News @ M-Media

Tag: Rohingya Muslim woman

  • မြန်မာမွတ်စလင် ဒုက္ခသည် အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်တွေ ခန်းခြောက်ကုန်ပြီ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media
    ဘာသာပြန်ဆိုသူ- O’Laie Manzu

    Refugee-in-Myanmar

    ရန်ကုန်မြို့မှာကျင်းပပြုလုပ်တဲ့ ညီလာခံတစ်ရပ်ကို မြန်မာနိုင်ငံအနှံ့က အမျိုးသမီးတွေ တက်ရောက်ကြပြီး မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရာမှာ ပါဝင်ကြတဲ့ သူတို့ရဲ့အခန်းကဏ္ဍတွေ၊ ပိုမိုကောင်းမွန်တဲ့အနာဂါတ်ဆီကို သူတို့တွေးမြင် ပုံဖော်ကြတာတွေကို စိတ်ဓါတ် ခိုင်မာစွာနဲ့ပြောဆိုခဲ့ကြပါတယ်။

    အဲဒီညီလာခံကျင်းပတဲ့နေရာနဲ့ မိုင်းအနည်းငယ်ဝေးတဲ့ ရခိုင်ပြည်မှာ လူမျိုးရေးဘာသာရေး အကြမ်းဖက်မှုတွေကြောင့် ကျေးရွာတွေကို စွန့်ပြီး ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ အမျိုးသမီးတွေ အဖို့ကတော့ သေခြာရေရာမှုမရှိတဲ့ အနာဂါတ်အတွက်၊ သူတို့ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရပါတယ်။ သူတို့ရဲ့အခြေအနေဟာ အလွန်အမင်း ခက်ထန်လွန်းလို့ ယူအန် အရာရှိတွေကတော့ကတောင် “လိုဏ်ဂူကြီးရဲ့အဆုံးမှာ အလင်းရောင်လေး မတွေ့ရ ရုံတင်မကဘူး၊ လိုဏ်ဂူတောင်မှမရှိတော့ဘူး။” လို့ ပြောဆိုနေပါတယ်။

    အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသားတစ်ဦးပါတဲ့ ကျမတို့ လူတစ်စုကတော့ ကမ္ဘောဒီးယား တက္ကသိုလ်နဲ့ USAID က စီစဉ်ပေးတဲ့ နှစ်ရက်တာ ညီလာခံတစ်ရပ်ကို တက်ဖို့နဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးတွေဆီကို သွားရောက်လည်ပတ်ဖို့ သွားရောက်ခဲ့ကြတာပါ။ ကျမတို့တွေကတော့ ဒီမိုကရေစီအသွင် ကူးပြောင်းမှုအတွင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်ပါတ်သက်မှုကို စမ်းစစ်လေ့လာဖို့အတွက် ရောက်ရှိခဲ့တဲ့ Women’s Refugee Commission က ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ ဒီခရီးစဉ်လေးဟာ ကွဲပြားခြားနားနေမှုတွေကို အထင်းသားကြီးတွေ့စေနိုင်တဲ့ ခရီးစဉ်လေးတစ်ခုပါဘဲ။

    မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ တိုက်ပွဲဖြစ်နေတာတွေရှိ သလို နှစ်ပေါင်း ခြောက်ဆယ်လောက် ပြည်တွင်း စစ်ဖြစ်နေတဲ့ နိုင်ငံလည်းဖြစ်တဲ့ အတွက် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေးနဲ့ ပဋိပက္ခ တားမြစ်ရေး စတဲ့ခေါင်းစဉ်တွေကိုဆွေးနွေးကြဖို့ အတွက် ရန်ကုန်မြို့မှာ အမျိုးသမီး ၃၀၀ လောက် စုဝေးခဲ့ကြပါတယ်။ အမေရိကန်သံအမတ် Derek Mitchell က မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေအတူတကွ စုပေါင်းလုပ်ကိုင်ကြဖို့ လိုကြောင်း၊ ဘာသာရေး-လူမျိုးရေး နယ်စည်းခြားနေတာတွေကို ထိုးခွင်းဖို့အတွက် ကျယ်ပြန့်တဲ့ ကွန်ရက်ကြီး တည်ဆောက်ကြဖို့ လိုကြောင်း အကျယ်တဝင့်ပြောဆိုခဲ့ပါတယ်။

