News @ M-Media

Tag: RFA

  • ရခိုင်အရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို နိုင်ငံရေးပါတီ(၃)ခု ကန်ကွက်

    ရခိုင်အရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို နိုင်ငံရေးပါတီ(၃)ခု ကန်ကွက်

    စက်တင်ဘာ၊ ၄ ၊ ၂၀၁၂

    Source: RFA

    ကမန်အမျိုးသားတိုးတက်ရေးပါတီ ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက် တစ်ပါတီ ၊ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီတွေက ခေါင်းဆောင်တွေဟာ အခုလ (၆) ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သွားရောက်တွေ့ဆုံကြမယ်လို့ သိရပါတယ်။

    သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ထဲမှာ အဲဒိ အစ္စလာမ်ပါတီ တွေကခေါင်းဆောင် တွေ ပါဝင်မှုမရှိတဲ့အပေါ် သမ္မတထံ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကန့်ကွက်စာတင်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင်က ခေါ်ယူတွေ့ဆုံမှာ ဖြစ်တယ်လို့ ကမန်အမျိုးသား တိုးတက်ရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဝေက RFA ကို ဒီကနေ့ ပြောပါတယ်။

    စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခကို မဖြစ်စေဘဲ သမ္မတကချမှတ်ပေးထားတဲ့ အချက် (၈) ချက်အပေါ်မှာ အခြေခံပြီး အဖြစ်မှန်ကို လွတ်လပ်စွာ စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ဖို့ကို သာ မျှော်လင့်နေကြောင်း ဦးထွန်းထွန်းဝေက ပြောပါတယ်။

    ရခိုင်ပြည်နယ်မှာ လူများစု ရခိုင်တိုင်းရင်းသားတွေအပြင် ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စတဲ့ လူနည်းစုတိုင်းရင်းသားတွေလည်း နေထိုင်ကြပါတယ်။

  • ရိုဟင်ဂျာကိစ္စ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပြောကြားချက်

    ရိုဟင်ဂျာကိစ္စ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပြောကြားချက်

    သြဂုတ်၊ ၂၄၊ ၂၀၁၂

    RFA မြန်မာပိုင်း မှ ကူးယူဖော်ပြသည်။

    မူဆလင် ရိုဟင်ဂျာတွေအပေါ် မြန်မာ နိုင်ငံသားတွေရဲ့ သည်းခံနိုင်မှု အားနည်းခြင်းဟာ အမေရိကန် တချို့ရဲ့ မြန်မာနိုင်ငံအပေါ် အမြင်ကို တစုံတရာ ထိခိုက်မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချပေးဖို့ ကိစ္စကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell က ပြောလိုက်ပါတယ်။

    အမေရိကန် အခြေစိုက် Wall Street Journal နဲ့ တွေ့ဆုံ မေးမြန်းစဉ်မှာ Mr. Derek Mitchell က အခုလို ပြောလိုက်တာပါ။

    ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လျင်လျင်မြန်မြန် ဖြစ်လာတာ၊ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားတာကို အလွန်ပဲ အံ့သြမိကြောင်း၊ ဒါပေမယ့် ဒီကိစ္စဟာ မိမိတို့ရဲ့ ပိတ်ဆို့ အရေးယူမှု လျှော့ချပေးဖို့ ဆုံးဖြတ်ချက်ကိုတော့ သက်ရောက်မှု မရှိကြောင်း Mr. Derek Mitchell က ပြောပါတယ်။နိုင်ငံတကာ အနေနဲ့ အတိတ်ကာလက မြန်မာအစိုးရနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုသာ များသောအားဖြင့် အာရုံစိုက်ခဲ့ကြပေမယ့် အခု ရိုဟင်ဂျာ ကိစ္စမှာ ခွဲခြားဆက်ဆံမှု အတော်များများဟာ သာမန် ပြည်သူတွေရဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တယ်လို့ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

    တချို့ မြန်မာနိုင်ငံသားတွေဟာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာ နေထိုင်ပိုင်ခွင့် အခွင့်အရေးကို မေးခွန်း ထုတ်နေတာတွေတောင် ရှိနေတယ် လို့လည်း ဆိုပါတယ်။ အတွေးအခေါ်အရ တိုးတက်သူတွေလို့ သတ်မှတ် ခံထားရသူတွေ၊ နိုင်ငံသားတွေရဲ့ အခွင့်အရေး တောင်းဆို တိုက်ပွဲ ဝင်ခဲ့သူတွေ အပါအဝင် မြန်မာ နိုင်ငံသားတွေ ကြားမှာ သည်းခံနိုင်မှု အားနည်းတာတွေ၊ ခွဲခြား ဆက်ဆံတာတွေကို တွေ့လိုက်ရတဲ့အခါ မိမိအနေနဲ့ စိတ်မသက်မသာ ဖြစ်ရပါတယ်လို့လည်း အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

    ဒီလို အချက်တွေဟာ မိမိတို့နဲ့ သူတို့အကြားမှာ တစုံတရာ အတိုင်းအတာအထိ မတူတဲ့ အမြင်တွေ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်လို့ ပြောပါတယ်။

    တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ရခိုင် တိုင်းရင်းသားတွေ ခံစားနေရတဲ့ ဒုက္ခ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေဟာ ရိုဟင်ဂျာတွေကိုပဲ အသားပေး ကူညီနေတာတွေ အပေါ် ဒေသခံ ရခိုင်တွေရဲ့ ခံစားချက်တွေကိုလည်း မိမိတို့ ထပ်တူထပ်မျှ နားလည် ခံစားရပါတယ်လို့လည်း Mr. Derek Mitchell က ပြောပါတယ်။

  • ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး

    ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး

    သြဂုတ်၊၂၂၊၂၀၁၂

    RFA

    မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတွေက အမျိုးသမီးတွေကို အခု ရက်ပိုင်းအတွင်း ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

    ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က ကျောက်တော် မြို့နယ်တွင် ဘင်္ဂါလီ ရိုဟင်ဂျာနှင့် ရခိုင်တိုင်းရင်းသားအကြား ဖြစ်ပွားသော ပဋိပက္ခကြောင့် ကျေးရွာ မီးလောင်နေစဉ်။RFA

    ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာ တွေက ရွာခံတွေကို အာဏာပိုင်တွေက စစ်ဆေးနေရာမှာ အခုအချိန်အထိ ဖမ်းဆီးခံထားရသူ ၃၀ ကျော် ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

    အခုရက်ပိုင်းတွေအတွင်း ရွာခံအမျိုးသမီးတွေကိုပါ အာဏာပိုင်တွေက စစ်ဆေးနေတာ ဖြစ်တယ်လို့ ခေါ်ယူမေးမြန်းခံရပြီး နေအိမ်ကိုပြန်လည် ရောက်ရှိလာတဲ့ ရွှေလှိုင်ရွာသူ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

    ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ်ပေါင်း ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၀၀၀ ခန့် ဒုက္ခရောက်ခဲ့ရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာလည်း အခုအချိန်အထိ ပဋိပက္ခတွေကြောင့် လူဦးရေပေါင်း ခြောက်သောင်းကျော်လောက် ဒုက္ခသည်စခန်းတွေကို ခိုလှုံနေရဆဲ ဖြစ်ပါတယ်။

    ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေအတွက် အစိုးရက သီးခြားစခန်းတွေ ဆောက်လုပ်ကာ ပြောင်းရွှေ့ပေးနေတာ ရှိပေမယ့် မီးလောင်ခံခဲ့ရတဲ့ အိမ်ရာမြေတွေကိုတော့ ပြန်လည်ပေးအပ်ဖို့ လတ်တလော စီစဉ်ထားတာ မရှိသေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက RFA ကို ပြောပါတယ်။

  • မြန်မာအစိုးရ သဘောထား မလေးရှား ၀န်ကြီးချုပ်ဟောင်း အကောင်းမြင်

    မြန်မာအစိုးရ သဘောထား မလေးရှား ၀န်ကြီးချုပ်ဟောင်း အကောင်းမြင်

    သြဂုတ်၊ ၁၅ ၊ ၂၀၁၂

    RFA-မြန်မာပိုင်း

    ရိုဟင်ဂျာ မူဆလင်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့အညီ လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ ခေါင်းဆောင်တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သဘောထားအမြင်တွေကို နားထောင်လိုစိတ် ရှိပါတယ်လို့ မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က အကောင်းမြင်စကား ပြောကြားလိုက်ပါတယ်။

    မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်ကို ၂၀၀၈ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောဆိုနေစဉ် တွေ့ရပုံ။ Photo-UN

    ကွာလာလမ်ပူမြို့တော်မှာ မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ – လက်ရှိ မြန်မာခေါင်းဆောင်တွေဟာ အရင် ခေါင်းဆောင်တွေနဲ့ ရပ်တည်ချက် သဘောထားချင်း မတူညီဘူးဆိုတာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်က ပြသနေပါတယ်။

    ရိုဟင်ဂျာတွေကို လက်ခံရေး လုပ်ငန်းစဉ်ဟာ အချိန်အတန်ကြာ ယူရမှာဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို လက်ခံလာမှာပါလို့ မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောသွားခဲ့ပါတယ်။

  • နမ်ဘီယာမှ မြန်မာအစိုးရလုပ်ဆောင်ချက် ကို ကြေငြာချက်ထုတ်ပြီး ကြိုဆို

    နမ်ဘီယာမှ မြန်မာအစိုးရလုပ်ဆောင်ချက် ကို ကြေငြာချက်ထုတ်ပြီး ကြိုဆို

    သြဂုတ်၊ ၁၅ ရက်၊ ၂၀၁၂

    RFA မြန်မာပိုင်း

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ယာ) နှင့် အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာ (ဝဲ) တို့ကို အစည်းအဝေးတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: UN Photo/Eskinder Debebe)

    မြန်မာအစိုးရက တူရကီ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ လတ်တလောနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ လှုဒါန်းခွင့်ပြုခဲ့တာဟာ ပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခအခက်အခဲတွေကို သက်သာစေတဲ့အတွက် မြန်မာအစိုးရရဲ့အရေးပါတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲတစ်ဦးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu သွားရောက်ခဲ့တဲ့ မြန်မာပြည်ခရီးစဉ်ရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

    အဲဒီလို အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အထောက်အကူပြုရာ ကျပါလိမ့်မယ်လို့ Vijay Nambiar က ပြောဆိုလိုက်ပါတယ်။