News @ M-Media
Tag: special report
  • ဘာသာရေးအသွင်ဆောင် ပဋိပက္ခများသည် ယခင်စစ်အစိုးရ အဖွဲ့ဝင်များ လက်ချက်ဟု Justice Trust အဖွဲ့ထုတ်ပြန်
    ဘာသာရေးအသွင်ဆောင် ပဋိပက္ခများသည် ယခင်စစ်အစိုးရ အဖွဲ့ဝင်များ လက်ချက်ဟု Justice Trust အဖွဲ့ထုတ်ပြန်
    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    10464354_1491339591083252_5668154329372377568_n
    မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများနှင့် အရပ်ဝတ် အင်အားစုများ၏ အကြမ်းဖက်မှုများသည် ယခင် စစ်အစိုးရ အဖွဲ့ဝင်များက လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့ဖြစ်သော Justice Trust က ပြောဆိုလိုက်သည်။
    မတ်လ ၂၃ ရက်က ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ၏ အဓိကရုဏ်များ အကြောင်း ဆန်းစစ်ချက်များ အစီရင်ခံစာတွင် ဖော်ပြထား ခြင်း ဖြစ်သည်။
    “၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ကနေ ၂၀၁၄ ခုနှစ် မန္တလေး ဖြစ်ရပ်အထိ ဘာသာရေး အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေတာက အရင် စစ်အစိုးရဟောင်းက ခေါင်းမာဂိုဏ်းသားတွေရဲ့ အာဏာတည်မြဲဖို့၊ သူတို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ပြောင်းမှုအပေါ် ချုပ် ကိုင် ဖို့ ကြိုးပမ်းတာတွေကို ဖော်ပြနေပါတယ်”ဟု Justice Trust ၏ အမှုဆောင် ဒါရိုက်တာ Mr.Roger Normand က ပြောသည်။
    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းစာဆရာများ ကလပ်(FCCT- Foreign Correspondents Club of Thailand) ၌ မတ်လ ၂၃ ရက်တွင် ပြုလုပ်သည့် အစီရင်ခံစာနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် Mr.Roger Normand က ပြောဆိုခြင်း ဖြစ်သည်။
    ထိုအစီရင်ခံစာကို အစိုးရသစ် သမ္မတ ဦးသိန်းစိန် တာဝန်ယူပြီး နောက်ပိုင်း ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည် နယ် ပဋိပက္ခ၊ ၂၀၁၄ ခုနှစ်က မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် အစ္စလမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ၏ ဖြစ်စဉ် အပေါ်တွင် စစ်တမ်းကောက်ယူ၍ အစီရင်ခံစာ ရေးသားထားခြင်း ဖြစ်ကြောင်း သိရ သည်။
    သမ္မတ ဦးသိန်းစိန် လက်ထက်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိထ္ထီလာမြို့နှင့် မန္တလေးမြို့တို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာ ရေး ပဋိပက္ခ အသွင်ဆောင်သည့် အကြမ်းဖက်မှုများတွင် ဒေသခံတို့၏ အိုးအိမ်များ၊ အစ္စလမ် ဘာသာဝင်တို့၏ နေအိမ်များကို ၀င်ရောက် ဖျက်ဆီးသူတို့သည် ဒေသခံများ မဟုတ်ဘဲ အကြမ်းဖက်ဂိုဏ်းများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ဒေသခံ အချင်းချင်း ကို ဘာသာရေးအရ ပဋိပက္ခ ဖြစ်ပွားသည့်အသွင် ဖော်ဆောင်ခံရခြင်း ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ရေးသားထားသည်။
    လက်ရှိအစိုးရ အဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲမှု အမှန်တကယ် လုပ်ဆောင်နေကြောင်းနှင့် ပြည်သူများအပေါ် အစိုးရက ကာကွယ် ပေးမှုရှိကြောင်း ပြသရန် အတွက် ပဋိပက္ခ ဖြစ်ပွားစေရန် ဖန်တီးနေသည့် လူတစုကို ဖော်ထုတ်အရေးယူရန် လိုအပ်သည်ဟုလည်း Mr. Roger Normand က ပြောဆိုသည်။
    ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ Justice Trust မှ စစ်တမ်း ကောက်ယူရာတွင် သက်ဆိုင်ရာ အာဏာ ပိုင်များက မည်သူလုပ်ဆောင်သည်ကို အတည်ပြုပေးခြင်းမရှိဘဲ ပြင်ပမှလူများဟု စွပ်စွဲပြောဆိုခြင်း၊ အစ္စလမ် ဘာသာ ၀င်များဟု စွပ်စွဲ၍ အစ္စလမ် ဘာသာဝင်များကို လက်စားချေရန် လူမှုကွန်ရက်(Facebook) မှ တဆင့် ဒေသခံများကို တိုက်တွန်းခြင်း၊ ရဲအမြောက်အမြားကို အဓိကရုဏ်း ဖြစ်ပွားသည့် နေရာများ၌ အဓိကရုဏ်း မဖြစ်မီ နေရာချ ပေးထားသော်လည်း အချိန်မီ ဥပဒေအရ ကာကွယ်နိုင်ခြင်း ပျက်ကွက်ခဲ့သည့် အချက်တို့ကို ပဋိပက္ခတိုင်း၌ တူညီစွာ တွေ့ရှိခဲ့ရသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
    သမ္မတ အကြံပေးလည်း ဖြစ်သည့် ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကမူ Justice Trust အစီရင်ခံစာပါ စွပ်စွဲချက်များကို လက်မခံကြောင်း၊ လက်ရှိတာဝန်ယူနေသော အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအရ တည် ဆဲ ဥပဒေပါ ပြ ဌာန်းချက်များ အတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
    “တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ရတဲ့ အဖွဲ့အစည်း တခုလုံးအနေနဲ့ ဥပဒေအတိုင်း ဆောင်ရွက်ပေမယ့် အဖွဲ့ဝင် တဦးချင်းမှာတော့ မှားယွင်းမှုရှိကောင်း ရှိနိုင်တာပေါ့၊ အဲ့ဒါမျိုးတွေကို အဖွဲ့အစည်းက ပြန်သုံးသပ် ပြင်ဆင်သွားမှာပါ”ဟုလည်း ၎င်းက ပြောဆို သည်။
    အဆိုပါ အစီရင်ခံစာကို Hidden Hands Behinds Communal Violence in Myanmar : Case Study of the Mandalay Riots ဟု အမည်ပေးထားပြီး Justice Trust မှ နိုင်ငံတကာ ရှေ့နေများ အပါအ၀င် မြန်မာနိုင်ငံရှိ ရှေ့နေများ ကွန်ရက်မှ ရှေ့နေများ၊ ပဋိပက္ခ ဖြစ်ပွားရာဒေသမှ ဒေသခံများနှင့် ပူးပေါင်း၍ ၆ လခန့် မှတ်တမ်းများ ကောက်ယူပြုစုထားခြင်း ဖြစ်သည်ဟု သိရသည်။
    အစီရင်ခံစာတွင် ပါဝင်ကူညီခဲ့သည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေ ဦးသိန်းသန်းဦးက“ယူနီဖောင်းဝတ် စစ်သားတွေအစား အရပ် ၀တ် အင်အားစုတွေကို အသုံးချပြီး နိုင်ငံနဲ့တ၀န်း အကြမ်းဖက်မှုတွေကို လုပ်နေတဲ့ ကိစ္စပါ၊ နိုင်ငံမှာ လိုအပ်နေတဲ့ အမှန်တကယ် လိုအပ်ချက်တွေကို အာရုံလွှဲနိုင်ဖို့ လူနည်းစုတွေကို ဓားစာခံလုပ် အသုံးချနေတဲ့ ကိစ္စပါ”ဟု ပြောသည်။
    ထိုတွေ့ရှိချက်များသည် အာဏာတည်မြဲရေး ကြိုးပမ်းလိုသည့် အင်အားစုတစုက နောက်ကွယ်မှ လုပ်ဆောင်နေသည့် သက်သေများရှိနေပြီး အကြမ်းဖက်မှုကို လှုံ့ဆော်ရာတွင် ရဟန်းဖြစ်သည့် အရှင်ဝီရသူကလည်း တိုက်ရိုက် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အစီရင် ခံစာတွင် ရေးသားထားသည်။
    အဓိကရုဏ်းတွင် ကျူးလွန်ခဲ့သူများကို ဥပဒေကြောင်းအရ ရှာဖွေဖော်ထုတ်မှု အစိုးရက ပျက်ကွက်ခဲ့သည့် အပြင် အဓိကရုဏ်းများ ဖြစ်ပွားချိန်မှာ လူထုက တရားမျှတမှု၊ ဒီမိုကရေစီ အခွင့်အရေးများ အရှိန်မြှင့် တောင်းဆိုနေသည့် အချိန်နှင့် အချိန်ကိုက် ဖြစ်နေသဖြင့် အစိုးရက ဒီမိုကရေစီ တောင်းဆိုမှုများကို အာရုံလွှဲလိုက်ခြင်း ဖြစ်သည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။
    Justice Trust သည် အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံရှိ ရှေ့နေများ ကွန်ရက်၊ သတင်းသမားများနှင့် ဆက်သွယ်၍ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းပြုစုခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်ခံနေရသည့် ဖြစ်ရပ်များတွင် အကူအညီပေးခြင်းများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့်အဖွဲ့ ဖြစ်သည်။
    http://burma.irrawaddy.org/news/2015/03/25/73078.html
  • မန္တလေးအဓိကရုဏ်း အစီရင်ခံစာ ထုတ်ပြန်
    မန္တလေးအဓိကရုဏ်း အစီရင်ခံစာ ထုတ်ပြန်
    DVB မှ ကူးယူဖော်ပြသည်။
    10505488_290062617833072_4129075403937789488_n
    မန္တလေးမြို့မှာ မနှစ်နှစ်လည်ပိုင်းက  ဖြစ်ခဲ့တဲ့ အဓိကရုဏ်းဟာ မမြင်ရတဲ့ လျှို့ဝှက်ကြံစည်သူလက်တွေက နိုင်ငံရေးရည်ရွယ်ချက်အတွက် ကြိုတင်စီစဉ်ထားတဲ့ ဇာတ်လမ်း အတိုင်း ကျူးလွန်ခဲ့ကြတာ ဖြစ်တယ်လို့   တရားမျှတမှုအဖွဲ့ (Justice Trust)က ထုတ်ပြန် ပါတယ်။
    “မြန်မာနိုင်ငံ မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုများနောက်ကွယ်မှ မမြင်ရသောလက်၊ မန္တလေးအဓိကရုဏ်းနှင့်ပတ်သက်၍ လေ့လာချက် အစီရင်ခံစာ” အမည်နဲ့ ဒီနှစ် မတ်လထုတ် မူဝါဒဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
    ဒီအစီရင်ခံစာကို တည်းဖြတ်သူ၊ တရားမျှတမှုအဖွဲ့ (Justice Trust)ရဲ့ ဦးဆောင်ကော်မတီဝင် မန္တလေးမြို့က ရှေ့နေဦးသိန်းသိန်းဦးက “တနိုင်ငံလုံးမှာရခဲ့တဲ့ သက်သေအထောက်အထား တွေ၊ ဖြစ်စဉ်တွေက ပုံစံတူတွေဖြစ်တယ်။ ဒီ ဘာသာရေးအရေးအခင်း၊ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဖြစ်တဲ့အနေအထားတွေက တပုံစံတည်း ဖြစ်တယ်။ အဲဒါတွေက မန္တလေးမှာ ဖြစ်ခဲ့တဲ့ကိစ္စကလည်း တကယ်ကတော့ သတင်းဌာန သစ်ထူးလွင်ဆိုတဲ့သတင်းဌာနက မမှန်သတင်း ထုတ်လွှင့်လှုံ့ဆော်တာတွေနဲ့ အတူတူပေါ့နော် ပူးပေါင်းကြံစည်တဲ့သူတွေ ပါဝင်တယ်။ ပူးပေါင်းပါဝင်တဲ့သူတွေ ပါဝင်တာမှ နောက်ကွယ်က အကွက်ချပြီးတော့ ရာဇ၀တ်မှုတွေ ရောယှက်ပြီးတော့ ဇာတ်လမ်းကို မကြီးကြီးအောင်လုပ်တာဖြစ်တယ်။ ဒါကို နိုင်ငံတော်အစိုးရဘက်ကလည်း သတင်းစာရှင်းလင်းပွဲ လုပ်ထားတယ်။ ကျနော်တို့ရတဲ့ အချက်အလက်တွေက တွေ့ရတယ်။ နောက်ဖြစ်စဉ်တွေမှာ ပါဝင်လာခဲ့တဲ့လူတွေက ထုံးစံအတိုင်းပါပဲ မန္တလေးမြို့သားတွေ မဟုတ်ဘူး။ ဖြစ်စဉ်တိုင်း ဖြစ်စဉ်တိုင်းမှာ ပါဝင်ကျူးလွန်သူတွေဟာ သူစိမ်းတွေ ဖြစ်ကြတယ်။ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌလည်း ဒီအချက်ကို ၀န်ခံရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းလည်း ဒီအချက်ကို ထောက်ပြတယ်။ ဒီအချက်တွေက ကျနော်တို့ ရရှိတဲ့ အသေးစိတ်အချက်အလက်တွေ ဒီပြင် ဗမာပြည်ထဲမှာ ဖြစ်ခဲ့တဲ့ ပုံစံတူကိစ္စတွေအားလုံးကို ချုပ်လိုက်တော့ ကျနော်တို့ရခဲ့တဲ့ ဓာတ်ပုံအထောက်အထားအပါအ၀င် အချက်အလက်တွေက အဲဒီကိစ္စကို လှုံ့ဆော်သွားတာဟာ မန္တလေးကလူတွေ မဟုတ်ဘူး။ သာမန်ကိစ္စမဟုတ်ဘူး။ အကွက်ကျကျ အစီအစဉ်တကျ စီစဉ်သွားတာလို့ ထုတ်ပြောရင် ဖြစ်ပါတယ်ခင်ဗျ။ ” လို့ ပြောပါတယ်။
    မန္တလေးအဓိကရုဏ်းဟာ သေချာ စုဖွဲ့ထားတဲ့ လက်နက်ကိုင်ဂိုဏ်းတွေက ကျူးလွန် ဆောင်ရွက်ခဲ့ကြကြောင်းနဲ့ သူတို့တတွေကို မန္တလေးမြို့ပြင်ပကနေ ခေါ်ဆောင်လာခဲ့ကြတာ ဖြစ်ပြီး အလိုအလျောက် လူအုပ်လူဝေးနဲ့ ဆူပူအကြမ်းဖက်မှုအသွင် ထင်မြင်ရလေအောင် သေသေချာချာ စီစဉ် ဒီဇိုင်းလုပ်ထားတဲ့အဓိကရုဏ်းဖြစ်တယ်လို့ ဆိုပါတယ်။
    10525761_290063657832968_6796677837261088722_n
    အပိုင်း ၃ ပိုင်းပါ အစီရင်ခံစာမှာ အရင်စစ်အစိုးရဟောင်းနဲ့ ဆက်စပ်မှု ရှိကြတဲ့ သဘောထားတင်းမာသူတွေရဲ့ လျှို့ဝှက်ကြံစည်တဲ့လက်တွေက မန္တလေးအဓိကရုဏ်းတွေကို ဘယ်လို ဖန်တီး လှုံ့ဆော်သည်ကို ဖော်ပြထားပြီး ဘာသာရေးအကြမ်းဖက်မှု ထောင်ချောက် အတွင်း မကျရောက်အောင် ပြည်သူတွေကို အကြံပြုချက်တွေ ထည့်သွင်း ထားပါတယ်။
    နိုင်ငံတကာ ဥပဒေပညာရှင်တွေပါ ၀င်တဲ့ ခြောက်လကြာ ကွင်းဆင်းမေးမြန်းချက်တွေအရ ဖြေကြားသူတွေက တညီတညွတ်တဲ့ ပြောဆိုကြရာမှာ  အဓိကရုဏ်းတွေဟာ စစ်တပ်သဘော ထားတင်းမာသူတွေရဲ့ ပြယုဂ်လုပ်ရပ်တခုဖြစ်ပြီး အထူးသဖြင့် စစ်အစိုးရရဲ့ ထိပ်သီးခေါင်းဆောင်၊ စိတ်ဓာတ်စစ်ဆင်ရေး ကျွမ်းကျင်သူလို့ နာမည်ကျောင်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သစ္စာရှိ လူယုံများလုပ်ရပ်လို့ ဆိုကြောင်းနဲ့ ရည်ရွယ်ချက်ကတော့ မူဆလင်တွေအပေါ် အကြမ်းဖက်မှုတွေကို ဖန်တီးပေးခြင်းအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်စေရန်။ ကန့်လန့်ကာနောက်ကွယ်မှနေ၍ သူတို့အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်လို့ ဆိုကြသည်လို့ ဖော်ပြပါတယ်။
    အခန်း ၂ မှာ နောက်ခံအကြောင်းအရာတွေနဲ့ သုံးသပ်ချက်တွေကို ဖော်ပြပြီး အရင်စစ်အစိုး လမ်းပြမြေပုံက နိုင်ငံရေးအသွင်ကူးပြောင်းမှုလမ်းကြောင်းကို ချပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ လူမှုအသိုက်အ၀န်းချင်း ပဋိပက္ခများမှသည် မိတ္ထီလာ၊ လားရှိုး၊ မန္တလေးနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ မွတ်စလင်ဆန့်ကျင်ရေးအဓိကရုဏ်းတွေ ဘယ်ကို ဦးတည်တယ်ဆိုတာကို ဖော်ပြရေးသားပါတယ်။
    အဓိကရုဏ်းတွေရဲ့ ရည်ရွယ်ချက်တွေဟာ ခေါင်းမာအုပ်စုတွေနဲ့ ခရိုနီကွန်ယက်တွေရဲ့ တရားမ၀င် အာဏာကို ဆက်လက်ထိန်းသိမ်းထားရေး ဖြစ်ပြီး လူထုရဲ့ဒေါသ၊ မကျေနပ်မှုတွေကို လမ်းလွှဲပေးရေး၊ လမ်းကြောင်းပြောင်းပေးရေးဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ နိုင်ငံရေးဆန္ဒ မရှိကြတဲ့အခြေအနေမှာ ဒီလို လုပ်ဆောင်ခြင်းကြောင့်  ဒီမိုကရေစီအင်အားစုတွေရဲ့ အင်အား ချိနဲ့လာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
    မန္တလေးမှာ ဖြစ်ပွားတဲ့အဓိကရုဏ်းမဖြစ်ပွားမီ မနှစ် ဇွန် ၃၀ ရက်နေ့က ဆရာတော် ဦးဝီရသူရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာကနေ မွတ်ဆလင်ညီအကို ၂ ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီးအိမ်ဖော်တဦးကို မုဒိမ်းကျင့်တယ်လို့   ဖော်ပြခဲ့ပါတယ်။ ဒီအမျိုးသမီးက နောက်ပိုင်းမှာ လူမိုက်တဦးက ခြိမ်းခြောက်ခိုင်းစေတာကြောင့် လိမ်လည်ပြောဆိုခဲ့တာလို့ ပြောဆိုခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် ဒီသတင်းမှားကြောင့် ဗုဒ္ဓဘာသာဝင်တဦးနဲ့ အစ္စလာမ်ဘာသာဝင်တဦး အသက်သေဆုံးခဲ့ရပြီးနောက်မှာ အကြမ်းဖက်မှုကို ဦးတည်တဲ့ အဓိကရုဏ်းဖြစ်ပွားတဲ့ အဆင့်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
