News @ M-Media

Tag: ramadan

  • တူယှဉ်လက်တွဲကာ နွှဲကြမယ့် ဥရောပ လမြတ်ရာမသွာန်

    တူယှဉ်လက်တွဲကာ နွှဲကြမယ့် ဥရောပ လမြတ်ရာမသွာန်

     Reuters

    Image Credit: © XPRESS/Ador T. Bustamante

    မကြာမီ ရက်သတ္တပတ်အတွင်း မွတ်စလင်တို့ ဥပုတ်သီလစောင့်ထိန်းကြမည့် “လမြတ်ရာမသွာန်” (Ramadan) ရောက်လာပါတော့မယ်။ ဂျာမနီနိုင်ငံမှာ သောကြာနေ့၌ စတင်ပြီး အိမ်နီးချင်း ပြင်သစ်နိုင်ငံမှာလည်း ထို့အတူပင်ဖြစ်ပါလိမ့်မယ်။ ရေလက်ကြားအလွန် ဗြိတိန်နိုင်ငံမှာတော့ စနေနေ့စတင်မှာဖြစ်ပါတယ်။

    အစ္စလာမ် ဟစ်ဂျရီပြက္ခဒိန်က “လ” ပြက္ခဒိန် (Islam’s Hijri Lunar Calendar)ဖြစ်တဲ့အတွက် နိုင်ငံတစ်ခုနဲ့တစ်ခု တစ်ရက်ခန့် ကွာခြားတတ်ပါတယ်။ အမေရိကန်လို၊ အင်ဒိုနီးရှားလို ကြီးမားတဲ့နိုင်ငံမျိုးမှာဆို အရှေ့ဘက်နဲ့ အနောက်ဘက် ဝါဝင်ဝါထွက် တစ်ရက်ခန့် ကွာခြားတတ်ပါတယ်။

    မွတ်စလင်လူနည်းစုဖြစ်တဲ့ ဥရောပတိုက်က နိုင်ငံများမှာ နားလည်မှုလွဲခြင်း၊ အခက်အခဲဖြစ်ခြင်းမျိုး တတ်နိုင်သမျှ နည်းပါးဖို့အတွက် မွတ်စလင် အကြီးအကဲ ခေါင်းဆောင်တို့က ခေတ်မှီ နက္ခပညာများအသုံးပြုဖို့ ဦးတည်နေကြပါတယ်။ အချို့ဒေသများ၊ လူမှုအဖွဲ့အစည်းများမှာတော့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းလိုကြတာကိုလည်း တွေ့ကြရပါတယ်။

    ခေတ်မှီနည်းပညာများ တိုးတက်ထွန်းကားလာတာနဲ့အညီ ပညာရှင်များကလည်း ခန့်မှန်းရုံ သက်သက်မဟုတ်ဘဲ သေချာတိကျစွာ တွက်ချက်သိရှိနိုင်လာပါတယ်။

    ယခုလ တောင်အမေရိကဒေသမှာ ဇူလိုင် ၁၉-ရက် “လ” စထွက်မှာဖြစ်ပြီး ဥရောပမြောက်ပိုင်းဒေသနဲ့ ကနေဒါနိုင်ငံကလွဲရင် ကမ္ဘာ့အနောက်ခြမ်းဒေသ အတော်များများမှာ ဇူလိုင် ၂၀-ရက်မှာ “လ” စထွက်ပါမယ်။ ကျန်ကမ္ဘာတဝှမ်းလုံးမှာတော့ ဇူလိုင် ၂၁-ရက်ပါ။ ဒါက ခေတ်မှီနက္ခပညာနဲ့ တွက်ချက်ထားမှုပါ။