    ရွှေရောင်တဝန်းဝန်း ထွန်းလင်းတောက်ပနေတဲ့ ရွှေတိဂုံစေတီကြီးနဲ့ ဗုဒ္ဓဘာသာရဲ့ အရောင်တလင်းလင်းထင်ဟပ်နဲ့ ရန်ကုန်မြို့ကို ကျောခိုင်းပြီး ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေဆီရောက်တော့မှဘဲ ဒီနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မျက်ဝါး ထင်ထင်တွေ့မြင်ရပါတော့တယ်။

    မတူခြားနားတဲ့ လက်တွေ့ပုံရိပ်

    အရင်နှစ်တုန်းက အိမ်နီးချင်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြရတဲ့ မွတ်စလင် တစ်သိန်းလေးသောင်း အတွက် ယိုယိုယဲ့ယဲ့ ဝါးခြမ်း တဲကုပ်လေးတွေကို ဧပြီလလောက် ကမှ လေဟာပြင်ကြီးပေါ်မှာ ဆောက်ထားပေးပါတယ်။ အဲဒီမှာ ရိုဟင်ဂျာ အမျိုးသမီး ကိုးယောက်နဲ့တွေ့ခဲ့တယ်။ သူတို့ရဲ့ဓလေ့ထုံးစံ အတိုင်း ဖိနပ်တွေကို တံခါးဝမှာချွတ်ပြီး ကြမ်းပြင်ပေါ်မှာ အတူတကွထိုင်ခဲ့ကြတယ်။ သူတို့အိမ်ကနေ ထွက်ပြေးလာခဲ့တဲ့အကြောင်း၊ အိမ်တွေ မီးလောင်သွားတဲ့အကြောင်း၊ လူတွေ ထွက်ပြေးကြရင်း ရေနှစ်သေဆုံးကြရတဲ့ အကြောင်းတွေ ပြောပြကြပါတယ်။ အမျိုးသမီးတစ်ယောက်ဆိုရင် လူတစ်ရာလောက်ရှိတဲ့ အုပ်စုထဲက သူမအပါအဝင် သုံးယောက်တည်းသာ အသက်ရှင်ကျန်ခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီအမျိုးသမီးကတော့ ကျမတို့ လည်ပတ်ခဲ့တဲ့ အချိန်တလျှောက်လုံးမှာ နှုတ်ဆိတ်နေပြီး ခပ်လှမ်းလှမ်းကိုဘဲ ငေးကြည့်နေတယ်။

    မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အစဉ်တစိုက်အသွင်ကူးပြောင်းလာပေမယ့် ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြားက တင်းမာမူကတော့ ရှိနေပါတယ်။ မွတ်စလင်တွေကို ခွဲခြားဆက်ဆံနေတာတွေ၊ အကြမ်းဖက်နေတာတွေကို ခိုင်ခိုင်မာမာ မပြောရကောင်းလား ဆိုပြီး ငြိမ်းချမ်းရေး နိုဘလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဒုက္ခသည် စခန်းတွေမှ ကူညီစောင့်ရှောက်ရေး လုပ်သားတွေက စိတ်ပျက်နေကြပါပြီ။ ဒေါ်စုဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဖြစ်ဖို့ မျော်မှန်းထားပြီး ဒီကိစ္စကြောင့် ဗုဒ္ဓဘာသာဝင် လူများစုငြိုငြင်သွားကြမှာကို မလိုလားဘူးလို့ အများက ထင်ကြေးထုတ်နေကြပါတယ်။