    မန္တလေးမြို့ အဓိကရုဏ်းဖြစ်စဉ်မှာ လက်နက်ကိုင်ဆောင်တဲ့ နယ်ခံ မဟုတ်လို့ ယူဆရတဲ့ လူငယ် ၃၀ ခန့်ဟာ တုတ်၊ ဓားတွေ ကိုင်ဆောင်ပြီး ဆိုင်ကယ်တွေနဲ့ မြို့တွင်းမှာ ယာဉ်တွေ၊ အိမ်တွေ၊ ဗလီတွေကို ဖျက်ခဲ့ကြတာကို ရဲ ၁၀၀ ကျော်က လက်ပိုက်ကြည့်နေတယ်လို့ ဆိုပါ တယ်။ အဆိုပါ လူငယ် ၃၀ ခန့်ဟာ ဘုန်းကြီးကျောင်းတွေကိုလည်း သူတို့နဲ့ လိုက်ပါဖို့ လိုက်လံ စည်းရုံးပေမယ့် သံဃာတွေနဲ့ နယ်မြေခံ ပြည်သူတွေက ပူးပေါင်းပါဝင်ခြင်း မရှိခဲ့ကြဘူးလို့ စည်းရုံးခံရပြီး ငြင်းပယ်ခဲ့ကြတဲ့ ကျောင်းထိုင်ဆရာတော်ကြီးတွေရဲ့  မိန့်ကြားချက်ကို ကိုးကား ဖော်ပြပါတယ်။
    အဓိကရုဏ်းဖြစ်နေစဉ်မှာ အနီးဝန်းကျင်မှာ လုံခြုံရေးထိန်းသိမ်းတဲ့တပ်ဖွဲ့တွေ ရှိနေပေမယ့် မကိုင်တွယ်ခဲ့ကြပဲ လျစ်လျူရှုခဲ့ကြတယ်လို့ မျက်မြင်ဒေသခံတွေကို မေးမြန်းချက်တွေကို ဖော်ပြပါတယ်။
    မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ လွတ်လပ်စွာကျင့်သုံးခွင့် ရှိတယ်လို့ ပြဌာန်းထားပေမယ့် ၉၆၉ လှုပ်ရှားမှု၊ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ ဦးဝီရသူရဲ့ တရားပွဲတွေဟာ ဒီအခွင့်အရေးတွေကို တိုက်ရိုက် စိန်ခေါ်ခြိမ်းခြောက်နေတယ်လို့ ဖော်ပြပါတယ်။ ၉၆၉ လှုပ်ရှားမှုဟာ ၂၀၁၄ ဖေဖော်ဝါရီလမှာ ရန်ကုန်မြို့မှာ ကျင်းပတဲ့ စာပေဟောပြောပွဲတခုကိုလည်း မွတ်စလင်ဟောပြောသူတွေ ပါနေတယ်၊ အမုန်းတရားပြန့်ပွားရေး ဟောပြောနေတယ်ဆိုပြီး နှောင့်ယှက်ခဲ့ကြတာကို ဖော်ပြပါတယ်။
    သမ္မတဦးသိန်းစိန်က အမုန်းတရားနဲ့ အကြမ်းဖက်မှုအတွက် လှုံ့ဆော်သူတွေကို ဥပဒေကြောင်းအရ ပြင်းထန်စွာ အရေးယူမယ်လို့ သတိပေးခဲ့ပေမယ့် အာဏာပိုင်တွေက ၉၆၉ လှုပ်ရှားမှုရဲ့ ရန်လိုတဲ့ ဆောင်ရွက်ချက်များအပေါ် တိကျတဲ့ အရေးယူဆောင်ရွက်ချက်တွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ရာဇ၀တ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေကို အသာထားပြီး တရားဝင်ထုတ်ပြန်ကြေညာချက်များဖြင့်ပင် အရေးယူဆောင်ရွက်ခြင်း မရှိပါလို့ ဖော်ပြ ထားပါတယ်။
    ရှေ့နေ ဦးသိန်းသန်းဦးက“ဥပမာအားဖြင့်ဗျာ အများကြီး မြင်ရပါတယ်။ အခုဆိုလို့ရှိရင်ဗျာ စာရေးဆရာ ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ်တရားရုံးမှာ သာသနာကို ညစ်နွမ်းအောင် ပြောဆိုမှုဆိုပြီး ၂၉၅ (က)နဲ့ တရားစွဲထားပါတယ်။ စွဲချက်တောင် တင်နေတဲ့အနေအထား ဖြစ်ပါတယ်။ ဦးထင်လင်းဦး ဟောပြောတာက ဘာသာရေးစော်ကားတာ မဟုတ်ပါဘူး။ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့အခါမှာ အချို့အချက်အလက်ကလေးတွေပါတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီးတော့ စွဲတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာမှာ အင်မတန်ထင်ရှားတဲ့ ဆရာတော်တပါးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် (မစ္စစ် ယန်ဟီးလီ)ကို အင်မတန် ရင့်သီးရိုင်းပြတဲ့၊ သာသနာတော်မှာ ခွင့်ပြုမထားတဲ့၊ သာမန်ယဉ်ကျေးတဲ့ လူတယောက်တောင် မသုံးတဲ့ အသုံးတွေ သုံးထားတာမျိုးကို ဘာမှ သတိပေးတာက အစ ဘာမှမလုပ်ဘူး။ အဲဒီတော့ သူက အမုန်းတရားတွေ လှုံ့ဆော်တဲ့ လူတွေကို ပြောတယ်ဆိုပေမယ့် လူမှုရေးကွန်ရက်မှာလည်း ဒါမျိုးတွေ အများကြီး လူမှုရေးကွန်ရက်မှာလည်း ကြက်ဥကြော်တံဆိပ်တွေနဲ့ အုံနဲ့ကျင်းတဲ့ အချိန်နဲ့တပြေးညီ လှုံ့ဆော်နေတဲ့သူတွေ ရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် တရားပွဲတွေမှာ ပြောနေတဲ့သူတွေ ရှိတယ်။ ဒါတွေ အကုန်လုံးကို လွှတ်ထားပါတယ်။ လွှတ်ချင်တဲ့သူတွေကို လွှတ်ထားပြီးတော့ မလိုတဲ့သူတွေကိုတော့ အပြစ်ပေးတယ်။” လို့ ပြောပါတယ်။
    အစီရင်ခံစာထဲမှာလည်း အစိုးရက အမှန်တကယ်မှာ ၉၆၉ လှုပ်ရှားမှုအတွက် လူမှုအမုန်းတရားများ ဟောပြောဖန်တီးရန် ၀န်းကျင်ကို ဖန်တီးပေးထားပြီး တချိန်တည်းမှာ လူ့အခွင့်အရေးကို ကာကွယ်လှုပ်ရှားပေးနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို  အတင်းအကျပ် ချေမှုန်း ဖိနှိပ်ခဲ့တယ်လို့ ဆိုပါတယ်။
    မန္တလေးအကြမ်းဖက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားမျှတမှုအဖွဲ့(Justice Trust)နဲ့အတူ တွေ့ဆုံ မေးမြန်းခဲ့ကြသည့် ရှေ့နေများက ယခု ဖမ်းဆီးထားသူများ၊ ပြစ်ဒဏ် ချမှတ် ထားသူများသည် အမှန်တကယ် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြသည်ဟု မယုံကြည်ကြောင်း ဖော်ပြ ထားပါတယ်။
    ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ကျန်ဒေသတွေမှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေဟာ မတူညီ ကွဲပြားခြားနားတယ်ဆိုတာကိုလည်း အစီရင်ခံစာက ထောက်ပြ ထားပါတယ်။ ရခိုင်ပြည်နယ်ကိစ္စမှာ သမိုင်းကြောင်းအရ အမြစ်တွယ်နေတဲ့ ကွဲပြားရန်လိုမှုတွေ အစစ်အမှန် ရှိနေပြီး နောက်ပိုင်းနိုင်ငံရဲ့ ကျန်ဒေသတွေမှာ ဖြစ်ပွားတဲ့ ကိစ္စတွေမှာတော့ လူထုရဲ့ စိတ်ခံစားမှုကို သွေးထိုးပေးပြီး တင်းမာမှုတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ ဖြစ်တယ်လို့ ရေးထားပါတယ်။
    အတိတ်ကာလမှာကလည်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအာဏာအတွက် ဘာသာရေးကို ခုတုံးလုပ်မှုတွေ ဖြစ်ခဲ့တာကြောင့် ဒီဖြစ်ရပ်တွေကို  လူအများ သိရှိအောင် ဖြန့်ဝေပြောဆိုကြဖို့နဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွေကို ဟန်ဆောင်သဘောမဟုတ်ဘဲ အောက်ခြေအဆင့်ထိ ထိထိရောက်ရောက် ဖွဲ့စည်းပြီး အကြမ်းဖက်ဖို့ ကြိုးပမ်းသူတွေကို တုံ့ပြန် ဆောင်ရွက်သင့်တယ်လို့ မန္တလေးမြို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ရှေ့နေ ဦးသိန်းသန်းဦးက တိုက်တွန်းပါတယ်။
    http://burmese.dvb.no/archives/86801
  • ၂၀၁၅ ခုနှစ် အတွက် သြဇာအကြီးမားဆုံး အာရဗ် အမျိုးသမီး ၁၀၀
    ၂၀၁၅ ခုနှစ် အတွက် သြဇာအကြီးမားဆုံး အာရဗ် အမျိုးသမီး ၁၀၀
    မတ်လ ၁၇ ၊ ၂၀၁၅
    M-Media
    Arabian Business မှ “၂၀၁၅ ခုနှစ်အတွက် သြဇာအကြီးမားဆုံး အာရဗ်အမျိုးသမီး ၁၀၀ ”  မှ ထိပ်တန်း ၁၀ ယောက် အကြောင်းကို  စုစည်းဖော်ပြလိုက်ပါတယ်။
    The_100_Most_Powerful_Arab_Women_2015_
    ခွဲခြားထားတဲ့ ကဏ္ဍအုပ်စုများကတော့ – ဘဏ်စနစ်နှင့်ဘဏ္ဍာရေး၊ ဘဏ္ဍာရေးနှင့်ဖျော်ဖြေရေး၊ အတိုင်ပင်ခံနှင့်အားဖြည့်မှု၊ သဘာဝန်းကျင်ဝန်ဆောင်မှု၊ ဥပဒေ၊ အနုပညာနှင့်ဖျော်ဖြေရေး၊ ယဉ်ကျေးမှုနှင့်လူ့အဖွဲ့အစည်း၊ ရင်းနှီးမြှုပ်နှံမှု၊ အာကာသအင်ဂျင်နီယာ၊ မီဒီယာ၊ စီးပွားရေးလုပ်ငန်းစု၊ ဘဏ္ဍာရေး၊ အိမ်ခြံမြေရောင်းဝယ်မြှုပ်နှံရေး၊ ဆောက်လုပ်ရေး၊ အိုင်တီနည်းပညာ၊ သိပ္ပံ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကူးသန်း/ပို့ဆောင်မှု၊ စွမ်းအင်၊ လက်လီရောင်းချလုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ စက်မှုနည်းပညာ၊ အားကစား တို့ဖြစ်ကြပါတယ်။
    အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် အဲ့ဒီထဲက ထိပ်ဆုံးအဆင့်ဝင် ၁၀ ဦးအကြောင်းကို လေ့လာကြည့်ကြပါစို့။
    ၁။ ရှိုင်းခါ လုဗ်နလ် ကာစီမီ (ယူအေအီး၊ အုပ်ချုပ်ရေးကဏ္ဍ)
    —————————–
    1) Sheikha Lubna Al Qasimi
    ဒေသတွင်းသာမက ကမ္ဘာအနှံ့မှာပါ သြဇာ သက်ရောက်သူဖြစ်လို့ သူမဟာ အဆင့်နံပါတ်တစ် စာရင်းဝင်ဖြစ်တာကို အံ့သြစရာ မဖြစ်လောက်ဘူး ထင်ပါတယ်။
    ကမ္ဘာ့လူမှုဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ၀န်ကြီးဌာန – Federal Government’s Minister of International Cooperation and Development ခေါင်းစဉ်အောက်က အဓိကမောင်းနှင်သူနဲ့ ပင်မအလှူရှင်အဖြစ် ရပ်တည်ဆောင်ရွက်နေသူ ရှိုင်းခါ လုဗ်နလ် ကာစီမီဟာ ငါးနှစ်မြောက်မှာ နံပါတ်တစ်နေရာရောက်ရှိသွားပြီး ယူအေအီးနိုင်ငံ့ဂုဏ်ဆောင်နေသူ ဖြစ်ပါတယ်။
    သူမရဲ့ စွမ်းဆောင်ရည်နဲ့စိတ်အားထက်သန်မှုကြောင့် ယူအေအီးနိုင်ငံရဲ့ ပြည်ပ ကယ်ဆယ်ထောက်ပံ့ရေး အလှူဒါနများကို မပြတ်တမ်း တိုးမြှင့်လာစေခဲ့ပါတယ်။ လတ်တလောအစီရင်ခံချက်တစ်ခုအရ ဒီကူညီမှုအမျိုးအစားဟာ ၂၀၁၃ ခုနှစ်ထက်စာရင် သုံးဆမြင့်တက် လာပြီး ဒေါ်လာ ၆ သန်းနီးပါးအထိ ရှိနေပါတယ်။ ရှိုင်းခါ လုဗ်နာဟာ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်ကစ ဒီတာဝန်ကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
    စီးပွားရေးရာဝန်ကြီးကနေတဆင့် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်တဲ့ ၂၀၀၄ – ၂၀၀၈ ခုနှစ်ကာလအတွင်း ယူအေအီးနိုင်ငံအဖို့ အစည်ပင်ဆုံးအချိန်၊ ဒါ့အပြင် နိုင်ငံခြားကုန်သွယ်မှုအမြင့်မားဆုံးအဆင့် ရောက်နိုင်ခဲ့ပါတယ်။
    အမျိုးသမီးရေးရာ လုပ်ငန်းကဏ္ဍမှာ ချန်ပီယံဖြစ်တဲ့ အတိုင်း အမျိုးသမီးများ အခွင့်အရေး၊ ပညာရေး၊ စွမ်းရည်ဖြည့်တင်းပေးမှုများမှာလည်း ရှိုင်းခါ လုဗ်နာက ထာဝစဉ် ရပ်တည်ခဲ့ပါတယ်။
    ယခုနှစ်အစောပိုင်းက Zayed University ဥက္ကဌအနေနဲ့ အဲ့ဒီတက္ကသိုလ်နဲ့ဒူဘိုင်းအမျိုးသမီးအသင်းအဖွဲ့အကြား ခိုင်မာတဲ့ ချစ်ကြည်ရေးကို ထူထောင်ပေးပြီး၊ ယူအေအီးအမျိုးသမီးများကို စုစည်းနိုးကြားစေတဲ့အပြင် သူတို့ရဲ့ ပုဂ္ဂလနဲ့ပညာရေးပန်းတိုင်တွေဆီ အရောက်ပို့ဆောင်ကူညီပေးနိုင်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့လ အစိုးရထိပ်သီးညီလာခံမှာ ပါကစ္စတန်၊ ယီမင် အစရှိတဲ့နိုင်ငံတွေက မိန်းကလေးတွေ ပညာသင်ကြားနိုင်အောင် ယူအေအီးရဲ့ထောက်ပံ့ချီးမြှင့်မှု အထူးလိုအပ်ကြောင်း အမျိုးသမီးများဘ၀မြှင့်တင်ရေးအတွက် တိုက်တွန်းပြောကြားသွားပါတယ်။
    “လူ့အဖွဲ့အစည်းတစ်ရပ်က အမျိုးသမီးပညာရေးအပေါ် အလေးအနက်မထားရင် အမျိုးသမီးတွေအတွက် အခွင့်အလမ်း လုံလုံလောက်လောက် မပေးနိုင်တော့တာကို သိပ်မကြာခင် မြင်တွေ့ကြရပါမယ်။ ယနေ့ကာလ ယူအေအီးနိုင်ငံမှာဆိုရင် နိုင်ငံတော်ရဲ့ကမကထပြုမှုကြောင့် ပညာရေးက အမျိုးသမီးများအတွက် ဦးစားပေးအဆင့်မှာ ရှိကြောင်း တွေ့ကြရပြီဖြစ်တယ်။ ပညာရေးကြောင့် အမျိုးသမီးတွေဟာ နယ်ပယ်များစွာထဲ ပါဝင်နိုင်ခဲ့ပါပြီ” လို့ ရှိုင်းခါ လုဗ်နလ် ကာစီမီက ပြောကြားသွားပါတယ်။
    ၂။ အမလ် ကလူးနီး (လက်ဘနွန်/ယူကေ – ဥပဒေ)
    ———————
    FRANCE-EU-ARMENIA
    ဟောလိဝုဒ် ပထမဆင့်အကျော်အမော် ဂျော့ဂ်ျကလူးနီးနဲ့ လက်ဆက်လိုက်တဲ့ ၂၀၁၄ ခုနှစ်ကစပြီး အမလ် ကလူးနီး ကို လူထုကြားထဲ ထင်ရှားလာခဲ့တယ်လို့ ဆိုကြရဲ့။
    ဒါပေမယ့် တကယ့်စင်စစ်မှာတော့ အဲ့ဒီနှစ်များက အမလ် ကလူးနီးဟာ လူ့အခွင့်အရေး၊ နိုင်ငံတကာဥပဒေ၊ ရာဇ၀တ်မှုပြဿနာများအပေါ် တိုက်ပွဲဝင်နေသူ ဖြစ်နေခဲ့ပြီးသားပါ။ သူမဟာ နာမည်ကျော် အလုပ်များပြားတဲ့ ထိပ်တန်းအမှုကိုင်တွယ်တဲ့ ရှေ့နေတွေ၊ လှုပ်ရှားတက်ကြွသူတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူမရဲ့အမှုသည်အချို့ကတော့ ဂျူလီယန် အဆန်ဂီနဲ့ ယူလီယာ တီမိုရှင်ကို တို့ဖြစ်ကြပါတယ်။
    အော့စ်ဖို့ဒ်တက္ကသိုလ်နဲ့ နျူးယော့ခ်ဥပဒေတက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ကလူးနီးက သူမရဲ့ သက်မွေးလုပ်ငန်းကို ဆူလီဗန်နဲ့ ခရုမ်းဝဲလ်မှာ စတင်လုပ်ကိုင်ခဲ့တယ်။ အဲ့ဒီနောက် လက်ဘနွန်ဆိုင်ရာ ကုလသမဂ္ဂအထူးခုံရုံး၊ ယူဂိုဆလားဗီးယားနိုင်ငံဟောင်း ဆိုင်ရာ နိုင်ငံတကာရာဇ၀တ်မှုခုံရုံးတို့ရဲ့ စွဲချက်ဌာနရုံးကို ပြောင်းရွှေ့ခဲ့တယ်။
    ကမ္ဘောဒီးယားနိုင်ငံ၊ လစ်ဗျားထောက်လှမ်းရေး အကြီးအကဲဟောင်း စတဲ့ ဟိုးလေးတကျော်အမှုတွေကို ကိုင်တွယ်ခဲ့ရပြီး နောက်ပိုင်းမှာ – ဆီးရီးယားအရေး အထူးသံတမန် ကိုဖီအန်နန်ရဲ့ အကြံပေး၊ ကုလလူ့အခွင့်အရေးကျွမ်းကျင်ပညာရှင် Ben Emmerson QC ကြီးကြပ်စုံစမ်းတဲ့ ၂၀၁၃ ဒရုံးပြဿနာရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် ကုလလုပ်ငန်းစဉ်အများအပြားမှာ အကြိမ်ကြိမ် တာဝန်အပ်နှင်းခြင်း ခံရသူ ဖြစ်လာတယ်။
    ၀ီလီယံ ဟေ့ဂ် ဗြိတိသျှ နိုင်ငံခြားရေးဒုဝန်ကြီး ဖြစ်စဉ်က သူနဲ့အတူ ကြုံဆုံခဲ့ရတဲ့ ပဋိပက္ခဇုံအတွင်း ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှု ကာကွယ်ရေးဆွေးနွေးမှုအတွက် အားထုတ်ခဲ့သူဖြစ်သလို၊ ယမန်နှစ် အောက်တိုဘာလက ဂရိအစိုးရအတွက် Elgin Marbles ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်မှာလည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
    ဒီနှစ်အစောပိုင်းမှာ အာမေးနီးယန်းမျိုးသုဉ်းရှင်းလင်းမှု အတည်ဖြစ်ရေးလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ပါတယ်။ လက်ရှိသတင်းများအရ သူမဟာ ဗြိတိသျှစစ်တပ်က ညှဉ်းဆဲခဲ့သူ အိုင်းရစ်ရှ်အမျိုးသား ၁၄ ဦးကို ကိုယ်စားပြုအရေးဆိုဖို့ ခန့်အပ်ခံထားရတယ်လို့ ဆိုပါတယ်။
    ၃။ လောင်ဂျအိနုလ် ဟဆ်လူလ် (ဆော်ဒီအာရေဗျ – ယဉ်ကျေးမှုနှင့်လူ့အဖွဲ့အစည်း)
    ———————————
    ရံဖန်ရံခါအားဖြင့် ဖြစ်စဉ်တစ်ရပ်ဟာ အမျိုးသမီး တစ်ဦးကို အဲ့ဒီဖြစ်ရပ်ရဲ့သင်္ကေတ တစ်ခုအဖြစ် ခေါင်းကြီးပိုင်း သတင်းတွေဆီရောက်အောင် တွန်းပို့လိုက်တာမျိုး ရှိတတ်ပါတယ်။
    လောင်ဂျအိနုလ် ဟဆ်လူလ် ဟာ အလားတူ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးများကားမောင်းရင် အကျဉ်းချနိုင်တယ် ဆိုတဲ့ ဆော်ဒီအာရေဗျ တားမြစ်ကန့်သတ်ချက်ကို သူမက အံတုလုပ်ဆောင်ခဲ့တယ်။ မရှေးမနှောင်းမှာဘဲ အဲ့ဒီအရေးနဲ့ ပတ်သက်လို့ ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝှမ်းမှာ အငြင်းပွားဖွယ်ခေါင်းစဉ်အဖြစ် ပေါ်ထွက်ဖော်ပြရေးသားလာကြပါတော့တယ်။
