သြဂုတ် ၂၆၊ ၂၀၁၆
M-Media
– စကော့တလန်ရဲတပ်ဖွဲ့က ၎င်းတို့တပ်ဖွဲ့အတွင်းရှိ မွတ်စလင်အမျိုးသမီး အမှုထမ်းများအတွက် ဟီဂျဘ် ခေါင်းဆောင်ပုဝါကို တူညီဝတ်စုံ၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ကာ ၀တ်ဆင်ခွင့်ပေးလိုက်သည်။
ထိုသို့ဆောင်ရွက်မှုမှာ မွတ်စလင်အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုတွင် ရဲတပ်ဖွဲ့ဝင်အဖြစ် ထမ်းဆောင်ရန် စဉ်းစားနိုင်ရေး အားပေးမှုတစ်ခုလည်း ဖြစ်သည်။
ယခင်က စကော့တလန်ရဲတပ်ဖွဲ့ဝင်များမှာ ဟီဂျဘ်ခေါင်းဆောင်းပုပါကို ၎င်းတို့၏ ဆန္ဒဖြင့် ၀င်ဆင်နိုင်ခွင့်ရှိသော်လည်း ယခုကြေငြာချက်က တရားဝင်သတ်မှတ်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ရဲတပ်ဖွဲ့အကြီးအကဲ ကွန်စတေဘဲလ် ဖီးလ် ဂွမ်လေကမူ မိမိတို့ရဲတပ်ဖွဲ့မှာ အလုပ်အကျွေးပြုသည့် လူ့အဖွဲ့အစည်းအား ကိုယ်စားပြုသော တပ်ဖွဲ့မျိုး ဖြစ်ရမည်ဟု ပြောကြားခဲ့သည်။
မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်လေ့ရှိသည့် ဟီဂျဘ်ခေါင်းဆောင်ပုဝါကို လန်ဒန်မြို့ပြရဲတပ်ဖွဲ့က လွန်ခဲ့သည့် ၁၀ နှစ်အရင်ကပင် တူညီဝတ်စုံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
“ကျွန်တော်တို့ တူညီဝတ်စုံမှာ ဒီလိုထပ်မံဖြည့်စွက်ခဲ့မှုက တပ်ဖွဲ့ဝင်တွေကြား ပိုမိုညီညွတ်ဖို့၊ စကော့တလန်လူ့အဖွဲ့အစည်းတွေအတွင်း ရဲလုပ်ငန်းစဉ်တွေဆောင်ရွက်ရာမှာ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုမိုပေါင်းထည့်ပေးဖို့ ဖြစ်ပါတယ်” ဟု ဂွမ်လေက ပြောကြားခဲ့သည်။
အပြုသဘောဆောင်သည့်ခြေလှမ်း
ဟီဂျဘ်ခေါင်းဆောင်ပုဝါအား ရဲတပ်ဖွဲ့၏ တူညီဝတ်စုံအဖြစ် သတ်မှတ်မှုကို ‘စကော့တလန်ရဲတပ်ဖွဲ့ မွတ်စလင်အသင်း’ ဥက္ကဌ ဖာဟဒ် ဘရှီးရ်က ချီးကျူးခဲ့သည်။
“ဦးတည်ချက်ကောင်းတစ်ခုအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းပါပဲ။ ကျွန်တော်တို့အဖွဲ့အစည်းဟာ နိုင်ငံတစ်ဝှမ်း အလုပ်အကျွေးပြုနေတဲ့ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့၊ အားလုံးပါဝင်တဲ့ အဖွဲ့အစည်းအဖြစ် ရှုမြင်နိုင်ရေး အကျိုးရှိတဲ့ ခြေလှမ်းတွေကို စကော့တလန်ရဲတပ်ဖွဲ့က ဆောင်ရွက်နေတဲ့အတွက် ကျွန်တော် ကျေနပ်ပျော်ရွှင်မိပါတယ်။ ဒီဆောင်ရွက်ချက်ဟာ မွတ်စလင်အမျိုးသမီးတွေနဲ့ လူနည်းစုဝင်တွေ ရဲတပ်ဖွဲ့အတွင်း ၀င်ရောက်ဖို့ တွန်းအားဖြစ်စေမယ်ဆိုတာ အသေအချာပါပဲ”
လက်ရှိတွင် စကော့တလန်ရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်နေသည့် မွတ်စလင်အမျိုးသမီးအရာရှိ ၆ ဦးရှိပြီး ဇွန်လအဆုံးပိုင်းက ထုတ်ပြန်ခဲ့သည့် စာရင်းအရ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း အရေအတွက်မှာ ၁၇၂၄၂ ဦး ရှိနေသည်။
တရားဝင်ထုတ်ပြန်သည့်စာရင်းများအရ ၂၀၁၅-၁၆ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ ၀င်ရောက်ရန် လူမည်း၊ အာရှနှင့် လူမျိုးစု လူ့အဖွဲ့အစည်းများမှ လျှောက်ထားသူအရေအတွက်မှာ ၂.၆ ရာခိုင်နှုန်းရှိနေပြီး စုစုပေါင်း လျှောက်ထားမှု၏ ၂.၆ ရာခိုင်နှုန်း ရှိခဲ့သည်။
စကတော့လန်နိုင်ငံတွင် လူနည်းစုအရေအတွက်မှာ ၄ ရာခိုင်နှုန်းရှိပြီး ရဲတပ်ဖွဲ့တွင်လည်း လူနည်းစု ၄ ရာခိုင်နှုန်း ပါဝင်ရန် နောက်ထပ် ၆၅၀ ဦးကို ခန့်အပ်ရန် လိုအပ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref: BBC