကန်ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Abraham Lincoln က My concern is not whether God is on our side. My greatest concern is to be on God’s side. ပြောခဲ့တယ်။ ဦးကိုကိုကြီးတို့ ကော်မရှင်အဖွဲ့ဝင် လူကြီးမင်းများအနေနှင့် အမေရိကန်သမ္မတကြီး အဗရာဟင်လင်ကွန်းနဲ့ ပြောင်းပြန်ဖြစ်တဲ့ မှန်တဲ့ဘက်မှာ မှန်တဲ့အတိုင်း ရပ်တည်ရဲဖို့ထက် ကိုယ်လုပ်ခဲ့တာကို မှန်ကြောင်းသက်သေပြဖို့ ခက်ခက်ခဲခဲ ပင်ပင်ပမ်းပမ်း ကြိုးစားနေတာကို တွေ့နေရတဲ့အတွက် သနားစရာတောင် ကောင်းနေပြန်ပါတယ်။ ဘယ်သူမပြု မိမိမှုပါ ဦးကိုကိုကြီး။ ကိုယ်စိုက်တဲ့အပင်ပဲ ကိုယ်ရိပ်ရမှာပါ။ လူတိုင်းဟာ ကိုယ့်သမိုင်း ကိုယ်ရေးရပါတယ်။

    အတ္တာဟိ အတ္တနော နာထော။

    မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေ၊ ခလေးငယ်တွေအပါအဝင်၊ ရိုဟင်ဂျာတွေကို တိုက်ခိုက်မှုတွေမှာ အစိုးရ အုပ်ချုပ်ရေးအဆင့်ဆင့်တွေ၊ နစက၊ လုံထိန်းတွေရဲ့ ပါဝင် ကျူးလွန်မှုတွေကို ဗီဒီယိုကင်မရာ အထောက်အထားတွေ အရကော၊ မျက်မြင်သက်သေများအရပါ အထင်အရှားရှိနေခဲ့တာကို ကော်မရှင်က စုံစမ်းဖေါ်ထုတ်ခဲ့ပါသလား။ အထိကရုန်းဖြစ်စဉ်မှာ တာဝန်ရှိတဲ့ စစ်ဖက်၊ နယ်ဖက်အရာရှိတွေကို စုံစမ်းရေးကော်မရှင်က မစစ်ဆေးနိုင်အောင် ဦးသိန်းစိန်အစိုးရက နယ်ပြောင်းပစ်တာကိုကော ကန့်ကွက်ဘူးပါသလား။ RNDP အပါအဝင် ရခိုင်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက လူမျိုးရေး မုန်းတီးမှုတွေ ပြန့်ပွါးအောင် လူသိရှင်ကြား မိန့်ခွန်းတွေပြော၊ စာရွက်စာတန်းတွေထုတ် လှုံ့ဆော်ခဲ့ကြတာကိုကော  ထိထိရောက်ရောက် အရေးယူပေးဖို့လိုအပ်တယ်လို့ အစိုးရကို ထောက်ခံတင်ပြခဲ့ပါသလား။ နိုင်ငံတကာ သတင်းထောက်တွေက အထောက်အထားနဲ့ ထောက်ပြထားတဲ့ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ပြီး မြှုပ်နှံထားတဲ့ကျင်းတွေကို ပြန်လည်တူးဖေါ်ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ဘူးပါသလား။   ပညာရေး၊ စီးပွါးရေး၊ လူမှုရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ အုပ်ချုပ်ရေးစတဲ့ မြန်မာ့လူ့အဖွဲ့အစည်းက ရှိရှိသမျှ ကဏ္ဍအသီးသီးမှာ ရာစုနှစ်တစ်ဝက်ကျော်လောက် ရက်ရက်စက်စက် အချိုးနှိမ်၊ အပစ်ပယ်ခံထားရလို့ အဖက်ဖက်က အောက်ကျနောက်ကျဖြစ်နေရတဲ့  လူ့မျက်နှာမွဲ ရိုဟင်ဂျာတွေကို လူလိမ်၊ လူညစ်၊ အကြမ်းဖက်သမား၊ လူရိုင်းတွေအဖြစ် မညှာမတာ ရက်ရက်ရောရော ပုံဖေါ်နေခဲ့တဲ့ ခြင်္သေ့အတုကော်မရှင်က ခြင်္သေ့ အစစ်နဲ့တွေ့တဲ့အခါ ယုန်ကလေးဖြစ်သွားပြီး နှာစေး သွားဟန်တူပါတယ်။ စုံစမ်းရေးကော်မရှင် တစ်ရပ်ရဲ့ အင်္ဂါရပ်နှင့် ညီညွတ်အောင် မလုပ်ဆောင်နိုင်ဘဲ ငြိမ်းချမ်းရေးစင်တာမှာ ခပ်တည်တည် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ စုံစမ်းရေးကော်မရှင်ဝင် လူကြီးတွေဟာ ပြည်တွင်းမှာ အစိုးရအားကိုးနဲ့ အိမ်ကျယ်လုပ်နိုင်ပေမဲ့ နိုင်ငံတကာ မျက်နှာစာမှာ နတ်ဝတ်ပုဆိုး တိမ်မီးခိုး ဆင်မြန်းထားတဲ့ ပြည့်ရှင်မင်းလို လဇင်းကျွတ်ကြီး ငေါင်းတောင်းတောင်း ဖြစ်နေတာကိုလည်း သတိထားမိကြဟန် မတူဘူး။

