News @ M-Media

Tag: Rohingya

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးများကို မြန်မာသင်ရိုးဖြင့် စာသင်မည်

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးများကို မြန်မာသင်ရိုးဖြင့် စာသင်မည်

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    -ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေးကို ချဲ့ထွင်ပြီး မြန်မာသင်ရိုးညွှန်းတန်းနဲ့ ပုံမှန် အတတန်းပညာသင်ကြားရေး ကုလနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်တော့မယ်လို့ သိရပါတယ်။

    ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်တွေဟာ လက်ရှိမှာ ကုလ ဒုက္ခသည်အေဂျင်စီ UNICEF က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၁၅၀၀ လောက်မှာ အခြေခံပညာရေးကို သင်ယူနေရတာ ဖြစ်ပါတယ်။

    ဧပြီလမှာစတင်မယ့် အစီအစဉ်အသစ်အရ ကလေးတွေဟာ ၅ တန်းကနေ ၈ တန်းအထိ မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားရတော့မယ်လို့ ကုလကထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ကုလဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး မဟ်ဘူးဘ် အလမ် တာလွက်ဒါက ရိုဟင်ဂျာကလေးငယ်တွေကို မြန်မာပညာရေးစနစ် သင်ပေးဖို့အတွက် ကုလရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာဘာသာစကားနဲ့ သင်ပေးမယ်။ မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းအတိုင်း သွားမယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့် သူတို့ ရမှာမဟုတ်သလို၊ ဘင်္ဂါလီစာကိုလည်း သူတို့ မဖတ်တတ်ပါဘူး။ သူတို့ ဘင်္ဂလားဒေ့ရှ်မှာ ရေရှည်နေရမယ့်အနေအထားမျိုး မရှိတဲ့အတွက် ပြည်တော်ပြန်တဲ့အခါ မြန်မာလူ့အဖွဲ့အစည်းနဲ့ အသားကျရေး အခုဆောင်ရွက်မှုက အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်”

    မြန်မာသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမယ့် ရှေ့ပြေးအစီအစဉ်မှာ ရိုဟင်ဂျာကလေးငယ် တစ်သောင်းလောက် ပါဝင်မယ်လို့ ကုလက ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်အတွက် ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်တန်းပေးမှုကိုလည်း ကုလက စတင်နေပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကလေးငယ် ၄ သိန်းလောက်ရှိပြီး သူတို့ ပုံမှန်ပညာရေးရရှိဖို့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ဘင်္ဂလာဒေ့ရှ်အစိုးရကို အရင်ကတည်းက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

    Ref: The Diplomat

  • နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်အောက်လွှတ်တော်ကော်မတီနှင့် တွေ့ဆုံမည်

    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်အောက်လွှတ်တော်ကော်မတီနှင့် တွေ့ဆုံမည်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နယ်သာလန် အောက်လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိနေပြီး နယ်သာလန် သတင်းဌာန NOS နဲ့ အင်တာဗျူးမှာ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် ရှိနေပြီး ကြားဖြတ်ဆုံးဖြတ်ချက်တစ်ခုချဖို့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ ခုံသမာဓိရုံး ICJ ကို လျှောက်ထားခဲ့တာပါ။

    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ဒီကိစ္စကို သည်ဟေ့ဂ်မြို့မှာ လာရောက်ထုချေခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တာမျိုး ရှိကောင်းရှိနိုင်ပေမယ့် ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှုတော့ မမြောက်ဘူးလို့ ဒေါ်အောင်ဆန်းစုက ပြောကြားခဲ့ပါတယ်။

    ဒီကနေ့ နယ်သာလန်အောက်လွှတ်တော်ရဲ့ နိုင်ငံ‌ခြားရေးကော်မတီဟာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံမှာဖြစ်ပြီး ဂမ်ဘီယာရဲ့စွဲချက်နောက်ကွယ်က အကြောင်းအရင်းကို ရှင်းပြကာ မြန်မာနိုင်ငံက အခြေအနေတွေကိုလည်း မေးမြန်းဖို့ ရှိနေပါတယ်။နယ်သာလန် ရုပ်သံ NOS နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တံခါးပိတ်အင်တာဗျူးတစ်ခု လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    ICJ ကိစ္စမှာ ဂမ်ဘီယာဖက်က ရပ်တည်မယ်လို့ နယ်သာလန်နဲ့ ကနေဒါက တရားဝင် ထုတ်ပြန်ထားပါတယ်။

    Ref: NL Times

  • စစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုရှိသော်လည်း လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်ဟု အတိုင်ပင်ခံပြော

    စစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုရှိသော်လည်း လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်ဟု အတိုင်ပင်ခံပြော

