News @ M-Media

Tag: scholarship

  • Chevening Scholarship လျှောက်မယ်ဆိုရင် (၁)

    Chevening Scholarship လျှောက်မယ်ဆိုရင် (၁)

    သြဂုတ် ၇ ၊ ၂၀၁၇
    ကျော်မိုးအောင် ရေးသည်။

    UK နိုင်ငံအစိုးရက ပေးအပ်တဲ့ Chevening Scholarship ၇.၈.၂၀၁၇ က စပြီး ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် လျှောက်လို့ ရပါပြီ။ UK လေးနိုင်ငံဖြစ်တဲ့ အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ် (ဝေလ) နဲ့ မြောက်ပိုင်းအိုင်ယာလန် နိုင်ငံတွေက တက္ကသိုလ်တွေမှာ တစ်နှစ်စာ မဟာဘွဲ့ သင်ကြားနိုင်စေဖို့ ပညာသင်စရိတ် (ကျောင်းစရိတ်၊ နေ၊ စား၊ အသွားအပြန် ခရီးစရိတ်) အစအဆုံး UK အစိုးရဘက်က တာဝန်ယူတာ ဖြစ်လို့ မိမိတို့ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် အချိန်ယူ ပြင်ဆင်ပြီး လျှောက်သင့်တဲ့ ပညာသင်ဆုကြီး တစ်ခုပါ။

    မြန်မာနိုင်ငံအတွက် ကျောင်းသားဦးရေ နှစ်စဉ် တိုးမြှင့်ပြီး ခေါ်နေပါတယ်။ အရင်က တစ်နှစ်ကို နှစ်ဦးသုံးဦးသာ ခေါ်ရာက အခုအခါ ဆယ်ဂဏန်း ဖြစ်လာနေပါပြီ။ ကျွန်တော်တို့နှစ် (၂၀၁၆-၁၇) မှာ ၁၂ ဦးရှိပြီး လာမည့်နှစ်မှာ ဒီထက်များတယ် သိရပါတယ်။

    “ဘာတွေ လိုသလဲ”
    ဒီပညာသင်ဆုဟာ
    * ဘွဲ့တစ်ခု ရရှိထားပြီး လုပ်ငန်းခွင်အတွေ့အကြုံ အနည်းဆုံး နှစ်နှစ် အချိန်ပြည့် လုပ်ဖူးသူ
    * ဦးဆောင်နိုင်စွမ်းရှိသူ၊ မိတ်ဆွေအပေါင်းအသင်း အဆက်အသွယ်ရှိသူ (leadership and networking skills)
    * မိမိဘဝမှာ ဘာ ဆက်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိပြီး အဲဒီ ရည်မှန်းချက်အတွက် UK မှာ ပညာသင်ယူခြင်းက ဘယ်လိုဘယ်ပုံ အထောက်အကူပြုနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိထားသူ
    * UK နိုင်ငံမှာ မဟာတန်း တက်ရောက်သင်ယူနိုင်ဖို့ရာ အရည်အချင်း ပြည့်မီထားသူ
    * UK မှာ တစ်နှစ်တာ ပညာသင်ယူခြင်းအားဖြင့် မိမိကိုယ်တိုင်ရော မိမိဝန်းကျင်ကိုပါ အကျိုးတစုံတရာ ပြုပေးနိုင်မယ့်သူ …. စတဲ့ အချက်တွေကို အခြေခံ ရွေးတဲ့ ပညာသင်ဆုပါ။