    ယမန်နှစ်ဒီဇင်ဘာလက အလ် ဟဆ်လူလ် ဟာ မိုင်စာလ် အမောင်ဒီနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး ဆော်ဒီနိုင်ငံမြို့တော် ရီယာ့ဇ်က အကြမ်းဖက်ဆိုင်ရာတရားရုံးကို လွှဲပြောင်းလိုက်ပါတယ်။ သူမဟာ ယူအေအီးကနေ ဆော်ဒီအာရေဗျဆီ ကားမောင်းနေစဉ် ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်တယ်။ သူမကိုကူညီဖို့ နယ်စပ်ထိသွားတဲ့ အလ် အမောင်ဒီလည်း သူမနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ သတင်းများက ဆိုပါတယ်။
    သူမ ဖမ်းဆီးမခံရစဉ် သူမရဲ့ခရီးစဉ်အပေါ် စိတ်ဝင်စားနေကြတဲ့ ဆိုရှယ်မီဒီယာအင်အားစု မနည်းလှပါဘူး။ သူမ နယ်စပ်ဖက်နီးကပ်လာတာနဲ့အမျှ အလ် ဟဆ်လူလ်ကလည်း မပြတ်တမ်း ရေးသားတင်ပြနေခဲ့ပါတယ်။
    ဒီဇင်ဘာ ၁ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး ယခုနှစ် ဖေဖော်ဝါရီထဲမှာ လွတ်မြောက်လာကြပါတယ်။ အလ် ဟဆ်လူလ်ကလည်း အပြင်ရောက်လျှင်ရောက်ချင်း တွစ်တာကနေ “လူကောင်းသူမွန်များအပေါ်သို့ အေးချမ်းသာယာခြင်း သက်ရောက်ပါစေ” လို့ မေတ္တာပို့ရေးသားလိုက်ပါတယ်။
    ၄။ လုဗ်နာ အိုလယန် (ဆော်ဒီအာရေဗျ၊ ဘဏ်နှင့်ငွေကြေးစနစ်)
    ———————-
    SAUDI ARABIA-JEDDAH ECONOMIC FORUM
    ထိပ်တန်းစာရင်းဝင်ငါးဦးထဲ လုဗ်နာ အိုလယန် ထပ်မံပါဝင်နေတာကို တွေ့ရသူအဖို့ အဆန်းတကြယ် မဟုတ်လှပါဘူး။ သူမဟာ ဆော်ဒီအာရေဗျရဲ့ နာမည်ကျော်ထိပ်တန်း စီးပွားရေးသမားတစ်ဦးဖြစ်လို့ပါပဲ။
    အိုလယန်ဟာ ရိယာ့ဇ်အခြေစိုက် အိုလယာငွေကြေးစနစ်ကုမ္ပဏီရဲ့ စီအီးအို ဖြစ်တယ်။ ဒီအုပ်စုကို သူမရဲ့ဖခင်က ၁၉၄၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဖြန့်ချိရေး၊ ထုတ်လုပ်ရေး၊ ၀န်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု စတဲ့ လုပ်ငန်းလမ်းကြောင်းများနဲ့အတူ ဘုရင့်ပိုင်နက်ရဲ့ အအောင်မြင်ဆုံးလုပ်ငန်းစုကြီးများထဲက အပါအ၀င် ဖြစ်လာတယ်။
    သူမရဲ့အစ်ကို ခါလစ်ဒ်၊ ညီအစ်မများဖြစ်တဲ့ ဟယသ်၊ ဟုဆမ်တို့နဲ့အတူ အုပ်စုဘုတ်အဖွဲ့မှာ ပါဝင်ဆောင်ရွက်ကြတဲ့ ဒီပုဂ္ဂလိကပိုင်မိသားစုလုပ်ငန်းကြီးက အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၀ ဘီလီယံအထိ ရှိနေပြီလို့ ဆိုကြပါတယ်။ ကုမ္ပဏီပေါင်း ၄၀ ကျော်နဲ့ ပူးပေါင်းလက်တွဲလုပ်ကိုင်နေတယ်။ ဆော်ဒီနဲ့ ဒေသတွင်း စတော့ဈေးကွက်မှာ ထိပ်တန်းဦးဆောင် ရင်းနှီးမြှုပ်နှံသူ OFC လည်း မိတ်ဖက်အုပ်စုထဲ အပါအ၀င်ဖြစ်ပါတယ်။
    OFC နဲ့လက်တွဲလုပ်ဆောင်အတိုင်း အိုလယန်ဟာ အာရဗ်ကမ္ဘာတွင်း အရေးအရာများအပေါ် ဆွေးနွေးသုံးသပ်နေတဲ့ Arab Thought Foundation ဘုတ်အဖွဲ့ဝင်တွေထဲမှာလည်းကောင်း၊ WPP ရဲ့ ဧည့်သည်ဒါရိုက်တာအဖြစ်လည်းကောင်း၊ Rolls-Royce and Ctigroup အတွက် အတိုင်ပင်ခံဘုတ်အဖွဲ့ဝင်အဖြစ် လည်းကောင်း ပါဝင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နိုင်ငံတကာလုပ်ငန်းရှင်များကောင်စီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
    ဒါတင်မကသေးဘဲ INSEAD ဒါရိုက်တာဘုတ်အဖွဲ့ဝင်၊ ကောလိပ်နဲ့တက္ကသိုလ်များဘုတ်အဖွဲ့ဝင်၊ Alfanar လို နွမ်းပါးသူများထောက်ပံ့ရေး နဲ့ ဆေးဝါးကုသရေးအဖွဲ့အစည်းများရဲ့ ဘုတ်အဖွဲ့ဝင် စတဲ့ အခြားနေရာများစွာမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။
    ၅။ ရီးမ် အလ် ဟာရှိမီ (ယူအေအီး၊ အုပ်ချုပ်ရေး)
    ————————
    UAE-DUBAI-EXPO2020
    ယမန်နှစ် ယူအေအီးက Expo 2020 ကို အောင်မြင်စွာ ပဲ့ကိုင်ဆောင်ရွက်နိုင်ပြီးနောက် ရီးမ် အလ် ဟာရှိမီရဲ့ အနာဂတ် ၅ နှစ်စာ ကြိုတင်လျာထားကြိုးပမ်းမှုများဟာ အရှိန်ပြင်းပြင်း လက်တွေ့တိုးတက်လာခဲ့ပါတယ်။
    Expo 2020 ကို ဒေါ်လာ ၂၅ ဘီလီယံနီးပါးတန်ဖိုးရှိ စီးပွားရေးလုပ်ငန်း ဖြည့်စွက်ပြီး အလုပ်အကိုင်သစ်ပေါင်း ၂၇၇၀၀၀ ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်တယ်။ ဖြစ်နိုင်ချေမှ ရုပ်လုံးဖော်ဆော်ပေးနိုင်အောင် အလ် ဟာရှိမီက ရှေ့ပြေးတပ်ဦးကနေ ဦးဆောင်နေပါတယ်။
    သူမဟာ ဧည့်သည်ပေါင်း ၂၅ သန်းရဲ့ အထွေထွေလိုအပ်ချက်အောက်ခြေသိမ်းအလုပ်တွေကို တာဝန်ယူရယုံသာမက ၂၀၂၀ အလွန်အနာဂတ်အလားအလာမျှော်ကြည့်တဲ့အုပ်စုရဲ့ အခရာအစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ လာမည့်နှစ်များအတွင်း ဒူဘိုင်းကို ဒါတွေက လက်မ,ထောင်လာစေတော့မှာ ဖြစ်ပါတယ်။
    ဒါဟာ သူမ တာဝန်ယူမှုများထဲက ကဏ္ဍတစ်ခုမျှသာဖြစ်ပါသေးတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရရဲ့ အရေးပါသွေးကြောတစ်ခုဖြစ်တဲ့ ယူအေအီးပြည်ထဲရေးဝန်ကြီးဖြစ်နေတဲ့အပြင်၊ အာရဗ်စော်ဘွားများနိုင်ငံ – ယူအေအီး ဒုသမ္မတနဲ့ဝန်ကြီးချုပ် ဒူဘိုင်းဘုရင် HH Sheikh Mohammed Bin Rashid Al Maktoum ရဲ့ နိုင်ငံတကာအရေးဌာနကို စီမံခန့်ခွဲပေးနေရပါသေးတယ်။
    ထပ်တိုးဆိုရယင် ကမ္ဘာ့ချို့တဲ့ဒေသများက ကလေးသူငယ်တွေရဲ့ မူလတန်းပညာရေး တိုးမြင့်ခံစားနိုင်ဖို့ ရည်ရွယ်တဲ့ Dubai Cares ဒါနအဖွဲ့ကို ကိုင်တွယ်ထားသလို၊ ယူအေအီးအနာဂတ်အစီအမံများချမှတ်ပေးမယ့် ပုဂ္ဂလိကနဲ့အများပိုင်ဆိုင်ရာ မူဝါဒနဲ့ဆောင်ရွက်ရေး ပြုလုပ်နေသော Emirates Competitiveness Council မှာလည်း သူမက ပါဝင်နေပါတယ်။
    ဒါတင်မကသေးပါဘူး။ အလ် ဟာရှိမီဟာ အမျိုးသားဝါဏ္ဏိဇအဖွဲ့ကိုလည်း ဦးစီးရပြီး ယူအေအီးနဲ့အခြားတိုင်းနိုင်ငံများ ဆက်ဆံရေးတိုးမြှင့်နိုင်အောင် ကမ္ဘာအနှံ့ခရီးဆန့်နေပါပြီ။
    ၆။ မရ်ယံမ် အလ် မန်ဆူးရီ (ယူအေအီး၊ လက်နက်ကိုင်တပ်ဖွဲ့)
    ——————————
    UAE-SYRIA-IRAQ-US-CONFLICT-PILOT-FEMALE
    ယမန်နှစ်နှောင်းပိုင်း ISIL ကို ယူအေအီးမှ အားဖြည့်တိုက်ခိုက်စဉ်မှာ ယူအေအီးလေတပ်ရဲ့ရှေ့တန်းကနေ ဗိုလ်ကြီး/တပ်ကြပ်ကြီး အလ် မန်ဆူးရီ ပါဝင်ခဲ့တယ်။
    ဆီးရီးယားတိုက်ပွဲဦးဆောင်သူ ယူအေအီးနိုင်ငံရဲ့ပထမဆုံး အမျိုးသမီး F-16 တိုက်လေယာဉ်မှူးဖြစ်တာကြောင့် ကမ္ဘာ့မီဒီယာ မျက်နှာဖုံးပေါ် အသက် ၃၅ နှစ်အရွယ် အလ်မန်ဆူးရီရဲ့ ပုံတွေ ဝေဆာသွားပါတယ်။ သူမရဲ့ပါဝင်မှုဟာ အရှေ့အလယ်ပိုင်းဒေသ လက်နက်ကိုင်တပ်ဖွဲ့များအတွင်း အမျိုးသမီးတို့ရဲ့ ဧရာမခြေလှမ်းတစ်ရပ်ဖြစ်တဲ့အပြင် ကျားမတန်းတူညီမျှ အခွင့်အရေး ဖော်ဆောင်ပြမှုလည်း ဖြစ်နေတဲ့ အတွက် လူများစုရဲ့နှစ်သက်ချီးမွှမ်းခြင်း ခံရပါတယ်။ အကြမ်းဖက်ဝါဒဆန့်ကျင်ရေးနဲ့ ISIL ကို ဆန့်ကျင်တိုက်ခိုက်ရေးပြယုဂ်ဖြစ်တဲ့ အလ် မန်ဆူးရီဟာ ယူအေအီး လေတပ်မတော်က ၂၀၀၇ ခုနှစ်မှာ ဘွဲ့ရခဲ့သူပါ။ သူမရဲ့နယ်ပယ်ထဲ အကောင်းဆုံးကျွမ်းကျင်သူအဖြစ် Mohammed bin Rashid Pride of the Emirates ဆုတံဆိပ်ကို ချီးမြှင့်ခံထားရသူလည်း ဖြစ်ပါတယ်။
    ၂၀၁၄ လေကြောင်းတိုက်ပွဲများထဲ သူမရဲ့ပါဝင်မှုက ကမ္ဘာ့အကောင်းမြင်မှုကို မရရှိခဲ့ပါဘူး။ အမေရိကန်တီဗီကနေ အသားပေးဖော်ပြခံရပြီးနောက်ပိုင်း အလ်မန်ဆူးရီနဲ့ပတ်သက်လို့ Eric Bolling နဲ့ Greg Gutfeld တို့က မဖွယ်မရာမှတ်ချက်ပေးမှုတွေကို Fox News Channel က တင်ဆက်လိုက်ပါတယ်။ အဲ့ဒီတင်ပြချက်ဟာ အကြီးအကျယ်ဝေဖန်ခံခဲ့ရတယ်။ အဲ့ဒီနောက် သူတို့ဟာ လေယာဉ်မှူးတစ်ဦးရဲ့ဂုဏ်သိက္ခာကို ပြန်လည်အသိအမှတ် ပြုပေးခဲ့ရပါတယ်။
    ၇။ မိုနာ အလ် မုနဂ်ျဂျဒ် (ဆော်ဒီအာရေဗျ၊ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း)
    —————————
    7) Mona Al Munajjed
    ဒေါက်တာ မိုနာ အလ် မုနဂ်ျဂျဒ်ဟာ ထင်ရှားတဲ့ လူမှုဗေဒ ပညာရှင်တစ်ဦးဖြစ်ပြီး ဆော်ဒီအာရေဗျ အမျိုးသမီးများရေးရာ အတွက် ရှေ့တန်းထွက်တိုက်ပွဲဝင်သူ ဆုတံဆိပ်ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။
    သူမဟာ လူမှုရေးနဲ့လိင်မတူမှုဆိုင်ရာပြဿနာများအတွက် အတိုင်ပင်ခံဖြစ်ပါတယ်။ GCC  တိုင်းပြည်များက လူမှုပြဿနာတွေအကြောင်း ရေးသားသူ စာရေးဆရာမလည်းဖြစ်ပါတယ်။ ဂျော့ဂ်ျဝါရှင်တန်တက္ကသိုလ်က လူမှုဗေဒ PhD ဘွဲ့နဲ့ နျူးယော့ခ်တက္ကသိုလ်က လူမှုဗေဒ MA ဘွဲ့တွေကို ရယူထားပါတယ်။ လူတွေအကြား ဟိုးလေးတကျော်ဖြစ်သွားစေတဲ့ Saudi Women: A Celebration of Success ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူက သူမပါပဲ။ ခေတ်သစ်ဆော်ဒီအာရေဗျကအမျိုးသမီများ၊ အာရဗ်ကမ္ဘာရှိမိန်းကလေးများအတွက် အာရဗ်အမည်အရေးပါခြင်းအကြောင်း၊ ဆော်ဒီအမျိုးသမီးတို့၏အသံ အပါအ၀င် စာအုပ်များစွာ ရေးသားထုတ်ဝေထားပြီးဖြစ်တယ်။
    သူမဟာ ပင်လယ်ကွေ့ဒေသတွင်းက သတင်းစာနဲ့မဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေ ပုံမှန်ရေးသားလျက်ရှိပါတယ်။ အာရဗ်ဒေသတွင်း ကွင်းဆင်းလုပ်ငန်းတွေအပါအ၀င် ကုလသမဂ္ဂဦးဆောင်တဲ့ လိင်ကွဲပြားမှု၊ အမျိုးသမီးရေးရာ၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ပရိုဂရမ်နဲ့ပရောဂျက်အသီးသီးတွေမှာလည်း ၁၅ နှစ်ထိ လမ်းညွှန်လုပ်ကိုင်ခဲ့တယ်။ ဆော်ဒီအမျိုးသမီးများအခန်းကဏ္ဍမြှင့်တင်ရေးလှုံ့ဆော်မှု ပရောဂျက်မှာ စွမ်းစွမ်းတမံဆောင်ရွက်အပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ ကုလသမဂ္ဂက သူမကို “၂၁ ရာစုရဲ့ဂုဏ်ပြုခံထိုက်သူဆု” ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
    ၈။ စလ်ဝါ အီဒရီစီ အက်ခန်နော့ရှ် (မော်ရိုကို၊ လက်လီအရောင်း)
    ———————————–
    MOROCCO-FRANCE-RETAIL
    ရေနံကုန်စည်ဖြန့်ဖြူးတဲ့ Akwa Group ရဲ့ ဦးစီး၊ လူသုံးပစ္စည်းလက်လီရောင်းချရေး Aksal အုပ်စုရဲ့ စီအီးအို ဖြစ်သည်နှင့်အညီ အက်ခန်နော့ရှ်ဟာ မော်ရိုကိုနိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီးလုပ်ငန်းရှင်များအနက် ပါဝင်ပါတယ်။
    အထက်တန်းလွှာထဲ မွေးဖွားကြီးပြင်းလင့်ကစား ခက်ခဲကြမ်းတမ်းတဲ့လမ်းကြောင်းပေါ်လျှောက်လှမ်းပြီး ကြွယ်ဝမှုနဲ့အောင်မြင်မှုကို ရယူဖို့ ဆုံးဖြတ်ခဲ့တယ်။ သူမအဖိုးဖြစ်သူရဲ့ လက်ဖက်ခြောက်အင်ပါယာကြီး၊ ခင်ပွန်းဖြစ်သူရဲ့ နိုင်ငံရေးဟန်ချက်တွေအရ သူမဟာ မပင်မပန်း အထက်စီးနဲ့အလုပ်လုပ်ကိုင်နိုင်သော်ငြား မြောက်အာဖရိကရဲ့ လူသုံးကုန်ဈေးကွက်မှာ ထိပ်တန်းဆင့်ရောက်အောက် ကိုယ်တိုင်ကိုယ်ကျ တက်လှမ်းခဲ့သူ ဖြစ်ပါတယ်။
    ကြမ်းပြင်ခင်းပစ္စည်းပစ္စယများဖြန့်ဖြူးတဲ့ ကုမ္ပဏီတစ်ခု တည်ထောင်ပြီး သူမရဲ့လုပ်ငန်းကို ၁၉၉၃ ခုနှစ်မှာ စတင်ခဲ့တယ်။ ဒါပေမယ့် ဒီကာလတစ်လျှောက် လုပ်ငန်းနဲ့ပုံဟန်တွေ အမျိုးမျိုး ပြောင်းလဲလာခဲ့ပါတယ်။
    အခြားအရာများအနက် အထူးခြားဆုံးတွေကတော့ သူမဟာ မော်ရိုကိုမှာ Zara၊ Banana Republic ၊  Gap စတဲ့ ဖက်ရှင်အမှတ်တံဆိပ်မျိုးစုံ ဖြန့်ချိဖို့ သီးသန့်အခွင့်အရေးကို ရရှိထားပါတယ်။ မော်ရိုကိုဈေးဆိုင်ခန်းများရဲ့ ၅၀ ရာခိုင်နှုန်းအပါအ၀င် ကြောက်ခမန်းလိလိ အိမ်မြေလုပ်ငန်းကြီးကိုလည်း ထူထောင်ထားတဲ့အပြင်၊ နှစ်စဉ် ဧည့်သည် ၁၅ သန်း လာရောက်အောင် စွဲဆောင်ထားတဲ့ အာဖရိကအကြီးဆုံးဈေးဝယ်စင်တာကို ပိုင်ဆိုင်လုပ်ကိုင်နေပါတယ်။
    ၉။ အမီနဟ် အလ် ရုစ်တမာနီ (ယူအေအီး၊ မီဒီယာ)
    ——————————-
    9) Amina Al Rustamani
    ယမန်နှစ် Arabian Business နဲ့ အင်တာဗျူးမှာ “ကျွန်မတို့ရဲ့လုပ်ငန်းစဉ်မှာ ကျွန်မတို့ ကျားကုတ်ကျားခဲ လုပ်ဆောင်ကြပါတယ်” လို့ အမီနဟ် အလ် ရုစ်တမာနီ က ပြောကြားခဲ့ပါတယ်။
    TECOM ရဲ့ CEO ဖြစ်တဲ့သူမဟာ သူမတို့ရဲ့ D3 –  Dubai Design District ပရောဂျက်က ဒေသတွင်းမျက်နှာစာကို အပြောင်းအလဲဖြစ်စေရမယ်လို့ ပြောဆိုနေခဲ့သူဖြစ်ပါတယ်။
    အခုတော့ သူမဟာ အကြီးအကျယ်ချီးမွှမ်းခံရပြီး ဆုတံဆိပ်တွေ ရရှိခဲ့ပါပြီ။ ဖက်ရှင်၊ ဒီဇိုင်း၊ အနုပညာနဲ့ အခြားကဏ္ဍများအားဖြင့် ဒူဘိုင်းစီးပွားရေးကိုဝေဆာသွားစေမယ့် အဲ့ဒီ ပရောဂျက်အပေါ် အကောင်းဆုံး ဦးဆောင်မှုပေးနိုင်ခဲ့လို့ပါပဲ။ ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ ဧရာမစီမံချက်ကြီးဟာ လက်ခံခြင်းခံရပြီး တည်ဆောက်မှုတွေ စတင်နေပြီဖြစ်လို့ လာမယ့် လများ၊ နှစ်များတွေမှာ အလ် ရုစ်တမာနီ ကတော့ မကြုံစဖူး စိတ်လှုပ်ရှားစွာနဲ့ အလုပ်ရှုပ်တော့မှာဖြစ်ပါတယ်။
    Dubai Media City မှာ ပရောဂျက်အင်ဂျင်နီယာအဖြစ် ၂၀၀၁ ခုနှစ်က သူမရဲ့သက်မွေးမှုကို စတင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ သူမဟာ TECOM စီးပွားရေးလုပ်ငန်းစုကြီးက လုပ်ငန်းမျိုးစုံပါဝင်နေတဲ့ ကုမ္ပဏီပေါင်း ၄၅၀၀ ကို စောင့်ကြပ်ကြည့်ရှုပေးရတဲ့သူ အဖြစ် ရာထူးတိုးမြင့်လာခဲ့ပြီး အာရဗ်လောကရဲ့ သြဇာအကြီးဆုံးနဲ့ လေးစားအခံရဆုံး အမျိုးသမီးတစ်ဦး စာရင်းဝင်လာခဲ့ပါတော့တယ်။
    Dubai Media Incorporated (DMI)၊ Lamtara၊ Tunisie၊ Telecom နဲ့ Dubai Holding Audit Committee မှာလည်း ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်ပြန်ပါတယ်။
    မီဒီယာလောကတိုးတက်ဖို့ ရှေ့ဆောင်ရှေ့ရွက်တီထွင်ကြံဆခဲ့ကြတဲ့ People Meter နဲ့ the Digital Video Broadcasting ပရောဂျက်ထဲက သူမရဲ့အခန်းကဏ္ဍကို တစေ့တစောင်းလေ့လာကြည့်ရင် အလ် ရုစ်တမာနီ အပေါ် ဘာကြောင့် အဲ့ဒီလောက်အလေးအနက်ထားကြသလဲဆိုတာ အတိုင်းအတာတစ်ရပ်အထိ သဘောပေါက်လာကြပါလိမ့်မယ်။
    ၁၀။ ဇိုင်နဗ် မုဟမ္မဒ် (ယူအေအီး၊ အိမ်မြေရင်းနှီးမြှုပ်နှံမှု)
    ———————–
    10) Zainab Mohammed.
