News @ M-Media

Tag: SayarKyee UNu

  • “ စာဆိုတော် သခင်ကြီးဦးနု နှင့် မြန်မာ့ အစောဆုံး ခရီးသွား လင်္ကာ ” (M-Media စာအုပ်စင်ကဏ္ဍ)

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
    M-Media
    မင်းထွဋ်ကောင်း

    Dr Aung Zaw Book

    ဒီတစ်ပတ် မိတ်ဆက်ပေးလိုတာကတော့ ရှားပါးမှတ်တမ်းစာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

    ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုတဲ့ “ ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူ စာဆိုတော် သခင်ကြီးဦးနု နှင့် မြန်မာ့ အစောဆုံး ခရီးသွားလင်္ကာ ” လို့ အမည်ရပါတယ်။

    ဘိုးတော်မင်းတရားရဲ့ကျောင်းနေဖက် ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူ မွတ်စလင် စာဆိုတော်ကြီးဦးနု ရဲ့ဘ၀တစေ့ တစောင်း၊ မြန်မာနိုင်ငံရဲ့ပထမဆုံးခရီးသွားမှတ်တမ်း – ဘင်္ဂလားသွားမှတ်တမ်းလင်္ကာ ၅၅ ပိုဒ်၊ အစ္စလာမ်ဘာသာရဲ့ ကျမ်းမြတ်ကုရ်အာန်နဲ့ တစ်ကွ အစ္စလာမ့်အခြေအမြစ် တရားတွေကို မြန်မာစာပေ အဖြစ် ပထမဆုံး ထိတွေ့စေခဲ့ပုံ၊ သူ့ရဲ့စာပေကဗျာ အရေးအသား စွမ်းရည်နဲ့ အဲ့ဒီအပေါ် ပညာရှင်များရဲ့လေ့လာချက်တွေအပြင် သုတေသီများ အလွယ်တကူ လေ့လာနိုင်စေတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ စုဆောင်း ထိန်းသိမ်းထားသင့်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ။

    Blue River (09 420099153) ရန်ကုန်မှဖြန့်ချိပြီး တန်ဖိုးကတော့ ၁၅၀၀ ကျပ်ဖြစ်ပါတယ်။

  • ပဒုံမင်းသို့ သံတော်ဦးတင်ခြင်း

    ဇန်နဝါရိ ၇၊ ၂၀၁၄
    M-Media
    ရေးသူ- မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်)

    သက္ကရာဇ် ၁၁၇၈ (အေဒီ ၁၈၆၀)ခုနှစ်က ဖြစ်သည်။ မင်းကွန်းကြက်ထောင့်တွင် ယာယီနန်းစံလျက်ရှိသော ဘုရင်တစ်ပါးက ဘာသာသာသနာ အသီးသီးနှင့် စပ်လျဉ်း၍ တရားစကား တစ်ရပ်ကို မူတည်ကာ စူးစမ်းလေ့လာမေးမြန်းပါသည်။ ထိုအခါ ပညာရှိတစ်ဦးက အစ္စလာမ်သာသနာတော်ကို ကိုယ်စားပြု၍ သံတော်ဦးတင်ကာ ဖြေကြားလျှောက်ထားပါသည်။

    မေးမြန်းသူဘုရင်မှာ ကုန်းဘောင်ခေတ် အမရပူရမြို့တည်နန်းတည် ဘိုးတော်ဘုရား ပဒုံမင်း (အေဒီ ၁၇၈၂-၁၈၁၉) ဖြစ်သည်။ မေးမြန်းသည့် တရားစကားမှာ အစရှိလျှင် အဆုံးရှိရမည့် တရားစကားကို မူတည်၍ မေးမြန်းခြင်းဖြစ်သည်။ အစ္စလာမ်သာသနာတော်ကို ကိုယ်စားပြုဖြေကြားခဲ့သူမှာ ရွှေတောင်သာဂသူ သခင်ကြီးဦးနု (၁၇၆၂-၁၈၂၂) ဖြစ်သည်။

    ဆရာကြီးဦးနု၏ အဆက်အနွယ်များ

    ထိုဖြေကြားချက် လက်ရေးမူကို ပုံနှိပ်အဖြစ် ၁၉၃၁-ခုနှစ်တွင် ရန်ကုန်မြို့၊စစ်ကဲမောင်ထော်လေးလမ်း၊ အမှတ် ၂၆၁ ရှိ လောကပါလပိဋကတ်ပုံနှိပ်တိုက်မှ ထုတ်ဝေသည့်မြန်မာမွတ်စလင်မ် မျိုးစောင့်ဥပနိသျှကျမ်းပာု အမည်ပေးထားသော ၃၅-ဓနိကျမ်း ၊ပညတ်နွံတမ်း- ၁၆ပိုဒ်ကျမ်း၊ သံတော်ဦး တင်လွှာကျမ်း၊ ခြောက်ခန်းကျမ်း၊ သုံးခန်းကျမ်း၊ တရားရတနာ ငါးစောင်တွဲတွင် တွေ့ရသည်။ ထို့အပြင် ရန်ကုန်မြို့ မောင်ထော်လေးလမ်း (ယခုဗိုလ်ဆွန်ပတ်လမ်း) အမှတ်-၁၈၃ ရှိ အစ္စလာမ်သာသနာ့ရေးရာ ကောင်စီဌာနချုပ်ကလည်း အစ္စလာမ်၏ ရှေးပောာင်းမြန်မာ စာပေများကို ဖော်ထုတ်ရေး စီမံချက်စာစဉ်အမှတ်(က) ပုံနှိပ်စာစဉ် အမှတ်-၁၃ အဖြစ် ၁၉၆၀-ပြည့် မတ်လတွင် ပထမအကြိမ် ထုတ်ဝေသည်။ ဌာနချုပ်တည်ရာနေရာရှိ အစ္စလာမ် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့ပြီး အုပ်ရေ-၃၀၀၀ ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံ အစ္စလာမ်စာပေလောကတွင် ‘ သံတော်ဦးတင်လွှာကျမ်း’ ပာု အမည်တွင် ထင်ရှားသည်။

    အစ္စလာမ်ကောင်စီထုတ် သံတော်ဦးတင်လွှာကျမ်းတွင် အစ္စလာမ်သာသနာ့ရေးရာကောင်စီဌာနချုပ် ၏ အတွင်းရေးမှူးချုပ် ဇေယျာကျော်ထင် ဗိုလ်မှူးဘရှင်က ကျမ်းဦးစကားရေးသားခဲ့သည်။ ကျမ်းဦစကားထဲက မှတ်သားဖွယ် အချက်အချို့ကို ဖော်ပြရဦးမည်။ ဗိုလ်မှူးဘရှင်က အစ္စလာမ်ဘာသာဝင် မြန်မာစာပေ သမိုင်းပာုခေါင်းစဉ်ငယ်တပ်ကာ ဤသို့အစချီထားပါသည်။

    “မြန်မာစာပေသမိုင်းတွင် အစ္စလာမ်သာသနာကို အခြေပြုသည့် စာကောင်းပေကောင်းများ ပေါ်ပေါက်ခဲ့သည့် ခေတ်ရှိခဲ့သည်ပာုဆိုလျှင် သာမန်အားဖြင့် သံသယဖြစ်ကြပေလိမ့်မည်။ စကားပြေသာမက ပျို့၊ ကဗျာ၊ လင်္ကာများပင် ထွန်းကားခဲ့သည် မှန်သော်လည်း ထိုစာပေတို့မှာ မွတ်စလင်မ် မပာုတ်သော် စာဖတ်ပရိသတ်၏ လောကကို ထားဘိဦး မွတ်စလင်မ် စာဖတ်ပရိသတ် လောက၌ပင် ကျယ်ပြန့်စွာထင်ပေါ်သင့်သလောက် ထင်ပေါ်ခြင်းမရှိခဲ့ပေ။”ပာု သူ၏အမြင်ကိုဆိုထားပါသည်။ အလွန်မှန်ပါသည်။ ယနေ့တိုင် ထိုစာပေတို့ကို အများမွတ်စလင်မ်တို့ မသိသည်က များပါသည်။ ရှေးစာပေကျမ်းများမှာ ပုံနှိပ်ရှားပါးခြင်း၊ စာပေအ၀န်းအ၀ိုင်းတွင် လက်လှမ်းမမိခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။

    သံတော်ဦးတင်လွှာကျမ်းနှင့် စပ်လျဉ်းသည့်အချက်တစ်ချက်ကို မှတ်သားရသည်။ ခလီဖွာဦးမြင့် စီစဉ်ရေးသားသော ‘ ဂရာနာလက်စွဲ ငါးခန်းကျမ်းနှင့် နောက်ဆက်တွဲ’ တွင် ဖြစ်သည်။ အာဗစ်ဒ်ရှားဟိုစိုင်နီ သခင်ကြီးအကြောင်းတွင် ဖော်ပြထားသော အချက်ဖြစ်သည်။
    “တစ်နေ့သ၌ ဘုရင်မင်းက (အစ္စလာမ်) ၏အယူဝါဒတရား၊ ၎င်းလောက အစဖြစ်လာပုံများကို သိလိုပါသည်ဟု လျှောက်ထားသဖြင့် သခင်က မြန်မာလို စာစီကုံးတက်သူကိုရေးသားစေ၍ (သံတော်ဦးတင်လွှာ)ဟု ဆက်သွင်းလေ၏ ” ဟူ၍ဖြစ်သည်။ ထိုအထောက်အထားအရ ဘုရင်မင်းဆိုသည်မှာ ဘိုးတော်ဘုရား၊ သခင်ဆိုသည်မှာ အာဗစ်ဒ်ရှားဟိုစိုင်နီ၊ မြန်မာလို စာစီကုံးတက်သူဆိုသည်မှာ သခင်ကြီးဦးနုဟု ဆက်စပ်ကြည့်နိုင်ပါသည်။

