News @ M-Media

Tag: Rohingya Women

  • မဝေဝေနုရဲ့ မတရားမှုများ အဆုံးသတ်ရေး နှင့်  ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အိပ်မက်

    မဝေဝေနုရဲ့ မတရားမှုများ အဆုံးသတ်ရေး နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အိပ်မက်

    စက်တင်ဘာ ၃၊ ၂၀၁၄
    M-Media
    -လေးမောင် ဘာသာပြန်သည်။
    Rohingya activist and lawyer Wai Wai Nu, a former political prisoner, poses at her office in Yangon
    – အသက် ၂၇ နှစ်အရွယ်ရှိ ဝေေ၀နုမှာ သွေးသားထဲတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားရေးဝါဒ စီးဝင်နေသော လူငယ်တစ်ဦးဖြစ်ပြီး၊ လူငယ်ဘ၀၏ လေးပုံတစ်ပုံကို သံတိုင်များနောက်ကွယ်တွင် ကုန်ဆုံးခဲ့ရသူဖြစ်၏။

    သူမမှာ ယခင်က နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး ယခုတွင်မူ သူမ၏ လူမျိုးများဖြစ်သည့် မြန်မာနိုင်ငံအနောက်ပိုင်းမှ ရိုဟင်ဂျာလူမျိုးများ ရင်ဆိုင်နေရသော ညှင်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရေး အတွက် ဆောင်ရွက်နေလေသည်။

    သူမနှင့်သူမ၏ မိသားစု ခံစားခဲ့ရသည့် မတရားမှုများက ရခိုင်ပြည်နယ်တွင် အဓိကနေထိုင်ပြီိး လူဦးရေ ၁.၃၃ သန်းရှိသည့် လူနည်းစု ရိုဟင်ဂျာများကို ရည်ရွယ်ပြုလုပ်သော မတရားစော်ကားမှုများထဲမှ ဥပမာတစ်ခုသာ ဖြစ်၏။ မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ၎င်းတို့ အများစုမှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခြင်းခံထားရသည်။

    ဝေေ၀နုမှာ မြန်မာနိုင်ငံရှိ ဘာသာရေးဆိုင်ရာ သည်းမခံနိုင်မှု၊ လူမျိုးရေး တိုက်ခိုက်မှုများနှင့် ပတ်သက်၍  ဆွေးနွေးမှုများအပေါ် လွှမ်းမိုးသော အစွန်းရောက်အမြင်များအား တန်ပြန် တော်လှန်ရေး ပွင့်လင်း ရဲရင့်စွာ ဆောင်ရွက်နေသူများထဲမှ တစ်ဦးဖြစ်လေသည်။

    ရိုဟင်ဂျာများအကြောင်း ဆွေးနွေးလျှင်ဖြစ်စေ၊ အမျိုးသမီးများ မိမိတို့၏ ရွေးချယ်မှုအတိုင်း လက်ထပ်ခွင့်အကြောင်း ဆွေးနွေးလျှင်ဖြစ်စေ သွေးကြွနေသည့် ဘုန်းကြီးများနှင့် အမျိုးသားရေးဝါဒီများက ဗုဒ္ဓဘာသာ-မွတ်စလင် တင်းမာမှုကို အောင်မြင်စွာ မီးထိုးပေးခဲ့၏။

    “အခုဆိုရင် ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေဟာ အချင်းချင်း ပိုမိုကြောက်ရွံ့မှုတွေ အပြန်အလှန်ရှိနေကြပါတယ်။ လူတိုင်းက မလုံခြုံဘူးလို့ ခံစားနေရတာပါ” ဟု ဝေေ၀နုက ရန်ကုန်မြို့ရှိ သူမ၏ရုံးခန်းတွင် Thomson Reuters Foundation သို့ ပြောကြားခဲ့လေသည်။

    “လူအဖွဲ့အစည်းတွေ အကြား ဆက်သွယ်မှု၊ ယုံကြည်မှု ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံမှုတွေဟာ အခုအချိန်မှာ နည်းနည်းပဲ ရှိပါတော့တယ်။ ဒါ့ကြောင့် မသမာသူတွေက ပဋိပက္ခတွေ၊ အမုန်းတွေဖြစ်လာအောင် လှုံ့ဆော်ပေးဖို့ လွယ်ကူပါတယ်”