    ရိုဟင်ဂျာ အများသမီးတွေကတော့ သူတို့ ဘဝခက်ထန်မှုတွေအကြောင်း ပြောပြပါတယ်။ တစ်အိမ်တည်းမှာ မိသားစု အများကြီး စုပေါင်းနေကြရတာတွေ၊ တခါတရံ အခန်း တစ်ခုတည်းမှာ လူ ရှစ်ယောက်လောက် စုနေကြရတာတွေ လည်း ရှိတယ်လို့ပြောပြပါတယ်။ ညအမှောင် အတွင်းမှာ အပေါ့အလေး သွားဖို့တောင် အန္တရာယ်မကင်းသလို ခံစားရတယ်လို့ ပြောကြတယ်။ ဒုက္ခသည် စခန်းထဲက ကောင်စီအဖွဲ့မှာတောင် အမျိုးသမီးတွေ မပါတဲ့အတွက် စခန်းထဲက အရေးကိစ္စမှာလည်း အမျိုးသမီးတွေပြောရေးဆိုခွင့် မရှိဘူးလို့လည်း ပြောပါတယ်။ ကလေး အများစု အတွက်လည်း ကျောင်းတွေ မရှိပါဘူး။ ကလေး တချို့ကတော့ နေပူကျဲထဲမှာ ကိုယ်လုံးတီးတွေနဲ့ ပြေးလွှား ကစားနေကြတယ်။

    သြဂုတ်လလောက်မှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းက ဆေးခန်းတစ်ခုဖွင့်ပေးပါတယ်။ ဒီဆေးခန်းလေးကြောင့် အဲဒီက လူတွေ တစ်နှစ် အတွင်းမှာ ပထမဆုံးအကြိမ် ဆေးကုသမှုခံယူခွင့်ရကြတာပါ။ အဲဒီက တစ်ဦးတည်းသော ဆရာဝန်ကတော့ တစ်နေ့တစ်နေ့ လူနာ ၂၃၀ လောက်အထိကြည့်နေ ရတယ်လို့ ပြောပါတယ်။ အသက်ရှုလမ်းကြောင်းနဲ့ အရေပြား ပိုးထိတဲ့ ဖျားနာမှုတွေက ကလေးတွေဖြစ်လေ့ ရှိတာတွေ့ရတယ်။ အစားအသောက်တွေကလည်း လျှော့နည်းလာတယ်။ ရေတုန်ကင် တစ်ဝက်လောက်ကလည်း ပျက်နေတယ်။

    အချိန်များများ ငွေရှားရှား

    အမျိုးသမီးအများစုကတော့ လုပ်စရာလည်းမရှိ၊ ပိုက်ဆံရှာစရာ နည်းလမ်းလည်းမရှိတော့ တော်တော်လေးကို စိတ်ပျက်နေကြပါတယ်။ သူတို့ဟာ ဒုက္ခသည် စခန်းထဲကနေ ထွက်လို့လည်းမရ။ ရွာမှာဆိုရင် သူတို့ယောင်္ကျားတွေနဲ့ အတူ ငါးဖမ်းထွက်လိုက်၊ လယ်ဝိုင်းလုပ်လိုက်နဲ့ မောင်တထမ်း မယ်တရွက် ကူလုပ်ပေးကြတယ်။ အခုတော့ ယောင်္ကျားတွေကို ကူလုပ်ပေးဖို့ အနေသာ သူတို့ယောင်္ကျားတွေမှာ ငါးဖမ်းပိုက်တွေလည်း မရှိ၊ လှေတွေနဲ့လည်းဝေး၊ မြေတွေလည်း ဆုံးလို့။ မောင်ရော မယ်ပါ ငုတ်တုတ်တုတ်လေးတွေ ထိုင်နေကြရရှာတယ်။ ဒီကြားထဲ လင်မယားပြဿနာတွေလည်း ပိုများလာတယ်။

