News @ M-Media

Tag: Riot

  • အကြမ်းဖက် မီးရှို့ခံရသည့် ဥက္ကံမှ ဒုက္ခသည်များ နောက်ဆုံး အခြေအနေ

    မေလ ၃၊ ၂၀၁၃
    M-Media
    သုတ

    ဥက္ကံ ။ ။ ပြီးခဲ့သည့် ဧပြီလ ၃၀-ရက်နေ့က ဥက္ကံမြို့တွင် ဗလီ၊ အာရဗီစာသင်ကျောင်း၊ မွတ်စလင်မ်ဆိုင်ခန်းများ၊ အိမ်များ အကြမ်းဖက် ဖျက်ဆီးခံခဲ့ရမှုနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများကို ဥက္ကံမြို့ခံများထံ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

    “အခြေအနေကတော့ နည်းနည်းတည်ငြိမ်သွားပါပြီ။ ပြန်လည်ထူထောင်ရေးအခြေအနေအတွက် ဘယ်လိုရှိနေလဲဆိုတော့ ပြန်လည်ထူထောင်မှုတော့ မလုပ်နိုင်သေးဘူး။ ကူညီမှု တချို့တော့ လာတယ်။ မနေ့ကတော့ အိုလမာအဖွဲ့တွေကလာတယ်။ မီးရှို့ခံရလို့ ပြာဖြစ်သွားတဲ့ မွတ်စလင်မ်အိမ်တွေကို တာလပတ်(ပလပ်စတစ်မိုးကာ)တွေပေးသွားတယ်။ နောက်ထပ် တစ်ခြားတော့ ဘာမှ မထူးခြားသေးဘူး။ မွတ်စလင်မ်အဖွဲ့ တချို့ လာရောက် ကူညီသွားတာပဲရှိတယ်။ ပုဂ္ဂလိကလာရောက် ကူညီတာမျိုးတော့ မရှိဘူး။ တစ်ခြားတော့ မလာဘူး။ တစ်ခြားအဖွဲ့တွေ နာမည်တွေတော့ ကျွန်တော် မသိဘူးဗျ။ မနေ့က ကား ၄-၅-၆ စီးတော့ လာသွားတယ်။ တစ်ခြား တော့ ကျွန်တော်တို့ ဘာမှ ပြန်မလုပ်နိုင်သေးပါဘူး။ မြို့ပေါ်မှာလည်း တစ်ခြားတော့ ထူးထူးခြားခြား မရှိပါဘူး။ နည်းနည်းတည်ငြိမ်နေပြီလို့ပဲ ပြောရမှာပါ။”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    10

    ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN) ၏ သတင်းထုတ်ပြန်ချက်များအရ  ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ကယ်ဆယ် အကူညီပေးရေးကိစ္စရပ်များကို ကွင်းဆင်းဆောင်ရွက်ရာတွင် လက်ရှိ ဥက္ကံမြို့ အနီးတဝိုက်ရှိ ရွာ ၃ရွာဖြစ်သည့် ပနီပင် ရွာတွင် အိမ်ခြေ (၆လုံး) လူဦးရေ ၂၀ကျော်၊ ချောင်းသဲရွာတွင် အိမ်ခြေ (၁၆လုံး) လူဦးရေ ၉၀၊ ကျွဲပုန်းရွာတွင် အိမ်ခြေ (၄၉လုံး) လူဦးရေ ၂၃၅ဦး မီးရှို့ ဖျက်ဆီးခံခဲ့ရမှုများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၃၄၅ဦး စားသောက် နေထိုင်ရေးများ အခက်အခဲဖြစ်ပေါ်နေကြောင်း၊ PCN နှင့် အတူ ရွှေဝါရောင်သံဃာတော်များ ကွန်ရက်မှ လိုက်ပါ ခဲ့ပြီး အကူညီပေးရေး ကိစ္စရပ်များကို တိုက်ကြီး BD သွေးကူညီပေးရေးအဖွဲ့၊ ဂျိုးဖြူ ပရဟိတ အဖွဲ့ နှင့် တိုက်ကြီး NLD အဖွဲ့ဝင်များမှ အပြည့်အဝ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရှိရပါသည်။