    ဝေေ၀နု၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံအတွင်းရှိ မတူညီသော လူအုပ်စုများအကြား အထူးသဖြင့် သူမ၏ မွေးရပ်မြေဖြစ်သော ရခိုင်ပြည်နယ်တွင် တာရှည်ခံမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် မတရားမှုများ အဆုံးသတ်နိုင်ရေး ဆောင်ရွက်ရန်ပင်ဖြစ်၏။

    “ရခိုင်ပြည်နယ်ဟာ ဘာသာလူမျိုးမခွဲခြားပဲ လူတိုင်းအတွက် မျှတမှုရှိပြီး တိုးတက်ဖွံ့ဖြိုးကာ ကြွယ်ဝချမ်းသာတဲ့ ပြည်နယ်တစ်ခု ကျွန်မတို့ဖြစ်ချင်ပါတယ်” ဟု သူမ၏ ဆန္ဒကကို ဝေေ၀နုက ဖွင့်ဟခဲ့သည်။

    သူမတည်ထောင်ထားသည့် Women Peace Network Arakan (ရခိုင် အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ယက်) မှာ လူ့အဖွဲ့အစည်းများအကြား ပိုမိုကောင်းမွန်သော နားလည်မှုမျိုး ဖြစ်ထွန်းလာစေရေး အတွက် လေ့ကျင့်သင်ကြားပေးမှုများကို ပြုလုပ်နေသည်။ ထို့ပြင် ခွဲခြားမှု ပုံစံမျိုးစုံကို ခံစားနေရသည့် ရိုဟင်ဂျာအမျိုးသမီးများ၏ အခွင့်အရေးအတွက် ပညာပေးမှုများ ပြုလုပ်နေသည့် အနည်းငယ်သောသူများတွင် ဝေေ၀နုလည်း အပါဝင်ဖြစ်လေသည်။

    1472354_388091024655325_406913226_n
    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambia) နှင့် မဝေဝေနု ၊ သူမ ဖခင် ဦးကျော်မင်း (Photo- Wai Wai Nu FB)

    ရွေးကောက်ပွဲမှ အကျဉ်းထောင်အတွင်းသို့

    ၂၀၀၅ ခုနှစ် အဖမ်းခံရစဉ်က ဝေေ၀မှာ အသက် ၁၈ နှစ်သာရှိသေးပြီး ဥပဒေပညာကို ဆည်းပူးနေသူ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်၏။ သူမ၏ ပြစ်မှုက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် ရိုဟင်ဂျာအမျိုးသား ဦးကျော်မင်း၏သမီး ဖြစ်နေသောကြောင့်ပင်။ ထိုရွေးကောက်ပွဲ ရလဒ်အား မြန်မာစစ် အာဏာရှင်များက အသိအမှတ်မပြုခဲ့ကြ။

    ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှ ပြည်နယ် ပညာရေးအရာရှိဖြစ်သည့် ဦးကျော်မင်းမှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆာင်သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းခံခဲ့ရသော လွှတ်တော်အမတ်များ ပါဝင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်လည်းဖြစ်၏။

    အာဏာပိုင်များ၏ ထပ်တလဲလဲ အနှောက်အယှက်ပေးမှုကို ခံခဲ့ရပြီးနောက် ဦးကျော်မင်းတို့ မိသားစုမှာ ၁၉၉၀ ပြည့်နှစ်များတွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာ ခဲ့လေသည်။

    ၁၀ စုနှစ်တစ်ခုကျော်ကြာပြီးနောက် ဦးကျော်မင်းတို့ မိသားစုတစ်ခုလုံးမှာ ထိန်းသိမ်းခံခဲ့ရ၏။ ပထမဆုံး ဦးကျော်မင်းဟာ  နိုင်ငံတော်လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒများဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရလေသည်။ ဦးကျော်မင်း ဦးဆောင်ပြုလုပ်နေသည့် အလုပ်သမား အခွင့်အရေး ဆောင်ရွက်မှုများကို အဆုံးသတ်သွားစေချင်သည့် အတွက် စစ်အာဏာရှင်များက ထိုကဲ့သို့ တရားစွဲခဲ့ခြင်းဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