    ဒီအမျိုးသမီးတွေက အပ်ချုပ်စက်လေးတွေနဲ့ အဝတ်အထည်တွေ လုပ်ချင်တယ်ဆိုတော့လည်း သူတို့ အတွက် ဈေးကွက်က မရှိ။ ဆိတ်တွေကို ချက်ပြုတ်စားသောက်ဖို့နဲ့ ရောင်းဝယ်ဖို့အတွက် မွေးမြူရေးလေး လုပ်ပါရစေဆိုတော့လည်း အဲဒီမြေနေရာမှာ ဒါတွေလုပ်ခွင့် မရှိဘူးလို့ တားမြစ်ထားတဲ့အတွက် ယူအန်ကလည်း မကူပေးနိုင်ဘူး။

    “ဒီလူတွေ အသက်ရှင်ရပ်တည်ဖို့အတွက် ကြံစရာဖန်စရာ နည်းလမ်းတွေ မရှိတော့ဘူးဖြစ်နေပြီ” လို့ ယူအန် အရာရှိတစ်ယောက် ကပြောတယ်။ “တော်တော်လေးကို စိတ်ဓါတ်ကျကုန်ပြီ” ကောက်ချက်ချပါတယ်။ တချို့ အမျိုးသမီးတွေ ဆိုရင် မိသားစု အသက်ဆက်ကြဖို့အရေး ခန္ဓာကိုယ်ရောင်းရတဲ့ ဘဝမျိုးတောင်ဖြစ်လာနေပြီ။

    အမျိုးသမီးအများစုကတော့ သူတို့ရဲ့ နေအိမ်လေးတွေဆီကိုဘဲ ပြန်ချင်ကြတယ်။ ဒါပေမယ့် အစိုးရကတော့ အခုအချိန်မှာ ဒီလူတွေအတွက် ဘာအစီအစဉ်မှ မရှိဘူး။ အိမ်ပြန်ခွင့်လည်းမပေး၊ အခြေချနေထိုင်ခွင့်လည်း မပေးဘူး။ မြန်မာနိုင်ငံမှာ မျိုးရိုးစဉ်ဆက် အလိုက်နေထိုင်လာခဲ့ကြတာတောင် ဘင်္ဂလားဒေ့ရှ်က တရားမဝင်ခိုးဝင်လာသူတွေလို့ဘဲ သက်မှတ်နေကြတယ်။

    ကျမတို့လည်း လည်ပတ်ပြီးတော့အပြန်မှာ သူတို့တွေရဲ့ဘဝအေ ကြာင်းပြောပြတာကို ကျေးဇူးတင်တယ် လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့က “လည်ပတ်တဲ့ သူတွေလာကြတယ်။ ကျမတို့ကပြော၊ သူတို့ကနားထောင်။ ပြီးတော့ ပြန်သွားကြတယ်။ ကျမတို့အတွက် ဘာမှမပြောင်းသွားဘူး” လို့ပြန်ဖြေကြတယ်။ ကျမတို့က ဘာကတိကဝတ်မှမပြုနိုင်ပေမယ့် Women’s Refugee Commission ကတော့ သူတို့ရဲ့ဘဝနေထိုင်နိုင်မှုကို ပညာရှင်တွေစေလွှတ်ပြီး စမ်းစစ်ဖို့ စဉ်းစားနေပါတယ်။

    Women’s Refugee Commission ရဲ့ ဦးဆောင်ညွန်ကြားရေးမှူး Sarah Costa က “သူတို့ရဲ့ ကြောက်ရွံ့မှုတွေ၊ အထီးကျန်မှုတွေ အစရှိတဲ့ စိတ်ဝေဒနာတွေကို ကုစားပေးနိုင်မယ့် နည်းလမ်းတွေရှာနိုင်အောင်၊ ဘဝရပ်တည်မှုအတွက် အခြေခံလိုအပ်ချက်တွေပြည့်ဝရအောင်၊ လက်တလော စခန်းတွင်း စီးပွားရေး လည်ပတ်နိုင်အောင် သူတို့ရဲ့ ဘဝခရီး ဆက်နိုင်ရေးအတွက် နည်းလမ်းရှာရာမှာ ကျမတို့တတွေလည်း ဝိုင်းကူကြဖို့လိုတယ်။” လို့ပြောပါတယ်။