    11
    အရှင်ပဏ္ဍဝံသ (ဦးပြည်ကျော်) ရွှေဝါရောင်သံဃာတော်များကွန်ရက်

    9

    PCN မှနေ၍ လက်ရှိ ဒုက္ခသည်များအတွက် သောက်ရေသန့်၊ စောင်၊ ခြင်ထောင်၊ အခင်း၊ အကာ တာပေါ်လင်၊ နို့မှုန့်၊ ကြာဇံခြောက်၊ ခေါက်ဆွဲခြောက်၊ မုန့်ခြောက်၊ မုန့်စို၊ အချိုရည် အမျိုးမျိုး၊ အိုး၊ခွက်၊ ပန်းကန်များ၊ အမျိုးသမီးအသုံးအဆောင်၊ ကျားဝတ်၊ မဝတ်၊ ကလေးဝတ် အဝတ်အထည်များ အစရှိသည်တို့ကို လက်ရောက် လှူဒါန်းခဲ့ကြောင်း၊ ကမ်းမြှောင်အုပ်စု၊ မီးလောင်စခန်းရွာတွင် လည်း အိမ်ခြေ ၁၀လုံးမီးရှို့ခံခဲ့ရပြီး၊ ၂၄လုံးဖျက်ဆီးခံခဲ့ရသည်။ ဂုံညင်းတန်း သကြားစက်တွင်လည်း အိမ်ခြေ (၇)လုံး စုစုပေါင်း လူဦးရေ ၁၉၆ဦး ဒုက္ခရောက်နေကြပြီး ၄င်းတို့အတွက် အရေးပေါ် လိုအပ်ချက်များမှာ- ရေ အဓိကဖြစ်ကြောင်း၊  အနီးရှိ ဗလီဝတ်ကျောင်းနှင့် စာသင်ကျောင်းမှ ရေတွင်းရေကန်များပါ ဖျက်ဆီးခံခဲ့ရသဖြင့်၊ PCN သည် တိုက်ကြီး BD သွေး အကူညီပေးရေး အဖွဲ့ အကူအညီဖြင့် ရေရရှိရေး အတွက် ရေတွင်းတုံကင် တပ်ဆင်ခဲ့ပြီး ရေရရှိ အသုံးပြုနိုင်ရေးအတွက် အရေးပေါ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပဋိပက္ခ စတင်ဖြစ်ပွားစဉ်က အမျိုးသမီးနှင့် တိုက်မိခဲ့သည့် အလံတိုင်ကျောင်းမှ ကိုရင်လေးထံ လူကိုယ်တိုင်တွေ့ဆုံ စကားပြောကြားဆွေးနွေးခဲ့ကြောင်း၊ ကိုရင်လေးနှင့် ကျောင်းမှလည်း အဆိုပါ ကိစ္စရပ်များဖြစ်ပေါ်မှုကို လိုလားခဲ့ခြင်းမရှိခဲ့၊ တိုက်မိသူနှင့်လည်း အဓိကပြသနာတက်ခဲ့ခြင်းမရှိဘဲ အဆိုပါ ကိစ္စကို အခွင့်ကောင်းယူ၍ လူစု၊ အကြမ်းဖက်၊ လုယက် မီးရှို့ခြင်းများကို ပြုလုပ်သူများက ကျူးလွန်ခဲ့ကြခြင်းဖြစ်သည် ဟု  လို့ PCN သတင်းထုတ်ပြချက်မှာ ဖော်ပြထားပါသည်။

    ကိုးကား- PCN သတင်းထုတ်ပြန်ချက်

  • ဆိုင်းတောင်တွင် မွတ်စလင်မ် အိမ်နှင့် ဆိုင်ခန်းများ ဖျက်ဆီးခံရ

    မေလ-၂၊ ၂၀၁၃
    M-Media
    သုတ

    Hpakant, Kachin
    ကချင်ပြည်နယ် ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ရှိသော မွတ်စလင်မ် အိမ်နှင့် ဆိုင်ခန်းများကို ယနေ့ညနေ ၅-နာရီခန့်က အကြမ်းဖက်သမားများမှ လာရောက် ဖျက်ဆီး သွားခဲ့ကြောင်း သတင်းရရှိသည်။

    မွတ်စလင်များ၏ အိမ်နှင့် ဆိုင်များ တွဲနေသည့် အိမ် ၃-အိမ်အတွင်း ၀င်ရောက်၍ ဆိုင်တွင်းရှိ ပစ္စည်းများကို ရိုက်ဖျက်ဆီးမှုကြောင့် ဆိုင်ခန်းများ၊ အိမ်များအတွင်းရှိ ပစ္စည်းများ ပျက်ဆီးသွားခဲ့ရသည်။ ယင်းကဲ့သို့ အကြမ်းဖက်ခံရမှုကို ဆိုင်းတောင်မြို့ခံမှ မြစ်ကြီးနားသို့ ဆက်သွယ်၍ သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆိုင်းတောင်နှင့် ဖုန်းအဆက်အသွယ် ပြတ်တောက်နေကြောင်း မြစ်ကြီးနားမြို့မှ သတင်းပေးပို့လာပါတယ်။

    ဤဆိုင်းတောင်ဗလီသည် ယမန်နှစ် ၂၀၁၂-ခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံနိုင်ငံအတွင်းရှိ ဗလီများကို ဖျက်ဆီးစဉ်က စတင်ဖျက်ဆီးခံရသော ဗလီလည်းဖြစ်သည်။

