News @ M-Media

Tag: Renewable Engergy

  • ကားပျံများက သဘာဝပတ်ဝန်းကျင်ကို ပိုမိုအထောက်အကူပြုမည်ဟု ပညာရှင်များ သုံးသပ်

    ကားပျံများက သဘာဝပတ်ဝန်းကျင်ကို ပိုမိုအထောက်အကူပြုမည်ဟု ပညာရှင်များ သုံးသပ်

    ဧပြီ ၂၆၊ ၂၀၁၉
    M-Media

    – အနာဂတ်မှာ ပေါ်ထွက်လာမယ့် ကားပျံတွေဟာ ဖန်လုံအိမ် ဓာတ်ငွေ့ကို ပိုမိုလျှော့ချနိုင်ပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ပိုမိုလျော့ပါးစေလိမ့်မယ်လို့ မကြာသေးခင်က အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    ကမ္ဘာတစ်ဝှမ်းက နည်းပညာကုမ္ပဏီတွေဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုနိုင်မယ့် ကားပျံတွေကို အပြိုင်အဆိုင် တီထွင်ထုတ်လုပ်နေကြပြီး လာမယ့် ၁၀ စုနှစ်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲဖို့ စီစဉ်နေပါတယ်။ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်မယ့် VTOL လို့ခေါ်တဲ့ အဲဒီ ကားပျံတွေဟာ လက်ရှိမှာတော့ နမူနာအဆင့်မှာ ရှိနေပါသေးတယ်။

    မီချီဂန်တက္ကသိုလ်နဲ့ Ford မော်တော်ကား ကုမ္ပဏီက ပညာရှင်တွေဟာ လျှပ်စစ်ဓာတ်အားနဲ့ မောင်းနှင်မယ့် ကားပျံတွေရဲ့ အချိန်နဲ့ စွမ်းအင် ချွေတာနိုင်မှု၊ ဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုတွေကို နမူနာထုတ်ထားတာတွေကိုကြည့်ကာ လေ့လာဆန်းစစ်ခဲ့ပြီး အခုလအစောပိုင်းက Nature Communications ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

    ‘လေပေါ်တက္ကဆီ’ လို့အမည်ပေးထားပြီး အမြင့်ပေ ၁၀၀၀ နဲ့ ၂၀၀၀ ကြားမှာ တစ်နာရီကို မိုင် ၁၅၀ နဲ့ ၂၀၀ ကြားအထိ မောင်းနှင်နိုင်မယ့် Uber ကုမ္ပဏီထုတ် ကားပျံဟာ လေယာဉ်မှူးတစ်ဦး၊ ခရီးသည် ၃ ဦးအပြည့်နဲ့ အသုံးပြုမယ်ဆိုရင် ၆၂ မိုင်သွားတိုင်း သာမန်ကားတွေထက် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၅၂ ရာခိုင်နှုန်း လျော့နည်းသွားတာကို လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။ သာမန် လျှပ်စစ်ကားတွေနဲ့ယှဉ်ရင်တော့ ကာဘွန်ထုတ်လွှတ်မှုကို ၆ ရာခိုင်နှုန်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    ကားပျံတွေဟာ လက်ရှိအသုံးပြုနေတဲ့ လျှပ်စစ်ကားတွေနဲ့ယှဉ်ရင် ခရီးတိုတွေမှာ သိပ်ပြီး ထူးခြားမှုမရှိပေမယ့် ခရီးဝေးသွားမယ်၊ ကားနဲ့ သွားရခက်တဲ့နေရာတွေကို သွားရောက်မယ်ဆိုရင် စွမ်းအင်နဲ့ အချိန်ချွေတာမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုတွေအတွက် ပိုမို အကျိုးဖြစ်ထွန်းမယ်လို့လည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။ အသံဆူညံမှုနဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ် လျှော့ချနိုင်ရေး သုတေသနတွေ ထပ်လုပ်ဖို့ လိုအပ်တယ်လို့လည်း သုတေသန ပညာရှင်တွေက သုံးသပ်ခဲ့ပါတယ်။