    “ကျွန်မတို့တိုင်းပြည်မှာဖြစ်ပွားနေတဲ့ မတရားမှုတွေကို ဆင်ခြင်ဆုံးဖြတ်နိုင်ဖို့ အတွက် ဥပဒေကို ကျွန်မ ငယ်ငယ်ကလေးထဲက နားလည်ချင်ခဲ့တာပါ။ ကျွန်မတို့ ထောင်ထဲလဲရောက်ရော “အခုတော့ (ရည်မှန်းချက်ကို) လက်တွေ့ အကောင်အထည်ဖော်ဖို့ အခွင့်အရေးရပြီ” လို့ အမေက ကျွန်မကို ပြောပါတယ်။ ကျွန်မကတော့ ကံကောင်းတယ်လို့ပဲ ယူဆခဲ့ပါတယ်” ဟု အပြုံးတစ်ပိုင်းဖြင့် သူမကဆို၏။

    ဝေေ၀နုတို့မိသားစုအတွက် စစ်အစိုးရက တံခါးပိတ်ကြားနာမှုသာလုပ်သည်။ ရှေ့နေငှားခွင့်မရ၊ တရားသူကြီးကလည်း သူမတို့၏ ခုခံချေပမှုကို နားမထောင်ဟု သူမကဆိုသည်။ ထို့နောက် ဦးကျော်မင်းက ထောင်ဒဏ် ၄၇ နှစ် ချမှတ်ခံခဲ့ရသည်။ ၎င်း၏ ဇနီးနှင့် သားသမီး နှစ်ဦးတို့က တစ်ဦးလျှင် ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခံခဲ့ရလေသည်။

    “(ပြစ်ဒဏ်အတွက်) ကျွန်မတို့ တုန်လှုပ်ပြီး၊ နှုတ်ဆိတ်ခဲ့ရပါတယ်။ ကျွန်အဖေက အသက် ၆၀ ရှိပါပြီ။ ကျွန်မ တရားသူကြီးဘက်ကိုလှည့်ပြီး “စီရင်ချက် အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ အဖွားဟာ အသက်ရှည်ခဲ့တဲ့အတွက် ဒီပြစ်ဒဏ်အတွက် ကျွန်မတို့ အဆင်ပြေမှာပါ” ဆိုပြီး ပြောခဲ့တာကို မှတ်မိနေပါသေးတယ်။ ကျွန်အဖေကိုလည် မစိုးရိမ်ဖို့ ကျွန်မ ပြောခဲ့ပါသေးတယ်။ အချုပ်ခန်းထဲကို ကျွန်မပြန်ရောက်လာတော့ မျက်ရည် မဆည်နိုင်ခဲ့ပါဘူး” ဟု စီရင်ချက် ချခဲ့သည့်နေ့က အကြောင်းကို သူမက ပြန်ပြောင်းပြောပြသည်။ ဤအချိန်တွင်တော့ သူမ၏မျက်နှာတွင် ၀မ်းနည်းမှု အရိပ်ယောင်သန်းလာကာ မျက်ဝန်းမှ မျက်ရည်များကိုပင် သုတ်နေလေ၏။

    အကျဉ်းထောင်အတွင်း နေရသည့်အချိန်များ

    ဝေေ၀နုမှာ ကြမ်းတမ်းသော အာဏာပိုင်များရှိပြီး၊ အခြေအနေ ဆိုးရွားသည်ဟု အမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်အတွင်း ၇ နှစ်တာကာလကို ဖြတ်သန်းခဲ့ရသည်။

    အကျဉ်းကျခြင်း၏ စိတ်ပိုင်းဆိုင်ရာဝေဒနာကို သူမ ခံစားခဲ့ရပြီး အခြားသော အကျဉ်းသား အမျိုးသမီးများနှင့် စကားပြောခြင်း စသည့်နည်းလမ်းများဖြင့် ထိုဝေဒနာ ပျောက်ကင်းအောင် ဆောင်ရွက်ခဲ့ရသည်။ ထိုအကျဉ်းသားအများစုမှာ ပြည့်တန်ဆာ အမှု၊ လောင်းကစားအမှုနှင့် မူးယစ်ဆေးမှုတို့ဖြင့် အကျဉ်းကျ ခံနေရသူများ ဖြစ်လေသည်။

