News @ M-Media
Tag: State Department
  • မောင်တော လူ့အခွင့်အရေး စွဲချက် ပွင့်လင်းမြင်သာ စစ်ဆေးဖို့ ကန်တိုက်တွန်း
    မောင်တော လူ့အခွင့်အရေး စွဲချက် ပွင့်လင်းမြင်သာ စစ်ဆေးဖို့ ကန်တိုက်တွန်း
    အောက်တိုဘာ ၂၉ ၊၂၀၁၆
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    31210b2b-e193-4bf9-be60-f77d4bb67ff2_w987_r1_s
    ရခိုင်ပြည်နယ် မောင်တောဒေသက မီးလောင် ပျက်ဆီးသွားတဲ့ ကျေးရွာ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)
    ရခိုင်ပြည်နယ် မောင်တောဒေသတွင်း လုံခြုံရေးတပ်ဖွဲ့တွေ ဆောင်ရွက်နေတဲ့ နယ်မြေရှင်းလင်းမှုတွေမှာ မူဆလင်အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပါတ်သက်ပြီး အမေရိကန် အစိုးရက စိုးရိမ်စိတ်ပူကြောင်း မြန်မာအစိုးရ ဝန်ကြီးတွေကို တိုက်ရိုက်ပြောဆိုနေ သလို ပွင့်ပွင့်လင်းလင်းနဲ့ တရားဥပဒေနဲ့ အညီဆောင်ရွက်ဖို့နဲ့ သေသေချာချာ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဌာနက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    မြန်မာနိုင်ငံမှာ စစ်တပ်က လူ့အခွင့်ရေးချိုးဖေါက်မှုတွေ လုပ်နေတာအတွက် ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ အရေးယူဒဏ်ခတ်မှု အခြေနေနဲ့ ပါတ်သက်ပြီး မေးမြန်းချက်ကိုတော့ အရေးယူဒဏ်ခတ်မှုတွေ လျှော့ချပယ်ဖျက်တာနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ရေးတွေ တကယ်လုပ်မလုပ် ဆက်လက် စောင့်ကြည့်နေတာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
    သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ ရခိုင်ပြည်နယ်က အခြေနေမှန်ကို သိရဖို့ နိုင်ငံတကာအဖွဲ့တွေ ဝင်ရောက်ခွင့်ပြုဖို့နဲ့ သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောင်းဆိုထားတဲ့ အတိုင်းမြန်မာ အစိုးရက ဆောင်ရွက်နေ ကြောင်း VOA ကို ပြောကြားခဲ့ပါတယ်။
    ဒီကိစ္စကို နိုင်ငံခြားရေးဌာနက ကိုင်တွယ်နေကြောင်းနဲ့ လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး ဖိအားပေးမှုတွေ စွပ်စွဲဝေဖန်မှုတွေ လုပ်လာနိုင်တာမို့ ဥပဒေနဲ့ အညီ သတိကြီးကြီးထားပြီး ဆောင်ရွက်နေကြောင်း လည်း ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကလည်း အခုချိန်အထိ မူစလင်ကျေးရွာတွေ ဆီက လူ့အခွင့်ရေး ချိုးဖေါက်မှုနဲ့ ပါတ်သက်ပြီး တိုင်ကြားလာတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
    ဒီကိစ္စနဲ့ ပါတ်သက်ပြီး သေသေချာချာ စုံစမ်းစစ်ဆေးဖို့ Amnesty International လူ့အခွင့်ရေးအဖွဲ့ကြီးကသာမက Human Rights Watch အဖွဲ့ကြီးကလည်း ဒီလိုစုံစမ်းစစ်ဆေးရာမှာ ကုလသမဂ္ဂကို ဖိတ်ခေါ်ဖို့ ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
  • အမေရိကန်ဥပဒေရေးရာ သံတမန် မြန်မာနိုင်ငံသို့လာရောက်မည်
    သြဂုတ်လ- ၃၁ ရက်၊ ၂၀၁၃
    M-Media
    William-Brownfield
    ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲသည် နှစ်ပေါင်းများစွာတည်ရှိနေသည့် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေခဲ့သည်။ ၄င်းနောက် လူ့အခွင့်အရေးအချက်နှင့်နိုင်ငံတော်လုံခြုံရေးကိစ္စများမှာ ထင်ထင်ရှားရှား စိုးရိမ်စရာ ရှိနေသေးသော်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ မြန်မာနိုင်ငံအား အသိအမှတ်ပြုခဲ့ကြသည်။
    အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဥပဒေပြုရေးရာ၏ လက်ထောက်အတွင်းရေးမှူး ၀ီလီယံမ် ဘရောင်းဖီးလ်ဒ် (William Brownfield) သည် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့၌ အမေရိကန် State Department မှ ပြောကြားခဲ့သည်။
    “ မြန်မာနိုင်ငံအစိုးရရဲ့ ပြန်လည်ပြုပြင်တည်ဆောက်မှုထဲက လုံခြုံရေးဆိုင်ရာ သဘောတူညီမှု ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအပေါ်လိုက်နာမှုနဲ့ပတ်သက်ပြီး သူက အလေးအနက်ထားဆွေးနွေးသွားမှာ ဖြစ်ပါတယ် ” ဟု State Department မှ ကြာသပတေးနေ့တွင် ထပ်မံ ဆိုလိုက်သည်။
    ယခုသီတင်းပတ် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ဒေသတွင်းကွန်ဖရင့်တစ်ခု၌ အမေရိကန်ပြည်ထဲရေးဝန်ကြီး ချာ့က် ဟေဂဲလ် (Chuck Hagel) က မြန်မာစစ်ခေါင်းဆောင်များနှင့် အကျဉ်းရုံးတွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှု၌ မြောက်ကိုးရီးယားနှင့် အဆက်အသွယ်ဖြတ်တောက်ရန် တိုက်တွန်းပြောကြားခဲ့၏။
    ယခုနှစ်အတွင်း အမေရိကန်အခွန်စည်းကြပ်ဌာနမှ မြန်မာနိုင်ငံ၏အကြီးတန်းစစ်အရာရှိတစ်ဦးကို မြောက်ကိုးရီးယားနှင့် အဆက်အသွယ်ရှိခြင်းကြောင့် ပိတ်ဆို့မှု တစ်ရပ် ပြုလုပ်ခဲ့သည်။
    ဘရောင်းဖီးလ်ဒ် သည် စက်တင်ဘာ ၆ ရက်နေ့တွင် မြန်မာမီဒီယာများနှင့် စုံညီဆွေးနွေးမှု တစ်ရပ်ပြုရန်လည်း စီစဉ်ထားကြောင်း သိရသည်။
    UPI