    ဒီအတွက် လိုအပ်ချက်အနေနဲ့
    * Chevening ဘက်က ပညာသင်ဆုပေးမယ့်နိုင်ငံသား ဖြစ်ရပါမယ်။
    * ပညာသင်ယူအပြီးမှာ အနည်းဆုံး နှစ်နှစ် ကိုယ့်နိုင်ငံကိုယ် ပြန်ပြီး အလုပ်လုပ်ရပါမယ်။
    * UK တက္ကသိုလ် တစ်ခုခုက ကျောင်းတက်ခွင့်ပြုထားကြောင်း unconditional offer ကို လာမည့် ၁၂၊ ၇၊ ၂၀၁၈ နောက်ဆုံးထားပြီး တင်ပေးနိုင်ရပါမယ်။ (တစ်နှစ်နီးပါး အချိန်ရပါသေးတယ်)။ UK မှာရှိတဲ့ တက္ကသိုလ် တစ်ခုခုမှာ မိမိတက်ရောက်လိုတဲ့ ဘာသာရပ် စုစုပေါင်း သုံးခု လျှောက်ခွင့် ရှိပါတယ်။ အဲဒီထဲကနေ တစ်ခုကို တက်ရောက်ခွင့် ရပါမယ်။
    * အရင်က UK အစိုးရရဲ့ ပညာသင်ဆု ရဖူးပြီး UK မှာ ပညာသင်ဖူးသူ မဖြစ်ရပါဘူး။
    * အင်္ဂလိပ်ဘာသာစကား အနိမ့်ဆုံးလိုအပ်ချက် ပြည့်မီရပါမယ်။ ၁၂၊ ၇၊ ၂၀၁၈ နောက်ဆုံးထားပြီး တင်ပေးနိုင်ရပါမယ်။ ဖြေဆိုလို့ရတဲ့ စာမေးပွဲ လေးငါးမျိုး ရှိပါမယ်။ ဥပမာအနေနဲ့ ပြောရရင် Academic IELTS Overall Band 6.5, individual band 5.5 အနည်းဆုံး ရ ရပါမယ်။ ဒါသည် Chevening ဘက်က သတ်မှတ်တာဖြစ်ပြီး ကျောင်းတွေဘက်က ဒီထက် ပို ကောင်းမွန်တဲ့ အမှတ် တောင်းတတ်ပါတယ်။ များသောအားဖြင့် ကျောင်းတွေဘက်က တက်ရောက်မယ့် course ပေါ် မူတည်လို့ IELTS Overall Band 6.5 to 7, individual band 5.5 to 6.5 တောင်းတတ်ပါတယ်။ Chevening ဘက်က ၁၂၊ ၇၊ ၂၀၁၈ထိ ခွင့်ပြုထားပေမယ့် အဲဒီရက်မှာ ကျောင်းဝင်ခွင့်လည်း ရထားရမှာဖြစ်လို့ မေလထက် နောက်မကျဘဲ ဖြေထားပြီးသား၊ ပြည့်မီထားပြီးသား ဖြစ်သင့်ပါတယ်။
    နိုဝင်ဘာလ ၇ ရက်နေ့မှာ နောက်ဆုံးထားပြီး သက်ဆိုင်ရာ website မှာ ပညာသင်ဆု လျှောက်ထားရပါမယ်။
    လျှောက်ထားသူတွေထဲက ပဏာမအဆင့် အင်တာဗျူး ရွေးချယ်ခံရတဲ့သူတွေကို ဖေဖော်ဝါရီ လလယ်မှာ အကြောင်းကြားပေးပါလိမ့်မယ်။ (အရွေးမခံရရင်လည်း မခံရကြောင်း regret letter ရပါလိမ့်မယ်။) အဲဒီအခါ အင်တာဗျူးအတွက် ရက်သတ်မှတ်ပြင်ဆင် appointment ယူရင်း တစ်ချိန်တည်းမှာပဲ မိမိကို ထောက်ခံပေးမယ့်သူ နှစ်ဦးရဲ့ reference letter ကို ထပ် တင်ပေးရပါမယ်။ (ဒါ မတိုင်ခင် လျှောက်လွှာ တင်စဉ်ကတော့ မိမိကို ဘယ်သူဘယ်ဝါက ထောက်ခံပေးမှာဖြစ်ကြောင်း referee နှစ်ဦးရဲ့ နာမည် ရာထူး စတာတွေကို ဖြည့်ထားပေးပြီး ဖြစ်ရပါမယ်။)
    မတ်လ ကနေ မေလ အတွင်း အင်တာဗျူး လုပ်အပြီးမှာ ဇွန်လဆန်းမှာတော့ နောက်တစ်ဆင့်ထိ အရွေးခံရသူတွေကို ထပ် အကြောင်းကြားပါမယ်။ အဲလို အကြောင်းကြားတိုင်း သေချာပေါက် တက်ရပြီ ဆိုမရသေးပါ။ တက္ကသိုလ်ဘက်က ကိုယ့်ကို ကျောင်းတက်ခွင့်ပြုတဲ့ unconditional offer ရ ရပါမယ်။ ဆေးစစ်ရပါမယ် (TB အဆုတ်ရောဂါ ဖြစ်နေခြင်း ရှိမရှိကို ရန်ကုန် ပန်းလှိုင်ဆေးရုံကြီးမှာ စစ်ရပါတယ်)။ ဒီအဆင့်တွေအထိ အောင်မြင်ခဲ့ပြီ ဆိုရင်တော့ မိတ်ဆွေဟာ UK ရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ မဟာတန်း တစ်နှစ် ပညာသင်ယူနိုင်ပြီပေါ့။