    ဓနစီမံခန့်ခွဲရေးနဲ့ဈေးကွက်ဆိုင်ရာ CEO တစ်ဦးအနေနဲ့ ဒူဘိုင်းအိမ်မြေရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍနောက်ကွယ်ကနေ တွန်းအားပေးမောင်းနှင်ပေးခဲ့တဲ့အတွက် ဇိုင်နဗ် မုဟမ္မဒ် က ဂုဏ်အင်ကြီးတစ်ရပ်ကို တည်ဆောက်နိုင်ခဲ့ပါပြီ။
    အာရဗ်စော်ဘွားများနိုင်ငံရဲ့ အကြီးမားဆုံး မြေယာအစုရှင် – အစိုးရပိုင် Dubai Real Estate Corporation ရဲ့ ဓနလုပ်ငန်းစုတွေကို ကြီးကြပ်ထိန်းသိမ်းရတဲ့ ကုမ္ပဏီက အဓိကနေရာကနေ သူမ ပါဝင်ခဲ့တာပါ။ သူမနဲ့ အဖွဲ့သားတွေဟာ သက်ဆိုင်ရာလုပ်ငန်းအခန်းကဏ္ဍများစွာကို စံနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြတယ်။ ဒါ့အပြင် ဓနသဟာယစီမံခန့်ခွဲရေးကိုပါ ကိုင်တွယ်ပေးရသူဖြစ်ပါတယ်။ သူမရဲ့နေရာဟာ ဒေသတွင်း အိမ်မြေရင်းနှီးမြှုပ်နှံမှုယန္တရားလောကမှာ အမျိုးသမီးတွေအတွက် ရှားရှားပါးပါး ရာထူးတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားများကသာ ကြီးစိုးထားကြလို့ပါပဲ။ သို့ပေမယ့်လည်း သူမရဲ့ အားထုတ်မှုကြောင့် အပြောင်းအလဲဖြစ်လာစေခဲ့ပါတယ်။
    မကြာသေးမီက အင်တာဗျူးတစ်ခုမှာ သူမက ဒီလို ပြောကြားလိုက်ပါတယ်။
    “ဒီလောကအတွင်း ကျင်လည်ကျက်စားကြမယ့် အမျိုးသမီးများအတွက် ဒီမြင်ကွင်းက စိန်ခေါ်မှုတစ်ခုကို ကိုယ်စားပြုနေပါတယ်။ မည်သို့ပင်ဆိုစေ အမျိုးသမီးတွေဟာ ကဏ္ဍပေါင်းစုံမှာ ခေါင်းဆောင်မှုပေးနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါပြီ။ အမျိုးသမီးတစ်ဦးအနေနဲ့ အလုပ်ကြိုးစားပြီး အခွင့်အလမ်းတိုင်းကို အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် ဆန္ဒရှိတဲ့အတိုင်း ရရှိလာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ထားပါတယ်”။
    အဆိုပါအမျိုးသမီး ၁၀၀ စာရင်းကို သက်ဆိုင်ရာနိုင်ငံနဲ့အခန်းကဏ္ဍအလိုက် အောက်ပါအဆင့်အတိုင်း လေ့လာနိုင်ပါတယ်။
    1. Sheikha Lubna Al Qasimi, UAE (UAE), Government
    2. Amal Clooney, Lebanon (UK), Law
    3. Loujain Al Hathloul, Saudi Arabia, Culture and society
    4. Lubna Olayan, Saudi Arabia, Banking and finance
    5. Reem Al Hashimy, UAE, Government
    6. Mariam Al Mansouri, UAE, Armed forces
    7. Mona Al Munajjed, Saudi Arabia, Culture and society
    8. Salwa Idrissi Akhannouch, Morocco, Retail
    9. Amina Al Rustamani, UAE, Media
    10. Zainab Mohammed, UAE, Real estate
    11. Nayla Hayek, UAE (Lebanon), Retail
    12. Dr Rana Dajani, Jordan, Science
    13. Haifaa Al Mansour, Saudi Arabia, Arts and entertainment
    14. Bayan Mahmoud Al Zahran, Saudi Arabia, Law
    15. Manahel Thabet, UAE (Yemen), Science
    16. Hayat Sindi, Saudi Arabia, Science
    17. Leila El Solh, Lebanon, Culture and society
    18. Iqbal Al Asaad, Lebanon (Palestine), Healthcare
    19. Huda Al Ghoson, Saudi Arabia, Energy
    20. Hanan Al Kuwari, Qatar, Healthcare
    21. Zaha Hadid, Iraq (UK), Construction
    22. Mariam Abultewi, Palestine, Technology
    23. Fatima Al Jaber, UAE, Construction
    24. Majida Ali Rashid, UAE, Real estate
    25. Maali Alasousi, Yemen (Kuwait), Culture and society
    26. Samia Halaby, US (Palestine), Arts and entertainment
    27. Maha Laziri, Morocco, Education
    28. Somayya Jabarti, Saudi Arabia, Media
    29. Raja Al Gurg, UAE, Construction
    30. Hamdiyah Al Jaff, Iraq, Banking and finance
    31. Shaikha Al Bahar, Kuwait, Banking and finance
    32. Wafa Sayadi, Tunisia, Environmental services
    33. Futaim Al Falasi, UAE, Media
    34. Lamis Elhadidy, Egypt, Media
    35. Joelle Mardinian, UAE, Arts and entertainment
    36. Noura Al Kaabi, UAE, Media
    37. Samia Al Amoudi, Saudi Arabia, Healthcare
    38. Lina Attalah, Egypt, Media
    39. Grace Najjar, Lebanon, Consulting and coaching
    40. Samira Islam, Saudi Arabia, Science
    41. Khawla Al Kuraya, Saudi Arabia, Science
    42. Zainab Salbi, Iraq (US), Culture and society
    43. Mira Al Attiyah, Qatar, Finance
    44. Muna Abu Sulayman, Saudi Arabia, Culture and society
    45. Abeer Abu Ghaith, Palestine, IT
    46. Rasha Al Roumi, Kuwait, Transport
    47. Summer Nasief, Saudi Arabia, Healthcare
    48. Maryam Matar, UAE, Science
    49. Hend El Sherbini, Egypt, Science
    50. Raha Moharrak, UAE (Saudi Arabia), Sport
    51. Maha Al Ghunaim, Kuwait, Banking and finance
    52. Habiba Al Safar, UAE, Science
    53. Salma Hareb, UAE, Industry
    54. Joumana Haddad, Lebanon, Culture and society
    55. Dalia Mogahed, US (Egypt), Culture and society
    56. Thoraya Obaid, Saudi Arabia, Culture and society
    57. Randa Ayoubi, Jordan, Media
    58. Mona Al Marri, UAE, Media
    59. Sarah Shuhail, UAE, Culture and society
    60. Soraya Salti, Jordan, Culture and society
    61. Nawal Al Saadawi, Egypt, Culture and society
    62. Amira Yahyaoui, Tunisia, Culture and society
    63. Nashwa Al Ruwaini, UAE, Media
    64. Ayah Bdeir, Canada (Lebanon), Science
    65. Tawakul Karman, Yemen, Culture and society
    66. Nadine Labaki, Lebanon, Arts and entertainment
    67. Maha Al Farhan, UAE, Science
    68. Nahed Taher, Saudi Arabia, Banking and finance
    69. Mona Eltahawy, US (Egypt), Media
    70. Hala Gorani, US (Syria), Media
    71. Dima Ikhwan, Saudi Arabia, Finance and entertainment
    72. Nancy Ajram, Lebanon, Arts and entertainment
    73. Nermin Saad, Saudi Arabia (Jordan), IT
    74. Amal Al Qubaisi, UAE, Culture and society
    75. Ingie Chalhoub, UAE, Retail
    76. Dalya Al Muthanna, UAE, Conglomerate
    77. Elissa Freiha, UAE, Investment
    78. Badreya Al Bishr, Saudi Arabia, Media
    79. Hind Seddiqi, UAE, Retail
    80. Hanan Solayman, Egypt, Media
    81. Fatema Mernissi, Morocco, Culture and society
    82. Manal Al Sharif, Saudi Arabia, Culture and society
    83. Nisreen Shocair, UAE (Lebanon), Retail
    84. Ghada Amer, Egypt, Science
    85. Amal Al Marri, UAE, Retail
    86. Fairouz, Lebanon, Arts and entertainment
    87. Nayla Al Khaja, UAE, Arts and entertainment
    88. Yousra, Egypt, Arts and entertainment
    89. Ahlam Mosteghanemi, Algeria, Arts and entertainment
    90. Hayv Kahraman, US (Iraq),Arts and entertainment
    91. Ismahane Elouafi, Morocco, Science
    92. Muna Harib, UAE, Culture and society
    93. Ahlam, UAE, Arts and entertainment
    94. Sara Akbar, Kuwait, Energy
    95. Huda Kotb, US (Egypt), Media
    96. Mona Ataya, UAE (Palestine), Retail
    97. Mishaal Ashemimry, US (Saudi Arabia), Aerospace engineering
    98. Reine Abbas, Lebanon, Technology
    99. Buthaina Al Ansari, Qatar, Culture and society
    100. Hind Hobeika, Lebanon, Technology
    xxxxxxxxxxxxxx
    Ref : Arabian Business
    သြရသ ရေချမ်း မှ ဆီလျော်အောင် ပြန်ဆိုသည်။
  • မြန်မာ့ကိုယ်ပျောက် ကျောက်စိမ်း၏ ဒေါ်လာ ၈ ဘီလီယံ အိပ်မက်ဆိုး (ဘာသာပြန်- Special Report)
    အောက်တိုဘာ၊ ၁၊ ၂၀၁၃
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။
    Hand-pickers search for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State
    မိမိလက်မှာကိုင်ထားဆဲ လက်တစ်ဝါးစာကျောက်စိမ်းကို ညစ်ထေးထေးရာဘာစနဲ့ ပွတ်တိုက်လို့ တစ်ညတာ အချိန်ကုန်လွန်ခဲ့ပြီ။ အဲ့ဒါဟာ သူ့ကို အပုံအပင် ကြွယ်ဝချမ်းသာစေလိမ့်မယ်လို့ တင်ထွန်းက မျှော်လင့်နေတယ်။ ဒီလိုအဖြစ်မျိုးလည်း ရှိနေခဲ့တယ်လေ။
    “ ယမန်နှစ်က ကျပ် သန်း ၅၀ တန်တဲ့ ကျောက်ကို ကျွန်တော် ရရှိခဲ့တယ် ” လို့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ကျောက်စိမ်းတူးဖော်ရေးတောင်ကုန်းဟောင်းတွေတစ်ကြော လမ်းလျှောက်ယင်း သူက ပြောပြခဲ့တယ်။ အဲ့ဒီကျောက်ဟာ ဒေါ်လာ ၅ သောင်းနီးပါးရရှိပြီး အသက် ၃၈ နှစ်အရွယ် တင်ထွန်းအတွက် မိမိဇာတိကျေးရွာမှာ ကိုယ်ပိုင်အိမ်ကိုယ်ပိုင်မြေနဲ့ ဖြစ်သွားစေတဲ့အပြင် ပိုလျှံစေခဲ့ပါတယ်။
    တင်ထွန်းလို အချိန်တိုတိုအတွင်း မထင်မှတ်ပဲ ရှာတွေ့ရရှိသွားသူများကတော့ အလွန်အင်မတန် နည်းပါးပါတယ်။ စက်ရုံထောင်ထုတ်လုပ်နေတဲ့ မြန်မာစစ်တပ်၊ ကျောက်စိမ်းသည်းခြေကြိုက်တရုတ်ပြည်နဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေကသာ တစ်အုံတစ်ကျင်း ထုတ်ယူသွားကြပြီး မတန်တဆ ကြွယ်ဝချမ်းသာကုန်ကြတာပါဘဲ။
    A hand-picker washes himself after searching for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State
    ကျောက်စိမ်းအားလုံးရဲ့ထက်ဝက်လောက်ဟာ တရားမ၀င်လမ်းကြောင်းထဲကရောင်းချမှု ဖြစ်နေတယ်။ အခွန်လုံးဝမဆောင်ဘဲ ဒါမှမဟုတ် ဟန်ပြအခွန်ဆောင်ချက်လောက်နဲ့ နယ်စပ်ကနေ တရုတ်ပြည်ထဲ ရောက်ကုန်ကြတယ်။ နိုင်ငံတော်အကျိုးမြတ်မှာ ဒေါ်လာဘီလီယံနဲ့ချီပြီး ဆုံးရှုံးသွားစေတယ်။ ရာစုနှစ်ဝက်လောက် စစ်အာဏာရှင်စံနစ်ကြောင့် ကျိုးပဲ့ကြေမွနေတဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်ရေးမှာ ဒီငွေတွေ အသုံးပြုရမှာဖြစ်တယ်။
    တရားဝင်စာရင်းဇယားများအရ ဒေါ်လာဘီလီယံများစွာ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ၂၀၁၁ ဧပြီ – ၂၀၁၂ မတ် ကာလအတွင်း မြန်မာနိုင်ငံက ကျောက်စိမ်းကို ကီလိုဂရမ် ၄၃ သန်းအထိ ထုတ်လုပ်ခဲ့တယ်။ တစ်ကီလိုကို ဒေါ်လာ ၁၀၀ နှုန်းနဲ့အကြမ်းဖျင်းဖြစ်သလိုတွက်ကြည့်ယင် တန်ကြေးက ဒေါ်လာ ၄.၃ ဘီလီယံရှိနေပါပြီ။ ဒါပေမယ့် တရားဝင်ကျောက်စိမ်းတင်ပို့မှုမှာ ဒေါ်လာ ၃၄ သန်းမျှသာ စာရင်းရှိနေပါတယ်။
    Hand-pickers return from searching for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State
    တရုတ်ပြည်ရဲ့ တရားဝင်စာရင်းအင်းတွေကလည်း ပဟေဠိလုပ်ထားတုန်းပါဘဲ။ မြန်မာပြည်ကကျောက်စိမ်းတွေကို ဘယ်ရွေ့ဘယ်မျှအထိ တင်သွင်းကြောင်း တရုတ်နိုင်ငံအနေနဲ့ အများသိသတင်းထုတ်ပြန်မှု ပြုလေ့မရှိပါဘူး။ သို့သော်လည်း ကျောက်မျက်ရတနာနဲ့သတ္ထုပစ္စည်းဆိုင်ရာ တရားဝင်သွင်းကုန်တွေထဲမှာ ကျောက်စိမ်းက အပါအ၀င် တစ်ခုဖြစ်ပြီး ၂၀၁၂ မှာ ဒေါ်လာ ၂၉၃ သန်းအထိ တန်ကြေးရှိတယ်လို့ဆိုနေပေမယ့် ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိတဲ့ မြန်မာ့ကျောက်စိမ်းတွေ ဘယ်ရောက်ကုန်ပြီလဲဆိုတာ ရှင်းပြလို့မရနိုင်အောင်ဖြစ်နေရတယ်။
    ဒီလို ဓနပြုန်းတီးမှုက မြန်မာနိုင်ငံအတွက် စိန်ခေါ်ချက် ပိုမိုကြီးထွားစေပါတယ်။ ရေနံ၊ ကျွန်းသစ်၊ အဖိုးတန်သတ္ထုများ အပါအ၀င် သဘာဝသယံဇာတပေါကြွယ်လှပြီး ဆင်းရဲတွင်းနက်လှတဲ့နိုင်ငံမှာ လက်နက်စွဲကိုင်ပဋိပက္ခ သက်ဆိုးရှည်လာလေ အာဏာချုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေ၊ အုပ်စုတွေကို ဆထက်ထမ်းပိုး ကြွယ်ဝလာစေလေ ဖြစ်လို့နေပါတယ်။ ဖားကန့်မှာရှိနေတဲ့ မြန်မာ့သတ္တုတွင်းလုပ်ငန်းတည်ရှိတဲ့နေရာဆီ ရိုက်တာသတင်းဌာနမှ ကြုံတောင့်ကြုံခဲ ရောက်ရှိခဲ့တယ်။ တော်လှန်သူလူမျိုးစုတွေနဲ့စစ်တပ်တို့ ပြဿနာဖြစ်နေတဲ့ အဲ့ဒီဒေသမှာ ဥပဒေစိုးမိုးမှု မရှိကြောင်း တွေ့ရတယ်။ ဒါ့အပြင် တရုတ်ပြည်မကြီးက တရုတ်ကုန်သည်များကလည်း ဘိန်းစွဲနေတဲ့ လက်ကိုင်ဒုတ်များနဲ့အတူ ခေါင်းပုံဖြတ်နေကြတာ တွေ့ခဲ့ရတယ်။ အဲ့ဒီလက်ကိုင်ဒုတ်တွေက ကျောက်စိမ်းရှာဖွေရရှိရေး အတွက် ရှင်လျက်နဲ့သေပေးနေရသူတွေပါ။
    Hand-pickers return from searching for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State
    မြန်မာသတ္ထုတွင်းဝန်ကြီး ဦးမြင့်အောင်က ကျောက်စိမ်းထုတ်လုပ်ရေးလုပ်ငန်းနဲ့လူမှုရေးရာတွေမှာ ပျောက်ဆုံးနေသော ငွေသန်းပေါင်းများစွာနဲ့ပတ်သက်လို့ ရိုက်တာက စာရေးမေးမြန်းတဲ့အပေါ် ဖြေကြားမှု မရှိပါဘူး။
