News @ M-Media

Tag: Somali pirates

  • ၄ နှစ်ကြာ ဖမ်းခံထားရတဲ့ သင်္ဘောသား ၁၁ ဦး ဆိုမာလီ ပင်လယ်ဓါးပြများ လက်မှ ထွက်ပြေးလွတ်မြောက်

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    366060_container-ship
    – ၂၀၁၀ ခုနှစ်က ပြန်ပေးဆွဲခံခဲ့ရသော ကွန်တိန်နာသင်္ဘောတွင် လိုက်ပါသွားသည့် သင်္ဘောသား ၁၁ ဦးမှာ ၄ နှစ်ကြာပြီးနောက် ဆိုမာလီပင်လယ် ဓားပြများလက်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သိရသည်။

    အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့မှ သင်္ဘောသားများဖြစ်ကြပြီး ပြတင်းပေါက်မှ ခုန်ချကာ  ယမန်နေ့က ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သင်္ဘောသားများ လွတ်မြောက်ရေး ဆောင်ရွက်နေသည့် ဗြိတိန် ဗိုလ်မှူးဟောင်း ဂျွန်စတီဒ်က ပြောကြားခဲ့သည်။ ၎င်းတို့အား ဆိုမာလီမြောက်ပိုင်း ဂါလ်မာဒဂ်ဒေသမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကာ နိုင်ရိုဘီသို့ ယမန်နေ့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။

    ထိုသင်္ဘောသားများ လိုက်ပါသွားသည့် ကွန်တိန်နာသင်္ဘောမှာ မလေးရှားအလံ လွှင့်ထူထားသော MV Albedo သင်္ဘောဖြစ်ပြီး ယူအေအီးမှ ကင်ညာသို့ ခုတ်မောင်းနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။ ထိုအထဲမှ ပါကစ္စတန် သင်္ဘောသား ၇ ဦးကို ကန်ဒေါ်လာ ၁.၁ သန်းဖြင့် ၂၀၁၂ နှစ်က ရွေးယူခဲ့သည်။ သင်္ဘောသားများမှာ နှိပ်စက်မှုများ၊ ရိုက်နှက်မှုများ ခံရပြီး အိန္ဒိယ သင်္ဘောသားတစ်ဦးမှာ ပင်လယ်ဓားပြများနှင့် စကားများရာမှ ပစ်သတ်ခံခဲ့ရသည်။

    အိန္ဒိယသမုဒ္ဒရာနှင့် အေဒင်ပင်လယ်ကွေ့တို့တွင် နိုင်ငံတကာမှ သင်္ဘောအုပ်များ ကင်းလှည့်ခြင်း၊ သင်္ဘောအများစုတွင် လက်နက်ကိုင်အစောင့်များ လိုက်ပါသွားခြင်းတို့ကြောင့် ဆိုမာလီ ကမ်းရိုးတမ်းတွင် သင်္ဘောပြန်ပေးဆွဲမှုများမှာ မကြာသေးမီနှစ်များအတွင်း လျော့ကျလာခဲ့သည်။

    ဓါတ်ပုံ- MV Albedo သင်္ဘော

    MP/HSN/SS