    Ref :CNN

  • လေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးလုပ်ငန်းကို စကော့တလန်တွင် ပထမဆုံး စမ်းသပ်

    လေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးလုပ်ငန်းကို စကော့တလန်တွင် ပထမဆုံး စမ်းသပ်

    ဇူလိုင် ၂၄၊ ၂၀၁၇
    M-Media

    – ပင်လယ်ပြင်မှာတိုက်ခတ်တဲ့ လေအားကို အသုံးချကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ လုပ်ငန်းကို စကော့တလန် အရှေ့မြောက်ပိုင်းက ကမ်းရိုးတန်းမှာ စတင်စမ်းသပ်နေပြီး လေစွမ်းအင်သုံး ကမ္ဘာ့ပထမဆုံး ရေပေါ်ဓာတ်အားပေးစနစ်လည်း ဖြစ်ပါတယ်။

    ရေနက်တဲ့နေရာမှာ လေယဟတ်ပါတဲ့ တာဝါတိုင်ထောင်ကာ တာဘိုင်ကို ရေအောက်မှာမြှုပ်ပြီး ကြိုးနဲ့ ဓာတ်အားသွယ်ယူတဲ့ ဒီနည်းပညာကို Statoil ကုမ္ပဏီက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက စမ်းသပ်ခဲ့တာဖြစ်ပြီး နေအိမ်ပေါင်း ၂၀၀၀၀ လောက်ကို မီးပေးနိုင်မယ့် အခုရေပေါ်ဓာတ်အားပေးလုပ်ငန်းကြီးကိုတော့ Hywind လို့ အမည်ပေးထားပါတယ်။

    ကုမ္ပဏီက သူတို့ရဲ့ လေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစနစ်ဟာ ကုန်းပေါ်မှာ အသုံးပြုနေတဲ့ လေစွမ်းအင်သုံး ဓာတ်အားပေးစနစ်ထက် ပိုပြီး ဓာတ်အားထုတ်လုပ်နိုင်မယ်လို့ ယူဆနေကာ ဂျပန်နဲ့ အမေရိကန် အနောက်ဖက်ကမ်းရိုးတန်းလို ရေနက်တဲ့နေရာတွေရှိတဲ့ ဒေသတွေမှာ ဒီနည်းပညာ ဖွံ့ဖြိုးလာမယ်လို့လည်း မျှော်လင့်နေပါတယ်။

    “ပင်လယ်ပြင်ကြီးထဲမှာ အလုပ်လုပ်နိုင်အောင်လို့ ဖော်ဆောင်ထားတဲ့ နည်းပညာစီမံကိန်းပါ။ လေစွမ်းအင်သုံး ရေပေါ် ဓာတ်အားပေးနည်းလမ်းအတွက် ဒါဟာ အပြောင်းအလဲ ဖြစ်မှာဖြစ်ပြီး ကုန်ကျစားရိတ် သက်သာဖို့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ” လို့ Hywind ရဲ့ စီမံကိန်းဒါရိုက်တာ လီအစ် ဒဲလ်ပ်က ပြောကြားခဲ့ပါတယ်။

    လက်ရှိ ဒီစနစ်မှာအသုံးပြုတဲ့ တာဘိုင်တွေဟာ ဈေးတော်တော်ကြီးနေပေမယ့် Statoil ကတော့ တာဘိုင်ထုတ်လုပ်မှုစားရိတ်ကို အနာဂတ်မှာ သိသိသာသာ လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

    လေယဟတ်က အရွက်တစ်ခုစီဟာ ၇၅ မီတာ ရှည်ပြီး Airbus လေယာဉ်ရဲ့ တောင်ပံတစ်ဖြန့်စာရှိပါတယ်။ တာဘိုင်တွေကတော့ ရေအနက် တစ်ကီလိုမီတာလောက် ရောက်တဲ့အထိ အလုပ်လုပ်နိုင်မှာပါ။ တာဝါတိုင်တစ်ခုလုံးရဲ့ အလေးချိန်က တန်ပေါင်း ၁၁၅၀၀ ရှိပါတယ်။ ရေပေါ်မှာ တာဝါတိုင်ငြိမ်စေဖို့အတွက် စတီးကြိုးကြီးတွေမှာ အလေးချီပြီး ပင်လယ်အောက်ကြမ်းပြင်မှာ ကျောက်ချထားပါတယ်။