    မည်သို့ပင်ဖြစ်စေကာမူ စစ်အစိုးရအဆက်ဆက်ဟာ သူတို့ကို အလုပ်အကျွေးပြုမဲ့ ပညာတတ်အုပ်စုဆိုတာကို အရင်ကလည်း အမြဲတမ်း လွယ်လွယ်ကူကူ ရှာဖွေ အသုံးချနိုင်ခဲ့သလို အခုလည်း အရင်အတိုင်း အလျှံပယ်ရနေတာပါဘဲဆိုတာကို ရခိုင်ကော်မရှင်က သက်သေပြလိုက်တာပါဘဲ။

    ကော်မရှင်ရဲ့ ယေဘုယျ တင်ပြချက်တွေ၊ အကြံပြုချက်တွေမှာ ကောင်းမွန်တာတွေရှိပေမဲ့ အစီရင်ခံစာတစ်ခုလုံးက (၁) ဦးသိန်းစိန်အစိုးရကို အကာအကွယ်ပေးရန်
    (၂) ရခိုင်အစွန်းရောက်အုပ်စုကို မထိခိုက်စေရန်
    (၃) ရိုဟင်ဂျာများကို နိုင်ငံမဲ့ ခိုးဝင်သူ လူဆိုးများအဖြစ် ပုံဖေါ်ရန် ဆိုတဲ့

    ဒို့တာဝန်အရေးသုံးပါးကိုတော့ အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့တာကို အထင်အရှား တွေ့ရတယ်။

    တစ်ကယ်တော့ ရခိုင်ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဦးသိန်းစိန်ဖွဲ့ခဲ့တဲ့ ကော်မရှင်တွေအားလုံးအတွက် မသာခေါင်းကို နောက်ဆုံးရိုက်သွင်းလိုက်တဲ့ သံတစ်ချောင်းနဲ့လည်း အလားသဏ္ဍန်တူပါတယ်။ ဒီလိုပုံမျိုးနဲ့ဆို ဦးသိန်းစိန်အစိုးရက နောင်အနာဂတ်မှာ ကော်မရှင်ဆိုတာများဖွဲ့ရင် မျက်နှာပြောင်တိုက် ပါဝင်ရဲသူများဟာ အာဂယောင်္ကျားများသာ ဖြစ်ပေလိမ့်မယ်။

    သို့သော် ဒို့နိုင်ငံမှာက အာဂယောင်္ကျားတွေ ရိုက်သတ်လို့ မကုန်အောင် ပေါများလှတာမို့ – ကိုလွှမ်းမိုးရေ – ကျနော်တို့တွေ အမျိုးအတွက် ငိုနေရတာတွေက တာရှည်အုံးမှာပါဗျာ။

    ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

  • ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ

    Rakhine Commission Report

    ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်မှ နိုင်ငံတော်သမ္မတထံသို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ အပြည့်အစုံကို အောက်ပါလင့်ခ်များတွင် Download လုပ်ဖတ်ရှု့နိုင်ပါသည်။

    Google Doc
    https://docs.google.com/file/d/0B1Nc1yYXgtogbHJJdGpvTXNFdk0/edit?usp=sharing