    သံတော်ဦးတင်လွှာတွင် အပိုဒ်၎ပိုဒ် ပါဝင်သည်။ သခင်ကြီးဦးနု၏ စာများကို ရေးကူးခဲ့သောခေါင်မင်း (ခုံမင်း) သဒ္ဓိနရာ ဆရာဦးရစ်ကြီး၏လက်ရေးမူအရ သံတော်ဦးတင်သည့် စာတွင် ပထမဆုံးအပိုဒ်မှာ နောင်မေးတော်မူလျှင် တင်ရန်ရေးသားခြင်းဖြစ်ကြောင်းသိရသည်။ သံတော်ဦး တင်လွှာကျမ်းမှ မြန်မာစာ အရေးအသားနှင့် ထူးခြားချက်များကို ထုတ်နုတ်ပြပါမည်။

    သခင်ကြီးဦးနု၏ ဘာသာစကားကျွမ်းကျင်နှံစပ်ပုံကို လည်း သူ့စာထဲတွင်တွေ့ရသည်။ သာဓကအားဖြင့်

    ‘သတ္တ၀ါဖြစ်သော် လူတို့အရွယ်ရောက်လျှင် ရှေးဦးစွာသိအပ်သည်ကား ဖန်ဆင်းသောအရှင် ကို သိအပ်ပါသည်။ ဖန်ဆင်းသောအရှင်ဟူသည်ကား (အရ်ဗီ)ဘာသာမှာ (အလ္လာဟ်)မည်ပါသည်’ ဟူ၍လည်းကောင်း ၊ ‘(ဖွာရစီ)ဘာသာမှာ (ခိုဒါ) ခေါ်ဝေါ်ပါသည်။ အဓိပ္ပာယ်ကား အရှင်ဟူ၍ ရပါသည်။ (ဟင်ဒွတ်စတာနီ) ဘာသာမှာ (ကျစ်ရတာ) ခေါ်ပါသည်။ အဓိပ္ပာယ်ကား ခပ်သိမ်းတော်အမူကို ပြုပြင်သူ ‘

    ဟူ၍ လည်းကောင်းဖော်ပြပုံဖြစ်သည်။ သခင်ကြီးဦးနုသည် အရဗီ၊ ဖာရစီ၊ ဟင်ဒွတ်စတာနီ၊ ပါဠိ၊ မြန်မာ ဘာသာစကားတို့ကို ကျွမ်းကျင်နှံ့စပ် သူဖြစ်ကြောင်း သိရပါသည်။

    တရားကို ပုံဥပမာဆောင်၍ ရှင်းပြပုံမှာ မှတ်သားဖွယ်ဖြစ်သည်။ ‘ သတ္တ၀ါတို့ ကျင့်အပ်သော တရားမှာ ရှရီအတ်၊ တွရီကတ်၊ ဟကီကတ်၊ မအ်ရေဖသ်လေးပါးရှိပါသည်’ ဟု အစချီင်္ပြီးနောက်

    “ရှရီအတ် နို့နှင့်တူ၍ တွရီကတ် ဒိန်နှင့်တူ၏ ၊ ဟကီကတ် မစကာနှင့်တူ၍ မအ်ရေဖသ် ထောပတ်နှင့်တူ၏။ နို့ကိုချက်၍ ဒိန်တက်ရမည်၊ ထိုဒိန်ကို ဒလက်နှင့် မွှေ၍ မစကာမြှပ်ကို ထုတ်ယူရမည်။ ထိုမစကာကိုမီးမှာ တစ်ဖန်ပြန်၍ ချက်ရမည်၊ ဤသည်လျှင် ထောပတ်ဖြစ်၏ ။ ထို့တူလည်းကောင်း ခြိုးခြံရာ၏ “

    ဟုဆိုပါသည်။ ထို့အပြင် ထပ်မံ၍ပုံဆောင်ပြပါသေးသည်။

    ” တစ်ကြောင်းလည်း ရှရီအတ် ပင်လယ်နှင့်တူ၏၊ တွရီကတ် သင်္ဘောနှင့်တူ၏ ဟကီကတ် ယောက်သွားနှင့်တူ၏ ။ မအ်ရေဖသ် ပုလဲနှင့်တူ၏ လှေသင်္ဘောစီး၍ ပင်လယ်ကိုသွားပြီးလျှင် ပုလဲဖြစ်ရာအရပ်၌ ယောက်သွားကိုငုပ်ယူ၍ ပုလဲကိုထုတ်ယူရမည်။ ထိုမှလည်းကောင်း ကျင့်ရပါသည်။ “

    ဟူ၍ ပုံဆောင်ပုံမျိုးဖြစ်ပါသည်။ ၀ါကျတိုကလေးများနှင့် ဆက်ကာဆက်ကာ ရေးသားပုံမှာထူးခြားပါသည်။ အစ္စလာမ်ရှိကျင့်အပ်သော တရားလေးပါး၏ အပေါင်းအစုအဆက်အစပ် သဘောကို ထောပတ်ပြုခြင်း၊ ပုလဲရှာခြင်းသဘောတို့ဖြင့် ရှင်းလင်းတင်ပြပါသည်။ သိမ်မွေ့နက်နဲသော တရားသဘောကို ထင်သာမြင်သာ နားလည်လာအောင် အကောင်အထည်သဘောနှင့် ခိုင်းနှိုင်းကာ ရှင်းပြခြင်းဖြစ်ပါသည်။

    UNUKABR3

    ဘာသာရေးဆိုင်ရာ အသုံးအနှုန်းဖြစ်သည့် အရဗီဝေါဟာရများ၏ ဆိုလိုရင်းနှင့် အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းလင်းကာ လွယ်တကူ နားလည်အောင် တင်ပြနိုင်စွမ်းရှိပါသည်။

    “နဗီအဓိပ္ပာယ်ကား တရားကို သတ္တ၀ါ တို့အား အကြောင်းကြားလာသူ သဗ္ဗညုတဥာဏ်ဝင်စားသူတို့ကို နဗီ သမုတ်ပါသည်။”

    “မာလာယစ် ဟူသည်မှာ တဏှာရာဂမရှိ၊ ယောက်ျားလည်းမဟုတ် မိန်းမလည်းမဟုတ်၊ ယိုမာလာယစ်တို့ကား အနန္တအရေအတွက်မရှိ။”     “ရှရီအတ်တရားတော်မှာ ဇွာဟေ့ရီ အဓိပ္ပာယ်ကား ထင်ရှားခြင်းကို ဆိုလိုပါသည်။ တွရီကတ်၊ ဟကီကတ်၊ မအ်ရေဖသ်မှာ အဓိပ္ပာယ်ကား မထင်မရှားအတွင်း၌တည်၏  ဆိုပါသည်၊ ၀ါဒစွလ် အဓိပ္ပာယ်ကား အတွေ့အမြင် ပာာစ္စေလ် အဓိပ္ပာယ်ကား စိတ်လိုသည့်အတိုင်း ပြည်စုံသည်ကို ဆိုပါသည်။ အမ္မရာ မည်သည်ကား လောဘ၊ ဒေါသ၊ မောပာ၊ တဏှာ၊၀န်တိုမိစ္ဆာ က—ဿာ အပေါင်းတို့ကိုဆိုလိုပါသည်။ ဆင်းရဲအပေါင်းကင်းငြိမ်းရာ အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းသော ဂျန္နသ်နေရာမြတ်၊ ပာလာလ်သမုတ်တော်မူသော တရားနှင့်လျော်ညီသော ပာရာမ်သမုတ်တော်မူသော တရားနှင့်မလျော်ညီ” ပာူ၍ ဖွင့်ဆိုခဲ့မျိုးဖြစ်သည်။ စူရာပ်ာပေါင်း (၁၁၄) ကို ‘အပိုဒ်ပေါင်း တစ်ရာ့လေးဆယ်’ “အာယသ်ပေါင်း (၆၆၆၆) ကို” ပုဒ်ပေါင်း ခြေက်ထောင့် ခြောက်ရာ ခြောက်ဆယ့်ခြောက်” ဆွပာာဗာ ကို ‘တပည့်ကြီး’ ကအ်ဗာကျောင်းတော်ကို ‘ မက္ကာပ်ာကျောင်းတော်’ ‘အခွင့်ပြုသောပာလာလ်’ ‘မြစ်တားထားသော ပာရာမ်’ ပာူ၍ ရှင်းလင်းတင်ပြပါသည်။ ‘ ပါဠိကုရ်အာန်တရားတော် ၀ဖာသ်ဖြစ်သည်ကို ‘စုတေ’ ၊ ‘သောကြာနေ့သိမ်ဗလီသို့ဝင်၍ တရားတော်ကိုနာခြင်း’ ‘အသက်တော်လေးဆယ်တွင်ဖွင့်၍ ၀ါတော်နှစ်ဆယ့်သုံးနှစ်၊ ပေါင်းခြောက်ဆယ့်သုံးနှစ်တွင် အမြဲရှိသောနေရာသို့ ပြောင်းကြွပါသည် ‘ ပာူသော အသုံးတို့တွင် အဓိပာယ်တစ်ထပ်တည်းမကျသည့်တိုင် အစ္စလာမ်ဘာသာဝင်မပာုတ်သူ နားလည်နိုင်ရန် ပါဠိစကားမြန်မာစကားတို့ဖြင့် သဘောဆင်ဆင်တူရာတူရာယူ၍ ဆီလျော်အောင်သုံးထားခြင်းဖြစ်သည်။

    အလ္လာပ်ာအရှင်မြတ်၏ ဂုဏ်တော် ဆွီဖသ်တော်ကို ထိထိမိမိရှင်းရှင်းလင်းလင်း ဖော်ပြရဦးမည်။