    တူရကီနိုင်ငံသုံးစနစ်ကတော့ မည်သည့်ကမ္ဘာ့ဒေသမှာမဆို “လ” စထွက်ခြင်းကို မြင်ရပါက နောက်တစ်နေ့မှာ “လမြတ်ရာမသွာန်” ကျရောက်တယ်လို့ယူဆပါတယ်။ ယခင် “တူရကီအော်တိုမန်အင်ပါယာ”အတွင်းရှိ ဘော့စနီးယားကဲ့သို့နိုင်ငံများ၊ တူရကီမျိုးနွယ်ဝင်အများစုရှိတဲ့ ဂျာမနီနိုင်ငံတို့က ဒီစနစ်ကို လိုက်နာကျင့်သုံးပြီး ဇူလိုင် ၂၀-ရက်မှာ “လမြတ်ရာမသွာန်” အတူတကွ စတင်ကြပါမယ်။

    ဥရောပရဲ့ မွတ်စလင်အများဆုံးရှိတဲ့ ပြင်သစ်နိုင်ငံမှာတော့ အများစုဟာ အာရပ်နွယ်ဖွားတွေဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံအတိုင်း လိုက်နာစတင်ကြပါတယ်။

    ဗြိတိန်နိုင်ငံမှာတော့ မွတ်စလင်တွေဟာ အိန္ဓိယမျိုးနွယ်၊ ပါကစ္စတန်မျိုးနွယ်နဲ့ ဘင်္ဂါလီမျိုးနွယ် အစသဖြင့် ကွဲပြားကြတဲ့အလျောက် တစ်နိုင်ငံအတွင်းမှာပဲ ဝါဝင်ဝါထွက်လည်း မတူကြတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မိခင်နိုင်ငံရဲ့ ကြေညာချက်အတိုင်း လိုက်ပါစတင်ကြလို့ဖြစ်ပါတယ်။

    ဒီနှစ်မှာတော့ “ဥရောပ အစ္စလာမ် အဖွဲ့အစည်းများ အဖွဲ့ချုပ်” (the Federation of Islamic Organisations in Europe)နဲ့ “ဥရောပ ဓမ္မသတ်နဲ့ သုတေသနရေးရာ ကောင်စီ” (the European Council on Fatwa and Research)တို့က “လမြတ်ရာမသွာန်” ဝါဝင်ဝါထွက်ကို “တူရကီနိုင်ငံသုံးစနစ်” ကျင့်သုံးဖို့ တိုက်တွန်းကြိုးပမ်းနေကြပါတယ်။

    ဒီကောင်စီက ခေတ်မှီသိပ္ပံနည်းပညာသုံးတွက်ချက်မှုများဟာ အစ္စလာမ်တရားတော်နဲ့ အပြည့်အဝဘောင်ဝင်ကြောင်း ကြေညာထားပြီး ဇူလိုင် ၂၀-ရက်မှာ “လမြတ်ရာမသွာန်” အတူတကွ စတင်ဖို့ထုတ်ပြန်ထားပါတယ်။

    ပြင်သစ်မွတ်စလင်ကောင်စီ ဥက္ကဌက သူတို့အနေနဲ့ ဒီစနစ်သစ်ကို ၂၀၁၃-ခု မှာ စတင်လက်ခံကျင့်သုံးမယ်လို့ ပြောဆိုသဘောတူပါတယ်။ ပြက္ခဒိန်စနစ်နဲ့ စောစီးစွာ တိတိကျကျ သိရှိရမှာသာ ပြင်သစ်နိုင်ငံအနေနဲ့ နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် သတ်မှတ်လို့ရမှာဖြစ်ပြီး အချို့သော ခရစ်ယာန် ရုံးပိတ်ရက်များကိုလည်း မွတ်စလင်နဲ့ ဂျူးပွဲတော်ရက်များအဖြစ် အစားထိုးလို့ရမှာပါ။

    ဥရောပတခွင် တူရကီနွယ်ဖွားများ၊ အာရပ်နွယ်ဖွားများ၊ အာဖရိကနွယ်ဖွားများက ဒီစနစ်သစ်ကို လက်ခံကြပေမယ့် ဗြိတိန်ရှိ တောင်အာရှနွယ်ဖွား (အိန္ဓိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂါလီ)တွေကတော့ လိုလားကြပုံမပေါ်ကြပါ။