    DropBox
    https://www.dropbox.com/s/vu3h47k2c8uy0bu/Rakhine%20Commission%20Report%20%28Myanmar%20Version%29.pdf

    Rakhine Commission Report (Myanmar Version)

  • ရခိုင် စုံစမ်းရေး ကော်မရှင်၏ နောက်ဆုံး အစီအရင်ခံစာ အမှန်အတိုင်း ဖြစ်ရန် ပြည်သူများ လိုလား

    မတ်လ ၁၅ ၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    ရခိုင် ပဋိပက္ခ စုံစမ်းရေးကော်မရှင်၏ နောက်ဆုံး အစီအရင်ခံစာ အမှန်အတိုင်းဖြစ်ရန် ပြည်သူများ လိုလား

    ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် ၏  သမ္မတထံ အစီအရင်ခံမည့်ရက်အား  နိုဝင်ဘာ ၁၆-ရက်နေ့မှ မတ်လ ၃၁- နေ့သို့ရွှေ့ဆိုင်းခဲ့ပြီး စုံစမ်းရေးကော်မရှင်အဖွဲ့၏ နောက်ဆုံး တင်ပြမည့် အစီအရင်ခံစာရက် မတ်လ ၃၁-နေ့ သည် တဖြည်ဖြည်းနီးကပ်လာသည်။

    ရခိုင်အရေးနှင့် ပတ်သက်၍ ၇-လကျော်ကြာ လေ့လာ သုတေသန ပြုခဲ့သော နိုင်ငံတော်သမ္မတ ထံတင်ပြမည့် ၄င်းအစီအရင်ခံစာနှင့် ပတ်သက်၍ အမှန်တရား အတိုင်း ဖြစ်စေရန် ပြည်သူများက လိုလားလျက်ရှိသည်။

    IMG_1083

    “ မကြာခင် နောက်ဆုံးအစီအရင်ခံစာ ထွက်မယ်လို့ ကြားရတယ်။ အဲဒီ အစီအရင်ခံစာကို  အမှန် အတိုင်း ဖြစ်စေချင်တယ်။ စုံစမ်းရေးကော်မရှင်က သုတေသနအဖွဲ့ဟာ စက်တင်ဘာ ၁၃-ရက်နေ့က တစ်ကြိမ် ၊ ၂၀၁၃ ဇန်န၀ါရီ လက တစ်ကြိမ် ကျော်နီမော်ကို ရောက်ပါတယ်။ ဗုဒ္ဓဘာသာ ရခိုင် လူမျိုးတွေဘက် နဲ့ အစ္စလာမ် ဘာသာဝင် တွေဘက်က ၂-ယောက်စီက သူတို့ အဖွဲ့နဲ့ တွေ့တယ်။ ရခိုင်တွေ ကတော့ ကျွန်တော် တို့ကို ဘင်္ဂလားကလာတဲ့ ဘင်္ဂလီတွေ လို့ စွပ်စွဲတယ်။ ကျွန်တော်တို့ရဲ့ မူလဇစ်မြစ်ကို အမှန်အတိုင်းသိရအောင် အဲဒီသုတေသန အဖွဲ့ကို ကျွန်တော်တို့က ကျောက်ထရံ ရွာကို ခေါ်သွားတယ်။ အဲဒီမှာ ဗလီကြီးနဲ့ ဗလီချေ ဆိုပြီး ဗလီနှစ်လုံးရှိတယ်။ အဲဒီ ဗလီကြီးတွေ ဆောက်တာ နှစ်ပေါင်း ၈၀၀-လောက်ရှိပြီ။ သူတို့အဖွဲ့ကို ဗလီကြီး ရဲ့ အုတ်ပြား တွေကို ပြ တယ်။ ဓါတ်ပုံရိုက်ခိုင်းတယ်။ အတိအကျသိချင်ရင် ဒီအုတ်ပြားတွေကို ကာဗွန်နည်းနဲ့ စစ်ဆေးနိုင်တယ်လို့ ကျွန်တော် တို့ ပြောပြခဲ့ တယ်။ သုတေသန အဖွဲ့လည်း ကျွန်တော်ပြတဲ့ အထောက် အထား တွေကို မှတ်တမ်းတင်ပြုစုသွား တာတွေ့ရ တယ်။ ကျွန်တော်တို့လည်းအမှန်အတိုင်းရှင်းပြခဲ့တယ် ” ဟု ရမ်းဗြဲမြို့ နယ် ကျောက်နီမော် ဒေသခံတစ်ဦးက ပြောပါသည်။