    “သူတို့ဟာ ငယ်ငယ်လေးတွေပဲ ရှိပါသေးတယ်။ တစ်ချို့ဆိုရင် ကျွန်မထက်တောင် ငယ်ပါတယ်။ သူတို့မှာ အခြားရွေးချယ်စရာမရှိလို့ ဒီလိုအလုပ်မျိုးတွေကို လုပ်ကြရတာပါ။ အခွင့်အလမ်းတွေမရခဲ့တာ သူတို့ အပြစ်လား” ဟု သူမက မေးခွန်းထုတ်လေသည်။

    ထိုအကျဉ်းသားများ၏ ဇာတ်လမ်းများကို ကြားရခြင်းက သူမအား ကျား၊ မ တန်းတူအခွင့်အရေးရန် လှုပ်ရှားသူအဖြစ် ပြောင်းလဲစေခဲ့ပြီး ဖယ်ကျဉ်ခြင်း ခံထားရသည့် အမျိုးသမီးများအား ကူညီချင်စိတ်ကိုလည်း ဖြစ်ပေါ်လာစေခဲ့သည်။

    “သူတို့နဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ ကျွန်မဟာ ငါပဲ ပြဿနာတွေ အများကြီး ရင်ဆိုင်နေရပါလားဆိုတဲ့ ကိုယ့်ဟာကိုယ် အားငယ်တဲ့စိတ်မျိုး မရှိတော့ပါဘူး။ အင်းစိန်ထောင်ဟာ ကျွန်မအတွက် ဘ၀တက္ကသိုလ်ကြီးပါပဲ” ဟု သူမက ဆိုလေသည်။

    အကျဉ်းထောင် အတွင်း စားဝတ်နေရေး ဒုက္ခရောက်မှုက သူမတို့မိသားစုအတွက် ကာလရှည် ဝေဒနာများဖြစ်စေခဲ့သည်။ ဖခင်ဖြစ်သူ၏ ကျန်းမာရေး ဆိုးရွားလာခဲ့ပြီး၊ သူမ၏ အမဖြစ်သူမှာလည်း အသည်းရောဂါရခဲ့ပြီး သေလုမြောပါးပင်ဖြစ်ခဲ့လေ၏။

    ၂၀၁၁ ခုနှစ်တွင် အာဏာရခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရသစ်၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုပေါ်လစီအရ ၂၀၁၁ ခုနှစ် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမှုတွင် ဝေေ၀နုတို့ မိသားစု အားလုံး လွတ်မြောက်လာသည်။

    သို့သော်လည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတို့၏ အခြေအနေမှာတော့ ပို၍ ဆိုးဝါးလာခဲ့လေသည်။

    နိုင်ငံမဲ့ဖြစ်ခြင်း

    ဦးကျော်မင်းမှာ ရိုဟင်ဂျာအမတ်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ရိုဟင်ဂျာဟူသော အခေါ်ဝေါ်နှင့် ပတ်သက်၍ အမြဲတမ်းပင် ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့သော်လည်း နိုင်ငံရေး မီးစာတော့ မဖြစ်ခဲ့။ သို့သော်လည်း ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးပဋိပက္ခများပြီးနောက် ယခုအချိန်တွင်တော့ ထိုအသုံးအနှုန်းက တာသွားမှုက ပိုဆိုးလာ၏။

    ထိုပဋိပက္ခကြောင့် လူပေါင်း ၁ သိန်းလေးသောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အများစုမှာ ရိုဟင်ဂျာများ ဖြစ်ကြလေသည်။

    အစိုးရနှင့် သာမန်မြန်မာပြည်သူများမှာ ရိုဟင်ဂျာများအတွက် ဘင်္ဂါလီဟူသော အသုံးအနှုန်းကို သုံးစွဲကြပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူများအဖြစ် သတ်မှတ်ကြလေသည်။