    မောင်လှငွေ

    ကိုးကား – http://www.reuters.com/article/2012/07/11/us-europe-islam-ramadan-idUSBRE86A0W920120711

     

  • လန်ဒန် အိုလံပစ်(၂၀၁၂) ကျင်းပစဉ် စုပေါင်းဝါဖြေပွဲ ကျင်းပမည်

    လန်ဒန် အိုလံပစ်(၂၀၁၂) ကျင်းပစဉ် စုပေါင်းဝါဖြေပွဲ ကျင်းပမည်

    လန်ဒန်။ ။ လာမည့်လတွင်ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ အထူးပြင်ဆင်မှုအဖြစ် လန်ဒန်မြို့ရှိ ဗလီဝတ်ကျောင်းတော်များတွင် ထောင်ပေါင်းများစွာသော အားကစားသမားများနှင့် လာရောက်အားပေးသူများအတွက် ရမ်ဇာန်လ စုပေါင်းဝါဖြေပွဲ (အစ်ဖ်သာရ် ၂၀၁၂) ကျင်းပရန် စီစဉ်လျက်ရှိသည်။

    The logo of the mosques Iftar 2012 initiative during London Olympics

    “တကယ်တော့ လန်ဒန်မှာ ရမ်ဇာန်လမြတ်နဲ့ အိုလံပစ်ပြိုင်ပွဲ တစ်ချိန်တည်းကျရောက်တာမျိုး နောက်ဘယ်တော့မှ ရမှာမဟုတ်တော့ပါဘူး။ ဒါဟာ ‘နေကြဦး ဒီရမ်ဇာန်လမြတ်မှာ နောက်ထပ် ကြီးမားတဲ့ လှုပ်ရှားမှုတစ်ခုရှိသေးတယ်’ လို့ပြောပြီး တစ်နိုင်ငံလုံးရဲ့ (အိုလံပစ်ပွဲအပေါ်) အာရုံစူးစိုက်နေမှုကို အသုံးပြုဖို့ အကောင်းဆုံးနည်းလမ်းပါ။” ဟု အစ္စလာမ်ဘာသာသို့ သက်ဝင်လာသူ ဗြိတိသျှ ဟော်ကီအကျော်အမော် ဒါရင်ချီစ်မန် (Darren Cheesman)က ABS-CBN သတင်းဌာနသို့ ဇွန်၁၂ရက် အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

    အစ္စလာမ့်ပြက္ခဒိန်တွင် အမွန်မြတ်ဆုံးဖြစ်သော ရမ်ဇာန်လမြတ်သည် ဇူလိုင် ၂၀ ရက်နေ့တွင် စတင်ကျရောက်မည်ဟု ခန့်မှန်းရပြီး သြဂုတ်လတွင်ပြီးဆုံးမည်ဖြစ်ကာ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်သော လန်ဒန် အိုလံပစ်ပြိုင်ပွဲနှင့် တိုက်ဆိုင်လျက်ရှိသည်။

    အဆိုပါစုပေါင်းဝါဖြေပွဲအစီအစဉ်ကို လန်ဒန်အစ္စလာမ့်ယဉ်ကျေးမှုစင်တာနှင့် လန်ဒန်မြို့ရှိ ဗလီဝတ်ကျောင်းတော်များမှ စုပေါင်းကျင်းပခြင်းဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲအတွက် လန်ဒန်မြို့တော်သို့ လာရောက်ကြမည့် အကစားသမားများနှင့် အားပေးသူပရိတ်သတ် ထောင်ပေါင်းများစွာတို့ ပါဝင်မည်ဖြစ်သည်။

    ဧည့်သည်တော်များနှင့် အားကစားသမားများကို ဗလီဝတ်ကျောင်းတော်များ၏ ပရ၀ုဏ်အတွင်း ကြိုဆိုဧည့်ခံမည်ဖြစ်ပြီး၊ စုပေါင်းဝါဖြေပွဲကို မွတ်စလင်မဟုတ်သူများနှင့်အတူ ကျင်းပမည်ဖြစ်သည်။

