News @ M-Media

Tag: Real Madrid

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၂၂၊ ၂၀၂၀
    M-Media

    ချန်ပီယံလိဂ်အရှုံးက မိမိ၏ လိုအပ်ချက်ကြောင့်ဟု ဇီဒိန်းဝန်ခံ

    ဒီနေ့မနက် ချန်ပီယံလိဂ်မှာ အရှက်တကွဲရှုံးနိမ့်မှုအတွက် မိမိမှာသာတာဝန်ရှိပြီး ဝေဖန်မှကိုလက်ခံတယ်လို့ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။

    ကိုဗစ်ကြောင့် အဓိကကစားသမား ၁၃ ဦး မကစားနိုင်ဘဲ လူငယ်တွေနဲ့သာ ပွဲထွက်လာရတဲ့ ယူကရိကန်းကလပ် ရှက်တာဒိုးနက်ကို အိမ်ကွင်းမှာ ရီးယဲလ်က ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

    ဇီဒိန်းက ဆိုးရွားတဲ့ပွဲ၊ ဆိုးရွားတဲညတစ်ခု ဖြစ်ခဲ့ပြီး ​ဒီအခြေအနေကို ကျော်လွှားနိုင်ရေး နည်းလမ်းရှာသွားမယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ရီးယဲလ်ဟာ စနေနေ့ကလည်း လာလီဂါမှာ တန်းတက်အသင်း ကာဒစ်ဇ်ကို အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    အန်ဆူဖာတီကို လူမျိုးရေးခွဲခြားခဲ့သည့် စပိန်ဂျာနယ်လစ် ပြန်တောင်းပန်

    ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်မှူး အန်ဆူ ဖာတီကို လူမျိုးရေးခွဲခြား ရေးသားခဲ့တယ်လို့ ဝေဖန်ခံရတဲ့ စပိန်ဂျာနယ်လစ်တစ်ဦးက သူ့ရဲ့လုပ်ရပ်အတွက် ပြန်တောင်းပန်လိုက်ပါတယ်။

    ချန်ပီယံလိဂ်ပွဲ ABC သတင်းဌာနအတွက်ရေးတဲ့ ပွဲသုံးသပ်ချက်မှာ ဂျာနယ်လစ် ဆာဗာဒို ဆော့စ်ထရက်စ်က ဖာတီကို ‘လူမည်းလမ်းဘေးစျေးသည်’ လို့ ထည့်ရေးခဲ့ပါတယ်။ ဆော့စ်ထရက်စ်က ဖာတီရဲ့ လှလှပပ လှုပ်ရှားမှုကို ရည်ညွှန်းလိုတဲ့အတွက် ဒီလိုရေးသားခဲ့တာဖြစ်ပြီး နားလည်မှုလွဲခဲ့တဲ့အတွက် အလွန်အမင်း ဝမ်းနည်းရတယ်လို့ ABC မှာ တောင်းပန်ရေးသားခဲ့ပါတယ်။

    အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ဖာတီဟာ အသက် ၁၈ နှစ်မပြည့်ခင် ချန်ပီယံလိမှာ ၂ ဂိုးသွင်းယူတဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

    ဗန်ဒိုက်ဒဏ်ရာရသည်အတွက် ဝမ်းနည်းကြောင်း အန်ဆယ်လော့တီပြော

    မိမိ​လူကြောင့် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားတဲ့အတွက် ဝမ်းနည်းမိတယ်လို့ အဲဗာတန်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်ပါတယ်။

    ၂ ဂိုးစီသရေကျတဲ့ ပြီးခဲ့တဲ့တစ်ပတ် ပရီးမီးယားလိဂ်ပွဲမှာ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ ဖြတ်ထုတ်မှုကြောင့် ဗန်ဒိုက်ဟာ အရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့တာပါ။

    အန်ဆယ်လော့တီက ဗန်ဒိုက် အမြန်ကျန်းမာပါစေကြောင်း ဆုတောင်းခဲ့ပြီး ပစ်ဖို့ဒ်က ရည်ရွယ်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ပြောကြားမှုကိုတော့ ငြင်းဆိုခဲ့ပါတယ်။

    ဘောလုံးအဖွဲ့ချုပ် FA ကလည်း ဒီအဖြစ်အပျက်ဟာ မတော်တဆသာ ဖြစ်တဲ့အတွက် ပစ်ဖို့ဒ်ကို အရေးမယူဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: BBC

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    Social Distancing နှင့်ကစားသည့် ဘောလုံးအသင်း ၃၇ ဂိုးပြတ်ရှုံး