    မှတ်ချက်။ Jurate Kazickas ရေးသားပြီး Women’s eNews မှာဖော်ပြထားတဲ့ “Myanmar Female Muslim Refugee Run Out of Hope” ဆောင်းပါးကို O’Laie Manzu မှာ ဆီလျှော်အောင် ဘာသာပြန်ထားပါတယ်။

    O’Laie Manzu ဘာသာပြန်ပြီး M-Media ကိုပေးပို့ထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။

  • ရိုက်တာရဲ့ ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓါတ်ပုံများ စာရင်းဝင် ဒုက္ခသည်စခန်းမှ အကြမ်းဖက်ခံ ရိုဟင်ဂျာ ကိုယ်ဝန်ဆောင် အမျိုးသမီးပုံ

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    A pregnant Rohingya Muslim woman grimaces while experiencing labour pains at a shelter near Sittwe

    စွန့်ပစ်ထားသည့် ရာဘာစက်ရုံ၏ အခင်းမဲ့သော တမံသလင်းတွင် ရိုမာ ဟတ်တူမှာ သူမ၏ ကလေးငယ်နှစ်ဦးအား မည်သည့်ဟင်းမျှ မပါသည့် ထမင်းအဖြူကိုကျွေးနေသည်။ ငရဲနှင့်တူသည့်ထိုစက်ရုံတွင် ညစ်ထေးလှသည့် နံရံရှိနေ၏။ ကွဲနေသော ပြတင်းပေါက်မှ လှပသောအလင်းရောင်များ ၀င်ရောက်လျက်ရှိနေသည် ကျွန်တော် ပထမဆုံးသတိပြုမိသည်။ သူမ၏ ကိုယ်ပိုင်နေရာအတွက် အကာအဖြစ် သုံးထားသော ခနော်ခနဲ့ ၀ါကျင့်ကျင့် ဆန်အိတ်၏ ပြဲနေသောအပေါက်မှ ကျွန်တော်ချောင်းကြည့်လိုက်ရာ ခဏအတွင်းမှာပင် သူမနှင့် ကျွန်တော် မျက်လုံးခြင်းဆုံလေသည်။ ကျွန်တော့်က ကင်မရာကို ပြလိုက်သည့်အခါ သူမကို ခေါင်းငြိမ့်သည်။ ကျွန်တော်လည်း ဓာတ်ပုံရိုက်လေတော့သည်။