    ‘ထိုဖန်ဆင်းသောအရှင်သည် အစမရှိသော၊အဆုံးမရှိ၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဖောက်ပြန်ပြောင်းလဲခြင်းမရှိ၊ အရုပ်သန္တာန်မရှိ၊ အတုဖက်မရှိ၊ အမေ့အမှားအစားအအိပ်မရှိ၊ အရောင်အရသာအနံ့မရှိ၊ မတက်နိုင်စွမ်းသည်ပာူ၍ မရှိ၊ ပျင်းရိပင်ပန်းခြင်းလည်းမရှိ၊ အချိန်ကာလတိုင်း အရပ်ဒေသတိုင်းရှိနေတော်မူ၏၊ အမြဲအစဉ် တည်တော်မူ၏၊ မည်သူကိုမျှလည်းတကဲမပြု၊ တိုင်ပင်ဖက်လည်းမရှိ၊ ကုသိုလ်တ ရားကို ပောာတော်မူ၏၊ ကုသိုလ်ကို ပြုတော်မမူ၊ အကုသိုလ်ကို မပြုနှင့်ပာုမြစ်တားတော်မူ၏၊ အကုသိုလ်ကို ပြုတော်မမူ သားမယား အစရှိသော စည်းစိမ်ကိုလည်း တောင့်တတော်မမူ၊ တောင့်တခြင်းကင်း၏ ‘ ဟု လျှောက်ထားပါသည် —–အသုံးများကိုတွေ့ရသည်။ ”၏ ‘

    ‘ဟုသောဝါကျအဆုံးသတ်ပစ္စည်းစကားကိုသုံးကာ အကြောင်းအရာ၏ တိကျခိုင်မာသောသဘောကို ပေါ်လွင်စေသည်။ ထို့အပြင် “မရှိ မပြု မမူ” ဟူသော မဟုတ်ကြိယာနှင့်ဆုံးသော ၀ါကျများကို အများဆုံးအသုံးပြုထားသည်။ ဖော်ပြသော အကြောင်းအရာကို စိတ်ဝင်စားဖွယ် အာရုံပြုမိလာအောင် ၀ါကျအသွင်ဖွဲ့ကာဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

    သခင်ကြီးဦးနု၏  မြန်မာစကားပြေအရေးအသားကောင်းပုံကိုထပ်၍ဖော်ပြပါဦးမည်။ သခင်ကြီးဦးနု၏ စကားပြေအရေးအသားသည် ရှင်းလင်းသည်။ ပြေပြစ်သည်။ ကျစ်လျစ်သည်၊ သိလွယ်မြင်လွယ်ဖြစ်သည်။ ပုံစံတူစကားစုများဖြင့် ဟန်ချက်ညီဝါကျဖန်တီးကာ စာဝင်ပြေပြစ်အောင် ရေးသားသည်။ အောက်တွင်ရှု့ကြည့်ပါလေ။

    ” သတ္တ၀ါ အပေါင်းတို့ ကုသိုလ်တရား အကုသိုလ်တရားကို စိတ်ထဲ၌ကြံသမျှကို အကြွင်းမရှိသိပါသည်။ သတ္တ၀ါတို့ ကုသိုလ်တရား၊ အကုသိုလ်တရားတို့ကိုနှုတ်၌ဆိုသမျှကို အကြွင်းမရှိကြားပါသည်။ သတ္တ၀ါတို့ကုသိုလ်တရား ၊အကုသိုလ်တရားတို့ကို ကိုယ်၌ကျင့်သမျှကိုလည်း အကြွင်းမရှိမြင်ပါသည်။ သတ္တ၀ါတို့ကုသိုလ်တရားကို ကိုယ်နှုတ်နှလုံးဖြင့်ကျင့်သော သူတို့အား ကုသိုလ်အလျောက် စီရင်၍ ကောင်းကျိုးပေး ပါသည်။ အကုသိုလ် တရားကို ကိုယ်နှုတ်နှလုံးဖြင့် ကျင့်သောသတ္တ၀ါတို့အား အကုသိုလ်အလျောက် စီရင်တော်မူ၍ မကောင်းကျိုးကိုပေးပါသည်။”

    ဟူသောအဖွဲ့တွင် ကြည့်နိုင်ပါသည်။

    “ဖန်ဆင်းတော်မူသော အရှင်ထံတော်သို့ ရောက်အောင် ကျင့်ဆောင်ရာသည်မှာ အမ္မရာမည်သော နှောင်အိမ်ကို ချိုးဖဲ့ဖျက်ဆီး၍ အမ္မရာမည်သော ရန်သူကိုစစ်ထိုးရမည်” ဟူသော အဖွဲ့တွင်  ‘အမ္မရာမည်သော နှောင်အိမ် ‘ ‘အမ္မရာမည်သော ရန်သူ’ဟု တင်စားသုံးထားပုံမှာ ထိမိလှပါသည်။

    သံတော်ဦးတင်လွှာကျမ်းမှ လျှောက်တင်ချက်နှစ်ရပ်ကို သတိပြုမိပါသည်။ တစ်ချက်မှာ အစ္စလာမ်နှင့် စပ်လျဉ်း၍ ခေတ်အဆက်ဆက် အထင်အမြင် နားလည်မူ လွှဲမှားခြင်း ခံရသော ကုရ်ဗာနီ၏သဘောကို ရှင်းလင်းသိသာစေရန် တိရစ္ဆာန်တို့အပေါ် သဘောထားကို လျှောက်တင်ချက်ဖြစ်သည်။ ဘိုးတော်ဘုရားထံ ဤသို့လျှောက်ထားခဲ့ပါသည်။

    ”ကျွဲ၊ နွား၊ အစရှိသော အဟိတ်တိရစ္ဆာန်အပေါင်းတို့မှာ လူတို့အစေအပါး အသုံးအဆောင်အလို့ငှာ ဖန်ဆင်းထားကြောင်းနှင့် ကျမ်းဂန်တွင် ရှိပါသည်။ အကျူးအလွန်မပြုသင့်။ သနားခြင်းမကင်းသင့်ဟူ၍လည်း ကုရ်အာန်ကျမ်းတော်မှာ ထွက်ပါသည်။ ထိုတိရစ္ဆာန်တို့ကို အစာ၊ မြက်ရေ ၀အောင် မကျွေး၊ မမွေးဘဲ အချိန်အခါကျူးလွန်၍ မစေခိုင်းသင့်။ အတန်အရာစေသုံး စားသောက်သည်မှာ အပြစ်မရှိ။ ကျမ်း၌ထွက်ပါသည်။”

    ဟူ၍ဖြစ်ပါသည်။နောက်တစ်ချက်မှာ တမန်တော်မြတ်၏ မုအ်ဂျီဇာနှင့် စပ်လျဉ်း၍ ဤသို့လျှောက်လွှာတင်ရန် ရေးသားချက်ဖြစ်ပါသည်။

    ” ဗိုင်တွလ်မုက္ကဒတ်မြို့၊ အပ်ကစွာကျောင်းတော်ရှေ့ခင်းထားသော အလျားခုနစ်တောင်၊ အနံလေးတောင်ခန့် ထုတစ်ထောင်ခန့်ရှိသောကျောက်ဖျာ ထက်ခြေတော်ချ၍ ခြေတော်ရာနှင့်တကွ အထက်သို့မြင့်ပြီးလျှင် ပန်းဆိုင်းဆွဲသကဲ့သို့လူတို့ လက်ခုပ်တစ်ဖောင်ကျော်၌ ယခုတိုင် အမြဲတည်နေကြောင်း နှင့် ကျမ်းဂန်မှာထွက်ရှိပါသည်။”

    ဟူ၍ အစ္စလာမ်ဘာသာရှိ အံ့ဖွယ်များသည် ပုံပြင်ဒဏ္ဍာရီများမဟုတ်။ တကယ့်ဖြစ်ရပ်များသာဖြစ်သည်။ သမိုင်းကြောင်းအရ၊ ပထ၀ီဝင်အရ လက်တွေ့ပြသနိုင်သည်ဟူသော သဘောကိုအထောက်အထားခိုင်ခိုင်မာမာဖြင့် လိမ္မာပါးနပ်စွာ တိတိပပတင်ပြခြင်းဖြစ်ပါသည်။

    နိဂုံးချုပ်ပါတော့မည်။ ဘိုးတော်ဘုရား ဗဒုံမင်းက ဘာသာသာသနာအသီးသီးကို စူးစမ်းလိုသောကြောင့် မေးမြန်းသည်။ သခင်ကြီးဦးနုက အစ္စလာမ် သာသနာတော်ကို ကိုယ်စားပြုကာ မိမိတရား၏ အရှိတရားကို သံတော်ဦးတင်ကာလျှောက်ထားသည်။ခေတ်ကာလအခေါ်စကားဖြင့်ဆိုရပါမူ Inter-faith dialogue ဘာသာပေါင်းစုံ ဆွေးနွေးပွဲသဘင် တွင် ပါဝင်လျှောက်ထားခြင်းဖြစ်ပါသည်။ ဘုရင် ဧကရာဇ်ပင်ဖြစ်စေကာမူ မိမိသက်ဝင် ယုံကြည်သော သာသနာနှင့် စပ်လျဉ်း၍တရားအတိုင်း ၀ံ့ဝံ့စားစားတင်လျှောက်ထားပုံမှာ ချီးကျူးဂုဏ်ယူထိုက်ပါသည်။