    ပြန်လည်ပြုပြင်ရေးအစိုးရတက်လာချိန် ၂၀၁၁ ခုနှစ် မတ်လကစပြီး မြန်မာနိုင်ငံဟာ မိမိရဲ့စီးပွားရေးမျှော်လင့်ချက်ကို ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့အကူအညီတွေပေါ်မှာ အားထားလာခဲ့တယ်။ ဒါပေမယ့် စီးပွားရေးကျွမ်းကျင်ပညာရှင်အချို့က မြန်မာနိုင်ငံရဲ့ကြွယ်ဝမှုနဲ့ညီညွတ်မှုက ထုတ်ဖော်ပြောဆိုချက်တွေထက် ကုန်ကြမ်းကရရှိတဲ့အကျိုးအမြတ်တွေအပေါ် မူတည်နေပါတယ်လို့ ဆိုကြတယ်။
    တရားမ၀င်ပြည်ပပို့မှုအပါအ၀င် ကျောက်စိမ်းရောင်းချခြင်းအားလုံးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့အချက်အလက် အချို့ရှိနေပါတယ်။ မြန်မာနိုင်ငံအရပ်သားတစ်ပိုင်းအစိုးရကို အကြံပေးအဖွဲ့တစ်ခုဖြစ်တဲ့ The Harvard Ash Center ဆီမှာ အကောင်းဆုံး အချက်အလက်တွေ ရရှိထားပါတယ်။
    ဒီနှစ်အတွင်း ဒီဒေသဆီ သုတေသီတွေကို ပို့လွှတ်ပြီးတဲ့နောက်မှာ The Harvard Ash Center က ဇူလိုင်လအတွင်း အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ရာမှာ ၂၀၁၁ ခုနှစ်က မြန်မာ့ကျောက်စိမ်းရောင်းချမှုတန်ဖိုး ဒေါ်လာ ၈ ဘီလီယံ ၀န်းကျင်ရှိတယ်လို့ ဆိုထားတယ်။ အဲ့ဒီပမာဏဟာ သဘာဝဓာတ်ငွေ့ရောင်းချမှုအမြတ်အစွန်းထက် ၂ ဆကျော် များပြားနေပြီး၊ ၂၀၁၁ ခုနှစ် GDP ရဲ့ ၆ ပုံ ၁ ပုံ နီးပါးရှိနေတာကို တွေ့ခဲ့ရတယ်။
    “ အစိုးရဖက်က လုပ်ဆောင်ပေးတာ ဘာမှကို မရှိကြောင်း တွေ့ရတယ်။ တူးဖော်ရေးတွင်းတွေကို သိမ်းယူထားတဲ့ အာဏာပိုင်ထဲမှာ လူထုထောက်ပံ့ရေးခေတ်မှီစံနစ်တစ်ရပ်ရှိဖို့ လိုအပ်နေတယ် ” လို့ အစီရင်ခံစာ တွဲဖက်ရေးသားသူ  David Dapice က ရိုက်တာကို ပြောပြခဲ့ပါတယ်။
    ကိုယ်ပျောက်ကျောက်စိမ်းများ
    ———————————
    တရုတ်လူမျိုးတွေက ကျောက်စိမ်းရဲ့အလှအပနဲ့အမှတ်လက္ခဏာတွေပေါ်မူတည်ပြီး ဈေးကောင်းပေးတတ်တာ နှစ်ထောင်ပေါင်းများစွာကတည်းကပါပဲ။ ကျောက်စိမ်းကိုလက်ဝတ်ရတနာအဖြစ် ဆင်ယင်ခြင်းက ကံကောင်းခြင်း၊ ဥစ္စာတိုးပွားကြွယ်ဝခြင်း နဲ့ သက်ရှည်ကျန်းမာခြင်းကို သယ်ဆောင်လာပေးတယ်လို့ အတော်များများ ယုံကြည်ယူဆကြတယ်။ တရုတ်ရဲ့ချဉ်ခြင်းကြောင့်  မြန်မာကျောက်စိမ်းအပေါ် ရင်းနှီးမြှုပ်နှံမှုဖြစ်လာစေတဲ့ အဓိကအကြောင်းတစ်ချက်လို့ ဆိုရမှာပါ။ “ ရွှေကအဖိုးတန်တယ်။ သို့သော် ကျောက်စိမ်းက တန်ဖိုးမဖြတ်နိုင် ” လို့ တရုတ်ရှေးစကားပုံတစ်ခု ရှိနေတယ်။
    Hand-pickers search for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State
    ကျောက်စိမ်းက တန်ကြေးမြင့်ပစ္စည်းဖြစ်သော်လည်း သယ်ဆောင်ရတာ လွယ်ကူတယ်။
    “ ရောင်းချပွဲနဲ့ပြတိုက်ဆီရောက်တဲ့ကျောက်စိမ်းတွေကိုသာ သူတို့ အမြင်ခံကြပါတယ် ” လို့ အသက် ၅၃ နှစ်အရွယ် ကျောက်စိမ်းကုန်သည် ဦးတင်စိုးက နေပြည်တော်ကျောက်မျက်ရတနာခင်းကျင်းပြသရောင်းချပွဲကို ရည်ညွှန်းပြီးပြောဆိုခဲ့တယ်။
    ကျန်ရှိသမျှတွေအဖို့ မြန်မာစစ်တပ်ပိုင်နက်ကနေဖြစ်စေ၊ ကချင်လွတ်လပ်ရေးတပ်မတော် –  Kachin Independence Army (KIA) နယ်မြေကနေဖြစ်စေ သက်ဆိုင်ရာအကျိုးအတွက် တရုတ်ပြည်ကို ထရပ်ကားနဲ့ အတုံးအရုန်း တိတ်တဆိတ် တင်ပို့တာခံရတယ်။ ဘေဂျင်းအခြေစိုက် အာဏာပိုင်ကျောထောက်နောက်ခံဖြစ်တဲ့ တရုတ်ကျောက်စိမ်းကုန်သွယ်ရေးအဖွဲ့ကြီး All China Jade Trade Association ဟာ အင်တာဗျူးအတွက် မေတ္တာရပ်ခံမှုကို အကြိမ်ကြိမ် ရှောင်လွှဲနေခဲ့တယ်။
    ကချင်ပြည်နယ်ထဲရှိတဲ့ ဖားကန့်ဟာ တရုတ် နဲ့ အိန္ဒိယနိုင်ငံအကြားမှာ မဟာဗျူဟာမြောက်နယ်မြေအဖြစ် တည်ရှိနေပါတယ်။ အဲ့ဒီလို အရည်အသွေးရော အရေအတွက်ပါ ထွက်ရှိတဲ့ဒေသဆိုလို့ ကမ္ဘာ့ဘယ်နေရာမှာမှ မရှိပါဘူး။ တိုင်းပြည်ဘဏ္ဍာတိုးဖို့ မြေလွှာကိုဖွင့်လှစ်စို့ လို့အဓိပ္ပာယ်သက်ရောက်တဲ့စာတန်းတွေကို ဖားကန့်မြို့၊ သတ္ထုတွင်းဝန်ကြီးဌာနရုံးပြင်ဖက်တွေမှာ တွေ့ကြရပါလိမ့်မယ်။
    တကယ်တမ်းကျတော့ အရည်အသွေးမြင့်မားလှတဲ့ မြန်မာ့သဘာဝသယံဇာတကနေ နိုင်ငံကို အကျိုးဖြစ်ထွန်းစေတဲ့ အခန်းကဏ္ဍဆိုလို့ မဆိုစလောက်လေးသာ တွေ့နေရတယ်။ ဖားကန့်သွားတဲ့လမ်းက ချိုင့်ခွက်ချိုင့်ပေါက်တွေဆိုယင် လေးဘီးယက်ကားဘီးတွေထက်တောင် ကြီးမားနေပါတယ်။ မိုးတွင်းကာလမှာ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားကနေ ၁၁၀ ကီလိုမီတာ(၆၈ မိုင်)သာကွာဝေးတဲ့ ဖားကန့်ကိုရောက်ဖို့ ကိုးနာရီကျော်ကြာမြင့်ရတယ်။
    ဖားကန့်မှာ ဗမာလူမျိုးမဟုတ်သူများကို အရာရှိအဖြစ်ခန့်အပ်ထားတာမျိုးက တကယ့်ကို ရှားရှားပါးပါးပါပဲ။ ဒါပေမယ့် ဗမာလူမျိုးမဟုတ်တဲ့ အငှားယာဉ်မောင်းသမားတွေကတော့ ပေါများလှတယ်။ သူတို့ဟာ တရုတ်ကုန်သည်များကို မတန်တဆဈေးနှုန်းနဲ့ ဖားကန့်ကို ပို့ဆောင်ပေးကြတယ်။ ရဲတပ်သားတွေ၊ စစ်တပ်စစ်ဆေးရေးဂိတ်တွေကို မလိုအပ်ဘဲ လာဘ်ပေးဖြတ်သန်းနေကြရလို့ ဈေးနှုန်းခေါင်ခိုက်နေခြင်းဖြစ်ပါတယ်။ ဖားကန့်လမ်းကြောတင်းကြပ်ရခြင်းက လုံခြုံရေးအရဆိုပြီး အာဏာပိုင်တွေက အကြောင်းပြကြတယ်။ ဖားကန့်လမ်းကြောကိုထိန်းချုပ်နိုင်ဖို့ မြန်မာစစ်တပ် နဲ့ KIA တို့က အပြိုင်အဆိုင်ကြိုးပမ်းနေတာ ကာလကြာရှည်ခဲ့ပါပြီ။ အဲ့ဒီလမ်းကြောမှာ မြေမြှုပ်မိုင်းတွေရှိတယ်လို့လည်း ဆိုကြတယ်။  အဲ့ဒီလိုတင်းကြပ်မှုများဟာ  များပြားလှတဲ့ အလုပ်သမားသေဆုံးမှုတွေ၊ စံချိန်တင်ဘိန်းစွဲမှုတွေ၊ HIV ကူးစက်ပြန့်ပွားမှု စတဲ့ မြန်မာနိုင်ငံက လုပ်ငန်းခွင်လုပ်သားတွေနဲ့ သူတို့ရဲ့လူမှုဘ၀အနေအထားဆိုင်ရာ အချက်အလက်အမှန်ကို ဆန်းစစ်လို့မရအောင် ဖြစ်စေပါတယ်။
    ကချင်ပြည်နယ်ထဲမှာ ကျောက်စိမ်းနဲ့ပဋိပက္ခကြားက ထင်ရှားတဲ့ချိတ်ဆက်မှုတွေကိုလည်း တွေ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထက်တန်းအရာရှိဟောင်း သုတေသီ Richard Horsey က ဆိုပါတယ်။ စစ်တပ်နဲ့ KIA    တို့ရဲ့ ၁၇ နှစ် အပစ်အခတ်ရပ်စဲရေးကိစ္စဟာ ၂၀၁၁ ခုနှစ် ဇွန်လအတွင်း တိုက်ခိုက်မှုများကြောင့် အဆုံးသတ်သွားခဲ့တယ်။ စစ်ပြေးဒုက္ခသည်ဦးရေ တစ်သိန်းကျော်လာခဲ့ပါပြီ။
    “ နှစ်ဖက်နှစ်ဝ လက်ထဲမှာရှိနေကြတဲ့ ဧရာမ အကျိုးအမြတ်တွေကို  ပဋိပက္ခထဲမှာ အသုံးချနေကြတယ်။ လွှမ်းမိုးခြယ်လှယ်ရေးအတွက် ထောက်ပံ့နေကြတယ်။ ဒါက ငြိမ်းချမ်းတဲ့စီးပွားရေးကို ရေရှည်တည်တံ့အောင် တည်ဆောက်ဖို့အတွက် အလွန်ရှုပ်ထွေးနောက်ကျိသွားစေတာပါဘဲ ” လို့ Horsey က ဆိုခဲ့တယ်။
    Hand-pickers walk as they search for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State
    မြန်မာနိုင်ငံကိုစိုးမိုးအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေရဲ့အမြတ်ထုတ်နေမှုကို ဖြတ်တောက်သောအားဖြင့် ၂၀၀၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာ့ကျောက်စိမ်း၊ ပတ္တမြား နဲ့ အခြားကျောက်မျက်ရတနာတင်သွင်းမှုကို ပိတ်ပင်ခဲ့တယ်။ ဒါပေမယ့် ဒီပိတ်ပင်ချက်က မထိရောက်ခဲ့ဘူး။ အိမ်နီးချင်းတရုတ်ပြည်အတွက် ၀ယ်လိုအားမြင့်မားသွားစေခဲ့တယ်။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအစိုးရတက်လာတဲ့နောက်မှာတော့ စီးပွားရေးနဲ့နိုင်ငံရေးပိတ်ဆို့မှုအတော်များများကို အမေရိကန်က ရုပ်သိမ်းခြင်း သို့မဟုတ် ဆိုင်းငံ့စောင့်ကြည့်ခြင်း ပြုလုပ်ခဲ့တယ်။ အဲ့ဒီထဲမှာ ကျောက်စိမ်းနဲ့ပတ္တမြား ပိတ်ပင်ချက်ကတော့ မပါဝင်ပါဘူး။ ဥပဒေမဲ့မြန်မာကျောက်စိမ်းထုတ်လုပ်မှုဟာ စစ်အုပ်ချုပ်ရေးကာလအတိုင်းသာ ရှိနေဆဲသာဖြစ်နေတယ်လို့ အိမ်ဖြူတော်က သြဂုတ်လ ၇ ရက်မှာ ပြန်လည်သုံးသပ်ခဲ့တယ်။ ဒီလှုပ်ရှားဆောင်ရွက်မှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုကိုသော်လည်းကောင်း၊ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဖြိုလဲမှုသော်လည်းကောင်း အားပေးအားမြှောက်ပြုလုပ်နေတယ် ဆိုပြီး အမေရိကန်ကျောက်မျက်ဌာနက ပြောဆိုခဲ့တယ်။
    နိုင်ငံခြားကုမ္ပဏီတွေကို ကျောက်စိမ်းတူးဖော်ထုတ်လုပ်ခွင့် မပြုထားဘူး။ သို့ပင်သို့ငြားလည်း သတ္ထုတူးဖော်ရေးဟာ နိုင်ငံတော်ကဏ္ဍလို့ပြောသည့်တိုင် ကချင်ပြည်နယ်ထဲက ကျောက်မျက်ကုန်သည်တွေနဲ့ အခြားလုပ်ငန်းရှင်တွေရဲ့အဆိုအရ ဖားကန့်မှာ ဗြောင်ကျကျလက်သိပ်ထိုးလုပ်ငန်း ၂၀ ထဲကအများစု သို့မဟုတ် အကြီးဆုံးလုပ်ငန်းစဉ်များကို ပိုင်ဆိုင်နေတာက တရုတ်ကုမ္ပဏီတွေ၊ သူတို့ရဲ့ လက်အောက်ခံတွေဖြစ်ကြောင်း သိရတယ်။ “ အာဏာပိုင်အစိုးရဆီ အကျိုးအမြတ်တစ်စိတ်တစ်ဒေသ ရောက်ရှိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အများစုကတော့ တရုတ်ပြည်မိသားစုတွေ၊ အာဏာရှင်ဟောင်းမိသားစုဝင်တွေရဲ့ အိတ်ထောင်ထဲ စီးဝင်နေတာပါ ” လို့ ဖားကန့်သတ္ထုတူးဖော်ရေး ထိပ်တန်းကချင်ကုမ္ပဏီကြီး Jadeland Myanmar ရဲ့ဥက္ကဌ Yup Zaw Hkawng က ပြောပြခဲ့ပါတယ်။
    အခြား အကျိုးခံစားနေရသူများကတော့ တစ်နိုင်ငံလုံးအကြောက်ရဆုံးစစ်တပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုလက်တံရှည်ကြီး မြန်မာဦးပိုင်လိမီတက် (UMEHL)၊ Max Myanmar ဥက္ကဌ ဦးဇော်ဇော် ကဲ့သို့ စစ်အာဏာရှင်ဟောင်းတို့ရဲ့အကျိုးတူ ပူးပေါင်းသူ ခေါင်းပုံဖြတ်အမြတ်ကြီးစား မြန်မာများသာ ဖြစ်နေကြပါတယ်။
    တရုတ်နှောင်ကြိုး
    ——————
    တူးဖော်ရေးကုမ္မဏီကြီးများကို စစ်သားတွေက စောင့်ကြပ်ပေးထားကြတယ်။ သူတို့ဟာ အချိန်ပိုင်းကျောက်ရှာသမားတို့ကို ခြောက်လှန့်သောအားဖြင့် မကြာခဏ လေထဲ သေနတ်ဖောက်လေ့ရှိကြတယ်။ ကျောက်ကောက်သမားတစ်ဦးဖြစ်တဲ့ တင်ထွန်းက “ သူတို့ကို တွေ့တာနဲ့ ကျွန်တော်တို့ သေပြေးရှင်ပြေးပြေးကြတာပဲဗျ ” လို့ ပြောပြခဲ့တယ်။
    လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဦးပိုင်က ပြတ်ပြတ်သားသား ရေငုံနှုတ်ပိတ်နေနေပါတယ်။ “ ကျွန်တော်တို့ကို ဒုက္ခလာမပေးနဲ့တော့။ ခင်ဗျားတို့ ဒီနေရာကိုလာပြီး ကျွန်တော်တို့အထက်ပိုင်းနဲ့တွေ့ဖို့သာ တတ်နိုင်ကြမယ်။ ဒါက စစ်တပ်ကုမ္ပဏီဖြစ်လို့ တစ်ချို့ကိစ္စတွေကို လျှို့ဝှက်ထားရတယ် ” လို့ ရန်ကုန်မြို့ဦးပိုင်ရုံးချုပ်၊ လူ့အရင်းအမြစ်ဌာနမှူး ဗိုလ်ကြီးမြင့်ဦးက ပြောဆိုပါတယ်။
    တရုတ်ကုမ္ပဏီတွေက စစ်တပ်အကူအညီနဲ့ သဘာဝသယံဇာတကို ထင်တိုင်းကြဲစေနေတဲ့ဖြစ်စဉ်ဟာ မြန်မာနိုင်ငံထဲ အသားကျနေတဲ့အပြင် နက်နက်ရှိုင်းရှိုင်းအငြင်းပွားဖွယ်ရာကိစ္စလည်း ဖြစ်လို့နေပါတယ်။
    ပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ လက်ပံတောင်းကြေးနီသတ္တုတွင်းပြင်ပမှာ ဆန္ဒပြကန့်ကွက်မှုတွေ ဖြစ်ပွားခဲ့တယ်။ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကို ခံလိုက်ရတယ်။ စီမံကိန်းကို ကိုင်တွယ်ထားသူနှစ်ဦးကတော့ ဦးပိုင် (UMEHL) နဲ့ မြန်မာဝမ်ပေါင် (Myanmar Wanbao) ဖြစ်တယ်။ Myanmar Wanbao ဟာ တရုတ်နိုင်ငံမြောက်ပိုင်းစက်မှုလုပ်ငန်းကော်ပိုရေးရှင်းက လက်နက်ပစ္စည်းထုတ်လုပ်ရေးရဲ့ လက်ခွဲတစ်ခုပါ။ သူတို့ နှစ်ဦးဟာ မြန်မာအစိုးရအတွက် ၄ % ချန်ပြီး ကျန်တဲ့အကျိုးအမြတ်ကို ဆတူခွဲယူကြပါတယ်။ ပြည်သူလူထုရဲ့ အမျက်ကိုဖြေချဖို့ ဇူလိုင်လမှာ စာချုပ်အသစ်တစ်ခုကို ပြန်လည်ချုပ်ဆိုခဲ့ကြတယ်။ အမြတ်အစွန်းရဲ့
    ၅၁ % ကို အစိုးရအတွက် ၊ ၃၀ % ကို ဦးပိုင်အတွက်၊ ၁၉ % ကို ၀မ်ပေါင်အတွက်ဆိုပြီး သဘောတူညီလိုက်ကြတယ်။
    ကျောက်စိမ်းကုန်သွယ်ရေးအပေါ်တရုတ်ရဲ့လွှမ်းမိုးထားမှုဟာ မြန်မာ့သယံဇာတပြုန်းတီးခြင်းနဲ့ပတ်သက်ပြီး မကျေနပ်မှု ဆက်လက်ကျယ်ပြန့်နေဦးမှာဖြစ်တယ်။ ကချင်ပြည်နယ် ဧရာဝတီမြစ်ဖျားမှာ ဒေါ်လာ ၃.၆ သန်းတန် ဆည်တာတမံတစ်ခုက တရုတ်ဦးဆောင်အစီအစဉ်တစ်ရပ်နဲ့ တည်ဆောက်ခဲ့တယ်။ အဲ့ဒီကထုတ်လုပ်မဲ့ လျှပ်စစ်ဓာတ်အားအများစုကိုတော့ ယူနန်ပြည်နယ်ထဲ ပို့မှာဖြစ်တယ်။ ဒါပေမယ့် လူထုအော်သံ စီညံလာခဲ့တော့ ၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်က အဲ့ဒီစီမံကိန်းကို ရပ်ဆိုင်းထားစေခဲ့တယ်။
    ဇွန်လက နေပြည်တော်မှာ နှစ်ပတ်တာကျင်းပတဲ့ ကျောက်မျက်ရတနာရောင်းချပွဲမှာ ကျောက်စိမ်းနဲ့ကျောက်မျက်တွေကို ဒေါ်လာ ၂.၆ သန်းအထိ စံချိန်တင်ရောင်းချနိုင်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ် တရားဝင်ရောင်းချမှုရဲ့ ၂၀ % ရာခိုင်နှုန်းသာ အမြတ်ခွန်စာရင်းထဲရောက်လာတယ်။ ပြပွဲပြင်ပက တရားမ၀င်ရောင်းချမှုကိုပါ ထည့်သွင်းမယ်ဆိုယင် မြန်မာ့ကျောက်စိမ်းအားလုံးရဲ့ ၇ % သာ အမြတ်ခွန်အကျိုးသက်ရောက်နေကြောင်း Harvard ရဲ့တွက်ချက်မှုက ဆိုနေပါတယ်။
    အခြားတစ်ဖက်မှာတော့ သတ္ထုတူးဖော်ရေးကုမ္ပဏီတွေအတွက် ၀င်ငွေစီးကြောင်း အလွန်အင်မတန် မြင့်မားနေလျက်ရှိတယ်။ တရားဝင်ရောင်းချမှုစာရင်းဇယားဖြစ်တဲ့ တစ်တန်ကို ဒေါ်လာ ၁၂၆,၀၀၀ နဲ့နှိုင်းစာယင် သူတို့ရဲ့ ထုတ်လုပ်မှုကုန်ကျစားရိတ်ဟာ တစ်တန်ကို ဒေါ်လာ ၄၀၀ မျှသာ ရှိတယ်လို့ အစီရင်ခံချက်က ဆိုပါတယ်။
    “ ကချင်နဲ့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ သဘာဝသယံဇာတအကျိုးအမြတ်ကို ဒေသခံလူထုတွေနဲ့အတူ သာတူညီမျှရယူခံစားမှု မရှိသေးသရွေ့ နိုင်ငံရေးတည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး ” ဆိုပြီး သုတေသီ Horsey က ပြောဆိုလိုက်ပါတယ်။
