ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄
M-Media
ကိုင်ရို။ ။ ဆိုချီတွင် ကျင်းပသော ဆောင်းရာသီ အိုလံပ စ်အားကစားပြိုင်ပွဲ၌ အာရဗ်စော်ဘွားများနိုင်ငံသူ မိန်းကလေး တစ်ဦးသည် သူမ၏ ဦးခေါင်းခြုံပုဝါကို ရုံထားလျက် အားပါးသော ခုန်ပျံမှုများဖြင့် ရေခဲပြင်လျှောစီး စွမ်းရည်ပြသခဲ့သည်။
“ ကျွန်မ နိုင်ငံပြင်ပပြိုင်ပွဲတွေဝင်တဲ့အခါ မင်းတို့ဆီမှာ ရေခဲကွင်းပြင်ရှိတယ်ဟုတ်လားဆိုပြီး လူတွေက အံ့အားသင့်နေ သလိုပါပဲ။ ကျွန်မတို့ရဲ့ သဲကန္တာရနိုင်ငံလိုနေရာမှာ ရေခဲကွင်းပြင်ရှိတာမျိုး သူတို့ လုံးဝမတွေးမိကြပါဘူး ” ဟု အာရဗ်စော်ဘွားများနိုင်ငံ ကိုယ်စားပြု စကိတ်မယ် ဇဟ်ရာ လာရီ Zahra Lari မှ The National သတင်းစာသို့ ပြောပြခဲ့သည်။
အာရဗ်စော်ဘွားများနိုင်ငံ ကိုယ်စားပြု ပထမဆုံး အပြည်ပြည်ဆိုင်ရာပြိုင်ပွဲဝင်ဖြစ်သူ လာရီက “ ကျွန်မတို့ဆီမှာ စတင်လေ့ကျင့်နေတဲ့ ဒီ့ထက် ငယ်ရွယ်သူတွေ ရှိပါတယ်။ ကျွန်မ ရပ်တန့်လိုက်တာနဲ့ နိုင်ငံတကာပြိုင်ပွဲဝင်မယ့် တခြားသူတွေလည်း ရှိနေပါသေးတယ် ” ဟု ဆိုပါသည်။
ဤ အသက် ၁၈ နှစ်အရွယ် စကိတ်မယ်လေးသည် YouTube ပေါ်တင်ထားသော ရေခဲမင်းသမီး Ice Princess အမည်ရှိ ဗီဒီယိုရုပ်ရှင်ကို ကြည့်ရှုပြီးနောက် ယင်းပညာရပ်အပေါ်စိတ်ဝင်စားကာ စတင်လေ့ကျင့်ခဲ့သည်။ ထိုစဉ်က သူမ၏အသက် ၁၁ နှစ်သာရှိသေးသည်။ ရက်သတ္တတစ်ပတ်လျှင် ခြောက်ရက်ထိ လေ့ကျင့်မှုပြုခဲ့ကြောင်း သူမက ပြောပြ၏။
“ ကျွန်မမှာ ပင်ကိုယ်ပါရမီ ရှိနေတယ်လို့ ကျွန်မရဲ့နည်းပြက ပြောပါတယ်။ ဒါပေမယ့် ပါရမီ ရှိနေလျှင်တောင်မှ လေ့ကျင့်မှု များများရှိရမယ်လို့ ကျွန်မ ထင်မြင်ပါတယ် ”။
ခြုံလွာဆောင်း စကိတ်မယ်လေးသည် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေးအတွက် ပြိုင်ပွဲများဆက်လက် ၀င်ရောက်ရန် မျှော်လင့်ထားသည်။ စလိုဗေးကီးယားတွင် ကျင်းပခဲ့သည့် နိုင်ငံတကာစုပေါင်းစကိတ်စီးပြိုင်ပွဲကို ပထမဆုံး ၀င်ပြိုင်ပြီး ယခုအခါ နေရပ်သို့ပြန်လည်ရောက်ရှိလာပြီး ၂၀၁၈ ခုနှစ် တောင်ကိုးရီးယား Pyeongchang တွင်ပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပွဲ အတွက် ယခုကတည်းက ရည်မှန်းပြင်ဆင်နေပြီဖြစ်သည်။
“ တစ်ချို့သူတွေက ကျွန်မကို စံပြပုဂ္ဂိုလ်တစ်ဦးလို သဘောထားကြတယ်။ ဒါပေမယ့် ကျွန်မဟာ လူတွေအတွက် စံပြဖြစ်လာအောင် ကိုယ်ကိုယ်တိုင်က အကောင်းဆုံးကြိုးစားသလို လူအများကိုလည်း တိုက်တွန်း အားပေးနေသူသာ ဖြစ်ပါတယ်။ လူအများဆိုတဲ့နေရာမှာ အထူးသဖြင့် ဒီတိုင်းပြည်ထဲက မိမိရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်လိုတဲ့ မိန်းကလေးတွေပေါ့ရှင် ”။
ရုရှနိုင်ငံ ဆိုချီတွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှ ၂၃ ရက်အထိ ကျင်းပရန်သတ်မှတ်ထားသည့် ၂၀၁၄ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ၌ အဓိကကျသော နိုင်ငံတကာ အားကစားမျိုးစုံပါဝင်သည်။
Ref: OnIslam
Video Copy Right- The National Multimedia