    အစ္စလာမ် အပေါ်အထင်အမြင်လွဲမှားခြင်း အခံရဆုံးအချက်ဖြစ်သော ကုရ်ဗာနီနှင့် စပ်လျဉ်း၍ တိရစ္ဆာန်တို့အပေါ် သဘောထားကိုဖော်ပြခြင်းအားဖြင့် ပိုင်ပိုင်နိုင်နိုင်တင်ပြထားပါသည်။ ရစူလ် ကိုယ်တော်မြတ်၏ မုအ်ဂျီဇာကို တင်ပြရာတွင်လည်း အပ်ကစွာ ကျောင်းတော်မှ အံ့ဖွယ်ကျောက်ဖျာကို ရွေးကောက်၍ သက်သေပြပုံမှာ ထိမိပြောက်မြောက်လှပါသည်။ လက်ခံဖွယ်ဖြစ်အောင် စိတ်ဝင်စားဖွယ်ဖြစ်အောင် အကြောင်း အရာရွေးချယ် တင်ပြတတ်ပုံကို တွေ့ရပါသည်။ ဤသို့ဖြင့်သံတော်ဦးတင်လွှာကျမ်းတွင် ဒီးန်သာသနာတော်နှင့်စပ်လျဉ်း၍ မြန်မာစာ မြန်မာစကားကို အသုံးပြုကာ အယူခြားသူအား ထင်သာမြင်သာနားလည်လာအောင် ရွေးချယ်ရေးသားတင်ပြထားပုံမှာ ဒအ်ဝသေသဗ်လိဂ် အစ္စလာမ်ကို ဖိတ်ခေါ်ဖြန့်ချိလိုသူတို့ အဖို့ လေ့လာနည်းယူစရာဖြစ်ပါသည်။

    မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်)

    ရည်ညွှန်း-
    နု၊ ဦး၊ ဆရာကြီး ၁၉၃၁-ခုနှစ်။ မြန်မာမွတ်စလင်မ်မျိုးစောင့်ဥပနိသျှကျမ်း၊ ရန်ကုန်၊ လောကပါပိဋကတ်ပုံနှိပ်တိုက်။
    နု၊ ဦး ၊ ဆရာကြီး၊ ၁၉၆၀-ခုနှစ်။ သံတော်ဦးတင်လွှာကျမ်း။ ရန်ကုန် ၊ အစ္စလာမ်စာပုံနှိပ်တိုက်။
    မြစ်၊ ဦး၊ ခလီဖွာ ၁၉၅၂-ခုနှစ် ။ ဂရာနလက်စွဲ ငါးခန်းကျမ်းနှင့် နောက်ဆက်တွဲ။ မန္တလေး၊ ချွေတာရေးပုံနှိပ်တိုက်။

    DSC_0163

  • ဘိုးတော်မင်းတရား လက်ထက် ရမ္မာဝတီ မြို့ဝန် စာဆိုတော် ဆရာကြီး ဦးနု

    ဘိုးတော်မင်းတရား လက်ထက် ရမ္မာဝတီ မြို့ဝန် စာဆိုတော် ဆရာကြီး ဦးနု

    စက်တင်ဘာ၊ ၂၂၊ ၂၀၁၂

    M-Media

    တက္ကသိုလ်စိုးလွင် (ရွှေမန်းတက္ကသိုလ်) တင်ပြသည်။

    ဆရာကြီးဦးနုသည် မြန်မာနိုင်ငံတော်ကို တတိယအကြိမ်တည်ထောင်တော်မူခဲ့သော အလောင်းမင်းတရားကြီး၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာသည် ဖခမည်းတော်၏ ရွှေနန်းစည်းစိမ်ကို ဆက်ခံစိုးစံစဉ် မြန်မာသက္ကရာဇ် ၁၁၄၂-ခုတွင် ရတနာ သိင်္ဃ မင်းနေပြည်တော်ကြီးတွင် ဖွားမြင်ခဲ့သည်။

    ဆရာကြီးဦးနု၏ မွေးသက္ကရာဇ်ကို မည်ကဲ့သို့ သိရှိရသနည်းဟူမူ ဆရာကြီးဦးနု ပြုစုရေးသားခဲ့သော သုံးခန်းကျမ်း အပြီးတွင် ကျမ်းပြီးသက္ကရာဇ် ၁၁၅၆-ခုဟူ၍ ပြဆိုထားပေသည် ဆရာကြီး ဦးနု မိမိအသက် ၃၂- နှစ်ရှိသောအခါ သုံးခဏ်းကျမ်း ပြုစုကြောင်း သုံးခဏ်းအစ စာမျက်နှာတွင် ရေးသားထားလေသည် ထိုကြောင့် ကျမ်းပြီးသက္ကရာဇ် နှင့်တွက်စစ်သည်ရှိသော် ဆရာကြီး၏ မွေးသက္ကရာဇ်ကိုရှိပေသည် ဟစ်ဂျရီ သက္ကရာဇ်အားဖြင့် ၁၁၇၈ ခုဖွား ဖြစ်ပေသည်။

    ဆရာကြီးဦးနု၏ ငယ်နာမည်ကား မုဟမ္မဒ်ကာစင်မ် ဟူ၏ ဆရာကြီးသည် ကျမ်းပြုတိုင်း ကျမ်းပြုသူ၏ အမည်နာမကို အထူးသိစေရန် စကားဝှက်များဖြင့်ရေးသားလေ့ရှိ၏ သုံးဆယ့် ငါးခန်းကျမ်းအဆုံးတွင် ရေးသားထားသည်မှာ စာပြုသူမှာ ခြောက်စစွာ၊ မ-မှာ ဆွဲအစ်လျှင်၊ င-ကိုသတ္ထိဆွဲပြီးမှ၊ န-မှာလေးအောက်တွင်၊ သည်တွင် နာမ၊ ပုံသေကျ၊ တွေးယူပေရှင်ဟူ၍ ၎င်းခြောက်ခန်း ကျမ်းအဆုံးတွင်လည်း ရေးသားသည်မှာ ဤစာပြုသူ၊ လွယ်တကူ၊ တွေးယူသိစရာ၊ သဝေအစ၊ မ-ကိုချ၊ င-တွင်အစုံပါ၊ နကိုအချောင်းငင်၍ပေါင်း၊ စာကောင်းပြုဆရာ ဟူ၍၎င်း ပညတ်ခွဲတန်း ဆယ်ခြောက်ပိုဒ် ကျမ်းအဆုံးတွင်လည်း ကျွန်နာမကား၊ အစခြောက်တည်၊ ရေးသည်-မမှာ၊ အစ်ဆွဲကာပင်၊ င-တွင်သတ်တ၊ ဆွဲမှတသွယ်၊ နငယ်ကိုမှာ၊ လေးဆွဲပါလော့သည်ကားနာမ၊ ပုံသေကြ၏။ ဟူ၍ အသီးသီး တွေ့ရှိရပေသည်။

    ဆရာကြီးဦးနု၏ ဘိုးဘွား မိဘတို့သည် အင်းဝဇာတိဖြစ်ပေသည် ထိုကြောင့်ဆရာကြီး ဦးနုသည် မြန်မာမွတ်စလင်မ် အဆက်အနွယ်လေးရပ်ဖြစ်သော အင်းဝဆက်၊ သုံးထောင့်ငါးရာဆက်၊ ရခိုင်ဆက်၊ ကသည်းဆက်ဟူ၍ရှိရာ ဆရာကြီးဦးနု၏ အဆက် အနွယ်သည် အင်းဝဆက် ဖြစ်ပေသည်။ သက်သေသာဓက အထောက်အထားကို ပြဆိုရလျှင် ဆရာကြီး ဦးနုပြုစုသော ဆယ့်ငါးခန်းကျမ်း နိဂုံးတွင် မိမိ၏ အဆက်အနွယ်ကိုစာရှုသူတို့ သိစေရန် ရေးသားထားသည် လျှောက်ဟံဆိုဘွယ်၊ အကြောင်းဝယ်ကား၊ မွေးမယ်မိဘ၊ ဘိုးဘေးစသည် အင်းဝဇာတိ၊ ဖြစ်ဘိမှန်စွာ ကျွန်ုပ်မှာကား၊ ရတနာ သိင်္ဃ၊ ပြည်မကုန်းဘောင်၊ တည်ထောင်သာသနာ၊ ထွန်းသောခါဝယ်၊ ရာဇာဋ္ဌါနီ ဖြစ်ပြီးမှန်ငြား၊ ရွှေဘိုသားရှင့်၊… ထို့ကြောင့် ဆရာကြီး ဦးနုသည် အဆက်အနွယ်အားဖြင့် အင်းဝဆက်ကဖြစ်၍ ဇာတိအားဖြင့် ရတနာသိင်္ဃ၊ ရွှေဘိုမြို့ပေတည်း။

    ဆရာကြီးဦးနု၏ မိဘတို့သည် မြန်မာသက္ကရာဇ် ၁၁၁၃ – ခုနှစ်တွင် ဟံသာဝတီ မွန်ဘုရင်က အ၀မြို့တော်ကြီးကို တိုက်ခိုက်ရာ အ၀မြို့တော်ကြီး ပျက်သည်တွင် ဦးအောင်ဇေယျသည် မုဆိုးဖို အရပ်မှ ခြားနား၍ တထီးတနန်း တည်ထောင်ရာတွင် မြန်မာတို့သည် ဦးအောင်ဇေယျ ၏ဘုန်းတော်ရိပ်ကို ခိုလှုံရန် ၀င်လာကြလေသည်။ ထိုသို့ ၀င်လာသူများ အထဲတွင် ဆရာကြီး ဦးနု၏ မိဘတို့သည်လည်း အင်းဝပျက်၍ ပြည်ရွှေဘိုသို့ တိမ်းရှောင် ကြပေလိမ့်မည်။ ထိုကြောင့်ဆရာကြီးဦးနုသည်အလောင်းမင်းတရားကြီးဦးအောင်ဇေယျ နတ်ရွာစံပြီးနောက် နှစ်နှစ်မြောက်တွင် ရွှေဘိုမြို့တော်တွင် မွေးဖွားရခြင်း ဖြစ်တန်ရာသည်။