    ကျောင်း လျှောက်ပုံ၊ reference တောင်းပုံ စတာတွေကို ထပ် တင်ပေးပါဦးမယ်။ application form က online ကနေပဲ တင်ရမှာပါ … ဒီနေ့ (၇. ၈. ၂၀၁၇) က စ ဖွင့်ပြီ ဆိုတော့ စိတ်ဝင်စားသူများ စတင် ပြင်ဆင်နိုင်ကြပါပြီ။

    ဒီလင့်ခ် http://www.chevening.org/apply/eligibility-criteria မှာ မိမိအရည်အချင်းနဲ့ ကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးပြီး ၀င်ရောက်လျှောက်ထားနိုင်ပါတယ်။

  • အဌမတန်း အောင်မြင်သူများ အာဆီယံ ပညာသင်ဆု လျောက်ထားနိုင်

    အဌမတန်း အောင်မြင်သူများ အာဆီယံ ပညာသင်ဆု လျောက်ထားနိုင်

    ဧပြီ ၁၃ ၊ ၂၀၁၇

    ၂၀၁၈ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အခြေခံ ပညာအလယ်တန်း၊ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း၊ ပုဂလိကကျောင်း(ပညာရေး သင်ရိုးညွှန်းတမ်း၊ နိုင်ငံတကာ သင်ရိုးညွှန်းတန်းဖြင့်သင်သည့် ကျောင်းအားလုံး) တို့မှ အဌမတန်း အောင်မြင်ထားသူများ အာဆီယံပညာသင်ဆု လျောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    လျှောက်ထားသူသည် အဌမတန်း အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် မူရင်းကို တင်ပြရမည်ဖြစ်ပြီး အင်္ဂလိစာ ကောင်းမွန်ပြီး သင်္ချာ နှင့် သိပ္ပံထူးချွန်သူဖြစ်ရမည် ဖြစ်ကာ သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများသို့ ဧပြီ ၂၆ ရက်တွင် နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။

    ပညာသင်ဆုအတွက် ပဏာမ ရေးဖြေစာမေးပွဲကို(၁၁ . ၅ . ၂၀၁၇) ရက်နေ့တွင်သက်ဆိုင်ရာ တိုင်း နဲ့ ပြည်နယ် ပညာရေးမှူးရုံးက သတ်မှတ်ပေးသည့် ကျောင်းများတွင် ဖြေဆိုရပါသည်။

    အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေ အောင်မြင်သူများကို(၂၆ . ၅ . ၂၀၁၇) ရက်နေ့တွင် ကြေငြာမည် ဖြစ်ပြီး အောင်မြင်ပါက ရန်ကုန်မြို့တွင်(၂၈. ၅ .၂၀၁၇)( ၃၀ .၅ .၂၀၁၇)ရက်နေ့အတွင်း ပညာသင်ဆု လျှောက်လွှာပုံစံ ဖြည့်စွက်ရပါမည်။

    အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေ အောင်မြင်သူများကို၂၀၁၇ ဇူလိုင်လတွင် စင်္ကာပူနိုင်ငံမှ လာရောက်၍ ရေးဖြေ စာမေးပွဲ ထပ်မံ စစ်ဆေးမည် ဖြစ်ပါသည်။

    အာဆီယံ ပညာသင်ဆု ထပ်မံ ရွေးချယ်ခံရသူများကို၂၀၁၇ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးခြင်းကိုထပ်မံ ဖြေဆိုရမည် ဖြစ်ပါသည်။

    လေးနှစ်ပညာသင်ကြားခွင့်
    —————————–
    စင်ကာပူအစိုးရက ပညာရေးတွင် ထူးချွန်သော မြန်မာကျောင်းသား၊ကျောင်းသူများကို အာဆီယံပညာသင်ဆုပေးအပ်ရန် ကမ်းလှမ်းလာပြီး ရွေးချယ်ခံ ရသူများသည် စင်ကာပူအစိုးရ ကျောင်းများတွင် Secondary Three မှာ Pre-University  အဆင့်ထိ လေးနှစ် ပညာသင်ကြားခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

    ကိုးကား- စံတော်ချိန်သတင်းစာ၊ Thein Win Oo FB

    အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

    Link

  • ဆယ်တန်းအောင်ပြီးသူတွေ လျောက်ထားနိုင်တဲ့ တူရကီနှင့် မလေးရှားနိုင်ငံမှ ပညာတော်သင်ဆုများ

    ဆယ်တန်းအောင်ပြီးသူတွေ လျောက်ထားနိုင်တဲ့ တူရကီနှင့် မလေးရှားနိုင်ငံမှ ပညာတော်သင်ဆုများ