    စိတ်ကြိုက်ဘက်လိုက်အမိန့်များ
    ————————————
    ဖားကန့်မှာရှိတဲ့ စိတ်ကြိုက်အမိန့်တွေကို တရုတ်ပြည်ကုန်သည်များက ငွေကြေးနဲ့ဖုံးလွှမ်းထားပါတယ်။ သူတို့ဟာ ဖားကန့်လက်ဖက်ရည်ဆိုင်များမှာ ကျောက်ဝိုင်းစားပွဲခင်းပြီး ကျောက်စိမ်းများကို ၀ယ်ယူနေကြတယ်။ ကျောက်ဝိုင်းများကို ဒိုင်ခံလှုပ်ရှားနေသူများကတော့ လောက်ပန်း(သူဋ္ဌေး)တွေဖြစ်ပြီး အများအားဖြင့် တရုတ်လူမျိုးများဖြစ်ကြတယ်။ သူတို့က တင်ထွန်းလို ကျောက်ကောက်သမားတွေ ရံဖန်ရံခါ တွင်းသားတွေဆီကနေ ၀ယ်ယူလေ့ရှိတယ်။
    ကျောက်ကောက်သမားတွေဟာ အကြွင်းအကျန်လေးသာ ရကြတာပါ။ တူးဖော်ရေးကုမ္ပဏီတွေ စွန့်ပစ်တဲ့ တောင်ပုံရာပုံ ဖြုန်းမြေတွေအကြား ဖြတ်သန်းကျင်လည် ရှာဖွေကြတယ်။ အထူးသဖြင့် မိုးတွင်းကာလရေတိုက်စားမှုကြောင့် မြေပြိုချိန်မှာ သူတို့တစ်တွေအဖို့ အလွန်အန္တရာယ်ကြီးမားပါတယ်။ “ အဲ့ဒါမျိုးကြုံယင် တစ်ကြိမ်မှာ လူ ၁၀ သို့မဟုတ် ၂၀ အထိ ပါဝင်သွားတတ်ကြတယ်။ သူတို့အလောင်းကို ပြန်မတူးနိုင်တဲ့အခါမျိုးလည်းရှိပါတယ်။ ဘာဆက်လုပ်ရမှန်းလည်း ကျွန်တော်တို့ မသိကြပါဘူး ” လို့ ဗန်းမော်ကလာပြီးကျောက်ကောက်နေတဲ့ အသက် ၃၀ အရွယ် ထူးအောင်က ပြောပြတယ်။
    ၂၀၀၂ ခုနှစ် တူးဖော်ရေးဒေသ ရေလွှမ်းမိုးစဉ်က အနည်းဆုံး လူတစ်ထောင်လောက် သေဆုံးရတယ်။ “ လူတွေ သေရတာက ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမယ့် ကုမ္ပဏီတွေက သိသိကြီးနဲ့ ကာကွယ်ဖို့၊ လုပ်ငန်းကိုဆိုင်းငံ့ဖို့ ပျက်ကွက်နေကြပါတယ် ” လို့ Jadeland Myanmar ဥက္ကဌ  Yup Zaw Hkawng က ရိုက်တာကို ပြောပြခဲ့တယ်။
    ဖားကန့်လူဦးရေတိုးပွားလာတာနဲ့အမျှ ဘိန်းထုတ်လုပ်မှုလည်း မြင့်မားကြီးထွားလာတယ်။ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးယင် ကမ္ဘာ့ဒုတိယမြောက် ဘိန်းအများဆုံးထုတ်လုပ်တဲ့ တိုင်းပြည် ဖြစ်တယ်။ ကချင်ပြည်နယ်မှာ ဘိန်းဖြူတွေက အလွန်ဈေးချိုပြီး ကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူရရှိနိုင်တဲ့အခါ ဖားကန့်လုပ်သားထုထဲ အလွန် အလုပ်ဖြစ်နေပါတယ်။
    ကျောက်ကောက်သမား/တွင်းသားထက်ဝက်လောက်က ဘိန်းဖြူစွဲနေသူတွေပါ။ ကျန်သူများက ဘိန်းစိမ်း သို့မဟုတ် အရက်သေစာကို မှီဝဲကြတယ်။ အဲ့ဒါတွေ ကင်းလွတ်တဲ့လူဆိုလို့ မရှိသလောက် ရှားပါတယ် လို့ ဒေသခံ NLD ခေါင်းဆောင်တဖြစ်လဲ ကျောက်စိမ်းကုန်သည်ဖြစ်တဲ့ အသက် ၅၃ နှစ် အရွယ် ဦးတင်စိုးက ပြောပြပါတယ်။
    ဖားကန့်မှာ မူးယစ်ဆေးသုံးသူစာရင်း တရားဝင်ရယူဖို့ မလွယ်လှပါဘူး။ ဆေးစွဲသူအများစုနဲ့အလုပ်အတူတူလုပ်နေရတဲ့ ပြည်ပကူညီရေးလုပ်သားအနည်းငယ်ကလည်း တစ်စုံတစ်ရာမှတ်ချက်ပေးဖို့ ငြင်းဆိုကြတယ်။ မြန်မာအစိုးရနဲ့ဆက်ဆံရေးမှာ စိတ်ကွက်ငြိုငြင်ခံရမှာစိုးလို့ပါဘဲ။ ဒါပေမယ့် မူးယစ်ဆေးထိုးသွင်းသူများရဲ့ ၄၀ % ခန့်ဟာ HIV ရောဂါပိုးရှိနေသူတွေဖြစ်တယ်။ ဒါက ပျမ်းမျှနှုန်းရဲ့ ၂ ဆ ဖြစ်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းများထံမှ သိခွင့်ရခဲ့ပါတယ်။
    ၁၉၉၂ ခုနှစ်က ဖားကန့်ကိုရောက်လာတဲ့ စိုးမိုး(၃၉ နှစ်)ဟာ ၃ နှစ်နေပြီးတော့ ဘိန်းဖြူသောက်သုံးလာတယ်။ အဲ့ဒီနောက် ဆေးထိုးသွင်းတဲ့အဆင့်ကို ရောက်ခဲ့တယ်။ သူ့ရှာဖွေမှုက သူ့ရဲ့ဆေးသုံးစွဲမှုအတွက် ဖြစ်နေပါပြီ။
    “ ကျွန်တော် ဆေးသုံးထားယင် ပိုပြီး တက်ကြွပျော်ရွှင်လာတယ်။ အလုပ်ကောင်းကောင်းလုပ်နိုင်တယ်။ ကြိမ်ဖန်များစွာ သွားရောက်ဝယ်ယူသုံးစွဲတဲ့နေရာမှာ လူရာနဲ့ချီပြီးရှိကြတယ်။ ပွဲလမ်းသဘင်အလား ရှုပ်ထွေးစည်ကားလှပါတယ်။ အဖမ်းခံရမှာကို မကြောက်ရွံ့ပါဘူး။ ရောင်းချသူတွေက ရဲတွေကို ငွေပေးလွှတ်လိုက်စမြဲပဲလေ ” ဆိုပြီး သူက ရှင်းပြတယ်။
    ရွေ့လျားနေတဲ့ တောင်တန်းများ
    ————————————
    လွန်ခဲ့တဲ့ နှစ် ၂၀ က ဖားကန့်ဟာ KIA ရဲ့ ချုပ်ထိန်းမှုအောက်မှာရှိခဲ့တယ်။ ကျောက်ကောက်သမားတွေအနေနဲ့ အနည်းအကျဉ်းမျှသာ ဆက်ကြေးပေးခဲ့ရတယ်။ သံပေါက်ချွန်းကိုင် လူ ၄ ဦးစီလောက်သာ မြေကွက်ငယ်လေးမှာနေပြီး ကျောက်ရှာထွက်တာရှိတယ်။ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲမှုနောက်ပိုင်းမှာ ဖားကန့်နယ်အများစုက အစိုးရထိန်းချုပ်မှုအောက်ရောက်ခဲ့တယ်။ မြေကော်စက်၊ မြေတူးစက်၊ ထရပ်ကားရာပေါင်းများစွာနဲ့ ကျယ်ကျယ်ပြန့်ပြန့် နေ့ရောညပါ တူးဖော်မှုတွေ လုပ်လာတယ်။ အခုဆိုယင် တောင်တစ်လုံးတစ်လုံးကို သုံးလလောက်သာ မြင်တွေ့ခွင့် ရနိုင်တော့တယ် ” လို့ မြစ်ကြီးနားက Myanmar Gems and Jewellery Entrepreneurs Association (MGJEA) အဖွဲ့သား Yitnang Ze Lum ကပြောပြတယ်။
    ကချင်စီးပွားရေးသမားများစွာတို့ဟာ အရင်းအနှီး၊ နည်းပညာ မလိုက်နိုင်တော့တဲ့အတွက် အဲ့ဒီ လုပ်ငန်းခွင်ကနေ ခွာတော်မူခဲ့ကြရတယ်။ မြန်မာနိုင်ငံအနှံ့က ကချင်လူမျိုးမဟုတ်တဲ့လုပ်သားများဟာ အလုပ်အကိုင်ရရှိဖို့ နဲ့ ကြွယ်ဝ ချမ်းသာဖို့မျှော်လင့်ချက်တွေနဲ့ ပုံအောရောက်ရှိလာခဲ့ကြတယ်။
    ပဋိပက္ခမီးတောက် ပြန်လည်စတင်တော့ ၂၀၁၂ နှစ်လယ်လောက်မှာ တူးဖော်ရေးတွေ ပိတ်လိုက်တယ်။ KIA တွေ ရှိမယ်ထင်တဲ့နေရာတွေကို မြန်မာစစ်တပ်က ဗုံးကြဲခဲ့ကြတယ်။ ဖားကန့်လမ်းတစ်လျှောက်မှာလည်း KIA ဖက်က လက်စားချေ ခြုံခိုတိုက်ခိုက်မှုတွေ ပြုလုပ်ကြတယ်။ ယမန်နှစ် ကျောက်စိမ်းထုတ်လုပ်မှု ကီလိုဂရမ် ၄၃.၁ သန်းကနေ ၂၀၁၂/၁၃ ဘဏ္ဍာရေးနှစ်မှာ ကီလိုဂရမ် ၁၉.၀၈ သန်းအထိ ကျဆင်းသွားခဲ့တယ်။ ဒါပေမယ့် မေလအတွင်း အစိုးရက ကချင်တော်လှန်ရေးသမားတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ အားထုတ်လာတဲ့အခါ ဖားကန့်တူးဖော်ရေးလုပ်ငန်းတွေကို မိုးရာသီအကုန် အောက်တိုဘာလမှာ ပြန်လည်ဖွင့်လှစ်နိုင်ကောင်းတယ်လို့ ကုန်သည်အချို့က ခန့်မှန်းထားကြတယ်။
    အခြေအနေအနေအထား မတည်ငြိမ်သေးပေမယ့်လည်း ဆီအပြည့်ဖြည့်ထားတဲ့ယာဉ်များနဲ့ ပိတ်ကြပ်လျက်ရှိပြီး ကျောက်စိမ်းများကလည်း ထွက်နေတုန်းဖြစ်တယ်။ အခုလို တူးဖော်ပုံနှုန်းအတိုင်းဆိုယင် နောက်ဆယ်နှစ်အတွင်း ကျောက်စိမ်းတွေ ကုန်ခမ်းသွားတော့မယ်လို့ Yitnang Ze Lum က ဆိုပါတယ်။
    မြစ်ကြီးနားမှာရှိတဲ့ အမည်မဖော်လိုသူ ထိပ်တန်းကျောက်မျက်ကုန်သည်ကြီးတစ်ဦးက ရိုက်တာကို ဒီလို စကားပါးလိုက်ပါတယ်။
    “ မိမိပြည်နယ်ထဲက သယံဇာတတွေ ထုတ်ယူခံနေရခြင်းအပေါ် ကချင်လူမျိုးတိုင်းက ထိခိုက်နာကျင်စွာ ခံစားနေရတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ သူတို့တားဆီးနိုင်စွမ်း မရှိတော့ဘူးဗျ ”။
    ( မြစ်ကြီးနားမှ Andrew R.C. Marshall ၏ သတင်းပေးပို့ချက်၊ ဖားကန့်မှ မင်းဇေယျာဦး၏ သတင်းပေးပို့ချက်၊ ဘေဂျင်းမှ Ben Blanchard ၏ သတင်းပေးပို့ချက်များအား အခြေခံလျက် ရိုက်တာအထူးအစီရင်ခံသတင်းအဖြစ် ရေးသားသော Myanmar old guard clings to $8 billion jade empire သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် မြန်မာပြန်ဆိုသည် )
    Photo-Credit: REUTERS/Minzayar
  • ရိုက်တာ အထူး အစီရင်ခံချက် – မွတ်စလင် ဆန့်ကျင်ရေး ဘုန်းကြီးများကို အစိုးရမှ တရားဝင် အမွှန်းတင်
    မူရင်းဆောင်းပါးရှင် – အန်ဒရူး အရ်၊စီ မာရှယ်
    ကိုယ်ရေးအကျဉ်း (http://blogs.reuters.com/andrew-rc-marshall)
    ဖြည့်စွက်သတင်းပေးပို့မှု – မင်းဇေယျာဦး၊ တည်းဖြတ် – ဘီလ် တာရန့် နှင့် မိုက်ကယ် ၀ီလျံ
    ရိုက်တာ  Special Report  ( http://www.reuters.com/article/2013/06/27/us-myanmar-969-specialreport-idUSBRE95Q04720130627)
    ဘာသာပြန် – သာကီထက်ကောင်း
    တည်းဖြတ် – အမ်-မီဒီယာ
    Buddhist monk Wirathu, leader of the 969 movement, greets other monks as he attends a meeting on the National Protection Law at a monastery outside Yangon
    Buddhist monk Wirathu (C), leader of the 969 movement, greets other monks as he attends a meeting on the National Protection Law at a monastery outside Yangon June 27, 2013.
    Credit: REUTERS/Soe Zeya Tun
    ရန်ကုန်၊ ရိုက်တာ။    ။ ၉၆၉ ဟုကျော်ကြားသော မြန်မာဗုဒ္ဓအစွန်းရောက်လှုပ်ရှားမှုမှာ အခြေခံလူတန်းစားတစ်ရပ်လုံးအတွက်ယုံကြည်ချက် အဖြစ် မိမိဖာသာ ရုပ်လုံးဖော်လျက်ရှိ၏။ ၄င်း၏အမာခံခေါင်းဆောင်ကြီး ဦးဝီရသူသည် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှု အတွက် စစ်အစိုးရဟောင်းမှ ထောင်သွင်း အကျဉ်းချခြင်း ခံခဲ့ရသူ ဖြစ်သလို  ယင်းဘုန်းတော်ကြီးက မိမိကိုယ်ကို “ဗမာဘင်လာဒင်” ဟု ခေါ်ဝေါ်ခဲ့ဖူးသည်။
    ၉၆၉ ၏ မူလမြစ်ဖျားခံရာကို ရိုက်တာသတင်းထောက်များမှ ခြေရာခံကြည့်သောအခါ တစ်ခါက မြန်မာပြည်၏အာဏာရှင်စနစ်၏ အရာရှိတစ်ဦးမှ စတင်ခဲ့ကြောင်း တွေ့ရသည်။  ယနေ့ ပြုပြင်ပြောင်းလဲရေးအစိုးရသည်လည်း ယင်းအာဏာရှင်စနစ် မျိုးဆက်ဟောင်းမှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်သည်။ ယခုတွင်မူ ၉၆၉ လှုပ်ရှားမှုတွင် အထက်တန်းအစိုးရအရာရှိများ၊ သြဇာရှိဘုန်းတော်ကြီးများသာမက နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံနိုင်ငံရေးပါတီ NLD မှ အဖွဲ့ဝင်တစ်ချို့ပင်လျှင် ထောက်ခံပါဝင်နေကြပေသည်။
    ဦးဝီရသူမှ မွတ်စ်လင်မ်တို့၏ဆိုင်များကို သပိတ်မှောက်ရန်အပြင် ဘာသာခြားတို့နှင့်ထိမ်းမြားမှုပိတ်ပင်ဖို့ကိုပါ ဗုဒ္ဓဘာသာဝင်တို့အား နှိုးဆော်လျက်ရှိသည်။ သူသည် ဗလ်ီများကို “ရန်သူ့စစ်စခန်းများ”ဟု ခေါ်ဝေါ် သမုတ် နေပေသည်။ သူ့အားကြည်ညိုသူများအနက် သာသနာရေးဝန်ကြီးဌာနလည်း အပါအ၀င် ဖြစ်သည်။
    “ ဦးဝီရသူရဲ့ဟောကြားချက်များဟာ မေတ္တာတရားကို ဖော်ကျူးခြင်း နဲ့ ဘာသာတရားများအကြားနားလည်မှုထားရှိရေး အကြောင်းတွေသာဖြစ်တယ်။ ဘာသာရေးအကြမ်းဖက်မှုဖြစ်လာအောင် သူကလှုံ့ဆော်နေတယ်ဆိုတာ မဖြစ်နိုင် ပါဘူး ” ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က နိုင်ငံတကာမီဒီယာများနှင့် ပထမဆုံး အင်တာဗျူးလုပ်စဉ် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
    မြန်မာစစ်တပ်၌ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ခဲ့သော ဦးဆန်းဆင့်သည် ၉၆၉ သံဃာများမှဦးဆောင်၍ မွတ်စ်လင်မ်တို့၏ စီးပွားရေးလုပ်ငန်းများအား သပိတ်မှောက်နေခြင်းကို မှားယွင်းချွတ်ချော်မှုဟု မမြင်သည့်အလား “ ကျွန်တော်တို့ဟာ ဈေးကွက် စီးပွားရေးစံနစ်ကို ကျင့်သုံးနေပါတယ်။ ဘယ်သူမှ ဒါကို တားလို့မရပါဘူး။ ဒီစံနစ်က ၀ယ်ယူသူများအပေါ်မှာပဲ မူတည်ပါတယ် ” ဟု ဆိုသည်။
    သမ္မတဦးသိန်းစိန်သည်လည်း ၉၆၉ အပေါ် ပျော့ပြောင်းသည့်သဘောထားကို ပြသလာနေသည်။ သမ္မတရုံးကမူ ထိုကိစ္စနှင့်ပတ်သတ်၍ တစ်စုံတစ်ရာမှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆိုခဲ့ပါသည်။ ထိုလှုပ်ရှားမှုနှင့်ပတ်သက်သောအငြင်းပွားဖွယ်များ ကြီးထွားလာသောအခါ တုန့်ပြန်ချေပသောအားဖြင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့က “ ၉၆၉ သည် ငြိမ်းချမ်းရေးသင်္ကေတ ” ဖြစ်ကြောင်း၊  ဦးဝီရသူသည် ဗုဒ္ဓ၏သားတော်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် ကြေညာချက်ကို သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။
    ဦးဝီရသူနှင့် အခြားသော ဘုန်းကြီးများမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပျက်ခဲ့သည့် လူမျိုးရေးအဓိကရုဏ်းများနှင့် နီးနီးကပ်ကပ်စပ်ဆက်နေပေသည်။ ရာစုနှစ်တစ်ဝက်နီးပါး အုပ်ချုပ်ခဲ့သည့် အာဏာရှင်အုပ်ချုပ်ရေးအောက်၌ မွတ်စ်လင်မ်ဆန့်ကျင်ရေးမှာ တအုံနွေးနွေးဖြစ်နေခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်၊ မတ်လတွင် စစ်တပ်တစ်ပိုင်းလူထုတစ်ပိုင်း အစိုးရမှအာဏာရလာပြီးမှ အပြင်းထန်ဆုံးတိုက်ခိုက်မှု ဖြစ်ပွားလာသည်။
    ယမန်နှစ်က ရခိုင်ပြည်နယ်၌ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့သောအဓိကရုဏ်းတွင် အနည်းဆုံး လူ ၁၉၂ ဦးသေဆုံးခဲ့ပြီး၊ တစ်သိန်းလေးသောင်းအထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုသူတို့ထဲမှအများစုမှာ ဌာနီမဲ့ ရိုဟင်ဂျာမွတ်စ်လင်မ်များ ဖြစ်ကြသည်။ ရိုက်တာ၏ စုံစမ်းမှု တစ်ခုကဆိုသည်မှာ ပြီးခဲ့သည့်အောက်တိုဘာလအတွင်း မွတ်စ်လင်မ်တို့အား စံနစ်တကျပြင်ဆင် တိုက်ခိုက်ရာ၌ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှလှုံ့ဆော်ပေးခဲ့သော ရခိုင်အမျိုးသားရေးဝါဒီတို့က ဦးဆောင်ခဲ့ကြသည်။ ရံဖန်ရံခါ ဒေသတွင်းရှိလုံခြုံရေးတပ်ဖွဲ့ ၀င်များကလည်း ပါဝင်ကူညီပေးခဲ့ကြသည်ဟု ဆို၏။
    ယခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့အကြမ်းဖက်မှု၌ လူ ၄၄ ဦးထက်မနည်း သေကြေကာ တစ်သောင်းသုံးထောင် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ဒုက္ခသည်အများစုမှာ မွတ်စ်လင်မ်များ ဖြစ်နေပြန်သည်။ ရိုက်တာ၏ ဧပြီလမှတ်တမ်း တင် ချက်တွင် သွေးဆူနေသော ဗုဒ္ဓဘာသာဝင်လူရမ်းကားတို့ကို သံဃာများဦးဆောင်လိုက်သည့်နောက်မှာမှ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ မေလတွင်လည်း မြန်မာနိုင်ငံ မြောက်ပိုင်း လားရှိုး မြို့၌ ဗုဒ္ဓဘာသာလူရမ်းကားတို့သည် မွတ်စ်လင်မ်ရပ်ကွက်များကို မီးရှို့ဖျက်ဆီး အကြမ်းဖက်ခဲ့ပြန်သည်။ သို့ဖြင့် တိုင်းပြည်တစ်ခုလုံး မငြိမ်သက်မှုသတင်းများ ကျယ်ပြန့်လာတော့သည်။
