News @ M-Media

Tag: Ramdan Charity

  • ရမ်ဇာန်တွင် မွတ်စလင်များ ပရဟိတလုပ်ငန်းများ တိုးမြှင့်

    ရမ်ဇာန်တွင် မွတ်စလင်များ ပရဟိတလုပ်ငန်းများ တိုးမြှင့်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    ramdan

    – မကြာမီကျရောက်လာတော့မည့် ရမ်ဇာန်ဥပုသ်လကို ကြိုဆိုသောအနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုများကို တိုးမြှင့်လုပ်ဆောင်လာကြပြီး ဥပုသ်လအတွင်းတွင်လည်း ဆင်းရဲသားများ၊ အိမ်ယာမဲ့များကို အစားသောက်များ ဝေငှလှူဒါန်းမှုများ ပြုလုပ်ရန် စီစဉ်နေကြသည်။

    “ခက်ခဲပေမယ့် ဒီရမ်ဇာန်လက ဘာမှမရှိဘဲနဲ့ ဖြတ်သန်းနေရတဲ့ ဘ၀တွေဟာ ဘယ်လိုလဲဆိုတာကို နားလည်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ တစ်ခုခုကို ပြန်မျှဖို့လည်း ဖြစ်ပါတယ်။ ပြီးတော့ ဒီလဟာ အိမ်ယာမဲ့သူတွေ၊ ချို့တဲ့သူတွေကို ကျွန်တော်တို့မှာရှိတာတွေ ပြန်လည်မျှဝေဖို့ အခွင့်အရေးဖြစ်တယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်” ဟု အင်္ဂလန်ရှိ ဘာမင်ဂမ်
    အနောက်မြောက်ပိုင်း ၀ဲလ်ဆောလ်မှ As Suffa ပရဟိတအစီအစဉ် အကြီးအကဲဖြစ်သူ နဒီမ်း အက်ရှ်ရက်ဖ်က ပြောကြားခဲ့သည်။

    ဇွန်လ ၁၈ ရက်နေ့တွင် ကျရောက်မည့် ရမ်ဇာန်ဥပုသ်လအတွက် ပြင်ဆင်နေသော အက်ရှ်ရက်ဖ်တို့အဖွဲ့မှာ ဥပုလ်လအတွင်း တစ်ရက်လျှင် အိမ်ယာမဲ့ ၄၀ ကို ကျွေးမွေးသွားမည်ဖြစ်ကာ ထိုအစီအစဉ်တွင် ပါဝင်မည့် စေတနာ့ဝန်ထမ်းများက အစားအသောက်များကို ရမ်ဇာန်တစ်လလုံး လိုက်လံဝေငှသွားမည်ဖြစ်သည်။

    As Suffa မှာ အာရဗီအသံထွက်ဖြစ်ပြီး “နေရာထိုင်ခင်း” ဟု အဓိပ္ပါယ်ရသည်။ ထိုအစီအစဉ်ကို အလ်တက်ဖ်ကာဇီနှင့် ဇာကီရန် ၀ါလီမီယာတို့က ပြီးခဲ့သည့်နှစ်မှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တစ်ပတ်လျှင် ၂ ကြိမ်ကျ အိမ်ယာမဲ့များနှင့် ချို့တဲ့သူများကို အစားသောက်များ လှူဒါန်း ဝေငှခဲ့ကြသည်။

    စားသောက်ဆိုင်များကလည်း ၎င်းတို့၏ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြပြီး ၎င်းတို့ စတင်ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ လူပေါင်း ၃ ထောင်ကျော်ကို အစားသောက်များ ဝေငှနိုင်ခဲ့သည်။

    ဆော်ဒီတွင်လည်း ဆောင်ရွက်

    ဆောဒီအာရေဗျရှိ Al-Margab ရုပ်သံလိုင်းမှ Al-Khair Yagmana (ပျော်ရွှင်မှုအတွက် စုစည်းခြင်း) အစီအစဉ်ကို စီစဉ်တင်ဆက်သည့် မိုဟ်ဆင် ရှိခ် အလ်-ဟာဆန်က ရမ်ဇာန်လအတွင်း လှူဒါန်းမှုများ ပြုလုပ်ရန် ရန်ပုံငွေများကို ကောက်ခံနေသည်။

    “ထင်ရှားကျော်ကြားသူတွေဟာ ရမ်ဇာန်နဲ့ပတ်သက်ပြီး အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးကြပါလိ့မ်မယ်။ လိုအပ်နေသူတွေအတွက် လှူဒါန်းဖို့အတွက် တစ်ဦးတစ်ယောက်ချင်းစီကို သူတို့ တိုက်တွန်းဖို့ မျှော်လင့်နေပါတယ်” ဟု အလ်-ဟာဆန်က Arab News သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဆန်၊ သကြား၊ စွန်ပလွံသီးနှင့် အသားများကို လှူဒါန်းမည့်သူများမှာ ၎င်းထံ စာရင်းပေးထားကြသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ရမ်ဇာန်လမှာ အစ္စလာမ့်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးလဖြစ်ပြီး ထိုလတွင် အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလစောင့်တည်ရန် မလုပ်မနေရအဖြစ် အစ္စလာမ်က သတ်မှတ်ထားသည်။

    သို့သော်လည်း ကျန်းမာရေးမကောင်းသောသူများ၊ ခရီးသွားသူများနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်သည့် အန္တရာယ်ရှိသူများအနေဖြင့် ပလပ်ခွင့်ရှိသည်။

    ဥပုသ်သီလဆောက်တည်ခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့စိတ်အတွင်းရှိ မကောင်းသောစိတ်ဓာတ်များအား ပယ်သတ်ရန်၊ ပြစ်မှုအကုသိုလ်များကို ရှောင်ကျဉ်ရန်နှင့် ဆာလောင်မွတ်သိပ်နေသူများ၏ အခြေအနေကို နားလည်ခံစားတတ်စေရန် ဖြစ်သည်ဟု
    အစ္စလာမ့်ဓမ္မပညာရှင်များက ဟောကြားကြသည်။

    Ref: Onislam