    အခြေခံပညာအထက်တန်း အောင်မြင်ပြီးများ အတွက် လျောက်ထားနိုင်သော တူရကီနိုင်ငံနှင့် မလေးရှားနိုင်ငံရှိ တက္ကသိုလ်များမှ ပညာတော်သင်ဆုများနျှင့် ပတ်သက်သည့်အချက်အလက်များကို ဖော်ပြအပ်ပါသည်။

     

    source:-Al-Azhar – Myanmar

  • မလေးရှား အလ်ဗုခါရီ တက္ကသိုလ် ပညာသင်ဆု မြန်မာ ကျောင်းသားများ လျောက်ထားနိုင်

    မလေးရှား အလ်ဗုခါရီ တက္ကသိုလ် ပညာသင်ဆု မြန်မာ ကျောင်းသားများ လျောက်ထားနိုင်

    ဧပြီ ၂၅၊ ၂၀၁၆
    M-Media
    လမင်း
    ScholarshipsAI-1024x407
    ရန်ကုန်။    ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူး(၃) ဘာသာနှင့်အထက် ရရှိသူများ (အင်္ဂလိပ်၊ သင်္ချာ ဂုဏ်ထူးရရှိသူများ ပိုဦးစားပေးမည်။ အခြားဂုဏ်ထူးဖြင့် အောင်သူများလည်း လျောက်ထားနိုင်) မလေးရှားနိုင်ငံ အလ်ဗုခါရီ တက္ကသိုလ်တွင် ဘွဲ့ကြို ပညာတော်သင်ဆု လျှောက်ထားနိုင်ရန်အတွက် အလ်အဇ်ဟရ် အစ္စလာမ့်သိပ္ပံ(မြန်မာ) မှတဆင့် စုံစမ်း သိရှိရတယ်။

    ဘွဲ့ကြို ပညာတော်သင်ဆု ရရှိမယ့် ဘာသာရပ်တွေကတော့ Bachelor of Business Administration (1) BBA (Hons) နှင့် (2)  BBA (Hons), Marketing တို့ဖြစ်ပါတယ်။

    တက်ရောက်လိုသူများမှာ အွန်လိုင်း လိပ်စာဖြစ်တဲ့ www.albukharyfoundation.org (သို့မဟုတ်) www.aiu.edu.my တို့တွင် ဝင်ရောက်ပြီး ဝင်ခွင့်လျှောက်လွှာများကို ဖြည့်စွက်ရမှာဖြစ်ပါတယ်။ ထို့အပြင် မိမိတို့ ဖြည့်စွက်ထားသည့် လျှောက်လွှာများကိုလည်း စာတိုက်မှလည်း ပေးပို့ရမှာ ဖြစ်ပါတယ်။

    ပညာတော်သင်ဆု တက်ရောက်ရန် ရွေးချယ်ခံရာပါက Foundation Course ကို တစ်နှစ်တက်ရောက်ရမှာ ဖြစ်ပါတယ်။ တက်ရောက်နေစဉ် အတွင်းလည်း နေထိုင်စရိတ်၊ ပညာသင်စရိတ်၊ ကျန်းမာရေးစောင့်ရှောက်ခများကအစ စရိတ်ငြိမ်းဖြစ်ပါတယ်။
    အသွား လေယာဉ် လက်မှတ်ခ ကိုတော့ မိမိဘက်က ကုန်ကျခံရမှာ ဖြစ်ပါတယ်။

    အဆိုပါ ပညာတော်သင်ဆုကို လျှောက်ထား လိုသူများသည် မေလ အတွင်း နောက်ဆုံး ထား၍ လျှောက်ထားနိုင်ကြောင်း လည်း သိရပါတယ်။

    အသေးစိတ်အချက်အလက်များကိုတော့ ပူးတွဲပါ ပုံတွင် ဖတ်ရှု့နိုင်ပါတယ်။

    1 2 3

  • စင်ကာပူမှာ ဘွဲ့လွန် မာစတာ တက်ဖို့ ပညာသင်ဆု လျောက်ထားနိုင်

    စင်ကာပူမှာ ဘွဲ့လွန် မာစတာ တက်ဖို့ ပညာသင်ဆု လျောက်ထားနိုင်

    ဧပြီ ၂၃ ၊ ၂၀၁၆
    M-Media
    သီဟ
    13015309_1104681249571389_2058418775258574853_n
    မြန်မာနိုင်ငံအတွင်းရှိ ဘွဲ့ရ လူငယ်များ နိုင်ငံခြားတိုင်းပြည်များ၌ ဘွဲလွန် (MSc, MA) မာစတာ ဒီဂရီ တက်ရောက်လိုသူများအတွက် ပညာသင်ဆု လျောက်ထားနိုင်ကြောင်း သိရပါတယ်။ အဆိုပါ ပညာသင်ဆုကို Myanmar Muslim Education Development Program(MMEDP) နဲ့  အစ္စလာမ့်တံခွန် ပညာရေး ဒါန ကော်မတီတို့က ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