    ဆိုင်းတောင်တွင် မွတ်စလင်မ် အိမ်နှင့်ဆိုင်များ ဖျက်ဆီးခံရမှု နောက်ဆက်တွဲသတင်း

    ဆိုင်းတောင် ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် ယနေ့ ညနေ(၄)နာရီခန့်က ဖျက်ဆီးခံလိုက်ရသည့် မွတ်စလင်မ်အိမ်နှင့် ဆိုင်များဖျက်ဆီးခံရမှုအပေါ် ဆက်သွယ်မေးမြန်းမှုအား ဖျက်ဆီးခံရသည့် ဆိုင်ရှင်တစ်ဦးမှ ဖြေကြားထားတာ ဖြစ်ပါတယ်။

    “ဟုတ်ကဲ့ ဖြစ်သွားပုံကို ကျွန်မပြောပြမယ်။ အရင်တုန်းက ဘာမှ ရန်ငြိုးရန်စလည်း မရှိဘူး။ ဗြုန်းတိုင်းကြီး ထဖြစ်လာတာ။ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဒီနေ့ နေ့လည်ပိုင်းလောက်မှာ တစ်ယောက်ပြီးတစ်ယောက် ဆိုင်မပိတ်ဘူးလား၊ ဆိုင်မပိတ်ဘူးလား၊ ဒီလို ဒီလို ဗုဒ္ဓဘာသာဝင်တွေက လူအုပ်စုနေတယ်၊ ဓါးတွေလည်း ၀ယ်နေတယ် လို့ လာလာပြောကြတယ်။ အဲ့ဒီအချိန်က ကျမတို့လည်း ဘာမှ အစီအစဉ်မရှိသေးဘူးလေ။ ဘာမှလည်း ခေါင်းထဲမရှိဘူး။ ဘာမှ မဟုတ်ဘူးပဲ ထင်နေတာ။ ညနေ ၃-နာရီ ၄-နာရီလောက်ကျတော့ အစ်ကိုတစ်ယောက်က အပြင်ကပြန်လာပြီး ဆိုင်ပိတ်တော့ ပိတ်တော့ဆိုပြီး ပိတ်ခိုင်းတာ။ မြန်မြန်ပတ်လိုက်တာ ဆိုင်လည်းပိတ်ပြီး တံခါးလည်း ပိတ်လိုက်ရော လူ ၂၀-၃၀ လောက် တုတ်တွေ၊ ဓါးတွေ၊ ခဲတွေနဲ့ ရောက်လာတာ။ အဲဒါနဲ့ ကျမလည်း အပြင်ထွက်ပြီး ဘေးအိမ်မှာ နေနေလိုက်တာ။ အစ်ကိုအစ်မတွေ ယောင်းမတွေကတော့ အိမ်အနောက်ပေါက်နေ ထွက်သွားလိုက်တာ။ တူမလေးကတော့ သွေးသားနုနုဆိုတော့ အိမ်ရှေ့အိမ်ကို ခဏပို့ထားလိုက်တာ။ သူ့ကိုတော့ ပြဿနာ စမဖြစ်ခင်လေးကပဲ ပို့လိုက်တာ။ သွေးလန့်သွားမှာစိုးလို့။ အဲဒါဆိုင်ပိတ်ပြီး ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ။ အဲဒီအချိန်မှာပဲ တံခါးတွေကို ခဲတွေနဲ့ပေါက်တယ်၊ တုတ်တွေနဲ့ရိုက်တယ်။ ကြေမွနေအောင်ပေါက်ပစ်လိုက်တာ။ အဲလိုလည်း မိနစ် ၂၀-လောက် အဲလိုလည်းလုပ်ပြီးရော သူတို့ ထွက်သွားကြတယ်။ အဲဒါနဲ့ ကျမလည်း ကျမတူမလေး သွေးတက်နေမှာစိုးလို့ အိမ်ရှေ့အိမ်သွားလိုက်တယ်။ သွားပြီး ရပ်စကားပြောနေတုန်းပဲရှိသေးတယ် နောက်ထပ် လူ ၅-ယောက်လောက် ဆိုင်ကယ် ၂-စီးနဲ့ ပြန်ရောက်လာတယ်။ တစ်ယောက်က ဓါးပါတယ်။ ဓါးရှည်ကြီးပါတယ်။ တုတ်တွေပါတယ်၊ နောက် ၂-ယောက်လောက်က ခဲတွေပါတယ်။ ပထမအဖွဲ့လုပ်သွားတုန်းက အိမ်တံခါး မပွင့်ဘူး၊ မှန်တွေပဲ ကွဲသွားတာ။ ပထမလူအုပ်က ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ မိနစ် ၂၀-လောက် လုပ်သွားကြတာ။