    ကျောက်နီမော်ကျေးရွာရှိ အစ္စလာမ် ဘာသာဝင်များသည် တိုင်းရင်းသား လူမျိုး ၁၃၅ စုစာရင်းဝင် ကမန် တိုင်းရင်းသားများဖြစ်ကြသော်လည်း နိုင်ငံသား မှတ်ပုံတင်ရာတွင် ကန့်သတ်မှုများနှင့် ရင်ဆိုင်ရသည်။ “မိသားစု ၀င်အားလုံးမှာ နိုင်ငံသားမှတ်ပုံတင်ရှိကြသော်လည်း ကဒ်မရသေးတဲ့ မိသားစုဝင်တချို့ကို အခုနောက် ပိုင်းမှာ နိုင်ငံသား မှတ်ပုံတင် မထုတ် ပေးကြဘူး။ မိဘမှာလည်းနိုင်ငံသားကဒ်ပြားရှိတယ် ၊ အစ်ကိုဖြစ် သူမှာလည်းနိုင်ငံသားကဒ်ပြားရှိတယ်။ ဒါပေ မယ့် ညီဖြစ်သူကျတော့ မထုတ်ပေးတာ တွေရှိနေတယ်။ ဒါဟာ ဥပဒေနည်းလမ်းမကျဘူး ” ဟု ၎င်းဒေသခံက ပြောပါသည်။

    ရခိုင်ပြည်နယ် ပဋိပက္ခအား လေ့လာ စုံစမ်းနေစဉ်ကာလအတွင်း မှာပင် ရခိုင်ပြည်နယ် နေရာများစွာတွင် အစ္စလာမ် ဘာသာဝင် များအား ဒုတိယအကြိမ် ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ခြင်းမရှိခဲ့ချေ။

    ၂၀၁၂၊ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ကျောက်နီမော် တောင်ပိုင်းရပ်ကွက်မှ စက်လှေငယ်တစ်စီးအား ရခိုင်လူမျိုး ၃၀ ပါ ငါးဖမ်းပိုက်ဆွဲ စက်လှေ ကြီးတစ်စီးက ပင်လယ်ပြင်တွင် တိုက်ပစ်နစ်မြုပ်မှု တစ်ရပ်ဖြစ်ပွားခဲ့သည်။

    ၂၀၁၃ ဖေဖော်ဝါရီ ၆ရက်နေ့ တွင် ကျောက်နီမော်ကျေးရွာ ဟုံးဝရွာရှိ မွတ်စလင်နေအိမ်တစ်လုံးအား မီးကွင်းပစ် ခဲ့သဖြင့် အိမ်ခေါင်းမိုး လောင်ကျွမ်းခဲ့ရသော်လည်း တရားခံအား ဖမ်းဆီးအရေးယူခဲ့ခြင်းမရှိခဲ့ချေ။

    “အကြမ်းဖက်မှုတွေ ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေး ၊ စားဝတ်နေရေးတွေ ခက်ခဲသွားတယ်။ အဓိက က တော့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြတယ်။ ဒုတိယအကျော့ အကြမ်းဖက်ဖို့ ကြိုးပမ်းမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ နောက် မှာပြီးခဲ့တဲ့ ၂-လလောက်က တောင်ကုတ်ဘက် လှေတွေ ကျောက်နီမော်က ငါးဖမ်းလှေတချို့ကို တိုက်ခိုက် ခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ပင်လယ်ပြင်ကို သီးခြား မသွားရဲကြတော့ဘူး။ အုပ်စုလိုက်ပဲ ငါးဖမ်း ထွက်ကြ တော့တယ်” ဟု ဒေသခံများ၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ၎င်းးကရှင်းပြသည်။