    “ဒီနိုင်ငံ(အင်္ဂလန်) မှာ မွတ်စလင် တော်တော်များများရှိပါတယ်။ သူတို့တွေအားလုံး ပါဝင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တံခါးတွေဖွင့်ဖို့၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့ ဆက်သွယ်ချိတ်ဆက်ဖို့ ပြီးတော့ ကျွန်တော်တို့ ဘယ်လိုလူမျိုးတွေဖြစ်တယ်ဆိုတာ စတင်ပြသဖို့ ဒီဟာကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချကြပါစို့။” ဟု ချီစ်မန်က ဆိုသည်။

    အားကစား ကင်းထောက်တစ်ဦးဖြစ်သူ ဟာဖီဇာ အဟ်မဒ်(Haafizah Ahmed) ကလည်း အိုလံပစ်ပြိုင်ပွဲအတွင်း ရမ်ဇာန်လ၏ ဥပုသ်သီလဆောက်တည်ခြင်း အတွေ့အကြုံကို တမ်းတလျက်ရှိသည်။

    “ကျမတို့ ကျွမ်းကျင်မှုအသစ်တွေ သင်ယူရမှာကြောင့် အလွန်ကောင်းပါတယ်။ ပြီးတော့ အရင်က ဒီလို တကယ့် အိုလံပစ်ချန်ပီယံနဲ့လည်း မကစားဖူးသေးပါဘူး။” ဟု သူမက ဆိုသည်။

    ရမ်ဇာန်လမြတ်တွင် အရွယ်ရောက်ပြီးသော မွတ်စလင်တိုင်း နံနက် အရုဏ်တက်ချိန်မှ ညနေ နေ၀င်ချိန်အထိ အစားအသောက် စားသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သံဝါသပြုခြင်း စသည်တို့ကို ကျဉ်ရှောင်ရလေသည်။

    ကျန်းမာရေးချို့တဲ့သူများနှင့် ခရီးဝေးသွားနေသူများအတွက် ပလပ်ခွင့်ရှိပြီး အထူးသဖြင့် ဥပုသ်စောင့်ခြင်းကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားစေနိုင်သူများဖြစ်သည်။

    မွတ်စလင်များသည် ထို လမြတ်ရမ်ဇာန်အတွင်း အလ္လာဟ်ရှင်မြတ်နှင့် ပိုမိုနီးကပ်မှုရှိစေရန် ဆွလာသ်ဝတ်ပြုခြင်း၊ ကောင်းမြတ်သောအကျင့်သီလများ ကျင့်မူဆောက်တည်ခြင်း၊ မကောင်းမှု ဒုစရိုက်များမှ ကျဉ်ရှောင်ခြင်း စသည်တို့တွင် စိတ်နှလုံး နှစ်မြုပ်ထားကြလေသည်။

    ယဉ်ကျေးမှု ပေါင်းကူးခြင်း။

    ထို စုပေါင်းဝါဖြေပွဲစီစဉ်မှုက အစ္စလာမ့်အခမ်းအနားများကျင်းပခြင်းနှင့် ဗြိတိသျှ၏ ယဉ်ကျေးမှုပေါင်းစုံ ရောနှောမှုအတွေ့အကြုံကို ကြိုဆိုဂုဏ်ပြုသော ဗြိတိသျှအာဏာပိုင်များ၏ ချီးကျူးထောက်ခံမှုကို ရရှိခဲ့သည်။

    “ယူကေမှာရှိတဲ့ လူ့အဖွဲ့အစည်းပေါင်းစုံကို အတူတကွပေါင်းစည်းစေဖို့နဲ့ အစ္စလာမ်ဘာသာတရားကို ချီးကျူးဂုဏ်ပြုဖို့ အစ်ဖ်သာရ် ၂၀၁၂ စုပေါင်းဝါဖြေပွဲဟာ အလွန်ကောင်းမွန်တဲ့ စတင်မှုလို့ ကျွန်တော်ထင်ပါတယ်”ဟု ဗြိတိသျှ ပြည်ထဲရေးဝန်ကြီး ဂျိမ်းဘရွတ်ကန်ရှိုင်းယား (James Brokenshire) က ဆိုသည်။