    နောက် မိနစ် ၂၀-လောက်ကြာတဲ့အခါ နောက် ၅-ယောက်လာတဲ့အချိန်မှာကျတော့ တံခါးကို အတင်းဆွဲဖွင့်တယ်၊ တံခါးတွေကို ဖျက်တယ်။ တံခါးကိုဖျက်ပြီးတော့ ပစ္စည်းတွေကို အကုန်ဆွဲထုတ်တယ်။ တစ်ယောက်က ဓါးနဲ့ လမ်းလျှောက်နေတယ် အရှေ့မှာ။ သူတို့က ပစ္စည်းတွေ အကုန်ဆွဲထုတ်ပြီးတော့ နောက်ထပ် လူတွေ ရောက်ရောက်လာတယ် ဆိုင်ကယ်တွေနဲ့။ ဘယ်သူမှန်း ဘယ်ဝါမှန်းတော့ မသိဘူး။ သူတို့တွေက ပစ္စည်းတွေကို ထုတ်လာလိုက် အင်ဂျင်ဝိုင်ပုလင်းတွေထုတ်လာလိုက် မ-သွားလိုက်၊ အမျိုးသမီး အလှပြင်ပစ္စည်းတွေ ထုတ်လာလိုက် မ-သွားလိုက်နဲ့။ အိမ်နဲ့ဝင်ပြီးမှ တကယ့် အနုကြမ်းစီးသလိုပဲ။ အဲလိုလုပ်နေတာ နာရီဝက်လောက်ကြာသွားတယ်။ ပစ္စည်းတော်တော်များများ ပါသွားတယ်။ ခဏနေတော့ ရဲကားရောက်လာတယ်။ ရဲက အဲဒီယူသွားတဲ့လူတွေကိုလိုက်တယ်။ ပစ္စည်းယူသွားတဲ့ ၂-ယောက်ကို ရဲက မိလိုက်တယ်၊ ကျန်တဲ့သူတွေက ထွက်ပြေးသွားတယ်။ အဲဒီ ဖမ်းမိတဲ့ ၂-ယောက်က ဖျက်တဲ့ ၂-ယောက်မဟုတ်ဘူး။ သူတို့က လမ်းသွားရင်းနဲ့ သူများတွေ ပစ္စည်းယူနေတာတွေ့လို့ သူတို့က ၀င်လိုက်ယူတာ။ ကျန်တဲ့လူတွေက လူလည်တွေဆိုတော့ပြေးတာ။ မိသွားတဲ့ ၂-ယောက်က လုပ်တဲ့သူတွေ မဟုတ်ဘူး။

    ရဲတွေက အချိန် ၁-နာရီခွဲလောက် အရှေ့မှာ ရပ်နေတယ်။ သူတို့က စစ်ချက်တွေယူတယ်။ ၁၀-မိနစ် ၁၅-မိနစ်လောက်နေတော့ ဘုန်းကြီးကား ၃-စီးလောက်လာတယ်။ ဘုန်းကြီးတွေနဲ့ ရဲတွေ ၁၀-မိနစ်လောက် စကားပြောပြီးတော့မှ ဘုန်းကြီးတွေ ပြန်သွားတယ်။

    အခုလောလောဆယ်တော့ ကျမတို့အိမ်ပါတယ်။ ဟုတ်ပါတယ် ၃-အိမ်ပါ။ ကမ္ဘာကျော်ရယ်၊ မလိခရယ်၊ ၀င်းမေတ္တာရယ် အဲဒီ ၃-ဆိုင် ဖျက်ဆီးခံလိုက်ရတယ်။ ဟုတ်ပါတယ် အိမ်နဲ့တွဲလျက်ရှိတာပါ။

    လူအသေအပျောက် ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး။ ဟုတ်ကဲ့ သူတို့လုပ်လို့တော့ ဒဏ်ရာမရပါဘူး။ လူတွေက တတ်နိုင်သလောက်ပြေးလွှားရတော့ တစ်ခြားအရာတွေနဲ့ ထိခိုက်မိလို့ ပွန်းပဲ့ဒဏ်ရာရတာတော့ရှိတယ်။ သူတို့က လူကိုတွေ့ရင်တော့ လုပ်မယ့်အနေအထားရှိတယ်။ အခုက လူကို မတွေ့လို့လေ။ သတ်မယ် သတ်မယ်၊ ခေါင်းဖြတ်မယ်၊ သတ်မယ် ဆိုပြီး အော်နေကြတာလေ။ တံခါးတွေကို ရိုက်နေရင်းနဲ့ ရိုက် ရိုက် ရိုက် ဆိုပြီးအော်နေကြတာ။ ကျမတို့ကတော့ လွတ်အောင် ရှောင်လိုက်တာပါ။ လူရှိရင်တော့ သူတို့ လုပ်မှာပါ။

