News @ M-Media

Tag: refugee clinic

  • ဒုက္ခသည်များအတွက် အီတလီနှင့် ဂရိတို့မှ လူမနေသောကျွန်းကို ၀ယ်လိုသည်ဟု အီဂျစ်သူဌေး ပြော

    ဒုက္ခသည်များအတွက် အီတလီနှင့် ဂရိတို့မှ လူမနေသောကျွန်းကို ၀ယ်လိုသည်ဟု အီဂျစ်သူဌေး ပြော

    စက်တင်ဘာ ၅၊ ၂၀၁၅
    M-Media

    refuge

    – စစ်ဖြစ်ပွားသော ဒေသများမှ ဥရောပသို့ရောက်ရန် မိုင်ထောင်ပေါင်းများစွာကို စွန့်စားဖြတ်သန်းလာရသည့် ဒုက္ခသည်များအား နေရာချထားပေးရန် အီတလီ သို့မဟုတ် ဂရိမှ ကျွန်းတစ်ကျွန်းအား ၀ယ်ယူချင်သည်ဟု အီဂျစ်ဘီလီယံနာတစ်ဦးက ပြောကြားလိုက်သည်။

    “ဂရိ ဒါမှမဟုတ် အီတလီက ကျွန်တော့်ကို ကျွန်းတစ်ကျွန်းရောင်းပါ။ လွတ်လပ်ရေးကြေညာပြီး ပြောင်းရွှေ့အခြေချသူတွေကို ထားမယ်။ ပြီးရင် သူတို့ရဲ့နိုင်ငံသစ် တည်ထောင်ဖို့အတွက် သူတို့ကို အလုပ်တွေပေးပါမယ်” ဟု အီဂျစ် ရုပ်သံသူဌေး နာဂစ်ဘ် ဆာဝီရစ်က Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    ထိုသို့ပြောဆိုခြင်းမှာ စကားသက်သက် ပြောဆိုခြင်းမဟုတ်ဘဲ ဆာဝီရစ်ကမူ ၎င်းအနေဖြင့် အီတလီနှင့် ဂရိအာဏာပိုင်များကို အမှန်တစ်ကယ် ကမ်းလှမ်းမှုများ ပြုလုပ်သွားရန် အဆင်သင့်ရှိနေသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

    “လူမနေတဲ့ကျွန်းတွေ ခင်ဗျားတို့မှာ အများကြီးရှိပြီး ဒုက္ခသည်ထောင်ပေါင်းများစွာကို နေရာပေးနိုင်ပါတယ်” ဟု ဆာဝီရစ်က AFP သတင်းဌာနသို့ ပြောကြားခဲ့ပြီး အကောင်အထည်ဖော်နိုင်သည့် အစီအစဉ်ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း ၎င်း၏ အဆိုပါစီမံကိန်းအတွက် ဥပဒေပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ရှိနိုင်မှုကို ၎င်းက ၀န်ခံခဲ့ပြီး တရားစီရင်ရေးနှင့် အကောက်ခွန်ရေးရာ ပြဿနာတို့ဖြစ်သည်ဟု ဆိုသည်။

    “အဲဒီမှာ လူတွေနေဖို့ ယာယီကယ်ဆယ်ရေးစခန်းတွေ ရှိမယ်။ အဲဒီနောက် အိမ်တွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဆေးရုံတွေဆောက်ဖို့ လူတွေကို အလုပ်ပေးမယ်။ ပြီးရင် အခြေအနေတွေ တိုးတက်လာပြီး (သူတို့ရဲ့ ဇာတိနိုင်ငံကို) ပြန်ချင်တဲ့ ဘယ်သူမဆို၊ ပြန်လို့ရပါတယ်”

    ဆာဝီရစ်မှာ ဒုက္ခသည်များနှင့် ပြောင်းရွှေ့အခြေချသူများအတွက် အီတလီနှင့် ဂရိတို့မှ ပေးအပ်သော အခြေအနေများကို ဝေဖန်ခဲ့ပြီ၊ ၎င်းစီစဉ်မည့် ကျွန်းအသစ်တွင်မူ ဒုက္ခသည်များမှာ လူသားများကဲ့သို့ ဆက်ဆံခံရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ဒုက္ခသည်များ ယခု ဆက်ဆံခံနေရခြင်းမှာ ကျွဲ၊ နွားများကဲ့သို့ဖြစ်သည်ဟု ဆိုသည်။