    “အိုလံပစ်ပြိုင်ပွဲနဲ့ ရမ်ဇာန်လမြတ်ဟာ နွေရာသီကာလမှာ တစ်ပြိုင်တည်း ကျရောက်မှာပါ။ ဒီ အိုလံပစ်ပြိုင်ပွဲ၊ ဒီနိုင်ငံမှာရှိတဲ့ ယဉ်ကျေးမှုပေါင်းစုံပါဝင်မယ့် အစ်ဖ်သာရ် ၂၀၁၂ စုပေါင်းဝါဖြေပွဲဟာ ကျွန်တော်တို့နေတဲ့ တိုင်းပြည်နဲ့ ကျွန်တော်တို့ဖြစ်စေချင်တာကို ရောင်ပြန်ဟပ်စေတဲ့ အောင်မြင်မှုမျိုးကို အထောက်အကူဖြစ်တယ်ဆိုတာကိုပဲ လိုချင်ပါတယ်။” ဟု သူက ဆိုသည်။

    နေ့စဉ်နေ့တိုင်း ဧည့်သည်ထောင်ပေါင်းများစွာကို ဧည့်ခံကြိုဆိုရမည့် ခက်ခဲသော စမ်းသပ်မှုကို ရန်ဆိုင်ရန် လန်ဒန်မြို့ရှိ ဗလီဝတ်ကျောင်းတော်များ အားလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

    “နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့လုပ်ဆောင်မယ့် အသေးစိတ်စီမံခန့်ခွဲမှုတွေကတော့ အံ့မခန်းပါပဲ။” ဟု လန်ဒန် အစ္စလာမ့်ယဉ်ကျေးမှုစင်တာ၏ ဧည့်ကြိုတာဝန်ခံ အိုမာ ဆတ်ဒစ်(Omar Saddique) က ဆိုသည်။

    အိုလံပစ်ပြိုင်ပွဲအတွက် လက်မှတ်စောင်ရေ ၈ သန်းကျော် ရောင်းချပြီးဖြစ်သည်ဟု ပြိုင်ပွဲကျင်းပရေး တာဝန်ခံများမှ ပြောကြားသည်။

    “ဒီကိုလာတဲ့ ဧည့်သည်တွေ၊ ၀တ်ပြုဖို့လာသူတွေကို ကြိုဆို ဧည့်ခံတာ၊ အစားအသောက်တည်ခင်းတာ စတာတွေ လွယ်ကူချောမောစေဖို့ အဖွဲ့တစ်ဖွဲ့နဲ့ အစ်ဖ်သာရ် ၂၀၁၂ အတွက်သာမက နောက်နှစ်တွေမှာ ဒီလို ပုံမှန်အစီအစဉ်တွေရေးဆွဲဖို့လည်း အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ လုပ်ငန်းစဉ်ရဲ့ အသေးစိတ် စီမံခန့်ခွဲမှုတွေကတော့ အားလုံး ချောမွေ့ပါတယ်။ ” ဟု ဆတ်ဒစ် ကဆိုသည်။

    ဗြိတိသျှသည် အမျိုးစုံသော လူနည်းစု မွတ်စလင်များ နေထိုင်ရာဒေသဖြစ်ပြီး မွတ်စလင်ဦးရေ ၂.၅ သန်းနီးပါးရှိမည်ဟုခန့်မှန်းရသည်။