    ဂျာမနီ အပျော်တမ်းလိဂ်တစ်ခုက Ripdorf အသင်းဟာ ကိုဗစ်ကိုကြောက်ပြီး ခပ်ခွာခွာစည်းမျဉ်း (Social Distancing) နဲ့ ကစားတာကြောင့် ပြိုင်ဘက် SV Holdenstedt II အသင်းကို ၃၇ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    SV Holdenstedt II အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ကိုဗစ်ပိုးတွေ့သူတစ်ဦးနဲ့ ထိတွေ့မှုရှိခဲ့တာပါ။ ပြိုင်ဘက်တစ်သင်းလုံး ကိုဗစ်စစ်ပြီး ပိုးမရှိပေမယ့် ၁၄ ရက်မပြည့်သေးတဲ့အတွက် စိတ်ချရတဲ့အခြေအနေမျိုးဖြစ်နေတာကြောင့် Socail Distancing နဲ့ကစားတာလို့ Ripdorf အသင်းက ထုတ်ပြန်ပါတယ်။

    ပွဲကိုရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် ပြိုင်ပွဲကျင်းပရေးအဖွဲ့က လက်မခံဘဲ ပွဲမကစားရင်လည်း ဒဏ်​ငွေဆောင်ရမှာကြောင့် ကွင်းအတွင်းရှိရမယ့် အနည်းဆုံး ကစားသမားပမာဏ ၇ ဦးနဲ့ Ripdorf က ပွဲကို ကစားခဲ့တာ ဖြစ်ပါတယ်။

    ဘာစီလိုနာထက် ရီးယဲလ်မက်ဒရစ်ကို ကိုင်ချင်သည်ဟု ပိုချက်တီနို ဖွင့်ဟ

    ဘာစီလိုနာက ဆက်သွယ်လာတယ်ဆိုတဲ့ သတင်းတွေကို စပါးနည်းပြဟောင်း ပိုချက်တီနိုက ငြင်းဆိုခဲ့ပြီး လာလီဂါမှာဆိုရင် ရီးယဲလ်မက်ဒရစ်အသင်းကို နည်းပြခွင့်ရရေးဟာ သူ့ရဲ့အိပ်မက် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

    ဖလားလက်မဲ့ရာသီကို ကြုံရတဲ့အတွက် နည်းပြ စတီယန်ကို ထုတ်ပယ်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ ပိုချက်တီနိုကို ချိတ်နေတယ်ဆိုပြီး သတင်းတွေ ထွက်နေတာပါ။

    ပြင်သစ်လိဂ်ဝမ်းက ပီအက်စ်ဂျီနဲ့ မိုနာကို၊ စီးရီးအေက ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်၊ ပေါ်တူဂီက ဘင်ဖီကာ စတဲ့ အသင်းတွေက ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ပိုချက်တီနိုက ငြင်းပါတယ်။

    ၂၀၁၈ ခုနှစ်က ပိုချက်တီနိုကို ရီးယဲလ်က ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် စပါးနဲ့ စာချုပ်ရှိတဲ့အတွက် မသွားဖြစ်ခဲ့ပါဘူး။

    Ref: BBC

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    ပြဿနာအားလုံးဖြေရှင်းနိုင်သည့် ရော်နယ်ဒိုဟု ဂျူဗင်တပ်စ်နည်းပြ ချီးကျူး

    တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ ကစားသမား ဖြစ်တယ်လို့ ဂျူဗင်တပ်စ်နည်းပြ မောင်ရီဇီယို ဆာရီက ပြောကြားလိုက်ပါတယ်။ အခုတစ်ပတ် ပါးမားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုဟာ ၂ ဂိုးစလုံး သွင်းပေးခဲ့သလို ‌အသင်းရဲ့ခံစစ်အတွက်လည်း ကူညီပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စီးရီးအေ ၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကိုလည်း အဲဒီပွဲမှာ ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာလက်ရှိ စီးရီးအေကို ဦးဆောင်နေပြီး ဆာရီက ရော်နယ်ဒိုကို ချီးကျူးခဲ့ပေမယ့် အသင်းလိုက်ကစားပုံအတွက် စိတ်ပျက်ရတယ်လို့‌ ပြောဆိုခဲ့ပါတယ်။