    အီဂျစ်ဘီလီယံနာဖြစ်သော ၎င်း၏ အဆိုပါ အစီအစဉ်ကို ဆိုရှယ်မီဒီယာများတွင် အများအားဖြင့် ထောက်ခံခဲ့ကြပြီ၊ ငွေကြေး၊ ကာယ၊ ဥာဏလုပ်အားများ ထောက်ပံ့ပေးအပ်သွားမည်ဟု ကမ်းလှမ်းမှုများလည်း ရှိခဲ့သည်။

    သို့သော်လည်း အချို့သူများကမူ အီတလီနှင့် ဂရိတို့ထက် အာဖရိကတွင် ကျွန်းတစ်ကျွန်းဝယ်ခြင်းက ပို၍ အဓိပ္ပါယ်ရှိမည်ဖြစ်ပြီး ဒုက္ခသည်များအား ထားရှိရန်အတွက်လည်း ပို၍ ဈေးပေါမည်ဟု ဆိုသည်။ အချို့ကလည်း အီဂျစ်နိုင်ငံရှိ သဲကန္တာရ တစ်စိတ်တစ်ပိုင်းကို ၀ယ်ကာ နေရာချထားပေးရန် အကြံပေးခဲ့ကြသည်။

    Ref: RT

  • သြစတြေးလျမှ အကူအညီလျော့ချမည့်ဟု ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ ဆေးခန်းများ အခက်ကြုံ

    နိုဝင်ဘာ-၄ ၂၀၁၃
    M-Media

    thai refugee clinic
    သြစတေးလျမှ ထည့်ဝင်နေသည့် အကူအညီများ လျှော့ချမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံ အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်  ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသည့် ဒုက္ခသည်များအား ဆေးကုသပေးနေသည့် ဆေးခန်းတစ်ချို့မှာ အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

    ထိုနယ်စပ်ရှိဆေးခန်းများမှ ထိုင်နိုင်ငံ မဲဆောက်မြိုတွင်ရှိသည့်  မဲသဝေါ ဆေးခန်းအား ၂၀၁၂-၁၃ ခုနှစ်အတွက် သြစတေးလျ ထောက်ပံ့ရေး အစီအစဉ် AusAid မှ သြစတေးလျဒေါ်လာ ၅ သိန်း ကူညီထောက်ပံခဲ့သည်။ သို့သော်လည်း သြစတေးလျအစိုးရမှ AusAid အစီအစဉ်အား နိုင်ငံရပ်ခြား ကုန်သွယ်ရေးဌာနနှင် ပူးပေါင်းခဲ့ပြီး ထောက်ပံ့ငွေများကို လျှော့ချတော့မည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ထိုဆေးခန်းမှာ အခက်တွေ့နေရခြင်းဖြစ်သည်။

    အဆိုပါဆေးခန်းများကို တာဝန်ယူဆောင်ရွက်ပေးနေသည့် ဒေါက်တာ စင်သီယာမောင်က ပဋိပက္ခများဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများမှာ နှေးကွေးသောကြောင့် ထိုဆေးခန်းများမှာ လူနားများလျှော့ကျခြင်း မရှိဘဲ ထိုကဲ့သို့ထောက်ပံ့ငွေများ လျှော့ချခြင်းက ဆေးခန်းများကို ရေရှည်ထိန်းသိမ်းရန် ခက်ခဲစေမည်ဟု ပြောကြားခဲ့သည်။

    ကရင်တိုင်းရင်းသူဖြစ်သည့် ဒေါက်တာစင်သီယာမောင်မှာ ၁၉၈၈ ခုနှစ်အရေးအခင်းပြီးကတည်းက မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအရေးကိုဆောင်ရွက်ပေးနေသူဖြစ်သည်။ ထိုပြင် သြစတေးလျနိုင်ငံမှပေးအပ်သော Sydney Peace Prize ဆုကို မကြာမီ သွားရောက်ယူဆောင်ရန်ရှိပြီး သူမဦးဆောင်နေသည့် ဆေးခန်းများအား Sydeny Peace Foundation မှ သတိပြုမိခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဓါတ်ပုံအညွှန်း- ၂၀၁၁ ခုနှစ် ထိုင်းနယ်စပ် မဲဆောက် မြန်မာဒုက္ခသည်စခန်း ဆေးခန်းမှ မြင်ကွင်း တခု (Photo- AP)

    Ref:.news.com.au