    Source: OnIslam

    ဘာသာပြန်- ဝေဇင်

  • ရာမာဒန် နဲ့  မဲဆောက်

    အစ္စလမ်ဘာသာဝင်တွေရဲ့ရာမာဒန်ဥပုဒ်လဖြစ်တဲ့အတွက် ထိုင်းမြန်မာနယ်စပ် မဲ ဆောက်မြို့က အစ္စလမ် လုပ်ငန်းရှင်တွေက ဆင်းရဲနွမ်းပါးတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဒီနေ့ လှူဒါန်းနေပုံတွေ ဖြစ်ပါတယ်။ (ဓာတ်ပုံ – ဧရာဝတီ)
    တဦး ထိုင်းဘတ် ၅၀၀ နှုန်း ရကြပါတယ်။
    အသက်အရွယ် ကြီးရင့်သူတွေ၊ ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့လူတွေက ဘတ် ၁၀၀၀ နှုန်း ရကြပါတယ်။
    အလှူခံသူ ၅၀၀၀ ခန့် ရှိပြီး အများစုက မြ၀တီ၊ မဲဆောက်ဒေသတွင်းက အစ္စလမ်ဘာသာဝင်တွေဖြစ်ကြပါတယ်။

    အလှူရှင်တွေထဲမှာ ဘန်ကောက်က လုပ်ငန်းရှင်တချို့လည်း ပါပါတယ် တဲ့။
    မဲဆောက်မှာ ၂ နေရာ ခွဲပြီး လှူပါတယ်။
    source-http://www.irrawaddyblog.com/2011/08/blog-post_5727.html
  • မွတ်ဆလင် (ရမသွာန်) ဥပုသ်လ (ဓါတ်ပုံအက်ဆေး)

    သန်းပေါင်းများစွာသော မွတ်ဆလင်များ ဥပုသ်လမြတ်ကို ဆင်ယင်ကျင်းပနေကြစဉ်

    ရာမဒန် RAMADAN မှာ အစ္စလန် ပြက္ခဒိန်တွင် ၉ လမြောက်ဖြစ်ပါသည်။ နေထွက်မှ နေ၀င်သည်အထိ နေ့စဉ်ပင် သန်းပေါင်းများစွာသော မွတ်ဆလင်များ အစားရှောင်ကြဉ်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတို့ ပြုလုပ်ကြသည်။  Ramanda ဥပုသ်အစမှာ လ အခြေအနေပေါ်တွင် မူတည်ပြီး (များသောအားဖြင့် သြဂုတ်လ ၁ ရက်နေ့) နှစ်စဉ် အပြောင်းအလဲ ရှိသည်။ ၀ါထွက်ချိန် ညနေခင်း Iftar ချိန်တွင် မိသားစုများ၊ ရပ်ရွာအတွင်း စုစည်းပြီး စွန်ပလွန်သီး တစ်လုံး စတင်စားသုံးခြင်းဖြင့် အစားအတူတူ စားသုံးကြပါသည်။ တမန်တော် မိုဟာမက်အချိန်ကတည်းက စတင်ခဲ့သည်ဟု ဆိုပါသည်။

    မောက္ခပညာရေးမဂ္ဂဇင်း ပရိသတ်များအတွက် ဗဟုသုတအလို့ငှါ ကမ္ဘာတ၀ှမ်းမှ ဓါတ်ပုံများကို စုစည်း တင်ပြလိုက်ပါသည်။