    စုံစမ်းရေးကော်မရှင်သည် အဖွဲ့ငယ် ၈-ခုဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခဖြစ် ပွားရသည့် အကြောင်းရင်းများ၊ ပဋိပက္ခဖြစ် ပွား မှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် တခြား ထိခိုက်မှု များ၊ တည်ငြိမ်အေးချမ်း မှု ရရှိစေ ရန်အတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ ကယ်ဆယ်ရေး လုပ်ငန်း များနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင် ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်မှု၊ ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက် ရေတို၊ ရေရှည် ဆောင် ရွက်သင့် သည့် အချက်များ၊ ကွဲပြားသော ဘာသာ အယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေ ထိုင်နိုင်မည့် နည်းလမ်းများ၊ ဥပဒေ စိုးမိုးရေး အကြံပြုချက်များ၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုး တက်မှုဆိုင်ရာ အကြံပြုချက်များကို ၇-လကြာ အချိန်ယူလေ့လာ ခဲ့သည်။

    “စုံစမ်းရေးကော်မရှင်ရဲ့ နောက်ဆုံး အစီအရင်ခံစာက ကျွန်တော်တို့အတွက် ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စုံစမ်းမှု လုပ်နေတဲ့အချိန်အတွင်းမှာပဲ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ ဒုတိယအကြိမ် အကြမ်းဖက်မှုတွေ ဖြစ်တယ်။ ဘာမှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ဘူး။ လူတွေပဲ ဒုက္ခသည်စခန်းရောက်သွားတယ်။ ပင်လယ်ထဲထွက်ပြေးခဲ့ရတယ်” ဟု စစ်တွေမြို့နေ ဒေသခံ တစ်ဦးက ပြောပါသည်။

    “ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးကို အခြေခံပြီး တင်ပြမယ်။ ဒါပေမယ့် မွတ်စလင်တွေရဲ့ အခြေ ခံ လိုအပ်ချက်တွေကို ထောက်ပံ့ပေးမယ်လို့ မမြင်ဘူး။ သိပ်အားကိုးလောက်တဲ့ အစီအရင်ခံစာ လို့မမြင်ဘူး” ဟု ရန်ကုန်မြို့မှ ဦးကျော်မင်းက သုံး သပ်သည်။

    IMG_1020

    ကုလသမဂ္ဂ ၊ အိုအိုင်စီ ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ၊ အာဆီယံ စသည့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အလယ်တွင် ရခိုင်အရေးနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန် မျက်နှာမရဖြစ်ခဲ့ခြင်းအပေါ် ရခိုင်ကော်မရှင် မှ  အဖတ် ဆယ်နိုင်ရန် မျှမျှတတ ဖော်ပြနိုင်မည် ဟု အချို့က ယုံကြည်ကြသည်။

    “ကျွန်တော့်အထင်ကတော့ အခုထွက်မယ့် အစီအရင်ခံစာကို ရခိုင်ကရော ၊ ရိုဟင်ဂျာဘက်ကရော သိပ်ပြီး ကြိုက်ကြမှာ မဟုတ်ဘူးလို့ မြင်တယ်။ ရခိုင်တွေရဲ့ လူမျိုးရေး အစွန်းရောက်မှုတွေ ၊အကြမ်းဖက်မှုတွေ ရှိနေ သလို ရိုဟင်ဂျာတွေရဲ့ အားနည်းချက် တွေရှိနေတယ်။ ဒါကို အလယ်လတ်ကျကျ တင်ပြသွားမယ့်ပုံရှိတယ်။ ဘက်လိုက်မှု ရှိမှာ မဟုတ်ဘူး လို့ထင်တယ်။  အထူးသဖြင့် ရခိုင်ကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က နိုင်ငံတကာ အဆင့်ရှိတဲ့ ပညာရှင်ပဲ ”ဟု မော်လမြိုင်မြို့နေ နိုင်ငံရေး လေ့လာသူ တစ်ဦး က သုံးသပ်သည်။

    ၂၀၁၂  သြဂုတ်လ ၁၇ ရက်နေ့ သမ္မတရုံး ထုတ်ပြန်ကြေညာချက်ဖြင့် ဖွဲ့စည်းပေးလိုက်သော အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင် တွင်  အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဥက္ကဋ္ဌ ဟာဂျီ ဦးညွန့်မောင်သျှိန်နှင့် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း တို့အား နိုဝင်ဘာ ၁ရက်နေ့တွင် ခိုင်လုံသည့် အကြောင်းပြချက်မရှိပဲ သမ္မတရုံးအမိန့်ဖြင့် တာဝန်မှ ရပ်စဲခဲ့သဖြင့် ရခိုင်ကော်မရှင်တွင် ကိုယ်စားလှယ် ၂၅-ဦးသာ ကျန်ရှိတော့ သည်။

    IMG_1016

  • ရခိုင် စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ? (၂၇)ဦးလား ? (၂၅)ဦးလား ?