    အဆိုပါ ပညာသင်ဆုနဲ့ပတ်သက်ပြီး MMEDP ရဲ့ တာဝန်ရှိသူ တယောက်က M-Media ကို အခု လိုပြောပါတယ်။

    ” MMEDP scholarship program စဖြစ်တာကတော့ ငွေကြေးထောက်ပံ့နိုင်သူ အလှူရှင် တချို့နဲ့ နည်းပညာ အကူအညီ ပေးနိုင်သူ အချို့ ပေါင်းကာ ပြည်တွင်းမှ ဘွဲ့ရ ပြီးသော ကျောင်းသူကျောင်းသား လူငယ်များကို ဘွဲ့ လွန်ပညာ ဆက်လက် သင်ယူနိုင်ရန် ကူညီဖို့ရည်ရွယ်ပါတယ်၊ အစအနေနဲ့ စင်ကာပူ အစိုးရ တက္ကသိုလ်ကြီး NUS ကို တက်နိုင်အောင်စီစဉ်မယ်။ နောက်ပိုင်းမှာတော့ အခြား နိုင်ငံခြားတက္ကသိုလ်များကိုပါ တက်နိုင်အောင် ကူညီ စီစဉ်ဖို့ ရည်ရွယ်တယ်။ ပညာသင်ဆုမှာ နေစရိတ်၊ စားစရိတ်၊ လေယာဉ်စရိတ် ၊ ကျောင်းစရိတ် အားလုံး ပါဝင်ပါတယ်။”

    အဆိုပါ ပညာသင်ဆုနဲ့ပတ်သက်ပြီး ပူးတွဲ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ အစ္စလာမ့်တံခွန် ပညာရေး ဒါန ကော်မတီမှ ဟာဂျီဦးမျိုးမြင့် က M-Media ကို ယခုလိုပြောပြပါတယ်။

    “ဒီဘက်ခတ်မှာ ပညာအရည်အချင်းတွေတိုးတက်လာပြီးတော့ ပတ်ဝန်းကျင်ကို တစ်နည်းပြန်ကြည့်နိုင်ရင် အကျိုးလည်းရှိမယ်၊ နောက် တိုင်းပြည်ရဲ့ လိုအပ်တဲ့နေရာမှာဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် ပညာအရည်အချင်းနဲ့ဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မဆို ကိုယ်တတ်ထားနဲ့ပညာနဲ့ ပြန်လည်အကျိုးပြုနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို စင်ကာပူနိုင်ငံမှာ မြန်မာနိုင်ငံက ဘွဲ့ရပြီး ဆက်လက်ပညာသင်ကြားချင်တဲ့ မည်သည့်ဘာသာဝင် လူငယ်တွေမဆို ဆက်လက်သင်ကြားနိုင်အောင် ကျွန်တော်တို့ဘက်က ဆောင်ရွက်ပေးတာပဲ ဖြစ်ပါတယ်” ။

    ယခု ပညာတော်သင်ဆုအဖြစ် မြန်မာနိုင်ငံမှ လူငယ် (၁၀) ယောက်ကို စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနိုင်ရန် စေလွှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
    .

    Application Form များကို ဆက်သွယ်ထုတ်ယူရန် လိပ်စာကတော့
    အစ္စလာမ့်တံခွန် ပညာရေး ဒါန ကော်မတီ၊
    အမှတ် ၁၈၃ ပထမထပ်၊ ဗိုလ်ဆွန်ပက်လမ်း (အလယ်ဘလောက်)
    ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန်မြို့
    (အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ရုံး)
    ဖုန်းနံပါတ် – ၀၁ ၂၅၂၆၀၈၊ ၀၁ ၃၈၁၇၈၆
    ၀၉ ၇၃၀၀၈၅၈၁
    ၀၉ ၇၃၀၃၁၆၄၄
    ၀၉ ၅၁၂၇၅၈၀ ဖြစ်ပါတယ်။

    ပညာသင်ဆု လျောက်ထားလိုသူများ ဟာ လျောက်လွှာများကို ဖြည့်သွင်းပြီး ၃၀-၀၅-၂၀၁၆ နောက်ဆုံးထားပြီး ပို့ပေးရမှာ လို့ သိရပါတယ်။

    [email protected] သို့လည်း လိုအပ်သည်များကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါတယ်။

    SCHOLARSHIP INFORMATION PDF