    ဗလီကိုတော့မဖျက်ပါဘူး။ ဗလီကတော့ မနှစ်ကတည်းက ပါသွားပြီးသား။ ဗလီ မရှိတော့ဘူး။ အခုပြောတဲ့ ဗလီဆိုတာက ဂျမအသ်ခါနာ(၀တ်ပြုဆောင်)လည်းမက ဗလီလည်း မကျပါဘူး။ ဆိုင်းတောင်က လူတွေကတော့ ဟိုးအရင်ကတည်းက အဲဒါကို ဗလီလို့ခေါ်ကြတာပါ။

    အခုဖြစ်တဲ့အပေါ်မှာ တာဝန်ရှိသူတွေက ဘာပြောလဲဆိုတော့ သူတို့ တစ်ညလုံးစောင့်ပေးမယ်။ စိတ်မပူနဲ့ ဆိုတဲ့အကြောင်းပြောတယ်။ ရ.ယ.က ကို သူတို့ပြောနေသံကိုကြားတယ်။ ရဲမှူးက မှာနေတယ်။ ရယကကို ခင်ဗျားတို့ ကြက်ခြေနီတို့ ဘာတို့ရော ဒီတစ်ညတော့ မအိပ်နဲ့ ဒုက္ခခံပြီး စောင့်ပါလို့ မှာနေတယ်။ လူချထားလား မချထားလားတော့ ကျမလည်း ထွက်မကြည့်ရဲဘူး။ အခု ကျမလည်း အိမ်မှာ မအိပ်ရဲဘူး။ တစ်ခြားအိမ်မှာ အိပ်နေတာ။” ဆိုင်းတောင်မှ ဒေသခံမှ M-Media သို့ အကြမ်းဖက်ဖျက်ဆီးခံရမှု အခြေအနေကို ပြောပြချက်ဖြစ်တယ်။

  • ဥက္ကံအကြမ်းဖက်မှု အုပ်ချုပ်ရေးမှူး ဦးဆောင်ခဲ့၊ အပြင်ကလူတွေနဲ့ ဒေသခံတွေ စနစ်တကျ တိုက်ခိုက်

    မေ-၁-၂၀၁၃
    Kamayut Media

    1
    အကြမ်းဖက် တိုက်ခိုက် မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကလေးငယ်များ Photo AP

    ဥက္ကံမြို့မှာ ဘာသာရေးလူမျိုးရေး အကြမ်းဖက်သမားတွေရဲ့ လုပ်ဆောင်ပုံနဲ့ ဖြစ်စဉ်တွေဟာ မိတ္ထီလာမှာ အကြမ်းဖက်မှုစတင်ခဲ့တဲ့ မတ်လ ၂ဝရက်နေ့က ဖြစ်စဉ်တွေနဲ့ တူညီနေပြီး ဥက္ကံ အနီးတဝိုက်က ကျေးရွာတွေကို မီးတင်ရှို့မှုမှာ ခြောက်တဲရွာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဦးဆောင်ပါဝင်တာဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီလို့ ကမာရွတ်သတင်းထောက်က ဒေသခံတွေ၊ တာဝန်ရှိသူတွေကို မေးမြန်းထားချက်ကို အခြေခံပြီး ပြောဆိုခဲ့ပါတယ်။

    ကျေးရွာ ၄ရွာက အိမ်ခြေ ၃ဝဝကျော်လောက် ဧပြီ ၃ဝရက်နေ့ညနေမှာ မီးတင်ရှို့ခံခဲ့ရတာဖြစ်ပြီး ကနဦး အကြမ်းဖက် မီးရှို့မှုတွေကို ဒေသခံတွေက လုပ်ဆောင်တာဖြစ်ပြီး နောက်ပိုင်း ပြင်ပက ဝင်ရောက်လာတဲ့ လူစိမ်းတွေက အကြမ်းဖက်မှုတွေကို စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးရွာတွေကို ဝင်ရောက် အကြမ်းဖက်မှုကြောင့် အနည်းဆုံး လူ ၁ဝဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုကို ခိုင်မာတဲ့ အတည်ပြုချက်တွေ မရရှိသေးပါဘူး။
    ဥက္ကံမြို့ပေါ်က မတော်မဆမှုဖြစ်စဉ် ပြီးဆုံးသွားပြီးနောက်ပိုင်းမှ အကြမ်းဖက်မှုကို ဦးဆောင်တဲ့ လူအုပ်ကြီးဟာ ပြင်ပကလူတွေပါဝင်နေပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ပုံစံရှိပြီး စနစ်ကျနတဲ့အကြောင်း မျက်မြင်တွေ့ရှိချက်နဲ့ မှတ်တမ်းတွေကိုကိုးကားပြီး သတင်းထောက်က ပြောဆိုခဲ့ပါတယ်။

    ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အဓိကရုဏ်းကျယ်ပြန့်လာမှာကို တားဆီးဖို့အတွက် အကြမ်းဖက်မှုကျူးလွန်သူတွေကို မှတ်တမ်းတွေနဲ့တကွ ဖမ်းဆီးမှုတွေပြုလုပ်နေပြီး လတ်တလောမှာ အခြေအနေတွေကို ယာယီ ထိန်းချုပ်ထားနိုင်တယ်ဆိုပေမယ့် ရဲနဲ့စစ်တပ် ထိန်းချုပ်မှုကင်းမဲ့တဲ့၊ သွားရေးလာရေး ခက်ခဲတဲ့ ကျေးရွာတွေမှာ နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်ပွားဖို့ အလားအလာတွေရှိနေနိုင်တယ်လို့ ဆိုပါတယ်။

    ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ဟာ မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်တွေလိုပဲ ဖုန်းတွေနဲ့ ညွှန်ကြားပြီး လမ်းပြတာ၊ ရွာ ၄ရွာကို မီးတင်ရှို့ပြီးမှ မြို့ပေါ်ပြန်အထွက် ချောင်းကူး တံတားတွေကို စနစ်တကျ ဖျက်စီးခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ မလုပ်နိုင်သလို အိမ်ခြေတွေ မီးလောင်ပျက်စီးသွားတာမို့ အသက်မသေဘဲ ကျန်ရစ်သူ ရွာသားတွေဟာ ချောင်းနံဘေးမှာ ညလုံးပေါက် နေထိုင်ခဲ့ရပါတယ်။

  • မေလ ၃ ရက်နေ့တွင် တကျော့ပြန် အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ရန် ဇီးကုန်းမြို့တွင် လှုံ့ဆော်မှုများပြုလုပ်နေ

    မေလ  ၁၊ ၂၀၁၃
    M-Medai
    သတင်း – ဆုံမှတ်

    12
    မတ်လ ၂၆ နှင့် ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်သမားများ ဖျက်ဆီးမှုကြောင့် ဇီးကုန်းဂျာမေဗလီနှင့် ဆိုင်ခန်းများရဲ့ အပျက်အဆီးများပုံဖြစ်ပါတယ်။

    ဇီးကုန်း။    ။    “ ဒို့ဗမာအစည်းအရုံး သီချင်းအား ရက်(စ်)ပါ သီချင်းဖြင့် လိုက်လံနှိုးဆော်နေပါတယ်။ အခု မေလ ၂ရက်နေ့မှာ ဘုန်းတော်ကြီးများ စာမေးပွဲ ရှိတာကို အခွင့်ကောင်း ယူပြီး လှုံဆော်နေတာပါ၊ သရက်တပင် အုပ်စု အုတ်ဖိုစု ကျောင်းမှ ဦးဥတ္တမ ရဲ့တပည့်ဖြစ်သူ သံဝရ ဆိုသူ ကိုယ်တော်မှ မေလ (၃)ရက်နေ့တွင် အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ကြရန် အခြား ဘုန်းကြီးကျောင်းများကို နှိုးဆော်နေပါတယ်၊ ဇီးကုန်းမြို့နေ မွတ်စလင်များမှာ အိမ်ပိတ်၊ ဆိုင်ပိတ်၊ ပစ္စည်းများသိမ်းပြီး ရွှေ့ပြောင်းနေရပါတယ်၊ ဘုန်းကြီးတွေ ပါလာသည်ကို ပို၍ စိုးရိမ်နေကြပါတယ်၊ လက်ရှိ တာဝန်ကျနေသူ ဗိုလ်မှူးကြီး ရဲသွေးအောင်မှ မြို့မှ ယုံကြည်ရသူများနှင့် အကောင်းဆုံး ဖြေရှင်းသွားမည်ဟု ကတိပေးထားသော်လည်း ပြီးခဲ့သည့် မတ်လက အကြမ်းဖက်ခံရသည့် အချိန်ကလဲ ယခုလို ကတိပေးရင်း အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသဖြင့်  ဒေသခံများမှာ မယုံကြည်ကြတော့ပါ ” ဟု M-Media သို့ပြောသည်။

