News @ M-Media

Tag: SriLanka

  • မြန်မာ ဒုက္ခသည်များ ကယ်ဆယ်ရေး လုပ်ဆောင်ချက်များ အတွက် သီရိလင်္ကာရေတပ်ကို UNHCR ချီးကျူး

    ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၃
    M-Media

     မြန်မာ ဒုက္ခသည်များ ကယ်ဆယ်ရေး လုပ်ဆောင်ချက်များ အတွက် သီရိလင်္ကာရေတပ်ကို  UNHCR မှ အသိအမှတ်ပြု ချီးကျူး

    လွန်ခဲ့သည့်သီတင်းပတ်က အပယ်ခံမြန်မာတိုင်းရင်းသားလူစုကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် သီရိလင်္ကာရေတပ်အား ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂမဟာမင်းကြီးရုံး – The United Nations High Commissioner for Refugees (UNHCR) ရုံးမှ သောကြာနေ့တွင် အသိအမှတ်ပြုချီးကျူးလိုက်သည်။

    Sri Lanka Navy

    “ အခုနောက်ဆုံးအဖြစ်ဆိုးအပေါ် UNHCR အနေနဲ့ အထူးကြေကွဲ ၀မ်းနည်းရပါတယ်။ ဒီအုပ်စုကို မြန်မြန်ဆန်ဆန်ကယ်တင်ပြီး အရေးပေါ်ဆေးဝါးကုသထောက်ပံ့နိုင်ခဲ့တဲ့ သီရိလင်္ကာရေတပ်ရဲ့ လုပ်ရပ်ဟာ တကယ် ချီးကျူးလောက်ပါပေတယ် ” ဟူ၍ UNHCR အေဂျင်စီ၏ပြောခွင့်ရ ပုဂ္ဂိုလ် Andrej Mahecic က ဂျနီဗာရှိ စာနယ်ဇင်းသမားတို့ထံ ပြောကြားသည်။

    နိုင်ငံတကာ၏အကာအကွယ်လိုအပ်နေသော ထိုသူတို့အနက် မည်သည့်ဒုက္ခသည်များအတွက်ကိုမဆို ကူညီမှုလုပ်ငန်းများ၌ UNHCR မှ လက်တွဲပံ့ပိုးသွားရန် အဆင်သင့်ရှိကြောင်းလည်း သူက ဆိုသည်။ မှောင်ခိုလှေများဖြင့် အိန္ဒိယသမုဒ္ဒရာအား ဖြတ်ထွက်ရန်ကြိုးစားယင်း သေဆုံးရသူများပြားလာသည့်အဖြစ်အား တားဆီးကာကွယ်ရေးကို အမြန်ဆုံးစီစဉ်ဆောင်ရွက်သွားကြဖို့ UNHCR အေဂျင်စီက ဆော်သြလိုက်သည်။

    အိန္ဒိယသမုဒ္ဒရာကို ကျော်ဖြတ်ရန်အားထုတ်နေသော နောက်ဆုံးလူစုသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူ့အဖွဲ့အစည်းဝင်များဖြစ်ကြပြီး ၊ ယင်းသို့ ဖြတ်ကျော်ကြခြင်းမှာ ၄င်းတို့နိုင်ငံတွင်း (၏ ညှင်းပန်းနှိပ်စက်မှုများ) မှ လွတ်မြောက်အောင် ထွက်ပြေးလာကြခြင်းဖြစ်သည်။

    “ မိမိတိုင်းပြည်ကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာကြသူတွေအဖို့ အိန္ဒိယသမုဒ္ဒရာဟာ ကမ္ဘာ့အကြီးမားဆုံး သေမင်းခံတွင်းရေပြင်ကြီး တစ်ခု အပါအ၀င် ဖြစ်လာရပါပြီ ” ဟု ယင်းပုဂ္ဂိုလ်မှပင် ထပ်မံပြောကြားသည်။ ၂၀၁၂ ခုနှစ်အတွင်း မှောင်ခိုလှေများဖြင့် ထွက်ပြေး တိမ်းရှောင်လာကြ သူများမှာ လူပေါင်း တစ်သောင်းသုံးထောင်ခန့်ရှိပြီး ၄င်းတို့အနက် လူပေါင်းငါးရာနီးပါးမှာ စက်လှေပျက်စီးခြင်း သို့မဟုတ် ဘင်္ဂလားပင်လယ်ကွေ့တွင် နစ်မြုပ်ရခြင်းကြောင့် သေဆုံးခဲ့ရသည်ဟု အေဂျင်စီမှ ခန့်မှန်းထားသည်။

    rohingya idp

    UNHCR ၏ သုံးသပ်ချက်အရ ယင်းသို့ မျှော်လင့်ချက်ကင်းမဲ့၍ အရဲစွန့်လာကြသော မှောင်ခိုလှေစီးဒုက္ခသည်အများစုတို့မှာ အမျိုးသားများ ဖြစ်ခဲ့သော်လည်း၊ ယခုသီတင်းပတ်များ အတွင်း အမျိုးသမီးများ၊ ကလေးငယ်များပါ တိုးပွားလာပြီဟု သိရသည်။

    မြန်မာလှေသင်္ဘောပေါ်၌ အသက်ရှင်ကျန်ရစ်နေသူ အယောက် ၃၀ ကျော်ကို သီရိလင်္ကာရေတပ်မှ ကယ်ဆယ်နိုင်ခဲ့သည်။ လူ ၉၀ ဦးခန့်မှာ ပင်လယ်ပြင်၌ သေဆုံးသွားခဲ့သည်ဟု ယူဆရသည်။

    Karapitiya ဆေးရုံတွင် ဆေးဝါးကုသမှုခံယူပြီးသော ရှင်သန်ကျန်ရစ်သူအားလုံးကို သီရိလင်္ကာနိုင်ငံ၏ ထိန်းသိမ်းရေးဌာနတစ်ခုတွင် စောင့်ရှောက်ထားလျက်ရှိသည်။

    Ref:http://www.navy.lk/index.php?id=3984