    ၉၆၉ နံပါတ်သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ဂုဏ်တော်များကို ရည်ညွှန်းထားခြင်းဖြစ်၍ ပင်ကိုသဘာဝအားဖြင့် အန္တရာယ်ဖြစ်စေသောအရာ မဟုတ်။ သို့ရာတွင် ၉၆၉ ဘုန်းကြီးတို့သည် သွေးချောင်းစီးမွတ်စ်လင်မ်ဆန့်ကျင်ရေးလှိုင်းတံပိုး အတွက် စိတ်ဓာတ်မှိုင်းတိုက်လျက်သာရှိနေသောကြောင့် မြန်မာနိုင်ငံ၏ အရှိန်တက်စ ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်အား နှင်ထုတ်တွန်းဖယ်ရာရောက်သွားစေသည်။ နာမည်ကျော် ၉၆၉ ဘုန်းကြီးနောက်တစ်ဦးဖြစ်သော ဦးဝိမလဘိဝံသ ကလည်း မွတ်စ်လင်မ်တို့အား လှောင်အိမ်ထဲမှသားကောင်တို့ကို သုတ်ချီရန် ၀င်ရောက်လာသော ကျားအဖြစ် ခိုင်းနှိုင်းနေလေ့ရှိသည်။ “ စည်းကမ်းချက်မပြဋ္ဌာန်းယင် လူမျိုးနဲ့ဘာသာ ကွယ်ပျောက်သွားမယ်။ နိုင်ငံကိုပင်လျှင် ဆုံးရှုံးသွားနိုင်တယ် ” ဟု မကြာသေးမီက တရားပွဲတစ်ခုတွင် သူက ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံတွင် နိုင်ငံတော်ဘာသာ ဟူ၍ တရားဝင် မရှိ။ သို့သော် အစဉ်အဆက်အုပ်ချုပ်သူများက ဗုဒ္ဓဘာသာအား ထိပ်တန်းတင်ဦးစားပေးကြသည်။ မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ၏ ၄ ရာခိုင်နှုန်း(ခန့်မှန်း)သာရှိပြီး နိုင်ငံသား သန်း ၆၀ ၌ ဗုဒ္ဓဘာသာဝင်မှာ ၉၀ ရာခိုင်နှုန်း အထိ ရှိနေသည်။ သို့ပင်သို့ငြား စစ်အုပ်ချုပ်ရေးကာလအတွင်း သာသနာရေး ၀န်ကြီးဌာနအတွင်း၌ ဗုဒ္ဓဘာသာအတွက် အထူးသီးသန့်ဌာနတစ်ခုကိုလည်း ထပ်မံတိုးချဲ့ခဲ့သည်။
    Wimala Biwuntha shows a 969 logo during the introduction speech ceremony in a monastery in Yangon
    Wimala Biwuntha shows a 969 logo during the introduction speech ceremony in a monastery in Yangon Credit: REUTERS/Soe Zeya Tun
    အသုံးချ ဓားစာခံများ
    မြန်မာ့နိုင်ငံရေးတွင် ဘုန်းတော်ကြီးတို့သည် အခန်းကဏ္ဍများစွာတွင် ဆက်စပ်ပါဝင်နေသည်။ ၂၀၀၇ ခုနှစ်က စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီကိုထောက်ခံသော ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ လက်ရှိသမ္မတဦးသိန်းစိန်နှင့်သူ့အစိုးရအဖွဲ့ဝင် ထိပ်တန်းအရာရှိများအပါအ၀င် စစ်ဗိုလ်ချုပ်များက သူတို့အား နှိပ်ကွပ်ခဲ့ကြသည်။ ယခု ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးမျှော်မှန်းလုပ်ငန်းစဉ်လမ်းညွှန်ချက်၌ လွတ်လပ်စွာပြောဆိုခွင့်နှင့် စုရုံးခွင့် ပေးထားလေရာ ပြည်တွင်းရှိ ၅ သိန်းဝန်းကျင် သံဃာတော်များမှာ (လက်လွတ်စပယ်ပြောဆိုဖို့) လွတ်လပ်ရေးရကြတော့သည်။ ဆန္ဒရှိသလို နေရာတိုင်းသို့ ဗုဒ္ဓတရားတော်သာမက ၉၆၉ လမ်းစဉ်သင်ကြားရေးအတွက် သွားလာနိုင်ကြတော့သည်။
    သံဃာတော်တို့သည် မြန်မာနိုင်ငံ၏ ဖူးငုံပွင့်စ ဒီမိုကရေစီစံနစ်၌ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် ခါတော်မှီနိုင်ငံရေးအင်အားစုအဖြစ် ပေါ်ထွက်လာသည်။ ၄င်းတို့၏ အသစ်သော လွှမ်းမိုးနိုင်မှုအင်အားမှာ လျှို့ဝှက်ကြံစည်ထားသည့် သီဝရီတစ်ခုအား ပေါ်ထွက်လာစေ၏။ ယင်းသီဝရီမှာ ယခင် စစ်အုပ်စုတွင်းရှိ အမျက်သိုအမာခံတို့က ၉၆၉ လှုပ်ရှားမှုအား ကိုင်တွယ်ထိန်းချုပ်ထားပြီး ပြန်လည်ပြုပြင်တည်ဆောက်ခြင်းကို လမ်းချော်စေရန် ရ့ည်စူးပြီး တည်ငြိမ်ငြိမ်းချမ်းရေး ပျက်ပြားစေဖို့ လုပ်ဆောင်ကြရုံသာမက ဒေါ်စုကြည်၏ NLD ပါတီအား ရွေးကောက်ပွဲ၌ အနိုင်မရစေဖို့လည်း တားဆီးနေကြသည်ဟူ၏။
    ဤအတွေးကို ခိုင်မာစေဖို့ရန် အထောက်အထား မရှိသော်လည်း အစိုးရအာဏာပိုင်အချို့ကမူ ယင်းအချက်ဖြစ်နိုင်ဖွယ်ရှိနေကြောင်း ပြောနေကြပေသည်။
    “ တစ်ချို့သူတွေက ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ဖို့ စိတ်အားထက်သန်ကြတယ်။ ပြုပြင်ရေးကို မလိုချင်သူ အချို့လည်း ရှိနေကြတယ်။ ဒါကြောင့် အကြမ်းဖက်ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုကိုမလိုလားသူအချို့ပါဝင်ပတ်သက်နိုင်ပါတယ် ” ဟု သမ္မတဦးသိန်းစိန်၏အနီးကပ်အကြံပေးနှစ်ဦးအနက် တစ်ဦးဖြစ်သူ ဦးစိုးသိန်းမှ ရိုက်တာသတင်းဌာနသို့ ပြောပြခဲ့သည်။
    ၉၆၉ ကို သြဇာကြီးမားသော အမာခံအုပ်စုဝင်များမှ ကိုင်တွယ်ထိန်းချုပ်ထားခြင်း မဟုတ်လျှင်ပင် – ရာထူးရာခံကြီးမားသူများနှင့်အောက်ခြေအလွှာများထဲမှ ကျယ်ပြန့်သော ထောက်ခံ ကျားကန်မှု ရှိနေသည်မှာ အမှန်ဖြစ်၏။ ထိုအလွှာထဲတွင်မူ ၉၆၉ လှုပ်ရှားမှုမှာ သစ္စာခံပမာ စွဲမြဲနေပြီး ကြီးထွားလာလျက်ရှိသည်။
    အာဏာပိုင်များမှ မျက်နှာလွှဲခဲပစ်ထောက်ခံမှုပေးထားကြောင်း ၉၆၉ ဘုန်းတော်ကြီး ဦးဝိမလ၏ အောက်ပါစကားအရ သိရှိနိုင်သည်။ “ အမျိုးဘာသာသာသနာကို ကာကွယ်ဖို့ ဟောပြောခွင့်ကိုပေးထား ကတည်းက ဘုန်းကြီးတို့ကို ထောက်ခံနေတယ်လို့တွေးမိတယ် ”။
    ရန်ကုန်ကိုယ်စားပြု မြန်မာမွတ်စလင်အဖွဲ့အစည်း ကလည်း ထိုအတိုင်း သဘောမျှလျက်ရှိသည်။ မွတ်စလင်ကျောင်း ဆရာတစ်ဦးဖြစ်သူ ဦးမျိုးဝင်းမှ “ မွတ်စ်လင်မ်ဆန့်ကျင်ရေးလုပ်ရပ်တွေက ကြီးထွားလာနေတယ်။ အစိုးရဖက်ကလည်း တားမြစ်ခြင်း မရှိဘူး ” ဟု ဆိုပြီး ၉၆၉ ကို Ku Klux Klan (အမေရိကန်နိုင်ငံရှိ လက်ယာစွန်းရောက် လျှို့ဝှက်အကြမ်းဖက်လှုပ်ရှားရေးဂိုဏ်း) နှင့်ခိုင်းနှိုင်းပြခဲ့၏။
    သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ၄င်းလှုပ်ရှားမှုမှာ နိုင်ငံတော်မှ တရားဝင်ထောက်ပံ့ပေးထားခြင်းမရှိ ဟု ဆိုသော်လည်း “သူတို့ဟောပြောနေတာက ပြဿနာတွေကို ဖန်တီးနေတာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ” ဟူ၍ ဦးဝီရသူ နှင့်  ယုံကြည်ချက်တူသူ အပေါင်းအပါဘုန်းကြီးများကို ကာကွယ်ပေးခဲ့သည်။
    ဒေသခံအာဏာပိုင်များကမူ ထိုလှုပ်ရှားမှုအား ရပ်တည်ကူညီပေးလျက်ရှိနေသည်။ ၉၆၉ ရုပ်ပုံမှာ ယခုတွင် မြန်မာပြည်၌ သတိထားမိဖို့ အလွယ်ဆုံးတံဆိပ်တစ်ခု ဖြစ်လို့နေပေပြီ။ ၄င်း ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာဝင်ရှေးဟောင်းဧကရာဇ်တစ်ပါးဖြစ်သည့် အာသောကမင်းကြီးကို ကိုယ်စားပြုထားသော ခြင်္သေ့လေးကောင်ပုံပါဝင်ကာ မြန်မာဂဏန်းသင်္ချာပုံစံဖြင့် ၉၆၉ ကို ရေးသားထားကာ ၂၄ ပစ္စည်းစက်ဝိုင်းဖြင့် ၀ိုင်းရံထားသည်။
    ထိုအမှတ်တံဆိပ်ပါ စတစ်ကာများကိုလည်း တရားပွဲများတွင် အခမဲ့ဝေငှလျက်ရှိသည်။ ၄င်းကို ဆိုင်များ၊ အိမ်များ၊ အငှားယာဉ်များ နှင့် မြန်မာတို့အထွဋ်အမြတ်အထားဆုံး ရွှေတိဂုံစေတီ၏ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၌ ကပ်ထားကြသည်။ မတည်ငြိမ်မှုဖြစ်ပွားခဲ့သမျှနေရာဒေသများတွင်လည်း ၄င်းတံဆိပ်ကို မမြင်ချင်အဆုံး ဖြစ်နေသည်။
    ယင်းသင်္ကေတကို အာဏာပိုင်အချို့က အထူးလေးစားကြောင်းတွေ့ရသည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေးဖြစ်ပွားခဲ့သော ပဲခူးတိုင်းတရားရုံးတစ်ခုတွင်  ကွမ်းယာဆိုင်မှ ၉၆၉ တံဆိပ်ခွာယူခဲ့သော မွတ်စ်လင်မ်တစ်ဦးကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံ၏ကိုလိုနီခေတ်ရာဇသတ်ဥပဒေတစ်ခုဖြစ်သော “သာသနာတော်အားညှိုးနွမ်းစေမှု ” ဖြင့် စီရင်ခဲ့ခြင်းဖြစ်သည်။
    ဘူမိနက်သန်
    ၉၆၉ လှုပ်ရှားမှုသည် ဘာသာရေးယုံကြည်ချက်ကို အစကောက်၍ နိုင်ငံတော်နှင့် နွှယ်ခဲ့သည်။ ဘာသာရေးအသိုင်းအ၀ိုင်းပြင်ပ၌ ယခုအခါ လူအများမေ့လျော့နေပြီဖြစ်သော ဘုန်းကြီးလူထွက်၊ အစိုးရအရာရှိနှင့် စာများစွာရေးခဲ့သူ ဦးကျော်လွင်၏ တီထွင်ချက်ကို (မိမိတို့ ကူးယူအသုံးချနေခြင်းဖြစ်ကြောင်း) ဦးဝိမလ၊ ဦးဝီရသူ နှင့် အခြား ၉၆၉ သံဃာများမှ ရည်ညွှန်းဖော်ပြကြပေသည်။
    မြန်မာအာဏာရှင်ဟောင်းများက ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးအခင်းအား ရက်စက်စွာ နှိပ်ကွက်ပြီးနောက် ဗုဒ္ဓအယူ ဦးစားပေးထွန်းကားပြန့်ပွားရေးအတွက် ဦးကျော်လွင်ကို လက်သပ်မွေးခဲ့သည်။ ရဟန်းသံဃာများအပါအ၀င် လက်နက်မဲ့ ဆန္ဒပြသူများကို စစ်တပ်မှ ပစ်ခတ်ခဲ့ရာ ထောင်ချီပြီး ဒဏ်ရာရသေကြေပျက်စီးခဲ့ရသည်။ နောင်သောအခါ မိမိတို့၏  မုန်းတီးရွံရှာမှုကိုပြသသောအားဖြင့် သံဃာတော်များသည် ၀ါတွင်းသုံးလလုံးလုံး စစ်အာဏာပိုင်မိသားစုတို့၏ လှူဖွယ်ဝတ္ထုများအား လက်ခံရန်  ငြင်းဆိုခဲ့ကြသည်။
    ၁၉၉၁ ခုနှစ်တွင် သာသနာရေးဝန်ကြီးဌာနအတွင်း သာသနာ့စည်ပင်ပြန့်ပွားရေးဌာနခွဲတစ်ခုကို ဖန်တီးကာ ဦးကျော်လွင်အား ဌာနမှူးအဖြစ် ခန့်အပ်ခဲ့သည်။ Sasana ဆိုသည်မှာ ထေရ၀ါဒနှင့်ဆက်နွယ်နေသော ပါဠိဘာသာအရ သာသနာကို ဆိုလိုခြင်းဖြစ်ပြီး မြန်မာပြည်တွင် ထိုစကားလုံးသည် ဗုဒ္ဓဘာသာဆိုသည့်စာလုံးနှင့်ဖလှယ်၍ အသုံးပြုနိုင်ပေသည်။ နောက်တစ်နှစ်တွင် သာသနာ့စည်ပင်ပြန့်ပွားရေးဌာန Department for the Promotion and Propagation of Sasana – DPPS မှ “ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦးအဖြစ် နေထိုင်နည်း”စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့၏။ ဦးကျော်လွင်၏ သန့်စင်ထုတ်နုတ်ထားသည့် လက်ရာများအနက်တစ်ခုဖြစ်သည်။ ၂၀၀၀ ခုနှစ်၌ ယင်းစာအုပ်ကိုပင် “အကောင်းမြတ်ဆုံးဗုဒ္ဓ၀ါဒီ”အမည်ဖြင့် ထပ်မံထုတ်ဝေသောအခါ ယင်းစာအုပ်မျက်နှာဖုံးတွင် ၉၆၉ အမှတ်တံဆိပ်အား  အစောဆုံးဖော်ပြထားသည်ကို တွေ့ခဲ့ရသည်။
    ဦးကျော်လွင်သည် ၁၉၉၂ ခုနှစ်တွင် အနားယူခဲ့သည်။ လက်ရှိဌာနမှူးမှာ စစ်အရာရှိဟောင်းတစ်ဦးဖြစ်သော ဦးခိုင်အောင်ဖြစ်သည်။ ဦးကျော်လွင်ကွယ်လွန်ပြီးနောက် ၄င်း၏ဇနီးနှင့်သားတို့မှာ ရန်ကုန်မြို့လယ်ရှိ သူပိုင်အိမ်၌ပင် နေထိုင်နေဆဲဖြစ်သည်။ အိမ်၏ဧည့်ခန်းနံရံကပ်စင်တွင် ဦးကျော်လွင်၏စာအုပ်များ စီတန်းထားပြီး၊ ဘုန်းတော်ကြီးနှင့်ဝိပဿနာတရား လမ်းညွှန်သူဘ၀က မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကို မှန်ဘောင်သွင်းလျက် တွေ့ရသည်။ ဦးကျော်လွင်နှင့် ဗိုလ်ချုပ်မှူးကြီးခင်ညွန့်တို့ အတူတစ်ကွ စကားဖောင်ဖွဲ့ရယ်မောနေသည့် နောက်ထပ် ဓာတ်ပုံတစ်ခုကိုလည်း တွေ့ရသည်။ ဦးခင်ညွန့်သည် စစ်ထောက်လှမ်းရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးသူတစ်ဦးအနက်မှ တစ်ဦး ဖြစ်ခဲ့ဖူးသည်။
    ဦးကျော်လွင်၏ သားဖြစ်သူ မော်တော်ကားသွင်းကုန်လုပ်ငန်းရှင် အောင်လွင်ထွန်း(၃၈ နှစ်)မှ ပြောကြားသည်မှာ သူ့ဖခင်သည် အခြားသော စစ်ခေါင်းဆောင်များနှင့် အနီးကပ်ဆက်ဆံရေးရှိခဲ့ပြီး မြန်မာ့ဝါအရင့်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်မှ သူ့အား “အကောင်းမြတ်ဆုံး ဗုဒ္ဓ၀ါဒီ”စာအုပ်ကို ရေးသားရန် ပုဂ္ဂိုလ်ရေးအရ ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်လည်း မကြာခဏတွေ့ဆုံ၍ ဘာသာရေးကိစ္စဆွေးနွေးခဲ့သည်။ ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ်၊ မတ်လတွင် အနားယူပြီးချိန်မှစ၍ ယနေ့တိုင်လူမြင်ကွင်းမှ ကွယ်ပျောက်နေသည်။
    “အကောင်းမြတ်ဆုံး ဗုဒ္ဓ၀ါဒီ” စာအုပ်မှာ အရောင်းမရှိတော့သဖြင့် အောင်လွင်ထွန်းမှ ပြန်လည်ပုံနှိပ်ရန်စီစဉ်လျက်ရှိသည်။ သူသည် ယနေ့ခေတ် ၉၆၉ လှုပ်ရှားမှုနှင့်တစ်ကွ မွတ်စ်လင်မ်ဆန့်ကျင်ရေးသပိတ်ကို ထောက်ခံသူတစ်ဦးဖြစ်သည်။  “အခုချိန်မှာ လူတော်တော်များများက ဒီစာအုပ်ကို မေးမြန်းနေကြတယ်။ ၉၆၉ လှုပ်ရှားမှုဟာ ကျွန်တော်တို့ဘာသာကို ကာကွယ်ပေးတဲ့ စည်းရိုးတံတိုင်းတစ်ခုနဲ့ အလားသဏ္ဍာန်တူပါတယ် ” ဟု သူက ဆိုခဲ့သည်။
    ဦးကျော်လွင်၏ဇနီး(အမည်မဖော်လို – ၆၅ နှစ်)ကလည်း ၉၆၉ အား ထောက်ခံအားပေးလျက်ရှိသည်။ မွတ်စ်လင်မ်နှင့် ထိမ်းမြားသော ဗုဒ္ဓဘာသာဝင်များကို မင်္ဂလာအခမ်းအနားတွင် ဗုဒ္ဓရုပ်ပုံအား ခြေဖြင့်နင်းရန် ခိုင်းစေကြောင်း၊ ၄င်းအပြင် တိရစ္ဆာန်တို့အား လှီးဖြတ်ခြင်းဓလေ့သည် မွတ်စ်လင်မ်တို့အား လွယ်လင့်တကူ လူသတ်လာအောင် လမ်းကြောင်းပေးခြင်း ဖြစ်ကြောင်း သူမက ပြောဆိုလေ့ရှိခဲ့သည်။
    DPPS ဌာနအကြီးအကဲဖြစ်စဉ်ကာလအတွင်း ဦးကျော်လွင် တွေ့ဆုံခဲ့သည့် သံဃာတစ်ဦးမှာ ယဉ်ကျေးမှုမြစ်ဖျားခံရာမြို့အဖြစ် ထင်ရှားသည့် မန္တလေးမြောက်ဖက်ရှိ ကျောက်ဆည်မြို့မှ ၀ိစိတ္တာ ဘိဝံသ ဖြစ်သည်။ သူ့အား ဦးဝီရသူ ဟု ပို၍ လူသိများကြပြီး ယခုအခါ (အမုန်းတရား) မီးခိုးမှိုင်းတိုက်မှုအပြင်းထန်ဆုံး ၉၆၉ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်နေ၏။
    ဦးဝီရသူ နှင့် ဦးကျော်လွင်တို့သည် ၁၉၉၂ ခုနှစ်တွေ့ဆုံမှုနောက်ပိုင်း ထိတွေ့ဆက်ဆံမှု မပြတ်ခဲ့ပေ။ “ အခြားသူတွေ မလုပ်ရဲတဲ့  သာသနာ့ကာကွယ်ရေးနဲ့ထွန်းကားရေးကို သူ လုပ်နေတယ် ” ဟုဆိုကာ ဖခင်ဦးကျော်လွင်က ဦးဝီရသူအား ကြည်ညိုမှုကြီးမားခဲ့ကြောင်း သားဖြစ်သူ အောင်လွင်ထွန်း၏အဆိုအရ သိရသည်။