    ဆရာကြီးဦးနု၏နောင်တ

    ဆရာကြီးဦးနု  ပြုစုသော  သုံးခဏ်းကျမ်းစာမျက်နှာ (၂၆၉)  တွင်ရေးသားထားသည်မှာ  အသက်  လေးငါးနှစ်အရွယ် အကျောက်ပေါက်သဖြင့်  အရက်ကို  ဆေးဖြင့်သုံးဘူးသည်ကို  အသက်  ၃၂  နှစ်တွင်  ပြုစုသော  သုံးခဏ်းကျမ်းကို ပြုစုစဉ်  သတိရသဖြင့်  ပူမိကြောင်း  ရေးသားထားပေသည်။ထိုအချိန်ကစ၍  မထိပါ  ဟူ၍မိမိ၏  အကျင့်သီလကို ဖော်ပြထားသည်  ဆရာကြီးဦးနုသည်  ခြောက်ခဏ်းကျမ်း  စာမျက်နှာ  ၂၂၀  တွင်မိမိသည်  ဆယ့်သုံးနှစ်သားကပင် အရွယ်သို့ရောက်သည် ဆယ်ကိုးနှစ်မှစ၍နမာဇ် ၀တ်ပြုမှုကိုပြုရခြင်းကြောင့် ခြောက်နှစ်အတွက် ကသွာ မိမိအပေါ်တွင်တင်ရှိနေခြင်းကြောင့် ပူပန်သောကရှိကြောင်းကိုသုံးခဏ်းကျမ်း အစတွင်ရေးသားသည်မှာ ထိုခြောက်နှစ်ကို ရက်ပေါင်း နှစ်ထောင့်တရာခြောက်ဆယ်  ရှိသည်။  ဖွရတ်သွ  နမာဇ်ပေါင်း  သုံးသောင်းခြောက်ထောင်ခုနှစ်ရာနှစ်ဆယ်သော
    ရကအတ်  လစ်ဟင်းလေသည်။ဟူ၍  ထိုကသွာများအတွက်  ထောက်ရှုတိုင်း  ပူပန်သောကရှိကဲ့သည်  ဟူ၍ ဆရာကြီးသည် ငြီးငြူထားပေသည်။

    ဆရာကြီးဦးနု၏ဆရာ

    ဆရာကြီးဦးနု၏  ဆရာကား  အီဂျစ်ပြည်သားဖြစ်၍  ကိုယ်တော်မြတ်  မုဟမ္မဒ်သခင် (ချမ်းမြေ့  သာယာခြင်း  အပေါင်း ကိုယ်တော့်  အပေါ်  သက်ရောက်  ပါစေသတည်း၏ ) သာကီဝင်  စိုင်ယစ်ဒ်  အနွယ်တော်လည်းဖြစ်ပေသည်  အမည်ကား စိုင်ယစ်ဒ်မုဟမ္မဒ်ဖြစ်လေသည်  မိမိဆရာ၏  ဂုဏ်ကိုအထူးသိစေရန်  သုံးခန်း ကျမ်းဦးအစတွင်  ရေးသားထားသည်မှာ ဖန်ဆင်း  မွေးမြူတော်မူသော  ကျေးဇူးတော်မြတ်ကို  ထောက်ထားသဖြင့်  တရားတော်နှင့်အညီ  ကျင့်ဆောင်ဆောက် တည်ကောင်းလျက်  မပြုမိုက်များမေ့လျော့၍  ခြောက်နှစ်ကျော်  ခုနှစ်နှစ်  ခန့်နေချေသည်  အသက်တဆယ့်ကိုးနှစ် ရောက်သောကာလ ရာဇဋ္ဌာနီရှာမ် အမည်ရှိသောပြည်က ငါတို့သခင် မုဟမ္မဒ် အနွယ်တော်ဖြစ်သော စိုင်ယစ်ဒ် မုဟမ္မဒ် ရန်ကုန်မြို့သို့  ဆိုက်ရောက်သည်တွင်  ထံတော်နီးစပ်  ချဉ်းကပ်သည်နှင့်။ တဆယ့်ကိုးနှစ်အရွယ်က  တွာအပ်ဗန္ဒဂီကို။ အစဉ်  အစဉ်  အတိုင်းမပြတ်  မပျက်စေရ။  ၀ိရိယနှင့်တကွ ကျင့်ဆောင်၍  ယခုငါ့အသက်သုံးဆယ့်နှစ်နှစ်ရှိပြီ။  စိုင်ယစ်ဒ် သခင်ကိုမတွေ့ရမှီ  မသိမမြင်မေ့လျော့  မိုက်မှားအလား  တိရစ္ဆာန်ကဲ့သို့နေသည်  အတွင်းအီဘ  လစ္စညွှတ်ကွင်း တဏှာတွင်းသို့ တစ်ကြိမ်တစ်ခေါက် ရောက်မှားဘူးချေပြီ ဟူ၍ မိမိကိုယ်ကို သံဝေဂဖြစ်စေသည် ထိုအထက်ပါ စာပိုဒ်တွင် ဆရာကြီး ဦးနုသည် အသက်ဆယ်ကိုးနှစ်တွင် ရန်ကုန်မြို့ကို ရောက်ဖူးကြောင်းကိုတွေ့ရသည်။

    အလောင်းမင်းတရားကြီး၏  စတုတ္ထသားတော်ဖြစ်သော  ဘိုးတော်မင်းတရားကြီးသည်မြန်မာ  သက္ကရာဇ်  ၁၁၄၄ ခုနှစ်တွင်  အမရပူရမြို့တော်သစ်ကို  တည်ထောင်တော်မူ၍  သက္ကရာဇ်-၁၁၄၅  နှစ်တွင်  အင်းဝမြို့မှ  ပြောင်းရွှေ့၍ စံတော်မူသည်။ ထိုအခါ  တိုင်းသူပြည်သားအပေါင်းတို့သည်  မင်းနေပြည်တော်သို့  ပြောင်းရွှေ့ကြလေသည်။  ဆရာကြီး ဦးနုသည်လည်း  အမရပူရ  လင်းဇင်းကုန်းဒေသတွင်  ပြောင်းရွှေ့နေထိုင်သည်။  ထိုသို့နေထိုင်စဉ်  စာပေကျမ်းဂန်များကို ပြုစုလေသည်။

    ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်း

    ဆရာကြီးဦးနုသည်  အသက်  နှစ်ဆယ်ကိုးနှစ်သားအရွယ်ကစ၍  ကျမ်းစာများကို  စတင်၍ရေးသားသည်။ ထိုသို့ပြုစုသောအခါ  အာရဗီစာကို  မြန်မာဘာသာသို့  ပြန်ရပါမည်လောဟူ၍  ဆရာကြီးအား  အချို့သော ဥာဏ်နည်းသူတို့က  ကဲ့ရဲ့ကြလေသည်။ ဆရာကြီးဦးနုသည်  မိမိအား  ကျမ်းဂန်များ  ပြုစုသဖြင့်  ကဲ့ရဲ့ခြင်းခံရကြောင်းကို သိစေရန်  ခြောက်ခန်း  ကျမ်းစာမျက်နှာ (၂၀၅)  တွင်  ရေးသားသည်မှာ  အသက်မှာနှစ်ဆယ်  ကိုးနှစ်ရွယ်က မကျယ်မ၀န်း။ ဆဲ့တခဏ်းဖြင့်၊ ရွှင်လမ်းတခါ။ သုံးဆယ်သာ၍။ စမ္မာစွန်းလစ်။
    ထိုသည့်နှစ်လည်း။ အစ်နှင့်ဒွေးရော။ သုံးခဏ်းဟောရှင့်။  ချောမောမှတ်ရာ။  ပြုစုပါသည်။  ထိုခါသော်က  လူ့ဗာလတို့။ သူများဘာသာ  တို့ကျမ်းစာကို။  ပညာဆင့်။  မပြန်သင့်ဟု။  မရင့်ဂုဏ်ယူ။  ကဲ့ရဲ့မူ၏  ဆရာကြီးဦးနု  ပြုစုသော ကျမ်းဂန်များကို  လူအပေါင်းတို့  ဖတ်ရှုရသဖြင့်  အကျိုးကျေးဇူးများစွာ  ဖြစ်ထွန်းကြောင်းကို  သိလာသောအခါ ထိုအထက်ပါ  ကဲ့ရဲ့သော  သူများသည်  ဆရာကြီးဦးနုအား  တဖန်ချီးမွမ်း ကြပြန်လေသည်။ ထိုအကြောင်းကို ဆရာကြီးဦးနုက  သိစေရန်  ခြောက်ခန်းကျမ်းအစတွင်  ရေးသားသည်မှာ  လူ (ဂျာဟေလီ)။ နည်းမှီ မှတ်သားပွားများကျင့်ဆောင်၊  နောင်ရေး ကြောက်ကြသံဝေရမှ။  ကောင်းစွာတဘန်။  ချီးမွမ်းပြခဲ့ ဟူ၍ တွေ့ရလေသည်။  ဆရာကြီးအား  ကဲ့ရဲ့သောလူများ  ရှိသလို  ချီးမွမ်းသူများလည်း  ရှိပေသည်  ဆရာကြီးအား ကျမ်းပြရန်။  အတန်တန်တောင်းပန်သောသူတို့တွင်  ထိုခေတ်အခါက  အမရပူရနေပြည်တော်တွင်  ခုံမင်းအရာဖြင့် အမှု့တော်ကို  ထမ်းခဲ့သော  ခုံမင်းမောင်ဥ  ဖြစ်သည်။ ခုံမင်းမောင်ဥ  တောင်းပန်ကြောင်းကို  ခြောက်ခန်းကျမ်းအစတွင် ဆရာကြီးရေးသားသည်မှာ  အရ်ဗီဘာသာကို  မြန်မာဘာသာ  သို့ပြန်ဆိုပါမည်။  စိတ်၌  အကြံရှိသည်မှာ  နှစ်၊  လ  များ လှပြီ။  ခုံမင်းမောင်ဥ  တောင်းပန်သည်လည်း  ရှစ်နှစ်ကျော်ရှိပြီ  ထို့အပြင်အရ်ဗိဘာသာ  နက်နဲစွာကို  မြန်မာပြန်မည်။ စိတ်ကရည်လျက်  ကြံစည်သည်မှာ  ကြာတောင်းကြာခဲမှုမှာ  တောင်လောက်။ ပို၍မောက်ရှင့်။  မခေါက်မအား။ သို့ဖြစ်ငြားလည်း  ရွယ်ကားမငယ်  ငါးဆယ်ပြည့်ပြီ။  မသေမှီက ကြိုးလုလ္လမှာ  စိတ်ကကြံစည်ပြီး လိမ့်မည်ဟု ရသည်အကြောင်း အထူးမှတ်သားရန်ကား ဆရာကြီးဦးနု ခြောက်ခန်းပြုသောအခါ အသက်ငါးဆယ်ပြည့်နေလေပြီ။