    သူမမှာအသက် ၃၀ အရွယ်ရှိပြီး နိုင်ငံမဲ့ ရိုဟင်ဂျာအမျိုးသမီးဖြစ်၏။ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြားဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ လာရသူဖြစ် လေသည်။ ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ပြင်ရှိ ဒုက္ခသည်စခန်များတွင် အခြားလူထောင်ပေါင်း များစွာနှင့် သူမ၏ အချိန်များကို ကျပ်တည်းစွာ ကုန်ဆုံးနေရသည်။ ယနေ့အချိန်တွင် ရိုဟင်ဂျာဖြစ်ရခြင်းက ၉၀ ပြည့်နှစ်များက ဘော့စနီးယားများ ဖြစ်ရသကဲ့သို့ပင်။ သို့ရာတွင် ရိုဟင်ဂျာများက အဆပေါင်းထောင်သောင်းမက ပို၍ဆိုးဝါးလေ၏။ လူမျိုးမတူသောကြောင့်၊ ဘာသာမတူသောကြောင့် အသတ်ခံရသည်။ မောင်းထုတ်ခံရသည်။ သောကရောက်ကာ၊ ပိတ်ဆို့ခံထားရ၏။ စွမ်းအားလည်းမရှိ၊ စာလောင်မွတ်သိပ်နေ၏။ ထိုအရာသည် ဆယ်စုနှစ်များစွား တစ်သီးတစ်ခြားဖြစ်နေရာမှ တစ်ဖန်နိုးထလာကာ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသော တိုင်းပြည်တွင် ကျွန်တော်မြင်တွေ့ရသည့် ရင်နင့်ဖွယ်ဇာတ်လမ်း၏ အရေးပါသာ၊ အရုပ်ဆိုးသော အစိတ်ပိုင်းမျှသာဖြစ်လေသည်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ခြေအနေမှာ မည်မျှလောက်ဆိုးဝါးသည်ကို အစပထမက ကျွန်တော် မသိရှိခဲ့ပေ။ ကျွန်တော့်၏ စကားပြန်မှ မေးခွန်း အနည်းငယ်ကို မေးကြည့်ခဲ့ရာ… သူမက ကိုယ်ဝန် ၉ လရှိနေပြီး မည်သည့်အချိန်မဆို မီးဖွားနိုင်ကြောင်း ဖြေလေသည်။ သူမ၏ အမျိုးသားကတော့ အပြင်ထွက်၍ စားစရာ ရလိုရငြား သွားရောက်ရှာဖွေနေသည်။ သူတို့တွင် အစားအသောက်ဝယ်ယူရန်နှင့် ဆရာဝန်ပြသရန် ငွေဟူ၍မရှိ။ ဤစက်ရုံ၏ တမံသလင်းတွင်သာ သူမအနေဖြင့် မီးဖွားရပေလိမ့်မည်။

    ကျွန်တော်နှင့် အတူလိုက်ပါလာသည့် Reuters သတင်းဌာမှ လုပ်ဖော်ကိုင်ဖက်ကိုရှာရန် ထိုဒုက္ခသည်စခန်းအား ကျွန်တော်စွန့်ခွာခဲ့သည်။ ပြီနောက် ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ပြန်လာသောအခါ သူမမှာ အသက်ကိုပြင်းထန်စွာရှုလျက် ညည်းညူနေလေ၏။ ပြင်းထန်သော နာကျင်မှုကို
    ခံစားနေရသည်မှာ ထင်ရှား၏။ သူမ၏ ခင်ပွန်းမှာလည်း ပြန်ရောက်နေပြီ။ အခြေအနေ မည်မျှ ဆိုးရွားနေသည်ကို ကျွန်တော်တို့ နားလည်လိုက်သည်။ ကျွန်တော် ဓာတ်ပုံအနည်းငယ် ရိုက်လိုက်သည်။ သို့ရာတွင် ဤအချိန်သည်ကား ကင်မရာကိုချ၍ အကူအညီမဲ့သူအား ကူညီရမည့်အချိန်ပင်……..

    ဓါတ်ပုံအညွန်း- ရိုမာ ဟတ်တူ- ရိုဟင်ဂျာမွတ်စလင်အမျိုးသမီးဖြစ်ပြီး ကိုယ်ဝန်ကိုးလလွယ်ထားရကာ အကြမ်းဖက်မှုများကြောင့်ရွှေ့ပြောင်းလာရသူဖြစ်သည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၂၈ ရက်- စစ်တွေမြို့အနီး ယခင်က ရာဘာစက်ရုံဟောင်းတစ်ဖြစ်လဲ ဒုက္ခသည်စခန်း၏ တမံသလင်းတွင် ဆိုးရွားစွာ
    နာကျင်သော ဝေဒနာကြောင့် မျက်နှာ ရှုံမဲ့နေပုံအားရိုက်ကူးထားခြင်းဖြစ်သည်။

    Photo- REUTERS/Damir Sagolj