    “ရိုဟင်ဂျာတွေဟာ အရင်တုန်းက ဂုဏ်သိက္ခာရှိပြီး လေးစားမှုခံရတဲ့ ဘ၀မျိုးတွေကို တည်ဆောက်ခဲ့ကြပါတယ်။ သူတို့ အရင်ကတည်းက နိုင်ငံမဲ့ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မမိဘတွေ၊ အဖိုးအဖွားတွေနဲ့၊ အဘိုးအဘွားတွေဟာ နိုင်ငံသားတွေ ဖြစ်ခဲ့ကြပါတယ်” ဟု ဝေေ၀နုက ဆိုလေသည်။

    ၁၉၈၂ ခုနှစ်က စတင်ပြဌာန်းခဲ့သော နိုင်ငံသားဥပဒေက သမိုင်းကို နောက်ပြန် ဖြစ်စေခဲ့ပြီး ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးစေခဲ့သည်။ ထို့ပြင် ၎င်းတို့အား ခရီးသွားခွင့်၊ ပညာသင်ကြားခွင့်နှင့် အလုပ်လုပ်ခွင့် ကန့်သတ်ချက်များကိုလည်း ဖြစ်စေခဲ့သည်ဟု သူမက ဆိုသည်။

    “ဒီကဒ်လေး မရှိတာက လူ့အဖွဲ့အစည်း တစ်ခုလုံကို ထိခိုက်စေပါတယ်။ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတယ်၊ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ဖယ်ရှားခံခဲ့ရတယ်။ စိတ်ဓာတ်ကောင်းတွေကိုလည်း ပျက်ဆီးစေပါတယ်”

    စက်တင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံမဲ့ပြည်သူများအတွက် ကမ္ဘာ့ ပထမဆုံး ဖိုရမ်တစ်ခုကို နယ်သာလန်နိုင်ငံ The Hauge တွင် ပြုလုပ်ရန်ရှိနေသည်။ ထိုဖိုရမ်တွင် ၁၀ သန်းခန့်ရှိမည့် နိုင်ငံမဲ့များ၏ အကြောင်းအရာပေါ် အလေးထားဆွေးနွေးသွားမည်ဖြစ်၏။ ဝေေ၀နုကတော့ ထိုဖိုရမ်က ရိုဟင်ဂျာအရေးကိစ္စအား အသက်ဝင် လာစေမည်ဟု မျှော်လင့်နေလေသည်။

    “ကျွန်မရဲအဖေ အစိုးရ အမှုထမ်းဖြစ်ခဲ့သလိုမျိုး၊ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သလိုမျိုး ကျွန်တို့လက်ထက်မှာ ဘာလိုမဖြစ်နိုင်ရတာလဲ” ဟု သူမက မေးခွန်းထုတ်ခဲ့သည်။

    စစ်အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာ ၀ါဒဖြန့်မှုကြောင့် ရိုဟင်ဂျာများအပေါ် မကောင်းသည့်အမြင်များ ရှိနေခြင်းကိုလည်း သူက အပြစ်တင်သည်။

    မြန်မာနိုင်ငံရှိ အခြားသောတိုင်းရင်းသားနှင့် ဘာသာရေးလူ့အဖွဲ့အစည်းများအကြား ရိုဟင်ဂျာများအား ဂရုတ်စိုက်မည့်သူမရှိဟု ကုလသမဂ္ဂက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကပင် ရိုဟင်ဂျာများအတွက် ရပ်တည်၍ မပြောပေးကြ။

    “ဒီမိုကရေစီဆိုတဲ့ အရာအတွက် ကျွန်မတို့လည်း အရာအားလုံးကို စတေးခဲ့ကြရပါတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ပိုကောင်းတဲ့ အနာဂတ်ဖြစ်လာဖို့အတွက် ကျွန်မတို့လည်း အတူတူ အလုပ်လုပ်နေကြပါတယ်။ ဒါ့ကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ရိုဟင်ဂျာတွေမှာ အခွင့်အရေးမရှိဘူးလို့ ဆိုလာရင် ကျွန်မ သိပ်ကို နာကျင်ရပါတယ်။ ကျွန်မတို့ရဲ့သမိုင်းကို စစ်အာဏာရှင်တွေက ဖျက်ဆီးခဲ့တာကြောင့် ဒီလိုပြောတာဟာ သူတို့ (လူ့အခွင့်အရေး လှုပ်ရှားသူတွေ)ရဲ့ အမှားတော့ မဟုတ်ပါဘူး။ စနစ်တစ်ခုလုံးရဲ့ အမှားပါပဲ” ဟု ဝေေ၀နုက နိဂုံးချုပ်ပြောကြားခဲ့လေသည်။