    ဆရာကြီးဦးနုနှင့် ကြွေး

    ဆရာကြီးဦးနုသည်  သုံးဆယ့်ငါးခဏ်း  ၀ိနည်းကျမ်းတော်ကြီးကို  ပြုစုနေစဉ်  ဆရာကြီးဦးနုတွင်  သူတပါးအား ပေးဆပ်ရန်  ကြွေးငွေများတင်ရှိနေပေသည်။  ဆရာကြီးသည်  ကြွေးငွေများကို  ဆောလျှင်စွာ ဆပ်နိုင်လောက်အောင်ငွေမရှိသဖြင့်  ဆရာကြီးသည်  လူမြင်မခံဝံ့ဘဲ  ဆယ်လတိုင်တိုင်တိမ်းရှောင်နေရပေသည်။  ထိုသို့တိမ်းရှောင်နေစဉ် သုံးဆယ့်ငါးခဏ်း  ကျမ်းတော်ကြီးကို  အပြီးတိုင်  ပြုစုပြီးလျှင်  ရရှိသော  ကြေးငွေများကို  ကြွေးရှင်များအား အသီးသီးပေးဆပ်နိုင်သောကြောင့်  ဆရာကြီးဦးနုသည်  ထိုသောအခါမှသာလျှင်  ယခုရောနောင်ပါ  သာယာတော့မည် ဟူ၍  သုံးဆယ့်ငါးခန်း  နောက်ဆုံးတွင်ရေးသည်မှာ မောင်နုတွင်မည်၊  ကျွန်ုပ်သည်ကား၊  မတည်ရပ်ပါ၊  ကြွေးများစွာကြောင့်၊  အိမ်မှာလျှင်မျှ၊  မနေရတည့်၊  ခေတ္တဟိုသည်  တိမ်းရှောင်လည်  ၍နေ့ရှည်လှစွာ၊ကြာတောင်းကြာခဲ့၊ ရက်မှာတဆယ်၊  ပြီးလောက်ဘွယ်ကို  ကိုယ်ဝယ်သောက၊  ဤဒုက္ခကြောင့်  ဆယ်လမြောက်ပင်၊ နေ့ရက်မြင်ခဲ့။ မရွှင်ညှိုးပူ၊  စိတ်မဖြူလည်၊  လူဟူသမျှ၊  နစ္စမရှိ၊  ရှုမိပြန်က၊  အစများလာ၊  မထားပေကောင်း၊  ပြီးကြောင်း ကြံစည်၊စိတ်ရည်မှတ်ခါ၊ ဤကျမ်းစာသည်၊ ဘက်ခါဝယ်တည့်သာတော့၏။

    ဆရာကြီးသည် အမှားကိုဝန်ခံခြင်း

    ဆရာကြီးဦးနုသည်  အသက်သုံးဆယ်နှစ်နှစ်တွင်  ဉပစုသော  သုံးခဏ်ကျမ်းစာမျက်နှာ  ၃၆၉-တွင်  ဆရာပညာရှိတို့က (ကသွာ)  မထိုက်(ကသွာ)မပြုသင့်ဟု  ဟောပြောကြသည်ကို  အမှန်ထင်မှတ်၍  သုံးခဏ်ကျမ်းတွင် (ကသွာ) မပြုသင့်ဟူ၍ ရေးသားမိခဲ့လေသည်။ သက္ကရာဇ် ၁၁၇၁-ခုနှစ်တွင် ဘင်္ဂလားမြို့သို့ရောက်သောအခါ ထိုမြို့တွင်ဖွေကာ မစအူဒီတွင်သော  အလွန်ခိုင်မာသောဝိနည်းကျမ်းတော်ကြီးကို  ဖတ်ရှုရာ  ကသွာပြုရမည်ဟူ၍  တွေ့သဖြင့် အသက်လေးဆယ်ခုနှစ်နှစ်မှ  မိမိအမှားကိုသိရှိရသဖြင့် အသက်ငါးဆယ်အရွယ်တွင်  ပြုစုသော  ခြောက်ခဏ်ကျမ်းတွင် မိမိအထက်က  ရေးခဲ့ဘူးသော  အမှားကို  ၀န်ခံထားသည်မှာ ကျွန်ုပ်ဆယ်သုံးနှစ်က (ဗာလစ်ဂ)  အရွယ်ရောက်သည် ဆယ်ကိုးနှစ်မှစ၍ (နမတ်ဇ်) ကို  ပြုရ၏။ခြောက်နှစ်တွက်  ကသွာကို  ဆရာပညာရှိတို့က  ကသွာမထိုက်  ကသွာမပြုသင့် ဟောပြောကြသည်ကို  အမှန်ထင်၍  အသက်သုံးဆယ်နှစ်နှစ်တွင်  ပြုစုသည့်  သုံးခန်းနှင့်  အခြားစာတစောင်မှာ ခြောက်နှစ်ပျက် (နမာဇ်) ကို ကသွာမပြုသင့်ဟု တရားတော်တွင် ရှိကြောင်း ရေးသားဖေါ်ပြမိခဲ့၏ ထိုမှားယွင်းမှုကြောင့် ဗျာပါဒုက္ခ ရှိကြောင်း စာသားဖြင့် ရေးသားလေသည်။

    ထောင့်တစ်ရာခုနှစ်ဆယ့်တစ်ခုနှစ်  ဘင်္ဂလားမြို့တွင်  ဖွေကာမစအူဒီကျမ်းကို ကြည့်၍  ထိုကျမ်းတွင်  ကသွာပြုရမည် ပါသည်တွင်  အထက်ဆိုမိသော  စကားမှားကြောင်းသိသာရ၏  ကျွန်ုပ်ခြောက်နှစ်ကသွာ ထိုက်ချေပြီ ထိုပျက်သည့်ခြောက်နှစ်  ကသွာတွက် ဒုက္ခဗျာပါ ကြီးစွာရှိချေ၏  ယာအေလာဟီအကျွန်ုပ်ကို  ခြောက်နှစ် ပျက်သည်ကသွာ (နမတ်ဇ) ကိုဖြည့်နိုင်အောင်  စွမ်းအားပေးသနားတော်မူပါ။ ဆရာကြီးဦးနုသည်  ကျမ်းဂန်များကို လေ့လာရာ၌  စာသင်ဟူက  ကျမ်းထိုမျှကို  တွေ့ကမရှောင်၊  ကြောင်ပုဇွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ ဟူသောလင်္ကာနှင့်အညီ အိန္ဒိယပြည်  ဘင်္ဂလားမြို့သို့  ရောက်သွားအချိန်တွင်  စာပေကျမ်းဂန်များကို  လေ့လာခဲ့သောကြောင့်  တွေ့ရပေသည်။ ထို့ကြောင့်  ဆရာကြီးဦးနုသည်  ဒေသန္တရဗဟုသုတနှင့်လည်း  ပြည့်စုံပေ၏။  ပညာရှိသတိဖြစ်ဆိုသလို  မိမိအမှားကို ၀န်ခံခြင်း၌လည်း နှောင့်နှေးခြင်းမရှိ ဤကားပညာရှင်တို့၏ ဓမ္မတာတည်း။

