News @ M-Media

Tag: Rule of Law

  • ဥက္ကံ အကြမ်းဖက်ခံရမှုအား စတင်သူဟု စွပ်စွဲခံရသူ အမျိုးသမီးအား ထောင်ဒဏ်ချမှတ်

    ဇွန် ၁၇၊ ၂၀၁၃
    M-Media
    ဇာဏီ

    ဥက္ကံ ။         ။        လွန်ခဲ့သည့် ဧပြီလနှောင်းပိုင်းက ဆွမ်းခံကြွလာသော ကိုရင်အားမတော်တဆ တိုက်မိခဲ့၍ သပိတ်ကျကွဲရာမှ အကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်လာစေသည်ဟု စွပ်စွဲခံရသည့် အမျိုးသမီးအား ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်းသိရသည်။

    8
    ဥက္ကံမြို့မှအကြမ်းဖက်သမားကြောင့် အပျက်အဆီးများ မြင်ကွင်း (ဓါတ်ပုံ ဧရာဝတီ)

    ဥက္ကံမြို့ ပနီပင်ရွာသူ မ၀င်းဝင်းစိန်နှင့် အဖော်ပါလာသူ အမျိုးသမီး တို့ကို ဥက္ကံမြို့ ရဲစခန်းက ပုဒ်မ ၂၉၅/၂၉၅(က)ဖြင့် အမှုဖွင့်ထားခဲ့ရာမှ တိုက်ကြီးမြို့နယ် တရားရုံးက ဇွန်လ(၅)ရက်နေ့တွင် ပုဒ်မ ၂၉၅(က)ဖြင့် အလုပ်ကြမ်းဖြင့် ထောင်ဒဏ်(၂)နှစ် အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။

    ဥက္ကံမြို့ အကြမ်းဖက်ခံရမှုမှာ ဆွမ်းခံကြွလာသော အသက်(၁၁)အရွယ် ကိုရင်အား အမျိုးသမီးတစ်ဦးက မတော်တဆ ၀င်တိုက်မိပြီး သပိတ်ကျကွဲခဲ့ရာမှ မကျေမနပ်ဖြစ်ပြီး လူအုပ်ကြီးတစ်စုက ဗလီ၊ အာရဗီစာသင်ကျောင်း၊ မွတ်စလင်မ်ပိုင်ဆိုင်များ၊ အိမ်များကို စတင်အကြမ်းဖက်ခဲ့ကြခြင်းဖြစ်သည်။

    အဆိုပါ မတော်တဆ ၀င်တိုက်မိခဲ့သူအား ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း လူအစုအဝေးကြီးဖြင့် အကြမ်းဖက်ခဲ့သော်လည်း အကြမ်းဖက်သမားများအား ယခုအချိန် အရေးယူ ထိန်းသိမ်းနိုင်စွမ်း မရှိသေးပေ။

    လွန်ခဲ့သော ၂၀၁၂-ခု ဇွန်လက စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် တောင်ကုတ် ၁၀-လောင်းပြိုင်အသတ်ခံရမှု၊ ၂၀၁၂-ခု အောက်တိုဘာတွင် တကျော့ပြန်ဖြစ်ပွားခဲ့မှု၊ ၂၀၁၃-ခု မတ်လက စတင် အကြမ်းဖက်ခံရသော မိတ္ထီလာမြို့၊ ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့များ၊ ဧပြီလအတွင်း အကြမ်းဖက်ခံရသော ဥက္ကံမြို့၊ မေလအတွင်း အကြမ်းဖက်ခံရသော လားရှိုးမြို့များ၏ အကြမ်းဖက်သမားများ၊ ယခုအချိန်ထိ အကြမ်းဖက်ရန် ဆူပူလှုံ့ဆော်နေသော လူအစုအဝေးကြီးအား မြင်သာထင်သာရှိသော်လည်း ဖမ်းဆီးအရေးယူမှု မရှိသေးဘဲ တဘက်သတ်အရေးယူ ထောင်ဒဏ်ချမှတ်ခံနေရမှုများအား ကြည့်ရှုခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုလုံးဝ မရှိကြောင်းကို ဖော်ထုတ်ပြသနေသည်ကို သုံးသပ်တွေ့ရှိရပါသည်။