    ဒါပေမယ့် စတော့တလန်က ငှက်စောင့်ရှောက်ရေးအဖွဲ့ RSPB Scotland ကတော့ ဒီလေရဟတ်တွေကြောင့် ငှက်တွေ ထောင်ချီသေနိုင်တယ်ဆိုပြီး ဒီနည်းပညာကို ကန့်ကွက်ထားပါတယ်။

    ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကာဘွန်ထုတ်လွှတ်မှုကိုလျှော့ချရေးမှာ လေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေလို ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်တွေက အခုနောက်ပိုင်းမှာ ခေတ်စားလာခဲ့ပါတယ်။

    Ref: BBC

  • လျှပ်စစ်ဓာတ်အားပေးမည့် ကမ္ဘာ့အကြီးဆုံး ဘတ္တရီကို သြဇီတွင် တည်ဆောက်မည်

    လျှပ်စစ်ဓာတ်အားပေးမည့် ကမ္ဘာ့အကြီးဆုံး ဘတ္တရီကို သြဇီတွင် တည်ဆောက်မည်

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံက ပြည်နယ်တစ်ခုမှာ လိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်ကို ဖြည့်ဆည်းပေးဖို့အတွက် လျှပ်စစ်ကားတွေကို ထုတ်လုပ်နေတဲ့ Tesla ကုမ္ပဏီက ကမ္ဘာ့အကြီးဆုံး လစ်သီယန်အိုင်းယွန်းဘတ္တရီကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။

    ပြင်သစ် ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Neoen နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အဲဒီစီမံကိန်းကို ရက် ၁၀၀ အတွင်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး မပြီးဘူးဆိုရင် အခမဲ့ လုပ်ပေးသွားမယ်လို့ Tesla ပိုင်ရှင် အေလွန်မက်စ်က မနေ့မှာ ကတိပြုခဲ့ပါတယ်။

    “စွန့်စားမှုအချို့ရှိမှာ ကျိန်းသေပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ ကန့်သတ်မှုတစ်ခုအတွင်းမှာ လုပ်ပေးရမယ့် ကမ္ဘာ့ကြီးဆုံး ဘတ္တရီ ဖြစ်မှာမို့လိုပါ” လို့ မက်စ်က ဆိုပါတယ်။

    အခုဘတ္တရီဟာ ၁၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး ၃၀ မီဂါဝပ်ထုတ်လုပ်ပေးနိုင်မယ့် နောက်ထပ် ကမ္ဘာ့အကြီးဆုံး ဘတ္ထရီတစ်ခုကိုလည်း မက်စ်တို့က တည်ဆောက်ဖို့ ရှိနေပါတယ်။

    အခု ဆောက်သ်သြစတေးလျပြည်နယ်မှာ ဆောက်လုပ်မယ့် အဲဒီဘတ္တရီဟာ အရေးပေါ်အခြေအနေတွေမှာ ၂၄ နာရီ ဓာတ်အားပေးနိုင်မှာဖြစ်တယ်လို့ သြဇီအစိုးရက ပြောကြားခဲ့ပါတယ်။

    အဲဒီပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဓာတ်အားပြတ်တောက်မှုကို မကြာခဏ ကြုံတွေ့ခဲ့ရပြီး နိုင်ငံရဲ့ စွမ်းအင်ပေါ်လစီနဲ့ပတ်သက်လို့ နိုင်ငံရေးနယ်ပယ်မှာ ဝေဖန်မှုတွေ ဖြစ်ခဲ့ပါတယ်။

    Ref : BBC