    ဆရာကြီးဦးနုနှင့် ဗေဒင်

    ဆရာကြီးဦးနု  ပြုစုသော  ကျမ်းဂန်များကို  လေ့လာဘတ်ရှုခြင်းအားဖြင့်  ဆရာကြီးဦးနုသည်  အာရဗီဖွာရစီအူရဒူ အစရှိသော  အစ္စလာမ်ဘာသာ  စာပေလေ့လာသူတိုင်း  တက်မြောက်အပ်သော  ဘာသာရပ်များကို  လုံးဝ တက်မြောက်သည့်အပြင်  တိုင်းရင်းအမိဘာသာဖြစ်သော  ပါဠိမြန်မာအစရှိသည်တို့ကိုလည်း  တတ်မြောက်ကြောင်းတွေ့ရသည်။  ဆရာကြီးသည်  ထိုခေတ်အခါကအထူးလိုက်စားသော  ပညာရပ်ဖြစ်သော  ဗေဒင်ပညာကိုလည်း ငယ်စဉ်ကတည်းက  တတ်မြောက်ကြောင်းကို  သုံးဆယ့်ငါးခန်း ကျမ်းစာမျက်နှာ (၁၁၄)  ဇကာတ်ခန်းတွင် ရေးသည်မှာ  အကျွန်ုပ်ဗေဒင်လက်ရိုး  အကုန်တွက်ဖူးသည်ဖြစ်၍ အတွက် မတိမ်ပါ ဟူသော စာပုဒ်ကို  တွေ့ရပေသည်။ ဆရာကြီးဦးနုသည်  မိမိငယ်ရွယ်စဉ်က  တတ်မြောက်ခဲ့သော  ပညာပင်ဖြစ်လင့်ကစား  အစ္စလာမ်တရားတော်နှင့် လွန်စွာဆန်ကျင်သော  ပညာရပ်ဖြစ်သောကြောင့်  သုံးဆယ့်ငါးခန်းကျမ်း  စာမျက်နှာ (၃၇) တွင်  ရေးသားသည်မှာ နတ်မိစ္ဆာတို့၏  မန္တရား  မန္တ  အကွယ်အကာတို့ကိုလည်း  မယုံအပ်  ဗေဒင်မမေးအပ်  ယတြာယာယီပရောဂ အမှုဟူသမျှကိုလည်း  မဉပအပ်ဗေဒင်တွက်ရှိရာကိုလည်း  မယုံအပ်။  ထိုတူလည်းကောငှ်းရစ်က်အမှုဟူသမျှတို့ကို ဝေးစွာကြဉ်ရာ ၏။ ဟူ၍ တရားလာသည့်အတိုင်း မိမိအလိုသို့ မလိုက်ကောင်းစွာ ကြဉ်အပ်ကြောင်း ဆုံးမထားပေသည်။

    ဆရာကြီးဦးနုနှင့်စာပေ

    ဆရာကြီးဦးနုပြုစုခဲ့သော  ကျမ်းများကား  အသက်နှစ်ဆယ်ကိုးနှစ်  ၂၉  အရွယ်တွင်  ဆယ်တစ်ခန်းကျမ်း ဖွရတ်တရားသုံးဆယ်၊ လင်္ကာတို့ကို ရေးသားသည် အသက်သုံးဆယ်နှစ်နှစ်အရွယ်တွင် သုံးခန်းကျမ်းကို ပြုစုခဲ့သည်။ ကျမ်းပြီးသက္ကရာဇ်ကား  ၁၁၅၆ ခု  နတ်တော်လဆန်းလေးရက်  ညဥ့်တစ်ချက်တီးကျော်တွင်ဖြစ်၏။  ဟစ်ဂျရီသက္ကရာဇ်အား  ဖြင့်  ၁၂၁၀  တစ်ထောင့်နှစ်ရာတဆယ်  ဂျမာဒေလ်  အောင်ဝလ်လဆန်း  နှစ်ရက်နေ့ ညဥ့်အေရှာပြီးချိန်တွင်  ကျမ်းပြီးစီးသည်။ အသက်ငါးဆယ်တွင်  ပြုစုသော်  ခြောက်ခဏ်းကျမ်းကို ပြုစုသည်ကျမ်းပြီး သက္ကရာဇ်ကား  တစ်ထောင့်တစ်ရာခုနှစ်ဆယ်လေးနှစ်  ၁၁၇၄  တော်သလင်းလဆန်းသုံးရက်  အင်္ဂါနေ့တွင် အပြီးတိုင်ရောက်သည်။

    အသက်ငါးဆယ်တနှစ် ၅၁တွင် ဆယ့်ခြောက်ပုဒ်

    ပညတ်ခွဲတန်းကျမ်းကို ပြုစုသည်  ကျမ်းပြီးသက္ကရာဇ်ကား  တစ်ထောင့်တစ်ရာခုနှစ်ဆယ် ငါးခုဖြစ်သည်  ၁၁၇၅ ဆရာကြီးဦးနုသည်  ခုနှစ်ပိုဒ်လင်္ကာ  ဆုံးမစာကိုလည်း  ရေသားခဲ့သည်။  ထို့အပြင်  အလွန်ထင်ရှားကျော်စောသော သုံးဆယ့် ငါးခဏ်းဝိနည်း ကျမ်းတော်ကြီးကိုလည်း  ဘိုးတော်မင်းတရား  လက်ထက်တွင်  ရေးသားခဲ့သည်။ သုံးဆယ့်ငါးခဏ်းဟူ၍  အမည်တူ  အခြားကျမ်းများလည်း  ရှိသေးသည်။  မော်လမြိုင်ဇာတိ  မုဟမ္မဒ်ယူစွထ်၏သား ဆရာရှိတ်ခ်  မုဟမ္မဒ်ရှမ္မဆွဒီန်  ကနဆီဟတွလ်အစ္စလာမ်  အမည်ရှိသော  သုံးဆယ့်ငါးခဏ်းကျမ်းကို  မြန်မာသက္ကရာဇ် တထောင့်နှစ်ရာငါးဆယ်ငါးခု  ၁၂၅၅ ၀ါဆိုလဆန်း  ၁၂ရက်။ အင်္ဂလိပ်သက္ကရာဇ် ၂၄-၇-၁၈၉၃တွင် ရန်ကုန်ဟံသာဝတီ စာပုံနှိပ်တိုက်တွင်  ရိုက်နှိပ်ထားခဲ့သည်။  ထို့အပြင်  တရားငါးခဏ်းကျမ်းဟာ  တင်တာယီဝတ္ထုတော်ကြီးအစရှိသော စာပေများကိုလည်း ရေးသားခဲ့သည်။

    ဆရာကြီးဦးနုနှင့်ဘိုးတော်မင်းတရားကြီး

    ဆရာကြီးဦးနုသည်  ဘိုးတော်မင်းတရားကြီးနှင့်  ငယ်စဉ်အခါက  ဘုန်းကြီးကျောင်းတွင်  အတူစာပေသင်ကြားဘူး၍ သူငယ်ချင်းလည်းဖြစ်သည်ဟူ၍  မြန်မာ-မွတ်စလင်မ်  ပညာရှိတို့က  ဆိုကြသည်  ဘိုးတော်မင်းတရားကြီးသည် မြန်မာသက္ကရာဇ်  တစ်ထောင့်တစ်ရာ ခုနှစ်ဆယ့်ရှစ်ခုနှစ်တွင်  ကျက်ထောင့်ကို  ထွက်တော်မူရာ  ထိုအရပ်တွင် ကမ္ဘာ့ဘာသာကြီး လေးရပ်ကို  လျှောက်တင်ခိုင်းရာ  ဆရာကြီးဦးနုသည် (၁၁၇၈) နှစ်တွင်  အစ္စလာမ်တရားတော်၏ အခြေအမြစ်တရားများကို  အသေးစိပ်ရေးသား၍  ဘိုးတော်မင်းတရားကြီးအား  ဆက်သွင်းဖတ်ပြစေ၏။ ထိုကျမ်းအမည်ကား  သံတော်ဦးတင်လွှာကျမ်းမည်၏။  ဘိုးတော်မင်းတရားကြီးသည်  နှစ်သက်တော်မူ၍ မွတ်စလင်မ်များကို မြှောက်စားတော်မူလေသည်။

    ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရား လက်ထက် ရမ္မာဝတီ မြို့ဝန် စာဆိုတော် ရွှေတောင်သာဂသူ သခင်ကြီး ဦးနု ရဲ့ ကဗရ်အုတ်ဂူ (တောင်သမန်အင်းအနီး လင့်ဇင်းကုန်း)

    အနိစ္စရောက်ခြင်း

    မြန်မာမွတ်စလင်မ်  အပေါင်းတို၏  ဆီမီးတန်ဆောင်သဘွယ်ဖြစ်သော  ကျေးဇူးရှင်ဆရာကြီး  ဦးနုသည်  သက်တော် ခြောက်ဆယ်ကျော်တွင်  မမြဲသောသင်္ခါရလောကကြီးကို  စွန့်ခွာသွားသဖြင့်  အမရပူရရှိ  လင်းဇင်းကုန်းသင်္ချိုင်းတွင် မြှုပ်နှံလေသည်။

     

    မြန်မာစာပေနယ်ပယ်တွင် မှတ်တမ်းတစ်စောင်တစ်ဖွဲ့အနေဖြင့် အစောဆုံးခရီးသွားမှတ်တမ်းရေးသူ ဆရာကြီးဦးနုရဲ့ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ
  • ပသီစာဆို ( ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနု)

    ပသီစာဆို ( ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနု)

    ရေးသားသူ – တင်နိုင်တိုး

    ကုန်းဘောင်ခေတ်ဦးကာလက မြန်မာစာပေနယ်မှာ အစ္စလာမ်ဘာသာဝင် ပသီစာဆိုတော်တစ်ဦး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သူကတော့ ရမ္မာဝတီမြို့ဝယ် ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနုပါပဲ။ စာဆိုတော်ကြီး ဦးနုဟာ ဘိုးတော်ဘုရားလက်ထက်မှာ မဇ္ဈိမဒေသက ကျမ်းပေါင်းများစွာကို ဆောင်ယူပေးခဲ့သဖြစ်လို့ မြန်မာစာပေသမိုင်းမှာ တစ်ထောင့်တစ်နေရာက ကျေးဇူးပြုခဲ့သူလို့ ဆိုနိုင်ပါတယ်။