    (၁) အင်ဒိုနီးရှားရှိ မွတ်ဆလင်တစ်ဦး မှန်ပြောင်းမှတဆင့် လကို ကြည့်ရှုနေစဉ် ဇူလိုင် ၃၁ ရက်။ (မွတ်ဆလင် ဥပုသ်လမှာ သြဂုတ်လ ၁ ရက်နေ့တွင် စတင်ပါသည်။)
    (၂) ကိုင်ရိုမြို့ al-Azhar ဗလီကျောင်းတွင်  Taraweh ၀တ်ပြုဆုတောင်းနေစဉ် – ဥပုသ်လမြတ် အစ
    (၃) မွတ်ဆလင် ဥပုသ်လအတွက် Jerusalem မြို့ al-Aqsa ဗလီကျောင်းခြံဝင်း အတွင်း ပြင်ဆင်နေကြသော ပါလက်စတိုင်းများ (မွတ်စလင်းများအတွက် အထွတ်အမြတ်ထားရာ ကမ္ဘာကျော်ဗလီ)
    (၄) ပါကစ္စတန် လယ်သမားများ စွန်ပလွန် သစ်သီးများ စတင်စုဆောင်းစဉ်။ နေ့စဉ် ဥပုသ်ထွက်ချိန်တွင် သုံးဆောင်ကြမည့် စွန်ပလွန်သစ်သီး ထွက်သည့် ကမ္ဘာ့ နံပါတ် ၄ နေရာရှိသည်
    (၅) နိုင်ဂျီးရီးယား အမျိုးသမီးများ ၀ါဝင်နေ့တွင် ရောင်းချရန် အစားအစာများ ပြင်ဆင်ချက်ပြုတ်နေစဉ်
    (၇) စွန်ပလွန်သီးများကို ၀ါမ၀င်မီတွင် ရောင်းချနေသည့် ဆော်ဒီနိုင်ငံသားများ
    (၇) ဥပုသ် ပထမနေ့တွင် ပေါင်မုန့်ဝယ်ယူနေကြသည့် တူနစ်ရှားများ
    (၈) ဗလီကျောင်းတက်ရန် ပြင်ဆင်နေကြသော ဖိလစ်ပိုင် လှပျိုဖြူများ
    (၉) ကိုရမ်ကျမ်းစာ ဖတ်ရှုနေသော ပါလက်စတိုင်းလူငယ်လေး
    (၁၀) ဥပုသ်မထွက်မီ အစားမသုံးဆောင်မီ ဘုရားရှိခိုးဆုတောင်း ၀တ်ပြုနေသော ပါကစ္စတန်များ
    (၁၁) ဂျာကာတာမြို့မှ အမျိုးသမီးများ စုပေါင်းဝတ်ပြုနေကြစဉ်
    (၁၂) ကိုရမ်ကျမ်းစာ ဖတ်ရှုနေသော မလေးရှားလူငယ်
    (၁၃) ၀ါဝင်နေ့တွင် ဘုရားမရှိခိုးမီ အနားယူစောင့်ဆိုင်းနေသော အင်ဒိုနီးရှားများ
    (၁၄)Strasbourg မြို့ ဗလီကျောင်းတွင် တက်ရန်တန်းစီနေသော လူငယ်လေးများ
    (၁၅) အချိုမုန့်များ ပြင်ဆင်နေသော အာဖဂန်တစ်ဦး
    (၁၆) ပဲရစ်မြို့ အချို့မုန့်ဆိုင်
    (၁၇) လစ်ဗျားသူပုန်တစ်ဦး ၀ါမထွက်မီ ဆုတောင်း ၀တ်ပြုနေစဉ်
    (၁၈) ပထမနေ့ ၀ါထွက်ချိန်တွင် ဂုဏ်ပြု အမြောက်ပစ်ဖေါက်နေသော ယီမင်တစ်ဦး
    (၁၉) အစိုးရဆန့်ကျင်သော ဆန္ဒပြသမားများ ၀ါထွက်ချိန် စုပေါင်းစားသောက်ကြစဉ်
    (၂၀) ပထမနေ့ ၀ါထွက်ပွဲစုပေါင်း ကျင်းပနေသော တူရကီများ – မြို့တော်ဝန်မှ တမြို့လုံးကို အခမဲ့ ကျွေးမွေးစဉ်
    (၂၁) ဥပုသ်လမြတ်ကို မီးရှုးမီးပန်းဖြင့် ဆင်ယင်ကျင်းပနေသော ပါလက်စတိုင်းလူငယ်လေး
    (၂၂) ကက်ရှမီးယားနယ်များ ဆုတောင်းဝတ်ပြုနေစဉ်
    (၂၃) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တါင် ၀ါဖြေရန် အစားအသောက်များ ၀ယ်ယူနေကြစဉ်
    (၂၄) လော့အိန်ဂျလိစ်မြို့ King Fahad ဗလီကျောင်းမှ မွတ်ဆလင်အမျိုးသမီးများ စုပေါင်း၍ ပထမနေ့ ၀ါထွက် စားသုံးကြစဉ်
    (၂၅) မောစကိုမြို့ ဗလီကျောင်း

    မူရင်း မောက္ခ