    ဇန်နဝါရီ ၄ ၊ ၂၀၁၂

    ရခိုင်ပြည်နယ်စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ? (၂၇)ဦးလား ? (၂၅)ဦးလား ? သမ္မတပြောတာ အမှန်လား ? စုံစမ်းရေးကော်မရှင်ကပြောတာ အမှန်လား ?

    about rakhine com

    ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်က (၁၇.၈.၂ဝ၁၂)ရက်နေ့မှာ (၂၇)ဦးနဲ့ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ (ကြည့် … သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၅၈/၂ဝ၁၂) ) အဲဒီကော်မရှင်မှာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၃)ဖွဲ့က (၆)ဦးကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးခဲ့ပါတယ်။

    (၁.၁၁.၂ဝ၁၂)ကြာသပတေးနေ့တွင် ကော်မရှင်မှာပါဝင်တဲ့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်က ဥက္ကဋ္ဌဟာဂျီဦးညွန့်မောင်သျှိန်နဲ့ အတွင်းရေးမှူးဟာဂျီ ဦးတင်မောင်သန်းတို့ကို ကော်မရှင်က ထုတ်လိုက်ပြီဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့၏ ညွှန်ကြားချက်အရ Myanmar Egress ရဲ့ ရုံးအဖွဲ့မှူး အငြိမ်းစား ဗိုလ်မှူးထန်ကျင်ထောင်းက ဖုန်းဆက်ပြီးပြောကြောင်း ကာယကံရှင်များနှင့်နီးစပ်သူ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟာဂျီဦးမြင့်ထွန်း၏ ပြောကြားချက်အရ သိရှိရပါသည်။

    ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့ ကော်မရှင်စည်းကမ်းကို ဖောက်ဖျက်တဲ့ အတွက် ကော်မရှင်ကထုတ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်နဲ့ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးသူရ(ခ) ဇာဂနာနဲ့ ဒေါ်ဝါဝါထွန်းတို့ရဲ့ ပြောကြားချက်များကိုလည်း ဂျာနယ်များမှာ ဖတ်ရပါတယ်။

    ယနေ့တိုင် သူတို့ကို ကော်မရှင်ကထုတ်ကြောင်း တရားဝင်အကြောင်းကြားစာ လက်ခံရရှိခြင်း မရှိသေးကြောင်း ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့နှင့် နီးစပ်သူများထံမှ သိရပါတယ်။ ကြားဖြတ် အစီရင်ခံစာတင်ဖို့ အစည်းအဝေးသို့လည်း ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့ကို ဖိတ်ကြားခြင်းမရှိကြောင်းသိရပါတယ်။

    သို့သော်လည်း (၂ဝ.၁၁.၂ဝ၁၂)နံနက်(၁ဝး၎ဝ) နာရီတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားနိုင်ငံသမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်အရေးကိစ္စနှင့် စပ်လျဉ်း၍လည်း အဖွဲ့ဝင်(၂၇)ဦးပါ စုံစမ်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်ကို (၂၁.၁၁.၂ဝ၁၂)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖတ်ရှုရပါသည်။

    သို့ရာတွင် (၃၁.၁၂.၂ဝ၁၂)ရက်နေ့ထုတ် The Messenger အတွဲ(၃) အမှတ်(၃၂) စာမျက်နှာ (D3)တွင် “ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်ကိုသွားမှာက အဖွဲ့ဝင်(၂၅)ဦးစလုံး သွားရမှာပါ”ဟု ဦးသူရ(ခ)ဇာဂနာက ပြောသည့်သတင်းကို ဖတ်ရပါသည်။

    ဒါကြောင့် ကျွန်တော်သိချင်တာက “ ရခိုင်ပြည်နယ်စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ?
    (၂၇)ဦးလား ? (၂၅)ဦးလား ? သမ္မတပြောတာအမှန်လား ? စုံစမ်းရေးကော်မရှင်ကပြောတာအမှန်လား ? ”
    သမ္မတရဲ့ အထက်မှာ ဘယ်သူတွေရှိနေတာလဲဆိုတာလေးပါ။ သိတဲ့သူရှိရင် ဖြေကြားပေးစေလိုပါတယ်။
    ကျေးဇူးတင်ပါသည်။