    ပသီစာဆိုကြီးဦးနုကို နောင်တော်ကြီးမင်းလက်ထက် ၁၇၊ ဇူလိုင်၊ ၁၇၆၂ မှာ ရွှေဘိုမြို့မှာ ဖွားမြင်ပါတယ်။ မိဘတွေကတော့ ကုန်သည်တော် ရှိုက်ခ်ဒါဝူးဒ်နဲ့ ဒေါ်ငြိမ်းတို့ပါပဲ။ မိခင်ဒေါ်ငြိမ်းဟာ သွေးသောက်ကြီး ဦးပွင့်နဲ့ ဒေါ်မြတ်နှင်းတို့ရဲ့ သမီးဖြစ်တာမို့ စာဆိုတော်ဦးနုဟာ ငယ်စဉ်ကတည်းက နန်းတွင်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူလို့ ဆိုနိုင်ပါတယ်။ အစ္စလာမ်ဘာသာဝင် ဆရာကြီးဦးနုရဲ့ မွတ်ဆလင်အမည်ကတော့ မုဟမ္မဒ်ကာစင်မ်ဖြစ်ပါတယ်။ ဆရာကြီးဟာ ရွှေဘိုဇာတိဆိုပေမယ့် ငယ်စဉ်ကတည်းက အင်းဝတောင်ဘလူရပ်မှာ နေထိုင်ခဲ့ပါတယ်။

    စာဆိုတော်အဖြစ် ထင်ရှားလာမည့် ဦးနုဟာ အသက်(၇)နှစ်အရွယ်မှာ အင်းဝ နန်းဦးကျောင်းတိုက်မှာ ပါဠိ၊ မြန်မာစာပေတွေ စတင်ဆည်းပူးခဲ့တယ်။ အသက်(၁၉)နှစ်အရွယ်ရောက်တော့ ရန်ကုန်ဆင်းလာပြီး ဆီးရီးယားက ကြွရောက်လာတဲ့ ဆရာကြီးစိုင်ယဒ်မူဟာမ္မာဒ်ဆီမှာ အစ္စလာမ်ဘာသာစာပေ၊ အာရဗီ၊ အူရဒူ၊ ဖာရစီဘာသာတွေ သင်ယူတယ်။

    တစ်ဖက်ကလည်း မြန်မာဘာသာ၊ ပါဠိဘာသာကို ကျွမ်းကျင်နိုင်နင်းအောင်ကြိုးစားလေ့လာပါတယ်။ ဒါကြောင့်လည်း နောင်မှာ စာဆိုတစ်ဦးအဖြစ် ထင်ရှားခဲ့တာပါ။

    ဦးနုဟာ အသက်(၂၆)အရွယ်မှာ သွေးသောက်ကြီး ဦးသာဒွန်း၊ ဒေါ်မိုးသူတို့ရဲ့သမီး မမယ်မနဲ့ အိမ်ထောင်ကျတယ်။ သား ‘အဗ်ဒွလ်ကရင်’လို့ခေါ်တဲ့ နာခံတော် မောင်ပြည့်နဲ့ သမီး မမကြီး(ဒေါ်မြတ်လှ)၊ မမထွေး(ဒေါ်မြတ်ထွန်း)တို့ကို ဖွားမြင်တယ်။

    ၃၀ နိုဝင်ဘာ၊ ၁၈၀၅ မှာ ဦးနုဟာ ဘိုးတော်ဘုရား အမိန့်တော်အရ အိန္ဒိယကို သွားရောက်ရတယ်။ ဘင်္ဂလားမှာ နှစ်ထပ်တိုက်တစ်လုံးငှားပြီး ကွမ်းသီးရောင်းရင်း နယ်ချဲ့အင်္ဂလိပ်ရဲ့အခြေအနေကို ထောက်လှမ်းရတယ်။ တစ်ဖက်ကလည်း ကျမ်းစာအုပ်တွေ ရှာဖွေစုဆောင်းရပါတယ်။

    ၁၅ ဧပြီ ၁၈၀၆ မှာ ဦးနု အမရပူရကိုပြန်ရောက်လာတော့ ဘိုးတော်ဘုရားက နှစ်ထောင်းအားရတော်မူလို့ ရမ္မာဝတီမြို့ဝန်ရာထူး ခန့်အပ်လိုက်တယ်။

    ‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ရမ္မာဝတီမြို့ဝန်ဦးနုဟာ အိန္ဒိယကို နောက်ထပ် နှစ်ကြိမ်ထက်မနည်းသွားရောက်ခဲ့ရပြီး ပေမူ ၁၀၀၊ ကျမ်းစာအုပ် ၁၇၇ အုပ်ကို သယ်ဆောင်လာခဲ့နိုင်တယ်။ မောင်းထောင်ဆရာတော်ကြီး ဘာသာပြန်ဆိုခဲ့တဲ့ ကျမ်းတချို့ဟာ ‘ရွှေတောင်သာဂသူ’အိန္ဒိယက သယ်ဆောင်လာတဲ့ကျမ်းတွေ ဖြစ်တယ်။

    ‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ဆရာကြီးဦးနုဟာ အသက်(၆၈)နှစ်အရွယ် ၁၈၂၂-ခုနှစ်မှာ အမရပူရမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ စာဆိုတော်ဦးနုဟာ ၃၅-ခန်းလို့ခေါ်တဲ့ သာသာရေးဆိုင်ရာ ‘ရှရာကျမ်း’အပါအ၀င် ကျမ်းပေါင်း (၆၀)ကျော် ရေးသားပြုစုခဲ့တဲ့ စာဆိုတော်ကြီးတစ်ဦဖြစ်ပါတယ်။ အဲဒီ (၃၅)ခန်း မူရင်းကျမ်းကြီးကို မကြာမီက ပြုလုပ်ခဲ့တဲ့ လောကနတ်ရှားပါးစာအုပ်ပြပွဲမှာ တွေ့မြင်ခဲ့ရပါသေးတယ်။

     

    ဆရာကြီး၏ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ

    စာဆိုဦးနုရဲ့ စာပေလက်ရာတွေထဲမှာ ခရီးစဉ်မှတ်တမ်း လင်္ကာ(၅၅)ပိုဒ်ကလည်း ထင်ရှားလှပါတယ်။ ဆရာကြီး ဒေါက်တာလှတိုးရဲ့ ကျေးဇူးကြောင့် အဲဒီ (၅၅)ပိုဒ်လင်္ကာကို ပုံနှိပ်စာလုံးနဲ့ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။ အဲဒီလင်္ကာရှည်ထဲမှာ အမရပူရကနေ ဘင်္ဂလားအရောက် အကြောင်းအရာတွေကို ရေးဖွဲ့ထားတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ ခရီးသွားမှတ်တမ်းကြီးတစ်စောင်ပါပဲ။ ဘင်္ဂလားအသွားလမ်းမှာ လကြတ်တာနဲ့ ကြုံခဲ့ရသေးတယ်။ ‘ဟင်းရာဝ’လို့ အမည်ရတဲ့စခန်းမှာ ညအိပ်ရပ်နားစဉ်အခါဖြစ်ပါတယ်။ လကြတ်စဉ် ကောင်းကင်ဂြိုဟ်အနေအထားကို လင်္ကာထဲမှာ အသေးစိတ်ရေးဖွဲ့ထားတော့ စာဆိုဦးနုဟာ မြန်မာနက္ခတ္တဗေဒင်ကို တတ်ကျွမ်းသူလို့လည်း ဆိုနိုင်ပါတယ်။

    စာဆိုတော်ဦးနုရဲ့ ရှားပါးလက်ရာ ရတုကဗျာအချို့ကိုလည်း ရှေးဟောင်းစာပေအတွဲ(၂၄)မှာ ဖယောင်းလှိမ့် လက်ရေးမူအဖြစ် ဖတ်ရှုရပါတယ်။ အဲဒီအထဲမှာ စာဆိုတော်ဦးနု ကြွေးမြီပြဿနာကြောင့် တိမ်းရှောင်နေရပုံကို ‘မောင်နုတွင်မည်၊ ကျွနုပ်သည်ကား၊ မတည်ရပ်ပါ၊ ကြွေးများစွာကြောင့်၊ အိမ်မှာလျှင်မျှ၊ မနေရတည့်၊ ခေတ္တ ဟိုသည်၊ တိမ်းရှောင်လည်၍’လို့ ဖတ်ရှုရပါတယ်။

    မှတ်တမ်းမှတ်ရာတွေအရ ရမ္မာဝတီမြို့ဝန် ‘ရွှေတောင်သာဂသူ’ကို ကံ့ကော်ရွာသူကြီးနဲ့ မြို့ချောင်းရွာသူကြီးတွေက တိုင်ကြားခဲ့တဲ့အမှုဖြစ်ဟန်ရှိပါတယ်။

    စာဆိုတော်ဦးနုဟာ သရဒွေးကျမ်း၊ အဘိဓါန်ကျမ်းတွေအပြင် ဆေးကျမ်းများစွာကို ဆောင်ယူလာခဲ့သူလည်းဖြစ်လို့ မြန်မာ့ဆေးပညာသမိုင်းမှာလည်း အသိအမှတ်ပြုသင့်လှပါတယ်။ ဒီဆောင်းပါးကို ဆရာမကြီးစောမုံညင်းရဲ့ ဦးနု၏ ဘင်္ဂလားသွားမှတ်တမ်းလင်္ကာဆောင်းပါး(ငွေတာရီ ၁၉၈၈၊ ဇွန်)နဲ့ မောင်မောင်ကြီး(မန်း)ရဲ့ စာဆိုတော်သခင်ကြီး ဦးနု (အစ္စလာမ်သုတ ၁၉၈၈၊ မေ)တို့ကို အခြေပြုရေးသားထားပါတယ်။

     

    (နံနက်ခင်းသတင်းဂျာနယ်၊ အတွဲ-၃၊ အမှတ်-၃၅၊ သြဂုတ် ၂၀၀၈၊ စာမျက်နှာ-၂၃ မှ ကူးယူဖော်ပြပါသည်။)

     

    Posted By-ဝိုင်း

    * * မူရင်းဂျာနယ်ထဲကအတိုင်း စာလုံးပေါင်းသတ်ပုံများကို မပြင်ပဲ ပြန်ကူးထားပါတယ်။ * *