    ကစားသမားများ၏ အပြုအမူကြောင့် မန်ယူကို FA က တရားစွဲ

    လီဗာပူးလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲမှာ ကစားသမားတွေ ဒိုင်လူကြီးကို ၀ိုင်းအုံစောဒကတက်မှုအတွက် မန်ယူအသင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က တရားစွဲဆိုထားပါတယ်။ လီဗာပူးလ်တိုက်စစ်မှူး ဖာမီနို ဒုတိယဦးဆောင်ဂိုး သွင်းယူမှုမှာ နောက်ခံလူ ဗန်ဒိုက်ဟာ ဂိုးသမား ဒီဂီယာအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ မန်ယူကစားသမားတွေက ကွင်းလယ်ဒိုင် ခရေ့ဂျ် ပေါ်ဆန်ကို စောဒကတက်ခဲ့တာပါ။ ကွင်းလယ်ဒိုင်က VAR ကြည့်ကာ ဂိုးပေးမှုကို ပယ်ဖျက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း မန်ယူကစားသမားတွေဟာ ကစားသမားကျင့်ဝတ်နဲ့ မညီတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တယ်လို့ဆိုကာ FA က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ မန်ယူနောက်ခံလူဟောင်းဖြစ်ပြီး လက်ရှိမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က ဗန်ဒိုက်ဟာ ဒီဂီယာကို ပြစ်ဒဏ်ကျူးလွန်မှုမရှိဘဲ မန်ယူကစားသမားတွေရဲ့ ဖိအားကြောင့် ဒိုင်လူကြီးက ဂိုးမပေးခဲ့တာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    နေးမာလက်သစ်ဟု နာမည်ကြီးနေသူကို ရီးယဲလ်ခေါ်ယူ

    ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းက အသက် ၁၈ နှစ်အရွယ် ကွင်းလယ်တိုက်စစ်မှူး ရီနီ ဂျီးဆက်စ်ကို ရီးယဲလ်မက်ဒရစ်အသင်းက ကန်ဒေါ်လာ ၃၃ သန်းနဲ့ မနေ့မှာခေါ်ယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဆောင်းရာသီမှာ စျေးအကြီးဆုံးပေးပြီး ခေါ်ယူမှုလည်းဖြစ်ပါတယ်။ နေးမာလက်သစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျီးဆက်စ်ဟာ ဖလာမင်ဂိုအသင်းကြီးနဲ့ ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြကာ အသင်းနဲ့အတူ အမှတ်ပေးဖလား၊ ရှုံထွက်ဖလားတွေကို ရရှိခဲ့ပါတယ်။ ရီးယဲလ်ဟာ အလားအလာရှိတဲ့ လူငယ်သွေးသစ် ကစားသမားတွေအတွက် ဘရာဇီးလ်စျေးကွက်ကို အဓိကထားပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဘရာဇီးလ်လူငယ်ကစားသမား အနည်းဆုံး ၃ ဦးအထိ ခေါ်ယူထားပါတယ်။

    Ref: Goal, BBC

  • အင်္ဂါနေ့ ဘောလုံသတင်းများ

    အင်္ဂါနေ့ ဘောလုံသတင်းများ

    ဇန်နဝါရီ ၁၄၊ ၂၀၂၀
    M-Media

    ဘာစီလိုနာအသင်းက နည်းပြ ဗာလ်ဗာဒီကို ထုတ်ပယ်

    ဘာစီလိုနာအသင်းဟာ နည်းပြ ဗာလ်ဗာဒီကို အသင်းက ထုတ်ပယ်လိုက်ပြီး ရီးရဲလ်ဘက်တစ်နည်းပြဟောင်း ကီ‌ကေး ဆတီယန်ကို အစားထိုးခန့်အပ်လိုက်ပါတယ်။ အသက် ၅၅ နှစ်အရွယ် ဗာလ်ဗာဒီဟာ အသင်းကို ပြီးခဲ့တဲ့ ၂ နှစ်မှာ လာလီဂါချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အခုရာသီမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဖိုင်နယ် ရောက်ရှိအောင်နဲ့ ‌ကောင်းမွန်တဲ့ကစားပုံ ရရှိအောင် မစွမ်းဆောင်နိုင်တာတွေကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ အသက် ၆၁ နှစ်အရွယ် ဆတီယန်ဟာ ပြီးခဲ့တဲ့နှစ်က ဘက်တစ်အသင်းကို ၁၄ နှစ်အတွင်း လာလီဂါမှာ အမြင့်ဆုံးအဆင့် ရရှိအောင်၊ ဘုရင့်ဖလားမှာ ဆီမီးဖိုင်နယ်အထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

    လက်တွေ့ကျသည့်နည်းလမ်းမျိုးသာ လိုအပ်ဟု မော်ရင်ဟိုပြော

    စပါးအသင်း ကစားပုံနဲ့ပတ်သက်လို့ ဝေဖန်မှုကို နည်းပြမော်ရင်ဟိုက ပယ်ချလိုက်ပြီး အသင်းအတွက် လက်တွေ့ကျတဲ့ နည်းလမ်းမျိုးသာ လိုအပ်တယ်လို့ ‌တုန့်ပြန်ခဲ့ပါတယ်။ လီဗာပူးလ်ကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးခဲ့တဲ့ ပြီးခဲ့တဲ့တစ်ပတ်ပွဲမှာ နောက်ခံလူ ၅ ဦးအထိ မော်ရင်ဟိုက အသုံးပြုခဲ့ပြီး ပထမပိုင်းမှာ အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ဒီအတွက် ဝေဖန်ခံနေရတာပါ။ မော်ရင်ဟိုက နောက်ပိုင်းမှာ အသင်း ကစားပုံကောင်းလာတာကို ထောက်ပြခဲ့ပြီး ဒါဟာ မဟာဗျူဟာအရ နောက်ပွဲအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

    ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် ဘာစီလိုနာအသင်း ရပ်တည်

    ပြီးခဲ့တဲ့ဘောလုံးရာသီက ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်းစာရင်းကို Deloitte အဖွဲ့က ထုတ်ပြန်ရာမှာ ဘာစီလိုနာအသင်းက ထိပ်ဆုံးမှာရပ်တည်နေပြီး သမိုင်းတစ်လျှောက် ပထမဆုံး ရပ်တည်နိုင်တာလည်းဖြစ်ပါတယ်။ ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်က ဒုတိယနေရာမှာ ရှိနေကာ ပရီးမီးယားလိဂ်က မန်ယူကတော့ တတိယနေရာမှာ ရှိနေပါတယ်။ မန်ယူဟာ လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်းနေရာကို ဆုံးရှုံးရဖွယ် ရှိနေတယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်း ၁၀ သင်းမှာ ပရီးမီးယားလိဂ်က ၅ သင်း၊ လာလီဂါက ၂ သင်း၊ ဘွန်ဒစ်လီဂါ၊ ပြင်သစ်လီဂူးနဲ့ စီးရီး‌အေတို့က ၁ သင်းစီ ပါဝင်ပါတယ်။

    Ref: BBC, Daily Mail

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ


    ဇန်နဝါရီ ၁၃၊ ၂၀၂၀
    M-Media

    စပိန်စူပါဖလားကို ရီးယဲလ်မက်ဒရစ်ဆွတ်ခူး
    ==============
    မနေ့က ဆော်ဒီအာရေဗျနိုင်ငံမှာ ကစားခဲ့တဲ့ စပိန်စူပါဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ရီးယဲလ်မက်ဒရစ်က အက်သလက်တီကိုမက်ဒရစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲသွားပါတယ်။ စူပါဖလားကို အခုနှစ်မှာ ပုံစံသစ်နဲ့ ကျင်းပတာဖြစ်ပြီး လာလီဂါက ဆင့် ၁နဲ့ ၂၊ စပိန်ဘုရင့်ဖလားက ပထမနဲ့ ဒုတိယရတဲ့အသင်း စုစုပေါင်း ၄ သင်း ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။

    တိုက်စစ်မှူးအဂူရိုကို ပက်ပ်ဂွါဒီယိုလာ ချီးကျူး
    ================
    တိုက်စစ်မှူး ဆာဂျီယိုအဂူရိုဟာ ဂိုးသွင်းရင်း သေဆုံးမယ့် ကစားသမားလို့ မန်စီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။ မနေ့က အက်စတွန်ဗီလာအသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသက် ၃၁ နှစ်အရွယ် အဂူရိုဟာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး စုစုပေါင်း ၁၇၇ ဂိုးရှိလာပါတယ်။ ဒါ့ကြောင့် ပရီးမီယားလိဂ်မှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ နိုင်ငံခြားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂွါဒီယိုလာက အဂူရိုဟာ ဂန္တဝင်ကစားသမားတစ်ဦး ဖြစ်ပြီး စံချိန်သစ်တစ်ခုရရှိချိန် မန်စီးတီးမှာ ရှိနေတာဟာ ဂုဏ်ယူဖွယ်ရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

    ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ် ဒူးဒဏ်ရာကြောင့် ၄ လတာ အနားယူရမည်
    =================
    ဘာစီလိုနာတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ဟာ တနင်္ဂနွေနေ့က ဒူးခေါင်း ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ၄ လ‌ကြာ အနားယူရမှာဖြစ်ပြီး အခုနှစ်ဘောလုံးရာသီ လက်ကျန်ပွဲစဉ်တွေအားလုံးကို လွဲချော်မှာ ဖြစ်ပါတယ်။ သောကြာနေ့က ကစားခဲ့တဲ့ စူပါဖလား ဆီမီးဖိုင်နယ် အက်သလက်တီကိုကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရခဲ့တဲ့ ဒီဒဏ်ရာဟာ လာလီဂါကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆွာရစ်ဇ်ဟာ အခုရာသီမှာ ဘာစီလိုနာအသင်းအတွက် ၂၃ ပွဲကစား ၁၄ ဂိုး သွင်းယူပေးထားပါတယ်။

    Ref : BBC, Goal