    ဦးကျော်လွင်သည် ၂၀၀၁ ခုနှစ်၊ အသက် ၇၀ ၌ ကွယ်လွန်သည်။ ၄င်းနှစ်မှာပင် ဦးဝီရသူက ၉၆၉ အကြောင်း စတင် ဟောပြောပြီး၊ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှု နက်နက်ရှိုင်းရှိုင်းပင် တိုးပွားလာကြောင်း U.S.State Department မှ အစီရင်ခံ တင်ပြထားသည်။ ၂၀၁၁ ခုနှစ်၊ မတ်လတွင် အာဖဂန်နစ္စတန်၊ ဘာမီယန်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို တာလီဘန်များ ဖျက်ဆီးခြင်း၊ စက်တင်ဘာလတွင် အမေရိကန်၌  အလ်ကိုင်ဒါ၏တိုက်ခိုက်ခြင်းများကြောင့် မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပိုမိုထကြွလာခဲ့သည်။
    ၂ နှစ်ကြာပြီးနောက် မွတ်စ်လင်မ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များဖြန့်ဝေကာ ကျောက်ဆည်အရေးအခင်း ဖြစ်ပွားစေမှုဖြင့် ဦးဝီရသူအား ဖမ်းဆီးထိန်းသိမ်းပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်လူရမ်းကားတစ်စုမှ မွတ်စ်လင်မ် ၁၀ ဦးထက်မနည်း သတ်ဖြတ်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့၏။
    ၉၆၉ နှင့် ၇၈၆
    ဦးဝီရသူကား ၂၀၁၁ တွင် နိုင်ငံရေးအကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာခဲ့သည်။ ယင်းမှစ၍ ကိုယ့်ကိုကိုယ် ဘင်လာဒင်ဟု ကင်ပွန်းတပ်ထားသည့် ဦးဝီရသူမှာ ၉၆၉ နောက်ခံနှင့် စစ်ရိပ်စစ်ငွေ့သန်းနေသောမျက်နှာပိုင်ရှင် ဖြစ်လာပေတော့သည်။ ဤအတောအတွင်းမှာပင် ၉၆၉ လှုပ်ရှားမှုကြီးက မြန်မာပြည်ဝယ် ပထမဆုံး ဗုဒ္ဓဘာသာဝင်များဟု မိမိတို့ဖာသာ ဂုဏ်ယူလေ့ရှိကြသည့် လူများနေထိုင်ရာ ပင်လယ်ကမ်းခြေနှင့် ထိစပ်နေသည့် မွန်ပြည်နယ်တွင် ဘုန်းကြီးများ၏ သာသနာ့ အင်အား ကို မောင်းနှင်လျက် ရှိနေပေတော့သည်။
    ပြီးခဲ့သည့်နှစ် အဓိကရုဏ်းများဖြစ်ကတည်းက ၄င်း ၉၆၉ တို့သည် နိုင်ငံအနှံ့ ကွန်ယက်ကြီးတစ်ခုကို ဖွဲ့စည်းခဲ့သည်။ မွန်ပြည်နယ်မြို့တော်ဖြစ်သည့် မော်လမြိုင်တွင် မွတ်စလင်မ်ပိုင် အဝေးပေးကားလိုင်းကို ဆန့်ကျင်သပိတ်မှောက်ရာ၌ ၉၆၉ တို့ ဦးဆောင်ခဲ့သည်။ ထိုသည်မှာစ၍ ၉၆၉တို့၏ နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြမှုတို့မှာ ၄င်း၏ ဗဟိုချက်မ (ရယ်ရွယ်ချက်) ဖြစ်လာပေတော့သည်။
    မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရယူနိုင်ခဲ့ပြီးနောက် အဆင့်မြင့်အုပ်ချုပ်ရေးနေရာများတွင် မွတ်စ်လင်မ်တို့ကို တွေ့ခဲ့ကြရသည်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီး၊ အရာရှိရာထူးများ၌ မွတ်စ်လင်မ်တို့အား မခန့်အပ်ခြင်း၊ ခန့်အပ်ခံရသူများကိုလည်း ရာထူးတိုးမြှင့်မပေးခြင်းတို့ပြုလုပ်လာသည့်အခါ အခြေအနေအပြောင်းအလဲ ဖြစ်သွားခဲ့သည်။ မွတ်စ်လင်မ်တို့သည် စီးပွားရေးလုပ်ငန်းများကို လွှမ်းမိုးခြယ်လှယ်ထားသည်၊ ရရှိလာသည့်အမြတ်အစွန်းကို အသုံးပြု၍ ဗလီဝတ်ကျောင်းများကို တည်ဆောက်ကြသည်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ငွေဖြင့်ဝယ်ယူ သိမ်းပိုက်ကာ အစ္စလာမ့်တရားကိုဖြန့်ချိကြသည် ဟူသော အစွဲကို လူသိများထင်ရှားလာအောင် စစ်တပ်ကသွတ်သွင်းဖြန့်ချိခဲ့ကြ၏။
    မွတ်စ်လင်မ်စီးပွားရေးအပေါ် လက်ရှိသပိတ်မှောက်မှုနှင့်စပ်လျဉ်း၍ ထိုသည့်အချက်များက ၄င်းသပိတ်မှောက်သူများအဖို့ (၄င်းတို့၏လုပ်ရပ်များအတွက်) တရားမျှတနေကြောင်း သဘောရရှိပေသည်။ ၉၆၉ နောက်လိုက်နှင့်ရှေ့နေတစ်ဦးဖြစ်သူ မဇာနည်ဝင်းထွန်း(၃၁ နှစ်) က မွတ်စ်လင်မ်တို့သည် ဗုဒ္ဓဘာသာဝင်တို့၏စီးပွားရေးကို အချိန်အတန်ကြာကပင် ဖယ်ကြဉ်ထားခဲ့ကြကြောင်း နှင့် “ ကျွန်မတို့က စပြီး သပိတ်မှောက်ခဲ့တာ မဟုတ်ဘူး၊ သူတို့က စလုပ်ခဲ့တာ။ ဒါကြောင့် ကျွန်မတို့က သူတို့ရဲ့နည်းလမ်းကို ပြန်အသုံးချလိုက်တာဘဲ ” ဟူ၍ ပြောပြခဲ့၏။
    ထိုသို့ ပြောပြခြင်းအားဖြင့် သိရသည်မှာ သူမက ၇၈၆ နံပါတ်အား ညွှန်းဆိုလိုက်ဖြစ်ကြောင်းပင်။ တောင်အာရှသားမွတ်စ်လင်မ်များက မိမိတို့၏နေအိမ်နှင့်လုပ်ငန်း များတွင် ယင်းနံပါတ်ကို ဖော်ပြထားလေ့ရှိကြသည်။ ၄င်းသည် “ အလွန်တရာ စာနာထောက်ထားတော်မူသော အနန္တကရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် (အစပြုပါ၏) ” ဟူသော ဗျာဒိတ်စကားရပ်အား ကိန်းဂဏန်းဖြင့် ကိုယ်စားပြုထားခြင်းသာဖြစ်သည်။ သို့သော် ဂဏန်းနံပါတ်၌ အစွဲကြီး အကျကောက်တတ်လေ့ရှိသည့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များက ထိုနံပါတ်သုံးခုပေါင်းလဒ်သည် ၂၁ ဖြစ်သဖြင့်၊ ၂၁ ရာစုတွင် မွတ်စ်လင်မ်တို့မှ ကမ္ဘာကြီးကို ကြီးစိုးလွှမ်းမိုးရန် ကြံစည်ချက်တစ်ရပ်ဟု ပြောဆိုလျက်ရှိသည်။
    ဗုဒ္ဓဘာသာဝင်အချို့မှ ၄င်းစကားအပေါ် အဘယ်ကြောင့် ယုံကြည်စွဲမြဲသွားသည်ကို နားလည်နိုင်စေမည့် အခြေအနေများ ရှိပါ၏။ ဥပမာ – ဘာသာရေးဆိုင်ရာနှင့်အစားအသောက်ဆိုင်ရာထုံးတမ်းဓလေ့ရ မွတ်စလင်မ်များအနေဖြင့် ဗုဒ္ဓဘာသာစားသောက်ဆိုင် များသို့ အမြဲတစေ သွားရောက်လေ့မရှိခြင်း၊ မွတ်စလင်မ်များသည် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်လုပ်ကိုင်နေခြင်း များဖြစ်သည်။ ရန်ကုန်မြို့၌ အဆောက်အဦးများပြန်လည်တည်ဆောက်ရေးခေတ်ထနေသော ယခုအခါသမယတွင် Naing Group ၊ Motherland ၊ Fatherland စသော မွတ်စ်လင်မ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီများက ကျော်ကြားထင်ရှားလာမှုများလည်း ရှိနေသည်။
    မည်သို့ပင်ဆိုစေကာမူ အကြီးမားဆုံး ဆောက်လုပ်ရေးသဘောတူညီချက်တို့ပါဝင်နေသည့် ဒေါ်လာ ဘီလီယံ သန်းနှင့်ချီသော ရင်းနှီးမြုပ်နှံမှု ပရောဂျက်များအား လက်ဝါးကြီးအုပ်ထားသူများမှာ အာဏာရှင်စစ်အုပ်စုဟောင်းတို့နှင့် ဆက်နွှယ်နေသူများ သာ ဖြစ်နေပေသည်။ ထိုသူတို့အားလုံးမှာ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြသည်။
    အဆောက်အဦပြီးစီးသွားလျှင် ၉၆၉ နောက်လိုက်များမှ တိုက်ခိုက်လာမည်ကို ကြောက်ရွံ့၍ ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ ဗုဒ္ဓဘာသာဝင်များသည် မွတ်စ်လင်မ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီများနှင့်ပြုလုပ်ထားသော ကန်ထရိုက်စာချုပ်ကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။ ဤသည်ကို လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ပြောကြားခဲ့ခြင်းဖြစ်သလို ၄င်းက ဆက်လက်၍ “ မြို့နယ်တစ်ခုကနေ နောက်ထပ်မြို့နယ်တွေဆီ ဒီကိစ္စမျိုး ကူးစက်သွားမှာကို ကျွန်တော် စိုးရိမ်မိပါတယ် ” ဟု ပြောကြားခဲ့သည်။
    မလုံခြုံသော ဘ၀များ
    ၉၆၉ နောက်လိုက် မဇာနည်ဝင်းထွန်းအဖို့ မွတ်စ်လင်မ်များကိုဖယ်ကြဉ်ခြင်းမှာ လူမျိုးစုငြိမ်းချမ်းရေးအတွက် သေချာသော နည်းလမ်းတစ်ခုဖြစ်သည်ဟု ခံယူထားသည်။ မွတ်စ်လင်မ်ရွှေဆိုင်ပိုင်ရှင်တစ်ဦး နှင့် ဗုဒ္ဓဘာသာဝင်ရွှေရောင်းသူအကြား အငြင်းပွားရာမှ စတင်ပေါ်ပေါက်သော မိတ္ထီလာအကြမ်းဖက်မှုကို သူမက ထောက်ပြ၍ ဤသို့ပြောဆိုခဲ့သည်။ “ တကယ်လို့ သူတို့တွေသာ ကိုယ့်လူမျိုးအချင်းချင်းဆိုင်ကနေ ၀ယ်ယူခဲ့ယင် ဒီပြဿနာဖြစ်ပွားလာခဲ့မှာ မဟုတ်ဘူး ”။
    ခွဲခြားဆက်ဆံမှုသာလျှင် လူမျိုးရေး ပဋိပက္ခအတွက် အဖြေဖြစ်သလို ယင်းသည် အမျိုးသားရေးမူဝါဒကို ထင်ဟပ်စေကြောင်း သူမက တရားသေ လက်ခံထား၏။ ရခိုင်ပြည်နယ် နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသော မွတ်စ်လင်မ်စုစုပေါင်း ၁၅၃,၀၀၀ အနည်းဆုံးရှိနေကြသည်။ အများစုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းထားသောဒုက္ခသည်စခန်းများ၌ ရောက်နေပြီး မိမိတို့၏မူလဘ၀အခြေအနေသို့ ပြန်လှည့်နိုင်ရန်မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပေသည်။
    ထင်ရှားသည့် ဘုန်းတော်ကြီးများထဲမှ အနည်းငယ်သာ ၉၆၉ လှုပ်ရှားမှုအား လူသိရှင်ကြား ဝေဖန်ရဲကြသည်။ ဖေ့စ်ဘွတ်အသုံးပြုသူအချို့က ၉၆၉ စတစ်ကာကပ် အငှားယာဉ်များကို မစီးရန် လှုံ့ဆော်ကြသည်။ မိတ္ထီလာသွေးချောင်းစီးမှုဖြစ်ချိန်မှစတင်ပြီး ရန်ကုန်လမ်းဘေးဈေးသည်အချို့မှ ၉၆၉ ဗီစီဒီခွေများကို ချင့်ချိန် ရောင်းချမှုပြုလာကြသည်။ တနည်းအားဖြင့် လူအများ၏ တုန့်ပြန်မှု နုတ်ပိတ်ခံရခြင်းလည်း ဖြစ်သည်။
    မွန်ဘုန်းကြီး ဦးဝိမလသည် အခြားသံဃာတော်များ၏ ဝေဖန်မှုအပေါ် “ ကောင်းတဲ့အလုပ်ကို တားမြစ်ဖို့ သူတို့ မကြိုးစားသင့်ဘူး ” ဟု အရေးမပါသည့်သဘောဖြင့် ပြန်လည်ပြောကြားခဲ့သည်။ ဇွန်လလယ်ပိုင်းက ရန်ကုန်မြို့အနီးတွင် ကျင်းပသော ရာနှစ်ချီသည့် သံဃာများတက်ရောက်သည့် အစည်းအဝေးသို့ သူနှင့် ဦးဝီရသူတို့ တက်ရောက်ခဲ့၏။
    ယင်းအစည်းအဝေးတွင် ဗုဒ္ဓဘာသာအမျိုးသမီးများအား မွတ်စ်လင်မ် အမျိုးသားများနှင့်အိမ်ထောင်မပြုစေရေးအဆိုတစ်ရပ်ကို ဦးဝီရသူမှ တင်သွင်းသည်။ ဦးဝီရသူ၏ပိတ်ပင်တားမြစ်ချက်အဆိုကို ဦးဓမ္မပီယမှ ထောက်ခံခဲ့ပြန်သည်။ ယင်းကား ၉၆၉ သည် သြဇာတိက္ကမရှိသည့် သံဃာထုသို့ ထိုးဖောက်ဝင်ရောက်ခြင်း ပြယုဂ်လည်းမည်ပေသည်။ ဦးဓမ္မပီယသည် အာရှဒေသတွင်းရှိ အခြားဗုဒ္ဓဘာသာတက္ကသိုလ်ကြီးများနှင့်ချိတ်ဆက်ထားသော ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်မှ အမေရိကန် ပညာရေးသင်ယူဖူးသည့် ပရော်ဖက်ဆာ ဆရာတော်ကြီးဖြစ်သည်။
    ဦးဓမ္မပီယက ၉၆၉ အား ငြိမ်းချမ်းသောလှုပ်ရှားဆောင်ရွက်မှုဖြစ်၍ မြန်မာလူမျိုးတို့ကို အပြောင်းအလဲကာလရှိ မငြိမ်သက်မှုများမှ လွတ်မြောက်စေမည်ဟု ဖော်ပြလိုက်သည်။ “ ဘုန်းကြီးတို့အတွက် ၉၆၉ ပြဿနာကို
    ပြဿနာလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးလမ်းစဉ်တွေထဲ ထာဝစဉ် ရှင်သန်သွားမှာဖြစ်တယ် ” ဟု ရိုက်တာသို့ပြောကြားခဲ့သည်။
    ဒီအရပ်မှာ ဗလီ အလိုမရှိ
    ၉၆၉ နှင့်အပြိုင် ကြီးကြီးကျယ်ကျယ်လှုပ်ရှားနိုင်သည်မှာ NLD ပါတီတစ်ခုတည်းသာဖြစ်သည်။ ၄င်းတို့နှစ်ခု ပတ်သက်မှုမှာ ထိပ်တိုက်ဆန့်ကျင်မှုရှိသလို အပြန်အလှန်အသုံးချမှုမျိုးလည်း ရှိနေသည်။ NLD ပါတီနှင့် ဒေါ်စုကြည်၏အတွင်းစည်း၌ မွတ်စ်လင်မ်တို့မှ စိုးမိုးခြယ်လှယ်ထားကြောင်း ဦးဝီရသူ၏ ပြောကြားချက် မတ်လနှောင်းပိုင်းတွင် YouTube ရောက်ရှိခဲ့သည်။ “ဘယ်မြို့ဘယ်ဒေသက NLD ရုံးကိုကြည့်ကြည့် မုတ်ဆိတ်တွေကို တွေ့ရပါလိမ့်မယ် ”။ ဦးဝိမလ၏နောက်လိုက်တို့က ဒေါ်စုကြည်သည် ဘာသာရေး ကိုင်းရှိုင်း သော်လည်း မိမိတို့အိမ်ရှိ သူမ၏ဓာတ်ပုံများကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း၊ ယမန်နှစ် ရခိုင်ပြည်နယ်အကြမ်းဖက်မှု၌ ဗုဒ္ဓဘာသာဝင်များဖက်မှ ကာကွယ်ပြောဆိုပေးမှုမရှိသည့်အပေါ် ဆန္ဒပြခြင်းဖြစ်ကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။ ဒေါ်စုကြည်၏ နှုတ်ဆိတ်နေခဲ့ခြင်းက မွတ်စ်လင်မ်တို့ကိုလည်း အမျက်ထွက်စေခဲ့သည်။
    ရန်ကုန်မြို့တွင် NLD အဖွဲ့ဝင်များသည် ၉၆၉ ၏ လက်ဝေခံအလုပ်များလုပ်နေကြောင်း မြန်မာမွတ်စ်လင်မ်အဖွဲ့အစည်းက စွပ်စွဲထားသည်။ NLD ပါတီ၏ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း “ တစ်ချို့ NLD ပါတီဝင်တွေက ၉၆၉ ထဲမှာ ပါဝင်နေတာတော့အမှန်ဘဲ။ ဒါပေမယ့် ပါတီဝင်တွေရဲ့ လွတ်လပ်မှုနဲ့အခွင့်အရေးကို NLD က ၀င်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ လူမှုရေးနဲ့ပတ်သက်လို့ သူတို့ဆန္ဒအတိုင်း လုပ်ခွင့်ရှိပါတယ် ” ဟု ပြောဆိုခဲ့သည်။
    အငှားယာဉ်မောင်းဖြစ်သူ မင်းသက်လင်း (၃၆ နှစ်) သည်လည်း ထိုအခွင့်အရေးအတိုင်း ပြုလုပ်သည်။ သူ့ကား၏ ရှေ့ဖက်၊ နောက်ဖက်မှန်များပေါ်တွင် ၉၆၉ စတစ်ကာများ ကပ်ထား၏။ သူသည် မွတ်စ်လင်မ်ဆန့်ကျင်ရေးဖြင့် ကျော်ကြားသော အလုပ်သမားအများစုနေရာ ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်၏ NLD ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
    ဖေဖော်ဝါရီလတုန်းက သာကေတရှိ ဗုဒ္ဓဘာသာဝင်များသည် မင်းသက်လင်း၏အိမ်အနီးမှ အစ္စလာမ်ဘာသာရေးကျောင်း တစ်ခုကို ဗလီဝတ်ကျောင်းအဖြစ် တိတ်တဆိတ် ပြောင်းလဲဆောက်လုပ်နေသည်ဟုဆိုကာ ဖြိုချခဲ့ကြသည်။ အဆောက်အဦး ဖြိုချဖျက်ဆီးနေချိန်အထိ အဓိကရုဏ်းထိန်းသိမ်းရေး ရဲတို့ကို တာဝန်ချပေးထားခဲ့သည်။
    နောက်တစ်လအကြာ ဦးဝိမလနှင့်မွန်ဘုန်းကြီး ၂ ဦးတို့သည် သာကေတသို့ရောက်လာပြီး ၉၆၉ တရားပွဲ ၃ ရက် ကျင်းပပြုလုပ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်များထံဝေငှသော “ဓမ္မဆေးဝါး” အမည်တပ်လှုံ့ဆော်စာရွက်ထဲတွင် “ တိုက်ခိုက်မှုကို မစွန့်လွှတ်နှင့် ” ဟု တွန်းအားပေးထားသည်ကို တွေ့ရ၏။ ယခုသော် ထိုစာသင်ကျောင်းအား ချိတ်ပိတ်ထားပြီး ရဲများဖြင့် အစောင့်ချထားသည်။ “ ဒီမှာ ဗလီရှိနေတာကို လူတွေက မလိုလားဘူး ” ဟု မင်းသက်လင်းက ဆိုသည်။
    သူ၏ စကားအရ ၉၆၉ လှုံ့ဆော်ရေးတေးသီချင်းဖြစ်သည့် “ဘာသာရေး သွေးအမြဲတစေ တအုံ့နွေးနွေး ဖြစ်နေဖို့” ဆိုသည်မှာ သောသောညံသွားခဲ့သည်ဟုဆိုသည်။ အနီးရှိ ဘုန်းတော်ကြီး စာသင်ကျောင်းကလည်း ကျောင်းသားများကိုလက်ခံစဉ် ထိုသီချင်းအား ဖွင့်ထားခဲ့ပေသည်။
    ( သာကီထက်ကောင်း )
    ရိုက်တာ သတင်းဌာမှ  Special Report Myanmar gives official blessing to anti-Muslim monks ကို သာကီထက်ကောင်း မှ မြန်မာလိုဘာသာပြန်ဆိုပါသည်။