    မတ်လ အတွင်း အကြမ်းဖက် ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည့် ဇီးကုန်းမြို့၏ မြို့နယ် အုပ်ချုပ်ရေးမှူး မှာ ရခိုင်လူမျိုး ဦးကျော်မြင့်လှိုင် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် အရေးအခင်း ကာလက ၎င်းဦးကျော်မြင့်လှိုင်၏ လှုပ်ရှားမူနှင့် ပတ်သက်၍ – “ ၂၆ရက်နေ့နဲ့ ၂၇ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု့မှာ သူက အစ္စလာမ်ဘာသာဝင်တွေ အိမ်ကို ဖျက်နေတဲ့ အကြမ်းဖက်သူတွေကို “မင်းတို့ ဖြေးဖြေးတာ ဖျက်ကြ ၊ စိတ်အေးလက်အေး သာဖျက်ကြ၊ လူမသတ်နဲ့၊ မီးမရှိ့နဲ့”လို့ သူကိုယ်တိုင် အော်ပြောတာကို ကျွန်တော်ကိုယ်တိုင် နားနဲ့ ဆက်ဆက်ကြားပြီး မြင်ပါတယ်” ဟု  ဒေသခံ ဗုဒ္ဓဘာသာဝင် တစ်ဦးမှ M-Media သို့ပြောသည်။

    အဆိုပါ ဇီးကုန်းမြို့မှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်မှာ တစ်ဖက်က ရခိုင်ပဋိပက္ခနှင့် စပ်ဆက်သည့်  စာရွက် စာတမ်းများအား ဝေခြင်း၊ ၉၆၉ အဖွဲ့နှင့် ပေါင်းခြင်း ဖြင့် လှုပ်ရှားနေသူ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

    ပဲခူးတိုင်း၊ ဇီးကုန်းမြို့သည် ၀န်ကြီး ဦးဥာဏ်ဝင်း၊ ဒုတိယ သမ္နတ ဦးဥာဏ်ထွန်း တို့နေထိုင်ရာ မြို့ဖြစ်ကြောင်း သိရသည်။

    မတ်လတွင်း အကြမ်းဖက်သမားများကြောင့် ဇီးကုန်းမြို့နယ် ဖျက်ဆီးခံရမှု့ မှတ်တမ်းနှင့် ပျက်ဆီးဆုံးရှုံးမှု စာရင်းအချို့
    http://www.m-mediagroup.com/news/12814

  • ပနီပင်ရွာအား ယနေ့ ၁၁-နာရီတွင် ထပ်မံအကြမ်းဖက်မည်ဟု သတင်းများထွက်ပေါ်နေ

    ပနီပင်ရွာအား ယနေ့ ၁၁-နာရီတွင် ထပ်မံအကြမ်းဖက်မည်ဟု သတင်းများထွက်ပေါ်နေ

    မေ-၁ -၂၀၁၃
    M-Meida
    ထွန်းတောက်

    ယမန့်နေ့ညက ဥက္ကံမြို့ ဝန်းကျင်မှ မွတ်စလင်မ် အများစုနေထိုင်ရာ ရွာ(၄) ရွာအကြမ်းဖက်မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ အဆိုပါရွာ(၄) ရွာမှ ပနီပင်ရွာအား ယနေ့ ၁၁ နာရီမှာ ထပ်မံအကြမ်းဖက် မီးရှို့ဖျက်ဆီးမည့်ဟုသတင်းများ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။ အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး ဥက္ကံမြို့ ပနီပင်ရွာမှ ဒေသခံတစ်ဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ကျွန်တော် ဥက္ကံကို အခုမနက်ပဲ ပြန်ရောက်တယ်။ ညက ပနီပင်မှာရှိနေပါတယ်။ ဥက္ကံမှာတော့ တစ်ခုမှ ရစရာမရှိတော့ဘူး။ ဒီနေ့ ၁၁-နာရီကို ပနီပင်ကို ပြန်ဝင်မယ်လို့ ကြားနေတယ်။  အနောက်က ရွာတွေမှာ လူတွေစုနေတယ်တဲ့။ မနေ့တုန်းက ကိုရင်ကို တိုက်မိတဲ့ အမျိုးသမီးက ပနီပင်ကရွာက။ အဲဒါကို လုံးဝ မကျေနပ်ကြဘူး။ မနေ့က မီးရှို့တာလည်း သာမန်အိမ်တွေပဲပါသွားတာလေ။ သူတို့စာရင်းယူထားတဲ့ အိမ်တွေကဘာမှ မဖြစ်သေးဘူး။ မီးမလောင်ဘူး။ မီးမလောင်သေးတဲ့အပေါ်မှာ သူတို့မကျေနပ်ကြဘူး။ မနေ့က ပနီပင်က လူငယ်တွေကလည်း ပြန်ပြီးခုခံကြတယ်လေ။ အဲဒီအပေါ်မှာ သူတို့ လုံးဝမကျေနပ်ပဲ ဒီနေ့ထပ်ဖျက်မယ်ဆိုပြီး လူစုနေတယ်။ လူငယ်တွေ ပြန်ခုခံတယ်ဆိုတာက အကြမ်းဖက်သမားတွေက မီးကွင်းပစ်တယ်။ အဲလို မီးကွင်းပြစ်တဲ့အခါမှာ လူငယ်တွေက ၀ိုင်းပြီးလိုက်တာ။ မီးလောင်တဲ့အိမ်တွေကို အလျင်မီအောင် ရေတွေဖြန်းတယ်။ ဒါပေမယ့် အကြမ်းဖက် သမားတွေက ရေတိုင်ကီ၊ ကျောက်စည်တွေကိုလည်း ဖောက်ပစ်ကြတယ်။ ဒီဘက်က လူငယ်တွေ အင်အားကြောင့် အကြမ်းဖက်သမားတွေ ထွက်ပြေးသွားရတာ။ သူတို့မှာ စာရင်းရှိထားတဲ့ main အိမ်တွေကို မလုပ်လိုက်ရဘူး။ အဲဒီ အိမ်တွေကို လုပ်ဖို့ ပြန်ဝင်မယ်ပြောတယ်။”