  • အစ္စလာမ့်အဖွဲ့အမည် မှားယွင်းဖော်ပြမှု့ မြန်မာ သံတော်ဆင့် မှ ပြင်ဆင်ချက် မထည့်ပေးသေး

    အစ္စလာမ့်အဖွဲ့အမည် မှားယွင်းဖော်ပြမှု့ မြန်မာ သံတော်ဆင့် မှ ပြင်ဆင်ချက် မထည့်ပေးသေး

    ဒီဇင်ဘာ၁၁၊၂၀၁၂
    ရန်ကုန်
    ဇာဇာလှိုင်

    ၁.၇.၂၀၁၂ နေ့ထုတ် အတွဲ(၁) ၊အမှတ်(၃၈) ၊ မြန်မာ သံတော်ဆင့် ဂျာနယ် မျက်နှာဖုံးတွင် ” မွတ်စလင်မ် ဘာသာရေးခေါင်းဆောင် ၂ ဦးအား ရခိုင်စုံစမ်းရေး ကော်မရှင် အဖွဲ့မှ ထုတ်ပယ်” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းထဲတွင် ထည့်သွင်းဖော်ပြထားသော ထုတ်ပယ်ခံသူ နှစ်ဦးမှ   မြန်မာမွတ်စလင် အဖွဲ့ချုပ် ဥက္ကဌနှင့် အတွင်းရေးမှူး ဟု ဖော်ပြပါရှိသည်။ အဆိုပါ ထုတ်ပယ်ခံရသူ (၂) ဦးမှာ  မြန်မာမွတ်စလင် အဖွဲ့ချုပ် ဥက္ကဌနှင့် အတွင်းရေးမှူး မဟုတ်ဘဲ အစ္စလာမ်သာသနာ ရေးရာ ကောင်စီ ဌာနချုပ်မှ ဖြစ်ပါသည်။

    မြန်မာ သံတော်ဆင့် ဂျာနယ်မှ တွေ့ဆုံမေးမြန်းခဲ့သူ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးခင်မောင်ဆွေ၏ ပြောကြားချက်များကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာမွတ်စလင် အဖွဲ့ချုပ် မှ မြန်မာ သံတော်ဆင့် ဂျာနယ်သို့ ၁၉.၁၁.၁၂ နေ့က တစ်ကြိမ်၊ ၁၇.၁၁.၁၂နေ့က တစ်ကြိမ်၊ ၂၃.၁၁.၁၂နေ့က တစ်ကြိမ် သုံးကြိမ်တိတိ ဖုန်းနှင့် ပြင်ဆင်ချက် ထည့်ပေးပါရန် ပြောကြားခဲ့ကြောင်းကို မြန်မာမွတ်စလင် အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

    သို့သော် ယင်းဂျာနယ်မှ ယနေ့ထိ ပြင်ဆင်ချက် မထည့် ပေးသေးကြောင်း စုံစမ်းသိရှိရသည်။

    အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဌဦးညွှန့်မောင်သျှိန်နှင့် အတွင်းရေးမှူးတို့ကို  ရခိုင်စုံစမ်းရေး ကော်မရှင်အဖွဲ့မှ မည်သည့် အကြောင်းချက်ဖြင့်  ထုတ်ပယ်ခံခဲ့သည့်ကို ယနေ့တိုင် ကံယံကံရှင်များသို့ တိတိကျကျ အကြောင်းကြားစာပေးပို့ခြင်း မရှိသလို သမ္မတမှထုတ်ပယ်ကြောင်း သတင်းထုတ်ပြန်ချက် တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်။

    ရခိုင်ပြည်နယ်အတွင်း မေလ နှင့်ဇွန်လ မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အဖွဲ့ဝင် (၂၇) ဦးပါသော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအဖွဲ့တွင် အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်မှ (၂) ဦး၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချူပ်(မအဖ) ဌာနချုပ်မှ (၂)ဦး၊  မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့မှ (၂)ဦး စုစုပေါင်း အစ္စလာမ်ဘာသာရေးအဖွဲများမှ (၆) ဦးပါဝင်ခဲ့သည်။