    ရိုက်တာ သတင်းဌာနတွင် ဖော်ပြခဲ့သည့် Young Rohingya woman chases dream of peace and justice in Myanmar ဆောင်းပါးကို လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • N-Peace Award ဆုရသူများတွင်  မြန်မာမှ ရိုဟင်ဂျာ အမျိုးသမီး မဝေဝေနုနှင့် အမျိုးသမီး ကွန်ယက်တဖွဲ့ ပါဝင်

    N-Peace Award ဆုရသူများတွင် မြန်မာမှ ရိုဟင်ဂျာ အမျိုးသမီး မဝေဝေနုနှင့် အမျိုးသမီး ကွန်ယက်တဖွဲ့ ပါဝင်

    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    N-Peace_Network_»_N-Peace_Awards_-_2014-08-05_13.04.42
    – ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP အာရှ-ပစိဖိဒေသ ဌာနခွဲမှ ပေးအပ်သည့် ၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆု N-Peace Award ရရှိသူများကို ကို ဇူလိုင် ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ လူငယ်ငြိမ်းချမ်းရေး တည်ဆောက်သူများဆုကို  မြန်မာနိုင်ငံမှ အမျိုးသမီးအခွင့်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် တက်ကြွလှုပ်ရှားသူ ရိုဟင်ဂျာအမျိုးသမီး မဝေေ၀နုက ရရှိသွားကြောင်းသိရှိရပါသည်။ 

    ခေါင်းစဉ် ၄ ခုအတွက် ဆုချီးမြင့်ရာ မြန်မာ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်တို့မှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅ ဦး ပါဝင်ခဲ့သည်။

    ခေါင်းစဉ်လေးခု သတ်မှတ်ကာ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်း လှုပ်ရှားနေသူများအား ပေးအပ်သောဆုအတွက် ဖိလစ်ပိုင်နိုင်ငံမှ အမျိုးသမီး မီရီယမ် ကိုရိုနယ်လ်ဖာရာနှင့် အာဖဂန်နစ္စတန်နိုင်ငံမှ အမျိုး ဟာဂျီ ခါလီလ်ကလည်းကောင်း၊ သမရိုးကျ အမြင်များကို ချေဖျက်ခြင်း အမျိုးသမီးနှင့် မီဒီယာကဏ္ဍတွင် ပါကစ္စတန်မှ ရာဘီယာ ဂျမီးလ် ဘဂ်က လည်းကောင်း၊ ငြိမ်းချမ်းရေးမျိုးဆက် လူငယ် ငြိမ်းချမ်းရေး  တည်ဆောက်သူများဆုကို မြန်မာနိုင်ငံမှ ဝေေ၀နုနှင့် ပါကစ္စတန်နိုင်ငံမှ ရှားဇမန်တို့ကလည်းကောင်း၊ ထပ်တလဲလဲဖြစ်နေသည့် ပြဿနာများအား ဖြေရှာခြင်းဆုကို မြန်မာနိုင်ငံမှ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ယက်တို့က အသီးသီး ရရှိခဲ့ကြသည်။

    N-Peace  လူငယ်ငြိမ်းချမ်းရေး တည်ဆောက်သူများဆုကို ရရှိခဲ့သည့် မြန်မာနိုင်ငံမှ ဝေေ၀နုမှာ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း လည်းဖြစ်သည်။ မိဘ ညီအကိုမောင်နှမများနှင့်အတူ အသက် ၁၈ နှစ်အရွယ်တွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခြင်းခံခဲ့ရသည်။ ထောင်တွင်း၌ ၇ နှစ်နေခဲ့ရပြီးနောက်  ဒီမိုကရေစီကူးပြောင်းရေးကာလ ၂၀၁၂ ခုနှစ်တွင် သမ္မတ၏ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကြောင့် လွတ်မြောက်လာခဲ့သူဖြစ်သည်။