    “မနေ့ညက ၂-နာရီခွဲလောက်မှာ ပနီပင်ကို စစ်သားတွေလာတယ်။ စစ်ကားတစ်စီးလာတယ်။ ဆိုင်ကယ် ၂-စီး  ရဲတွေလာတယ်။ လာပြီးတော့ ဟိုဟိုဒီဒီကြည့်ပြီး မိုးမလင်းခင် ဘယ်အချိန်ပြန်သွားလိုက်လဲတော့ မသိဘူး။ ကျွန်တော်တို့လည်း ချောင်းကမ်းစပ်ဘေးနားမှာ သွားထိုင်နေကြရတာ။ အခုမနက်လည်း ရဲကားတွေရှိတယ်။ ရွာကတစ်ခြား သူတို့စောင့်နေတာက တစ်ခြားပဲ။ သူတို့ ထိုင်စောင့်နေတာက ၄-၅-၆ ယောက်၊ ဟိုကလာမယ့်လူက ၃၀၀-၄၀၀ ၀န်းကျင်လာတာ။ အဲဒီပုံနဲ့ ဘယ်လိုလုပ်သွားပြီး နှိမ်နင်းလို့ရမလဲ၊ ဘယ်လိုလုပ်သွားပြီး တားဆီးလို့ရမလဲ။ သူတို့တွေက အားလုံး ဖျက်ဆီးပြီးသွားပြီဆို ရောက်လာပြီး စာရင်းလေးလာကောက်ကြတယ်။ မနေ့ကလည်း ဖြစ်မယ်ဆိုတာ ကြားလို့ သတင်းပေးပါတယ်။ ပနီပင်ကိုဖျက်မယ်လို့ပြောနေကြတယ်။ လူအုပ်စုက ၂၀၀-လောက်ရှိတယ်ဆိုတာ သတင်းပေးတယ်။ မယုံရင် ကျွန်တော်တို့လိုက်ပြမယ်ပြောတော့။ ‘ဟာ ငါတို့လိုက်လို့မရဘူးကွာ၊ ငါတို့လူအင်အားနဲ့မနိုင်ဘူးတဲ့’ ဒါပေမယ့်လုံခြုံရေးက ၁၀-ယောက်လောက်ပဲဆိုတော့ အကြမ်းဖက် လူအုပ်စုကြီးကို ဘယ်လိုထိန်းသိမ်းနိုင်မလဲဗျာ။ ပြီးတော့ သေနတ်သာကိုင်ထားတယ်။ သေနတ်က မြေအောက်စိုက်ထားတယ်။ ပြီးရင် အကြမ်းဖက်ခံနေရတာ ကျွန်တော်တို့ မွတ်စလင်မ်တွေပဲဖြစ်နေတယ်။”

    “ဟိုးအရင် မင်းလှတို့ အုတ်ဖိုတို့ လုပ်တုန်းက ဥက္ကံကိုလည်း လုပ်မယ် လုပ်မယ်ဆိုတုန်းက ဒီမှာ စစ်ကားတွေချလိုက်သေးတယ်။ အခု တကယ်လည်းဖြစ်ရော ချက်ချင်းလက်ငင်းဖြစ်တာမဟုတ်ဘူး။ မနက် ၈-နာရီလောက်ကဖြစ်သွားတဲ့ကိစ္စကနေ ၁၂-နာရီလောက်မှာ ကားလမ်းတွေပေါ်မှာ ချက်ချင်းလူတွေပြည့်သွားတယ်။ မိန်းမ ယောက်ျားအကုန်လုံးပဲ။ ၁-နာရီလောက်မှာတော့ စတော့တာပဲဗျာ။”

    “အခုလည်း ဒီနေ့ ၁၁-နာရီ ပနီပင်ကို ထပ်ဝင်ပြီး ဖျက်မယ်လို့ကြားနေရတယ်။ အဲဒါအတွက် ကျွန်တော်တို့အားလုံး စိုးရိမ်ပူပန်နေပါတယ်။ “လို့ M-Media ကို ဆက်သွယ် ပြောပြလာပါတယ်။