    ဒီဇင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ‘ပြည်စုံ၊ မှန်ကန်မှု မရှိဘူး’ လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်က ဒီကနေ့ သည်ဟေ့ဂ်မြို့မှာရှိတဲ့ ‘နိုင်ငံတကာ ခုံသမာဓိရုံး’ (ICJ) မှာ ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ဆိုကာ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ၃ ရက်တာကြာမြင့်မယ့် ပထမဆုံး ‌ကြားနာမှုကို မနေ့က စတင်ပြုလုပ်ခဲ့ပြီး ဂမ်ဘီယာနိုင်ငံက လျှောက်လှဲခဲ့ပါတယ်။ ဒီကနေ့မှာ မြန်မာနိုင်ငံက ပြန်လည်ချေပရတာ ဖြစ်ပါတယ်။

    မိနစ် ၃၀ ကြာမြင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်မှာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုဟာ ရဲစခန်းတွေကို တိုက်ခိုက်တဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေကို တုန်ပြန်တဲ့ အကြမ်းဖက်တိုက်ဖျက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က တကယ့်အခြေအနေမှန်ကို ဂမ်ဘီယာက မပြည့်မစုံ၊ မမှန်မကန် ဖော်ပြခဲ့တာသာ ဖြစ်ပါတယ်”

    စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှက်ဖက်ကို ထွက်ပြေးခဲ့ရပြီး ကုလ စုံစမ်းစစ်ဆေးသူတွေက ဒီကိစ္စမှာ လူတစ်သောင်းလောက် အသတ်ခံခဲ့ရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်

    စစ်တပ်ဟာ အလွန်အကျွံလုပ်ဆောင်တာတွေ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီလုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုတော့ မမြောက်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ကျူးလွန်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်သားတွအပေါ် အရေးယူခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။

    “ချိုးဖောက်မှုတွေ လုပ်တယ်လို့ စွပ်စွဲခံရတဲ့ စစ်သားတွ၊ အရာရှိတွေကို စုံစမ်းစစ်ဆေး၊ တရားစွဲဆို၊ အပြစ်ပေးမှုတွေ တက်တက်ကြွကြွလုပ်ဆောင်နေတဲ့တိုင်းပြည်ဟာ လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မျိုး ရှိနိုင်ပါ့မလား”

    ၂၀၁၇ ခုနှစ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ အမျိုးသား ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်သား ၇ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ၁ နှစ်မပြည့်ခင်မှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

    နောက်ထပ်ကျေးရွာတစ်ခုဖြစ်တဲ့ ဂူဒါပြင်ရွာမှာ ရိုဟင်ဂျာ ၁၀ ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်သားတစ်ချို့ကို စစ်ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ပြီးခဲ့တဲ့လမှာ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာဖက်က ရှေ့နေဖြစ်တဲ့ ဝီလီယံရှာဘက်စ်က ရိုဟင်ဂျာကိစ္စမှာ ICJ က ညွှန်ကြားဆုံးဖြတ်ပေးရေး ဂမ်ဘီယာရဲ့တောင်းဆိုမှုကို ပယ်ချဖို့ ပြောဆိုခဲ့သလို၊ ICJ ဟာ ဒီကိစ္စအတွက် တရားစီရင်ပိုင်ခွင့် မရှိဘူးလို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာ ၁ သောင်းလောက် အသတ်ခံရတယ်ဆိုတာဟာ ‘လူမျိုးတုန်းသတ်ဖြတ်မှု’ မှာ သတ်မှတ်ထားတဲ့ ပမာဏနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း ဝီလီယံရှာဘတ်စ်က ပြောကြားခဲ့ပါတယ်။

    ဝေဖန်

    လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မြေပြင်ကအခြေအနေတွေ၊ မျက်မြင်သက်သေနေတွေရဲ့ ပြောကြားမှုတွေနဲ့ ဆန့်ကျင်နေတယ်လို့ထောက်ပြခဲ့ပါတယ်။

    Save The Children က ဒါရိုက်တာ ဂျော့ဂျ် ဂရေဟမ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားမှုတွေဟာ ကုလက စုဆောင်းထားတဲ့ အထောက်အထားတွေ၊ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ တွေ့ဆုံကာ သူတို့အဖွဲ့တွေရဲ့ မေးမြန်းထားမှုတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ရိုဟင်ဂျာများနေရပ်ပြန်ရေး တရုတ်အစီအစဉ်ကို လက်ခံရန် မြန်မာစဉ်းစား

    ရိုဟင်ဂျာများနေရပ်ပြန်ရေး တရုတ်အစီအစဉ်ကို လက်ခံရန် မြန်မာစဉ်းစား

    နိုဝင်ဘာ ၂၆၊ ၂၀၁၉
    M-Media

    -ဘင်္ဂလားဒေ့ရှက်ဖက်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် တရုတ်က အဆိုပြုတဲ့ နည်းလမ်းတစ်ခုကို လက်ခံဖို့ စဉ်စားနေတယ်လို့ မြန်မာအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်က သူတို့နေရပ်တွေပြန်ရေး ကိစ္စဟာ နှောင့်နှေးမှုတွေ ဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ကလည်း အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ ရှိနေပါတယ်။

    တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာပြုလုပ်တဲ့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်‌ကြီး လီကျီမင်းက နည်းလမ်းတစ်ခုကို အဆိုပြုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာမိသားစုတွေထဲက တစ်ဦးစီ အရင်နေရပ်ပြန်ပြီး အခြေအနေကို ကျန်ခဲ့တဲ့ မိသားစုတွေထံ ပြန်လည်ပြောပြရမယ့် နည်းလမ်း ဖြစ်ပါတယ်။

    လီက မိသားစုတစ်စုချင်းစီဟာ အရင်ဆုံး နေရပ်ပြန်မယ့်လူတွေကို ရွေးချယ်ပေးရမှာဖြစ်ပြီး အဲဒီလူတွေ ရခိုင်ပြည်နယ်က အရင်နေထိုင်ခဲ့ရာ ရွာတွေကို ပြန်ရောက်သွားတဲ့အခါ လက်ရှိအခြေအနေ၊ လုံခြုံမှု ရှိ၊ မရှိ စတာတွေကို မိသားစုတွေထံ ပြန်လည်ပြောကြားရမှာဖြစ်ကြောင်း၊ လိုအပ်တဲ့ဖုန်းတွေကို တရုတ်အစိုးရက ထုတ်ပေးသွားမှာဖြစ်ကာ ဒုက္ခသည်စခန်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေက ပြန်သင့်၊ မပြန်သင့် ဆုံးဖြတ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး တရုတ်သံအမတ်ရဲ့ အဆိုပြုချက်ကို လက်ခံသင့်လားဆိုတာ အရင်ဆုံး ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂ နှစ်အတွင်း ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး သဘောတူညီချက်တစ်ခုကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က လက်မှတ်ရေးထိုးထားပေမယ့် ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်သေးပါဘူး။

    ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ကိုသာအေးက တရုတ်သံအမတ်ရဲ့ အဆိုပြုချက်ဟာ အလုပ်ဖြစ်မှာမဟုတ်ဘဲ နိုင်ငံသားဖြစ်ရေး၊ ပညာသင်ကြားခွင့်တွေလို အခွင့်အရေး ကန့်သတ်ခံရမှုကို အရင်ဆုံး ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်က ဒီနည်းလမ်းကို အဆိုပြုတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ စက်တင်ဘာလ ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ရာမှာ လီက ဒီနည်းလမ်းကို ပြောပြခဲ့ဖူးပါတယ်။

    Ref: RFA

  • ရိုဟင်ဂျာကိစ္စ ICC ၏ စုံစမ်းစစ်ဆေးမှုကို မြန်မာပယ်ချ

    ရိုဟင်ဂျာကိစ္စ ICC ၏ စုံစမ်းစစ်ဆေးမှုကို မြန်မာပယ်ချ

    နိုဝင်ဘာ ၁၆၊ ၂၀၁၉
    M-Media

    နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)

    -ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးမယ့်ကိစ္စကို မြန်မာနိုင်ငံက ပယ်ချလိုက်ပါတယ်။

    ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည့်၀တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ICC က ကြာသာပတေးနေ့မှာ ခွင့်ပြုခဲ့တာပါ။ ICC ဟာ အရင်က ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ ကနဦးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဒါပေမယ့် ဒီလိုစုံစမ်းစစ်ဆေးမှုဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် မိမိတို့စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက စုံစမ်းမှာဖြစ်ပြီး လိုအပ်ရင် အရေးယူသွားမယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။

    ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာတွေရှိပြီး ဒါဟာ ‘လူမျိုးတုန်း သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်’ နဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ကုလရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက သုံးသပ်ထားပါတယ်။

    မြန်မာနိုင်ငံကတော့ ဒီစွပ်စွဲချက်တွကို ငြင်းဆိုထားပြီး ICC ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အပေါ် အသိအမှတ်ပြုဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ မိမိတို့အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေ ခိုလှုံနေရတဲ့အတွက် သူတို့အပေါ်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မိမိတို့မှာ အခွင့်အာဏာရှိတယ်လို့ ICC က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ထားပါတယ်။

    ဦးဇော်ဌေးက မြန်မာနိုင်ငံနဲ့ အစိုးရတို့ဟာ အားလုံးကို ငြင်းဆိုနေတာမဟုတ်သလို၊ မျက်လုံးတွေလည်း မှိတ်မထားဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး ICJ မှာ တနင်္လာနေ့က မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခဲ့ပြီး ပထမဆုံးကြားနာမှုကို ဒီဇင်ဘာလမှာ ပြုလုပ်မှာပါ။

    ဗုဒ္ဓဟူးနေ့က အာဂျင်တီးနားနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအာဏာပိုင်ဟောင်းတွေကို ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့ပါတယ်။ ဒါဟာ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တရားစွဲခံရတာ ဖြစ်ပါတယ်။

    Ref: Aljazeera