    လွတ်မြောက်လာခဲ့ပြီးနောက် ဝေေ၀နုမှာ မြန်မာနိုင်ငံရှိ မတူညီသော တိုင်းရင်းသား လူမျိုးစုများအကြား အပြန်အလှန်နားလည်ရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးတို့ကို ဆောင်ရွက်ရန်နှင့် ရခိုင်ပြည်နယ်တွင် ဖယ်ကျဉ်ခြင်းခံထားရသည့် အမျိုးသမီးများ၏ အခွင့်အရေးကို ပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ယက်ကို ဖွဲ့စည်းခဲ့သည်။

    လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်နေသော်လည်း မီဒီယာပေါ်သို့ မရောက်ရှိသည့် အမျိုးသမီးများစာရင်းကိုလည်း ပြည်သူများ၏ မဲဖြင့် ရွေးချယ်ကာ ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှ မီခင်ခင်ကြူအပါအ၀င် အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့မှ အမျိုးသမီး ၅ ဦး ရွေးချယ်ခံခဲ့ရသည်။

    အလွှာစုံမှ ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေသူများကို ရွေးချယ်ချီးမြှင့်သည့် အဆိုပါဆုကို ၂၀၁၁ ခုနှစ်က စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဆုရရှိသူများအား ဆုပေးအပ်ပွဲကို ဘန်ကောက်မြို့တွင် လာမည့် အောက်တိုဘာလ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    Ref: N-Peace Network

  • မြန်မာစစ်တပ်မှ ရိုဟင်ဂျာ မွတ်စ်လင် အမျိုးသမီးများကို လိင်ကျေးကျွန်ပြုနေ

    ဇန်နဝါရီ ၆ ၊ ၂၀၁၄
    M-Media

    ap9

    တီဟ်ရန် (FNA)။    ။  စစ်တပ်၏စခန်းများတွင် ရိုဟင်ဂျာမွတ်စ်လင်မ်အမျိုးသမီးအချို့ကို လိင်ကျေးကျွန်အဖြစ် ထားရှိ ဆက်ဆံနေကြောင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံမှ သတင်းများက ဆိုသည်။

    မြန်မာနိုင်ငံ၌ဖြစ်ပွားသော လူမျိုး-ဘာသာခွဲခြားအကြမ်းဖက်မှု ဂယက်ရိုက်ခတ်စဉ်က ပြည်တွင်းလူနည်းစု မွတ်စ်လင်မ်တို့အား လုံခြုံရေးပေးရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ မေတ္တာရပ်ခံချက်ကို အာဏာပိုင် အစိုးရနှင့်စစ်တပ်သည် တုံဏှိဘာဝေ ပြုလုပ်သည့်အပြင် အနိဌာရုံတစ်ခုကို ထပ်တိုး ဖွင့်လှစ်လိုက်သဖြင့် ပဋိပက္ခပိုမို အရှိန်မြင့်လာဖွယ်ရာရှိနေသည်။

    စစ်စခန်းတစ်ခု အတွင်း ဒါဇင်များစွာသော ရိုဟင်ဂျာ မွတ်စ်လင် အမျိုးသမီးများမှာ လိင်ကျေးကျွန်ပြုထားခြင်း ခံနေရသည်ဟု Vice သတင်းဝက်ဘ်ဆိုဒ်မှ ဖော်ပြထား၏။

    မိမိ၏နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်ရန် ပျက်ကွက်နေသည်ဟု ပြစ်တင်ရှုတ်ချခံနေရသည့် စစ်တပ်သည် ယခုအခါ ထပ်မံပြင်းထန်သည့် စွဲချက်ကို ရင်ဆိုင်ရပြီဖြစ်သည်။

    ဗုဒ္ဓဘာသာဝင်တို့၏ တိုက်ခိုက်မှုကြောင့် မိမိတို့၏အိုးအိမ်များ ပြာကျမြေခရပြီး ဇာတိဒေသကို စွန့်ခွာ လက်လွှတ်ရသည့် မွတ်စ်လင်မ်များအတွက် ဒုက္ခသည်စခန်းများစွာ တည်ဆောက်ထား၏။ အထက်ပါ သတင်းနှင့်အဆိုများအား (မှန်မမှန်) အစဆွဲထုတ်နိုင်ရန် ဗြိတိန် အခြေစိုက်ဂျာနယ်လစ် Assed Baig သည် စစ်တွေသို့ သွားရောက်ခဲ့၏။

    ဤတွင် စစ်စခန်းတစ်ခု၌ မြန်မာ စစ်သားများသည် ရိုဟင်ဂျာ မွတ်စ်လင် အမျိုးသမီးအမြောက်အများကို အဓမ္မခေါ်ဆောင်ထိန်းသိမ်းကာ လိင်ကျေးကျွန်များအဖြစ် စေခိုင်းနေလျက်ရှိကြောင်း ဒေသခံများက ဆိုကြသည်။ အချို့ အမျိုးသမီးများမှာ ပဋိသန္ဓေပင် ဆောင်နေပြီဟု မျက်မြင်သက်သေတစ်ဦးက ဂျာနယ်လစ်အား ပြောပြပါသည်။

    ထိုအကြောင်းအချက်နှင့် ပတ်သက်၍ မြန်မာအစိုးရမှာ မည်သည့် သတင်းမျှ မထုတ်ပြန် မချေပသေးပေ။

    ဤလတ်တစ်လောဖြစ်ရပ်မှာ မြန်မာနိုင်ငံ အောက်ခြေ လူတန်းစားများသို့တိုင် အက်ကြောင်းထနေသည့်အနေအထားကို ထပ်မံဆိုးဝါးသွားစေနိုင်ပါသည်။ အကြမ်းဖက်ဖြစ်စဉ်အတွင်း ရိုဟင်ဂျာမွတ်စ်လင်တို့မှာ ရာနှင့်ချီ၍ သတ်ဖြတ်ခံရပြီးဖြစ်သည်။

    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စ်လင်တို့မှာ နိုင်ငံ့လူဦးရေ သန်း ၆၀ ၌ ၅ ရာခိုင်နှုန်းနီးပါး ပါဝင်နေသည်။ မြန်မာပြည် လွတ်လပ်ရေးရရှိသော ၁၉၄၈ ခုနှစ်မှစပြီး ၄င်းတို့မှာ ဖိနှိပ်ညှင်းပန်းမှု၊ ချုပ်ခြယ်မှု၊ လျစ်လျူရှုပစ်ပယ်မှုကို ခံစားတွေ့ကြုံလာရသည်။

    အဆင်းရဲဆုံးဒေသအပါအ၀င်ဖြစ်ပြီး ရိုဟင်ဂျာ လူမျိုးအများစုနေထိုင်ကြသည့် လူဦးရေ တစ်သန်းရှိ ရခိုင်ပြည်နယ်အနောက်ပိုင်းမှ အကြမ်းဖက်မှုသည် ၂၀၁၃ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ မွတ်စ်လင်များ အပါအ၀င် ရခိုင်ပြည်နယ်၏လူပေါင်း တစ်သိန်းလေးသောင်းခန့် အိုးအိမ်မဲ့ဘ၀ ရောက်သွားသည်။

    သမ္မတဦးသိန်းစိန်၏ရခိုင်ခရီးစဉ်ကာလအတွင်း မွတ်စ်လင် အိမ်ခြေများကို မီးရှို့တိုက်ခိုက်ခဲ့သည့် ဗုဒ္ဓဘာသာဝင် ၄၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာက အောက်တိုဘာ ၆ ရက်တွင် ဖော်ပြသည်။

    ရဲတပ်ဖွဲ့သတင်းအရ အောက်တိုဘာ ၂ ရက်တွင် သဗြုချိုင်ကျေးရွာ၌ ဗုဒ္ဓဘာသာဝင် လူအုပ်ကြီးရောက်လာပြီးနောက် မွတ်စ်လင် ငါးဦး သတ်ဖြတ်ခံလိုက်ရသည်ဟု သိရသည်။

    မြန်မာအစိုးရအာဏာပိုင်များသည် နိုင်ငံတွင်းရှိ မွတ်စ်လင် ဆန့်ကျင်ရေးအကြမ်းဖက်မှုများအပေါ် မျက်နာလွှဲထားသည်ဟု လူ့အခွင့်အရေး အသင်းအဖွဲ့များ နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းများမှ ပြင်းထန်စွာ ဝေဖန်ရှုတ်ချထား၏။

    Ref: Press TV

    Photo- AP